Wednesday, June 9, 2010

~ တို့အင်းသား နှင့် မြို့ကြီးသား ~


အခန်း (၁)

အချိန်သည် လွန်ခဲ့သော နှစ် (၂၀) ခန့်ကဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ စီးပွားရေးတက္ကသိုလ်တွင် အဲဖော်၊ ကျော်ကြီး နှင့် ငပြူး တို့အချစ်ဆုံး သူငယ်ချင်းသုံးယောက်အဖြစ် အတူတူကျောင်းပြီးသည့်တစ်လျှောက်လုံး လက်တွဲခဲ့ကြသည်။ အဲဖော် သည် အင်းသားဖြစ်သည်။ ကျော်ကြီးကတော့ ရန်ကုန်သားဖြစ်ပြီး ငပြူးကတော့ အညာသားဖြစ်သည်။ သူတို့ သုံးယောက်သည် ကျောင်းပြီးသွားလျှင် ကိုယ့်မြို့ကိုယ့်ရွာကို ပြန်၍ ၅ နှစ်ပြည့်လျှင် အဲဖော် ရှိသော အင်းလေးရွာ သို့သွားလည်ရန် ကတိပြုထားခဲ့ကြသည်။

အခန်း (၂)

အချိန်သည် ဘာလိုလိုနှင့် ကျောင်းပြီးပြီးနောက် ၅ နှစ်ကြာသွားလေပြီ။ သူတို့ ၃ ယောက်တစ်ယောက်ကိုတစ်ယောက် အစပိုင်းနှစ်တွေမှာ စာနှင့် အဆက်အသွယ်ရှိခဲ့ကြပေမယ့်လည်း၊ နောက်ပိုင်း အဲဖော် နှင့် စာအဆက်အသွယ်ပြတ်သွားသည်မှာ တစ်နှစ်လောက် တောင်ရှိပေတော့မည်။ အဲဖော်ကတော့ သူစာထဲမှာတော့ ကျောင်းပြီး အိမ်ပြန်ရောက်တော့ မိဘပေးစားသည့် သူနှင့် ယူပြီး ကလေးတောင် ရနေပြီဟုဆိုသည်။

အခန်း (၃)

ငပြူးသည် သူတို့ကတိထားခဲ့ကြသည့်အတိုင်း ၅ နှစ်ပြည့်သည်နှင့် ရန်ကုန်တို့ အရင်လာပြီး ကျော်ကြီးကိုခေါ်၍ အဲဖော်ရှိသော အင်းလေးရွာလေးသို့ အလည်လာရန် အင်းလေးသို့ ထွက်လာခဲ့ကြလေသည်။ ကျော်ကြီး နှင့် ငပြူးသည် တောင်ကြီး၊ အင်းလေးသို့ တစ်ခါမျှပင် မရောက်ဖူးသေးချေ။ ဒါကြောင့်ပင် ဟိုမေးဒီစမ်း ယောင်တဝါးဝါး နှင့် ညောင်ရွှေ လှေဆိပ်သို့ ရောက်လာသည်။ ညောင်ရွှေ လှေဆိပ်ရောက်သော သူတို့ သူငယ်ချင်း အဲဖော် ကပြောထားသည်ကို ပြန်အမှတ်၇မိသည်။ အဲဖော် ပြောထားသည်က

"မင်းတို့ ... လာမယ်ဆိုရင် ညောင်ရွှေလှေဆိပ်ရောက်ရင် ကြိုက်တဲ့သူမေး ... အဲဖော် ကိုမသိသူမရှိဘူး"

ဆိုသည့်စကားပင်။ ထိုကြောင့် သူတို့ နှစ်ယောက်သည် ညောင်ရွှေလှေဆိပ်က တွေ့ရာမော်တော်သမားကို အဲဖော် ဆိုသည့်နာမည်ကိုမေးကြည့် ပြီးစုံစမ်း ကြည့်လ်ိုကသည်။ သူတို့ သူငယ်ချင်း ပြောထားသည့်အတိုင်းပင် မော်တော် သမားသည် ချက်ချင်းပင် အဲဖော် အိမ်လား၊ ဒါဆိုလိုက် ပို့ပေးမယ်ဆိုပြီး အတင်းလှေပေါ်တတ်ခိုင်းပြီး အဲဖော် ရှိရာ အင်းလေးရွာသို့ ထွက်လာခဲ့လေသည်။ သူတို့ နှစ်ယောက်သည် အင်းလေးကန်၏ သန့်ရှင်းလတ်ဆတ်သည့်လေကို တ၀ကြီးရှုရှိုက်လာပြီး ၊ လူတွေနှင့် ရင်းနီးနေပြီဖြစ်သော စင်ယော်များကို တသြံ တသြ ကြည့်လိုက်၊ သာယာလှပတဲ့ ရှုခင်းတွေကို ကြည့်လိုက်နှင့် လိုက်ပါလာကြသည်။

အခန်း (၄)

"မိနီရေ ... နင့်ဧည့်သည်တွေ ငါလာပို့တယ်ဟေ့"

မော်တော်သမားကြီး၏ အော်သံကြားလိုက်တော့မှာ သူတို့ နှစ်ယောက် မျောနေတဲ့ သူတိုိ့စိတ်တွေ ချက်ချင်းအသက်ပြန်ဝင် လာသည်။ သူတို့နှစ်ယောက်သည် ဘေးပတ်ဝန်းကျင်ကို သေချာပြန်စူးစမ်းလေ့လာလိုက်သည်။ အခုသူတို့ နှစ်ယောက် ရောက်နေသည်မှာ အင်းထဲက ရေပေါ်ခြေသံရှည်အိမ်လေး ရှေ့မှာဖြစ်သည်။

"မိနီရေ ... မိနီ ... ဒီမှာ နင့်ဧည့်သည်တွေ လာပို့တယ်ဟေ့" လို့မော်တော်သမားက အိမ်ထဲသို့လှမ်းကြည့်ပြီ ထပ်မံအော်လိုက်သည်။

"အော် ... အေးအေး လာပြီ လာပြီ ... ဧည့်သည်တွေ အိမ်ပေါ်တက်ပါဦး" ဆိုသည့်အသံ နှင့်အတူ မိနီ ဆိုသော သူတို့ သူငယ်ချင်း အဲဖော်၏ မိန်းမကို အကောင်အထည်လိုက်တွေ့လိုက်ရသည်။ မိနီသည် တုပ်တုပ်ခိုင်ခိုင် အသားဖြူဖြူ နှင့် ရှမ်းချောချော သည်လို့ သူတို့ နှစ်ယောက်လုံး စိတ်ထဲမှာ မှတ်ချက်ချလိုက်မိသည်။ အ်ိမ်ပေါ်ရောက်တော့ ... ငပြူးကစပြီး ...

"ကျွန်တော်တို့ သူငယ်ချင်း အဲဖော်ကော... ခင်ဗျာ့" လို့မေးလိုက်သည်။


မိနီ သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ... "ရှင်တို့ သူငယ်ချင်း သေး (ဈေး) သွားတယ်ရှင့်" လို့ အင်းသံ ဝဲဝဲဖြင့်ပြောလိုက်သည်။ ဒါကို သေချာသဘောမပေါက်တော့ ငပြူး နှင့် ကျော်ကြီးက သူတို့သူငယ်ချင်း အဲဖော် သေသွားသည် အမှတ်နှင့် ....

"ဖြစ်မှဖြစ်ရလေ ... သူငယ်ချင်းရယ် ... ငါတို့ အလာကောင်းပေမယ့် အခါနှောင်းသွားပြီပေါ့ ဟုတ်လား" ဆိုပြီး ရှိုက်ကြီးတငင် ငိုချလေတော့သည်။

မိနီလည်း ရုတ်တရပ်တော့ ကြောင်သွားသည်။ နောက်ချက်ချင်းဆိုသလိုပင် သဘောပေါက်ပြီး အိမ်နောက်ဘေးကို ဝင်သွားပြီး ဈေးခြင်းတောင်းကြီး ယူလာပြီး ငပြူး နှင့် ကျော်ကြီး ၇ှေ့မှာ ... "သေး(ဈေး) သွားတယ် .... သေး (ဈေး) သွားတယ်" လို့ ခြင်းတောင်းကိုင်ပြီး ဟန်လုပ်ပြလိုက်သည်။ သည်တော့မှပဲ ကျော်ကြီး နှင့် ငပြူးတို့ တော်သေးတာပေါ့ ဟုလေသံ နှင့်အတူ ငိုသံရပ် သွားတော့သည်။ ဒီတော့ မိနီက ဆက်ပြီး "အင်းလေး မှာက ၅ ရက်တစ်ဈေးဆိုတော့ ရှင်တို့ အဲဖော် ဈေးသွားရောင်းတယ် .. နက်ဖြန်မှ ပြန်ရောက်လိမ့်မယ် ... ရှင်တို့ အေးဆေး နားကြပေါ့နော်"

"ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်" လို့ နှစ်ယောက်သား ပြိုင်တူ မိနီ အားပြောလိုက်သည်။

အခန်း (၅)

"သားရေ . အဲငဲ ... ဟဲ့ ... အဲငဲ ... ဒီကောင်ဘယ်တွေများလျှောက်သွားနေပါလိမ့်"

"အမေ့ ... သားဒီမှာ ... ဘာခိုင်းဖို့လည်း တို့မ" အဲငဲက အိမ်အောက်ထပ်ရှိလှေပေါ်တွင် ငါးထိုင်မျှားနေရင်း လှမ်းအော်ပြောလိုက်သည်။

"အော် ... အေး ... သားရေ ... ဧည့်သည်တွေ ဗိုက်ဆာနေရော့မယ် ငါးမြုံး သွားဖော်ချေ"

"ဟုတ်" ဆိုပြီး အဲဖောသား အဲငဲ အိမ်ပေါ်တက်လာသည်။ နောက် အိမ်နောက်ဘေးသို့ ဝင်သွားသည်။ သိပ်မကြာပါ ဓါးမ တစ်ချောင်းဆွဲ၍ သူတို့နှစ်ယောက် ရှေ့မှာရပ်လိုက်သည်။

"တို့မေ့ ... နှုတ်ခမ်းမွေး ပါတဲ့ကောင်ကို လုပ်၇မှာလား ... မပါတဲ့ကောင်ကိုလုပ်ရမှာလားအမေ့" လို့အိမ်နောက်ဘေးက မိနီကို လှမ်းမေးလိုက်သည်။ ကျော်ကြီး နဲ့ ငပြူး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရုတ်တရပ်ကြောင်နေကြသည်။ ဘာကြောင့်လည်းဆိုရင် ကျော်ကြီးသည် ငါးခူ နှုတ်ခမ်းမွေး နှင့် ဖြစ်ပြီး ငပြူးတော့ နှုတ်ခမ်းမွေးမပါပေ။

"တို့မေ့ ... သားနှုတ်ခမ်းမွေးပါတဲ့ ကောင်ပဲလုပ်လိုက်မယ်နော်"

"အေးအေး ... သားသဘောပဲ" မိနီ၏ စကားပြန်ကြားသံ ကြားပြီးသည့်နောက်မှာတော့ ကျော်ကြီးခင်ဗျာ ထပြီး ...

"အမလေး ... ကျွန်တော့်ကိုမလုပ်ပါနဲ့ဗျာ ... ကျွန်တော်က ဘုရားနဲ့တ၇ားနဲ့နေတာပါ ... မသတ်ပါနဲ့ဗျာ ကျွန်တော့်ကို ... ကျွန်တော် တောင်းပန်ပါတယ် ... မိန်းမလည်း မရသေးဘူးဗျ" ဆိုပြီး ထအော်လေသည်။ အဲငဲ သည်ဓါးမကြီး ကိုင်ပြီ ကျော်ကြီး ဖြစ်နေသည့် ပုံအား နားမလည်နိုင်သလိုကြည့်လိုက်၊ ခေါင်းကုတ်ပြီး အိမ်အောက်သို့ ဆင်းသွားလေသည်။ သိပ်မကြာလိုက်ပါ လက်ထဲမှာ နှုတ်ခမ်းမွေးပါသော ငါးခူ ကြီးတစ်ကောင်ကို ကိုင်လိုက်ပြန်တတ်လာသည်။ အဲ့ဒီတော့မှ ကိုကျော်ကြီးလည်း သက်ပြင်း ချပြီး တော်သေးတာပေါ့ဟု သူ့အဖြစ်ကို တွေးပြီး နှစ်ယောက်သား ရယ်နေကြပြန်သည်။

အခန်း (၆)

မိနီသည် အဲငဲ ဖမ်းလာပေးသော ငါးခူကို ဧည့်သည်များ စားဖို့အတွက် ချက်ပြုတ်နေလေသည်။ ထိုအချိန်၌ အဲငဲ ဘေးနား ရောက်လာပြီး ... "တို့မေ့ ... ငါ မန်းမွတ်နေပြီ (ဗိုက်ဆာနေပြီ) အ၇င်ကျွေးနော်" လို့မိနီအား ပြောလိုက်သည်။

မိနီက "ခဏနေဦး သားရဲ့ ... မြို့ကဧည့်သည်တွေဆိုတာက အလှစားတာ ... အဝစားတာမဟုတ်ဘူး သားရဲ့ ... သူတို့ပြီးမှ စားနော့်" လို့ သူ့သား အဲငဲ ကျေနပ်အောင်ပြန်ပြောလိုက်သည်။

"အေး ... ဒါဆ်ိုလည်း သူတို့စားတာကို ငါ ထိုင်ကြည့်နေမယ်နော့်" လို့ပြောပြီး အိမ်ရှေ့ ရေကဖျင်းမှာ သွားထိုင်ပြီး ထမင်းဝိုင်းကို သေချာကြည့်နေလေသည်။ ကျော်ကြီး နဲ့ ငပြူးကလည်း ခ၇ီးကလည်းပန်း ဗိုက်ကလည်းဆာဆာနဲ့ ငါးခူ ကြောက်ကလည်း ကြွတ်ကြွတ်ရွရွ ထမင်းကလည်း ပူပူနွေးနွေးလေးနဲ့ဆိုတော့ အပြီးကိုလွေးတော့သည်။ အဲဖော်သား အဲငဲ ကလည်း ကျော်ကြီးတို့ ငပြူးတို့ စစားပြီး ဆိုကတည်းက သေချာကိုလိုက်ကြည့်နေသည်။ စိတ်ထဲမှာတော့ သူ့အတွက် ဟင်းကျန်ပါ့မလားလို့ တွေးနေပေသည်။

ကျော်ကြီး နှင့် ငပြူးသည် စားကောင်းကောင်း နှင့် ဆက်စာရင်း ငါးခူကြော် အပေါ်တစ်ခြမ်း အသားကုန်တော့ နောက်တစ်ဖက်ကို လှန်ပြီး စားရန်ပြင်လိုက်ဆင် ... "တို့မေ့ ... တဖက်လှန်နေပေါ့" ဆိုသည့် အဲငဲ၏ အော်သံကိုကြားလိုက်ရသည်။ ဒါနဲ့ ကျော်ကြီး နဲ့ ငပြူးလည်း လန့်ပြီး ထမင်းဝိုင်းကို ဆက်မစားတော့ပဲ လက်ဆေးပြီး ထမင်းဝိုင်းသိမ်းလိုက်သည်။

မိနီကလည်း သူတို့ စားလို့ပြီးပြီဆိုတော့ ထမင်းဝိုင်းသိမ်းရင် "အကိုတို့ စားချိုရဲ့လား (စားကောင်းရဲ့လား)" လို့မေးလိုက်သည်။ ကျော်ကြီးကလည်း မဆိုင်းမတွပင် "ဆားချိုနဲ့ချက်ထားတာလားဗျ ... ချိုတော့မချိုဘူး … ဒါပေမယ့် စားကောင်းတယ်ခင်ဗျ" လို့ပြန်ပြောလိုက်သည်။ မိနီလည်း ကျော်ကြီးစကားကြောင့် ကြောင်သွားသည်။ နောက်ပြောရန် ပြင်ပြီးမှ ပြောလည်းမထူးဘူးဆိုသည်ကို သဘောပေါက်သည်လားမသိ ... ဘာမှဆက်မပြောတော့ပေ။ ထမင်းဝိုင်းသိမ်းလိုက်ပြီးကော ... မိနီက "သားရေ ... အိမ်နောက်မှာ မုန့်ဆိုင်း ယူခဲ့ဟေ့" လို့ သူ့သား အဲငဲ အားလှမ်းပြောလိုက်သည်။ ငပြူးက အားနာသွားဟန်တူသည်။ ဒါကြောင့် "အော် ... ရပါတယ်ဗျ ... ကျွန်တော်တို့ ဘာမှထပ်မစားတော့ပါဘူးဗျ ... မုန့်စိမ်းပေါင်းလည်း ကျွန်တော်တို့မကြိုက်ပါဘူးဗျ ... တကူးတကကြီး လုပ်မနေပါနဲ့တော့" ဟူ၍ လက်ဟန်ခြေဟန်ဖြင့် အကြောက်အကန်ကို ငြင်းနေသည်။ ထိုအချိန်၌ အဲငဲ သည် အိမ်နောက်သို့ဝင်သွားပြီး … တံမြက်စည်း ယူလာပြီး မိနီအားပေးလိုက်သည်။ ထိုအခါမှ ငပြူးလည်း မုန့်ဆိုင်းဆိုတာ တံမြက်စည်းကို ခေါ်တာကိုး ဟူ၍သဘောပေါက်သွားသည်။ နောက် ရှက်ရှက်နှင့် မသိမသာ သက်ပြင်းလေးချရင်း စိတ်ထဲမှာ "တော်သေးတာပေါ့ … မုန့်ဆိုင်းအရမ်းကြိုက်တာ စားမယ်လို့ ပြောမိလိုက်ရင် … တော်ကြာလူထူးလူဆန်းဆိုပြီး တံမြက်စည်းတွေကြီး လှိမ့်ကျွေးနေရင် ဒုက္ဒနော်" ဆိုပြီးတွေးလိုက်မိသည်။

အခန်း (၇)

ညဘက်ရောက်တော့ မိနီက သူတို့နှစ်ယောက်အတွက် အိမ်ရှေ့ခန်းမှာ အိပ်ယာခင်းပေးလေသည်။ အချိန်ကတော့ ၇ နာရီလောက်တာရှိသေးသည်။ နယ်ရဲ့ဓလေ့အတိုင်း စောစောအိပ်ကြလေ့ရှိသည့်အတွက် ၇ နာရီဆိုသော အချိန်ကတော့ မစောဘူးလို့မှတ်လို့ရပေသည်။ အမှန်ကျော်ကြီးနဲ့ငပြူး သည် သူတို့နယ်တွေမှာဆို ဒီအချိန်အိပ်ကြသေးသည်မဟုတ်ပေ။ အခုတော့ ခရီးလည်းပန်းလာပြီ ဖြစ်သည့်အတွက် မိနီခင်းပေးသည့် အိပ်ယာခင်း၌ ပင် စောစော အိပ်ကြရန် ပြင်လိုက်ကြသည်။

"ကဲ … အကိုတို့ အိပ်ကြတော့နော် … ငါ လည်းသွားအိပ်တော့မယ် … ခေါင်းရင်းမှာ ရေကျား လည်းရှိတယ်နော် … အကိုတို့ထစရာ မလိုတော့ဘူးပေါ့" လို့ပြောပြီး မိနီ သူ့အခန်းထဲသို့ ဝင်သွားသည်။ ငပြူး နှင့် ကျော်ကြီးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရေကျားဆိုသည့် အသံကြားလိုက်သည့်အတွက် မအိပ်ရဲကြတော့ပေ။ အကြောင်းမှာ သူတို့ အိပ်နေတုန်း သူတို့ခေါင်း ရေကျားဆွဲသွားမည် ဆိုးသောကြောင့်ပင်။

အချိန်သည် မနက် (၅) နာရီခွဲခန့် …

မိနီတစ်ယောက် နိုးလာပြီး ထမင်း၊ ဟင်းချက်ဖို့ အသီးအရွက် ခူးရန် အိမ်ရှေ့သို့ထွက်လာသည်။ အိမ်ရှေ့ခန်းထဲတွင် ဧည့်သည် နှစ်ယောက် ကိုလှမ်းကြည့်လိုက်တော့ ကျော်ကြီး နှင့် ငပြူးမှာ သူ့ကိုပြန်ပြီး ပြူးကြည့်နေသည်ကိုတွေ့လိုက်သည်။

"အော် … အကိုတို့ နိုးပြီလား … အစောကြီးနော် … ညက အိပ်မွှေ ရဲ့လား" ဆိုပြီးမေးလိုက်သည်။ ကျော်ကြီး နှင့် ငပြူးသည် မိနီ၏ အမေးစကားကြောင့် ပြာပြာသလဲပင်။

"ဗျာ … ကျွန်တော်တို့ အမတို့ အိပ်နေတုန်း ဘယ်အိတ်မှ မမွှေပါဘူးဗျာ … မွှေဖို့နေနေသာသာ ရေကျား ဆွဲမှာ ကြောက်လို့ တစ်ညလုံး ဒီတိုင်း ငုတ်တုပ်ထိုင်နေတာဗျ" လို့ ငိုသံပါကြီးနဲ့ပြန်ပြောလိုက်သည်။

"ခစ် .. ခစ် … ခစ် … အကိုတို့ရယ် ဖြစ်မှ ဖြစ်ရလေ … ကျွန်မပြောတဲ့ ရေကျားဆိုတာက ဟော့ဒီမှာ" ဆိုပြီး သူတို့ခေါင်းရင်းနား သွားပြီး ရေတကောင်းကို ယူပြီးပြလိုက်သည်။

"အမလေး … ကိုရေကရား ရယ် ကျွန်တော်တို့ကို တစ်ညလုံး နှိပ်စက်လှချည်လားဗျ … နှိပ်စက်လို့တင်မကဘူး မနက်စောစော စီးစီး အိတ်တွေ မွှေလားဆိုးပြီး မေးလားမြန်းလားလည်း လုပ်သေးတယ်ဗျ … အဲဖော်ရေ" ဆိုပြီး သူတို့ သူငယ်ချင်း နာမည်ခေါ်ပြီး တငိုငိုတရီရီ ဖြစ်နေပြန်သည်။ ဒီတော့ မိနီကလည်း "အကိုတို့ … အကိုတို့ကို အိတ်မွှေတယ်လို့ မစွတ်စွဲပါဘူးနော် … အိပ်မွှေလားလို့ ပျော်တာ … အိပ်မွှေတယ်ဆိုတာ အိပ်ကောင်းလားလို့ပြောတာနဲ့ အတူတူပဲ အကိုတို့ရဲ့"

"ဗျာ … သေလိုက်ပါတော့" ဆိုသော အသံနှင့် နှစ်ယောက်လုံး ကိုယ့်နှဖူးကို ပြန်ရီုက်လိုက်ကြတော့သည်။

နေ့လည် လောက်ကြတော့ သူတို့ သူငယ်ချင်း အဲဖော် ပြန်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင် နဲ အလွဲများကို ပြောပြီး တဝါးဝါး တဟားဟားနဲ့ ပြန်လည်ပွဲကျနေကြတော့သည်။

အခန်း (၈)

ကျော်ကြီး နှင့် ငပြူးသည် အင်းလေမှာ ၃ ရက်လောက်နေပြီး ပြန်ဖို့ပြင်ကြတော့သည်။ သိသည့်အတိုင်းပင် အင်းလေးကနေ မြို့ပြန်ဖို့က ညောင်ရွှေကို လှေစီးရဦးမည်။ အဲဖော်သား အဲငဲသည် လှေဦးမှာသွားထိုင်သည် ဧည့်သည် ၂ ယောက်ဖြစ်တဲ့ သူတို့မှာတော့ အလယ်မှာထိုင်ပြီး အဲဖော် ကတော့ လှေနောက်ပိုင်းမှာ လှေလှော်ပြီး ချောင်းရိုးလေးအတိုင်း ထွက်လာခဲ့တော့သည်။ ချောင်းရိုး အလယ်လောက်ရောက်တော့ အဲဖော်သား အဲငဲ ကထပြီး …

"တို့ဖ … နေအုံး … ဒီနားမှာ မြုံးထောင်ထားတာ ကြည့်လိုက်ဦးမယ် မိကျောင်း … မမိကျောင်း" ဆိုပြီး သူ့ အဖေ အဲဖော်ကိုလှမ်းပြောလိုက်သည်။ ကျော်ကြီး နှင့် ငပြူးသည် မိကျောင်း ဆိုသည့်အသံကြားသည်နှင့် "ဘာ … မိကျောင်း … မိကျောင်း … ဟုတ်လား" ဆိုပြီး မိကျောင်းလိုက်လာတယ် ထင်ပြီး ကုန်းရိုးဆီသို့ ဆင်းကူးပြေးလေးတော့သည်။ ပါးစပ်ကလည်း နှစ်ယောက်လုံး …

"ကြောက်ပါပြီဗျ … နောက်ဆိုအင်းလေးကို မလာတော့ဘူးဗျို့" လို့အော် ပြီး ကုန်းရိုးပေါ်တတ် ကုန်းရိုးရောက်တော့ အော်ပြီး ညောင်ရွှေဘက်ဆီသို့ ဆက်ပြေးသွားလေသည်။ အဲဖော် လည်းလိုက်တားသေးသည် သို့ပေမယ့် မမှီတော့ပေ။


**** ပြီးပါပြီး ****


မှတ်ချက်။ ။ ဤပို့စ်လေးသည် ကျွန်တော် ငယ်ငယ်က ညအိပ်ရာဝင်တိုင်း အမေပုံပြောပြီး သိပ်ခဲ့တဲ့ ပုံပြင်တွေထဲက အင်းသားပုံပြင်လေးအား ပြန်လည် ကိုးကားထားခြင်းဖြစ်ပါသည်။