Thursday, August 15, 2024

~ မဲ့ ~

ကျွန်တော်က သူမ ရဲ့ အရိပ်မှာ ခိုနားနေတဲ့ သူတစ်ယောက်ဖြစ်သည်။ သူမ နိုးချိန် ကနေ အိပ်တဲ့ အချိန်ထိ သူမနားမှာ ရှိခွင့်ရသည်။ သူမ ပျော်နေလား သူမ ဝမ်းနည်းနေလား သူမ ငိုကြွေးနေလား ။ သူမ ရဲ့ ဖြစ်စဥ် တစ်ခုလုံး ကျွန်တော်သိခွင့်ရသည်။ ကျွန်တော်သူမအနား ရှိသည်ကို တခါတလေမှသာ သူမ သတိထားမိသည်။ သတိထားမိသည့်ခါတိုင်း တစ်ခါတစ်ရံ ကျွန်တော့်အားလိုအပ်သလိုလိုပင်၊ သို့ပေမယ့်လည်း သူမ မလိုချင်သည့် အခါတိုင်း ကျွန်တော့်အား ကြိမ်းမောင်းတတ်ပါသေးသည်။ ဒါကြောင့် သူမ မလိုချင်သည့်အရိပ်အယောင်တွေ့သည့် အခါတိုင်း သူမ သတိမထားမိအောင် မှေးမှိန်စွာနေရခြင်းကလည်း သူမကိုချစ်ရခြင်း၏ အဓိပ္ပာယ်တစ်ခုပင်။ 

ကျွန်တော့်ကြောင့် သူမ ဂုဏ်ယူရသည့်အခါတွင်လည်း သူမဆီမှာ အတောက်ပဆုံး ကျွန်တော်ပြုံးနေရသည်လေ။ ကျွန်တော့်ကြောင့် သူမ ပိုလှစေချင်သည်၊ ကျွန်တော့်ကြောင့် သူမ ဂုဏ်တတ်စေချင်သည်။ ကျွန်တော့်ကြောင့် သူမအား ချစ်ခင်သူတွေပေါများစေချင်သည်။ 

 တကယ်တော့ ကျွန်တော်က သူမ ရဲ့ နှာတံဘေးက 'မဲ့' လေး တစ်လုံးသာဖြစ်သည်။ သူမ မသိလိုက်ချိန်မှာ ကျွန်တော်ရောက်ရှိလာခဲ့ပြီး သူမ သေဆုံးချိန်ထိ အတူရှိသွားချင်တာ ကျွန်တော်၏ ဆန္ဒတစ်ခုသာ ဖြစ်သည်။ ကောင်မလေးရေ တစ်ချိန်မှာ တစ်ပါးသူက နမ်းရှိုက်တဲ့အခါ ဘယ်ဘက်နှလုံးသာ တစ်နေရာမှာ ခဏသာ ရှောင်နေခွင့် တော့ပြုပါ။


#PhotocredittoYuri 
#တစ်ချိန်ကကျွန်တော်

No comments: