တစ်ချို့ကနာကျင်မှုကို ရွံမုန်းကောင်းရွံမုန်းကျလိမ့်မည်။ သို့သော်အချစ်နှင့် ပက်သက်သောနာကျင်မှုက ပြီးပြည့်စုံသောခံစားမှုဖြစ်၍ နာကျင်မှုမရှိသော အချစ်သည် ဆားမပါသောဟင်းတစ်မျိုးသာ ဖြစ်ပေလ်ိမ့်မည်။ အချစ်သည် ဟင်းတစ်ခွက်သာဖြစ်မည်ဆိုလျှင် ထိုအချစ်သည် သူမ ပုံမှန်ထည့်ပေးနေကျ နေ့လည်စာ ဟင်းတစ်ခွက်ပင်ဖြစ်ပေလ်ိမ့်မည်။ ကျွန်တော်၏ ပုံမှန် နေ့လည်စာများသည် သူမ၏ ဟင်းတစ်ဖတ် (သို့) ဟင်းတစ်ခွက်မပါလျင်ပင် မပြည့်စုံတော့သလိုပင်။ နေ့လည်ထမင်းစားချိန်ကို သူမ အခေါ်ကိုစောင့်ဆိုင်း နေမိခြင်းကိုပင် သူမကြောင့်လား ဒါမှမဟုတ် သူမ၏ ဟင်းတစ်ခွက်ကြောင့်လား မသိပေ။
“စိုင်း … ထည့်စားလေ … နင်ကြိုက်တဲ့ ကြက်အသည်းမြစ် ငါထည့်လာတာ” စကားပင်မဆုံးသေး သူမ ရဲ့ဦးစားပေးမှုက ကျွန်တောါ့ ပန်ကန်ထဲ အသည်းမြစ်ကြီးကြီး ၂ ခုလောက်ကရောက်နေပြီလေ။ တစ်နေ့တစ်မျိုး မရိုးရအောင် ကျွန်တော်ကြိုက်တတ်သော ဟင်းလျာများကို သူမ မှတ်သားတတ်ပြီး၊ ငါးမကြိုက်သော ကျွန်တော့်အဖို့ သူမ ငါးဟင်းထည့်လာသောနေ့မျိုးတွင်ပင် ဆိုင်မှ ကျွန်တော်ကြိုက်တတ်သော ဟင်းတစ်မျိုးမှာပြီး သူမ ငါးဟင်း မကြိုက်သယောင်ယောင်လုပ်တတ်သည်က သူမ အကျင့်ပင်။
အချစ်သည် ကော်ဖီစိမ့်စိမ့်လေး တစ်ခွက်ဖြစ်မည်ဆိုလျှင် ထိုအချစ်သည် သူမ နှုတ်ခမ်းပါးပါးလေးဖြင့် ကော်ဖီခွက် နှုတ်ခမ်းသားကိုဖိကိုက်ထားသော သူမနှုတ်ခမ်းရာ နှင့် ကော်ဖီတစ်ခွက် ဖြစ်ပေလိမ့်မည်။ သူမ နှင့် ကော်ဖီဆိုင်ထိုင်တိုင်း ကျွန်တော့်အတွက် ကော်ဖီပူပူစိမ့်စိမ့်လေးကိုဦးစွာမှာပြီး သူ့နှုတ်ခမ်းပါးပါးလေးဖြင့် taste ကိုစမ်းကာ သူမ စိတ်ကြိုက်အရသာတွေ့မှ ကျွန်တော့်ကိုပေးသောက်သည်မှာ သူမ အကျင့်ဖြစ်သည်။
အချစ်သည် စိတ်ကူးယဉ်ခရီးသွားဇတ်လမ်းများ ဖြစ်မည်ဆိုလျင် ထိုအချစ်သည် ကျွန်တော်စိတ်ညစ် နေချိန်တွင် သူမဖန်တီးပေးသော သူမ နှင့် အတူ online တွင် ကမ္ဘာပတ်သည့်ခရီးစဉ်ပင်ဖြစ်ပေလ်ိမ့်မည်။ ပေါက်ပေါက်ရှာရှာ သူမ ခေါ်လည်တတ်သော ပါရီ ၊ စပိန်နွားရိုင်းသတ်ပွဲ ၊ IC Show ပွဲ၊ တောင်တက်ခြင်း နှင့် တောတွင်းစွန့်စားခန်း တွေကို သည်းထိတ်ရင်ဖို အချစ်ဇတ်လမ်းဇတ်ကွက် ထွင်ပြီး ကျွန်တော် စိတ်ပြောင်းသွားအောင် ပေါက်ပေါက်ရှာရှာတွေးနိုင်ပြောနိုင်ခြင်းမှာလည်း သူမ အကျင့်ပင်ဖြစ်သည်။
အချစ်သည် ကိုယ်သင်းနံတစ်မျိုး ဆိုလျှင် ထိုအချစ်သည် သူမ ကိုယ်မှရသော Revlon ရေမွှေးနံ နှင့် သူမ ကိုယ်သင်းနံတို့ ပေါင်းစပ်ထားသော ရနံပင်ဖြစ်ပေလိမ့်မည်။ သူမ နှင့် ကျွန်တော် အနီးကပ်ဆုံးရှိသည့် အခါတိုင်း သူမ အနားမြန်မြန်မခွာသွားစေနိုင်အောင် ရေမွှေးကြိုက်သည့် ကျွန်တော့်ကို စွဲဆောင်နေသလိုပင်။
အချစ်သည် အထိအတွေ့ဆိုလျှင် ထိုအချစ်သည် သူမ နှင့် ကျွန်တော် ပုခုံးချင်းထိထားရုံလေး (သို့) ကျွန်တော့်လက်မောင်းအား တွဲထားသည့် သူမ၏ လက်များ နှင့် ကျွန်တော်တို့နှစ်ယောက်၏ ဖိနပ်များ ပင်ဖြစ်ပေလ်ိမ့်မည်။ ကျွန်တော်တို့နှစ်ယောက်၏ ချစ်ခြင်းသည် သူငယ်ချင်းအချစ်၊ မောင်နှမအချစ်၊ သမီးရည်းစားအချစ် သုံးခုလုံးရောနှောထားသည့် သုံးရောင်စုံခြယ် ချစ်ခြင်းဖြစ်သည်။ လိုသလိုပတ်ဝန်းကျင် အခြေအနေအရ ပြောင်းလဲပြောဆိုခွင့်ရှိသော ချစ်ခြင်းမျိုးဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိတ်ရှင်းစွာ သုံးရောင်စုံမှုန်သီခြယ်၍ ခမ်းခမ်းနားနားချစ်ကြသည်။
အချစ်သည်နာကျင်မှုတစ်မျိုးဆိုလျှင် … “စိုင်း … ဗိုက်ဆာပြီကွာ ထမင်းစားကြမယ်” ဟု အမြဲပြောတတ်သည့် သူမ ၏ခေါ်သံလွင်လွင်လေး နှင့် ဝေးကွာသွားမည့် နေ့ပင်ဖြစ်ပေလိမ့်မည်။
“စိုင်း … ငါ တိုက်တဲ့ ကော်ဖီက ကမ္ဘာမှာအကောင်းဆုံးနော်” ဟု ပြီတီတီ မျက်နှာဘေးလေးလုပ်ပြီး ပြောတတ်သည့် သူမ နှုတ်ခမ်း နှင့် အနမ်း ရောစပ်ထားသည့် အကောင်းဆုံး ကော်ဖီတစ်ခွက် အရသာ ပျောက်သွားမည့် နေ့ပင်ဖြစ်လိမ့်မည်။
သူမ အမြဲ ခေါ်သွားတတ်သည့် ပါရီ ၊ စပိန် နွားရိုင်းသတ်ပွဲ နှင့် သူမ ဖန်တီးပြောပြ တတ်သည့် မရိုးနိုင်သော ကျွန်တော့်တို့ အချစ်ဇတ်လမ်း ၊ သဲထိပ်ရင်ဖို ဇတ်လမ်းလေးများ ပျောက်သွားမည့်နေ့ပင်ဖြစ် လိမ့်မည်။ သူမ ကိုယ်မှရသော Revlon ရေမွှေးနံ နှင့် သူမ ကိုယ်သင်းနံတို့ ပေါင်းစပ်ထားသော ရနံက ကျွန်တော်၏ ဝိဉာဏ်ကို နှုတ်ယူသွားသော နေ့ပင်ဖြစ်လိမ့်မည်။
ဒါမှမဟုတ်… ကျွန်တော်တို့ တစ်ယောက်ပုခုံးတစ်ယောက်မှီပြီး ထိုင်ခဲ့တဲ့ ကော်ဖီဆိုင်လေး၊ နောက် တစ်ယောက် မျက်နှာ တစ်ယောက် မတွေ့ရသည်နှင့်ပင် ဖိနပ်စင်မှာ ဖိနပ်ခြင်း အမြဲထိကပ်ထားသည့် သူမ ဖိနပ် နီနီလေး နှင့် ကျွန်တော့် ဖိနပ်လေးတွေ အထီးကျန်သွားမည့် နေ့ပင် ဖြစ်ပေလိမ့်မည်။ အချစ်သည် ဘဝအတွက် ပြီးပြည့်စုံသော အရာမဟုတ်ဟု ခံယူထားသော သူမသည် သုံးရောင်စုံမှုန်သီခြယ်၍ ထားသော ကျွန်တော်တို့ နှစ်ယောက် ချစ်ခြင်းအတွက် နာကျင်ခြင်းမရှိ၊ လွမ်းဆွတ်ခြင်းမရှိ၊ ပျော်ရွင်ဖွယ်အတိဖြင့် တစ်သက်လုံးချစ်နိုင်မည့် ချစ်ခြင်းကို ပိုင်ဆိုင်သည့် သူတစ်ယောက်သာ ဖြစ်ပေသည်။ .
#တစ်ချိန်ကကျွန်တော်

No comments:
Post a Comment