Saturday, August 17, 2024

~ လွယ်အိတ်ထဲက ချစ်ခြင်းပြယုဒ် ~

 




အချိန်သည် ည (သို့) နေ့ (သို့) နာရီ/မိနစ်/စက္ကန့် တိတိ ဇူလိုင်လ (သို့) ၁၂ ရာသီ၏ နေ့တစ်နေ့သာဖြစ်သည်။ ထိုအချိန်ဟူခေါ်သော လူတို့ သတ်မှတ်ထားသောအရာသည် လူတို့ပြုလုပ်ထားသော နာရီကြောင့်ပင်လား (သို့) နေ ကြောင့်လား (သို့) လကြောင့်လား (သို့) ကမ္ဘာကြောင့် လား (သို့) ဖြစ်လိုက်ပျက်လိုက် မြန်ဆန်နေသည့် လူတို့၏ ခန္ဒာဗေဒဆဲလ်တွေ၏ ဖွဲ့စည်းမှု ဖွံဖြိုးလာမှု ကြောင့်ပင်လား ? ဒါတွေကို ဂရိပညာရှင်တွေကတော့ ရှာဖွေကြံဆခဲ့ကြသည်။ ထိုနောက် နာရီ ဆိုသော အချိန်ပြကရိယာ တစ်ခုအား ဖော်ထုတ်ခဲ့ကြသည်။ အမှန် အချိန်ဆိုသော ဝေါဟာရသည် ဖြစ်လိုက် ပျက်လိုက် ပျောက်လိုက် ပေါ်လိုက် ဖြစ်နေသော စက်ဝန်း ပုံဆန် သွားလာနေသော ခရီးသွားတစ်ယောက်ဖြစ်သည်။ မိတ်ဆွေရော ကျွန်တော်ပါ ထိုခရီးသွားနှင့် အတူ ခရီးဆောင်အိတ်တလုံးမှာ ဘ၀ တလျှောက် သယ်စရာ ချန်စရာများကို အိတ်ကို ဖွင့်လိုက် ပိတ်လိုက်နှင့် သွားနေကြသော သူများသည်ဖြစ်သည်။ ထိုခရီးဆောင် အိတ်ထဲတွင် ကျွန်တော့်အဖို့ စားချိန် ၊ အိပ်ချိန် ၊ အလုပ်လုပ်ချိန် ၊ အိမ်သာတတ်ချိန် အစရှိသည့် အချိန်များကို မရှိမဖြစ်အသုံးပြုရမည့် အရာများ နှင့် ကိုယ်ချစ်မြတ်နိုးသော အရာများကို ယူဆောင် ထည့်ထားလေ့ရှိကြသည်။ ထိုသို့ပင် ကျွန်တော်တို့ ချစ်မြတ်နိုးသော အရာများကိုအမြဲ သိမ်းထားသကဲသို့ ထိုထဲတွင် ချမ်းသာခြင်း ဆင်းရဲခြင်း နှင့် သူမကိုပါ ကျွန်တော့် ခရီးဆောင်အိတ်ထဲ ထည့်မိလျက်သား ဖြစ်နေသည်။ ထိုကြောင့် သူမသည် ကျွန်တော်၏ အရေးကြီးသော ချစ်မြတ်နိုးသော ခရီးဆောင်အိတ်ထဲမှ မရှိမဖြစ် အရာလေးတစ်ခုဖြစ်သည်။

ကျွန်တော် ချစ်မြတ်နိုးသော သူမသည် ရစ်ဘီးလေး တစ်ယောက်ဖြစ်သည်။ သူမ နှင့် ခင်မင်သော သူများအား မည်သို့ ရစ် ရမည် စ ရမည်ကို အမြဲတွေးနေတတ်သော ရစ်ဘီးလေး တစ်ယောက်သာဖြစ်သည်။ တစ်ခါတစ်ရံ သူမ ရစ်စရာ အကြောင်းတိုက်ဆိုင်မှု မရှိလျှင် ကျွန်တော်၏ ရည်းစားဟောင်း အကြောင်းကို စ၍ ဒေါသထွက်အောင် ဆွပေး တတ်သည့် နေရာမှာလည်းလွန်စွာပင်ထူးချွန်ပါ၏။

"လီလီ့ ကိုအရမ်းချစ်တယ်လို့ ကျွန်တော်ပြောသည့်အခါအတိုင်း ကိုကြီးနော်… လူလည်ကျတယ် " ဟုပြန်သုံးနှုန်းလေ့ ရှိပြီး။ မှင်သေသေ နှင့် "စိတ်လျှော့စိတ်လျှော့" ဟုပြောတတ်ပေသေးသည်။ တစ်ခါတစ်ရံ လေသံမာမာနှင့် "ဒါနောက်စရာမဟုတ်ဘူး" ဟုပင်ပြောတတ်သည်။ တကယ်တော့ 'လီလီ' ရယ် အချစ်ဆိုတာ မျိုသိပ်လို့ထားကောင်းတဲ့ အရာ တစ်ခုမဟုတ်ဘူး 'လီလီ' ရဲ့။ ကိုယ်ချစ်တာကို ချစ်တယ်လို့ ပြောလာတဲ့လူတစ်ယောက်ကို အသိအမှတ်ပြု သင့်တယ်။ "ဒါကြောင့် 'လီလီ' ကိုကြီး appreciate လုပ်သင့်တယ်နော်"။ သူမ၏ တုန့်ပြန်မှု "သြော် သြော် နှင့် ဟုတ်ပါပြီ ဟုတ်ပါပြီ" ဆိုသည့်စကားထဲမှာ ကျွန်တော်၏ ချစ်ခြင်းပျော်ဝင်မှု တွေရပ်တန့်ပြစ်လ်ိုက်နိုင်သည်က သူမ တော်လို့လား ကျွန်တော်ပင် ညံ့လို့လား သေချာမသိပေ။ အမှန် ကျွန်တော်သည် သူမ ထံမှ ဘာတုန့်ပြန်မှုမှ မမျှော်လင့်ခဲ့သော အချစ်သက်သက်ဖြစ် ချစ်နေသည့် ငပေါလေး တစ်ယောက်သာဖြစ်သည်။

'လီလီ' ကျွန်တော် တိုးတိုးလေး သူမ နားကပ်ပြီး ခေါ်လိုက်သည်။ 

'ရှင့်' ………………………?

"ဟင် … ခေါ်ပြီ ဘာမှလည်းမပြောဘူး ။"

 "လီလီ ..  ဆီက 'ရှင့်' ဆိုတဲ့ အသံလေးကြားချင်လို့'

လီလီ ပြုံးလိုက်သည်ဟုထင်သည်။ "ဒါလည်း ရောဂါ ပဲနော် ဟု" သူမခပ်သွက်သွက် ပြန်ပြောလိုက်သည်။ 

"ဒီစကားတွေက ကလေးတွေပဲပြောတာ 'ကိုကြီး' ရဲ့ လူကြီးတွေ မပြောဘူး" ဆိုပြီး ကလေးအသံနှင့် လူကြီးပုံဖမ်းပြီး ပြီးတီတီလုပ်တတ်သော ကျွန်တော်ရဲ့ လွယ်အိတ်ထဲက အမြင်ကပ်စရာကောင်းသော အရုပ်မလေးလည်း ဖြစ်သည်။

1. အချစ်ကို ဂရိ မှာတော့ Eros, Storge, Philia နှင့် Agape ဆိုပြီး ၄ မျိုးဖြင့်ပုံဖော်ထားသည်။

2. အချစ်ကို တရုတ်စာပေပညာရှင်အချို့ကတော့ ကံတရားမှာ အပ်နှံထားတဲ့အရာပဲဖြစ်တယ် လို့ သုံးသပ်ထားသည်။

ကျွန်တော်ကတော့ အချစ်ကို အမှတ်တရများဖြင့် ပုံဖော်သည်ဟု မှတ်ယူထားသည်။ ထိုသို့ဆိုလျှင် မွေးပွ အရုပ်လေးသည် အချစ်ဖြစ်မည်၊ လီလီပန်းတွေ သည်လည်း အချစ်ဖြစ်မည်၊ ကော်ဖီခွက်သည်လည်း အချစ်ဖြစ်ပြီး သူမနှင့် သွားဖူးသည့် နေရာအားလုံးသည်လည်း အချစ်ပင်ဖြစ်သည်။ ဒါ့ပြင် သူမ ချစ်သော သူမ၏ ချစ်သူအကြောင်းပြောပြသည့် အခါတိုင်း ထိုစကားများသည်ပင် ကျွန်တော့်အတွက် အချစ်ပင်ဖြစ်ပါလိမ့်မည်။ ထိုအချစ်သည် သဝန်တိုမှုနှင့် ကြေကွဲခြင်းတို့ပါ ရောစပ်ထားသည့် ပျင်းရှရှ အချစ်ဖြစ်လိမ့်မည်။

သို့သော် … အချစ်ဆိုတာ နာကျင်စေတဲ့ ဝေဒနာ တစ်ခုဟု ဆိုထားပြန်လျှင် ????

ထိုနာကျင်မှုသည် တန်ဖိုးအရှိဆုံးသော နာကျင်မှု ပင်ဖြစ်ပါလိမ့်မည်။ နာကျင်မှု ကိုမကြောက်သောသူသည် ကြင်နာမှုဒဏ် ကိုပိုခံနိုင်၏ဟု ဆိုထားသည်။ ထိုကြောင့် ကျွန်တော်၏ ခရီးဆောင်အိတ်ထဲတွင် ကြင်နာမှုရဖို့ နာကျင်မှုတွေပါ ရောပြွန်ထည့်ပြီး ကျွန်တော်၏ လုပ်ဖော်ကိုက်ဖက် ခရီးသွားနှင့် အတူ ဆက်လျှောက်ရပေဦးမည်။

အချိန်သည် ည (သို့) နေ့ (သို့) နာရီ/မိနစ်/စက္ကန့် တိတိ ဇူလိုင်လ (သို့) ၁၂ ရာသီ၏ နေ့တစ်နေ့သာဖြစ်သည်။


တစ်ချိန်ကကျွန်တော် 

No comments: