Wednesday, August 28, 2024

~ ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ ~




ကျွန်တော်က ကိုယ်ပိုင်အမှတ်  ၁၀၇/၂၄ ။ တပ်သားစုဆောင်းရေး ကပေးသည့် ကျွန်တော်၏ ကိုယ်ပိုင်အမှတ်ပေါ့။ ကျွန်တော်၏ တပ်ရင်းမှူးက စုစု။ နာမည် နှင့် လိုက်အောင် အချစ်တွေစုသည့်နေရာ သိပ်တော်သည်။ ကျွန်တော်က သူမကို စုလေး ဟုခေါ်သည်။ သူမ ကျွန်တော့်ကို ခေါ်သည်က 'ကိုကို၁၀၇' ။ နာမည်ကြီးက ဆာလိုက်တာဗျာ။ ဒီကမ္ဘာမှာ ကိုယ်ပိုင်အမှတ်စဉ် နှင့် ချစ်ခွင့်ရသည့် ကျွန်တော်က 'ကိုကို၁၀၇' ပေါ့။ 


စုလေး သည် အချစ်၀တ္တုတွေ မဖတ်သည့် ကရင်မလေး တစ်ယောက်ဆိုပိုမှန်မည်။ သူမ ပြောဖူးသည် "အချစ်၀တ္တုတွေကို မကြိုက်ဘူး .. စာအုပ်ထဲနှင့် လက်တွေ့က တစ်ခြားဆီပါ .. ကိုကို၁၀၇ သိလား' တဲ့ ။ ဟုတ်ချင်လည်းဟုတ်မှာပေါ့လေ .. ဒါကြောင့် ကျွန်တော်၏ ကိုယ်ပိုင်အမှတ်က ၁၀၇/၂၄ ဖြစ်နေတာဖြစ်မည်။ 


'စာရေးဆရာ၏ ပေးဆပ်မှု နှင့် ဖတ်တဲ့သူ၏ ခံစားမှုတွေ ထပ်တူကျရင် .. အချစ်၀တ္တုတွေက လက်တွေ့ကျနိုင်တာပဲလေ' လို့ ကျွန်တော်ပြောရင်။ 'အင်းပေါ့ .. အင်းပေါ့' ဟုခေါင်းလေးငြိမ့်လျက် မျက်နှာပေးကတော့ ယုံကြည်ဟန်မရှိသည့်ပုံ။ ဒါကြောင့်ပင် သူမ အချစ်ကို ယုံကြည်လာအောင် ကျွန်တော်ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ (သို့) သူမအခေါ် 'ကိုကို၁၀၇' ကို တာဝန်ခန့်အပ်ထားသည်ပင် မဟုတ်ပေလား။ တစ်ပါးသူ၏ ချစ်ခြင်းတွေထဲက အချစ်ကို လိုက်ရှာရင် 'စုလေး' ချစ်ခြင်းကို ယုံကြည်ဖို့ ခက်သည်ပေါ့။ 'စုလေး' လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ကြည့်ပါ ။ ချစ်ခြင်းတွေကို ကို့ဘက်ကပဲ အရင်ဖြန့်ဝေပါ ။ ဒါမှသာ ချစ်ခြင်းတွေက စုလေးကို ယုံကြည်လာသလို ၊ စုလေးကလည်း ချစ်ခြင်းကို ယုံကြည်လာလိမ့်မယ်လေ။ 


သူမကပြောသည် တစ်ချိန်ကျရင် သူမ၏ အကြောင်းကို စာအုပ်ထုတ်ချင်သည် 'ကိုကို၁၀၇' တဲ့။ သူမ၏ဇတ်လမ်းတွေကို ပြောပြရရင် တစ်ထောင့်တစ်ညပုံပြင်ထက်မက မုဆိုးမလေး မဂင်္ဂါ ဇတ်လမ်းထက်တောင် ရှည်ဦးမည်လို့ဆိုသည်ပင်။ ကျွန်တော် ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ လည်းတွေးမိသည်။ ကျွန်တော်၏ အခန်းသည် Season ဘယ်လောက်၏ Episode ဘယ်လောက်မှာများ ပါသွားလိမ့်မည်ဆိုခြင်းပင်။ 


ကျွန်တော်၏ တပ်ရင်းမှုး စုစု (ခေါ်) စုလေး သည် အင်မတန်ချစ်စရာကောင်းပါသည်။ သူမ၏ ချစ်တပ်စုဆောင်းရေးမှာ ကျွန်တော်သည် နောက်ဆုံးတပ်သားပဲ ဖြစ်ချင်၏။ သို့သော်ငြားလည်း အမြဲဗီလိန်ခန်း နှင့် ဇာတ်ပို့ အခန်းတွေသာ ရိုက်ခဲ့သူမို့ ။ ဒီဇာတ်လမ်းမှာလည်း ကျွန်တော်ကိုယ်ပိုင်အမှတ် 'ကိုကို၁၀၇' သည် ဖြတ်လျှောက်ဆိုသည့် ပုံပြင်လေးတစ်ပုဒ် အဖြစ်သာ ကျန်ရှိနေဦးမည်ဆိုသည်ကို တွေးလျက်။ 


'ကိုကို၁၀၇ .. ကိုကို၁၀၇ ရေ .. ဒီမှာ ခေါ်နေတယ်လေ'


' ရှိ ' .... ။



တစ်ချိန်ကကျွန်တော် 

No comments: