ကျွန်တော့်ဘ၀မှာ အမြဲလက်ကိုင်ထားသည့် ဆောင်ပုဒ် (၂) ခုရှိသည်။ 'Seeing is Believing' မြန်မာလိုဆို မြင်မှယုံပေါ့ဗျာ။ အထောက်အထားခိုင်လုံခြင်းမရှိသည့် မည်သည့်ကိစ္စမဆို လက်တွေ့မကျ မမြင်ရရင် ဘာမျှ မယုံနှင့်ဆို ပိုမှန်မည်။ နောက်တစ်ခုက 'Action Never Lies' အပြုအမူလုပ်ဆောင်ချက်တွေက မလိမ်ဘူးမညာဘူးပေါ့။ လူတစ်ယောက်က ဘယ်လောက်ပင် အပြောကရွှမ်းရွှမ်းဝေအောင်ပြောနေပေမယ့် သူပြောသည့်စကားနှင့် လက်တွေ့လုပ်နေသည့် အရာက ဒီလူတစ်ယောက်ကို အကဲဖြတ်ပေးနိုင်သည်လို့ ပြောရင်လည်းရသည်ပေါ့။ ကျွန်တော် ဒီဆောင်ပုဒ် ၂ ခုကို စိတ်နှလုံးသွင်းပြီး အမြဲကျင့်ကြံတယ်လို့ ပြောရင်ပိုမှန်လိမ့်မည်။
ဖြူလေးက ကျွန်တော့်ကို သတိပေးဖူးသည်။ 'ကိုကြီး .. မလီလီက ချစ်သူရှိတယ်နော် .. မကြိုက်နဲ့ .. ကိုကြီးပဲခံစားရလိမ့်မယ်" ကျွန်တော်သည် ဖြူလေး ပြောသည်ကို ဘယ်ဘက်နားက နားထောင်ပြီး ညာဘက်နားက ထိုစကားတွေကို စွန့်ထုတ်ခဲ့သည်လေ။ အမကို သိပ်ချစ်သော ညီမ တစ်ယောက်အတွက် ဒဏ်ရာများစွာနှင့် ရှင်သန်နေသည့် အကိုကြီးတစ်ယောက်ကို သူ့အမ လီလီ နှင့် မဖြစ််စေချင်လို့ပဲဟု ကျွန်တော်ယူဆ မိခဲ့သည်။ ဘာကြောင့်လည်းဆိုခဲ့ရင် 'Seeing is Believing' ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျွန်တော် သိနေခဲ့သည့် လီလီ သည် ချစ်သူရှိဟန် မတူသေးသည့် ပန်းပွင့်လေး တစ်ပွင့်နှင့်တူသည်။ ဒါ့အပြင် 'Action Never Lies' ဆိုသည့် ဆောင်ပုဒ်လို လီလီ နှင့် သူ၏ ချစ်သူဆိုသော အမှတ်တရ စာစု လေးက အစ ဓါတ်ပုံများ မတွေ့ရှိခဲ့ခြင်းက လီလီ မှာ ပိုင်ရှင်မရှိသည်လို့ ကျွန်တော်ယူဆခဲ့သည်လေ။
ပန်းချီကားတွေက နှလုံးသားများ၏ ပုံရိပ်ဆိုလျှင် ဓါတ်ပုံဆိုသည်က စကားပြောသော ဓါတ်ပုံများဆို ပိုမှန်မည်။ လီလီ နှင့် သူမ၏ ချစ်သူ ဓါတ်ပုံ story တွင် တင်ထားသည်။ 'လွမ်းတယ်ကိုကို .. ဟိုမှာ အစစအရာရာဂရုစိုက်နော်'ဆိုသည့် ချစ်စရာ Caption လေးနှင့် လွမ်းကြောင်း ချစ်ကြောင်းကို သူတို့ နှစ်ယောက် အပြုံးတွေကို မြင်ယုံနှင့်သိနိုင်သည်လေ။ ထိုဓါတ်ပုံလေးကို မြင်မြင်ခြင်း ကျွန်တော်ရှော့ရသွားခဲ့သည်။ ကျွန်တော်ဆိုခဲ့သလို ဓါတ်ပုံဆိုသည်က စကားပြောသော ဓါတ်ပုံဆိုလျှင် ထိုဓါတ်ပုံသည် လီလီ၏ ကျွန်တော့်အပေါ် အားနာသော ခံစားချက်များဖြင့် 'တောင်းပန်ပါတယ်' ဟုအသိပေးလိုက်သလိုပင်။ ကျွန်တော်၏ ရှေ့ဆက်လျှောက်လှမ်းလာသည့် ခြေလှမ်းများကို စကားနှင့် ပြောရမှာထက် ဓါတ်ပုံတစ်ပုံနှင့်သက်သေပြလိုက်ခြင်းဖြစ်သည်။ ကျွန်တော်စိတ်ငြိမ်အောင် ခဏပြန်တည်ဆောက်ပြီး သူမ နှင့် သူမ၏ ချစ်သူ ဓါတ်ပုံလေးကို ပြုံးနိုင်ယုံမျှပြုံးပြီး Love React ပေးခဲ့လိုက်သည်။ စိတ်ထဲမှာလည်း မိန်းမ တစ်ယောက်၏ သစ္စာရှိခြင်း နှင့် အဝေးရောက် ချစ်သူအပေါ် တည်ရှိသည့် ကတိတရား ချစ်ခြင်းမေတ္တာတွေက ပေါ်လွင်စေသည်။ သစ္စာတရားတွေရှားပါးသည့် ခေတ်မှာ မြင်ရသည့် ရှားရှားပါးပါး သူမ၏ သစ္စာတရား ချစ်ခြင်းတစ်ခုပင်။
ကျွန်တော်ဘာဆက်လုပ်မလည်းလို့ ခင်ဗျာတို့ တွေးနေကြပြီမဟုတ်လား ?
ခင်ဗျာတို့ကြားဖူးလား .. "ရပ်သင့်တဲ့အချိန်မရပ်လိုက်တော့ မကြုံသင့်တာ ကြုံလိုက်ရတဲ့ အဖြစ်မျိုးရှိတယ်" နှင့် "ပိုင်ရှင်ရှိရင် ရှောင်ရတယ် .. ခင်ဗျာတောင် ဒီလောက် ချစ်နေရင် သူ့ချစ်သူဆို ဘယ်လောက်ချစ်လိုက်မလည်း" ဆိုသည့် စကား ။
ပိုင်ရှင်ရှိရင် ရှောင်တတ်သည်က ကျွန်တော်၏ ပင်ကိုယ်စိတ်အခြေခံပင် ဒါကြောင့် ဘယ်လောက်ပင် လီလီ အပေါ်ချစ်ခင်စုံမက်နေခဲ့သည်ဆိုသော် ရပ်သင့်တဲ့အချိန်လို့ ယူဆသည့်အတွက် ကျွန်တော် သူမကိုမနှောက်ယှက်ခြင်းဖြင့် ဆက်ချစ်မည်။ ပြီးလျှင် "Alex ၏ ဝေးသွားသည့်အခါ" နှင့် "Ar T ၏ သတိရတော့မှ ခေါ်ပါ" သီချင်းတွေကို သတိရခြင်းတွေ သေဆုံးအချိန်ထိ နားထောင်မည်။ ဆရာမင်းလူ၏ ၀တ္တုတွေပြန်ဖတ်မည် ။ မညားသည့် ဇာတ်သိမ်းခန်းများ နှင့် ဝေးကွာခြင်း အကြောင်းတွေကို လွမ်းသတတ နှင့် ငိုကြွေးခြင်းရသ ကိုခံစားမည်လေ။ စစ်ရှုံးဘုရင် မနူဟာလို သူ့ခံစားချက်ကို ဖော်ကြူးဘုရားတည်ခဲ့သလို ကျွန်တော်ကတော့ အခန်းကျဉ်းကျဉ်းလေး၏ ထောင့်တထောင့်မှာ လွမ်းချင်းတွေ စေတီတည်မည်။
'ဒီလိုနဲ့ပဲ .. ဒီလိုပါပဲပေါ့ .. အရာရာက ပုံမှန်အတိုင်းလည်ပတ်သွားမှာပါ'
တစ်ချိန်ကကျွန်တော်

No comments:
Post a Comment