Monday, December 30, 2024

** ချစ်ရပါသော ငယ် (၂) **




ကျွန်တော်ရဲ့ 

ငယ် ... ။ 

မချစ်ဘူးလို့ အကြိမ်ကြိမ်ပြောနေပေမယ့် 

ဘယ်သူမှ နမ်းရှိုက်ခွင့်မရှိသေးတဲ့ ငယ့် နှုတ်ခမ်းလေးကို 

ပထမဆုံး  နမ်းရှိုက်ဖူးခဲ့ပေါ့ ။ 


မချစ်ဘူးပြောနေပေမယ့် .. ငယ့် ပါးလေးတွေက ချစ်တယ်တဲ့ 

မချစ်ဘူးပြောနေပေမယ့် .. ငယ့် နှဖူးလေးက ချစ်တယ်တဲ့ 

မချစ်ဘူးပြောနေပေမယ့် .. ငယ့် နှုတ်ခမ်းလေးက ချစ်တယ်တဲ့ 

မချစ်ဘူးပြောနေပေမယ့် .. မညာတတ်တဲ့ ငယ့် မျက်လုံးတွေက ချစ်တယ်တဲ့ 

ချစ်သော ငယ် ... 

စကားလုံးတွေက မချစ်ဘူးပြောနေပေမယ့် 

ငယ် ချစ်တာကိုတော့ မလွတ်တမ်းဆုပ်ကိုင်ထားတဲ့ လက်တွေကလည်း ချစ်ပါတယ်တဲ့။ 


တိမ်တွေ ညိုတဲ့အခါ .. ငှက်ကလေးတွေ အိမ်ကို ပြန်ကြတယ် 

တိမ်တွေ ငိုတဲ့အခါ .. ငှက်ကလေးတေွ အနားရကြတယ် 

တိမ်တွေ လင်းတဲ့အခါ .. ငှက်ကလေးတွေ ထကြရပြန်တယ် 

ကျွန်တော့် အတွက် တိမ်တွေဆိုတာ ဘာမှန်း မသိပေမယ့် 

ငယ် ဆိုတဲ့ ကျွန်တော့်ရဲ့ ငှက်ကလေးက အချိန်ပြည့်ပဲ ..

'မချစ်ဘူး .. မချစ်ဘူး' လို့ တကျီကျီ  မြည်တွန်တတ်တယ်။    


ကျွန်တော့်ရဲ့ 

ငယ် ... ။

နွေဦးပေါက်လို့ ရွက်ဝါတွေ ကြွေတဲ့အခါ 

မချစ်ဘူးလို့ ပဲ ဆက်ပြောပေးပါ။ 

မိုးဦးကျလို့ သစ်ရွက်လေးတွေ စိမ်းစို လာတဲ့အခါ 

မချစ်ဘူးလို့ပဲ ဆက်ပြောပေးပါ။ 

ဆောင်းဦးကျလို့ မြူနှင်းမှုန်လေးတွေ ကျီစယ်တဲ့အခါ 

မချစ်ဘူးလို့ပဲ ဆက်ပြောပေးပါ။  

ငယ့်ချစ်သူအကြောင်း ပြောပြတဲ့အခါ 

အဆုံးသတ်မှာလည်း ကျွန်တော့်ကို မချစ်ကြောင်းလေးနဲ့ အဆုံးသတ်ပေးပါ

၁၂ ရာသီ ပတ်လုံး . . 

ငယ့်ရဲ့ မချစ်ကြောင်းတွေ နဲ့ပဲ ရှင်သန်ပရစေ။ 


ကျွန်တော့်ရဲ့ 

ငယ် ... ။ 

ဒီကမ္ဘာမှာ ငယ် နဲ့ နှစ်ယောက်တည်း ကျန်ရှိနေခဲ့ရင်တောင် 

မချစ်ဘူးပြောပြီး ဂျီကျမယ့် လူ့အမျိုးအစားတစ်ရပ်ရှိတယ်ဆိုတာ 

ကမ္ဘာသိအောင် ကျွန်တော် ကြိုးစားပါ့မယ်။ 

အဲ့ဒီ ဂျီ သံလေးကို .. ချစ်မိရတာပဲ 

အဲ့ဒီ ရစ် တာလေးကို .. ချစ်ခဲ့ရတာပဲ 

အဲ့ဒီ နှုတ်ခမ်း စူစူလေးကို .. ချစ်နေရတာပဲ 

အဲ့ဒီ မျက်စောင်းလေးကို .. ချစ်သွားရတာပဲ

လူတစ်ယောက် ချစ်တာကို တစ်ယောက်က မချစ်ဘူးလို့တုန့်ပြန်တဲ့ 

စကားက ပြစ်မှု မြောက်ခဲ့ရင် .. 

ဘ၀ အဆက်ဆက် ကြိုးစင်တက်မယ့် တစ်ဦးတည်းသော ငယ် ပါ။ 

အဲ့လောက်ထိတောင် ကျွန်တော်နဲ့ပက်သက်ရင် 

ငယ် က မချစ်ခဲ့တာပါ။   


ချစ်သော ငယ် .. 

ကျွန်တော် တို့ နှစ်ယောက် တွေ့ဆုံခြင်းက 

အမှတ်တမဲ့ မှ အမှတ်တရ သို့ .. 

အမှတ်တရ မှ ဘဝ တစ်ကွေ့ သို့ ..

ဘဝတစ်ကွေ့ မှ ဘဝ တစ်လျှောက် သို့ .. 

ငယ် မှ စ၍ အနှစ်တစ်ရာတိုင်ပဲ ဖြစ်ချင်ပါတယ် 

သေတဲ့အထိ မချစ်ဘူးပြောပြီး နှိပ်စက်မယ်ဆို တဲ့ ငယ့် စကား တည်စေချင်တယ် 

သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့ အရွယ်မဟုတ်တော့ပေမယ့် 

သစ်ရွက်ကြွေတဲ့ အခါ ဝမ်းနည်းတတ်တဲ့ ကျွန်တော် ရယ်ပါ ။ 

လှပဖူးပွင့်လာမယ့် ငယ်ဆိုတဲ့ ရွက်သစ်လေးကို ကြည့်ရင်း 

ကျွန်တော် ရွက်ဟောင်းက ကျေနပ်စွာ ကြွေခ ပေးမှာပါ။ 

အဲ့ဒီလိုနည်းနဲ့ .. ငယ့်ကို ဆက်ချစ်ပရစေကွယ်။ 



ကျွန်တော်ရဲ့ 

ငယ် ... ။ 

ကျွန်တော့်အတွက် ငယ်က အဓိပ္ပာယ်ဖော်လို့မရတဲ့ ပန်းချီကားတစ်ချပ်လို

ကျွန်တော့်အတွက် ငယ်က ဖြေရှင်းလို့ မရတဲ့ သချ်ာပုစ္စာ တစ်ပုဒ်လို 

ကျွန်တော့်အတွက် ငယ်က နားမလည်နိုင်တဲ့ သံစဉ်ဂီတ တစ်ပိုဒ်လို 

ကျွန်တော့်အတွက် ငယ်က မပြီးတော့တဲ့ ရုပ်ရှင် ဇာတ်လမ်း တစ်ပုဒ်လို 

..

...

....

ငယ့်အတွက် ကျွန်တော်က‌ ဘယ်တော့မှ မစားတော့တဲ့ ပန်းသီးတစ်လုံးလို 

ငယ့်အတွက် ကျွန်တော်က နားမထောင်တော့တဲ့ သိချင်းတစ်ပုဒ်လို 

အရုပ်လေးလို့ ထင်နေလားလို့ မေးတတ်တဲ့ ငယ့် အတွက် 

ကျွန်တော်က ဂျောင်ထိုးထားတဲ့ အရုပ်လေးတစ်ရုပ်ပါပဲလေ။


ချစ်သော ငယ် .. 

ပြီးခဲ့သော တွေ့ဆုံခဲ့ရတဲ့ အချိန်တွေ အတွက် လွမ်းမိပါတယ် 

လက်ရှိ ဖြစ်တည်နေတဲ့ အချိန်တွေ အတွက်ကို လွမ်းပါတယ် 

ငယ် နဲ့ အနာဂတ်မှာ ဖြတ်သန်းရမယ့် .. တွေ့ဆုံခွင့် အချိန်တွေကိုလည်း ကြိုလွမ်းမိပါတယ်။  

သံသရာ လူသားတွေမို့  .. သံသရာအဆက်ဆက် 

ကျွန်တော့် လွမ်းခွင့်ရှိတုန်း လွမ်းနေပါ့မယ် 

ချစ်ခွင့်ရတုန်း ချစ်နေပါ့မယ် 

ကြေကွဲခွင့် ကြုံတုန်းလေး ကြေကွဲနေပါ့မယ် 

မချစ်ဘူးလို့ ကြားနေရတဲ့ စကားသံကို ကြားခွင့်ရှိတုန်းလေ 

ရာသက်ပန် .. ကြားနေပရစေ။ 



တစ်ချိန်ကကျွန်တော် 


Saturday, December 28, 2024

** ချစ်ရပါသော ငယ် **




ကျွန်တော် ရဲ့ 

ငယ် ... ။ 

ချိတ်ဆွဲထားတဲ့ နှင်းစက် မှုန်လေးတွေ 

မြေပြင်ပေါ်ကို ဖြေညင်းစွာ သက်ဆင်းလာခဲ့ပြီ

ဆောင်းရောက်ပီဆို နှင်းပွင့်တွေ ပျော်ကြတယ်လေ

နှင်းစက်မှုန်လေးတွေကို ကြည့်ပြီး 

ကလေးတွေလည်း ပျော်ကြတယ်

လူကြီးတွေလည်း ပျော်ကြတယ်

ငယ် လည်း ပျော်နေရောပေါ့ .. ။ 


ကျွန်တော်ရဲ့ အချစ်တွေက နှင်းစက်ပွင့် တွေဆို 

ငယ် ပျော်စေမယ့် နွေးနွေးထွေးထွေး နှင်းပွင့်လေးသာ ဖြစ်ချင်ပါတယ် ။

နှင်း ရနံ့ ကိုရှုရှိုက်ရင်း ငယ် အမော ပြေပါစေ

နှင်းပွင့် တွေကို ထိတွေ့ရင်း ငယ့် အပြုံးလေးတွေ တောက်ပစေ ။


နှင်းပွင့်‌ တွေက ချစ်စကားဆိုတဲ့ အခါ 

နှင်းပွင့် တွေက ငယ့် နဖူးလေးကို အနမ်းဝေတဲ့ အခါ 

နှင်းပွင့် တွေက ထွေးပွေ့တဲ့ အခါ

ငယ် ဝတ်နေကြ အစိမ်းရောင် ဟူဒီလေးကို ချွတ်ပါ 

ငယ် တပ်နေကြ မျက်မှန်ကိုင်း အမည်းလေးကို ချွတ်ပါ 

ခေါင်းလေးကိုမော့ .. မျက်လုံးလေးကို မှိတ်

ငယ့် တစ်ယောက်တည်းအပေါ် နေရာကွက်ပြီး နှင်းစက်ပွင့်လေးတွေ ကျဲချပရစေ

အဲ့ဒီ နှင်းစက်ပွင့်တွေမှာ 

ချစ်ခြင်းတွေပါတယ် 

လေးစားမှုတွေပါတယ် 

တန်ဖိုးထားခြင်းတွေပါတယ် 

ငယ့် နှုတ်ခမ်းလေးကို အနမ်းပေးမယ့် အနမ်းတစ်ပွင့်လည်း ပါတယ် ။ 


ကျွန်တော်ရဲ့ 

ငယ် ... ။ 

ငယ့် အသံက ကျွန်တော့် အတွက် ဂီတ

ငယ့် အသံက ကျွန်တော့် အတွက် ကဗျာ

ငယ့် အသံက မိုနာလီဇာ 

ငယ့် အသံက ပပ၀တီ 

ငယ့် အသံက မာလင်မွန်ရိုး 

ငယ့် အသံက ကလီယိုပက်ထရာ 

ငယ့် အသံက စုဘုရားလတ် 

အဲ့ဒီ .. ငယ့် အသံလေးက ကျွန်တော့်အတွက် ပါတော်မူခန်း ပေါ့။ 



ချစ်သော ငယ် ... 

ကျွန်တော်ရေးတဲ့ ဒိုင်ယာရီစာအုပ်မှာ 

ကုန်စျေးနှုန်း အကြောင်းတွေပါတယ် 

နိုင်ငံရေး အကြောင်းတွေပါတယ် 

စျေးထဲက ရန်ဖြစ်နေတဲ့ စျေးသည်တွေ အကြောင်းလည်း ပါတယ် 

ငယ့် ကို လွမ်းကြောင်းတွေ

ငယ့် ကို သတိရကြောင်းတွေ 

ငယ် မချစ်တဲ့အကြောင်းတွေ လည်း ပါလေရဲ့။ 

ငယ် ရေးတဲ့ ဒိုင်ယာရီစာအုပ်မှာ 

ကျွန်တော့်ကို ချစ်တဲ့အကြောင်းတွေ ပါကောင်းရဲ့မလား  ။ 


တစ်ချိန်ကကျွန်တော် 


Friday, December 27, 2024

** ညီမလေး ရဲရင့်နှင်းဆီ **




အပြုံးချိုချိုလေးက

မျက်လုံးထဲခေါက်တုံ့ခေါက်ပြန်လျှောက်သွား

ပထမအဆင့်က၊ စိတ်ဝင်စားတယ်။


ရင်းနှီးကျွမ်းဝင်ခြင်းက

ရင်ဘတ်ကို ဝင်, ဝင်တိုက်

ဒုတိယအဆင့်က၊ ကြိုက်တယ်။


မင်းရဲ့အကြောင်းပဲ

ခေါင်းထဲမှာဝဲလည်ဖြစ်တည်

တတိယအဆင့်က၊ ချစ်သည်ပေါ့။


ချစ်ရခြင်းဒီလှိုင်းများက

တရိပ်ရိပ် တလိပ်လိပ်ထပ်တိုး

နောက်ဆုံး

မြတ်နိုးတယ်ကွယ်။


(သူရဿဝါ)


ညီမလေး ရဲရင့်နှင်းဆီ လို့ ခေါင်းစဉ်တပ်ထားသလို .. ကျွန်တော် နှင့် ချစ်သော ရဲရင့်နှင်းဆီ ၏ ဇာတ်လမ်းလေးသည် အဆုံးသတ်က မောင်နှမတွေ ဖြစ်သွားကြလေသတည်းလို့ ပဲပြောရမလိုပင်။ ကိုသူရဿဝါ ကဗျာလေးလိုပဲ တစ်သက်လုံး ခင်မင်ပက်သက်ဖို့ ပထမအဆင့် သူမ အချစ်ကို ရဖို့ .. နောက်တစ်ဆင့်က လက်ထပ်ပြီး တစ်သက်လုံးပေါင်းသင်းနိုင်ဖို့ပဲလေ။ သို့ပေမယ့် မောင်နှမဆိုသည်က အဆင့်တွေ အများကြီးမလိုဘူး မဟုတ်လား။ ဒါကြောင့် နှလုံးသားက နာကြင်ခံစားနေရပေမယ့် မောင် နဲ့ နှမ လိုဆက်ဆံရေးသည်သာ အကောင်းဆုံးပဲလို့ နှစ်ယောက်လုံး ယူဆ လက်ခံလိုက်ကြပြီပဲလေ။ ကျွန်တော် အနေဖြင့်လည်း ရဲရင့်နှင်းဆီအား ဘေးကျပ်နံကျပ် အခြေအနေသို့လည်း မရောက်စေချင်ပါ။ 


မင်းဘာကြောင့် ငါး ကို မစားတယ် 

ဪ ... သံယောဇဉ်ဟာ ဆန်းကြယ် ။     ။  (နေမျိုး) 


ကျွန်တော်ရဲ့ ညီမလေး ရဲရင့်နှင်းဆီသည် ငါး ကိုလုံး၀ မကြိုက်သော ကြောင်မလေး တစ်ကောင်သာဖြစ်တယ်။ ဒါကြောင့်ပင် ကျွန်တော်က .. သူမ လုံး၀ နမ်းမရှုံ့  မထိသော စားမကြည့်သည့် ငါး တစ်ကောင်ပင်ဖြစ်လို့ နေ၏။ ငါး မကြိုက်သော ကြောင်သည် ဆန်းကျယ်သော သမိုင်းဖြစ်လာမည်ဖြစ်ပြီး ၊ ကျွန်တော်သည် ကြောင် အစားခံချင်သည့် ငါးမိုက် တစ်ကောင်အဖြစ် မှတ်တမ်းဝင်မည်။ ဒါကြောင့် ကျွန်တော်လို ငါးတစ်ကောင်အတွက် ပြောင်လက်နေသော ကြောင်မလေး၏ သွားစွယ်လေးသည် ချစ်ခြင်းဖြစ်၏။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ ကြောင် နှင့် ငါး သည် မောင်နှမ တွေသာ ဖြစ်သွားကြတော့သည်။ 



ဘာအကြောင်းမှ မရှိဘဲနဲ့ 

မင်း နဲ့ ငါ ခင်ခဲ့ကြတယ်။ 


ဘာအကြောင်းမှ မရှိဘဲနဲ့ 

မင်း နဲ့ ငါ သံယောဇဉ်ဖြစ်ခဲ့ကြတယ်။ 


ဘာအကြောင်းမှ မရှိဘဲနဲ့ 

မင်း နဲ့ ငါ သူစိမ်းဆန်ခဲ့ကြတယ်။ 


ဘာအကြောင်းမှ မရှိဘဲနဲ့ 

ဒီကဗျာကို ရေးဖြစ်ပါတယ်။ 


ဪ ... 

တကယ်တော့လည်း 

ဘာအကြောင်းမှ မရှိပါဘူး သူငယ်ချင်းရယ် .. ။  (တာရာမင်းဝေ) 


တာရာမင်းဝေ ကဗျာလေးကို ဖတ်ပြီး တိုက်ဆိုင်စွာ ရင်နှင့်ခံစားလိုက်ရပါတယ်။ တကယ်တော့လည်း သေချာစဉ်းစားမိရင် ဘာအကြောင်းရယ်မှ မရှိပါဘူး ညီမလေး ရဲရင့်နှင်းဆီ။ ငါ တို့ ဘာအကြောင်းပြချက်တွေနဲ့များ တွေ့ဆုံခဲ့ကြတာလည်း ။ ဘာအကြောင်းပြချက်တွေနဲ့များ အကိုက ရဲရင့်နှင်းဆီကို ချစ်မိသွားခဲ့တာလည်း။ ဘာအကြောင်းပြချက်နဲ့များ ရဲရင့်နှင်းဆီက ငြင်းရက်တာလည်း။ ချစ်ခြင်းနှင့် မချစ်ခြင်းမှာ ဘာအကြောင်းပြချက်မှ တကယ်ကို မရှိခဲ့ပါဘူး။ ဘာအကြောင်းပြချက်မှ မရှိ အဲ့ဒီ မျက်မှန်ကိုင်းအောက်က မျက်ဝန်းညိုညိုလေးတွေကို ချစ်မိခဲ့တာ။ ဘာအကြောင်းပြချက်မှ မရှိ ညီမလေးရဲ့ ရယ်သံလွင်လွင်လေးကို ချစ်သွားခဲ့တာ။ ဘာအကြောင်းပြချက်မှ မရှိ ညီမလေး မှာ ချစ်သူရှိနေတာ ။ ဘာအကြောင်းပြချက်မ မရှိ ကျွန်တော် ပဲ အသည်းကွဲ ခဲ့ရတာ။ ဘာအကြောင်းပြချက်မှ မရှိ ညီမလေး တစ်ယောက် ရရှိ သွားခဲ့ခြင်းပေါ့။ ဘာအကြောင်းပြချက်မှ မရှိ ကျွန်တော် ငိုနေရဦးမှာပေါ့။ 


မချစ်ဘူးလို့ .. နှုတ်ခမ်းလှလှလေးကဘဲ 

ပြောရက်တယ် ။ 


မလွမ်းဘူးလို့ .. နှုတ်ခမ်းလှလှလေးကဘဲ

ဆိုရက်တယ်။ 


သဘောမကျဘူးလို့ .. နှုတ်ခမ်းလှလှလေးကဘဲ 

ပြောဆိုတယ်။ 


နှုတ်ခမ်းလှလှလေးကဘဲ .. နှုတ်ခမ်းလှလှလေးကို 

နမ်း ရက်တယ်။ 


ဒါအခွင့်အရေးပေါ့ ... 

လက်ဖဝါး နုနုလေး တွေ .. တစ်ယောက်ကိုတစ်ယောက် 

တင်းတင်းကျပ်ကျပ်ဆွဲထားကြရင်း ချစ်မိုးတွေ ရွာကျဲလိုက်တယ်

သူတို့တွေ ဘာမှ မပြောဆိုကြပဲ .. ချစ်နေပေါ့လေ။ 


(ကျွန်တော်) 


ကျွန်တော် ချစ်သော ငယ် (သို့) ကျွန်တော် ချစ်သော ညီမလေးရဲရင့်နှင်းဆီက ဘယ်တော့မှ ကျွန်တော့်ကို ချစ်တယ်လို့ မပြောပါဘူး။  တစ်ခါတစ်လေ ကျွန်တော် အလုပ်မအားလို့ တစ်နေကုန် ပျောက်နေလို့ ငယ် သတိများရနေမလားလို့ မေးကြည့်တဲ့အခါ 'သတိမရဘူး'လို့ပြန်ပြောတတ်တဲ့ ရဲရင့်နှင်းဆီပါ။ နည်းနည်းလေးတောင် မချစ်ဘူးလားလို့ မေးပြန်ရင်လည်း .. တစိလေးမှတောင် မချစ်ဘူးလို့လည်း ပြန်ဖြေတတ်သေးတယ်။ 


ငယ် ရဲ့ နှူတ်ခမ်းလှလှလေးက ညာတယ်၊ အပြုံးလေးတွေက ညာတယ်၊ မျက်ဝန်းတွေက ညာတယ်၊ သွားစွယ်လေးတွေလည်း ညာတတ်သေးတယ် လို့ ကျွန်တော်ပြောတဲ့အခါ မျက်လုံးကိုတည့်တည့်ကြည့်ပြီး 'လုံး၀မညာဘူး' လို့ဖြေတတ်သေးတယ်။ သို့ပေမယ့် သူ့လက်ဖဝါး နုနုလေးကို ကိုင်ထားတဲ့ ကျွန်တော့်လက်တွေကိုတော့ လက်ချောင်းရှည်ရှည် ငယ်ရဲ့ လက်ဖဝါးနုနုလေးကတော့ မငြင်းခဲ့ပါ။ ဘယ်ငြင်းတတ်မလည်းလေ .. လက်ဖဝါးတွေက စကားမှ မပြောတတ်ကြတာပဲကိုး။ ကျွန်တော် နဲ့ ငယ် .. ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ က မောင်နှမတွေပဲ မဟုတ်ပေဘူးလား ။ 


ချစ်သူလက်ကလေးကို ကိုင်ပြီး

ချစ်သူဖက်က ရင်ဆိုင်ချင်တယ် .. ။ 


ချစ်သူအင်အားများစွာနဲ့

ချစ်သူသားတော်ဘ၀မှာ ပျော်ပါတယ် ... ။ (တာရာမင်းဝေ) 



တစ်ချိန်ကကျွန်တော်


Monday, December 23, 2024

** အပိုင်း(၁) ဇာတ်သိမ်းပိုင်း **




တစ်ပါးသူအပေါ် ယုံကြည်မှု လွန်ကဲစွာ ယုံကြည်မိလျှင် သင် သစ္စာဖောက်ခံရလိမ့်မယ်။ လွန်ကဲစွာချစ်မိရင်လည်း ဆုံးရှုံးသွားရလိမ့်မယ်။ လွန်ကဲစွာတွေးခြင်းကလည်း စိတ်ဓါတ်ကျစရာသာဖြစ်လိမ့်မယ်။ လူတစ်ယောက်အပေါ် မျှော်လင့်ချက် လွန်ကဲစွာထားမိရင်လည်း တစ်ချိန်မှာ စိတ်ပျက်စရာတွေနဲ့သာ ကြုံလိမ့်မယ်။ ဒါကြောင့် ဘယ်အရာမဆို လွန်ကဲစွာ မစွဲလန်းမိဖို့လိုတယ်လေ။ ကျွန်တော် ရဲရင့်နှင်းဆီ အပေါ် လွန်ကဲစွာချစ်မိသွားခြင်းကို သတိထားမိပြီးသွားသည့်နောက် သူမ၏ အနာဂတ်အိမ်မက်ဖန်တီးမည့် အစီအစဉ်ကို နားထောင်ရင်း ကျွန်တော်၏ နှလုံးသားတွေ ဖန်ကွဲစကျကွဲသလိုပဲ အစိတ်စိတ်အမွှာမွှာ ကြေကွဲခဲ့ရပြီ။ ဇာတ်လမ်းက အပိုင်း (၁) ဇာတ်သိမ်းပိုင်း ဆိုသည့် စကားမျိုးလိုပါပဲ။ ဇာတ်လမ်း အစမှာတင် အားလုံး သေဆုံးသွားပြီး ၊ ပြီးပါပြီ ဆိုသည့် စာတန်း ထိုးလိုက်သလိုမျိုးပင်။ 



ရဲရင့်နှင်းဆီကို အိမ်ထောင်ပြုမယ်ဆိုလျှင် သတ်မှတ်ထားတဲ့ အသက်အကန့်အသက်ရှိလားလို့ ကျွန်တော် မေးဖူးတယ်။ အများဆုံး (၁ရ) နှစ်လောက်အထိ လက်ခံပါတယ်တဲ့။ ကျွန်တော် နှင့် ရဲရင့်နှင်းဆီက (၁၅) နှစ်လောက်ပဲကွာတာလေ။ ဒါဆို ဘောင်ဝင်သေးတာပေါ့လို့ ကျွန်တော်မေးတော့ ။ ရဲရင့်နှင်းဆီက သွားတက်လေးပေါ်အောင် ရယ်ပြန်တယ်။ ဒါဆို မချစ်ဘူးလားလို့ ကျွန်တော် မေးတဲ့အခါ။ မဆိုင်းမတွပဲ မချစ်ပါဘူးလို့ တန်းဖြေတာပါပဲ။ မော်ဒယ်ဇေယျ သူ့ကောင်မလေး နဲ့ အသက် (၂၂) ကွာကြောင်း ကျွန်တော် ပြောပြတဲ့အခါ။ ဟိုက အသက်ကြီးပေမယ့် နုနုလေးရယ်တဲ့။ ကျွန်တော့်ကို ဝမ်းသာလိုက် ဝမ်းနည်းလည်း အမြဲဖြစ်အောင် လုပ်နိုင်သူက ရဲရင့်နှင်းဆီပါ။ ဒါကြောင့်ပဲ ကျွန်တော် ပိုပို ချစ်လာတာပဲ ဖြစ်မှာပေါ့။ ချစ်ခြင်းမှာ အသက်ကွာခြားချက်ဆိုတာ မရှိပါဘူး။ နှလုံးသား နှစ်ခု ပေါင်းစည်းပြီး ၊ ရင်ခုန်သံစည်းချက် တစ်ထပ်တည်းကျသွားဖို့ပဲလိုတာပါလေ။ 



ထိန်းချူပ်မှုအောက်မှာရှိတဲ့ RS ပုံစံမျိုးကို သဘောကျလားလို့ ကျွန်တော် ရဲရင့်နှင်းဆီကို မေးဖူးပါတယ်။ ပြီးတော့ ရဲရင့်နှင်းဆီ နဲ့ လူကြီးတို့ရဲ့ RS သွားတဲ့ ပုံစံမျိုးကကော ဘယ်လိုလည်းလို့ ထပ်ဆောင်းမေးကြည့်လိုက်ပါသေးသည်။ 'ကျွန်မက ကွန်ထရိုး လုပ်ခံရတဲ့ ပုံစံမျိုးကို မကြိုက်ဘူး .. ရှေ့ကဦးဆောင်ပေးမယ့်သူမျိုးကိုတော့ သဘောကျတယ်'ဆက်ပြီးတော့ ရဲရင့်နှင်းဆီက 'လူကြီးက သူ့ကို မထိန်းချူပ်ပါဘူး .. တော်တော်တော့ ဂရုစိုက်တယ် .. ပြီးတော့ ကောင်းကောင်း Handle လုပ်ပေးနိုင်တယ်လေ' လို့ ပြောတော့ ကျွန်တော် ပြုံးမိပါတယ်။ မသိသာသလိုနဲ့ သေချာစဉ်းစားကြည့်ရင် လွန်စွာကွဲပြားတဲ့ RS Types နှစ်မျိုးပင်။ အလွယ်ကူဆုံးပြောရရင် Handle RS က positive ဆန်ပြီး၊ Controlling RS က Negative ဆန်တယ်လို့ ပြောလို့ရတယ်မဟုတ်လား။ Handle RS သည် တစ်ယောက်ကိုတစ်ယောက် ထိန်းထိန်းသိမ်းသိမ်း စောင့်ရှောက်ပေးသည့် အခွင့်အာဏာမျိုးရှိတယ်။ ပြဿနာတစ်စုံ တစ်ခုပေါ်လာခဲ့လျှင် ပွင့်ပွင့်လင်းလင်းနဲ့ တလေးတစား တူတူဖြေရှင်းကြတယ်။ စိတ်ခံစားမှုအပိုင်းမှာလည်း ကောင်းမွန်တဲ့ ခံစားမှုမျိုးကို ခံစားစေပြီး တစ်ယောက်ကိုတစ်ယောက် အားဖြစ်စေတယ်။ လွတ်လပ်မှုကို အားပေးတယ်။ ဘောင်တွေစည်းတွေကိုလည်း နားလည် လေးစားတယ်လေ။ Controlling RS ကတော့ Handle RS နဲ့ လုံး၀ ပြောင်းပြန်လို့ပဲ သတ်မှတ်လို့ရသည်လေ။ ကျွန်တော်အတွက်ကတော့ သူမရဲ့ ပျော်ရွင်မှုကို ပြုံးပြုံးကြီးထိုင်ကြည့်နေရင်း ကြေကွဲနေတဲ့ နှလုံးသားရဲ့ နှာကျင်မှုကို တိတ်ဆိတ်စွာ ခံစားနေရသည်ပေါ့။ ကျွန်တော်ရဲ့ကမ္ဘာမှာ တစ်ဘက်သက် ချစ်ရခြင်းဆိုတာ အဆုံးမဲ့ နာကျင်မှုကို ခံစားနေရခြင်းနဲ့ ထပ်တူပဲ မဟုတ်လား။ သို့ပေမယ့်လည်း ကျွန်တော့်အတွက် ရဲရင့်နှင်းဆီက Vitamin Me ပါ။ 



ရဲရင့်နှင်းဆီ ဘာကိစ္စပဲလုပ်လုပ် ကိစ္စတစ်ခုကို အောင်မြင်အောင်လုပ်နိုင်တဲ့အခါ 'who i am' လို့ မေးတတ်တယ်။ ကျွန်တော်က 'အဖိုးကြီးရဲ့ ရဲရင့်နှင်းဆီ'လို့ဖြေတဲ့အခါ 'ဟုတ်လည်းမဟုတ်ပဲနဲ့'တဲ့ ။ ထပ်ပြီး 'အဖိုးကြီးနဲ့ လူကြီးရဲ့ ရဲရင့်နှင်းဆီ' လို့ပြောတဲ့အခါ'အဖိုးကြီးကမပါပဲနဲ့' လို့ဖြေတယ်။ ဒါဆို 'လူကြီးရဲ့ ရဲရင့်နှင်းဆီ' လို့ပြောတော့ 'ဒါပေါ့ .. ဒါပေါ့' လို့ပြုံးရယ်ပြီး ဖြေတယ်။ ဟုတ်ပါတယ်လေ .. ကျွန်တော်က ဒုတိယလူဖြစ်ခဲ့ရင်တောင် ဗီဇာ မရတဲ့ ဒုတိယလူပါပဲလေ။ ဒါကြောင့်ပဲ .. 'who i am' လို့မေးတိုင်း ကျွန်တော်က ရင်နာစွာဖြင့်ပင် 'လူကြီးရဲ့ ရဲရင့်နှင်းဆီ' ပါလို့ပဲ ဖြေတတ်သွားတော့တယ်။ ကျွန်တော် တိတ်ဆိတ်စွာပဲ ချစ်ပါ့မယ်၊ အရိပ်ထဲမှာပဲ ပုန်းနေပါ့မယ် ရဲရင့်နှင်းဆီ ရဲ့ နှလုံးသားမှာ နေရာတစ်နေရာ လွတ်တဲ့အချိန်အထိပေါ့။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်က သူမရဲ့ဘ၀မှာ  စာမျက်နှာ တစ်ရွက်စာပဲ ကျန်ရှိမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲဆိုတာ ကြိုသိလို့နေတယ်လေ။ အဲ့ဒီဇတ်လမ်းက မဖတ်ပဲ မေ့ပြစ်လိုက်တဲ့ ပုံပြင်လေးတစ်ပုဒ်အဖြစ်ပေါ့။



ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ၏ အကြောင်းက ဘာမှ မစရသေးခင် ဇာတ်သိမ်းသွားသလိုပဲ ဖြစ်ခဲ့သည်ပေါ့။ ရဲရင့်နှင်းဆီ၏ အနာဂတ်က အမေရိကမှာ အခြေချဖို့ပဲလေ။ ကျွန်တော်က ကမ္ဘာသာပတ်ချင်တာ ဘယ်နိုင်ငံမှာမှ ခြေချနေထိုင်ဖို့ မစဉ်းစားပါဘူး။ မြန်မာပြည်မှာ နေထိုင်ပြီး လောဘမကြီးပဲ ဘ၀ကို စိတ်အေးချမ်းသာစွာပဲနေထိုင်ချင်တဲ့ ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်တယ်လေ။ ရဲရင့်နှင်းဆီက သူ့ရည်မှန်းချက်ကို မဆုတ်မနှစ် အကောင်အထည်ဖော်မယ့်သူ တစ်ယောက်ဖြစ်ပြီး နှလုံးသားထက် ဦးနှောက်ကြီးသူ တစ်ယောက်မို့ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိသူပါ။ နောက်ပြီး ရဲရင့်နှင်းဆီရဲ့လူကြီး ကလည်း အမေရိကားမှာပဲ အခြေချနေသူမို့ ဇာတ်လမ်းက အပိုင်း (၁) ဇာတ်သိမ်းပိုင်းလို့ပဲ သတ်မှတ်ရတော့မည်လေ။ ကျွန်တော် ရဲရင့်နှင်းဆီကို မတူတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ပါတယ်။ ကျွန်တော် ချစ်တယ်ပြောတိုင်း မချစ်ဘူး ပြောတဲ့ ရဲရင့်နှင်းဆီ သည် ကျွန်တော် ငိုကြွေး ကြေကွဲတဲ့အခါ သူလည်း ပဲ ငိုမိမှာသေချာတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်တော် ကျေနပ်ပါတယ်။ ဘာမဆို ဆုံးဖြတ်ချက်ချပြီးရင် သေချာစွာ လုပ်တတ်သည့် ရဲရင့်နှင်းဆီက နှလုံးသားနုနယ်ကြောင်းကိုလည်း ကျွန်တော် သိရှိခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော် သူမ အနားမှာ မရှိနိုင်တော့တဲ့တစ်နေ့မှာ ရဲရင့်နှင်းဆီ ရဲ့ ပွင့်ဖတ်တစ်လွှာ ကြွေကျသွားသလို စူးစူးနစ်နစ် ခံစားမိမယ်ဆိုတာ ယုံကြည်ပါတယ်။ 


ကျွန်တော် သူမ နဲ့ အတူ ရှင်သန်ချင်ပါတယ် .. ။ ကျွန်တော် ချစ်တယ် ရဲရင့်နှင်းဆီရယ် ။ 



တစ်ချိန်ကကျွန်တော် 


Friday, December 20, 2024

** တစ်ကိုယ်ရည် မုန်းခြင်း **


 


ပိုင်ဆိုင်မှုဆိုတာ သေသွားရင် ဘာမှ မရှိတော့ပါဘူး ။ ဒါကြောင့် မမြဲခြင်း နိယာမ သဘောတရားတွေကိုလည်း သေချာနားလည်ပါတယ်။ တစ်ခါတစ်ရံ မျက်လုံးဖွင့်ပြီး အိပ်နေရသလို ။ မျက်နှာကြက်ကို ကြည့်ရင်း အတွေးတွေက ဗလာနထ္တိ။ ရုပ်၀တ္တုတရားတွေကလည်း ဗလာနထ္တိ၊ စောင့်မျှော်နေရတဲ့ ချစ်ခြင်းတရားတွေကလည်း နထ္တိလေ။ ကျွန်တော့်ကို ဗေဒင်ဆရာတစ်ယောက်က ပြောဖူးတယ်။ ခင်ဗျာက တစ်သက်လုံးအထီးကျန်ပြီး နေရမယ့် ဇာတာတဲ့ ။ အိမ်ထောင်ကျရင်တောင် ခွဲနေရမှ မြဲမယ့် ဇာတာတဲ့။ သိပ်မယုံကြည်ပေမယ့် တစ်ချို့ရလိုက်တဲ့ အသိတရားတွေက တော့ အနာဂတ်မှာ သူပြောသလိုမျိုး ဦးတည်ချက်ကို သွားနေသလိုမျိုး။ တစ်ခါတစ်လေ အဖော်မဲ့ သလိုခံစားရတယ်၊ တစ်ခါတရံ မဖြစ်နိုင်တဲ့ ချစ်ခြင်းတွေကို မျှော်နေမိတယ်၊ တစ်ခါတစ်လေ ရှင်သန်နေရခြင်းကို ဂျီကျနေတတ်တဲ့ ကလေးလေး တစ်ယောက်လိုပါပဲ။ အချစ်ခံရခြင်းနဲ့ မထိုက်တန်ဘူးလို့ တစ်ခါတစ်လေ တွေးမိတဲ့အခါ ကျွန်တော် ချစ်ပေးတတ်တဲ့ ကိုယ့်စိတ်တွေကို သဝန် တိုရပြန်တယ်။ စွန့်ပစ်ခံရခြင်း၊ အနစ်နာခံရခြင်း တွေနဲ့ ကျင့်သားရနေပေမယ့်  ကျွန်တော့်လက်ကို ဘာပဲဖြစ်ဖြစ် လိုလိုချင်ချင် ဆုပ်ကိုင်ထားမယ့် လက်တစ်စုံကိုတော့ တွေ့ချင်၊ ဆုံချင် ပါသေးတယ်။ ရိုစ် က ဂျက်ကို လက်မလွှတ်ခဲ့သလိုမျိုးတော့ မဟုတ်ဘူးပေါ့လေ။ လူဖြစ်ရတာ တန်တယ်လို့ ကိုယ့်ဘာကို သတ်မှတ်ထားခဲ့ပေမယ့် တကယ်ပြန်စဉ်းစားကြည့်ရင် အချစ်ခံရခြင်းဆိုတဲ့ ကွက်လပ်တစ်ခုမှာတော့ အဖြေက မရှိသေးပါဘူး။ ကျွန်တော် လူဖြစ်ရတာ တန်ချင်ပါတယ်ဗျာ။


တစ်ဘက်သက် ချစ်ရခြင်း ဒုက္ခက ငရဲကျသလို အင်မတန်မှ ကြီးလေးမှန်း ကျွန်တော် သိလိုက်ရပါပြီ။ ချစ်ခြင်းတွေ၊ အလွမ်းတွေ သိမ်ငယ်စိတ်တွေ တစ်ပြိုင်တည်းရတဲ့ ရသ ကိုပြောပါဆိုလျှင် တစ်ဘက်သက် ချစ်ခြင်း လို့ပဲ ပြောချင်ပါတယ်။ အကို့ကို တစ်သက်လုံး သဘောမကျဘူး ၊ ချစ်လည်းချစ်မှာ မဟုတ်ဘူးဆိုတဲ့ စကားလုံးတွေကြားတိုင်းရင်နာရပါတယ်။ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ရင်ကွဲနာကြရတဲ့ စကားလုံးတွေကို တင်းခံရင်း ရှင်သန်နေရခြင်းကလည်း တစ်ဘက်သက် ချစ်ခြင်းရဲ့ ငရဲပေါ့ဗျာ။ ကျွန်တော် ရဲရင့်နှင်းဆီကို ကျွန်တော် ဘာဆိုတာ မေ့သွားတဲ့အထိ ချစ်မိပါတယ်။ ချစ်ခြင်းမှာ သိမ်ငယ် မှုတွေ ရှိခဲ့ရင်၊ ချစ်ခြင်းမှာ အသွားပဲရှိပြီး အပြန်ဆိုတာ လုံး၀မရှိဘူးလို့ သိနေခြင်းက  နေပူပူမှာ မိုးရွာပြီး ၊ အဲ့မိုးရွာထဲ လမ်းလျှောက်ထွက်နေရသလိုပါပဲ။ တစ်ခါတစ်ရံ မိုးများချိန်းလို့ လျှပ်စီးလျှပ် မိုးကြိုးတွေ ပစ်ချလည်း ခံရသေးတာပေါ့။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသည့် စကားပုံလို့ပေါ့။ ကျွန်တော်က မိုးကြိုးပါ ပစ်ချ ခံရခြင်းပါ။ 


အောင်မြင်အောင်သာ မြန်မြန်ထပ်ကြိုးစားစမ်းပါကွာ၊ မင်း အောင်မြင်တဲ့အခါ မင်းကြိုက်တဲ့ အမျိုးသမီး ခေါင်းခေါက်ရွေးချယ်လို့ရတဲ့ ခေတ်ပါကွာ လို့ ကျွန်တော့် သူငယ်ချင်းတွေက ပြောကြပါတယ်။ သူတို့ ပြောတဲ့ စကားက ဂရုဏာသပ်စွာနဲ့ ကျွန်တော့် အတွက်ပြောဆိုခြင်းမို့  ကျေးဇူးတင်ကြောင်းပဲ တုန့်ပြန်လိုက်ပါတယ်။ ကျွန်တော်က လူ့တာဝန်ကို ပုံမှန် တာဝန်ကျေကျေပဲ ထမ်းဆောင်ချင်ရင် ဦးနှောက်နဲ့‌ ရွေးချယ်ခြင်းတွေကိုပဲ ပြုလုပ်မိမှာပါ။ လူ့ဘ၀ တိုတိုလေးမှာ စက်ရုပ်တစ်ရုပ်လို မဖြတ်သန်းပဲ ခံစားချက် အစစ်အမှန်နဲ့သာ ရှင်သန်လိုခြင်းက ကျွန်တော်၏ ဆန္ဒပါ။ ချစ်ခြင်း မေတ္တာတွေ အပေါ်မှာ ကျွန်တော့်ရဲ့ ရွေးချယ်ခြင်းတွေက လုံး၀ အဖြူသက်သက်ပါ။ တစ်ဘက်လူ ဘာကောင်ကြီးပဲဖြစ်ဖြစ် ကျွန်တော့် နှလုံးသားက ချစ်ရင် လက်ခံရင် ဘ၀တစ်လျှောက် ထိုသူတစ်ယောက်အတွက်နဲ့ပဲ ဆိုးဆိုးကောင်းကောင်း လက်တွဲချင်တာပါ။  


'မုန်းတယ် 

  မုန်းတယ် 

  မုန်းတယ် 

  တိုးတိုးလေး အော်မိတယ် ။ 


  ကြားသွားရင် 

  ... တကယ်မှတ်နေဦးမယ်။' (တာရာမင်းဝေ) 


ဆရာတာရာမင်းဝေ ကဗျာလေးလိုပဲ မုန်းတယ် လို့ အကြိမ်ကြိမ်အခါခါ အော်လိုက်ချင်ပါတယ် ။ သို့ပေမယ့် တကယ်တမ်းတော့ ဘယ်လိုမှ မုန်းလို့မှ မရပဲလေ။ ကျွန်တော် လွမ်းကြောင်း ပြောမိတဲ့အခါဆို တွေ့ထားတာတောင် မကြာသေးဘူးလို့ အမြဲ ပြောတတ်တဲ့ ရဲရင့်နှင်းဆီပါ။ မကြာသေးပေမယ် .. အတော်ကြာနေသလိုပါပဲ။ မချစ်ပဲနေကြည့်မလို့ပဲ .. ဒါပေမယ့် ပိုပိုချစ်လာတာပဲ အဖတ်တင်တယ်။ စကားမပြောပဲ နေကြည့်မလို့ပဲ .. အသံလေးတွေကြားချင်၊ ရယ်သံလေး‌တွေ နားထောင်ချင်တဲ့စိတ်က လူကို သေသွားစေနိုင်တယ်။ စားမဝင် အိပ်မပျော် အခြေအနေတော့ ဖြစ်မလာနိုင်ပေမယ့် .. မြင်ချင် ကြားချင် ချစ်ချင်စိတ်က လူကို ပိုပြီးနုပျိုစေတယ်လေ ။ သိ လား .. ဒါတွေ သိရဲ့လား ။ ရဲရင့်နှင်းဆီ ဒါတွေ မသိပါဘူးကွာလို့ ကျွန်တော် ပြောတဲ့အခါ။ 'အပြောကောင်းသားပဲ' ဆိုတဲ့ စကားလေးနဲ့ပဲ ကျွန်တော့်ရဲ့ ချစ်ခြင်းတွေ သိမ်ငယ် ခဲ့ရပါတယ်။ ကျွန်တော် ရဲရင့်နှင်းဆိကို မုန်းတယ်။ သို့ပေမယ့် မုန်းမုန်းပြီး ချစ်နေရခြင်းပါ။ 



တစ်ချိန်ကကျွန်တော်





Wednesday, December 18, 2024

** မချစ်တဲ့အကြောင်း **






လူတွေက ချစ်တဲ့အကြောင်းတွေသာ စီကာပတ်ကုန်း ပြောနေကြတာ ။ မချစ်တဲ့အကြောင်းတွေတော့ စီကာပတ်ကုန်း မပြောကြဘူးလို့ ကျွန်တော် တွေးမိပါတယ်။  ရဲရင့်နှင်းဆီကို အင်မတန်မှ ချစ်မိသွားခဲ့ပါပြီ။ သူမ ကို တစ်ခါမျှ 'ချစ်လား'  လို့ ကျွန်တော် မမေးခဲ့ပါ။ အလိုက်သိစွာဖြင့်ပင် ကျွန်တော် 'ချစ်တယ်' ပြောတိုင်း 'မချစ်ဘူး' လို့ တုန့်ပြန်တတ်သူဟာ ရဲရင့်နှင်းဆီပါ။ ကျွန်တော် သဘောကျကြောင်း ပြောမိပြန်ရင်လည်း သဘောမကျဘူးလို့ ချက်ချင်းဖြေတတ်သူဟာ ရဲရင့်နှင်းဆီပါ။ ထူးထူးခြားခြား ကျွန်တော် အနားမှာရှိနေခြင်းကို ပျော်ရဲ့လား လို့မေးတဲ့အခါတိုင်း 'ပျော်တယ်' လို့တော့ ပြန်ဖြေတယ်။ ကိုယ့်ကို ချစ်ပါတယ် သဘောကျပါတယ်လို့ ပြောထားတဲ့လူတစ်ယောက် အနားမှာ ရှိနေခြင်းကို စိတ်အနှောက်အယှက်မဖြစ် ပျော်ခြင်းကို မည်သို့ ခေါင်းစဉ်တပ်ရမည်ကိုလည်း ကျွန်တော် မသိပါ။ ကျွန်တော် သိသည်က 'ရဲရင့်နှင်းဆီကို ထူးထူးကဲကဲ ချစ်တယ်' ။


တစ်ခါတစ်လေ ရဲရင့်နှင်းဆီက ဘာလို့ချစ်တာလည်းလို့ ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော့် အဖြေက ရိုးရှင်းပါတယ် ။ "Being Xia Xia" မို့ချစ်ပါတယ်လို့။ အကြောင်းပြချက်တွေ အများကြီးပေးခြင်းက ချစ်ခြင်းမှ မဟုတ်တာလေ။ ကျွန်တော့် အဖြေကို ကြားကြားခြင်း ရဲရင့်နှင်းဆီက သွားတက်လေးပေါ်အောင် ကွေးညွှတ်စွာပြုံးပါ၏။ ဒါဆို "ဘာလို့ သဘောကျရတာလည်း" တဲ့ သူမ ဆက်မေးတယ်။  သဘောကျရခြင်းတွေကတော့ အများကြီးပေါ့ ရဲရင့်နှင်းဆီရယ်။ ပထမဆုံး အသံပါဝါ ကောင်းကောင်းနဲ့ သိချင်းဆိုနေတဲ့ ဟန်ပန်လေးကို သဘောကျတယ် ။ ရှာ ရဲ့ အသံလေးကိုလည်း သဘောကျတယ်။ အကို့ ချစ်ရဆုံးသော ex နဲ့လည်းဆင်တယ်။ Ex နဲ့ တူလို့ ချစ်သွားတာမဟုတ်ဘူးနော်။ ရှာ ရဲ့ ရယ်သံလွင်လွင်လေးကိုလည်း သဘောကျတယ်။ ဖြတ်ထိုးညဏ်ကောင်းတာကိုလည်း သဘောကျတယ်။ အသက်အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်နေမှုကြီးကိုလည်း သဘောကျတယ်။ မေးခွန်းတိုင်းကို သေချာ တွေးပြီး စဉ်းစားပြီး ဖြေတာကိုလည်း သဘောကျတယ်။ သဝန် တိုတာလေးကိုလည်း သဘောကျတယ်။ စိတ်ကောက်တဲ့ ပုံစံလေးကိုလည်း သဘောကျတယ်။ လူလည်ကျတတ်တာလေးကိုလည်း သဘောကျတယ်။ မသိတာကို သိသလိုလိုနဲ့ လူလည်ကြ မေးခွန်းပြန်မေးတတ်ပြီး အဖြေရှာပုံလေးကိုလည်း သဘောကျတယ်။ ပြီးတော့ အကို့ကို သဘောမကျတာကိုလည်း သဘောကျတယ်။ အကို့ ချစ်တာကို ပြန်မချစ်တာကိုလည်း သဘောကျပါတယ်။ 


ကျွန်တော်၏ အဖြေကို သွားတက်လေးပေါ်အောင် ရယ်ပြီးတော့ 'တော်တယ် အဖိုးကြီး' တဲ့။ ကျွန်တော် သူ့ဆီမှာ သဘောမကျတဲ့အချက်ရယ်လို့တော့မရှိပါ။ တော်တော်ခေါင်းမာတာရယ် ရွဲ့တတ်တာလေးကိုတောင် ကြံဖန် သဘောကျပါတယ်။ အဲ့လောက်ထိတောင် ကျွန်တော် ချစ်မိသွားခဲ့တာပါ။ 


ကျွန်တော့်ကို ဘာလို့ မချစ်လည်း ၊ မချစ်တဲ့အကြောင်းအရင်းပြောပါဦးလို့ မေးတဲ့အခါအတိုင်း သူမ ဘာမှပြန်မဖြေပါ။  ရဲရင့်နှင်းဆီ၏ စိတ်ထဲကနေပဲ ကျွန်တော် တွေးပြီး ဖြေကြည့်ကြည့်ပါရစေ။ အသက်အရွယ် ကွာဟချက်ကြီးမားလို့လားလို့တွေးကြည့် ပါသေးတယ်။ ကျွန်တော့်ရဲ့ အတိတ်ဟောင်းတွေကြောင့်လားလို့လည်း ဖြေကြည့်ပါသေးတယ်။ ကျွန်တော့်ကို မယုံကြည်သေးတာလို့လည်း နှစ်သိမ့်နေကြည့်ပါတယ်။ ကျွန်တော်သူ့ကို ပလေးနေတယ်လို့ သူမ ခံစားနေရလို့လည်း မြင်ကြည့်ပါသေးတယ်။ မပြည့်စုံသေးလို့ ဆိုပြီးလည်း စဉ်းစားကြည့်ပါသေးတယ်။ သေချာသည်က သူမ ချစ်သော သူမ၏လူကြီး ဘေးမှာရှိနေခြင်းကလည်း ကြီးမားတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးတော့ မချစ်တာက မချစ်သေးလို့ပေါ့လို့ပဲ ဖြေသိမ့်လိုက်ပါတယ်။ 


"မချစ်ပေမယ့် .. ချစ်တယ် 

 သဘောမကျပေမယ့် .. သဘောကျတယ် 

 မကြိုက်ပေမယ့်လည်း .. ကြိုက်တယ် 

 အနမ်းတစ်ပွင့်တောင်းတဲ့အခါ 

 အနမ်းမချွေခဲ့ပေမယ့် .. ချွေခဲ့ပါတယ် 

 ဒါတွေက .. ရဲရင့်နှင်းဆီ တီးတိုးစိတ် ကမ္ဘာရဲ့ အဖြေ'  တွေလို့ ကျွန်တော် ပြောတဲ့အခါ။

 

"မှားသေးတယ် .. အဖိုးကြီး" တဲ့ ။


"မျက်ဝန်းတွေက လိမ်တတ်ရင် .. ရဲရင့်နှင်းဆီက ကမ္ဘာကြီးကိုတောင် သိမ်းနိုင်တယ် .. ဒါပေမယ့် ရှာရှာ က ကမ္ဘာကြီးကို သိမ်းနိုင်လောက်တဲ့အထိ တော် မနေဘူးနော်" လို့ ကျွန်တော် ပြောတော့ နှုတ်ခမ်းလေးစေ့ တိတ်ဆိတ်လို့သာနေတယ်လေ။ 


"လူတစ်ယောက်ကို ချစ်မိရင် .. လူတစ်ယောက်ကို စွန့်လွှတ်ရမယ်ဆိုတဲ့ အသိတရားက နာကြင်စေတော့ .. အရာရာဟာ ရေထိထားတဲ့ ပုံဝါးဝါး ပန်းချီကားတစ်ချပ်လိုပဲမလား" လို့ ကျွန်တော် ဆက်ပြောတဲ့အခါ ငိုင်သွားတဲ့ သူ့မျက်လုံးတွေ  နဲ့ အရောင်ပြောင်းသွားတဲ့ ပါးမို့မို့ နှစ်ဘက်လေးကိုတွေ့ပြီး ကျွန်တော် ဆက်မမေးခဲ့ပါ။ ရဲရင့်နှင်းဆီလည်း နှုတ်ဆိတ်လို့သာ နေတယ်လေ။ တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းလို့ သတ်မှတ်ရင် တိတ်ဆိတ်သွားတဲ့ ရဲရင့်နှင်းဆီကို ကျေးဇူးတင်တာပေါ့ဗျာ။ 


ရှာရှာ ၏ လူကြီးကို ယခု အခြေအနေတွေကို ပြောပြီးပြီးလားလို့ ကျွန်တော် မေးတဲ့အခါ။ "ပြောပီးပါပီ" တဲ့။ ဘာပြန်ပြောလည်း ဆက်မေးတဲ့အခါ သဝန်တိုတဲ့ အရိပ်အယောင်တော့ လူကြီးဆီမှာ တွေ့လိုက်ရတယ်တဲ့။ အကဲစမ်းတာနေမှာပါ ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူမ လက်ကို လွှတ်မှာ မဟုတ်ပါဘူးတဲ့လေ။ အချိန်တန်ရင် ကျွန်တော့်ဘက်က ရပ်သွားပါလိမ့်မယ်တဲ့။ ကျွန်တော် မှန်းဆ ထားခဲ့သလို အဖြေပါလေ။ ရဲရင့်နှင်းဆီက ကျွန်တော့်ကို ချစ်တယ်လို့မပြောပေမယ့် အနားမှာ တစ်သက်လုံးရှိနေပေးမှာကို သဘောကျ ကျေနပ်ပါတယ်လို့ ပြောတယ်။ ကျွန်တာ်ကလည်း ရဲရင့်နှင်းဆီနားမှာ အကိုတစ်ယောက်လို၊ ဦးလေးတစ်ယောက်လို၊ ဘော်ဒါ တစ်ယောက်လို၊ ချစ်သူ တစ်ယောက်လို အမြဲအသင့်ရှိပေးမယ့်သူပါ။ ချစ်သူ့ဘ၀ ကနေ အနာဂတ်ဘ၀ ခရီးကို တူတူဖြတ်သန်းခွင့်ရရင်တော့ ကျေနပ်စရာပေါ့။ ကျွန်တော် နှင့် ရှာရဲ့ ဘ၀ကို အေးချမ်းပြီး ပျော်ရွင်စရာတွေနဲ့ပဲ ပြည့်နှက် ဖန်တီးပေးချင်တာ။ လူ့ဘ၀က တိုတိုလေးပါ ။ ရည်မှန်းချက်နောက်လိုက်ရတာက လူ့သဘာ၀ ဆိုလျှင် ကျွန်တာ့်က လူဖြစ်တာ ဘယ်လို တန်အောင် နေထိုင်သွား၇မလည်းပဲ တွေးပီး ရှေ့ဆက်ချင်သူပါ။ ရဲရဲကြီးကတိပေးစတမ်းဆို ရှာရှာ ကျွန်တော်နဲ့ ညားရင် ပျော်ရွင်တဲ့ နှင်းဆီတစ်ပွင့် ဖြစ်မှာ သေချာပါတယ်။ 


မကြာခင် ရက်ပိုင်းအတွင်း သူမ ရက်အပိုင်းအခြားလောက် မြန်မာပြည် ပြန်လာမယ်လေ။ ကျွန်တော် နဲ့ တွေ့မယ်ဆိုတဲ့ ကတိစကားကြောင့် ကျွန်တော် ပျော်ရပါတယ် ။ 'ဘယ် နှစ်ရက်တွေ့ချင်သလဲ' လို့ ကျွန်တော့်ကိုမေးတယ်။ သိပ်ပြီးလောဘတော့ မကြီးပါဘူး။ တစ်ပတ်လောက်ပဲ ဆက်တိုက်တွေ့ရရင် ကျွန်တော် ကျေနပ်ပါတယ်လေ။ စိတ်ကူးထဲမှာတော့ ရဲရင့်နှင်းဆီ ရဲ့ မျက်ဝန်းညိုညိုလေးကို တ၀ကြီးကြည့်မယ်။ ကျွန်တော် စနောက် တဲ့အခါ နီမြန်းသွားမယ့် သူမရဲ့ နှာတံထိပ်လေးကို သတိထားကြည့်မယ်။ သူမ လက်သွယ်သွယ်လျလျလေးကို ကိုင်ကြည့်ချင်တယ်။


ကျွန်တော် စနောက် တဲ့အခါအတိုင်း အဖိုးကြီး ဗိုက်ခေါက်လိမ်ဆွဲခံရမယ်တဲ့။ ခြေထောက်နင်းခံရမယ်တဲ့။ အကိုက်ခံရမယ်တဲ့။ ၃ ခုထဲ ၁ ခု ရွေးရမယ်ဆို ကျွန်တော် အကိုက်ပဲခံချင်ပါတယ်လို့။ ၃ ခုလုံး လုပ်ချင်ရင်လည်း အဆင်ပြေပါတယ်လို့ ပြောတဲ့အခါ 'ရရစေမယ်'တဲ့။ အသည်းယားရင် ပါးနှစ်ဖက်ကို ကိုင်ပြီး နှဖူးလေး နမ်းမှာလို့ပြောတဲ့အခါ။ သွားတက်လေးပေါ်အောင် ပြုံးပြီး သူရှက်တယ်လေ။ ကျွန်တော် ရဲရင့်နှင်းဆီကို 'နမ်းဖူးသလား' လို့မေးတဲ့အခါ မျက်နှာတစ်ခုလုံးနီးမြန်းပြီး ရှက်သွေးဖြာနေပုံများ ကျွန်တော့်ရင်တွေကို ဗလောင်ဆူစေခဲ့တယ်။ သေချာသည်က ကျွန်တော် နှင့် ရဲရင့် နှင်းဆီ တွေ့တဲ့အခါ 'နမ်းမိမယ်' ထင်တယ်။ ဒါမှမဟုတ် ခဏလောက်ဖြစ်ဖြစ် ရဲရင့်နှင်းဆီ ခေါင်းလေးကို ပွတ်ပေးပြီး ကျွန်တော့်ရင်ခွင်ထဲ မှာ ခဏချော့သိပ်ထားချင်တယ်။


ဆောင်း အိမ်မက် ၊ ဆောင်း အတွေးတွေက ဖြစ်ခဲတယ်ဆိုပေမယ့် ။ ရန်ကုန်မှာက ဆောင်းစစ်စစ်မှ မရှိတာလေ။ ဒီတော့ ကျွန်တော့်အတွေး ၊ ကျွန်တော့်ဖြစ်ချင်စိတ်က ဆောင်းအိမ်မက်လို ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူးလေ။ 


"ကျွန်တော် ရဲရင့်နှင်းဆီကို တော်တော်ကို ချစ်မိနေပါပြီ"


တစ်ချိန်ကကျွန်တော်

 


Monday, December 16, 2024

**ဗီလိန် အဖြစ်ခံယူခြင်း **





ဗီလိန်ဆိုသည့် ဇာတ်ရုပ်က လူတိုင်းမုန်းကြသည် ရွံကြသည်မှာ မဆန်းပေ။ သို့ပေမယ့် ဗီလိန်သရုပ်၏ ကြေကွဲမှု ဒဏ်ရာတွေကိုတော့ မည်သူမျှ ကိုယ်ချင်းစာပေးနိုင်ကြမည်မဟုတ်ပါ။ လူကြမ်းတွေ မျက်ရည်ကျရင် အပြစ်ရှိတယ် ဆိုသလိုပေါ့။ ရွံစရာကောင်းတဲ့ သူတွေ အသည်းကွဲရင် ပိုပြီးအထီးကျန်ရပါတယ်။ ကျွန်တော် အသည်းကွဲသွားတဲ့အခါလည်း ထို လူကြမ်းတွေ  ဗီလိန်တွေကဲသို့ပေါ့ဗျာ။ ကျွန်တော်ကလည်း ဒီဇာတ်လမ်းမှာ ဗီလိန်တစ်ယောက်ပါပဲလေ။ ဒါကြောင့် ရွံစရာအကြည့်တွေ၊ ရွံစရာသုံးသပ်ချက်တွေနဲ့ အထီးကျန်ကြေကွဲရဦးမှာပေါ့။ ဗီလိန်တစ်ယောက်၏ သစ္စာနဲ့ ချစ်ခြင်းကို ဘယ်သူက ယုံကြည်မှာမို့လို့လည်း။ ရာမ က မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။ ဒဿ ကသာ မယ်သီတာကို ချစ်ခဲ့တာပါ။ သို့ပေမယ့် ရာမ က မင်းသားဖြစ်ခဲ့ပြီး ဒဿ က သမိုင်းတွင်သည့် ဗီလိန်တစ်ယောက်ပေါ့။ ထိုနည်းသူပေါ့ ကျွန်တော်၏ ရဲရင့်နှင်းဆီ နှင့်ပက်သက်သည့် ဇာတ်လမ်းမှာတော့ ကျွန်တော်သည် သမိုင်းတွင်မယ့် ဗီလိန်တစ်ယောက်သာ ဖြစ်လို့နေမှာပါ။ 


"အကို့ဘ၀မှာ ဖောက်ပြန်ခံရမှုကို ခဏခဏ ကြုံရတယ် .. ရှာ" ကျွန်တော်၏ အဆက်အစပ် မရှိသည့် စကားကြောင့် ရဲရင့်နှင်းဆီကြောင်သွားပါသည်။ 


"ဖောက်ပြန်ခံရတုန်းက .. ဘာကြောင့်ဒီလို ဖြစ်ရတာလည်းဆိုပြီး ဖောက်ပြန်တဲ့သူ နှစ်ယောက်လုံးကို ဒေါသထွက်တာတော့ အမှန်ပဲ .. အဓိကအားဖြင့် ပိုင်ရှင်ရှိရင် မရှောင်တဲ့ ယောကျ်ားလေးကို .. အရှက်မရှိတဲ့ကောင်တွေ . လို့ သတ်မှတ်ထားခဲ့တာ" ကျွန်‌တော်၏ စကားကို သူမ အာရုံစိုက်နားထောင်နေတုန်းပင်။


"အခု အကိုကိုယ်တိုင် အဲ့ဒီကောင်တွေ နေရာ ကို ရောက်နေပြီ .. ရှာ" ကျွန်တော် သက်ပြင်းလေး တစ်ချက်ချ ပြီးဆက်ပြော လိုက်ပါသည်။ 


"ဘ၀မှာ တစ်ခါလောက်တော့ .. ဗီလိန်လည်း လုပ်သင့်တယ်မလား .. ဒါပေမယ့် ခိုးကြောင်ခိုးဝှက်တော့ မလုပ်ပါဘူး .. " ကျွန်တော်၏ စကားကို ရဲရင့်နှင်းဆီ နားမလည်ဟန်ဖြင့် ကြည့်နေပြီး ဘာဆက်ပြောမလည်းလို့ သေချာ နားစိုက်ထောင်နေတုန်း။ 


"ရှာ .. အကို့ပေါ်ခံစားချက်ရှိတာလည်း အကိုသိတယ် . . ပြီးတော့ လက်ရှိ ချစ်သူပေါ်လည်း သစ္စာမဖောက်ချင်တာလည်းသိတယ် .. ဒါပေမယ့် ရပ်သင့်တဲ့အနေအထားတစ်ခုမှာ နှစ်ယောက်လုံး သိသိနဲ့ မရပ်ကြဘူးဆိုတာ အကို့ကို အခွင့်ရေး တစ်ခုပေးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား .. ရှာ .. ဒါကြောင့် လက်ရှိအခြေအနေ အကို့ရဲ့ ရှာ အပေါ်ထားတဲ့ စိတ် .. ရှာ ရဲ့  တွေးနေတဲ့အတွေးတွေ နဲ့ ခံစားမှုတွေအားလုံးကို ရှာ ရဲ့ ကောင်လေးကို ပြောပြလိုက်ပါ"


ကျွန်တော့်အနေဖြင့် တတိယလူ ဖြစ်လာပြီပဲ မဟုတ်လား .. ဗီလိန်တစ်ယောက်လို့ ခံယူပြီးတဲ့နောက် ခိုးကြောင်ခိုးဝှက် ဗီလိန်တစ်ယောက်တော့ မဖြစ်ချင်ဘူးလေ။ မလိမ်မညာပဲ အရှိတရားကို ဝန်ခံ ရင်ဆိုင်ခြင်းသည် ရဲရင့်နှင်းအဆီအတွက် ပိုပြီး စိတ်လွတ်လပ်မှု ရစေမှာပါ။ ကျွန်တော့်အနေဖြင့် လက်ရှိသူမ ချစ်သူအား ဖြတ်ပေးပါလို့လည်း မတောင်းဆိုနိုင်သလို၊ ကျွန်တော့်ကို ချစ်ပေးပါလို့လည်း အဖြေလည်း မတောင်းရက်ပေ။ စကားလုံး၏ အဓိပ္ပာယ်တွေပေါ် တာဝန်ယူမှု အပြည့်ရှိသည့် ရဲရင့်နှင်းဆီ အပေါ် ကြီးမားသည့် စိတ်လေးလံ မှုတွေ ကျွန်တော် မဖြစ်စေချင်ပါ။ ထို့ကြောင့်ပဲ ရဲရင့်နှင်းဆီ၏ ကောင်လေးကို ကျွန်တော့်ကိုလည်း အခွင့်အရေးပေးလိုက်ကြောင်းကို ပွင့်ပွင့်လင်းလင်း အသိပေးစေချင်တာပါ။ ကျွန်တော်တို့ သုံးယောက်လုံး စဉ်းစားတွေးခေါ်နိုင်မှုမှာ သာမာန်ထက် ပိုတဲ့လူတွေလို့ လည်း ကျွန်တော်ခံစားမိလို့လည်း ပါတာပေါ့။ ဒဿလို အတ္တကြီးတဲ့ စိတ်မျိုးမရှိပေမယ့် .. ဒဿလို နှလုံးသားနှင့် ခံစား အကြီးကြီး ချစ်တတ်သူက ကိုယ်ပါပဲလေ။ ရဲရင့်နှင်းဆီ၏ ကောင်လေးလည်း ကျွန်တော်လို ဗီလိန်တစ်ယောက်၏ သိက္ခာရှိရှိ ပွင့်လင်းစွာ သုံးပွင့်ဆိုင် အခြေအနေကို နားလည်ပြီး ... အခုလို အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်းအတွက် လက်ခံပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အချိန်ကာလတစ်ခုက ဘယ်သူက လက်မြှောက်ပေးသွားနိုင်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်သလို၊ ဘယ်သူမှ လက်မြောက် အရှုံးမပေးခြင်းမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ သို့ပေမယ့် ရဲရင့်နှင်းဆီ၏ ရွေးချယ်မှုမှာ ကျွန်တော်တို့ နှစ်ယောက် ကျေကျေနပ်နပ် လက်ခံပေးနိုင်ရမယ်မဟုတ်ပေဘူးလား။ 


တစ်နေ့ထက်တစ်နေ့ ရဲရင့်နှင်းဆီပေါ် ကျွန်တော်၏ ချစ်စိတ်က ပို၍သာ တိုးပွားလို့လာတယ်။ ရဲရင့်နှင်းဆီ သွားတက်လေးပေါ်အောင် ပြုံးလိုက်တိုင်း ကျွန်တော် ပိုချစ်ရပါတယ်။ နှုတ်ခမ်းလေး စူလိုက်တိုင်း ကျွန်တော် ပိုရင်ခုန်ရပါတယ်။ တစ်ခါတစ်ခါ လေသံအေးအေးလေး နှင့် ချွဲလိုက်သည့်အခါ ရဲရင့်နှင်းဆီ ပါးလေးကို ဆွဲကိုက် အသည်းယားခြင်းမျိုး ဖြင့် ချစ်ရပါတယ်။ သူမ စိတ်ကောက် ခေါင်းမာ ပုံကလည်း ဖရက်ဒီ မာကျူရီ ရဲ့ မာမာ သိချင်းကို နားထောင်တိုင်း ကြေကွဲခံစားရတဲ့အတိုင်း နင့်နေအောင် ပြန်မချော့သေးခင် စပ်ကြား ကြေကွဲခံစားရပါတယ်။ စိတ်ကောက်လို့ ကျောပေးထားတဲ့ သူမရဲ့ ကျောပြင်ကို ငေးကြည့်ရင်း နောက်ကနေ သူမခါးလေးကို သိုင်းဖက်ပြီး ကျောပြင်ပေါ် ကျွန်တော့်ခေါင်းလေးအပ်လို့ "စိတ်မကောက်ပါနဲ့တော့ အလျော့ပေးပါတယ်" လို့ တီးတိုးပြောပြီး စိတ်ကောက်ခြင်းအပေါ် အခွင့်အရေးယူတယ်ပဲပြောပြော အကြာကြီး သိုင်းဖက်ပြီး ချစ်နေတဲ့စိတ်လေး ဖြစ်ရပါတယ်။ 


ကျွန်တော် ချစ်တယ်လို့ပြောတိုင်း "ဘယ်နှစ်ခါ ပြောနေမှာလည်း" လို့မေးတတ်သည်က ကျွန်တာ်၏ ရဲရင့်နှင်းဆီပါ။ "ဘယ်နှစ်ခေါက် ပြောစေချင်လည်းလို့" ကျွန်တော်မေးသည့် အခါ ခေါင်းလေးလှုပ်ပြီး "ပြော .. ပြော" ဆိုပြီး နှုတ်ခမ်းလေးတွန့်သွားပုံကလည်း သိပ်ကို ကဗျာဆန်လို့ပေါ့။ ကျွန်တော် အနားမှာရောက်လာခြင်းက ဘုရားသခင်စေလွှတ်လိုက်သလိုပဲလို့ သူမပြောတဲ့ အပေါ် ကျေနပ်မိပါတယ် ။ ကျွန်တော်ရှိနေခြင်းကို လက်ခံပေးတယ်၊ အနားမှာ ရှိနေခြင်းကို ပျော်ပါတယ်လို့ ပြောတဲ့ အပေါ်လည်း တကယ် ကျေးဇူးတင်ပါတယ်။ ခံစားချက်တွေအပေါ် ပွင့်လင်းစွာ ဖော်ထုတ်ခြင်းက အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုမှာ မရှိမဖြစ်လိုအပ်တယ်မလား။ ထူးထူးဆန်းဆန်း ရဲရင့်နှင်းဆီက သူမ၏ ချစ်သူကို 'လူကြီး'လို့ခေါ်ပြီး ကျွန်တော့်ကို "အဖိုးကြီး" လို့ သုံးနှုန်းတယ်လေ။ အဖိုးကြီးလို့ခေါ်တာ ဆံဖြူသွားကျိုးတဲ့အထိအတူရှိမယ်ဆိုတဲ့ နိမိတ်ပါပဲလို့ ကျွန်တော်ပြောတဲ့အခါ သွားတက်လေးပေါ်အောင် ထပ်ရယ်ပြန်တယ်။  နှင်းဆီတစ်ပွင့်၏ ခပ်ဖွဖွရယ်သံမှာပဲ ကျွန်တော် ထပ်မံ အကြိမ်ကြိမ်သေဆုံးလို့ပေါ့။ 


သုံးပွင့်ဆိုင် ဇာတ်လမ်းမှာ ဗီလိန် တစ်ယောက် အနေနဲ့ အကယ်ဒမီ တော့ ရချင်ပါတယ်။ အကယ်၍များ အကယ်ဒမီဆုနဲ့ လွဲခဲ့ရင်တောင် "ချစ်ခဲ့ပါတယ်" ဆိုတဲ့ အထူးဆုလေး တစ်ဆုတော့ မျော်လင့်ချင်ပါသေးတယ်။ ဒဿလို အချစ်သမားမို့ ပိုင်ဆိုင်ချင်စိတ်က အပြည့်ရှိပါတယ်။ မယ်သီတာကို ခိုးပြေးတဲ့ လမ်းစဉ်ကို မကျင့်သုံးပေမယ် တစ်ချိန်ချိန်မှာတော့ ပြန်ပေးဆွဲမယ့် ဒဿ တစ်ယောက်ဖြစ်ချင်လည်း ဖြစ်လာမှာပေါ့။ ကြိုတင်ပြောပြီး ကြံစည်ရင် အလိုတူအလိုပါပေါ့။ ဒါက ပြစ်မှု မမြောက်ဘူးမဟုတ်လား။ 


"ကျွန်တော် ရဲရင့်နှင်းဆီကို ချစ်တယ်" 



တစ်ချိန်ကကျွန်တော် 


 

Sunday, December 15, 2024

** နှင်းဆီ၏ကိုယ်ရံတော် **





 ရိုးသားနိုင်သလောက် ကျွန်တော် ချစ်ခဲ့ပါတယ် 

ရဲရင့်နှင်းဆီ ... 

ဆောင်းလေအေးက စိမ့်လေ 

နှင်းဆီဖူးဖူး ငုံငုံလေး ကို ပိုချစ်တယ်။ 


အဲ့ဒီ မျက်မှန်ကိုင်းအောက်

မျက်ဝန်းညိုညိုလေးက  နှင်းဆီ၏ စစ်သလင်းဆို 

ထိုစစ်သလင်းမှာ စတေးခံမယ့် 

ရဲရင့်နှင်းဆီရဲ့ အညှာရွက်လေး တစ်ရွက်ပါ။


ဒီဇင်ဘာရောက်တိုင်း ပြိုကျလာတဲ့ 

တမာန်တော် နှင်းတပ်သားတွေကို တိုက်ရင်း 

နှင်းဆီနီနီလေး၏ ပွင့်ဖတ်အောက်မှာ 

နွေးနွေးထွေးထွေး အိပ်စက်ပါရစေ။ 


နှုတ်ခမ်းတွေက ဧ၀ရဲ့ ကိုယ်ပွား

ကဗျာတွေရွှတ်ရင်း 

နှင်းဆီဖူးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို 

တစ်ခါလောက်ဖြစ်ဖြစ် နမ်းပရစေ

စို .. အိ .. ရွှဲ အနမ်းတစ်ပွင့်လေ ။


တမြှေ့မြှေ .. တမြှေ့မြှေ့

ရွက်ဝါတွေ ကြွေလာတဲ့နေ့မှာ 

 နှင်းဆီ၏ ကိုယ်ရံတော် .. ကြွေခ ရဦးမှာပဲလေ။ 


တစ်ချိန်ကကျွန်တော် 


Saturday, December 14, 2024

** ရဲရင့်နှင်းဆီ မှ **




Chess ကစားပွဲ၏ စဖွင့်ပြီး ၂ ကွက်မှာတင် ဘုရင်ကိုထိုးကျွေးသည့် ကျွန်တော်၏ ရဲရင့်နှင်းဆီပါလေ။ သိသိကြီးနဲ့လုပ်တယ်လို့ ခံစားမိတဲ့အတွက် အနိုင်မယူခဲ့ပါဘူး။ ကျွန်တော်က အစကတည်းက အနိုင်ယူဖို့မှ မတွေးထားခဲ့ဘူးလေ။ သို့ပေမယ့် ပွဲအချိန်ကြာလာသည်နှင့် အမျှ သူမ၏ လှည့်စားတတ်သည့် မာယာကြွယ်သည့် ကစားကွက်တွေမှာ ကျွန်တော် ပြတ်ပြတ်သားသားကို အရှုံးကြီးရှုံးခဲ့ပါသည်။ ကျွန်တော် ပြောခဲ့ပြီးသားပါပဲ ကစားပွဲတိုင်း ကျွန်တော် ရှံးဖို့များတယ်ဆိုတာ။ ရဲရင့်နှင်းဆီကတော့ ပထမ တစ်ကွက် ကိုသိသိသာသာ အကဲစမ်းခဲ့ပေမယ့်။ နောက်ပိုင်း တောက်လျှောက် အညှာတာကင်းမဲ့စွာဖြင့် ကျွန်တော့်ကို အနိုင်ယူသွားခဲ့သည်လေ။ ပွဲက ပြိုင်ပွဲကောင်းမဟုတ်ခဲ့သလို၊ သူမ အတွက် ကျွန်တော်ကလည်း ပြိုင်ဘက်ကောင်းမဟုတ်ခဲ့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် အိန္ဒိယဆယ်ကျော်သက်တစ်ယောက်က အသက်အငယ်ဆုံး ကမ္ဘာ့စစ်တုရင် ချန်ပီယံဖြစ်သွားတဲ့ သတင်းကိုဖတ်လိုက်ရပါသည်။ အသက် (၁ဂ) နှစ်အရွယ် အိန္ဒိယနိုင်သံသား Gukesh Dommaraju က လက်ရှိကမ္ဘာ့ချိန်ပီယံ တရုတ်နိုင်ငံက အသက် (၃၂) နှစ်အရွယ် Ding Liren ကို ၁၄ ပွဲကစားပြီး ထိုက်ထိုက်တန်တန် ကမ္ဘာချန်ပီယံဆုကို ရယူခဲ့ခြင်းပါ။ ကျွန်တော်တို့နှစ်ယောက်၏ ကမ္ဘာမှာတော့ သူမ သည် ကမ္ဘာချန်ပီယံ ပေါ့လေ။ 


"ကဲ ... တွေ့တယ်မလား အကို ..ရှာရှာက အလျော့မပေးဘူးလို့ အနိုင်ကစားမှာလို့ ပြောတယ်လေ" သူမ ၏ အပြောလေးကို ကျွန်တော် ပြိုင်မငြင်းတော့ပါ ။ တစ်ချက်လေး ပြုံးယုံမျှဖြင့် ရှုံးနိမ့်သွားခြင်းကို ကျေနပ်ပါသည်။ 


"ဒါဆို .. အကိုမေးထားတဲ့ မေးခွန်းတွေ ဖြေရတော့မယ်နော် ရှာရှာ" ကျွန်တော်၏ ဆိုလိုရင်းကို သူမ သဘောပေါက်ပါသည် ။ "အေးဆေးပါ" ဟုသာ ပြန်ဖြေသည်။ 


"အဖြေအတွက် စိတ်လှုပ်ရှားနေလား အကိုတဲ့ ... " ကျွန်တာ် နည်းနည်းတော့ စိတ်လှုပ်ရှားနေမိတာတော့ အမှန်ပင်။ ကျွန်တော့်၏ ယုတ်မာထားသည့် မေးခွန်းအပေါ်မှာ သူမ ဘာကိုရွေးချယ်သွားမလည်းဆိုတာကိုလည်း အင်မတန် စိတ်ဝင်စားတာပေါ့ဗျာ။ ကစားပွဲမှာ ကျွန်တော် နိုင်ပြီး သူမ ကိုလက်လွတ်လိုက်နိုင်ရသလို၊ ကျွန်တော် နှင့် အတူ ဘ၀ခရီးအတူတူ အောင်နိုင်အောင်တိုက်မလားဆိုတဲ့ မေးခွန်းသည်လည်း ခပ်ရင့်ရင့်ပဲမဟုတ်လား။ သို့ပေမယ့် အနိုင်ရယူလိုခြင်းက ကျွန်တော်၏ တစ်ဘက်သက် ချစ်ခြင်းမေတ္တာကို ချနှင်းရမည်ဖြစ်ပြီး၊ ဒုတိယမေးခွန်းကို  ကျွန်တော်၏ ရဲရင့်နှင်းဆီ စွန့်စားရွေးချယ်ခဲ့လျှင် သူမ၏တစ်သီးပုဂ္ဂလ စည်းဘောင်တွေကိုလည်း ကျော်ရမည်မဟုတ်ပေဘူးလား။ တကယ့်ကို ကျွန်တော့်အတွက်ကော သူမ အတွက်ပါ ဘေးကြပ်နံကြပ် အခိုက်အတန့်ပါပဲလေ။ 


"အဖြေက စဉ်းစားထားတာ (၃) မျိုးရှိတယ်" လို့ဆက်ပြီး သူမပြောသည်။ 


"ဘာပဲဖြစ်ဖြစ် ရှာရှာ အရှုံးပေးတော့မှာမလား" ကျွန်တော် ပြုံးပြုံးဖြင့်ပင် ပြန်မေးလိုက်သည်။ "နိုးပါ" လို့ဝင့်ဝင့်ကြွားကြွား သူမ ပြန်ပြောသည်လေ။ "အဖြေမပြောခင် .. မေးခွန်းတွေ မေးစရာရှိသေးတယ် ... ဒါတွေမေးပြီးမှ ဖြေမယ်" 


မဆိုင်းမတွ "ဟုတ်ကဲ့ပါ"   လို့ပင် ကျွန်တော် သဘောတူလိုက်ပါသည်။ 


"ဟုတ်ပြီ .. ပထမမေးခွန်းက နောက် (၅) နှစ်မှာ ရှာရှာ တစ်ယောက် ဘာတွေ ဖြစ်နေပြီလို့ အကိုထင်သလည်း" သူမ၏ မေးခွန်းကြောင့် ကျွန်တော့် ပြုံးမိ သဘောကျသွားသည်။ 


"ပထမ (၂) နှစ်ကတော့ ကျောင်းတတ်ဆဲ ပဲ ရှိမှာဖြစ်တဲ့အတွက် ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး .. ကျန်တဲ့ ၃ နှစ်မှာ ရွေးချယ်ထားတဲ့ အလုပ် နဲ့ ဝါသနာ ထပ်တူကြတဲ့အတွက် ကိုယ်လိုချင်တဲ့ နေရာ အလုပ်ကို လုပ်နေရမှာပါ" လို့ ကျွန်တော် ပြောလိုက်တော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ အာရုံစူးစိုက်စွာနေထောင်နေသည်လေ။ 


"ဒါဆို .. ဒုတိယ မေးခွန်းက Life and Work Balance ဖြစ်မယ်လို့ အကို ထင်သလား အဲ့ ငါး နှစ်အတွင်းမှာ" နှုတ်ခမ်းလေး စူပြီး ဆက်မေးသည်လေ။ 


"အစပိုင်းမှာ ဖြစ်မှာတော့ မဟုတ်ဘူး .. ဒါပေမယ့် နောက်ပိုင်း အေးဆေးပဲ ဖြစ်သွားပါလိမ့်မယ် .. ငါးနှစ်ဆိုတာ ရှာရှာ လို genius မလေး တစ်ယောက်အတွက် balance မဖြစ်နိုင်စရာဘာအကြောင်းမှ မရှိပါဘူးလေ" 


ဟုတ်ပါပီလေ လို့ သူမပြန်ပြောသည်။ "အဲ့ဆို .. နောက် ၅ နှစ်အတွင်းမှာ ရှာရှာ အနားမှာ ရှိနေမယ့်သူက ရှာရှာပေးချင်တဲ့ အဖြေပဲတဲ့" သူမ၏ ဆင်ဝှေ့ရန်ရှောင် အဖြေကြောင့် ကျွန်တော် လွန်စွာသဘောကျစွာ ပြုံးမိပါ၏။ 'အရှုံးမပေး .. အနိုင်မခံသည့် ကျွန်တော်၏ ရဲရင့်နှင်းဆီ တစ်ပွင့်ပါလေ။ သူမ၏ အဖြေက်ို မကျေနပ်ပေမယ့် ကျွန်‌တော် လက်ခံလိုက်ပါသည်။ သို့ပေမယ့် ကျွန်တော် မေးချင်ပေမယ့် မမေးဖြစ်လိုက်သည့် မေးခွန်းတစ်ခုရှိပါသေးသည်။ နောက် (၅) နှစ်မှာ ကျွန်တော် ကော သူမ၏ လူကြီးပါ ရှိနေသေးတယ်ဆိုလျှင် သူမ ဘာဆက်လုပ်မလည်းလို့ မေးချင်ခဲ့ပါသည်။ ဒါပေမယ့်လည်း အဲ့လိုရှိနေခဲ့မယ်ဆိုရင်လည်း အရာရာနှိုင်းယှဉ်စဉ်းစားကြည့်ရင် အဘက်ဘက်က ကျွန်တော် ရှုံးနှင့် နေခဲ့ပြီးသားပါ။ သို့ပေမယ့် ကျွန်တော် ပိုင်ဆိုင်ဖို့ဆိုလျှင် သူမ အမြဲပြောတတ်သော၊ သူမ ကြောက်တယ်လို့ ထင်ရသော "ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလည်း" လို့ဆိုသည့် စကားထဲကလို ကျွန်တော် ပြန်ပေးဆွဲသင့် ဆွဲပြီး အပိုင်သိမ်းချင်လည်း သိမ်းရမည်လေ။ 


"ရှာရှာ နဲ့ လူကြီး ရဲ့ Relationship Type ကဘယ်လိုမျိုးလည်း" လို့ကျွန်တော် မေးကြည့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် LDRS ဖြစ်တဲ့အတွက် နှစ်ယောက်ကြားမှာ ဘယ်သူ့ဘက်ကပဲ တတိယလူပေါ်လာတဲ့အခါ တတိယလူအပေါ် စိတ်ခံစားချက်သေချာခဲ့ရင် ကိုယ့်လမ်းကို ဆက်လျှောက်ခွင့်ရှိပါတယ်တဲ့။ ရဲရင့်နှင်းဆီ ဆီက ဒီစကားလေး ကြားရခြင်းက ဗိုက်တာမင် အလုံး ၁ သောင်း စားလိုက်ရသလိုပါပဲ။ ကျွန်တော့်ကို အခွင့်အရေး ပေးထားတယ် ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်မှု အဖြေမျိုးပဲ မဟုတ်ဘူးလား။ သို့ပေမယ့် "ပိုင်ရှင်ရှိရင် ရှောင်" ရမည်ဆိုတဲ့ သတိပေးဆိုင်းဘုတ်က အတွေးထဲမှာ ပေါ်ပေါ် လာသည်က ခက်သည်လေ။ 


ကျွန်တော် စိတ်မထိန်းနိုင်ခဲ့ပါဘူး။ ချစ်ခြင်းဆိုသည့် ခံစားချက်ထွက်လာတဲ့အခါ ကျွန်တော်က အင်မတန် စိတ်ခံစားချက်ပျော့ပြောင်းလွန်းပါတယ်။ "ရှာရှာ့ ကို ကျွန်တော် ချစ်မိနေပြီ .. ချစ်မိနေတယ်ဆိုတဲ့စကားထက် ချစ်တယ်လို့ပဲ ပြောပရစေ" ကျွန်တော်၏ စကားအဆုံးမှာ သွားတက်လေးပေါ်အောင် ပြုံးပြီး သူမ ရှက်သည်လေ။ "မပြောသင့်မှန်း သိပေမယ့် .. ခွင့်လွှတ်ပေးဖို့ပဲပြောချင်တယ်နော် ရှာရှာ .. ဒါ မဖြစ်သင့်ဘူးလေ .. ဟုတ်တယ်မလား" ယခုလို ဆက်မေးတော့ "မသိဘူးလေ တဲ့"


"ကျွန်တော့် အပေါ် သာမာန်ထက်ပိုတဲ့ ခံစားချက်မျိုးရှိလား .. ရှာရှာ"  သူမ မဆိုင်းမတွ "မရှိပါဘူး" လို့ဖြေတယ်လေ။ 


"အကို .. ရှာရှာ နား ရှိနေခြင်းကကော ပျော်ရဲ့လား" လို့ ကျွန်တော် ဆက်းမေးတဲ့အခါ။ "တစ်ယောက်နဲ့ တစ်ယောက် စကားတွေ အများကြီး ပြောဖြစ်နေတာက .. ပျော်လား .. မပျော်ဘူးလား မေးစရာမလိုတော့ဘူးလေ" တဲ့။ ကျွန်တော်၏ နားလည်ရခက်သော ရဲရင့်နှင်းဆီပါလေ။ ခံစားချက်အစစ်အမှန်တွေ ကိုဖုံးကွယ်ပြီး သူမ အပေါ် သစ္စာရှိသော ရဲဘော်ရဲဘက်တစ်ယောက်အပေါ် နာကျင်စေမှာ မျိုးကို မလိုချင်ကြောင်း သက်သေပြနေခြင်းပဲမဟုတ်လား။ ဒါကြောင့် အချိန်တွေသာ ကြာရင်သာ ကြာသွားမယ် နှိုင်းယှဉ်ခြင်းဖြင့်သာ စဉ်းစားမည်ဆိုလျှင် ကျွန်တော်က မူကြို အဆင့်ကကောင် ပါပဲလေ။ 


"အကို့ အပေါ် .. နည်းနည်းကော ချစ်တယ်မလား" လို့ ကျွန်တော် ဆက်မေးတော့ တိုးညှင်းစွာပဲ "အင်း" တဲ့ ။ ပျော်ရွင်ခြင်းတွေ ရင်အစုံကို မြင်ရိုင်းတစ်ကောင်လို ဝင်လာခဲ့ပေမယ့် ။ နောက်တစ်ရက်မှာ "အင်းအင်း" လို့ ဖြေတာကို "အင်း" လို့ ကြားသွားတာ ဖြစ်မှာပါတဲ့။ မအူမလည် မဟုတ်သော လူလည်မလေး ရဲရင့်နှင်းဆီပဲလေ။ ကျွန်တော်၏ ရဲရင့်နှင်းဆီက ဘာမဆို ဖြစ်သင့်၊ မဖြစ်သင့် ခေါင်းစဉ်နဲ့ အရာအားလုံးကို ဆုံးဖြတ်တဲ့ ဦးနှောက်ကြီးတဲ့ သူပဲလေ။ ကျွန်တော်လို နှလုံးသားကြီးတဲ့သူက ဦးနှောက်ကြီးသူနဲ့ ယှဉ်ရင် ရှုံးကို ရှုံးရမှာပါ။ သို့ပေမယ့် ကျွန်တော်၏ ချစ်ခြင်းတွေ သူမ၏ ဦးနှောက်ကို ဖြတ်ကျော်ပြီး ရဲရင့်နှင်းဆီ၏ နှလုံးသားကို ဝင်ရောက်နိုင်ခဲ့မယ်ဆိုလျှင်တော့ ကျွန်တော် လွတ်လွတ်လပ်လပ်ပျော်ရွင်ခွင့် ရမှာပဲပေါ့။ ကျွန်တော့်ကို သဘောကျကြောင်း ခံစားမိနေပေမယ့် ။ မခံစားရဘူးငြင်းသူဟာ ရဲရင့်နှင်းဆီပါ။ ကျွန်တော့်အပေါ် ခံစားချက်ရှိကြောင်း ခံစားမိနေပေမယ့် ခံစားချက်မရှိကြောင်း ငြင်းသူဟာ ရဲရင့်နှင်းဆီပါ။ ကျွန်တော့်အပေါ် ချစ်ကြောင်းခံစားမိနေပေမယ့် မချစ်ကြောင်း ငြင်းသူဟာ ရဲရင့်နှင်းဆီပါ။ စကားလုံးတစ်ခု၏ တန်ဖိုးကို သေချာနားလည်သော ကျွန်တော်၏ ရဲရင့်နှင်းဆီ သည် တော်ယုံ မိမိစိတ်ခံစားချက်ကို ဝန်ခံမည့်သူတော့ မဟုတ်ပေ။  ဒါကြောင့် ကျွန်တော်က Action Never Lies ဆိုတဲ့စကားကို လက်ကိုင်ထားသည့်သူမို့ သူမ၏ တုံပြန်မှုတွေကို ကြည့်ပြီး ကျွန်တော် ခံစားမိပါတယ်လို့ပြောတဲ့အခါ "ဟုတ်လို့လား" လို့ပြန်ဖြေပေမယ့် သူမ၏ မျက်ဝန်းထဲမှာ ချစ်ခြင်း၏ သက်တံတွေက တောက်ပလို့ပေါ့လေ။ 


"အကို .. ချစ်တာကို မယုံသေးဘူး .. ကျွန်မ ကို စမ်းသပ်နေတယ်လို့ပဲ ခံစားမိနေတယ်" တဲ့ ။ ချစ်ခြင်းကို စမ်းသပ်ရအောင် ကျွန်တော်ရဲ့ နှလုံးသားက မာထန်မနေပါဘူး ကွယ်။ ချစ်ခြင်းမေတ္တာနှင့် ပက်သက်လာလျှင် အဆုံးသတ်တိုင်းမှာ ဒဏ်ရာတွေ နဲ့သာ အလူးလူး အလဲလဲ ခံစားရခြင်း ဝဋ်ကို ခံနေရသူမို့ ရဲရင့်နှင်းဆီ နှင့်ပက်သက်ပြီး ဝဋ်ကြွေးတွေ ဆပ်ဖို့ ကျွန်တော် ပြင်ဆင်ထားရဦးမှာပေါ့။ 



တစ်ချိန်ကျွန်တော် 




Tuesday, December 10, 2024

**ရဲရင့်နှင်းဆီ သို့**





ကြည်နူးခြင်းရသက ရယ်သံတစ်ခုဆိုလျှင် အဲ့ဒီရယ်သံလေးက သူမ၏ အဆုတ်ထဲမှ နောက်ဆုံးလက်ကျန်လေနှင့်အတူ ရောပီးထုတ်လိုက်သည့် ရယ်သံ ခပ်ပါးပါးလေးဖြစ်လိမ့်မည်။ ထိုရယ်သံနဲ့အတူ သူမ၏ သွားတတ်လေးပေါ်အောင် ကွေးညွှန့်တတ်သွားသည့် နှုတ်ခမ်းပါးပါးလေး၏ မာယာတစ်ခုလည်းဖြစ်မည်။ အဲ့ရယ်သံ လွင်လွင်လေးကို ကျွန်တော် သဘောကျနှစ်သက်မိသည်လေ။  ကျွန်တော် သည် ရှာရှာ၏ ထိုရယ်သံလေးကို ချစ်မိကြောင်းပြောဖြစ်ပါသည်။ ထိုသို့ပြောလျှင် သူမ ထပ်ရယ်ပါသည်။ ထိုကြောင့် သူမ ခဏခဏရယ်တော့ ကျွန်တော် အဲ့ရယ်သံလေးကို ခဏခဏ သဘောကျ ချစ်မိသွားသည်ပေါ့။ 


ကျွန်တော့်ကို သူမ၏ LDRS ၆ နှစ်ကျော် သက်တမ်းရှိသည့် ကောင်လေးအကြောင်း ပြောပြသည့်အခါ ကျွန်တော် အားနာစွာဖြင့်ပဲ နားထောင်မိပါသည်။ ထို့နောက် အားကျမခံ ကျွန်တော်၏ ex အကြောင်းများ အားဖောက်သည် ချသည်ပေါ့။ ဆက်ပြီး ရှာရှာက သူ့ကောင်လေး နှင့် မိတ်ဆက်ပေးသည့်အခါ ကျွန်တော့်မှာ ပြုံးပြီးကြည့်နေယုံမှ တစ်ပါးမတတ်နိုင်ခဲ့ပေ။ ဒီလိုပြောခြင်းက ကျွန်တော့်မှာ လက်တလော လက်ဆုပ်လက်ကိုင် မရှိလို့ဖော်ပြ သတ်မှတ်သွားစေလို၍မဟုတ်ပါ။ ကျွန်တော် ဝမ်းနည်းမိကြောင်းလေး ရင်ဖွင့် ချင်ယုံမျှပါ။ 


မကြာခင် သူမ နှင့် ကျွန်တော်၏ ပထမဆုံးပြိုင်ပွဲအဖြစ် chess ကစားရတော့မည်။ ကျွန်တော် ဘာမျှ ပြင်ဆင်မှုမလုပ်ရသေးပါ။ အနိုင်ရယူလိုခြင်းထက် ပြိုင်ပွဲတိုင်း ကျွန်တော်ပဲရှုံးချင်ပါသည်။ နောက်ဆုံး ကျွန်တော် စိန်ခေါ်မည့်ပြိုင်ပွဲမှ လွဲလို့လေ။ ယုတ်မာမည်ဆိုလျှင်လည်း အကွက်ကျကျ ယုတ်မာရမည်မဟုတ်လား။ ကျွန်တော်၏ ရဲရင့်နှင်းဆီကတော့ ဘယ်အချိန်ပဲမေးမေး အဖြေက အသင့်ရှိသည်တဲ့။ ယုံကြည်မှုအပြည့်နဲ့ ရဲရင့်နှင်းဆီတစ်ပွင့်ပေါ့လေ။ သို့ပေမယ့် သူမ၏ အဆူးကတော့ မမာပဲ ပျော့တယ်လို့တော့ ဝန်ခံသွားပါ၏။ ရဲရင့်မလိုလိုနဲ့ နှလုံးသားနုသည့် နှင်းဆီတစ်ပွင့်ပေါ့လေ။ သူမ၏ အဆူးတွေ သန်မာဖို့ ဥယျာဉ်မှူးကောင်းတစ်ယောက်လိုတယ်လို့ သူမပြောတဲ့အခါ။ မနက်ခင်းနေရောင်ခြည်မှာ ဂရုစိုက်တတ်သည့် ဥယျာဉ်မှူးတစ်ယောက်ဆို အဆင်ပြေသလားလို့ ကျွန်တော် မေးတော့။ ပိုကောင်းတာပေါ့ တဲ့။ နားလည်ရခက်သော ရဲရင့်နှင်းဆီ၏ မာယာတွေများလား ကွယ်။ 


Vibes ခြင်းတူသည့်အခါ ပြောစရာအကြောင်းအရာမျာသည် ရေပက်မဝင်ကဲ့သို့ပင်။ ကျွန်တော်တို့ နှစ်ယောက် မှာ ဘယ်ခလုတ်ဖွင့်ဖွင့် စာကြေသည့်ကျောင်းသား/သူ လို ကျွန်တော်က BBC ဆို သူမက VOA ၊ ကျွန်တော်က Vogue ဆို သူမက Elle၊ ကျွန်တော်က Amazon ဆို သူမက Ebay ဖြစ်သည်။ ထို့ကြောင့်သည်ပင် အချိန်မကြာသေးပေမယ့် အချိန်အကြာကြီး စကားတွေ ပြောဖြစ်ကြသည်ပေါ့။ နှလုံးသားခြင်း ၊ ဦးနှောက်ခြင်း ထပ်တူနီးပါးကြသည့်အခါ ဆောင်းတွင်းမှာ အနွေးဓါတ်ရသလို ၊နွေရာသီမှာ အအေးဓါတ် ပိုသလိုပေါ့။ သံလိုက် ၂ ခုတွန်းကန်အားက အရွှေ့စွမ်းအင်ကြီးကြီး ဖြစ်စေခဲ့သလို ၊ ကျွန်တော် နှင့် ရှာရှာက နေဆွဲအား ၊ လဆွဲအားလို အပြိုင်ဆွဲငင်ကြပြီး ကျွန်တော်တို့ နှစ်ယောက်လုံး ကမ္ဘာသစ်တစ်ခုအဖြစ် မွေးဖွားကြသည်လေ။


ကျွန်တော် နှင့် ရှာရှာ ခရီးသွားရခြင်း ဝါသနာလည်းတူသည်။ ခရီးတူတူမသွားဖူးပေမယ့်လည်း ကျွန်တော် နှင့် ရှာရှာ နှစ်ယောက်လုံး သွားဖူးသည့် စွန့်စားခန်းများကို ပြန်လည်ဝေမျှရခြင်းက နှစ်ယောက်တစ်ကမ္ဘာ ခရီးတူတူထွက်နေရသလို ခံစားချက်ပီတိမျိုး စားသုံးရသည်လေ။ သူမနေသည့် ဘန်ဂလုရု ကို ကျွန်တော် မရောက်ဖူးသေးသည့်အတွက် ကျွန်တော်လာလျှင် သေချာပေါက် လိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောသည့်အခါ ကျွန်တော်၏ စိတ်ကူးထဲတွင် အိန္ဒိယ ပြည်ကြီးတစ်ခုသာမက ကျွန်တော်သွားချင်သည့် မာဒဂတ်စ်ကာ ကိုတူတူသွားပြီး ဘာအိုဘတ် သစ်ပင်ကြီးတွေ၏ အလှတရားကို ခံစားတယ်။ နှင်းဆီမြို့တော်ဟုတင်စားခေါ်ဝေါသည့် ဂျော်ဒန် ၏ ပီထရာ အလှတရားရှေ့မှာ ကျွန်တော်၏ ရဲရင့်နှင်းဆီ ကို အလှဆုံးဓါတ်ပုံရိုက်ပေးတယ်။ အမေဇုံတောထဲမှာ သဘာ၀ပေါက်ပင်ကို လေ့လာကြည့်ရင်း ကမ္ဘာအကြီးဆုံး အန်နာကွန်ဒါတွေကို ခြေရာခံကြတယ်။ တောထဲမှာ camp ထိုးရင်း လင်းကြက်တွန်ချိန်မှာ ကမ္ဘာ့အရှားဆုံး ကြက်တူရွေးမျိုးစိတ်တွေကို ထိုင်ကြည့်ရင်း ရီယိုကားအကြောင်းကို တခုတ်တရ ပြန်ပြောကြတယ်။ အော် .. စိတ်ကူးထဲမှာတော့ ကျွန်တော် နှင့် ရှာရှာ ကမ္ဘာတစ်ပတ်တောင် ပတ်ပြီးရှာပြီကိုး။ ခမ်းနားလွန်းသည့် စိတ်ကူးယဉ်ခြင်းဟာ ရင်ခုန်သံကို ပို၍ မြန်စေတယ်တဲ့လား။ ခက်တယ် .. ရှာရှာ ရယ်။ 



ကျွန်တော်၏ လိမ်လိမ်မာမာ ယုတ်မာထားသော နောက်ဆုံးကစားပွဲနှင့်ပက်သက်ပြီး သူမကို "ဘယ်ပြိုင်ပွဲမှ အကိုမနိုင်တော့ရင် နောက်ဆုံးပြိုင်ပွဲက နှလုံးသားကိုချနှင်း ကစားရမယ့် ပွဲ .. ရှာရှာ ငြင်းမှာသေချာတယ်မဟုတ်လား .. ငြင်းရင်လည်း ရှုံးပီနော်" လို့ကျွန်တော် မေးသည့်အခါ "မငြင်းပါဘူးတဲ့" ။ သူမ အဖြေကြောင့် ကျွန်တော် ပြုံးမိပါသည်။ မငြင်းပါဘူးဆိုလျှင် ကျွန်တော် နှင့် ဘ၀တိုက်ပွဲကို နိုင်အောင်တိုက်မည်ဆိုသည့် ချဲလင့် ကို လက်ခံသည်လား ကျွန်တော် သေချာမသိသေးပါ။ "အကို မေးကြည့်ပေါ့တဲ့ .. ရှာရှာ မှာ ဖြေဖို့ အဖြေရှိပီးသား" ဆိုပဲ။ ကျွန်တော်ပဲ ယုံကြည်မှုပြင်းထန် နေသလား ၊ ဒါမှမဟုတ် ကျွန်တော်၏ ရဲရင့်နှင်းဆီ တစ်ယောက်ပဲ ရဲရဲတောက်ယုံကြည်မှုပိုရှိနေသလား ကျွန်တော် မပြောတတ်ပေ။ အကယ်၍များ ကျွန်တော်၏ ကိုယ်ပိုင်မူဥပဒေသ အရ "ပိုင်ရှင်ရှိလျှင် ရှောင်ရမည်" ဆိုသည့် ဥပဒေသ ကို ကျွန်တော် ကိုယ်တိုင်ပဲ ချိုးဖျက်ရမည်လား ဒွိဟများစွာဖြင့်လေ။ ကျွန်တော့်အကြောင်းကို ဘာမျှမမေးမြန်းသော ၊ ကျွန်တော်၏ နာမည်ကိုတောင် မမေးသော ၊ ကျွန်တော်လူယုတ်မာကြီး ဖြစ်ကြောင်းကို သေချာမစူးစမ်းသော ကျွန်တော်၏'ရဲရင့်နှင်းဆီ' တစ်ပွင့်ပင်။ ကိုယ်ယုံကြည်လျှင် ဘာမဆို ဆုံးဖြတ်ချက်ချမည့် ရှားရှားပါးပါး ရဲရင့်နှင်းဆီ တစ်ပွင့်ပဲ ဟု ကျွန်တော် မှတ်ချက်ပြုပါသည်။ အရှုံးတွေများစွာ နှင့် ကျွန်တော်က အောင်မြင်မှုကိုပဲ ပြန်ရှာတွေ့မလား (ဒါမှမဟုတ်) အောင်မြင်မှုများစွာနှင့် သူမကပဲ ကျရှုံးသွားမလား ဆိုသည်ကိုတော့ နှင်းဆီဆူး နုနုလေး၏ ခြစ်ရာ ရှရှ တစ်ချက်ကပဲ သိမှာပေါ့လေ။ 



တစ်ချိန်ကကျွန်တော်  


Monday, December 9, 2024

**ကျွန်တော်၏ရှာရှာ**




ကျွန်တော်က ဘ၀မှာ အရှုံးတွေ ခဏခဏကြုံဖူးတဲ့ လူတစ်ယောက်ပါ။ အရှုံးတွေနှင့်ကျင့်သားရနေတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီလို အရှုံးတွေနှင့် ကျင့်သားရနေသည့် လူတစ်ယောက်က ဘ၀မှာ ဘာတစ်ခုမှ မရှုံးဖူးသေးသည့် လူတစ်ယောက် နဲ့ တွေ့ဆုံခဲ့လျှင် .. ။ 


လက်တလောခေတ်စားနေသည့် Bruno Mars နှင့် Rose ၏ APT သိချင်းခေတ်စားနေသောလည်း ကျွန်တော် သိပ်မကြိုက်ပေ။ နေရာတကာ APT နေသည့်အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် 'ဘဲကင်' ဆိုသည့် သိချင်းတစ်ပုဒ် ကျွန်တော့်နားထဲသို့ ရောက်ရှိလို့လာသည်။ ဟန်ချက်ညီညီ နဲ့ သိချင်းတစ်ပုဒ်လုံး 'ဘဲကင်' ဆိုသည့် စကားလုံးက ခပ်များများကြားနေရသည့်အတွက် သိချင်းခေါင်းစဉ်ကို 'ဘဲကင်' လို့ပဲ အမည်တပ်လိုက်ခြင်းဖြစ်မည်။ အဂ်လိပ်သိချင်းဆိုတာ သိပေမယ့် ဘာတစ်ခုမျှ နားမလည်သည်က ကျွန်တော်ပင် ညံ့လို့ပင်ဖြစ်မည်။ ဒါမှမဟုတ် ဆိုနေသူ၏ လှူပ်ရှားသက်ဝင် သီဆိုမှုတွေက သိချင်းအဓိပ္ပာယ်ကို ဘာသာပြန်ဖို့ပင် မေ့လျော့သွားဟန်သူသည်။ ကျွန်တော် နှင့် သူမ သည် 'ဘဲကင်' သိချင်း အကြောင်းပြု၍ စတင်တွေ့ဆုံခဲ့ကြသည်ပေါ့။ ကျွန်တော် ခေါ်ဆိုသည့် သူမ၏ အမည်က 'ရှာရှာ' ပင်။ ရှာရှာသည် ကပြားမ လေးတစ်ယောက်ပါ။ သို့ပေမယ့် ဘုရားစူးကပြား တစ်ယောက် ပါ ။ သွေးနှောလို့ ပြောပေမယ့်လည်း လာအိုဘက်က တရုတ်မျက်နှာပေါက်မျိုးပေါ့။ ပြုံးရယ်လိုက်ရင်တော့ သွားတက်လေးနဲ့ ချစ်ဖို့တော့ ကောင်းသည်။ 


ပွင့်လင်းသွက်လက်သည့် ခပ်စွာစွာ မိန်းကလေးတစ်ယောက်လို့ 'ရှာရှာ'ကိုကျွန်တော် သတ်မှတ်ပါသည်။ ဒါမှမဟုတ် ရဲရဲတောက် နှင်းဆီတစ်ပွင့်လို မြင်သူတိုင်းကို တစ်ခါကြည့်ရှု မိယုံနဲ့ အနားကမခွာနိုင်လောက်အောင် ဆွဲဆောင်နိုင်သည့် အရည်အချင်းမျိုး သူမ မှာရှိသည်။ ဒါကြောင့် ကျွန်တော် သူမကို "ရဲရင့် နှင်းဆီ" လို့ နာမည်ထပ်ပေးထားသည်။ ကျွန်တော် နှင့် သူမ စကားတွေ ဖောင်ဖွဲ့မိကြသည်။ ထူးထူးဆန်းဆန်း သူမဆီမှ 'ရှာရှာက သူမဘ၀မှာ အရှုံးနဲ့ တစ်ခါမှ မကြုံဖူးဘူး" လို့ ပြောဆိုလိုက်ခြင်းပင်။ သူမ စကားအဆုံးမှာ ကျွန်တော် လွန်စွာအံ့ဩမိပါသည်။ အကြိမ်ကြိမ်အခါခါ ဘ၀မှာ ရှုံးနိမ့်ဖူးသည့် လူတစ်ယောက် အနေဖြင့် ဘ၀မှာ တစ်ခါမှ မရှုံးဖူးဘူးလို့ ပြောနေသည့် သူမအား ကြည့်ပြီး အထူးအဆန်း ဖြစ်မိတာတော့ အမှန်ပင်။ 


"ရှာက .. မရှုံးဖူးသေးတော့ ဘ၀ မှာ ရှုံးသွားတဲ့အခါ ခံစားရမှာကို ကြောက်တယ်တဲ့ .. ဒါကြောင့် ဘာပဲလုပ်လုပ် အသေးစိတ် အစီအစဉ်ချပြီး လုပ်တယ်လေ .. ပြီးတော့ ရှုံးမယ့် ကစားပွဲကို အစကတည်းက တွက်ချက်ပြီး မကစားဘူးတဲ့" ကျွန်တာ် သူမ ပြောစကားကို နားထောင်ပြီး "နှလုံးသားထက် ဦးနှောက်ကြီးတဲ့ ကလေးမ ပါလားလို့ မှတ်ချက်ချလိုက်မိသည်" ကလေးမ လို့ သုံးနှုန်းခြင်းကလည်း ကျွန်တော့်ထက် ၁၅ နှစ်မျှငယ်လို့ပင်။ 


"လောကမှာ .. ကျရှုံးမှု မရှိရင် လူဖြစ်ရတာ မတန်ဘူးနော်" 

"လောကမှာ ဓမ္မဓိဌာန်ကျကျ အခြေခံသတ်မှတ်ထားတဲ့ ခံစားချက်တွေရှိတယ် .. ဒါတွေက အောင်မြင်ခြင်းကို ခံစားနိုင်ဖို့ ရှုံးဖူးတဲ့ အတွေ့အကြုံရှိကို ရှိရမယ် .. ရှာရှာ .. ဘ၀မှာ သင်ခန်းစာတွေ မရှိရင် အောင်မြင်မှုတွေက အဓိပ္ပာယ်မရှိဘူးနော်" လို့ ဆက်ပြီး မေးခွန်းထုတ်လိုက်ပါသည်။ 


"ဒါကြောင့် .. အစစအရာရာ မရှုံးအောင် ကြိုးစားနေတာပေါ့ အကိုရယ်တဲ့" ကျွန်တော် သူမစကားကို ခပ်ထေ့ထေ့လေးပြုံးလိုက်မိသည်။ 


"ရှုံးနိမ့်မှုတွေ မကြုံဖူးရင် .. အကယ်၍များ ကျရှုံးသွားတဲ့အခါ ကိုယ့်ရဲ့ ခံနိုင်ရည်အား ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သိရပါ့မလည်း .. ရှာရှာ"


"ရှာရှာ က .. ရှုံးမယ့်သူ မဟုတ်ဘူးတဲ့" သူမ၏ အဖြေကြောင့် ကျွန်တော် နှုတ်ဆိတ်မိပါသည်။ စိတ်ထဲမှာလည်း ဒီကောင်မလေးကို ရှုံးနိမ့်မှုအရသာကို ခံစားစေချင်သည့် စိတ်ဆန္ဒများစွာ ဖြစ်လို့နေ၏။ 


ဂျင်ကာရေး၏ "ထရူးမန်းရှိုး" ကြည့်ဖူးလားလို့ ကျွန်တော် မေးလိုက်တယ်။ မဆိုင်းမတွ "ကြည့်ဖူးတာပေါ့" လို့ သူမ ပြန်ဖြေသည်လေ။ "ထရူးမန်းရှိုး အစီအစဉ်ထဲကလို .. ညီမ ဘယ်အချိန် ခလုတ်တိုက်ပြီး ကျရှုံးသွားမလည်းဆိုတာ အကို ကြည့်ချင်လိုက်တာ" လို့ ခပ်ငေါ့ငေါ့ ကျွန်တော် မေးလိုက်ပါသည်။ 


"စောင့်ကြည့်ပေါ့တဲ့ .. နောက်ကနေ တစ်ကောက်ကောက်လိုက်ခဲ့ချေတဲ့" သူမက အပြုံးမပျက် ရယ်လျက် ဖြေသည်လေ။ 


"အကိုက .. ညီမ အဲ့လို ကျရှုံးသွားတဲ့အခါ ငါ ရှုံးတော့မယ်လို့ သိလိုက်ရတဲ့ ခံစားချက်ကနေ ထွက်လာမယ့် အမှောင်ထုကြီးကို ဘယ်လိုတုန့်ပြန်လည်းလို့ သိချင် .. အဲ့အချိန်က ရှာရှာရဲ့ တကယ့် သရုပ်မှန်ကို တွေ့ရမှာလေ" လို့ ဆက်ပြောလိုက်သည်။ 


"စောင့်ကြည့်ပါ အကို .. စောင့်ကြည့် .. ရှာရှာက အမြဲ ပလန်နဲ့ အလုပ်လုပ်တဲ့သူတဲ့" 


ကျွန်တော် ကဗျာရွတ်တော့ သူမ ငြိမ်သက်စွာ နားထောင်သည်လေ။  ပြီးနောက် သူမလည်း ကဗျာတွေကိုကြိုက်နှစ်သက်ကြောင်း ပြောသည်။ ကျွန်တော်က ဘယ်ကဗျာ ဆရာတွေ ကြိုက်လည်း မေးတော့ ။ 


သူမက "ရှန့်မန်းကြည့်" တဲ့ ။ ကျွန်တာ်တစ်ချက်တော့ တွေဝေးသွားတယ် ။ စိတ်ထဲမှာလည်း ထူးထူးဆန်းဆန်း တရုတ်ကဗျာတွေကို ဖတ်တဲ့ကောင်မလေးလားလို့ ထင်မိသည်။ တရုတ်စာပေနှင့် ပက်သက်ပြီး ကွန်ဖြူးရှပ် နဲ့ မော်စီတုံး၏ လမ်းစဉ်တွေကိုပဲ သိတဲ့ ကျွန်တော်က ဘယ်နဲ့ "ရှန့်မန်းကြည့်" ကိုသိမလည်းလေ။ စိတ်ထဲမှာတွေးထားသည်က ဟဲမင်းဝေး ကဗျာတွေ နဲ့ နီးစပ်မယ်ထင်ခဲတာကိုး ။ 


ကျွန်တော် မဖတ်ဘူးကြောင်း ပြောလိုက်ပါသည်။ ပြီးမှ စိတ်ထဲ သိပ်မရှင်းတာနဲ့ တစ်ချက် ပြန်ပြောပါဦးလို့ ထပ်မေးလိုက်သည်။ အဲ့ကျမှ သူမဆီက အသံထွက်ကို ပီပီသသ ကြားလိုက်ရသည်။ သူမ ပြောသည်က "ခန့်မှန်းကြည့်‌" လို့ မေးခြင်းပင်။ လူကြီးရှက်တော့ ရယ်ဆိုသလို .. ကျွန်တော် တစ်ကိုယ်တည်းကြိတ်ရယ်မိပါသည်။ 


ရှာရှာက တစ်ဆက်တည်း သူ့မွေးနေ့ရောက်တော့မှာတဲ့ ။ ၂ လပိုင်းက သူ့မွေးလ ။ ရက်ကို ခန့်မှန်းကြည့်ပါဦး ။ ရက်က ၂ လပိုင်းရဲ့ လက်ကီးနေ့လေတဲ့။ ကျွန်တော်လား .. ရှာရှာ ဒီလောက် ခန့်မှန်းခြေတွေ ပေးနေတာကိုတောင် မဖြေနိုင်ပါ။ ရှာရှာပဲ ပြောပါဆိုတော့ (၇) ရက်နေ့လေတဲ့။ အော် .. လို့သာ ကျွန်တော် ရေရွတ်နိုင်တော့တယ်။ ဖဲဆော့တိုင်း နိုင်အောင် ဆော့တတ်ခဲ့သည့် ကျွန်တော်ပါလေ။  ဖဲချပ်လေးတွေမှာ ဒိုင်းမွန်းဆဲဗင်းက လက်ကီး နံပတ်လေ ။ အဲ့ဒီနံပတ်တွေကို အကြိမ်ကြိမ် နမ်းရှုံ ခဲ့တဲ့ ကျွန်တော်က လက်ကီး နံပတ်ကို မေ့လျော့ခဲ့တယ်ပေါ့။ ထပ်မံ ရှက်မိပေါ့။ 


ရှက်ရှက် နှင့်ပင် ကျွန်တော် သူမကို ယုတ်မာဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။ ယုတ်မာ မည်ဆို၍ တစ်မျိုး မမြင်စေလိုပါ ။ ကျွန်တော် သူမ ကို ကျရှုံးခြင်းဆိုသည်ကို ဘာလည်း သိအောင် ခံစားကြည့်စေချင်သည့် ယုတ်မာခြင်းမျိုးပင်။ ကျွန်တော် သူမ ကို သိချင်းဆိုသည့် အပြင် အခြားဘာဝါသနာ ရှိသေးသလဲလို့ မေးကြည့်သည့်အခါ ကြက်တောင်ရိုက်ခြင်း နှင့် Chess ထိုးတာ ဝါသနာပါသည် လို့ သူမ ဖြေသည်။ ထို့ကြောင့်ပင် ကျွန်တော်လည်း chess မကစားတာ ကြာပြီဖြစ်ကြောင့်း ပြောသည့်အခါ ရှာရှာက ကျွန်တော့် အား စိန်ခေါ်သည်လေ။ ကျွန်တော်လည်း သူမ စိန်ခေါ်ခြင်းအား လက်ခံလိုက်ပါသည်။ တစ်လက်စ တည်း ကျွန်တော် နိုင်တာနှင့် နောက်ဘယ်တော့မျှ Chess ထပ်ထိုးမည် မဟုတ်ကြောင်းပြောလိုက်သည်။ တစ်သက်လုံး သူမကို အနိုင်ရဖူးကြောင်း ကြွားလုံးထုတ်ပြီး နှိမ်မည်ဆိုသည်ကို ပြောလိုက်မိသည်။ သူမကလည်း လည်သည်လေ။ သူမ နိုင်လျှင်လည်း ထပ်မံ ထိုးမည် မဟုတ်တဲ့။ အဲ့ဒီလို လည်လည်းလည် သွက်လည်းသွက်သည့် ကျွန်တော်၏ "ရဲရင့်နှင်းဆီ" ပါလေ။ ရဲရင့်နှင်းဆီ ဆိုပေမယ့် သူ့အဆူး မာသလား ပျော့သလား မသိသော "ရဲရင့်နှင်းဆီ" ဆိုလျှင် ပို၍မှန်မည်။ Chess ထိုးခြင်းမှ စ၍ သူမနှင့် ကျွန်တော် တိုက်ပွဲစတင်ရပါတော့မည်။ ကျွန်တော်ကတော့ ယုတ်မာခြင်းများစွာ နှင့် သူမ ကို ကျရှုံးအောင် လုပ်ဖို့ ကြိုးစားရမည်။ သူမ ကတော့ ကျွန်တော်၏ တိုက်ကွက်များကို ချေဖျက် အောင်မြင်အောင် ကြိုးစားမည်လေ။ ထိုနေ့မှ စ၍ ကမ္ဘာပေါ်ရှိ ယုတ်မာနည်းစာအုပ်များအား ကျွန်တော် စတင်ဖတ်ရပါတော့မည်။ ညဏ်ကောင်းသူ ယုတ်မာလျှင် မည်သို့မည်ပုံ ကြောက်ဖို့ ကောင်းကြောင်း သူမ သိစေချင်သည်လေ။ 


ရှာရှာကို ကျွန်တော် မပြောဖြစ်သေးသည့် အကြောင်းအရာတစ်ခု ရှိပါသေးသည်။ ရှာရှာက ကျွန်တော်အချစ်ဆုံးသော ကျွန်တော်၏ Ex တစ်ယောက်နှင့် လွန်စွာမှ တူပါ၏။ စကားပြောပုံ၊ လည်ပုံ ၊ ဖြတ်ထိုးညဏ်ကောင်းပုံနှင့် မျက်နှာကျ ကအစ နောက်ဆုံး ကြာသပတေး သမီးဖြစ်ခြင်းကအစတူပါ၏ ။ ဝါသနာ အရ သိချင်းဆိုခြင်း နှင့် ပန်းချီဆွဲခြင်း မတူသည်မှ လွဲ၍ ကဗျာလေးတွေ ချစ်တတ်သော စောင့်ကြွားကြွားနိုင်သော ဆရာလုပ်တတ်သော အမူအရာအစ တူပါပေသည်။ ရှာရှာ နှင့်တွေ့ဆုံရခြင်းက ကျွန်တော်၏ အဲဒါ (Ada) ကို ပြန်မြင်တွေ့နေရသလိုပါပင်။ 


အကယ်၍များ Chess ကစားပွဲမှာ ကျွန်တော် ရှုံးခဲ့သော် ၊ အခြားပြိုင်ဆိုင်မှုတွေမှာလည်း ကျွန်တော် ရှုံးနိမ့်ခဲ့သော် ၊ နောက်ဆုံးကစားပွဲအဖြစ် ကျွန်တော်လို အရှုံးသမားကြီး၏ လက်ကိုတွဲပြီး ရဲရဲကြီးဘ၀ တိုက်ပွဲကို နိုင်အောင် တိုက်နိုင်သလားလို့ ကျွန်တော်မေးမည် ဖြစ်သည်။ ကျွန်တော့် ကမ်းလှမ်းမှလက်မခံလျှင်သူမ ရှုံးမည်။ လက်ခံလျှင် သူမ၏ ကြိုးစားမှုအတွက် ကျွန်တော် အသိမှတ်ပြုမည်ပေါ့။ 



တစ်ချိန်ကကျွန်တော် 


Friday, December 6, 2024

**ကဗျာဂီတမွေးဖွားခြင်း**





နှစ် ၁၀၀၀ စိတ်ဒဏ်ရာကို ကျောပိုးအိတ်ထဲထည့် ခရီးထွက်ခဲ့သည့် ကျွန်တော်သည် တောင်ပေါ်မြို့လေးဆီသို့ပဲ ပြန်ဖို့ဆုံးဖြတ်လိုက်ပါသည်။ မွေးရပ်မှာ မွေးခဲ့ပြီး မွေးရပ်မှာပဲ ခေါင်းချ ချင်ခဲ့သည်မှာ ကျွန်တော်၏ ဆန္ဒပင်ဖြစ်သည်။ အိမ်ပြန်ခရီးမှာ နှစ် ၁၀၀၀ စိတ်ဒဏ်ရာတွေကို တစ်လွှာခြင်း ချနှင်း၊ 'ငယ်'က တေးသွားတွေသီ ကျွန်တော်က စာသားတွေ ရေးလို့ "ကဗျာဂီတ" တစ်ပုဒ် ဖန်တီးကြမည်။ ထို့ကြောင့် ကျွန်တော်သည် ကဗျာတစ်ပုဒ်ဖြစ်ပြီး သူမသည် သံစဉ်တေးသွား ဖြစ်ကြသည်ဆိုခဲ့သော် .. ။  


'ငယ်' ၏ ဂီတ သံစဉ်သည် ကျွန်တော်၏ ကဗျာထဲကို စီဆင်းသွားခြင်းဖြစ်မည်။ 'ငယ်' ၏ ရှသသ အသံသည် ကျွန်တော်၏ ကဗျာစာသားတွေနှင့် ပေါင်းစပ်ပြီး ကဗျာဂီတ အဖြစ်မွေးဖွားစေမည်။ ထိုပေါင်းစပ်မှုသည် ချစ်ခြင်းပေါ် အခြေခံပြီး ဆောင်းရာသီမှာ တိတ်တဆိတ်ကျဆင်းနေတဲ့ နှင်းစက်တစ်စက်လို၊ အေးချမ်းငြိမ့်မြူူးစေသည်။ 'ငယ်' နှင့် ကျွန်တော်၏ အနုပညာပေါင်းစပ်မှုဟာ သဘာ၀တရားရဲ့ စစ်မှန်တဲ့အလှတရားကို ဖော်ပြနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမည်လေ။ 


"ကျွန်တော်သည် ကဗျာတစ်ပုဒ်ဖြစ်ပြီး၊ သူမသည် သံစဉ်တေးသွားတစ်ခုဖြစ်ခဲ့သည်" ဆိုတဲ့ အတွေးဟာ လူနှစ်ဦးရဲ့ ဆက်စပ်မှုနဲ့ ခံစားချက်ကို အထူးပြသနေတယ် မဟုတ်လား ။ ကဗျာဟာ ရင်ပွင့်ပန်းတွေ ကိုလှပစွာ ရေးစပ်ထားတဲ့အတိုင်း၊ သံစဉ်တေးသွားက အဲဒီရင်ပွင့်ပန်းတွေကို အလှပဆုံး ပွင့်လန်း စေတဲ့အရာပေါ့။


ကျွန်တော်သည် ကဗျာတစ်ပုဒ်ဖြစ်၏။ ကျွန်တော်၏ စကားလုံးများသည် ရင်ထဲမှ ထွက်လာသော နှင်းပွင့်များ ဖြစ်တယ်။    

'ငယ်' သည် သံစဉ်တေးသွားတစ်ခုဖြစ်၏။ သူမ၏အသံသည် ရင်ခုန်သံနှင့် ချစ်ခြင်း၏ပုံရိပ်ကို ဖော်ထုတ်ပေးတယ်။  

အချစ်သည် ကျွန်တော်နှင့် သူမအကြား ချည်နှောင်ထားသော တေးသွားတစ်ပုဒ်ဖြစ်တယ်။

အချိန်သည် ကျွန်တော်တို့အကြားရှိတေးသွားကို တစ်ခါတစ်လေ Tempo မြှင့်စေ၍၊ တစ်ခါတစ်လေတော့ တိတ်ဆိတ်စေတယ်။  

သူမ၏သံစဉ်သည် ကျွန်တော်၏ကဗျာထဲမှာ အမြဲတမ်း ကမ္ဘာတည်သ၍ တည်ရှိနေတယ်။  ဒါ့ကြောင့် "ကျွန်တော်သည် ကဗျာတစ်ပုဒ်ဖြစ်ပြီး သူမသည် သံစဉ်တေးသွားတစ်ခုဖြစ်သည်"


ကဗျာ အမျိုးစား (၇၂) မျိုးရှိပြီး၊ ဂီတ အမျိုးအစား (၄၂) မျိုးရှိသည်တဲ့။ ကျွန်တော် နှင့် ငယ် ၏ ဖန်တီးမှုသည် ၂၁ ရာစုမှာ ထပ်မံထွက်လာမည့် 'ယူနီဗာစ် ကဗျာဂီတ' တစ်ခုအဖြစ် မှတ်တမ်းတင်ရမည်။ ချစ်ခြင်းတွေဖြင့် ဖန်တီးထားသည့် ကဗျာ၊ ချစ်ခြင်းတွေနဲ့ ခြယ်သထားသည့် ဂီတ၊ ရင်ပွင့်ပန်းတွေက တန်ဆာဆင်ပြီး 'ငယ်' က အခမ်းနားဆုံး သီကျူးမည်။ ကဗျာတွေက သံစဉ်တွေကို ချစ်ပြီး ၊ သံစဉ်တွေကလည်း ကဗျာကို ချစ်သည်တဲ့။ ကျွန်တော် နှင့် ငယ် ချစ်မိကြတော့သည်။ 



တစ်ချိန်ကကျွန်တော် 



Wednesday, December 4, 2024

**ဂီတပန်းသီး**




"ပျော်မယ်ထင်ထားလား .. လွယ်မယ်ထင်လို့လား .. အချိန်တန်တော့လည်း မင်း .. လိုနေမယ် စည်းစိမ်များ .. လူတွေက ခက်တယ် .. အချစ်ကို ခဏကိုးကွယ် .. အချိန်လွန်ပါ မှ မင်း ငိုမှာဆိုးတယ်" ၁၉:၁၈ ၏ နှလုံးသားတစ်ထောင့်မှာ သိချင်းသံက ဘယ်ကမှန်းမသိ ခပ်သဲ့သဲ့ ပျံလွှင့်လို့လာသည်။ ဆောင်းလေအေးတွေ တစ်ချက်အဝှေ့မှာ ထိုသိချင်းက တိုက်တိုက်ဆိုင်ဆိုင် နားစည်မှ ဦးနှောက်ကို ဖြတ်သန်းပြီး ကျွန်တော်၏ နှလုံးသားကို ဝင်တိုက်ပါတော့သည်။ စူးစူးနစ်နစ် တစ်ချက်ခံစားမိပြီးသည့်နောက် ခပ်ထေ့ထေ့ပြုံးလိုက်မိသည်ထင်သည်။ ရင်ထဲမှာတော့ ချောရည်ပူတွေ လောင်မြိုက်နေပြီပေါ့။ ဘ၀ကြီးက အဆင်ပြေသလိုလို နဲ့ အဆင်မပြေခြင်းက နိယာမပဲလေ။ 


တစ်နည်းအားဖြင့် အဆင်ပြေသလိုလို နဲ့ မပြေခြင်းက ကံတရား၏ မာယာတွေလို့လည်း ပြောရမည်ထင်သည်။ ထီပေါက်တယ်ဆိုပြီး ထီလက်မှတ် ပျောက်သလိုမျိုး၊ မီးလာပြီဆိုပြီး ထမင်းအိုးတည်၊ ကျက်ခါနီးမှ မီးပျက်သွားသလိုမျိုး။ လမ်းသွားရင်း အိမ်သာတက်ချင်လို့ အိမ်သာရှာတယ်၊ အိမ်သာတွေ့တော့ .. ကိစ္စရှင်းပြီး၊ အိမ်သာရေ မရှိတာမျိုးတွေပေါ့။ ဒါတွေက အဆင်ပြေသလိုလိုနဲ့ မပြေခြင်းတွေပါ။ အကြောင်းရှိလို့ အကျိုးဖြစ်တယ်ဆိုတဲ့စကားက အခုလို ကံတရား၏ မာယာတွေ နဲ့ ကြုံတဲ့အခါ အကြောင်း အကြောင်း တွေက ထပ်ထပ်သွားတဲ့အခါ ရလာတဲ့အကျိုးဆက်က အကျိုးကြီးကြီး ဖြစ်သွားတာပေါ့လို့ လည်း ပြုံပြီးတွေးမိသေးတယ်။ ဘ၀တွေမှာ ကျရှုုံးမှုတွေက သာမာန်ဖြစ်ရိုးဖြစ်စဉ်တွေလိုပါပဲ လူတွေ အတွက် ထူးဆန်းသည့် အကြောင်းအရာမှ မဟုတ်ပဲလေ။ အောင်မြင်ခြင်းတွေကသာ ရှားပါး ကုန်မို့ လူတွေ မက်မော ဂုဏ်ပြုကြတာပေါ့။ ကျွန်တော်ကတော့ အောင်မြင်မှုထက် ငါဘယ်လောက်ကျရှုံးခံနိုင်မလည်းလို့ ကြိုးစားနေတယ်လို့ ပြောရင် အံ့ဩမနေပါနဲ့။ အောက်ဆုံးထိ ဘ၀ဆွဲချပြီး တစ်ထစ်ခြင်းပြန်တက်လာတဲ့ အရသာကို ကျွန်တော် ခံစားကြည့်ချင်တယ်လေ။ 


ဘ၀မှာ အရသာအရှိဆုံး ဟင်းပွဲက အာဒံ၏ ပန်းသီးကို အကြိမ်ကြိမ်စားရခြင်းလို့ပဲ ကျွန်တော် ပြောချင်သည်။ ပန်းသီး တစ်လုံးကြောင့် လူသားမျိုးနွယ် အစပျိုးခဲ့သလို ။ ထိုပန်းသီးကြောင့်ပဲ လူသားမျိုးနွယ်တွေ အဆိပ်သင့်ခဲ့ကြတယ်မဟုတ်လား။ ကျွန်တော်ကိုက်လိုက်မိသည့် ပန်းသီးစိတ်တွေက ပန်းသီးကြောင့် ကျွန်တော် အဆိပ်သင့်ခဲ့သလား (သို့မဟုတ်) ကျွန်တော့်ကြောင့်ပဲ ပန်းသီးတွေ အဆိပ်သင့်သွားခဲ့သလား မသိပါ။ သေချာသည်က ပန်းသီးသည် ကျွန်တော်နှင့် ဓါတ်တည့်ဟန်မတူခဲ့ဘူး။ ကိုက်လိုက်သည့် ပန်းသီးတိုင်း မဲပုပ်ကြွေလွှင့်သွားခဲ့ရသည်လေ။ ဒါကြောင့်ပဲ လက်ကျန်ပန်းသီးတစ်ကိုက်ကို ကျွန်တော် အလှထိုင်ကြည့်နေရတော့သည်ပေါ့။ ထိုလက်ကျန် ပန်းသီးတစ်ကိုက်ကို ကျွန်တော် 'ငယ်' လို့ပဲ နာမည်တပ်လိုက်ပါသည်။ 


သင်္ခါရဆိုသည့် သဘောတရားကို ကျွန်တော် သဘောပေါက် နားလည်ပါသည်။ သို့သော်ငြားလည်း သင်္ခါရတွေ စုပုံလာသည့်အခါ ကျွန်တော်ကိုယ်တိုင်ပဲ သင်္ခါရ ဖြစ်လိုက်ချင်တော့သည်။ ၂ နှစ်တာမျှ ကျွန်တော်နှင့် အတူရှိခဲ့သော ခုံစိမ်းစိမ်းလေးရယ် ၊ ကျွန်တော့်ကို အမြဲ အဖော်ပြုပေးတဲ့ 'ချောက်ချက် .. ချောက်ချက်' နဲ့ သူရှိကြောင်း အသံပေးတတ်သည့် နာရီခပ်ဝိုင်းဝိုင်းလေးရယ် ကို ကျွန်တော် နှုတ်ဆက်ခွင့်တောင်မရပဲ ခွဲခွာခဲ့ရပြီ။ ဒီလပိုင်းအခြားမှာ ကျွန်တော့်ကို အမြဲအဆင်ပြေရဲ့လားလို့ မေးတတ်သည့် "ကိုကြီးရယ် . ဒီလိုပဲဖြစ်တတ်ပါတယ်" ဆိုသည့် စကားလုံးကို အမြဲသုံးနှုန်းတတ်သည့် ညီမလေးလည်း အသံတွေ တိတ်ဆိတ်သွားခဲ့တာကြာခဲ့ပြီ။ ထူးထူးခြားခြား ကျွန်တော့်ကို "ဦးကို .. ဦးကို" လို့အမြဲခေါ်တတ်သည့် လိပ်နင်ဂျာမလေး တစ်ယောက်လည်း "ဦးကို ကို .. နှုတ်ဆက်ခဲ့တယ်" ဆိုတဲ့ စကားလေးတစ်ခွန်းပြောပြီး နှုတ်ဆက်သွားလေရဲ့။ မှတ်မှတ်ရရ First Date မှာ ကျမ်းမာရေး ဖိနပ်ကိုစီးပြီး ကျွန်တော့်ကို နာမည်မျိုးစုံ ခေါ်သော ကျွန်တော်၏ ထူးထူးဆန်းဆန်း ချစ်လှစွာသော ကဗျာဆရာမလေးကိုတော့ ကျွန်တော်ကပဲ နှုတ်ဆက်ခဲ့တယ်လေ။ မကြာခင် မိဘအရိပ်ကနေ ခွဲခွာရဦးမည်။ ကျွန်တော်ချစ်သော ဂျက်ဂျက်နဲ့လည်း ဝေးရဦးမည်။ ကိုပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုသော စကားကမှန်ချင်လည်း မှန်မည်ပေါ့။ ကျွန်တော် ငယ်ငယ်တုန်းက ခါးချည်တွင်းထဲ ရေနွေးလောင်းထည့်ဖူးလို့ ဖြစ်မည်။ ဒါကြောင့်ပင် ပူပူလောင်လောင်အရသာနဲ့ ရှင်သန်ဖို့ ရုန်းကန်နေရသည်လေ။


"ဒီရင်မှာ မင်းမှ မင်းပါပဲ .. အချစ်စိတ်တက်နေတယ် .. တားဆီးလို့မရတော့တဲ့အချစ်တွေရယ် .. ရင်ခုန်သံ ထွက်သက်ဆုံးအချိန်ထိ .. စွဲလန်းခြင်းတွေနဲ့ .. ငြိမ်းသတ်လို့မရတဲ့ အချစ်တွေနဲ့ .. အခုမှ ချစ်တတ်လာခဲ့တယ် " ဆိုသည့် သိချင်းသံ လွင်လွင်လေးကို ကြားမိပြန်သည်။ ကျွန်တော် အသံလာရာ လိုက်လို့ရှာမိပါသည်။ ထူးထူးဆန်းဆန်း ထိုကွဲရှရှ အသံပိုင်ရှင်က မှန်ဘောင်ထဲတွင်ထည့်ထားသော ကျွန်တော်ကင်ပွန်းတပ်ထားသည့် 'ငယ်' ဆိုသော လက်ကျန်ပန်းသီး တစ်ကိုက်ဆီကပင်။ ကျောပိုးအိတ် တစ်လုံးကိုလွယ်၊ သံစဉ်တွေလွှင့်ပျံနေသည့် ပန်းသီးဗူးလေးကို ကိုင်ပြီး ကျွန်တော် ခရီးဆက်ရဦးမည်။ င့ါမြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ပေါ့လေ။


ထိုခရီးနီးသလား .. 

ကဗျာတွေကိုထမ်း .. သံစဉ်ကို ခေါင်းပေါ်ရွက်

ကျောပိုးအိတ်ထဲမှာ နှစ် ၁၀၀၀ စိတ်ဒဏ်ရာကို ထည့်လို့ 

ငရဲခန်းက ပြန်ခဲ့မည်။ 

 


တစ်ချိန်ကကျွန်တော်