အခန်း(၁)
အာရုံတက်ချိန် ၅ ပြန်ကျော်လောက်တော့ရှိပြီ။ ရွာထိပ်အဝင်လမ်းတစ်ဘက်ဆီမှာ ထန်းပင်ကြီးများ နှင့် ရွာအဝင်လမ်းသည် တော်တော်လေးကို ဘယ်အချိန်ကြည့်ကြည့် လှပနေသည်။ ထိုထန်းပင်တွေ၏ တစ်နေရာတွင် လူတစ်ချို့ ဝိုင်းထိုင်ပြီး မျက်နှာသစ်နေကြသည်။
“အကိုတို့ … သူကြီးအိမ်ကို ဘယ်လိုသွားရလည်းခင်ဗျ”
သူတို့အားလုံးလှည့်ကြည့်လိုက်သည်။ ဒီလူကိုတစ်ခါမှ ဒီရွာပတ်ဝန်းကျင်တွင်မမြင်ဘူးပေ။ ဝတ်ပုံစားပုံကြည့်ရတာတော့ မြို့ကထင်သည်။
“ဒီလမ်းအတိုင်း တည့်တည့်သွား ၊ လမ်းဆုံရောက်ရင် ဘယ်ကွေ့ နောက် ညာကွေ့ နောက် အဲ့ဒီမှာ လမ်းကြားသေးသေးလေးရှိမယ် အဲ့ဒီလမ်းကြားထဲဝင်သွား ၊ ရှေ့နားမှာ လမ်းဆုံလေး ၃ ခု ရှိတယ် ၊ ဘယ်ဘက် အစွန်ဆုံးကိုရွေး ၊ တည့်တည့်ဆက်သွား ရှေ့နားမှာ ရွာလမ်းမကြီး နောက်တစ်ခုရှိတယ်။ အဲ့ကြရင် ဘယ်ဘက်ပြန်ချိုး ၊ ရှေ့နည်းနည်းဆက်သွား ဒုတိယမြောက်လမ်းကျရင် ညာဘက်ချိုး သုံးအိမ်မြောက်က သူကြီးအိမ်ပဲ” ဆိုပြီး ဝိုင်းထဲက တစ်ယောက်ကလမ်းညွှန်လိုက်သည်။ မြို့သားသည် သူတို့ပြောတာလည်သွားသည် ၊ နောက်တစ်ကြိမ်ပြန်လည်မေးဖို့က လည်းသူတို့လူအုပ်ကို ကြည့်၍ စိတ်ရှည်မည့်ပုံမပေါ်၍လားမသိ ဟုတ် … ဟုတ် ဆိုပြီး ပြန်လှည့်ခဲ့သည်။ အဲ့ဒီအချိန်မှာ လူအုပ်ထဲက တစ်ယောက်က ကျွန်တော်လိုက်ပို့မယ် ဆိုပြီးထလာသည်။ ထိုလူသည် မပြောမဆိုနှင့် ဧည့်သည် နှစ်ယောက် ထဲမှ တစ်ယောက်၏လက်ထဲက အိတ်ကို ဆွဲယူပြီး ကျူပ်နောက်က လိုက်ခဲ့လို့ပြောပြီး ရှေ့ကခပ်တည်တည်ထွက်လာခဲ့သည်။ ထိုလူသည် လောင်းကစားမက်ပြီး Tea ကြိုက်တတ်သော ကိုလောင်းတီးပင်ဖြစ်သည်။ သူသည် ထန်းရည်ဆိုင်သို့ မလိုက်ချင် ၊ သာဦးတို့ ဝိုင်း၍အနိုင်ကျင့် ခေါ်ဆောင်လာ၍သာ ထန်းရည်ဆိုင်သို့ပါလာခြင်းဖြစ်သည်။ ထန်းရည်ဆိုင်မှာထိုင်နေစဉ် ဧည့်သည် နှစ်ယောက်လာပြီး အကူညီတောင်းသဖြင့် ဝမ်းသာသွားပြီး ထလိုက်လာခြင်းဖြစ်သည်။ လက်ဖက်ရည်ဆိုင်တွင်ဆိုလျှင်တော့ သူလိုက်ပို့မည်မဟုတ်ပေ။ သူကြီးအိမ်နား သို့မရောက်ခင် ဧည့်သည်က စကားစလိုသောသဘောဖြင့် …
“ဗျို့ … ရှေ့ကနောင်ကြီး … နောင်ကြီးတို့ရွာက တော်တော်ခွေးချီးပေါ်တယ်နော်” ဆိုပြီးစကားစလိုက်သည်။ ကိုလောင်းတီး မြို့သား နှစ်ယောက်စကားကြောင့်တင်းသွားသည်။ ရွာကိုလည်း သိက္ခာအကျမခံနိုင်ပေ။ ဒါကြောင့် …
“ပေါဆို … ကျူပ်တို့ ရွာကခွေးတွေက ထောပတ် အဆီအနှစ်တွေပဲ စားတာဗျ … မကျမ်းမာတဲ့ခွေးက လွဲလို့ကျန်တဲ့ခွေးတွေအားလုံးက ဝကစ်နေတာပဲ … နောက် ဒီကောင်တွေချီးက နံတယ်မထင်နဲ့ … မွှေးနေတာပဲ … ကောင်းပေ့တွေကြီးပဲ စားလို့ ဒီကောင်တွေချီး ကောက်စားလို့တောင်ရတယ်ဗျာ” လို့ပြောလိုက်သည်။ မြို့သားနှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဒီရွာသားတော့ ဖော်နေပြီ ဆိုတဲ့အထာ နဲ့ မေးငေါ့ပြလိုက်သည်။
“ဟုတ်လို့လားဗျာ … နောင်ကြီးကလည်း … ဒါဆိုစားပြပါလား”
“ကောင်းပြီး … ကျူပ်စားပြမယ် … ဒီတိုင်းတော့ မရဘူး … လောင်းကြေးစားကြေးနဲ့ … ကဲဘယ်လိုတုန်း” လို့ ကိုလောင်းတီးကစပြီး လောင်းကြေးဖွင့်လိုက်သည်။ မြို့သားနှစ်ယောက်လုံး မဖြစ်နိုင်ဘူးဆိုသောအထာ နှင့်
“ကောင်းပြီလေ … နောင်ကြီး … နောင်ကြီး ခွေးချီးစားပြနိုင်ရင် ကျူပ်တို့ နောင်ကြီးကို ရွှေလက်စွပ်ပေးမယ်”
“ခင်ဗျာ တို့တကယ်ပြောတာနော် … ခင်ဗျာတို့ကတိတည်ပါစေ … ကဲ ရှေ့ကအိမ်သူကြီးအိမ်ပဲ … ခဏစောင့် ကျူပ်ပြန်လာခဲ့မယ်” ဆိုပြီး သယ်လာသည့် အထုတ်ကို ပစ်ချကာ ထွက်သွားသည်။ သိပ်မကြာပါ … ဧည့်သည် နှစ်ယောက် သူကြီး နဲ့ စကားပြောနေတုန်း ကိုလောင်းတီး ဝင်လာပြီး ဧည့်သည် တစ်ယောက်၏လက်ကို ဇတ်ခနဲ ဆွဲခါ ကျူပ်နဲ့လိုက်ခဲ့ဆိုပြီး ရွာအတွင်းပိုင်းလမ်းထဲသို့ ဆွဲလာခဲ့သည်။ ရွာအတွင်းပိုင်းလမ်း တလျှောက် အိမ်များမှ ကိုလောင်းတီးပဲ ခေါ်ထား၍လား ပြောထား၍လားမသိ အားလုံးနီးပါး ထွက်ကြည့်နေကြသည်။
“ကျူပ်စားချင်တဲ့အပုံမှ စားမှာနော်” ဧည့်သည်နှစ်ယောက် ဘုမသိဘမသိ ခေါင်းညိမ့်ပြလိုက်သည်။ ကိုလောင်းတီးသည် ခွေးချီးပုံတစ်ပုံတွေ့တိုင်း လက်ဖြင့် အပေါ်ကရှပ်ပြီး ပူသလား ၊ အေးသလားစမ်းကြည့်လိုက် နောက် ချီးပုံနှင့် တစ်ပေအကွာလောက်ကပ်၍ နမ်းကြည့်လိုက် ဖြင့်လုပ်နေသည်။ လိုက်ကြည့်တဲ့ သူတွေနဲ့ မြို့သားနှစ်ယောက်လည်း ကိုလောင်းတီးလုပ်နေတဲ့ ပုံကိုကြည့်ပြီး အန်ချင်နေကြသည်။ တစ်နေရာသို့အရောက်တွင် ဖက်ပေါ်သို့ပါထားသည့် ခွေးချီးပုံကို လည်းတွေ့ရော ကိုလောင်းတီးလည်း သူလုပ်နေကြပုံစံအတိုင်းစမ်းကြည့်လိုက်သည် ။နောက်မျက်နှာကြီးပြုံးပြီး အကြိုက်တွေ့သွားသည်ထင်။
“ကဲ … မြို့သားတို့ ပေးကျူပ်ကို အရင်ရွှေလက်စွပ် … ကျူပ် ဒီအပုံကိုစားမယ်” ဆိုပြီး မျက်နှာတည်တည်ကြီးနှင့်တောင်းလိုက်သည်။ မြို့သား နှစ်ယောက်လည်း ယောင်ပြီးလက်စွပ်ကို ချွပ်ပေးလိုက်သည်။ ကိုလောင်းတီးက “ခင်ဗျာတို့ရော … စမ်းကြည့်ဦးမလား”
“ဟင် အင် … စမ်းဘူး … ခင်ဗျာပဲစမ်း … ခင်ဗျာပဲစမ်း” ဆိုပြီးအကြောက်အကန်ကိုငြင်းပါတော့သည်။ ကိုလောင်းတီးလည်း ပြုံးပြီးကြည့်လိုက်ပြီ ချီးပုံကို ပယ်ပယ်နယ်နယ် ကိုင်ပြီးတော့စားလေတော့သည်။ သိပ်မကြာလိုက်ပါ။ ချီးပုံတစ်ပုံလုံးကုန်သွားတော့သည်။
ကိုလောင်းတီးသည် အားလုံးကုန်အောင်စားပြီးသည် နှင့်တစ်ခါတည်း သုပ်ခြေတင်ပြီးရွာမြောက်ဘက်သို့ ထွက်သွားလေသည်။ ကျန်ခဲ့သည့် မြို့သားနှစ်ယောက် ၊ သူကြီး နှင့် ရွာသားအချို့သာ ပါးစပ်အဟောင်းသားနှင့် ကိုလောင်းတီးကိုကြည့်ပြီးကျန်ခဲ့လေသည်။ အဲ့သည့်နောက်ပိုင်း ကိုလောင်းတီးကို ရွာထဲတွင် တစ်ပတ်လောက်မတွေ့ရတော့ပေ။ အကြောင်းမှာ မြို့သားနှစ်ယောက် မပြန်သေး၍သူကြီး အာဏာသုံးပြီး လက်စွပ်ပြန်တောင်းမှာကြောက်၍ဖြစ်သည်။ ဧည့်သည်တွေပြန်သွားပြီး ၂ ရက်လောက်အကြာမှ ကိုလောင်းတီးကို ရွာထဲတွင်ပြန်တွေ့ရသည်။ ကိုလောင်းတီးကို ရွာထဲတွင်ပြန်တွေ့ပြီဆိုသော သတင်းကြားသည်နှင့် ရွာသူကြီးက ကိုလောင်းတီးအားချက်ချင်းခေါ်ခိုင်းပြီး ခွေးချီးစားပြီး ရွာကိုသိက္ခာချသည့်ကိစ္စအား ကိုလောင်းတီးအားအပြစ်ပေးရန် ခေါ်ခိုင်းခြင်းဖြစ်သည်။ ကိုလောင်းတီးလည်း ကုတ်ကုတ်နှင့် သူကြီးရှေ့သို့ပါလာပြီး “မြို့သားနှစ်ယောက် ရွာကိုအရင်သိက္ခာချ၍ သိက္ခာအချ မခံနိုင်၍ ရွာက စားသာအစားတွေ သည် အကောင်းစားတွေပဲ စားကြောင်းကိုပြောပြီး ဘယ်လောက်တောင်ကောင်းလည်း ဆိုရင် ထွက်လာတဲ့မစင်တော့ ပြန်စားလို့ရတယ်ဆိုတာကိုပြချင်လို့ ဆိုပြီး စားပြတာလို့ပြောသည်။ တကယ်တော့ အမှန်မှာ သူတကယ်ခွေးချီးကို မစားခဲ့ကြောင်း မြို့သားနှစ်ယောက် ကို သူကြီးအိမ်မှာထားခဲ့တုန်း အိမ်အမြန်ပြန်ပြီး ကောက်ညင်းကို ကောရည်နဲ့ချက်ပြီး ဖက်ပေါ်တင်ခဲ့ပြီး ဧည့်သည်ကိုပြန်လာခေါ်၍ စားကြောင်းကိုလည်းေပြောပြလိုက်သည်။ အဲ့ဒီအခါကျမှ ကိုလောင်းတီးရဲ့လုပ်ရပ်ကို အားလုံးကသဘောကျ လက်ခုပ်လက်ဝါးတွေတီးကျတော့သည်။ အဲ့ဒီနောက်ပိုင်း ကိုလောင်းတီးအား ရွာကလူတွေက ကိုလောင်းတီး အပြင် ကိုခွေးချီး ဟုခေါ်ဆိုသမုဒ်ကျတော့သည်။
အခန်း(၂)
ကိုလောင်းတီးသည် ကိုစွမ်းကိုစ နှင့်ရလာသောရွှေလက်စွပ်ကို ကြည့်ပြီး ပျော်မဆုံး နိုင်အောင်ဖြစ်နေသည်။ သူ့လက်စွပ်ကို ရွာကတွေ့သမျှ ကလေးပါမကျန် သူ သည်လက်စွပ်ကို ဘယ်လိုရခဲ့ကြောင်းနှင့် သူ့လက်စွပ်ဘယ်လောက်လှကြောင်းကို ပြောမဆုံးနိုင်ပဲရှိသည်။ ကြာလာတော့ရွာကလူတွေက အမြင်ကပ်လာပြီး ကိုလောင်းတီးကို တွေ့လျှင်ဝေးဝေးကရှောင်ကြသည်။ ဒါကို ကိုလောင်းတီးကလည်း သိသည်။ ဒါကြောင့် အကြွှားကလေးကိုနည်းနည်းလျှော့ပြီး အခွင့်သာမှာသာကြွားတော့သည်။ တစ်နေ့တော့ ကိုလောင်းတီး သူ့ဝတီအတိုင်း ရွာဦးအလမ်းတိုင်း ကြွားလာတော့သည်။ တွေ့သမျှလူကိုလိုက်ပြီး ဒီနေ့ဘာနေ့လည်းလို့လိုက်မေးနေသည်။ နောက်ဟိုလူက စနေနေ့လို့ပြန်ဖြေလျှင် ၊ သူလက်တွေကို ထောင်ပြီး လက်တစ်ချောင်းခြင်းချိုးကာ ရက်တွက်နေသောသဘောဖြင့် ကြွားလာသည်။ သည်လိုနှင့် ကိုလောင်းတီး၏ အကြွားဟာ အတောမသတ်နိုင်ပဲ ရွာဦးဘုန်းကြီးကျောင်းနားသို့တောင်ရောက်လာသည်။ ဘုန်းကြီးကျောင်း အပေါက်ဝတွင် မြို့ကပြောင်းလာသည့် ဘုန်းဘုန်းကိုတွေ့လိုက်ရသည် ။ ကိုလောင်းတီး အကြိုက်တွေ့သွားသည် ။နောက်ဘုန်းဘုန်း နားသွား၍ “ဘုန်းဘုန်း ဘုရား … ဘုန်းဘုန်း ဒီနေ့ဘာနေ့လည်းဘုရား” လို့ဆိုပြီး လက်ငါးချောင်းကိုထောင်ဦးထိပ်ထားပြီး လက်စွပ်ကို မြင်သာအောင် ဘုန်းဘုန်းအားပြ၍ မေးလိုက်သည်။ ဘုန်းဘုန်းလည်း မြို့ကဘုန်းဘုန်း ပဲ ဓါတ်သာပေါ့။ ဒီရွာသားတော့ငါ့ကိုလာကြွားနေပြီ ဆိုပြီးသိလိုက်သည်။ ဒါကြောင့် ဘုန်းဘုန်းလည်း အကျောမခံ လို၍ သူရဲ့ရွှေသွားတွေကို ဖြီးခနဲ ဖြဲပြကာ သွားစေ့ပြီး …
“ဒကာကြီး … ဒီနေ့ ဗုဒ္ဓဟီး ကွဲ့ ဗုဒ္ဓဟီးနေ့” ဆိုပြီးပြန်ကြွားလိုက်တော့သည်။
*ကဲ စာဖတ်သူတို့ - သင်တို့လည်း ဘုန်းကြီးပြောသလိုပဲ သွားစေ့ပြီး "ဒီနေ့ .. ဗုဒ္ဓဟီး ကွဲ့ ဗုဒ္ဓဟီးနေ့" လို့လိုက်ပြောကြည့်လိုက်ပါ *
#တစ်ချိန်ကကျွန်တော်

No comments:
Post a Comment