အခန်း (၁)
တစ်ခါက ရွာတစ်ရွာမှာ အလွန်အကြွားသန်ပြီး လေပေါ တဲ့ မုဆိုးဖိုးဝိုင်ဆိုပြီးရှိသည် ။ သူ့တွင် မယ်မိုး ဆိုသော ဇနီးချောလေး လည်းရှိသေးသည်။ သူ့ကြွားပုံ ကြွားနည်းက သူ တောလိုက်လို့ သားကောင်ရလာပြီ ဆိုရင် ရွာထိပ်က စပြီး အိမ်ထိ တွေ့သမျှလူ တွေကို သူ သားကောင် ကိုဘယ်လို ဖမ်းလာခဲ့ပုံ ကို သားကောင်မိတိုင်း မရိုးအောင် နောက်တောထပ်မလိုက်ခင်အချိန်ထိ လိုက်လံပြောတတ်တဲ့အကျင့်ရှိသည် ။ ဒါကြောင့် ရွာထဲကလူတွေ ဟာ မုဆိုးဖိုးဝိုင်လာရင် စကားကို အရောဝင်မခံတော့ပဲ ရှောင်ပြေးကြသည်။ ဒါကြောင့် . . သူ့ပရိသတ် အများစု ကတော့ ရွာထဲက ကလေးတွေပဲ ဖြစ်သည်။
တစ်ရက် မုဆိုးကြီးဖိုးဝိုင် တောလိုက်ထွက်သွား ပြီး အပြန်မှာ ဝက်သိုး တစ်ကောင်ထမ်းပြီး ပြန်လာနေသည်ကို ရွာထဲက လူတွေ မြင်လိုက်ကတည်းက အိမ်တံခါးတွေ ပိတ်ကုန်ကြသည်။ သူတို့ အဖို့ မုဆိုးကျော်ဖိုးဝိုင်သားကောင်ရသည့်နေ့ က နားမုဒိမ်းအကျင့်ခံ ရသည့်နေ့ပင်ဖြစ်သည်။
အခန်း (၂)
မုဆိုးကျော်ဖိုးဝိုင်တစ်ယောက် ရွာထဲကို အောင်နိုင်သူတစ်ယောက် မျက်နှာမျိုးနှင့် ဝင်လာသည်။ ဖိုးဝိုင် သည် ရွာထိပ်က အောင်ဘု တို့အိမ်ကိုကြွားဖို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ တံခါးပိတ်ထားသည် ။ သူစိတ်ညစ်သွားသည် ။ နောက်ခြေလှမ်း ၁၀၀ လောက်လျှောက်အပြီးမှာ အရီးလေးညို အိမ်ကိုလှမ်းကြည့်လိုက်သည်။ တံခါးပိတ်ထားသည်။ နောက်ခြေလှမ်း ၅၀ လောက်ထပ်သွားတော့ ကိုခွေးဖြူ အိမ်ကိုကြည့်လိုက်သည်။ တံခါးပိတ်ထားပြန်သည် ။ ကိုဖိုးညို စိတ်ညစ်သွားသည်။ သူကြွားချင်သည်ဆိုခါမှ တစ်ယောက်မှ အိမ်တံခါးမဖွင့်သေးပေ။ သူကြွားချင်နေသည် ၊ စိတ်ကထိန်းမရပေ ။ ဒါကြောင့် သူလှမ်းအော်ပြီး ပြောလိုက်သည် ။
“မုဆိုး ဖိုးဝိုင် တောဝက် တစ်ကောင် မိလာတယ်ဗျို့ . . လာကြည့်ကြပါ . . လာကြည့်ရင် ဝက်သား ၁ ပိဿာပေးမယ်ဗျို့” ဆိုပြီး လော်ဆော်တော့သည်။ ဖိုးဝိုင် စကားကြောင့် အိမ်အချို့ ပြတင်းတံခါးလေး တွေဖွင့်ပြီး အခြေအနေ ကို အကဲခက်ကြည့်လိုက်သည်။ ဖိုးဝိုင် တစ်ယောက် တကယ်ပဲ လမ်းမမှာ ငုတ်တုပ် ထိုင်ပြီး အသားထိုင်ဖော် နေသည်။ အဲ့ဒီအချိန်မှာ ရွာထိပ်က အောင်ဘု ထွက်လာပြီး ဖိုးဝိုင် နားသွားထိုင်လိုက်သည်ကို တွေ့သည် ။ နောက် မုဆိုး ဖိုးဝိုင်က အသားတစ်ချို့ လှီးပြီး အောင်ဘု ကိုပေးလိုက်သည်။ ဒါကိုလည်းတွေ့ရော တံခါးဖွင့်ပြီး ချောင်းနေကြတဲ့ လူတွေ အလျှိုလျှို ထွက်လာကြသည်။
လူအယောက် ၁၂ ခန့် မုဆိုးဖိုးဝိုင် အနား စုမိသွားကြသည်။ ဖိုးဝိုင်လည်း ချောင်းတစ်ချက် အရင်ဟန့်လိုက်သည်။ အားလုံးသဘော ပေါက်လိုက်ကြသည်။ ဖိုးဝိုင်စပြီး ကြွားတော့မယ်ဆိုတာကိုး ၊ ဒါပေမယ့် အသား ၁ပိဿာ မျက်နှာကြောင့် ဖိုးဝိုင် ဘာဆက်ပြောမယ်ဆိုတာ ကိုနားစွင့်လိုက်ကြသည်။
အခန်း (၃)
မိုဆိုးကျော်ဖိုးဝိုင် သားကောင်နောက်လိုက်ရင်း တောနက်ထဲ တော်တော်ဝင်မိသွားသည်။ အခုအချိန်ထိ ဘာသားကောင် အရိပ်ယောင်မျှ မတွေ့ရသေးပေ ။ သူတော်တော် မောဟိုက်နေပြီ ။ ဒီနေ့အဖို့ သူ တောထဲမှာဘဲ အိပ်ရဖို့များပြီ ဆိုပြီးတွေးလိုက်သည်။ သူတွေး နေစဉ်မှာပဲ တောဝက် အော်သံလိုလိုကြားလိုက်ရသည် ။ ဖိုးဝိုင်နားစွင့်လိုက်သည် ။ နောက် အသံကြားရာဆီသို့ တဖြေးဖြေး ချည်းကပ်သွားသည် ။ သိပ်ကြာကြာ မသွားလိုက်ရပါ ။ ရေအိုင် အစပ်နားမှာ တောဝက်တစ်ကောင် ရေသောက်နေသည်။ ဖိုးဝိုင် အရမ်းဝမ်းသာသွားသည်။ သူ သေနတ်ကို ထုတ်လိုက်သည် ။ ပြီးနောက်မောင်းတင်လိုက်ပြီး တောဝက်ကိုချိန် လိုက်သည်။ ပစ်ကွင်းက သိပ်မကောင်း ။ ဒါကြောင့် သူရှေ့နားကို နည်းနည်း တိုးလိုက်သည်။ ကံဆိုးချင်တော့ မြေမှာ ဘေးတိုက် ပေါက်နေတဲ့ ငပျောပင်စည် ကြီးကိုတက်နင်းမိ ပြီး ရေအိုင်စပ်နားကို ချော်ကျသွားပြီး သေနတ်တစ်ခြား လူတစ်ခြား ဖြစ်သွားသည်။
သူချော်ကျလာသည့် အသံကြောင့် တောဝက်လည်း လန့်သွားပြီး အနောက် ကို ၅ လှမ်းလောက် ဆုတ်လိုက်သည်။ နောက်ဝက်က သူ့ရန်သူ လို့ထင်မှတ်သွားသည်လား မသိ ၊ နှာတစ်ချက်မှုတ်လိုက်ပြီး တိုက်ဖို့ ဟန်ပြင်လိုက်သည်။ မုဆိုးကျော်ဖိုးဝိုင်လည်း တောလိုက်လာသည့် သက်တမ်းက နည်းမှ မနည်းတော့ပေ။ တောဝက် တိုက်ဖို့ ဟန်ပြင်လိုက်သည် နှင့် သူလည်း နောက်ကျွမ်း တစ်ပတ်ထိုးပြီး ခါးကြား ထဲက ဓါးမြှောင်ကို ဆွဲထုတ်လိုက်သည်။ တောဝက် နောက်ကို အရှိန် နည်းနည်း ယူပြီး သူ့ဆီ ပြေးပြီး အစွယ်ဖြင့် ပတ်လိုက်သည်။ မုဆိုး ဖိုးဝိုင်လည်း အသာအယာလေး ဘေးကိုတိမ်းရှောင်လိုက်ပြီးး ဝက်သိုး၏ ဝမ်းဗိုက်ဆီသို့ ဓါးဖြင့် တစ်ချက်ထိုးသွင်းလိုက်သည်။ ဓါးချက်၏ ဒဏ်ကြောင့် ဝက်သိုး ကျယ်လောင်စွာ တစ်ချက်အော်ပြီး ကိုယ်ကို ခါပစ်လိုက်သည်။ ခါလိုက်သည့် အရှိန်ကြောင့် ဖိုးဝိုင် ဓါးမြှောင်နှင့် အတူ ၅ ပေလောက်လွှင့်ထွက်သွားသည်။ ဝက်သိုးလည်း သူထိသွားတာကြောင့်လားမသိ ဒေါသထွက်ပြီး နောက်တစ်ကြိမ် ဖိုးဝိုင် ဆီကိုပြေးပြီးပတ်လိုက်သည်။ ဖိုးဝိုင်လည်း သူ့နောက်က သစ်ပင်ကို ခြေနဲ့ကန်ပြီး နောက်ကျွမ်း နှစ်ပတ်လောက် လေထဲမှာ ထိုးကာ ဝက်သိုး၏ ကျောပေါ်ကိုတက်လိုက်ပြီး ဘယ် ၊ ညာ နံကြားထဲသို့ ဓါး နှစ်ချက်ဆီ ထိုးသွင်းလိုက်သည်။ ဝက်သိုး စူးရဲစွာအော်ပြီး ကိုယ်ကို ထပ်ခါချလိုက်သည် ။
ဖိုးဝိုင် ခုနှစ်ပေလောက် သေနတ် ကျသွားသည့်နေရာ ကိုလွင့်သွားသည်။ သူ သေနတ်ကို လျင်မြန်စွာ ကောက်ကိုင်လိုက်ပြီး ဝက်သိုး ကိုချိန်လိုက်သည်။ ဝက်သိုးလည်း ဒီတစ်ခါ တစ်ကယ်ပင် အသေခံပြီး သွားရည်တွေ နှင့် သွေးတွေ ပါးစပ် နားကစီးကျရင်း အရှိန်ပြင်းစွာ ဝင်ပတ်လိုက်သည်။ ဝက်သိုး မုဆိုး ဖိုးဝိုင် နားသို့ မရောက်မှီပင် သေနတ် သံကျယ်လောင် စွာထွက်ပေါ်လာပြီး ဝက်သိုး ဘိုင်းခနဲ အသံနက်ကြီးအော်လျက် လဲကျသွားသည်။ ဖိုးဝိုင် သက်ပြင်းပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ကံကောင်းလို့မသေတာလို့ တွေးလိုက်မိသည် ။ အတွေးစတို့ မဆုံးခင်မှာပဲ ၊ ဝက်သိုးသံ တစ်ချိုု့ အော်သံကြားရပြီး ပြေးလာနေသည့် အသံကိုကြားလိုက်ရသည်။ သူအသံလာရာဆီသို့ နားစွင့်ပြီး သေချာကြည့်နေသည်။ သိပ်မကြာလိုက်ပါ သူရှေ့သို့ ဘွားခနဲ ဝက်သိုးလေးကောင်ရောက် လာပြီး ၊ တိုက်ဖို့ဟန်ပြင်လိုက်သည်။ မုဆိုး ဖိုးဝိုင်လည်း လန့်သွားပြီး သေနတ်ကို မောင်းပြန်တင်ပြီး အသင့် အနေထား နေရာယူလိုက်သည်။ ဝက်သိုးလေးကောင် အပြိုင်သူ့ဆီ သို့ ပြေးလာသည်။ ဖိုးဝိုင် လည်း သူ့နားက နွယ်ပင်ကို တာဇံလို ခိုပြီး အနီးရှိ သစ်ကိုင်း ကိုခိုကာ နောက်ကျွမ်းပစ်ပြီး လေထဲက နေပြီး ဝက်သိုး ၄ ကောင်ကိုချိန် ကာ သေနတ်နဲ့ အဆက်မပြတ်ပစ်ချလိုက်သည်။
အခန်း (၄)
ရွာသားတစ်ချို့က “၄ ကောင်လုံးထိကုန်လားဗျ” လို့ မေးလိုက်သည်။ ဖိုးဝိုင်က ရေသောက်ရင်း လက်ကာပြကာ . “အာ . . ဘယ်ထိအောင် ပစ်မလည်းဗျ ၄ ကောင်လုံး ထိကုန်ရင် . . ကျူပ် တစ်ယောက် ထဲ ၅ ကောင်လုံးဘယ်ထမ်း ပြန်လာနိုင်မလည်း . . ကျူပ်က ဒီကောင်တွေကို ခြောက်ယုံတင်ခြောက်လိုက်တာ . . ဒီကောင် တွေ သေနတ်သံကြားပြီး ထွက်ပြေးတော့ ကျူပ်လည်း ဒီတစ်ကောင်တည်း ထမ်းပြီးပြန်လာတာပေါ့ . . နောက် တစ်ခေါက်တောလိုက်ခါကြမှ ကျန်တဲ့အကောင်တွေကိုထပ်ပစ်တော့မယ်” လို့ ဆရာကြီးလေသံ နဲ့ပြောလိုက်သည်။ ရွာသားတွေလည်း 'ဟာ' ခနဲအသံတွေ နှင့်အတူ ဝက်သား "ပေးပါတော့ဗျို့" လို့ဝိုင်းတောင်းကြသည် ။ဖိုးဝိုင်လည်း သူပြောထားတဲ့ဂတိ အတိုင်း နားထောင်တဲ့ သူတွေကိုခွဲပေးလိုက်တာ သူ့အတွက် အချိန် ၁၀ လောက်တာ ကျန်တော့သည်။ ဒီအတိုင်းဆိုရင်တော့ အိမ်ရောက်ရင် မိန်းမတော့ ပွဲကြမ်းမှာတော့သေ ချာပြီလို့တွေးကာ သေနတ်ကို ပုခုံးမှာတင် လက်တစ်ဖက်က ကျန်တဲ့ အသား တွေကိုဆွဲပြီး ဖြေးဖြေးချင်း လျှောက်ကာ ရင်ကော့ ဖင်ကော့ ကာ မိန်းမမျက်နှာကို မြင်ယောက်လျက် ပြန်လာခဲ့သည်။
အခန်း (၅)
မယ်မိုးသည် မုဆိုးကျော် ဖိုးဝိုင်၏ ကြွားချက် ၊ လေပေါချက်တွေကို ကြာတော့ စိတ်ညစ်လာသည်။ ဒီတော့ သူမ တစ်ခုစဉ်းစားမိသည်။ ဒါက မုဆိုးကျော်ဖိုးဝိုင်အား ပညာပေးဖို့ပင်ဖြစ်သည်။ သူမသည် ဖိုးဝိုင် အားပညာပေးရန် အိမ်နီးနားချင်း တွေအား အရင်စည်းရုံးလိုက်သည် ။ အိမ်နီးနားချင်း များက ဝမ်းပန်းတသာပင် ကူညီကြမည်ဟု လက်ခံလိုက်သည်။
တစ်ညနေမှာ . . . မယ်မိုး ရေခပ်ဆင်းပြီး အိမ်ရောက်တော့ ဖိုးဝိုင် အိမ်ရှေ့ကွပ်ပစ်မှာ ထူးထူးဆန်းဆန်း ထိုင်နေတာတွေ့လိုက်လို့ ဝမ်းသာသွားသည်။ ဒီတော့ မယ်မိုးလည်း သူ့အကြံအစည်ကို အကောင်ထည်ဖော်ပါတော့သည်။
“ယောကျ်ားရေ . . ပြောရအုံးမယ် . . ရွာတောင်ဘက်သဲချောင်း မှာ ဒရယ်တွေ ညနေဘက် ရေလာသောက်တာ ၂ ရက်ရှိသွားပြီ . . ကျူပ် ရေသွားခပ်ရင်း ကြုံတာ ၂ ရက်လုံးပဲတော့်” လို့ မယ်မိုးက အားဝမ်းအားရ ပုံစံနဲ့ပြောလိုက်သည်။
“ဟေ . . ဟုတ်လား မိန်းမ ရ . . အဲ့ဒါဘာဖြစ်လို့ ကျူပ်ကို အခုမှ ပြောတုန်း”
“အော် .. တော် ကလည်း မကျိန်းသေမှာဆိုးလို့ပေါ့ ၊ ကျူပ်လည်း ဒီနေ့ထိစောင့်ကြည့်လိုက်တာ . . အဲ့ဒါ မနက်ဖြန်ကျ ရင်သွားပစ်ရအောင် ၊ အိမ်ဘေး က မယ်လုံး တို့ကလည်း ရှင် ပစ်တာလိုက်ကြည့်ချင်တယ်တဲ့”
“အဲ့ဒီတော့ . . မင်းက ဘာပြောလိုက်တုန်း”
“လိုက်ခဲ့ပေါ့လို့ . . မိသွားရင် ဝိုင်းထမ်းပေးရမယ်လို့ပြောလိုက်တယ်လေ” . . မုဆိုးကျော်ဖိုးဝိုင် မျက်နှာတစ်ချက်မဲ့သွားသည်။
“ရတယ်လေ . . ဒါဆိုလည်း လိုက်ခဲ့ပေါ့ . . မနက်ဖြန် ရေခပ်ဆင်းတဲ့အချိန်သွားကြတာပေါ့လေ” ဆိုပြီးသဘောတူလိုက်သည်။
အခန်း (၆)
ရွာတောင်ဘက် သဲချောင်းစပ်နားမှာ ဖိုးဝိုင်နှင့် လူ ၆ ယောက်ခန့် ကုန်းကုန်းကွကွ နှင့် သားကောင်ခြေရာ လိုက်ရှာနေကြသည်။ တစ်နေရာသို့ အရောက် တွင် မယ်မိုး စီစဉ်ထားသည့်အတိုင်း မယ်လုံး၏ ယောကျာ်းက ဖိုးဝိုင်ကို ပုခုံးသိုင်းဖက်က ရှေ့သို့မြန်မြန်ရောက်အောင် အာရုံပြောင်းလိုက်သည်။ သည်အချိန်မှာ နောက်က လိုက်လာသည့် မယ်မိုး နှင့် အိမ်နီးချင်း သုံးယောက်တို့ဟာ တိုင်ပင်ထားသည့် ပုံစံအတိုင်း ထမီကို မကာ သဲပေါ်ကို ထိုင်ချလိုက်သည်။
“ယောကျ်ားရေ . . ဒီမှာ သားကောင် ခြေရာ တွေ့ပြီတော့ ဆိုပြီး” . . မယ်မိုးက ဖိုးဝိုင်ကိုလှမ်းခေါ်လိုက်သည်။ ဖိုးဝိုင်လည်း ခြေရာဆိုသည့် အသံကြားသည်နှင့် အမြန်လာပြီး ခြေရာကို ကြည့်လိုက်သည် ။ နောက်တိုင်းကြည့်သည် ၊ ထွာကြည့်သည် ။ နောက် ခေါင်းကုတ် ၊ ဖင်ကုတ် လျက် . . .
“ဟူးးးးးးးး . . ဒါဘာ ကောင်ပါလိမ့် ၊ ဒရယ်လည်း မဟုတ်ဘူးကွ . . ဘယ်နဲ့ကွာ. . ခြေထောက်က အတက်က ဘေးမှာရှိရမှာ ဒီကောင်ရဲ့ အတက်က အလယ်မှာဘာလို့ဖြစ်နေရပါလိမ့်ကွာ” လို့ မယ်မိုးတို့ကို လှမ်းပြောလိုက်သည်။
မယ်မိုးကတော့ မုဆိုးကျော်ဖိုးဝိုင် ကိုကျောပေးလျက် ကြိတ်ရယ်နေပြီး ဖိုးဝိုင် ကတော့ ခြေရာကို ထပ်မံတိုင်းထွာ ကြည့်နေပြန်တော့သည်။
တစ်ချိန်က ကွန်တော်
.jpg)
No comments:
Post a Comment