Wednesday, June 9, 2010

~ တို့အင်းသား နှင့် မြို့ကြီးသား ~


အခန်း (၁)

အချိန်သည် လွန်ခဲ့သော နှစ် (၂၀) ခန့်ကဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ စီးပွားရေးတက္ကသိုလ်တွင် အဲဖော်၊ ကျော်ကြီး နှင့် ငပြူး တို့အချစ်ဆုံး သူငယ်ချင်းသုံးယောက်အဖြစ် အတူတူကျောင်းပြီးသည့်တစ်လျှောက်လုံး လက်တွဲခဲ့ကြသည်။ အဲဖော် သည် အင်းသားဖြစ်သည်။ ကျော်ကြီးကတော့ ရန်ကုန်သားဖြစ်ပြီး ငပြူးကတော့ အညာသားဖြစ်သည်။ သူတို့ သုံးယောက်သည် ကျောင်းပြီးသွားလျှင် ကိုယ့်မြို့ကိုယ့်ရွာကို ပြန်၍ ၅ နှစ်ပြည့်လျှင် အဲဖော် ရှိသော အင်းလေးရွာ သို့သွားလည်ရန် ကတိပြုထားခဲ့ကြသည်။

အခန်း (၂)

အချိန်သည် ဘာလိုလိုနှင့် ကျောင်းပြီးပြီးနောက် ၅ နှစ်ကြာသွားလေပြီ။ သူတို့ ၃ ယောက်တစ်ယောက်ကိုတစ်ယောက် အစပိုင်းနှစ်တွေမှာ စာနှင့် အဆက်အသွယ်ရှိခဲ့ကြပေမယ့်လည်း၊ နောက်ပိုင်း အဲဖော် နှင့် စာအဆက်အသွယ်ပြတ်သွားသည်မှာ တစ်နှစ်လောက် တောင်ရှိပေတော့မည်။ အဲဖော်ကတော့ သူစာထဲမှာတော့ ကျောင်းပြီး အိမ်ပြန်ရောက်တော့ မိဘပေးစားသည့် သူနှင့် ယူပြီး ကလေးတောင် ရနေပြီဟုဆိုသည်။

အခန်း (၃)

ငပြူးသည် သူတို့ကတိထားခဲ့ကြသည့်အတိုင်း ၅ နှစ်ပြည့်သည်နှင့် ရန်ကုန်တို့ အရင်လာပြီး ကျော်ကြီးကိုခေါ်၍ အဲဖော်ရှိသော အင်းလေးရွာလေးသို့ အလည်လာရန် အင်းလေးသို့ ထွက်လာခဲ့ကြလေသည်။ ကျော်ကြီး နှင့် ငပြူးသည် တောင်ကြီး၊ အင်းလေးသို့ တစ်ခါမျှပင် မရောက်ဖူးသေးချေ။ ဒါကြောင့်ပင် ဟိုမေးဒီစမ်း ယောင်တဝါးဝါး နှင့် ညောင်ရွှေ လှေဆိပ်သို့ ရောက်လာသည်။ ညောင်ရွှေ လှေဆိပ်ရောက်သော သူတို့ သူငယ်ချင်း အဲဖော် ကပြောထားသည်ကို ပြန်အမှတ်၇မိသည်။ အဲဖော် ပြောထားသည်က

"မင်းတို့ ... လာမယ်ဆိုရင် ညောင်ရွှေလှေဆိပ်ရောက်ရင် ကြိုက်တဲ့သူမေး ... အဲဖော် ကိုမသိသူမရှိဘူး"

ဆိုသည့်စကားပင်။ ထိုကြောင့် သူတို့ နှစ်ယောက်သည် ညောင်ရွှေလှေဆိပ်က တွေ့ရာမော်တော်သမားကို အဲဖော် ဆိုသည့်နာမည်ကိုမေးကြည့် ပြီးစုံစမ်း ကြည့်လ်ိုကသည်။ သူတို့ သူငယ်ချင်း ပြောထားသည့်အတိုင်းပင် မော်တော် သမားသည် ချက်ချင်းပင် အဲဖော် အိမ်လား၊ ဒါဆိုလိုက် ပို့ပေးမယ်ဆိုပြီး အတင်းလှေပေါ်တတ်ခိုင်းပြီး အဲဖော် ရှိရာ အင်းလေးရွာသို့ ထွက်လာခဲ့လေသည်။ သူတို့ နှစ်ယောက်သည် အင်းလေးကန်၏ သန့်ရှင်းလတ်ဆတ်သည့်လေကို တ၀ကြီးရှုရှိုက်လာပြီး ၊ လူတွေနှင့် ရင်းနီးနေပြီဖြစ်သော စင်ယော်များကို တသြံ တသြ ကြည့်လိုက်၊ သာယာလှပတဲ့ ရှုခင်းတွေကို ကြည့်လိုက်နှင့် လိုက်ပါလာကြသည်။

အခန်း (၄)

"မိနီရေ ... နင့်ဧည့်သည်တွေ ငါလာပို့တယ်ဟေ့"

မော်တော်သမားကြီး၏ အော်သံကြားလိုက်တော့မှာ သူတို့ နှစ်ယောက် မျောနေတဲ့ သူတိုိ့စိတ်တွေ ချက်ချင်းအသက်ပြန်ဝင် လာသည်။ သူတို့နှစ်ယောက်သည် ဘေးပတ်ဝန်းကျင်ကို သေချာပြန်စူးစမ်းလေ့လာလိုက်သည်။ အခုသူတို့ နှစ်ယောက် ရောက်နေသည်မှာ အင်းထဲက ရေပေါ်ခြေသံရှည်အိမ်လေး ရှေ့မှာဖြစ်သည်။

"မိနီရေ ... မိနီ ... ဒီမှာ နင့်ဧည့်သည်တွေ လာပို့တယ်ဟေ့" လို့မော်တော်သမားက အိမ်ထဲသို့လှမ်းကြည့်ပြီ ထပ်မံအော်လိုက်သည်။

"အော် ... အေးအေး လာပြီ လာပြီ ... ဧည့်သည်တွေ အိမ်ပေါ်တက်ပါဦး" ဆိုသည့်အသံ နှင့်အတူ မိနီ ဆိုသော သူတို့ သူငယ်ချင်း အဲဖော်၏ မိန်းမကို အကောင်အထည်လိုက်တွေ့လိုက်ရသည်။ မိနီသည် တုပ်တုပ်ခိုင်ခိုင် အသားဖြူဖြူ နှင့် ရှမ်းချောချော သည်လို့ သူတို့ နှစ်ယောက်လုံး စိတ်ထဲမှာ မှတ်ချက်ချလိုက်မိသည်။ အ်ိမ်ပေါ်ရောက်တော့ ... ငပြူးကစပြီး ...

"ကျွန်တော်တို့ သူငယ်ချင်း အဲဖော်ကော... ခင်ဗျာ့" လို့မေးလိုက်သည်။


မိနီ သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ... "ရှင်တို့ သူငယ်ချင်း သေး (ဈေး) သွားတယ်ရှင့်" လို့ အင်းသံ ဝဲဝဲဖြင့်ပြောလိုက်သည်။ ဒါကို သေချာသဘောမပေါက်တော့ ငပြူး နှင့် ကျော်ကြီးက သူတို့သူငယ်ချင်း အဲဖော် သေသွားသည် အမှတ်နှင့် ....

"ဖြစ်မှဖြစ်ရလေ ... သူငယ်ချင်းရယ် ... ငါတို့ အလာကောင်းပေမယ့် အခါနှောင်းသွားပြီပေါ့ ဟုတ်လား" ဆိုပြီး ရှိုက်ကြီးတငင် ငိုချလေတော့သည်။

မိနီလည်း ရုတ်တရပ်တော့ ကြောင်သွားသည်။ နောက်ချက်ချင်းဆိုသလိုပင် သဘောပေါက်ပြီး အိမ်နောက်ဘေးကို ဝင်သွားပြီး ဈေးခြင်းတောင်းကြီး ယူလာပြီး ငပြူး နှင့် ကျော်ကြီး ၇ှေ့မှာ ... "သေး(ဈေး) သွားတယ် .... သေး (ဈေး) သွားတယ်" လို့ ခြင်းတောင်းကိုင်ပြီး ဟန်လုပ်ပြလိုက်သည်။ သည်တော့မှပဲ ကျော်ကြီး နှင့် ငပြူးတို့ တော်သေးတာပေါ့ ဟုလေသံ နှင့်အတူ ငိုသံရပ် သွားတော့သည်။ ဒီတော့ မိနီက ဆက်ပြီး "အင်းလေး မှာက ၅ ရက်တစ်ဈေးဆိုတော့ ရှင်တို့ အဲဖော် ဈေးသွားရောင်းတယ် .. နက်ဖြန်မှ ပြန်ရောက်လိမ့်မယ် ... ရှင်တို့ အေးဆေး နားကြပေါ့နော်"

"ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်" လို့ နှစ်ယောက်သား ပြိုင်တူ မိနီ အားပြောလိုက်သည်။

အခန်း (၅)

"သားရေ . အဲငဲ ... ဟဲ့ ... အဲငဲ ... ဒီကောင်ဘယ်တွေများလျှောက်သွားနေပါလိမ့်"

"အမေ့ ... သားဒီမှာ ... ဘာခိုင်းဖို့လည်း တို့မ" အဲငဲက အိမ်အောက်ထပ်ရှိလှေပေါ်တွင် ငါးထိုင်မျှားနေရင်း လှမ်းအော်ပြောလိုက်သည်။

"အော် ... အေး ... သားရေ ... ဧည့်သည်တွေ ဗိုက်ဆာနေရော့မယ် ငါးမြုံး သွားဖော်ချေ"

"ဟုတ်" ဆိုပြီး အဲဖောသား အဲငဲ အိမ်ပေါ်တက်လာသည်။ နောက် အိမ်နောက်ဘေးသို့ ဝင်သွားသည်။ သိပ်မကြာပါ ဓါးမ တစ်ချောင်းဆွဲ၍ သူတို့နှစ်ယောက် ရှေ့မှာရပ်လိုက်သည်။

"တို့မေ့ ... နှုတ်ခမ်းမွေး ပါတဲ့ကောင်ကို လုပ်၇မှာလား ... မပါတဲ့ကောင်ကိုလုပ်ရမှာလားအမေ့" လို့အိမ်နောက်ဘေးက မိနီကို လှမ်းမေးလိုက်သည်။ ကျော်ကြီး နဲ့ ငပြူး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရုတ်တရပ်ကြောင်နေကြသည်။ ဘာကြောင့်လည်းဆိုရင် ကျော်ကြီးသည် ငါးခူ နှုတ်ခမ်းမွေး နှင့် ဖြစ်ပြီး ငပြူးတော့ နှုတ်ခမ်းမွေးမပါပေ။

"တို့မေ့ ... သားနှုတ်ခမ်းမွေးပါတဲ့ ကောင်ပဲလုပ်လိုက်မယ်နော်"

"အေးအေး ... သားသဘောပဲ" မိနီ၏ စကားပြန်ကြားသံ ကြားပြီးသည့်နောက်မှာတော့ ကျော်ကြီးခင်ဗျာ ထပြီး ...

"အမလေး ... ကျွန်တော့်ကိုမလုပ်ပါနဲ့ဗျာ ... ကျွန်တော်က ဘုရားနဲ့တ၇ားနဲ့နေတာပါ ... မသတ်ပါနဲ့ဗျာ ကျွန်တော့်ကို ... ကျွန်တော် တောင်းပန်ပါတယ် ... မိန်းမလည်း မရသေးဘူးဗျ" ဆိုပြီး ထအော်လေသည်။ အဲငဲ သည်ဓါးမကြီး ကိုင်ပြီ ကျော်ကြီး ဖြစ်နေသည့် ပုံအား နားမလည်နိုင်သလိုကြည့်လိုက်၊ ခေါင်းကုတ်ပြီး အိမ်အောက်သို့ ဆင်းသွားလေသည်။ သိပ်မကြာလိုက်ပါ လက်ထဲမှာ နှုတ်ခမ်းမွေးပါသော ငါးခူ ကြီးတစ်ကောင်ကို ကိုင်လိုက်ပြန်တတ်လာသည်။ အဲ့ဒီတော့မှ ကိုကျော်ကြီးလည်း သက်ပြင်း ချပြီး တော်သေးတာပေါ့ဟု သူ့အဖြစ်ကို တွေးပြီး နှစ်ယောက်သား ရယ်နေကြပြန်သည်။

အခန်း (၆)

မိနီသည် အဲငဲ ဖမ်းလာပေးသော ငါးခူကို ဧည့်သည်များ စားဖို့အတွက် ချက်ပြုတ်နေလေသည်။ ထိုအချိန်၌ အဲငဲ ဘေးနား ရောက်လာပြီး ... "တို့မေ့ ... ငါ မန်းမွတ်နေပြီ (ဗိုက်ဆာနေပြီ) အ၇င်ကျွေးနော်" လို့မိနီအား ပြောလိုက်သည်။

မိနီက "ခဏနေဦး သားရဲ့ ... မြို့ကဧည့်သည်တွေဆိုတာက အလှစားတာ ... အဝစားတာမဟုတ်ဘူး သားရဲ့ ... သူတို့ပြီးမှ စားနော့်" လို့ သူ့သား အဲငဲ ကျေနပ်အောင်ပြန်ပြောလိုက်သည်။

"အေး ... ဒါဆ်ိုလည်း သူတို့စားတာကို ငါ ထိုင်ကြည့်နေမယ်နော့်" လို့ပြောပြီး အိမ်ရှေ့ ရေကဖျင်းမှာ သွားထိုင်ပြီး ထမင်းဝိုင်းကို သေချာကြည့်နေလေသည်။ ကျော်ကြီး နဲ့ ငပြူးကလည်း ခ၇ီးကလည်းပန်း ဗိုက်ကလည်းဆာဆာနဲ့ ငါးခူ ကြောက်ကလည်း ကြွတ်ကြွတ်ရွရွ ထမင်းကလည်း ပူပူနွေးနွေးလေးနဲ့ဆိုတော့ အပြီးကိုလွေးတော့သည်။ အဲဖော်သား အဲငဲ ကလည်း ကျော်ကြီးတို့ ငပြူးတို့ စစားပြီး ဆိုကတည်းက သေချာကိုလိုက်ကြည့်နေသည်။ စိတ်ထဲမှာတော့ သူ့အတွက် ဟင်းကျန်ပါ့မလားလို့ တွေးနေပေသည်။

ကျော်ကြီး နှင့် ငပြူးသည် စားကောင်းကောင်း နှင့် ဆက်စာရင်း ငါးခူကြော် အပေါ်တစ်ခြမ်း အသားကုန်တော့ နောက်တစ်ဖက်ကို လှန်ပြီး စားရန်ပြင်လိုက်ဆင် ... "တို့မေ့ ... တဖက်လှန်နေပေါ့" ဆိုသည့် အဲငဲ၏ အော်သံကိုကြားလိုက်ရသည်။ ဒါနဲ့ ကျော်ကြီး နဲ့ ငပြူးလည်း လန့်ပြီး ထမင်းဝိုင်းကို ဆက်မစားတော့ပဲ လက်ဆေးပြီး ထမင်းဝိုင်းသိမ်းလိုက်သည်။

မိနီကလည်း သူတို့ စားလို့ပြီးပြီဆိုတော့ ထမင်းဝိုင်းသိမ်းရင် "အကိုတို့ စားချိုရဲ့လား (စားကောင်းရဲ့လား)" လို့မေးလိုက်သည်။ ကျော်ကြီးကလည်း မဆိုင်းမတွပင် "ဆားချိုနဲ့ချက်ထားတာလားဗျ ... ချိုတော့မချိုဘူး … ဒါပေမယ့် စားကောင်းတယ်ခင်ဗျ" လို့ပြန်ပြောလိုက်သည်။ မိနီလည်း ကျော်ကြီးစကားကြောင့် ကြောင်သွားသည်။ နောက်ပြောရန် ပြင်ပြီးမှ ပြောလည်းမထူးဘူးဆိုသည်ကို သဘောပေါက်သည်လားမသိ ... ဘာမှဆက်မပြောတော့ပေ။ ထမင်းဝိုင်းသိမ်းလိုက်ပြီးကော ... မိနီက "သားရေ ... အိမ်နောက်မှာ မုန့်ဆိုင်း ယူခဲ့ဟေ့" လို့ သူ့သား အဲငဲ အားလှမ်းပြောလိုက်သည်။ ငပြူးက အားနာသွားဟန်တူသည်။ ဒါကြောင့် "အော် ... ရပါတယ်ဗျ ... ကျွန်တော်တို့ ဘာမှထပ်မစားတော့ပါဘူးဗျ ... မုန့်စိမ်းပေါင်းလည်း ကျွန်တော်တို့မကြိုက်ပါဘူးဗျ ... တကူးတကကြီး လုပ်မနေပါနဲ့တော့" ဟူ၍ လက်ဟန်ခြေဟန်ဖြင့် အကြောက်အကန်ကို ငြင်းနေသည်။ ထိုအချိန်၌ အဲငဲ သည် အိမ်နောက်သို့ဝင်သွားပြီး … တံမြက်စည်း ယူလာပြီး မိနီအားပေးလိုက်သည်။ ထိုအခါမှ ငပြူးလည်း မုန့်ဆိုင်းဆိုတာ တံမြက်စည်းကို ခေါ်တာကိုး ဟူ၍သဘောပေါက်သွားသည်။ နောက် ရှက်ရှက်နှင့် မသိမသာ သက်ပြင်းလေးချရင်း စိတ်ထဲမှာ "တော်သေးတာပေါ့ … မုန့်ဆိုင်းအရမ်းကြိုက်တာ စားမယ်လို့ ပြောမိလိုက်ရင် … တော်ကြာလူထူးလူဆန်းဆိုပြီး တံမြက်စည်းတွေကြီး လှိမ့်ကျွေးနေရင် ဒုက္ဒနော်" ဆိုပြီးတွေးလိုက်မိသည်။

အခန်း (၇)

ညဘက်ရောက်တော့ မိနီက သူတို့နှစ်ယောက်အတွက် အိမ်ရှေ့ခန်းမှာ အိပ်ယာခင်းပေးလေသည်။ အချိန်ကတော့ ၇ နာရီလောက်တာရှိသေးသည်။ နယ်ရဲ့ဓလေ့အတိုင်း စောစောအိပ်ကြလေ့ရှိသည့်အတွက် ၇ နာရီဆိုသော အချိန်ကတော့ မစောဘူးလို့မှတ်လို့ရပေသည်။ အမှန်ကျော်ကြီးနဲ့ငပြူး သည် သူတို့နယ်တွေမှာဆို ဒီအချိန်အိပ်ကြသေးသည်မဟုတ်ပေ။ အခုတော့ ခရီးလည်းပန်းလာပြီ ဖြစ်သည့်အတွက် မိနီခင်းပေးသည့် အိပ်ယာခင်း၌ ပင် စောစော အိပ်ကြရန် ပြင်လိုက်ကြသည်။

"ကဲ … အကိုတို့ အိပ်ကြတော့နော် … ငါ လည်းသွားအိပ်တော့မယ် … ခေါင်းရင်းမှာ ရေကျား လည်းရှိတယ်နော် … အကိုတို့ထစရာ မလိုတော့ဘူးပေါ့" လို့ပြောပြီး မိနီ သူ့အခန်းထဲသို့ ဝင်သွားသည်။ ငပြူး နှင့် ကျော်ကြီးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရေကျားဆိုသည့် အသံကြားလိုက်သည့်အတွက် မအိပ်ရဲကြတော့ပေ။ အကြောင်းမှာ သူတို့ အိပ်နေတုန်း သူတို့ခေါင်း ရေကျားဆွဲသွားမည် ဆိုးသောကြောင့်ပင်။

အချိန်သည် မနက် (၅) နာရီခွဲခန့် …

မိနီတစ်ယောက် နိုးလာပြီး ထမင်း၊ ဟင်းချက်ဖို့ အသီးအရွက် ခူးရန် အိမ်ရှေ့သို့ထွက်လာသည်။ အိမ်ရှေ့ခန်းထဲတွင် ဧည့်သည် နှစ်ယောက် ကိုလှမ်းကြည့်လိုက်တော့ ကျော်ကြီး နှင့် ငပြူးမှာ သူ့ကိုပြန်ပြီး ပြူးကြည့်နေသည်ကိုတွေ့လိုက်သည်။

"အော် … အကိုတို့ နိုးပြီလား … အစောကြီးနော် … ညက အိပ်မွှေ ရဲ့လား" ဆိုပြီးမေးလိုက်သည်။ ကျော်ကြီး နှင့် ငပြူးသည် မိနီ၏ အမေးစကားကြောင့် ပြာပြာသလဲပင်။

"ဗျာ … ကျွန်တော်တို့ အမတို့ အိပ်နေတုန်း ဘယ်အိတ်မှ မမွှေပါဘူးဗျာ … မွှေဖို့နေနေသာသာ ရေကျား ဆွဲမှာ ကြောက်လို့ တစ်ညလုံး ဒီတိုင်း ငုတ်တုပ်ထိုင်နေတာဗျ" လို့ ငိုသံပါကြီးနဲ့ပြန်ပြောလိုက်သည်။

"ခစ် .. ခစ် … ခစ် … အကိုတို့ရယ် ဖြစ်မှ ဖြစ်ရလေ … ကျွန်မပြောတဲ့ ရေကျားဆိုတာက ဟော့ဒီမှာ" ဆိုပြီး သူတို့ခေါင်းရင်းနား သွားပြီး ရေတကောင်းကို ယူပြီးပြလိုက်သည်။

"အမလေး … ကိုရေကရား ရယ် ကျွန်တော်တို့ကို တစ်ညလုံး နှိပ်စက်လှချည်လားဗျ … နှိပ်စက်လို့တင်မကဘူး မနက်စောစော စီးစီး အိတ်တွေ မွှေလားဆိုးပြီး မေးလားမြန်းလားလည်း လုပ်သေးတယ်ဗျ … အဲဖော်ရေ" ဆိုပြီး သူတို့ သူငယ်ချင်း နာမည်ခေါ်ပြီး တငိုငိုတရီရီ ဖြစ်နေပြန်သည်။ ဒီတော့ မိနီကလည်း "အကိုတို့ … အကိုတို့ကို အိတ်မွှေတယ်လို့ မစွတ်စွဲပါဘူးနော် … အိပ်မွှေလားလို့ ပျော်တာ … အိပ်မွှေတယ်ဆိုတာ အိပ်ကောင်းလားလို့ပြောတာနဲ့ အတူတူပဲ အကိုတို့ရဲ့"

"ဗျာ … သေလိုက်ပါတော့" ဆိုသော အသံနှင့် နှစ်ယောက်လုံး ကိုယ့်နှဖူးကို ပြန်ရီုက်လိုက်ကြတော့သည်။

နေ့လည် လောက်ကြတော့ သူတို့ သူငယ်ချင်း အဲဖော် ပြန်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင် နဲ အလွဲများကို ပြောပြီး တဝါးဝါး တဟားဟားနဲ့ ပြန်လည်ပွဲကျနေကြတော့သည်။

အခန်း (၈)

ကျော်ကြီး နှင့် ငပြူးသည် အင်းလေမှာ ၃ ရက်လောက်နေပြီး ပြန်ဖို့ပြင်ကြတော့သည်။ သိသည့်အတိုင်းပင် အင်းလေးကနေ မြို့ပြန်ဖို့က ညောင်ရွှေကို လှေစီးရဦးမည်။ အဲဖော်သား အဲငဲသည် လှေဦးမှာသွားထိုင်သည် ဧည့်သည် ၂ ယောက်ဖြစ်တဲ့ သူတို့မှာတော့ အလယ်မှာထိုင်ပြီး အဲဖော် ကတော့ လှေနောက်ပိုင်းမှာ လှေလှော်ပြီး ချောင်းရိုးလေးအတိုင်း ထွက်လာခဲ့တော့သည်။ ချောင်းရိုး အလယ်လောက်ရောက်တော့ အဲဖော်သား အဲငဲ ကထပြီး …

"တို့ဖ … နေအုံး … ဒီနားမှာ မြုံးထောင်ထားတာ ကြည့်လိုက်ဦးမယ် မိကျောင်း … မမိကျောင်း" ဆိုပြီး သူ့ အဖေ အဲဖော်ကိုလှမ်းပြောလိုက်သည်။ ကျော်ကြီး နှင့် ငပြူးသည် မိကျောင်း ဆိုသည့်အသံကြားသည်နှင့် "ဘာ … မိကျောင်း … မိကျောင်း … ဟုတ်လား" ဆိုပြီး မိကျောင်းလိုက်လာတယ် ထင်ပြီး ကုန်းရိုးဆီသို့ ဆင်းကူးပြေးလေးတော့သည်။ ပါးစပ်ကလည်း နှစ်ယောက်လုံး …

"ကြောက်ပါပြီဗျ … နောက်ဆိုအင်းလေးကို မလာတော့ဘူးဗျို့" လို့အော် ပြီး ကုန်းရိုးပေါ်တတ် ကုန်းရိုးရောက်တော့ အော်ပြီး ညောင်ရွှေဘက်ဆီသို့ ဆက်ပြေးသွားလေသည်။ အဲဖော် လည်းလိုက်တားသေးသည် သို့ပေမယ့် မမှီတော့ပေ။


**** ပြီးပါပြီး ****


မှတ်ချက်။ ။ ဤပို့စ်လေးသည် ကျွန်တော် ငယ်ငယ်က ညအိပ်ရာဝင်တိုင်း အမေပုံပြောပြီး သိပ်ခဲ့တဲ့ ပုံပြင်တွေထဲက အင်းသားပုံပြင်လေးအား ပြန်လည် ကိုးကားထားခြင်းဖြစ်ပါသည်။


Wednesday, March 3, 2010

~ ၁၅၀၀ အချစ်အား လေ့လာခြင်း ~





လူတွေ၏ ပါးစပ်ဖျားတွင် ရေးပန်းအစားဆုံး စကားတစ်ခွန်းပြောပါဆိုလျှင် "အချစ်" လို့ ကျွန်တော်ချက်ချင်း ဖြေမိပါလိမ့်မည်။ ကျွန်တော် လျှောက်ပြောနေခြင်း မဟုတ်ပါ။ ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်း အခုချိန်ထိ မပြောင်းလဲပဲ တည်တံ့ပြီး ကျန်ရစ်ခဲ့တဲ့စကားက "အချစ်" ပင်ဖြစ်သည်။ ဒါကြောင့်ပင် ဒီ "အချစ်" ဆိုသည့်စကား ဘာကြောင့်များ ယခုချိန်ထိ တည်တံ့နေခြင်းကို ကျွန်တော်စူးစမ်းမိသည်။ ရှာဖွေမိသည်။ ကျွန်တော်ကိုယ်တိုင် ဤသို့လေ့လာမိခဲ့ပါသည်။  
.
အချစ်ဆိုသည်မှာ ဘယ်တော့မှ ဖြောင့်တန်းတည့်မတ်ခြင်း မရှိသော စိတ်ခံစားမှုတစ်မျိုးပြီး ချစ်ခြင်းကို ခွဲခြမ်း စိတ်ဖြာကြည့်မည်ဆိုလျှင် တစ်မျိုးတည်းတွေ့ရမည်မဟုတ်ပေ။ လူတစ်ချို့ကပြောကြသည်။ ရိုးရိုးလေးပါပဲ "ငါမင်းကိုချစ်တယ်" တဲ့၊ တသမတ်တည်း ရိုးရိုးလေးထင်ရပေမယ့်၊ ခံစားသူရဲ့ ခံစားမှု အတွေ့အကြုံတွေ ရောနှောချက်တွေကြောင့် အချစ် ဆိုတာ မတူညီတဲ့ အရသာ ၄ မျိုးကွဲထွက်သွားသည်။ ကျွန်တော်ပြောခြင်း မဟုတ်ပါ။ ဂရိစာပေ ပညာရှင်များ ပြောခဲ့ခြင်းသာဖြစ်သည်။
Romantic Love (စိတ်ကူးယဉ်ဆန်သော အချစ်)
လူတိုင်း အချစ်နှင့် ကြုံတွေ့လာလျှင် ကိုယ်ချစ်တဲ့သူ (သို့) ကို့ကိုယ် ချစ်တဲ့သူထံဆီမှ romantic ဆန်ဆန် ကမ်းလှမ်းလာမှု မျိုးကိုမျှော်လင့်တတ်ကြသည်။ မိတ်ဆွေတို့ကို ကျွန်တော် တစ်ခုမေးချင်ပါသည်။
Romantic Love ဆိုတာဘာလည်း ?
 သေချာကောသိကြရဲ့လားဗျ။ ကျွန်တော်က သေချာမသိလို့မေး ခြင်းဖြစ်သည်။ Romantic Love ဆိုတာ လူနှစ်ဦး ပန်းခင်းမွေ့ယာပေါ်အိပ်ပြီး၊ ကာလရှည် ကမ္ဘာပတ်ပြီး picnic ထွက်သည့်အရာသာမျိုး၊ နှစ်ဦးနှစ်ဖက်လုံး ရုပ်ရည်ပြေပြစ်ချောမောပြီး၊ စီးပွားရေးအတွက် ပူစရာမလိုပဲ သက်တောင့်သက်သာ နေထိုင်နိုင်သည့် အနေအထားမျိုးကိုဆိုလိုသည်။ ဒါမျိုးက လူ ၁ သန်းမှာ တစ်ယောက်သာ တွေ့ကြုံနိုင်လောက်တဲ့ အခြေအနေအမျိုးပင်။ အခုလက်ရှိ ကမာ္ဘ လူဦးရေ သန်း ၆၅၀၀ ကျော်ရှိတယ်။ ဒါကြောင့် ဒီလို Romantic love မျိုးပိုင်ဆိုင်နိုင်တဲ့သူ ၆၅၀၀ သာရှိပါလိမ့်မယ်။ မိတ်ဆွေ အထင်မကြီးပါနှင့် ဒီအထဲမှာ ကျွန်တော်မပါပါ။
များသောအားဖြင့် လူအများစုက romantic love ကိုရှာဖွေကြည့်ကြသည်။ ဒီအထဲမှာ ကျွန်တော်ပါကောင်းပါနိုင်ပါသည်။ အစပိုင်းမှာတော့ အားလုံးက romantic ဆိုတဲ့အရသာကို ခံစားမိလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး တဖြည်းဖြည်းနဲ့ romantic ဆိုတဲ့အရသာ ပျောက်သွားပြီး တစ်ယောက်နဲ့ တစ်ယောက်ငြင်းခုန် အပြစ်တင်ရင်းနဲ့ romance ဟာ sad ဆိုတဲ့ အသွင်ပြင်ကို ကူးပြောင်းသွားတာကို တွေ့ရလိမ့်မည်။ နောက်ပြီး တစ်ခါတစ်လေ လူတွေက romantic love နဲ့ sex ကိုသေချာ ကွဲပြားမှုမရှိသေးပေ။ sex ကြောင့်သာယာမှုကို romantic love လို့ခံယူထားတတ်ကြသည်။ ကျွန်တော်ဒီလိုပြောလို့ romantic love နဲ့ sex ကဒွန်တွဲနေတယ်လို့ပြော ခြင်းမဟုတ်ပါ။ ခွဲခြားမြင်စေလို၍ ဖြစ်သည်။
.
Sexual Love (ရမ္မက်ပြင်းသော အချစ်)
ကောင်မလေး (သို့) ကောင်လေး တစ်ယောက် မြင်မြင်ချင်း နှစ်နှစ်ကာကာချစ်သွားမိပြီဆိုပါဆို့။ သင့်ရဲ့ နှလုံးခုန်သံဟာ တော်တော်လေးကို လှုပ်ရှားမိနေလိမ့်မည်။ သင့်ရဲ့ အသက်ရှုသံတွေကလည်း ပုံမှန်ဟုတ်လိမ့်မည်မဟုတ်ပေ။ ဒါကို love at first sight  လို့ခေါ်နိုင်မလား? သင်တို့ ချစ်သူနှစ်ဦး သွားလာလှုပ်ရှားနေတဲ့အချိန်မှာ တစ်ယောက်နဲကတစ်ယောက် ချစ်စိတ်ဒီဂရီတွေက လိုသာထက်ပိုပြီး sexual ဘက်ကိုအသားပေးချင်တဲ့စိတ်ကပိုများနေတဲ့အခါ ဒါကကော သင့်အနေနဲ့ ဒါကို ဘဝလက်တွဲဖော် (သို့) နောက်ဆုံးအချစ်ပဲလို့ထင်နေသလား ? အမှန်တော့ ဒါတွေက ရေတိုအချိန်မှာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။  အချိန်အနည်းငယ်ယူပြီး ကိုယ်ချစ်တဲ့လူရဲ့ အမှုအကျင့် တစ်ယောက်အပေါ်တစ်ယောက် ဘယ်လို လွှမ်းမိုးနေသလဲဆိုတာ လေ့လာကြည့်ရင်း။ ကိုယ့်ချစ်သူဘယ်လိုလူ ငါတို့ချစ်ခြင်းဟာ ဘယ်လိုအချစ်မျိုးလည်းဆိုတာ သံသယကင်းစွာ သင်မြင်ရပါလိမ့်မယ်။ ဒါက  နှစ်ယောက်လုံးက relation together is sex ဆိုတာကို နှစ်ယောက်သား ခုံမှင်နေလို့ပင်။ ဒါတွေက ရမ္မက်၊ရာဂ  တွေပင်။ ဒါကိုသင်တို့ တစ်ဦးပေါ်တစ်ဦး သင်လည်း သူ့အပေါ်အရမ်းချစ်သည်၊ သူလည်း သင့်အပေါ်အရမ်းချစ်သည်လို့ ရူးမိုက်စွာမယုံကြည့်လိုက်ကြပါနှင့်၊ သင်တို့နှစ်ယောက်လုံး (သို့) တစ်ယောက်က အချစ်စိတ် ကုန်ခမ်းသွားသည့်တစ်နေ့ သင်တို့ တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်မထားနိုင်တော့ပဲ အရမ်းချစ်ကြပါသည်ဆိုသော သင်တို့နှစ်ယောက်လုံး တစ်ယောက်မရှိပဲ တစ်ယောက် နေနိုင်သွားမည်။ အကယ်၍များ သင့်အနေဖြင့် ချစ်တဲ့သူနှင့်အတူ နေဖူးပြီး ကွဲကွာသွားသည့်အခါ ဘာခံစားချက်မျှ ရေးရေးလေးမျှမ၇ှိတော့လျှင် သင့်ကိုသင် ပြန်သုံးသပ်ပါ။ ဒါက သင်သည် Sexual Love ကိုခုံမှင်ခဲ့မိသည်ဆိုခြင်းပင်။ ဟုတ်လည်းမဟုတ်ပဲနဲ့လို့ သင့်ပါးစပ်က ကျွန်တော့်အားပြောချင်ပြောနေလိမ့်မည်။ သို့သော် သင့်စိတ်ထဲမှာ ကျိတ်ပြုံးနေသည်ကို ကျွန်ုပ်မြင်နေ၇သည်ကို သင်မမေ့ပါနှင့်။ နတ်မျက်စိရှိသည်။
.
Obsessive Love (ခပ်ကြောင်ကြောင် အချစ်)  
သင်ကောင်မလေး တစ်ယောက်အား ခပ်ကြောင်ကြောင်ရူးသွပ်စွာ ချစ်ဖူးပါသလား?
ချစ်ဖူးခဲ့သည်ဆိုလျှင် သင်သည် obsessive love အချစ်သမားဖြစ်ခဲ့သည်လို့ ပြောလို့ရပေသည်။ obsessive love သမားများသည် သူ ဦးတည်ချက်ထားသော သူများသို့ချည်းကပ်ရာတွင် သာမန်လူထက် ပိုကဲ ပိုဆန်းစွာ ချည်းကပ်တတ်ကြပြီး တစ်ဘက်လူအချစ်ကို မရရင် ရူးတော့မလို သေတော့မလို လုပ်ပြပြီး တစ်ဘက်သားအချစ်ကို သိမ်းသွင်းတတ်ကြသည်။ ဥပမာ - အိပ်ခန်းနံရံအပြည့် ချစ်တဲ့လူ၏ အလှဓါတ်ပုံများကပ်ထားခြင်းအပြင်၊ နေ့ရောညပါ ၂ နာ၇ီခြားတစ်ခါ ဖုန်းဆက်ခြင်း ဖြင့် အချစ်ကြီးသမားတစ်ယောက်နှယ် လုပ်ပြတတ်သေးသည်။ ဒါပေမယ့် အချို့ obsessive love သမားများသည် တစ်ဘက်သက်၊ အုံပုန်ုး အချစ်သမားအဖြစ်လည်း နေတတ်ကြသည်။ သူတို့သည် သူတို့ချစ်တဲ့သူနားထံ အကြောင်းအမျိုးမျိုးပြပြီး ကပ်နေတတ်ကြသည်၊ တစ်ဘက်လူမှ ဘာတုန့်ပြုံမှုမှမရှိ၊ ချစ်ဟန်မပြလည်း ဂရုမစိုက် သူတို့အတွက် ပြန်ချစ်ချစ် မချစ်ချစ် ချစ်တဲ့သူနားနေရဖို့သည် သူတို့အတွက်ပျော်ရွင်မှုပဲဆိုတာကို လက်ကိုင်ထားသည့် ခပ်ကြောင်ကြောင်အချစ်သမားများပင်။ နောက်ဆုံး obsessive love သမားအများစု၏ ဇာတ်သိမ်းက တစ်ဘက်လူ၏ ငြင်းပယ်ချက်ကိုခံရပြီး အသည်းကွဲခြင်းကို ခံစားရခြင်းပင်။ ဒါကြောင့် obsessive love (ခပ်ကြောင်ကြောင်အချစ်သမား) များသည် စချစ်ကတည်းက နာကျင်မှုနှင့် စပြီး ဇာတ်သိမ်းတွင်လည်း နာကျင်မှုဖြင့်သာ အဆုံးသတ်ကြပေသည်။
မိတ်ဆွေ … သင်သည်လည်း စချစ်ကတည်းက အချစ်ကြောင့်နာကျင်သည့် ဝေဒနာခံစားနေရပြီ ဆိုလျှင် သင်သည်လည်း obsessive ဆိုတဲ့ ခပ်ကြောင်ကြောင် အချစ်သမားဖြစ်ဖို့ လမ်း၀ သို့ရောက်နေပြီကို သတိထားသင့်ပေသည်။ နောက်ပြီး Obessive Love သမားအများစုမှာ မိန်းကလေးအများစု ထံတွင်သာတွေ့၇တတ်ပေသည်။ ဘယ်စာကိုးကားချက်မှမပါပါ။ ကျွန်တော့်အား အိမ်မက် ထဲမှ ဘိုးတော် တစ်ပါးကပြောသွားခြင်းဖြစ်သည်။ သင်မယုံလျင် သင်သည် Obessive Love ဆိုတဲ့ ခပ်ကြောင်ကြောင် အချစ်သမား ဖြစ်နေလို့ပင်။ မဆိုင်ဘူးလို့မပြောပါနှင့် ဆိုင်လိုက်လျင် သင်သည် အရာရာကို အောင်မြင်နိုင်သူ တစ်ယောက်ဖြစ်လာလိမ့်မည်။
.
Platonic Love (အဖြူရောင် အချစ်)
တော်တော်များများ Platonic Love ဆိုသည့်အကြောင်းကို ကြားဖူးကြမည်ဟုထင်သည်။ Platonic Love သည် မိဘက သားသမီးကို ချစ်သလိုအချစ်မျိုး၊ ညီအကိုမောင်နှမအချစ်မျိုး၊ သူငယ်ချင်းအချစ်မျိုးပင်။ မြန်မာတွေခံယူထားသော ၅၂၈ ချစ်ခြင်းနှင့် အလားတူသည်။ Platonic Love တွင် ရုပ်ပိုင်းဆိုင်ရာ နှင့် လိင်ပိုင်းဆိုင်ရာ ရောနှောမှုများမပါသော အဖြူရောင် သက်သက်ပင်ဖြစ်ပြီး၊ တစ်စုံတစ်ယောက်အတွက် လေးနက်သော ဂရိုစိုက်မှုတွေပါသည်။  Platonic Love သည်ဘဝအတွက် လုံခြံမှုတွေပါသည်။ သင်တို့တစ်ယောက်နှင့်တစ်ယောက် အသက်ကြီးသည်အထိ နားလည်မှုများစွာဖြင့် သေဆုံးသည်အထိ လက်တွဲသွားနိုင်သည်။ ဘဝရဲ့ဒဏ်ချက်တွေကို အတူတူ မျှဝေခံစားမည်၊ ရယ်စရာရှီ ရယ်မည်၊ ငိုစရာရှိလည်း အတူတူငို နိုင်မည့်အချစ်မျိုးဖြစ်သည်။ မိန်းကလေးတော်တော်များများ platonic love ကိုသဘောကျကြသည်။ သို့သော်သဘောသာ ကျ၍လိုက်နာကျင့်သုံးဖို့ အလွန်ပင်အားနည်းပါသည်။ ယောက်ျားလေးတော်တော်များများ မှာတော့ Platonic Love အားလက်ခံသူ၊ လိုက်နာနိုင်သူ ၁၀ သန်းမှာတစ်ယောက်သာရှိပေလိမ့်မည်။ မိတ်ဆွေ ထို ၁၀သန်း ထဲက တစ်ယောက်တွင် လည်း ကျွန်တော်မပါပေ။
.
1500 Love (သမီးရည်းစား အချစ်)
လူအများစုသည် ၁၅၀၀ အချစ်ဘယ်က ဆင်းသက်လာသည်ကို သေချာစွာမသိပဲ တစ်ယောက်က ၁၅၀၀ အချစ်လို့ ဆိုလိုက်သည်နှင့် ၁၅၀၀အချစ် လိုက်ပြောချင်သူကများနေသည်။ ကျွန်တော် ၁၅၀၀ အချစ်နှင့် ပက်သက်ပြီး အဖြစ်အပျက်လေးတစ်ခုကိုပြောပြပါမည်။ ကျွန်တော်အရင်က ဟိုတယ်တစ်ခုတွင် ညဆိုင်း အလုပ်လုပ်ပြီး section ၂ ခုအားတွဲကိုင်ရသည်။ Section တစ်ပိုင်းသည် ညနေ ၆ နာရီကတည်းကစပြီး၊ reception ပိုင်းကိုတော့ ည ၁၀ နာရီမှာ စတာဝန်ယူရပါသည်။ ဖြစ်ပုံက ကျွန်တော့်ရှေ့ပိုင်းတွင် တာဝန်ယူနေသည့် receptionist မမက နိုင်ငံခြားသား တစ်ယောက်နှင့် စကားလက်စုံကြနေသည်။ ထိုမမက သူမ၏အချစ်ကိုထင်မြင်သည့် အကြောင်းများကို ဝေဝေဆာဆာကြီးပြောပြနေသည်။ ထို နိုင်ငံခြားသားကလည်း စာ၇ေးဆရာလို့ တော့သူ့ကိုယ်သူတော့ ပြောသည်။ ဒါကြောင့် receptionist မမက ဟိုဖြူဖြူနိုင်ငံခြားသားစာ၇ေးဆရာ အားစာမူပေးနေပုံရသည်။ နောက်သူတို့ပြောနေတာ ကျွန်တော်လည်း စိတ်ဝင်စားသွားပြီး အနားမှာ သွားနားထောင်နေလိုက်သည်။ သိပ်မကြာပါ receptionist မမ အမေးကြောင့် ဟိုစာ၇ေးဆရာ အတော်အကြပ်ရိုက်သွားပုံရသည်။ receptionist မမ မေးလိုက်သည်က။
"ရှင် ၁၅၀၀ အချစ်ကို ဘယ်လိုမြင်တုန်း"
"ဗျာ"
"၁၅၀၀ အချစ်လေ"
"၁၅၀၀ အချစ်ဝတ္တုတိုလား Shake Spear ရေးတာကိုပြောတာလား"
"မဟုတ်ဘူးလေ"
သူတို့ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပတ်နေတော့ ကျွန်တော်လည်း ကြားထဲက မနေတာတော့ပဲ ဝင်ပြောလိုက်ရတော့သည်။ ကိုကိုနိုင်ငံခြားသားကြီးခင်ဗျ … Romantic Love, Sexual Love, Obsessive Love & Platonic Love ကိုသိလားလို့မေးလိုက်သည်။ ကိုကိုနိုင်ငံခြားသားကြီးကလည်း "YES" ဆိုပြီးတစ်လုံးတည်းပြန်ဖြေသည်။ ဒါနဲ့ ကျွန်တော်လည်း ဆက်ရှင်းရတော့သည်။ 1500 love ဆိုတာ ကျွန်တော့်တို့ မြန်မာဗုဒ္ဓဘာသာက သတ်မှတ်ထားသည့် အချစ်တစ်မျိုးပါလို့။ Romantic Love, Sexual Love နဲ့ Obsessive Love သုံးခုရောထားတဲ့ ချစ်ခြင်းမျိုးလို့ရှင်းပြလိုက်သည်။
ဟိုအဖြူကောင်ကလည်း ဟုတ်လားဆိုပြီး သူ့စာအုပ်ထဲမှာ ချက်ခြင်းထုတ်မှတ်တော့သည်။ ကျွန်တော်ကတော့ ၁၅၀၀ အချစ်ဆိုတာ ဘယ်ကဆင်းသက်လာမှန်းမသိတဲ့ အချစ်ဆရာမကြီး receptionist မမကိုတော့ အလေးတစ်ချက်ပြုလိုက်သည်။
ဘာရယ်မဟုတ်ပါဘူး ကျွန်တော် အကျင့်ပါနေလို့ပါ။
မိတ်ဆွေ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောကြသည်။
၁၅၀၀ အချစ်က ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၄/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစာ္ဆ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)

အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -
- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး

ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -
( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်)

မိတ်ဆွေ ဒီလောက်ဆိုရင် ၁၅၀၀ အချစ်ရဲ့ အဓိပ္ပာယ်ကို သဘောပေါက်လောက်ပြီထင်သည်။ အမှန်တော့ ချစ်ခြင်းဆိုတာ တူညီနိုင်သည့်ချစ်ခြင်းမျိုး တစ်ယောက်နဲ့ တစ်ယောက်ပိုင်ဆိုင်ထားနိုင်လျှင် အကောင်းဆုံးပင်။ ဥပမာ- Romantic Love (ယောက်ျား) + Romantic Love (မိန်းမ) ဆိုအဆင်ပြေသည်။ Sexual Love (ယောက်ျား) + Platonic Love (မိန်းမ) ဆိုလျှင်တော့ အဆင်မပြေနိုင်ပေ။ ဒါကြောင့် တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းတွေ တူညီဖို့လိုသည်။ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပင်။ သင့်အနေနှင့် ကျွန်တော်အားချစ်တော့မည်ဆိုလျှင်  Romantic Love, Sexual Love, Obsessive Love, Platonic Love နှင့် ၁၅၀၀ အချစ် ဘယ်အချစ်နဲ့ ချစ်ပေးရမည်ဆိုတာကိုပါ ကြိုတင် Booking လုပ်ထားနိုင်သည်။ ဒါမှသာ သင်လိုချင်သော ချစ်ခြင်းဖြင့် ထပ်တူကျအောင် ကျွန်တော်ချစ်ပေးနိုင်မည်ဖြစ်သည်။
ကဲ First Come First Serve နော် …

တစ်ချိန်ကကျွန်တော် 

Saturday, January 23, 2010

~ ကျွန်တော် နှင့် ရိုးသားမှု အဆုံးတွင် ~

.



အချိန်က နွေရာသီ ဖြစ်သည်။ အပြင်မှာ မိုးတွေ တဖွဲဖွဲ ရွာနေသည်လေ။ ဒါကြောင့် ကျွန်ုပ် ရေပုံးနှစ်ပုံးကို ယူ၍ အပြင်သို့ မိုးရေခံရန် ထွက်လာပါ၏။ မိုးတွေ တော်တော်ကို မှရွာနေပါသည်။ မိနစ် ၄၀၊ မိနစ် ၅၀ ၁ နာ၇ီကျော်နီးပါးရွာပါ၏။ မိုးရေခံ၍ အိမ်ထဲတွင် ရေခပ်ဖြည့်ထားသည်မှာ ပြည့်လုနီးပါးပင်ဖြစ်နေပြီ။


ရုပ်တရတ် မိုးချိန်းသံများ၊ မိုးသံများရပ်တန့်သွားပြီး ကျွန်ုပ်ခေါင်းပေါ် နေလုံကြီးတည့်တည့်ကြလာပါသည်။ ချက်ချင်းကြီးပြောင်းလဲသွားသော အခြေအနေကြောင့် ကျွန်တော်အပေါ် မော့ကြည့်လိုက်ပါသည်။


.


“သေစမ်း … ရေစင်မှ ရေတွေလျှံကျနေပါလား”


.


ကျွန်တော်သည် ထိုသို့သော သူများတွေမသိနိုင်သော ကြောင်တောင်တောင် ပေါတောတော လူတစ်ယောက်လို့ ကိုယ့်ဘာသာကို သတ်မှတ်ထားသော လူတစ်ယောက်ဖြစ်သည်။ ယခုလည်း ကိုယ့်ဘာသာကို ရိုးသားမှုရှိသော လူတစ်ယောက်ဟု သတ်မှတ်၍ အရာရာတိုင်းတွင် ကိုယ်လိုသူလိုရိုးသားသူများအား လိုက်လံရှာဖွေခြင်း အလုပ်ကို စတင်မိနေသည်။


.


အဖြူရောင်သည် ရိုးသားမှုဟု လူတွေသတ်မှတ်ထားကြသည်။ ထိုကြောင့် အဖြူနှင့် ပက်သတ်သော ရိုးသားမှုများအား ပထမဦးဆုံး ကျွန်တော့် အိမ်မှာအရင် ရှာကြည့်သည်။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ထမင်းစားခန်း နှင့် အိမ်မှာရှိသမျှ စာအုပ်တွေအကုန်လှန်လှော်ပြီး ရှာကြည့်သည်။ ရှာစ၇ာလည်း ကုန်ပြီ။ အဖြူရောင်နှင့်တူသည်ဆို၍ မျက်နှာကျက် အဖြူရောင်နှင့် စာအုပ်အချို့တွင် ရေးသားထားသော ရိုးသားမှု အချို့ကိုသာ တွေ့ပေသည်။ ဒါတွေက ကျွန်တော်ရှာဖွေနေသည့် ရိုးသားမှုအစစ်တွေ မဟုတ်ပေ။ ဒါဆို ဘာကြောင့်များ ကျွန်တော် အိမ်က ရှိသမျှ အရာတိုင်း၊ စာအုပ်ထဲတွေမှာ လိုက်လံ၇ှာဖွေ မိနေသနည်း။ အမှန် ရိုးသားမှုဆိုသည်မှာ လူတွေ (သို့) သက်ရှိတွေမှာ သာရှိသည်။ ကျွန်တော့်၏ သောက်တုံးမကျသော အတွေးအခေါ်များကြောင့် အချိန်တွေတောင် တော်တော်လင့်ကုန်ပြီ။ ကိုယ့်ဘာသာကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကျွန်တော် ကိုယ့်နဖူး ကိုယ်ပြန်နမ်းပြီး ရှာဖွေထားသည့် ၇ိုးသားမှုများအား လိုက်လံသိမ်းဆည်းလိုက်ပြီး သူ့နေရာသူပြန်ထားလိုက်သည်။ နောက် ရိုးသားသော လူများအား မည်သို့၇ှာဖွေ မည်ဆိုသည့်အကြောင်းကို စဉ်းစားရင်း အိပ်ယာထဲ ခဏလှဲနေလိုက်သည်။ မျက်တောင်လေး ၃ ချက်လောက် အခက်လောက်အပြီးမှာ ကျွန်တော် ၁၉ ရာစု သို့အလိုလို ပြန်ရောက်သွားနှင့်ပြီးလေပြီ။


.


အချိန်သည် ၁၉ ရာစု ဖြစ်သည်။


ကျွန်တော် တော်တော် အိပ်မောကျသွားသည်ထင်သည်။ သွားရည်စီးကြောင်းက လည်းပင်နားအထိ ရောက်နေသည်လား (သို့) ကျွန်တော့်အပေါ် တစ်ခုခုအရည်များကျနေသည်လား သေချာမသိ။ အေးခနဲ အထိအတွေ့နှင့်အတူ လောက၏ အလင်းများအား ဖြေးဖြေးချင်း ဝါးမျိုလိုက်၏။ ဟုတ်ပါသည်။ ကျွန်တော် တကယ်နိုးထလာပါသည်။ နိုးထခြင်းနှင့်အတူ စိတ်ထဲက ကျွန်တော့်၏ တင်ပါး နားတွင် တစ်ခုခုဖု နေသလို ခံစားမိသည်။ ကျွန်တော် ဖြေဖြေချင်း ဘာများလည်းဟု စမ်းမိသည်။ စိမ်းမိသည်နှင့် ကျွန်ုပ်၏ အာရုံတွေ ထွေပြားကုန်သည်။ နောက် ကျွန်တော့်၏ မျက်နှာ၊ လက် ၊ ရင်ဘက် များကို ဆက်တိုက်ဆိုသလိုစမ်းမိသည်။ ထူးခြားသော အထိအတွေ့များနှင့် အတူ၊ အိပ်နေရင်း မျက်လုံးနှစ်လုံး ပွင့်လျက် ကိုယ့်ဘာသာကို အံသြမှင် သက်မိနေသည်။ နောက် ဖြေညင်းစွာထလျက် ကြည့်မှန်ရှိရာသို့လှမ်းလာလိုက်သည်။ ကြည့်မှန်ထားရာမှာ ကြည့်မှန်မရှိပါ။ အိမ်ကို ခေါင်းတစ်ပတ်လည်၍ သေချာကြည့်လိုက်ပါသည်။ ဤနေရာသည် ကျွန်တော်၏ နေရာ မဟုတ်မှန်း ချက်ချင်းသိလိုက်ပါသည်။ ကျွန်တော် သွေးရူးသွေးတန်းဖြစ်သွားပြီး၊ အလျင်အမြန်ပဲ အိမ်ပြင်ဝသို့ထွက်လိုက်သည်။ အိမ်ရှေ့တွင် ရေကန်ကြီးတစ်ကန်ကို ကျွန်တော်တွေ့လိုက်သည်။ ကျွန်တော် ဝမ်းသာသွားသည်။ အိမ်မက်ဆိုး နှင့် သွေးပျက်ခြောက်ခြားဖွယ် အမြင်အဆန်း အထိအတွေ့များကြောင့် အာတော်တော် ခြောက်နေ၍ဖြစ်သည်။


“ အား ……….”


ရေကန်ထဲတွင် ကိုယ့်ဘာသာကို တွေ့လ်ိုက်ရသည့်မြင်ကွင်းကြောင့် အလွန်ပင်ထိတ်လန့်သွားမိသည်။ ဟုတ်သည် ရေကန်ထဲတွင် ကျွန်တော်သည် ဝံပုလွေ တစ်ကောင် အဖြစ်မြင်တွေ့နေရသည်။ စူးရှသည့်မျက်လုံး၊ မီးခိုနှင့်အဖြူ ရောစပ်ထားသည့် အမွေးအမျှင်၊ တင်ပါးတွင် ၂ ပေလောက် ရှည်ထွက်နေသည့် အမြီး၊ ပါးစပ်ဟ လိုက်တိုင်းတွင် ဖွေးကနဲတက်လာသည့် အစွယ်များပင်။


.


ဝံပုလွေသည် ကောက်ကျစ်ပြီး ၇ိုးသားမှုမရှိသော တရိစ္ဆာန်တစ်ကောင်ဖြစ်သည်ဟု လူတွေ တော်တော်များများ သိနှင့်ပြီးသားဖြစ်ပေလိမ့်မည်။ ဒါကြောင့် ၁၉ ရာစုတွင် ကျွန်တော်သည် ရိုးသားမှု မရှိသော ကောက်ကျစ်သော ဝံပုလွေတစ်ကောင် ဖြစ်နေပါသည်။ ဝံပုလွေတစ်ကောင် ဖြစ်၍ ကောက်ကျစ်ရမည်၊ ၇က်စက်၇မည်။ ရိုးသားသူများအား လိုက်လံဒုက္ခပေးရမည်ဟု စာကြီးပေကြီးများတွင် ဖော်ပြထားကြသည်။ စာကြီးပေကြီးများအား အမှန်တရားလို့ လက်ခံထား၍ ဝံပုလွေ ဖြစ်နေသောကျွန်တော် စတင် ကောက်ကျစ်ရပါတော့မည်။ ရိုးသားသူများအား လိုက်လံ ဒုက္ခပေး၇ပါတော့မည်။


.


သိုးများသည် အပြစ်ကင်းပြီး ရိုးသားကြသည်၊ ဟန်ဆောင်မှုမရှိပေ။ ကျွန်တော်ပြောခြင်းမဟုတ်ပါ။ စာကြီးပေကြီးများတွင် ဖော်ပြထားခြင်းဖြစ်သည်။ သိုးများသည် ဟန်ဆောင်မှုမရှိ။ အပြစ်ကင်း ရိုးသားကြသည် ဆိုသောကြောင့် သိုးသည် ကျွန်တော်ဝံပုလွေ၏ သားကောင်ပင်ဖြစ်ပေလိမ့်မည်။ ဒါကြောင့် သိုးများသည် မင်းသား၊ မင်းသမီးများဖြစ်၍ ကျွန်တော်သည် လူဆိုးပင်ဖြစ်မည်မှာ သေချာသလောက်ပင်ရှိနေသည်။


.


ကျွန်တော်သည် ရိုးသားသူများအား သုတ်သင်ရန် လောကဆိုသည့် ခရီးအား အပြင်းခရီးနှင်လာမိလေသည်။ စိတ်ထဲတွင်လည်း ကောက်ကျစ်သောသူ၊ ရိုးသားမှုမရှိသောသူများအတွက် နေရာမရှိမှု၊ အထီးကျန်ဆန်မှု တွေအတွက် ခါးသီးပြွတ်သိပ်လို့နေလေသည်။ ဒါကြောင့် ရိုးသားသူများအား သုတ်သင်နိုင်မှသာ ကျွန်တော်တို့ဝံပုလွေများအတွက် အသက်ရှုချောင်၍ အသက်ရှည်နိုင်လိမ့်မည်လေ။ ကျွန်တော် လောကကြီးထဲ ခရီးနှင်လာခဲ့သည်မှာ တော်တော်ပင် ခရီးပေါက်နေပြီ။ မကြာခင် ရိုးသားသည် ဆိုသော သိုးများအား ကျွန်တော်တွေ့၇ပေတော့မည်။ ကျွန်တော်ကောင်းကောင်းကြီး ပညာပြရပေတော့မည်။


.


အင်မတန်မှ အေးမြလှပါသည်။ လှပပါသည်။ နေချင်စဖွယ်ကောင်းပါသည်။ လောကကြီးသည် အလွန်ပင် အေးချမ်းလှ၍ အပူ၊ အအေးမျှတပြီး ပျော်စရာလည်းကောင်းသည်လို့ထင်လိုက်မိသည်။ ထိုကဲသို့ အလှတရားများကို ပိုင်ဆိုင်ထားသော ကောက်ကျစ်မှုမရှိသော၊ ရိုးသားသော သိုးများအပေါ် ကျွန်တော် မနာလိုဝန်သိုစွာပင်ဖြစ်လို့နေပြီး ဒေါသတွေ တလိပ်လိပ်တက်လို့နေပေသည်။ ကျွန်တော် တောင်ချွန်းပေါ်ကနေ ဖွေးဖွေးလုပ်နေသော ၇ိုးသားသော သိုးအုပ်အားကောင်းစွာ မြင်နေရသည်။ ကျွန်တော် ဒီတိုင်း သိုးအုပ်များထံ ဝင်သွားလို့မဖြစ်မှန်း မိမိကိုယ်ကိုယ် မိမိ တွက်စမိလိုက်သည်။ ကျွန်တော် ခဏတဖြုတ်စဉ်းစားလိုက်သည်။


“ဟုတ်ပြီ … အကြံရပြီ”


ကျွန်တော်၏ အကြံသည် ကျွန်တော်ကိုယ်တိုင် သိုးယောင်ဆောင်ပြီး၊ သိုးများနှင့်ပေါင်း၍ ဒီကောင်တွေ တစ်ကောင်ခြင်း၏ အကျင့်စာရိတ္တများပျက်ပြားသွားအောင်လုပ်ဖို့ပင်။ ကျွန်တော် ထပ်ပြီး ရှည်ရှည်ဝေးဝေး တွေးမနေတော့ပါ။ သိုးရည် ခြုံပြီး ကျွန်တော် သိုးအုပ်ထဲရှိရာသို့ ဖြေးဖြေး မှန်မှန်ပြီးဝင်လာမိသည်။ သိုးတွေသည် ကျွန်တော် ဝင်လာမှန်းတစ်ကောင်မှ မရိပ်မိကြပေ။ သူတို့ စားမြဲအတ်ိုင်းစားနေသည်၊ ပျော်မြဲအတိုင်း ပျော်နေသည်။ ဒါကိုက ကျွန်တော့်အတွက် အခွင့်ကောင်းပင်။ ကျွန်တော် ဘယ်သိုးကို အရင်စပြီး ဖျက်ဆီး ကိုက်ဖြတ်ရင် ကောင်းမလညး်ဟု စဉ်းစားပြီး တစ်ကောင်ခြင်း ကိုလ်ိုက်လံ ကြည့်နေမိလေသည်။ ကျွန်တော် လ်ိုက်လံကြည့်လိုက်၊ စဉ်းစားလိုက်လုပ်နေသည်မှာ အချိန်ဘယ်လောက်ကြာတွင်မှန်းတောင်မသိလိုက်ပေ။ တစ်နေ့နဲ့တစ်နေ့ ဒီသိုးတွေအားလိုက်လံလေ့လာ ကြည့်ပြီး ဘယ်လို အရောဝင် ဖျက်စီးရမှန်းကို စဉ်းစားနေတာနှင့်ပင် ကျွန်တော်ဝံပုလွေသည်ပင် သိုးတစ်ကောင် ဖြစ်ချင်စိတ်ပင် အလိုလိုတစ်ချက်ချက် ပေါ်လာမိနေသည်။ သို့သော်ငြား ကံကြမ္မာက မျက်နှာသာမပေးပါ။ ကျွန်တော်၏ ဘယ်ဘက် ရင်အုံ၀ သို့ပြင်းစွာသော အချွန်တစ်ခု နစ်ဝင်သွားကြောင်း ခံစားမိလိုက်လေသည်။ ဟုတ်ပါသည်။ ကျွန်တော်၏ ဘယ်ဘက် ရင်အုံဝကို မြားတစ်ချောင်း စိုက်ဝင်နေသည်။ စိုက်ဝင်နေသော မြားသည် ခေတ် ဆိုသော မြားတစ်ချောင်းဖြစ်နေသည်။


.


ကျွန်တော်၏အမြင် အာ၇ုံများတဖြည်းဖြည်းနှင့် ဝေးဝါးလာသည်။ နောက် သတ္တဝါ တစ်ကောင် ကျွန်တော့်အနားကပ်လာပြီး ချွန်ထက်သော အရာတစ်ခုဖြင့် ညာဘက် ရင်အုံ၀ ကိုထပ်မံ စိုက်ချလိုက်သည်။ ကျွန်တော် ညည်းသံ တစ်ချက်ထွက်၍ အသက်ရှုသံတွေ မမှန်တော့ပေ။ မျက်လုံးထဲတွင်လည်း ထို သတ္တဝါ၏ ပုံရိပ်အား ဝါးသွားလိုက် ပေါ်လာလိုက်ဖြင့်။ ကျွန်တော် ဘာမဆိုင်ညာမဆိုင် စိတ်ထဲကနေ ထိုသတ္တဝါအား အမည်ပေးလိုက်မိသည်။ ထိုသတ္တဝါအမည်သည် လောက ဟူ၍ပင်ဖြစ်သည်။ ထို လောက ဆိုသော သတ္တဝါသည် ခေတ်ဆိုသော မြားဖြင့် ကျွန်တော်ဝံပုလွေဟု ကောက်ကျစ်ယုတ်မာ သော ရိုးသားမှု မရှိသော အ၇ိုင်းအစိုင်း တစ်ကောင်၏ ဝိဉာဏ်အားကောင်းစွာပင်နှုတ်ယူသွားချေလေပြီ။


ဤသည်ကာ ၁၉ ရာစု ဝံပုလွေတစ်ကောင်၏ အဆုံးသတ်ပင်ဖြစ်သည်။


.


အချိန်သည် ၂၁ ရာစုဖြစ်သည်။


လူသားများသည် သေဆုံးပြီးနောက် နောက်ဘ၀ အသစ်တစ်ခုတွင် ပြန်လည်မွေးဖွားသည်ဟု ခံယူထားကြသည်။ ထိုကြောင့် ၂၁ ရာစုတွင် ကျွန်တော် သိုးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာပါသည်။ ဒါကြောင့် ၂၁ ရာစုတွင် ကျွန်တော်သည် သိုးတစ်ကောင်ဖြစ်ပါသည်။ ၇ိုးသားသော အပြစ်ကင်းသော၊ ကောက်ကျစ်မှုမရှိသော သိုးတစ်ကောင် ဖြစ်ပါသည်။ သိုးတစ်ကောင် အဖြစ်ပြန်လည်၇ှင် သန်လာ၍လည်း ကိုယ့်ဘာသာကို လွန်စွာမှ ပျော်ရွင်မိသည်။ ကျွန်တော်ဝံပုလွေ ဖြစ်စဉ်က မသေခင် သိုးဖြစ်ချင်သည့် ဆန္ဒလေးက ယခု ဘဝတွင် ဖြစ်လာ၍ ပျော်ရွင်တာလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။


.


ကျွန်တော်၏ ခြေလှမ်းများသည် လွန်စွာမှပင် တက်ကြွလို့နေသည်။ မကြာခင်တွေ့ရတော့မည့် အမျိုးတူ သိုး (သို့) သိုးအုပ် အားတွေ့ရတော့မည့် အ၇ေးအားတွေးလျက် ပျော်နေမိသောကြောင့်ပင် ဖြစ်လိမ့်မည်။ ကျွန်တော်နှင့် အမျိုးတူတွေ တွေ့လျင်၊ သူတို့လိုပင် ပျော်ပျော်ပါးပါး ဝိုင်းဝန်းစားသောက်မည်။ ကခုန်မည်။ အပူအပင်မရှိ၊ အားလုံးက ပကတိရိုးသားကြသည်။ ကောင်ကျစ်မှု မရှိ အချင်းချင်း ဖေးမကြသည်။ ကျွန်တော်သိုးကလေး အတွေးစများကို ဖြတ်လိုက်သည်။ ရှေ့မှာ သိုးအုပ်ဖွေးဖွေး ကိုလှမ်းမြင်လိုက် သောကြောင့်ပင်။ ရောက်ပါပြီ၊ ကျွန်တော်မျှော်လင့်စောင့်စား ဖြစ်ချင်ခဲ့သော ဆန္ဒရှိသော နေရာအား ရောက်ရှိလို့နေပြီ။ ကျွန်တော် သူတို့ထံ ပြေးဝင်သွားဖို့လုပ်ပြီးမှ အ၇ှိန်ပြန်သတ်လိုက်သည်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် ခေတ်ဆိုသောမြားတံတွေကို ကိုင်ဆောင်ထားတဲ့ လောက ဆိုသည့် သတ္တဝါအားတွေ့လိုက်လို့ပင်။ ထိုသတ္တဝါသည် ချုံဖုတ်ထဲမှ ငြိမ်သက်စွာနေလျက်၊ သိုးအုပ်ကြီးကို မမှိတ်မသုန် ကြည့်နေလေသည်။ ဧကန်တ ထိုလောကဆိုသော သတ္တဝါကြီးသည် ဟို သိုးယောင်ဆောင်ထားတဲ့ ဝံပုလွေအား လာ၇ောက် သုတ်သင်ခြင်း ဖြစ်ပေလိမ့်မည်။ နောက် ဟိုဝံပုလွေက သိုးယောင်ဆောင်ထား၍ အသည်းအသန် လိုက်၇ှာနေခြင်း ဖြစ်မည်ဟု ကျွန်တော်တွေးလိုက်ပါသည်။ ကျွန်တော့် ခေါင်းထဲ အကြံတစ်ခု လက်သွားသည်။ ထိုအကြံမှာ ထိုလောကဆိုသော သတ္တဝါအား ကူညီပေးရန်ဖြစ်သည်။ ထိုကြောင့် ထိုသိုးအုပ်ထဲတွင် ရှိသော ဝံပုလွေအား ရှာမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။


.


ကျွန်တော် သိုးအုပ်ထဲသို့ ဝင်သွားပြီး အခြေအနေများကို အကဲခပ်လိုက်ပါသည်။ သိုးများသည် ယခင်ကထက် နည်းနည်းပြောင်းလဲသွားသည်ဟု တွေးလိုက်မိသည်။ သူတို့တွေ အစားစားသည်မှာ ခါတိုင်းလောက် ဟတ်ဟတ်ပက်ပက်မရှိတော့ချေ။ စားချင်သလိုလို မစားချင်သလိုလိုနှင့် အသံတွေလည်း တိတ်ဆိတ်နေသည်။ တစ်ကောင်နှင့်တစ်ကောင် စနောက်ပြောင်နေသည်များအားလည်း မတွေ့ရပေ။ ကျွန်တော် အတွေးစများကို ဖြတ်လိုက်ပါသည်။ အရင်ဆုံး ဟိုဝံပုလွေကောင်ကို ၇ှာ၇မည်ဖြစ်သည်။


.


ကျွန်တော် သိုး ၂ ကောင်လောက်အား လေ့လာကြည့်အပြီးမှာ အင်မတန်မှ ထိတ်လန့်သွားပါသည်။ ထို ၂ ကောင်လုံးမှာ သိုးယောင်ဆောင်ထားသော ဝံပုလွေ တွေဖြစ်နေကြသောကြောင့်ပင်။ ဝံပုလွေ ၂ ကောင်ဆို လျင်တော့ မလွယ်ချေ။ မုဆိုးကို လွယ်လွယ်နဲ့ ဒီကောင် ဝံပုလွေဖြစ်ကြောင်းကို ပြလို့ရမည်မဟုတ်ပေ။ သူပြလိုက်လျင် တစ်ကောင်က ကျွန်တော့် အသက်အား ဇီဇဝိန် ချွေသွားနိုင်သည်လေ။ ဒါကြောင့် ကျွန်တော့်၏ ဘော်ဒါများအား ဝိုင်းအကူအညီတောင်းပြီး ဖော်ထုတ်၇မည်ဟုဆုံးဖြတ်လိုက်သည်။


.


ကျွန်တော့် အသက်ရှုသံတွေ မမှန်တော့ပေ။ အကြီးအကျယ်လည်း ထိတ်လန့်နေမိသည်။ သိုးအုပ် တစ်ဝက်ကျော်ကျော်လောက်ရှိပြီ အားလုံးသည် ဝံပုလွေတွေ ဖြစ်လို့နေသည်။ ကျွန်တော် အကူအညီတောင်းဖို့ လုပ်လိုက်တိုင်း၊ ငြိမ်သက်ပြီး စိတ်မပါလက်မပါ စားသောက်နေသောမြင်ကွင်း။ နောက် သူတို့မျက်လုံးတွေ အားလုံးသည် ဝံပုလွေတွေဖြစ်နေသည်။ ဒါဆို သိုးတွေ ဘယ်ရောက်သွားလည်း။ ရိုးသားသော၊ ကောက်ကျစ်မှု မရှိသော ကျွန်တော့် အမျိုးသိုးတွေ ဘယ်ရောက်သွားလည်း။ အားလုံးသည် သိုးယောင်ဆောင်ထားသော ဝံပုလွေ၊ ရိုးသားမှုယောင်ဆောင်ထားသော ဝံပုလွေတွေ။ ကျွန်တော့်အမျိုး သိုးတွေ မျိုးသုန်းကုန်ပြီလား။ ရိုးသားခြင်းတွေ ပျောက်ဆုံးကုန်ပြီလား၊ အရာအားလုံးသည် ရိုးသားမှုဟန်ဆောင်ထားသော ကောက်ကျစ်တဲ့ ဝံပုလွေတွေသာ ပြည့်နှက်နေလေပြီ။ ဒါဆိုရင် ဒီကမ္ဘာ ရိုးသားသော သိုးတစ်ကောင်အဖြစ် ကျွန်တော်တစ်ယောက်တည်းသာ ကျန်၇ှိတော့သည်ပေါ့။ အတွေးစလေးများတောင်မဆုံးခင် ……….


“ ဝှီး ……. ဒုတ်”


ကျွန်တော့်၏ လည်တည့်တည့်သို့ပင် ချွန်ထက်သောအရာတစ်ခု အရှိန်ပြင်းစွာ နစ်ဝင်သွားပြီး ဖြောင်ထွက်သွားသည်။ ကံကြမ္မာက အခုအချိန်ထိ ကျွန်တော့်အားမျက်နှာသာမပေးပေ။ ကျွန်တော့် လည်တည့်တည့် နစ်ဝင်နေသည့် မြှားတံလေးအား ကျွန်တော် မျက်လုံးဝှေ့ပြီးကြည့်လိုက်မိသည်။ ဟုတ်သည် သည်မြှားတံပင်။ ခေတ်ဆိုသောမြှားသံပင်။ နောက် ကျွန်တော့် နားထဲမှာ ဖြည်းဖြည်းချင်းနိးကပ်လာသည့် အသံတစ်ခု။ ဒီအသံက ဟိုလောကဆိုသော သတ္တဝါကြီး၏ အသံပင်ဖြစ်လိမ့်မည်။ ဟုတ်သည် ထို လောက ဆိုသော သတ္တဝါကြီးသည် ခေတ်ဆိုသော မြှားနှင့် ကျွန်တော့် အား ထပ်မံ ဇီဇဝိန်ချွေလိုက်လေသည်။ ၂၁ ရာစုမှာ နောက်ဆုံးလက်ကျန် ရိုးသားမှု တစ်ခုအား ဘက်မလ်ိုက်တတ်သော လောက ဆိုသည့်သတ္တဝါက ခေတ်ဆိုသည့် မြှားကိုအသုံးပြု၍ အနိုင်ပိုင်းသွားချေလေပြီ။


.


“ရိုးသားမှုတွေ … ဘယ်မှာလည်း”


“ငါ့ သိုးတွေ … ဘယ်မှာလည်း”


ကျွန်တော် ကယောင်ကတန်းနှင့် အိမ်မက်လား တကယ်အဖြစ်အပျက်လား မသိ။ ဇောချွေးတွေ တသီတသိုက်ဖြင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေသည်။ ကျွန်တော် ဘေးနားမှာ ရှိသော ရေက၇ားထဲမှ ရေတစ်ခွက်ယူသောက်လိုက်သည်။ ကျွန်တော့် တစ်ကိုယ်လုံး အေးချမ်းသွားသလိုခံစားလိုက်ရသည်။ ကျွန်တော် ပြုံးလိုက်ပါသည်။ ဤအပြုံးကို စာဖတ်သူတို့ သိလောက်မိထင်သည်။ မသိရင်သေးရင်လည်း ပြောပြမည်။ သေချာမျက်စိများကို ပြူးပြဲ၍ အစွမ်းကုန် ဖတ်ဖို့ကြိုးစားလိုက်ပါ။


၂၁ ရာစုသည် ရိုးသားခြင်းများအားလုံးသေဆုံး ကုန်ပြီး ရိုးသားသည်ဟု ခံယူထားသူများသည် အားလုံး ဝံပုလွေ များသာဖြစ်သည် ဆိုခြင်းပင်။ ဒါကြောင့် ရိုးသာသည်ဟုခံ ယူထားသည့် ကျွန်တော်သည်လည်း ဝံပုလွေဖြစ်သည်။ သင်သည်လည်း ရိုးသားမှုကိုဟန်ဆောင်ထားသည့် သိုးယောင်ဆောင်သည့် ဝံပုလွေတစ်ကောင်သာဖြစ်သည်။


.


ဒါ့ပြင် လောကဆိုသော သတ္တဝါကြီးကလည်း ခေတ်ဆိုသော မြှားနှင့် ထပ်မံ ရိုးသာခြင်းကို အရေခြုံထားသော ဝံပုလွေများ နှင့် မရိုးသားသော သူများအား ဆက်လက်သုတ်သင်နေမည်မှာ မလွယ်ဧကန်ပင်ဖြစ်သည်။ ဒါတွေ အားလုံးကို ရပ်တန့်ဖို့ဆိုလျင် ခေတ်ဆိုသော မြှားတံအား ရိုက်ချိုးပစ်ပြီး လောကဆိုသော သတ္တဝါကြီးအား နောက်ပြန်လှည့်ခိုင်းလျင် ၂၂ ရာစုတွင် ကျွန်တော်တို့ ရိုးသားမှုများအား ပြန်လည်တွေ့ကောင်းတွေ့ရလိမ့်မည်။


ဒါကကျွန်တော်၏ယူဆချက်ပင်။ သင့်အနေနှင့် လက်မခံလျင်လည်းရသည်။ လက်ခံနိုင်သည်ဆိုလျင်တော့ ကျွန်တော်နှင့် ၂၂ ရာစုတွင် ရိုးသားမှုရှာဖွေမည့်ခရီးစဉ် အားလိုက်ခဲ့ရန် ဖိတ်ခေါ်အပ်ပါသည်။


ဒါကြောင့် မိတ်ဆွေ Enroll Now … လူဦးရေအကန့်အသတ်ရှိသည်။