Wednesday, March 3, 2010

~ ၁၅၀၀ အချစ်အား လေ့လာခြင်း ~





လူတွေ၏ ပါးစပ်ဖျားတွင် ရေးပန်းအစားဆုံး စကားတစ်ခွန်းပြောပါဆိုလျှင် "အချစ်" လို့ ကျွန်တော်ချက်ချင်း ဖြေမိပါလိမ့်မည်။ ကျွန်တော် လျှောက်ပြောနေခြင်း မဟုတ်ပါ။ ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်း အခုချိန်ထိ မပြောင်းလဲပဲ တည်တံ့ပြီး ကျန်ရစ်ခဲ့တဲ့စကားက "အချစ်" ပင်ဖြစ်သည်။ ဒါကြောင့်ပင် ဒီ "အချစ်" ဆိုသည့်စကား ဘာကြောင့်များ ယခုချိန်ထိ တည်တံ့နေခြင်းကို ကျွန်တော်စူးစမ်းမိသည်။ ရှာဖွေမိသည်။ ကျွန်တော်ကိုယ်တိုင် ဤသို့လေ့လာမိခဲ့ပါသည်။  
.
အချစ်ဆိုသည်မှာ ဘယ်တော့မှ ဖြောင့်တန်းတည့်မတ်ခြင်း မရှိသော စိတ်ခံစားမှုတစ်မျိုးပြီး ချစ်ခြင်းကို ခွဲခြမ်း စိတ်ဖြာကြည့်မည်ဆိုလျှင် တစ်မျိုးတည်းတွေ့ရမည်မဟုတ်ပေ။ လူတစ်ချို့ကပြောကြသည်။ ရိုးရိုးလေးပါပဲ "ငါမင်းကိုချစ်တယ်" တဲ့၊ တသမတ်တည်း ရိုးရိုးလေးထင်ရပေမယ့်၊ ခံစားသူရဲ့ ခံစားမှု အတွေ့အကြုံတွေ ရောနှောချက်တွေကြောင့် အချစ် ဆိုတာ မတူညီတဲ့ အရသာ ၄ မျိုးကွဲထွက်သွားသည်။ ကျွန်တော်ပြောခြင်း မဟုတ်ပါ။ ဂရိစာပေ ပညာရှင်များ ပြောခဲ့ခြင်းသာဖြစ်သည်။
Romantic Love (စိတ်ကူးယဉ်ဆန်သော အချစ်)
လူတိုင်း အချစ်နှင့် ကြုံတွေ့လာလျှင် ကိုယ်ချစ်တဲ့သူ (သို့) ကို့ကိုယ် ချစ်တဲ့သူထံဆီမှ romantic ဆန်ဆန် ကမ်းလှမ်းလာမှု မျိုးကိုမျှော်လင့်တတ်ကြသည်။ မိတ်ဆွေတို့ကို ကျွန်တော် တစ်ခုမေးချင်ပါသည်။
Romantic Love ဆိုတာဘာလည်း ?
 သေချာကောသိကြရဲ့လားဗျ။ ကျွန်တော်က သေချာမသိလို့မေး ခြင်းဖြစ်သည်။ Romantic Love ဆိုတာ လူနှစ်ဦး ပန်းခင်းမွေ့ယာပေါ်အိပ်ပြီး၊ ကာလရှည် ကမ္ဘာပတ်ပြီး picnic ထွက်သည့်အရာသာမျိုး၊ နှစ်ဦးနှစ်ဖက်လုံး ရုပ်ရည်ပြေပြစ်ချောမောပြီး၊ စီးပွားရေးအတွက် ပူစရာမလိုပဲ သက်တောင့်သက်သာ နေထိုင်နိုင်သည့် အနေအထားမျိုးကိုဆိုလိုသည်။ ဒါမျိုးက လူ ၁ သန်းမှာ တစ်ယောက်သာ တွေ့ကြုံနိုင်လောက်တဲ့ အခြေအနေအမျိုးပင်။ အခုလက်ရှိ ကမာ္ဘ လူဦးရေ သန်း ၆၅၀၀ ကျော်ရှိတယ်။ ဒါကြောင့် ဒီလို Romantic love မျိုးပိုင်ဆိုင်နိုင်တဲ့သူ ၆၅၀၀ သာရှိပါလိမ့်မယ်။ မိတ်ဆွေ အထင်မကြီးပါနှင့် ဒီအထဲမှာ ကျွန်တော်မပါပါ။
များသောအားဖြင့် လူအများစုက romantic love ကိုရှာဖွေကြည့်ကြသည်။ ဒီအထဲမှာ ကျွန်တော်ပါကောင်းပါနိုင်ပါသည်။ အစပိုင်းမှာတော့ အားလုံးက romantic ဆိုတဲ့အရသာကို ခံစားမိလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး တဖြည်းဖြည်းနဲ့ romantic ဆိုတဲ့အရသာ ပျောက်သွားပြီး တစ်ယောက်နဲ့ တစ်ယောက်ငြင်းခုန် အပြစ်တင်ရင်းနဲ့ romance ဟာ sad ဆိုတဲ့ အသွင်ပြင်ကို ကူးပြောင်းသွားတာကို တွေ့ရလိမ့်မည်။ နောက်ပြီး တစ်ခါတစ်လေ လူတွေက romantic love နဲ့ sex ကိုသေချာ ကွဲပြားမှုမရှိသေးပေ။ sex ကြောင့်သာယာမှုကို romantic love လို့ခံယူထားတတ်ကြသည်။ ကျွန်တော်ဒီလိုပြောလို့ romantic love နဲ့ sex ကဒွန်တွဲနေတယ်လို့ပြော ခြင်းမဟုတ်ပါ။ ခွဲခြားမြင်စေလို၍ ဖြစ်သည်။
.
Sexual Love (ရမ္မက်ပြင်းသော အချစ်)
ကောင်မလေး (သို့) ကောင်လေး တစ်ယောက် မြင်မြင်ချင်း နှစ်နှစ်ကာကာချစ်သွားမိပြီဆိုပါဆို့။ သင့်ရဲ့ နှလုံးခုန်သံဟာ တော်တော်လေးကို လှုပ်ရှားမိနေလိမ့်မည်။ သင့်ရဲ့ အသက်ရှုသံတွေကလည်း ပုံမှန်ဟုတ်လိမ့်မည်မဟုတ်ပေ။ ဒါကို love at first sight  လို့ခေါ်နိုင်မလား? သင်တို့ ချစ်သူနှစ်ဦး သွားလာလှုပ်ရှားနေတဲ့အချိန်မှာ တစ်ယောက်နဲကတစ်ယောက် ချစ်စိတ်ဒီဂရီတွေက လိုသာထက်ပိုပြီး sexual ဘက်ကိုအသားပေးချင်တဲ့စိတ်ကပိုများနေတဲ့အခါ ဒါကကော သင့်အနေနဲ့ ဒါကို ဘဝလက်တွဲဖော် (သို့) နောက်ဆုံးအချစ်ပဲလို့ထင်နေသလား ? အမှန်တော့ ဒါတွေက ရေတိုအချိန်မှာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။  အချိန်အနည်းငယ်ယူပြီး ကိုယ်ချစ်တဲ့လူရဲ့ အမှုအကျင့် တစ်ယောက်အပေါ်တစ်ယောက် ဘယ်လို လွှမ်းမိုးနေသလဲဆိုတာ လေ့လာကြည့်ရင်း။ ကိုယ့်ချစ်သူဘယ်လိုလူ ငါတို့ချစ်ခြင်းဟာ ဘယ်လိုအချစ်မျိုးလည်းဆိုတာ သံသယကင်းစွာ သင်မြင်ရပါလိမ့်မယ်။ ဒါက  နှစ်ယောက်လုံးက relation together is sex ဆိုတာကို နှစ်ယောက်သား ခုံမှင်နေလို့ပင်။ ဒါတွေက ရမ္မက်၊ရာဂ  တွေပင်။ ဒါကိုသင်တို့ တစ်ဦးပေါ်တစ်ဦး သင်လည်း သူ့အပေါ်အရမ်းချစ်သည်၊ သူလည်း သင့်အပေါ်အရမ်းချစ်သည်လို့ ရူးမိုက်စွာမယုံကြည့်လိုက်ကြပါနှင့်၊ သင်တို့နှစ်ယောက်လုံး (သို့) တစ်ယောက်က အချစ်စိတ် ကုန်ခမ်းသွားသည့်တစ်နေ့ သင်တို့ တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်မထားနိုင်တော့ပဲ အရမ်းချစ်ကြပါသည်ဆိုသော သင်တို့နှစ်ယောက်လုံး တစ်ယောက်မရှိပဲ တစ်ယောက် နေနိုင်သွားမည်။ အကယ်၍များ သင့်အနေဖြင့် ချစ်တဲ့သူနှင့်အတူ နေဖူးပြီး ကွဲကွာသွားသည့်အခါ ဘာခံစားချက်မျှ ရေးရေးလေးမျှမ၇ှိတော့လျှင် သင့်ကိုသင် ပြန်သုံးသပ်ပါ။ ဒါက သင်သည် Sexual Love ကိုခုံမှင်ခဲ့မိသည်ဆိုခြင်းပင်။ ဟုတ်လည်းမဟုတ်ပဲနဲ့လို့ သင့်ပါးစပ်က ကျွန်တော့်အားပြောချင်ပြောနေလိမ့်မည်။ သို့သော် သင့်စိတ်ထဲမှာ ကျိတ်ပြုံးနေသည်ကို ကျွန်ုပ်မြင်နေ၇သည်ကို သင်မမေ့ပါနှင့်။ နတ်မျက်စိရှိသည်။
.
Obsessive Love (ခပ်ကြောင်ကြောင် အချစ်)  
သင်ကောင်မလေး တစ်ယောက်အား ခပ်ကြောင်ကြောင်ရူးသွပ်စွာ ချစ်ဖူးပါသလား?
ချစ်ဖူးခဲ့သည်ဆိုလျှင် သင်သည် obsessive love အချစ်သမားဖြစ်ခဲ့သည်လို့ ပြောလို့ရပေသည်။ obsessive love သမားများသည် သူ ဦးတည်ချက်ထားသော သူများသို့ချည်းကပ်ရာတွင် သာမန်လူထက် ပိုကဲ ပိုဆန်းစွာ ချည်းကပ်တတ်ကြပြီး တစ်ဘက်လူအချစ်ကို မရရင် ရူးတော့မလို သေတော့မလို လုပ်ပြပြီး တစ်ဘက်သားအချစ်ကို သိမ်းသွင်းတတ်ကြသည်။ ဥပမာ - အိပ်ခန်းနံရံအပြည့် ချစ်တဲ့လူ၏ အလှဓါတ်ပုံများကပ်ထားခြင်းအပြင်၊ နေ့ရောညပါ ၂ နာ၇ီခြားတစ်ခါ ဖုန်းဆက်ခြင်း ဖြင့် အချစ်ကြီးသမားတစ်ယောက်နှယ် လုပ်ပြတတ်သေးသည်။ ဒါပေမယ့် အချို့ obsessive love သမားများသည် တစ်ဘက်သက်၊ အုံပုန်ုး အချစ်သမားအဖြစ်လည်း နေတတ်ကြသည်။ သူတို့သည် သူတို့ချစ်တဲ့သူနားထံ အကြောင်းအမျိုးမျိုးပြပြီး ကပ်နေတတ်ကြသည်၊ တစ်ဘက်လူမှ ဘာတုန့်ပြုံမှုမှမရှိ၊ ချစ်ဟန်မပြလည်း ဂရုမစိုက် သူတို့အတွက် ပြန်ချစ်ချစ် မချစ်ချစ် ချစ်တဲ့သူနားနေရဖို့သည် သူတို့အတွက်ပျော်ရွင်မှုပဲဆိုတာကို လက်ကိုင်ထားသည့် ခပ်ကြောင်ကြောင်အချစ်သမားများပင်။ နောက်ဆုံး obsessive love သမားအများစု၏ ဇာတ်သိမ်းက တစ်ဘက်လူ၏ ငြင်းပယ်ချက်ကိုခံရပြီး အသည်းကွဲခြင်းကို ခံစားရခြင်းပင်။ ဒါကြောင့် obsessive love (ခပ်ကြောင်ကြောင်အချစ်သမား) များသည် စချစ်ကတည်းက နာကျင်မှုနှင့် စပြီး ဇာတ်သိမ်းတွင်လည်း နာကျင်မှုဖြင့်သာ အဆုံးသတ်ကြပေသည်။
မိတ်ဆွေ … သင်သည်လည်း စချစ်ကတည်းက အချစ်ကြောင့်နာကျင်သည့် ဝေဒနာခံစားနေရပြီ ဆိုလျှင် သင်သည်လည်း obsessive ဆိုတဲ့ ခပ်ကြောင်ကြောင် အချစ်သမားဖြစ်ဖို့ လမ်း၀ သို့ရောက်နေပြီကို သတိထားသင့်ပေသည်။ နောက်ပြီး Obessive Love သမားအများစုမှာ မိန်းကလေးအများစု ထံတွင်သာတွေ့၇တတ်ပေသည်။ ဘယ်စာကိုးကားချက်မှမပါပါ။ ကျွန်တော့်အား အိမ်မက် ထဲမှ ဘိုးတော် တစ်ပါးကပြောသွားခြင်းဖြစ်သည်။ သင်မယုံလျင် သင်သည် Obessive Love ဆိုတဲ့ ခပ်ကြောင်ကြောင် အချစ်သမား ဖြစ်နေလို့ပင်။ မဆိုင်ဘူးလို့မပြောပါနှင့် ဆိုင်လိုက်လျင် သင်သည် အရာရာကို အောင်မြင်နိုင်သူ တစ်ယောက်ဖြစ်လာလိမ့်မည်။
.
Platonic Love (အဖြူရောင် အချစ်)
တော်တော်များများ Platonic Love ဆိုသည့်အကြောင်းကို ကြားဖူးကြမည်ဟုထင်သည်။ Platonic Love သည် မိဘက သားသမီးကို ချစ်သလိုအချစ်မျိုး၊ ညီအကိုမောင်နှမအချစ်မျိုး၊ သူငယ်ချင်းအချစ်မျိုးပင်။ မြန်မာတွေခံယူထားသော ၅၂၈ ချစ်ခြင်းနှင့် အလားတူသည်။ Platonic Love တွင် ရုပ်ပိုင်းဆိုင်ရာ နှင့် လိင်ပိုင်းဆိုင်ရာ ရောနှောမှုများမပါသော အဖြူရောင် သက်သက်ပင်ဖြစ်ပြီး၊ တစ်စုံတစ်ယောက်အတွက် လေးနက်သော ဂရိုစိုက်မှုတွေပါသည်။  Platonic Love သည်ဘဝအတွက် လုံခြံမှုတွေပါသည်။ သင်တို့တစ်ယောက်နှင့်တစ်ယောက် အသက်ကြီးသည်အထိ နားလည်မှုများစွာဖြင့် သေဆုံးသည်အထိ လက်တွဲသွားနိုင်သည်။ ဘဝရဲ့ဒဏ်ချက်တွေကို အတူတူ မျှဝေခံစားမည်၊ ရယ်စရာရှီ ရယ်မည်၊ ငိုစရာရှိလည်း အတူတူငို နိုင်မည့်အချစ်မျိုးဖြစ်သည်။ မိန်းကလေးတော်တော်များများ platonic love ကိုသဘောကျကြသည်။ သို့သော်သဘောသာ ကျ၍လိုက်နာကျင့်သုံးဖို့ အလွန်ပင်အားနည်းပါသည်။ ယောက်ျားလေးတော်တော်များများ မှာတော့ Platonic Love အားလက်ခံသူ၊ လိုက်နာနိုင်သူ ၁၀ သန်းမှာတစ်ယောက်သာရှိပေလိမ့်မည်။ မိတ်ဆွေ ထို ၁၀သန်း ထဲက တစ်ယောက်တွင် လည်း ကျွန်တော်မပါပေ။
.
1500 Love (သမီးရည်းစား အချစ်)
လူအများစုသည် ၁၅၀၀ အချစ်ဘယ်က ဆင်းသက်လာသည်ကို သေချာစွာမသိပဲ တစ်ယောက်က ၁၅၀၀ အချစ်လို့ ဆိုလိုက်သည်နှင့် ၁၅၀၀အချစ် လိုက်ပြောချင်သူကများနေသည်။ ကျွန်တော် ၁၅၀၀ အချစ်နှင့် ပက်သက်ပြီး အဖြစ်အပျက်လေးတစ်ခုကိုပြောပြပါမည်။ ကျွန်တော်အရင်က ဟိုတယ်တစ်ခုတွင် ညဆိုင်း အလုပ်လုပ်ပြီး section ၂ ခုအားတွဲကိုင်ရသည်။ Section တစ်ပိုင်းသည် ညနေ ၆ နာရီကတည်းကစပြီး၊ reception ပိုင်းကိုတော့ ည ၁၀ နာရီမှာ စတာဝန်ယူရပါသည်။ ဖြစ်ပုံက ကျွန်တော့်ရှေ့ပိုင်းတွင် တာဝန်ယူနေသည့် receptionist မမက နိုင်ငံခြားသား တစ်ယောက်နှင့် စကားလက်စုံကြနေသည်။ ထိုမမက သူမ၏အချစ်ကိုထင်မြင်သည့် အကြောင်းများကို ဝေဝေဆာဆာကြီးပြောပြနေသည်။ ထို နိုင်ငံခြားသားကလည်း စာ၇ေးဆရာလို့ တော့သူ့ကိုယ်သူတော့ ပြောသည်။ ဒါကြောင့် receptionist မမက ဟိုဖြူဖြူနိုင်ငံခြားသားစာ၇ေးဆရာ အားစာမူပေးနေပုံရသည်။ နောက်သူတို့ပြောနေတာ ကျွန်တော်လည်း စိတ်ဝင်စားသွားပြီး အနားမှာ သွားနားထောင်နေလိုက်သည်။ သိပ်မကြာပါ receptionist မမ အမေးကြောင့် ဟိုစာ၇ေးဆရာ အတော်အကြပ်ရိုက်သွားပုံရသည်။ receptionist မမ မေးလိုက်သည်က။
"ရှင် ၁၅၀၀ အချစ်ကို ဘယ်လိုမြင်တုန်း"
"ဗျာ"
"၁၅၀၀ အချစ်လေ"
"၁၅၀၀ အချစ်ဝတ္တုတိုလား Shake Spear ရေးတာကိုပြောတာလား"
"မဟုတ်ဘူးလေ"
သူတို့ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပတ်နေတော့ ကျွန်တော်လည်း ကြားထဲက မနေတာတော့ပဲ ဝင်ပြောလိုက်ရတော့သည်။ ကိုကိုနိုင်ငံခြားသားကြီးခင်ဗျ … Romantic Love, Sexual Love, Obsessive Love & Platonic Love ကိုသိလားလို့မေးလိုက်သည်။ ကိုကိုနိုင်ငံခြားသားကြီးကလည်း "YES" ဆိုပြီးတစ်လုံးတည်းပြန်ဖြေသည်။ ဒါနဲ့ ကျွန်တော်လည်း ဆက်ရှင်းရတော့သည်။ 1500 love ဆိုတာ ကျွန်တော့်တို့ မြန်မာဗုဒ္ဓဘာသာက သတ်မှတ်ထားသည့် အချစ်တစ်မျိုးပါလို့။ Romantic Love, Sexual Love နဲ့ Obsessive Love သုံးခုရောထားတဲ့ ချစ်ခြင်းမျိုးလို့ရှင်းပြလိုက်သည်။
ဟိုအဖြူကောင်ကလည်း ဟုတ်လားဆိုပြီး သူ့စာအုပ်ထဲမှာ ချက်ခြင်းထုတ်မှတ်တော့သည်။ ကျွန်တော်ကတော့ ၁၅၀၀ အချစ်ဆိုတာ ဘယ်ကဆင်းသက်လာမှန်းမသိတဲ့ အချစ်ဆရာမကြီး receptionist မမကိုတော့ အလေးတစ်ချက်ပြုလိုက်သည်။
ဘာရယ်မဟုတ်ပါဘူး ကျွန်တော် အကျင့်ပါနေလို့ပါ။
မိတ်ဆွေ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောကြသည်။
၁၅၀၀ အချစ်က ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၄/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစာ္ဆ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)

အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -
- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး

ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -
( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်)

မိတ်ဆွေ ဒီလောက်ဆိုရင် ၁၅၀၀ အချစ်ရဲ့ အဓိပ္ပာယ်ကို သဘောပေါက်လောက်ပြီထင်သည်။ အမှန်တော့ ချစ်ခြင်းဆိုတာ တူညီနိုင်သည့်ချစ်ခြင်းမျိုး တစ်ယောက်နဲ့ တစ်ယောက်ပိုင်ဆိုင်ထားနိုင်လျှင် အကောင်းဆုံးပင်။ ဥပမာ- Romantic Love (ယောက်ျား) + Romantic Love (မိန်းမ) ဆိုအဆင်ပြေသည်။ Sexual Love (ယောက်ျား) + Platonic Love (မိန်းမ) ဆိုလျှင်တော့ အဆင်မပြေနိုင်ပေ။ ဒါကြောင့် တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းတွေ တူညီဖို့လိုသည်။ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပင်။ သင့်အနေနှင့် ကျွန်တော်အားချစ်တော့မည်ဆိုလျှင်  Romantic Love, Sexual Love, Obsessive Love, Platonic Love နှင့် ၁၅၀၀ အချစ် ဘယ်အချစ်နဲ့ ချစ်ပေးရမည်ဆိုတာကိုပါ ကြိုတင် Booking လုပ်ထားနိုင်သည်။ ဒါမှသာ သင်လိုချင်သော ချစ်ခြင်းဖြင့် ထပ်တူကျအောင် ကျွန်တော်ချစ်ပေးနိုင်မည်ဖြစ်သည်။
ကဲ First Come First Serve နော် …

တစ်ချိန်ကကျွန်တော်