Monday, August 19, 2024

~ ကျွန်တော် နှင့် အောင်မြင်မှုကို ရှာဖွေ ကြည့်ခြင်း ~



ကျွန်တော် နှင့် အောင်မြင်မှုကိုရှာဖွေကြည့်ခြင်း ရေးဖြစ်ခြင်းဟာ ကျွန်တော် အောင်မြင်နေသောကြောင့်မဟုတ်ပါ။ မအောင်မြင်ဘူးလို့လည်း မဆိုလိုပါ။ အောင်မြင်မှု၊ အောင်မြင်ခြင်းဆိုတဲ့လမ်းကြောင်းပေါ် ကိုယ်တိုင်အနံခံမိသောကြာင့် ထိုလမ်းကြောင်းကိုသိစေချင်သော ကြောင့်ပင်ဖြစ်သည်။ ကျွန်တော်ဖော်ပြမည့် အကြောင်းအရာတွေဟာ မှန်ချင်လည်း မှန်မည်၊ မှားချင်လည်းမှားမည်။ ဆေးခါးလည်းဖြစ်ချင်ဖြစ်မည်။ ဆေးကောင်းတစ်ခွက်လည်းဖြစ်ချင်ဖြစ်မည်။ ကျွန်တော်နှင့် ခံယူချက်ခြင်း ၊ တွေးပုံခြင်း ထပ်တူကျသော သူတွေအတွက်တော့ ဆေးကောင်းတစ်ခွက်ဖြစ်မည်လို့တော့ထင်သည်။


တကယ်တော့ ကျွန်တော်ရှာဖွေတွေ့ရှိထားသည့် အောင်မြင်မှုဆိုသည်မှာ 'အလုပ်' ဖြစ်သည်။ ပိုက်ဆံမဟုတ်ပါ၊ ဂုဏ်ဒြပ်တွေမဟုတ်ပါ။ မိတ်ဆွေ နားနည်းနည်းရှုပ်သွားနိုင်သည်။ ကျွန်တော်ဆိုလိုတဲ့ အလုပ်ဆိုသည်မှာ 'နိုင်ငံခေါင်းဆောင်ကြီးများမှအစ ဟိုး … အောက်ခြေလူတန်းစား ပေါင်းစုံအထိ သူတို့တာဝန် ယူထားသော အလုပ်တာဝန် အားလုံးပါဝင်သည်။ ဆိုလိုသည်မှာ …. Sales Man တစ်ယောက်သည် sales target အမြဲထိ ဖို့ ကြိုးစားရသည်။ ထိုကြိုးစားမှုကို ကြိုက်သောကြောင့် ထိုသူသည် Sales Man တစ်ယောက် Sales Man ဘ၀ ကိုရွေးချယ်သည်။ ထိုရွေးချယ်မှုသည် ထိုသူကိုယ်တိုင်ပင်ဖြစ်သည်။ ထိုကြောင့် Sales Target ထိဖို့သည် သူ့အလုပ်တာဝန်ဖြစ်သည်။ ထိုအလုပ်တာဝန်ကို သူကိုယ်တိုင်သတ်မှတ်ထားခြင်းပင်ဖြစ်သည်။ ထိုကြောင့် … Marketing သမားတစ်ယောက်သည် … marketing အလုပ်လုပ်သည်။ စိုက်ပျိုးရေးသမား တစ်ယောက်သည်လည်း စိုက်ပျိုးရေးအလုပ်လုပ်သည်။ သူတောင်းစားတစ်ယောက်သည်လည်း သူ့တောင်းရဖို့ သူ့အလုပ်သူလုပ်သည်။ အမှန်တော့ လူတွေအားလုံးဟာ မိမိကြိုက်နှစ်သက်သော အလုပ်ကိုသာ မိမိလုပ်နေကြသော သူများဖြစ်သည်။ မိမိရွေးချယ် ထားသော အလုပ်တာဝန်ကို အလေးအနက်ထားလုပ်သည်။ မလုပ်သည်။ အဆုံးအစွန်ထိလုပ်သည်၊ မလုပ်သည်။ ထိုသူ၏ စိတ်အခြေအနေ ဇွဲ၊ ဝရိယ တို့နှင့်သာ သက်ဆိုင်သွားသည်။ ထိုကြောင့် လူတစ်ယောက် အဆုံးစွန်ထိ အောင်မြင်ခြင်းများက ထိုသူ၏ ဇွဲ၊ ဝရိယ တို့က ၅၀%လောက်အရေးပါသည်။

လူတိုင်းအလုပ်လုပ်ကြပါသည်။ သို့ရာတွင် ၇၅% နှုန်းလောက်သည် ပိုက်ဆံနောက်ကိုလိုက်၍ ကျန်သည့် ၂၅% သည် မိမိတို့အားသန်ရာ ပညာရပ်၊ ဘာသာရပ်များသို့လိုက်ကြသူများဖြစ်သည်။ ကဲ ကျွန်တော်လျှောက်ရေးနေတာနဲ့ စာဖတ်သူတွေတောင် ပျင်းလာပြီထင်ပါသည်။ အလုပ်နဲ့ပက်သက်ပြီး ပုံပြင်လေးတစ်ခုကို သွားပြီးသတိရမိသည်။

တစ်ခါတုန်းက Company တစ်ခုက အလုပ်ခေါ်သည်။ Company က research လုပ်ရသည့် Company ဖြစ်သည်။ ဒါကြောင့် သူတို့ လူရွေးချယ်ခန့်အပ်ရာမှာ သေချာစီစစ်ပြီးတော့ အင်တာဗျူးကြသည်။ အဲဒီမှာ လူတစ်ယောက် အင်တာလာဗျူးသည်။

"ခင်ဗျာ ဘာတွေကို research လုပ်နေလည်းအခု"


"ဟုတ်ကဲ့ …"


"ကျွန်တော် မျောက်ကနေလူဘာကြောင့်ဖြစ်လာရသလည်းဆိုတာကို research လုပ်နေပါတယ်ဗျ"


Interviewer တွေကအရမ်းစိတ်ဝင်စားသွားပြီး၊ ငါတို့ရှာနေတဲ့လူက ဒီလိုလူမျိုးပဲ ဆိုပြီး လစာ ကောင်းကောင်း facilities ကောင်းကောင်းပေးပြီးခန့်အပ်လိုက်ကြသည်။ သူ့အတွက်လည်း ကိုယ်ပိုင် Library နဲ့ သူအလုပ်လုပ်ဖို့ အခန်းတစ်ခန်းကို စိတ်ကြိုက်သုံးဖို့ပေးလိုက်သည်။


အမှန်တော့ သူ ကဘာအလုပ်မှလုပ်ချင်တဲ့လူတစ်ယောက်မဟုတ်ဘူး။ ရလိုရငြားဝင် သရမ်းပြီးလျှောက်လိုက်တဲ့ အလုပ်တစ်ခုပါ။ research နဲ့ပက်သက်ပြီးတော့လည်း ဘာမှသိတဲ့လူတစ်ယောက်မဟုတ်ဘူး။ သူဟာ တစ်နေ့တစ်နေ့ စာကြည့်ခန်းထဲသွားလိုက်၊ စားလိုက် ၊ သူ့ကိုပေးထားတဲ့အခန်းထဲမှာအိပ်လိုက်၊ အချိန်တန် လစာ ထုတ်လုက်နဲ့ တော်တော်လေးကို ဟန်ကျနေသည်။ ဒီလိုနဲ့ နေလာလိုက်တာ နှစ် ၂၀ လောက်ကြာသွားသည်။ ဘယ်သူမှလည်းသူ့ကိုဘာမှမပြောကြဘူး။ တစ်နေ့ကျတော့ သူ့ဆီကနေ ထူးထူးဆန်းဆန်း research လုပ်ထားတဲ့ paper ရောက်လာသည်။ research လုပ်ထားတဲ့ paper ကလည်းအများကြီးမဟုတ်ပါဘူး။ တစ်ရွက်တည်းပါ။ အဲ့တစ်ရွက်တည်းမှာကလည်း တစ်ကြောင်းပဲပါတယ်။ အဲ့ဒါက …


"လူတွေမျောက်ဘဝကနေလူအဆင့်ကိုပြောင်းလည်းလာတာ အလုပ်အရမ်းလုပ်လို့ပါတဲ့"


"မှန်လိုက်လေခြင်းကွာ" ဆိုပြီး Company ဥက္ကဌက လက်သီးလက်မောင်းသန်းပြီး အားပေးတာပေါ့။ အားလုံးကလည်း ဥက္ကဌ ကိုယ်တိုင် ချိးမွန်းခန်းဖွင့်နေတော့ နောက်လိုက်းကောင်းတို့ပြီပြီ အရမ်းကိုချီးမွမ်းခန်းဖွင့်ကြတော့သည်။ သူဟာ Company မှာ နေ့ချင်းညချင်းလို Hero တစ်ယောက်ဖြစ်သွားသည်။


အမှန်အခုလို Research တစ်ခုရဖို့ သူ့ဘဝနှင့်ရင်းပြီး ရလိုက်သည့်အသိတရားကိုတော့ ဘယ်သူမှသိလိမ့်မယ် မထင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် သူဟာတစ်နေ့တစ်နေ့စားလိုက်၊ အိပ်လိုက် အလုပ်မလုပ်ပဲ နေလာတာကြာလာတော့ သူ့မှာ အမြီးပေါက်လာတာကြောင့်ပင်။ ဒါကြောင့် သူကောက်ချက်ချလိုက်သည်၊


ငါအလုပ်မလုပ်ပဲ စားလိုက်အိပ်လိုက်နေလို့ အခုငါ့မှာ အမြီးပေါက်လာတာပေါ့။ ငါတာအလုပ်လုပ်နေရင် ဒီလ်ိုပေါက်လာမှာမဟုတ်ဘူး။ ဒါဆို မျောက်ကနေလူကို အဆင့်ဆင့်အသွင်ပြောင်းလာတာက အလုပ်လုပ်ခြင်း ဆိုတဲ့အချက်လေးကို တွေးမိလိုက်ခြင်းပင်ဖြစ်သည်။


Company ကသူ့ကို ဂုဏ်ထူးဆောင်အဖြစ်အသိအမှတ်ပြုပြီး လက်ရှိလုပ်နေတဲ့အလုပ်ကိုသာ ဆက်လက် လေ့လာခိုင်းသည်။ သူ့မှာလည်း ဘာမှမတတ် သူဘာကြောင့် ဒီအဖြကိုရလိုက်သည်ဆိုတာကိုလည်း ပြောရမှာရှက်သာကြောင့် ဒီအတိုင်းပဲဆက်နေလိုက်သည်။ အချိန်တွေနည်းနည်းလေးကြာလာတော့ သူ့ကိုယ်မှာ အမွေးအမျှင်တွေပေါက်လာပြီး တစ်နေ့တခြားမျောက်နဲ့ပိုပိုတူလာလေသည်။


တစ်နေ့ကျတော့ မဖြစ်ချေဘူး အဖြစ်မှန်တွေကို Company ဥက္ကဌ ကိုပြောပြမှ ဖြစ်ချေမည်ဆိုပြီး ဆုံးဖြတ်လိုက်သည်။နောက်တစ်ရက်ကျတော့ ဥက္ကဌ တွေ့ဖို့ ဥက္ကဌ အခန်းသို့သူထွက်လာခဲ့သည်။ နောက်အခန်းရှေ့သို့ရောက် တံခါးခေါက်ဖို့ အလုပ်မှာ အခန်းတံခါးဟနေတာကြောင့် သူ မပြောမဆိုနဲ့ ဝင်လိုက်သည်။ ဝင်လိုက်ခြင်းခြင်းတွေ့လိုက်ရ သည့်မြင်ကွင်းကြောင့် သူ အံအားသင့်သွားသည်။ ဤမြင်ကွင်းမှာ ဥက္ကဌ ဘောင်းဘီပြင်ဝတ်နေစဉ် ထွက်ကျနေသော အမြီးက သူ့ထက် ရှည်လျားနေသောကြောင့်ပင်ဖြစ်သည်။


ဒါကြောင့် မျောက်ကနေလူ့ဘ၀ ကိုအဆင့်ဆင့် ဆင်းသက်လာတာ အလုပ်လုပ်သောကြောင့်လို့ စာဖတ်သူတို့ လက်ခံလို့ရပြီထင်သည်။ လက်မခံချင်သူတွေကတော့ ဒီအတိုင်းလေးပဲငြိမ်နေလိုက်ပါ။ ကျွန်တော်ဆက်လက် မေးခွန်းလေးထုတ်လိုက်ပါဦးမည်။


မေးခွန်း (၁) မျောက်ကနေ လူဘဝသို့ အဆင့်ဆင့်ပြောင်းလာကြသည်ဆိုတာကော လက်ခံပါသလား။

မေးခွန်း (၂) ယောက်ျားနဲ့ မိန်းမ ဘယ်သူကအလုပ်ပိုလုပ်ကြသည်ဟုထင်ပါသနည်း။


ကျွန်တော့်အတွက် အဖြေကတော့ မေးခွန်း(၁) အတွက် ယေဘုယျအားဖြင့်လက်ခံထားသည်လို့ဖြေပါရစေ။


မေးခွန်း(၂) အတွက် မိန်းမတွေက ယောက်ျားတွေထက်အလုပ်ပိုလုပ်ကြတယ်လို့ မြင်ပါသည်။


စာဖတ်သူများ ကျွန်တော့်အားနားလည်ရတော်တော်ခက်သွားပေလိမ့်မည်။ ကျွန်တော် ဘာကြောင့်မြင်ရသည်ဆိုတာကို ရှင်းပြပါမည်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ယောက်ျားတွေမှာ မွေးရာပါ အမြီးများပါလာကျသော ကြောင့်ဖြစ်သည်။ ကျွန်တော့်မှာမပါဘူးဗျလို့ မငြင်းလိုက်ပါနှင့်။ အောက်ကိုခေါင်းစိုက်ပြီး သေသေချာချာလေး တွေးကြည့်ပေးပါ။ တစ်ခုပဲ သတိပေးချင်ပါသည်။ ကျွန်တော်တို့တစ်ယောက်အမြီးကို တစ်ယောက်ကြည့်ပြီး ငါကသူ့ထက်အလုပ်ပိုလုပ်တယ် မလုပ်ဘူးလို့ ငြင်းခုံမနေကြပါနှင့်။ အားလုံး သူ့နေရာနှင့်သူ သူ့အထာနှင့်သူ ဘဝဆိုသည့် ပြဇတ်ပေါ် ကျရာဇတ်ရုပ် ကနေကြသောကြောင့်ပင်ဖြစ်သည်။ နောက်ဆုံးအဖြေတစ်ခု တော့ထပ်ပြောလိုက်ပါဦးမည်။ ကျွန်တော်ဆိုလိုချင်တဲ့ အမြီးတွေဆိုသည်မှာ ဂုဏ်၊ ဒြပ် ၊ ရာထူး အရှိန်အဝါများကို ရည်ညွန်းထားခြင်းဖြစ်ပြီး၊ မိန်းမတွေအလုပ်ပိုလုပ်ကြသည်ဆိုသည်မှာ ထိုသို့သော ယောက်ျားမျိုးတွေကို အမျိုးမျိုးသော မာယာ ပညာတွေနှင့် ကြိုးဆွဲထားသောကြောင့်ပင်ဖြစ်သည်။ 


မိတ်ဆွေတို့ တစ်ခုသတိထားမိလိုက်လားခင်ဗျ။ အောင်မြင်မှုဆိုတာ အလုပ်ဆိုတာနဲ့တင် "ကျွန်တော်နှင့် အောင်မြင်မှုကိုရှာဖွေကြည့်ခြင်း" ဆိုတဲ့ ဆောင်းပါးတစ်ခုလုံး ပြည့်စုံသွားပါပြီ။ တစ်ခုတော့ရှိတယ် လူတိုင်း အလုပ်လုပ်နေသ၍ အောင်မြင်နေတယ်ဆိုတာ မမေ့ပါနှင့်။ ဒါပေမယ့် လုပ်နေတဲ့အလုပ်ကို ရပ်လိုက်ရင်တော့ ခင်ဗျာဟာ ကျရုံးတဲ့လူတစ်ယောက်ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် အမြဲအောင်မြင်ချင်ရင်တော့ သေတဲ့အထိ အမြဲအလုပ်လုပ်နေပါ။

ဒါပေမယ့် ကျွန်တော် မအောင်မြင်ချင်တာ ၂ ခုတော့ရှီတယ်။ ဒါက "အချစ်နဲ့စစ်" ပါပဲ။ အဲ့နှစ်ခု အောင်မြင်နေရင် နောက်ကလိုက်လာမယ့် ကိစ္စတွေက မသက်သာဘူးခင်ဗျ။ ကျွန်တော်ပြောတာ တစ်ချို့လူတွေက "ဟုတ်၏" လို့ဖြေပြိး တစ်ချို့လူတွေက "ဟင်အင်း" လို့ဖြေပါလိမ့်မည်။


မှန်တယ်ထင်ရင် အားလုံး ခေါင်းတစ်ချက်ငြိမ့်လိုက်ကြပါခင်ဗျ။


တစ်ချိန်က ကျွန်တော်

3 comments:

စိုးမိုး said...

ခေါင်းညိတ်လိုက်ရင် မြောက်ဖြစ်မှာလားဟင်

ZMH+NYM said...

ဖတ်ပြီးသွားပြီ ကျေးဇူးပဲ။
ငါရော အမြီးပေါက်နေပြီလားလို့ စမ်းမိသေးတယ်။ :)

ချီလီ (CHILLI) said...

ကိုလိန်ရယ် တွေးပဲ တွေးတတ်ပါ့