ရူပဗေဒ သီအိုရီ တစ်ခုမှာ တစ်ချို့အသံတွေကြောင့် နှလုံးခုန်မြန်သည်လို့ ဆိုညွှန်းထားသည်ကို ကျွန်တော် ဖတ်လိုက်ရသည်။ ကျွန်တော် ပြုံးလိုက်မိသည်၊ နောက်ခေါင်းငြိမ့်လိုက်သည်။ ပြီးနောက် ကျွန်တော် တစ်ကိုယ်တည်း သဘောကျစွာ ရယ်မောလိုက်ပါသည်။ ထိုအပြုံးက ရူပဗေဒ သီအိုရီမဟုတ်လည်း အသံတွေကြောင့် လူတွေ နှလုံးခုန်မြန်သည်ဆိုတာကို ယုံကြည်ထားခြင်းကြောင့်ပင်၊ ကျွန်တော်၏ ခေါင်းငြိမ့်ခြင်းက ထိုသီအိုရီအား အပြည့်အ၀ထောက်ခံ ခြင်းကြောင့်ပင်ဖြစ်လိမ့်မည်။ ရယ်မောမိခြင်းကတော့ Live ထဲက ကလေးဆန်သော သူမ၏ အသံကြောင့်ပင်ဖြစ်ချေမည်။ ထိုအသံလှိုင်းများမိနေသည့်အချိန်ဆို ကျွန်တော်၏ နှလုံးခုန်သံများလည်း မြန်နေလိမ့်မည်ဟု စာဖတ်ပရိသတ်များ ထင်နေပေလိမ့်မည်။ အမှန်ထိုသို့ မဟုတ်ပေ။ နှလုံးခုန် မြန်နေခြင်းမှာ ရာသီဥတု ပူအိုက်ခြင်း နှင့် အကြွေးပူကြောင့်ပင်ဖြစ်လိမ့်မည်။ ဤသို့ အမှန်အတိုင်း ပြောလိုက်လျှင် သူမ ကျွန်တော့်အား စိတ်ဆိုး နေပေလိမ့်မည်။ ဒါကြောင့် သူမ၏အသံကြောင့်ပင် ကျွန်တော်၏နှလုံးခုန်သံ မြန်နေသည်လို့ပင်ဆိုကြပါဆို့။ သူမ၏ မခို့တရို့ရီသံ လွင်လွင်လေးနှင့် စကားပြောသံလေးများ ညည ကျွန်တော့်ထံ ခလုတ်လာလာတိုက်မိခြင်းသည် အသံကြောင့် ဖားသေဆိုသကဲသို့ သူမ၏ အသံလွင်လွင်လေးကြောင့် ကျွန်တော်၏ နှလုံးသားတစ်စုံ ဒဏ်ရာမရှိပဲ သေဆုံးသလိုလိုပင် ဖြစ်နေချေ၏။ ဒါကို အချစ်လို့ကျွန်တော် ခေါင်းစဉ်မတပ်ချင်ပါ။ ခေါင်းစဉ်တပ်မည်ဆှိုလျှင်လည်း ခေါင်းစဉ်ဆိုသော အနေအထား အောက်တွင်သာ ရှိပေလိမ့်မည်။ ကျွန်တော်သူမအား အဖြူစင်ဆုံး မြတ်န်ိုးခြင်းဖြင့်သာ ကျွန်တော် မြတ်နိုးလိုပါ၏။
ကိုယ်တိုင်ပျော်ရွင်မှ တစ်ဘက်လူကိုကိုယ်က ပျော်ရွင်အောင်ထားနိုင်မှာပေါ့ဟု သူမပြောဖူးပါသည်။ ထိုစကားကို ကျွန်တော် အကြိမ်ကြိမ် အဖန်ဖန်တွေး အကြိမ်ကြိမ်အဖန်ဖန် သဘောကျစွာ မကြာခဏဆိုသလို ပြန်တွေးမိတိုင်း ပြုံးနေမိတတ်သည်။ ကျွန်တော့်အတွက် ပျော်ရွင်မှုဆိုတာ ကျွန်တော်အိပ်နေတုန်း ထထယောင်တတ်တဲ့ကောင်ပါ။ ယခုတော့ ထိုယောင်တတ်တဲ့ကောင် နှင့် ကျွန်တော့်အိပ်နေတုန်း လာလာခလုတ်တိုက်တတ်သော သူမ၏အသံ လွင်လွင်လေးတို့ ဆုံကြချေလေပြီ။ အဖြေက ပျော်ရွင်မှုတွေ လိုင်စင်မလို၊ လျှောက်လွှာမလိုပဲ အချင်းချင်း ဖလှယ်ကြသည် ဆိုခြင်းပင်။ ကျွန်တော် အလွန်ပျော်ပါသည်၊ သူမလည်းပဲ ပျော်နေမည်ဟုထင်သည်။ သို့ပေမယ့် ပျော်ရွင်မှုကို ဆက်လက်ထိန်းဖို့ စာချူပ်တစ်စောင်လောက်တော့ ချူပ်ရမည်ဟု သူမ၏အသံထိန်းနတ်က ပြောလာသည်။ စာချုပ်ထဲတွင် နာကျင်မှုမရှိသောခံစားမှုဖြင့် အမြဲပြုံးနေပေးပါဟု ဆိုထားသည်။ ကျွန်တော်ကြည်ဖြူစွာပင် လက်ခံလိုက်သည်။ ကျွန်တော့် အတွက် အပြုံးတုများကို ဘဝကများစွာသင်ပေးခဲ့ပြီးဖြစ်သည်။ ကျွန်တော် နာကျင်ခဲ့မည်ဆိုလျှင်လည်း ထိုနာကျင်မှုကို အပြုံးတုနဲ့ ဖျေဖြောက်ထားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမည်ပင်။ ကျွန်တော် ပြုံးလိုက်မိပြန်သည်။ အပြုံးတုဖြင့်တော့ မဟုတ်ပေ။ သူမအကြောင်းတွေးပြီး မြတ်နိုးစွာပြုံးလိုက်မိခြင်းပင်။
သင်္ကြန်ရေ ဆိုသည့်အရာသည် လူတိုင်းလူတိုင်း သူတို့ အမြတ်အနိုးဆုံးလူကို ပထမဦးဆုံး ပတ်ဖြန်းချင်ကြသည်၊ လောင်းချင်ကြပေသည်။ ကျွန်တော်လည်း ထိုလူတွေများကဲသို့ပင်။ ဒါကြောင့်ပင် ကျွန်တော်၏ သင်္ကြန် အကြိုရေလောင်းခြင်းသည် သူမသာဖြစ်ခဲ့သည်ဆိုတာကို စာဖတ်သူတို့ တွေးကြည့်နေစရာတောင်မလိုဟု ကျွန်တော်ပြောရဲပါသည်။ ဒါကြောင့် သူမသည် ကျွန်တော် အမြတ်အနိုးဆုံးသော လူတစ်ယောက် ဖြစ်သည်ကို ချွင်းချက်မရှိ လက်ခံပေးစေလိုသည်။ ကျွန်တော် မေတ္တာရပ်ခံနေခြင်း မဟုတ်ပေ။ မြတ်နိုးကြောင်းကို သက်သေပြနေခြင်းပင်။ ထို့အတွက် သူမ ဝမ်းနည်းခဲ့မည်ဆိုလျင် …………………. ကျွန်တော် ဆက်မတွေးချင်တော့ပါ။ ဆက်လည်းမရေးချင်တော့ပါ။ သူမကို မြတ်နိုးကြောင်း ဆက်လက်ရေးဖွဲ့ နေမည်ဆိုလျှင် ကျွန်တော် မသတ်မှတ်ချင်သော အချစ်ကြောင်းတွေ ပါလာမည်ဆိုးသောကြောင့်ပင်။ ယခုတော့ ကျွန်တော့်က နေ့တပိုင်းပျော်ရွင်နေနိုင်ပြီဖြစ်သော လူသား တစ်ယောက် အသွင်တဖြေးဖြေး ဆန်လာပေသည်။ နာရီလက်တံကလည်း တရွေ့ရွေ့နှင့် ကျွန်တော့် နှလုံးခုန်သံကလည်း ဒုတ် .. ဒုတ် .. ဒုတ် .. ဒုတ် ဖြင့်ပေါ့။ သူမ ခလုတ်လာတိုက်ဖို့ ကျွန်တော် စောစီးစွာ အိပ်စက်ရပေဦးမည်။
ဂွဒ်နိုက်ပါ …
မကြာခင် သူမ လာတော့မည်။ ကျွန်တော် အပြုံးများဖြင့် ဆီးကြိုရပေဦးမည်ပင်။
#တစ်ချိန်ကကျွန်တော်

No comments:
Post a Comment