Saturday, August 17, 2024

~ ကျွန်တော် နှင့် မသိခြင်း မရှိခြင်းများ ~




 ကျွန်တော်သည်ဘာမှန်းကို မသိသော လူတစ်ယောက်ဖြစ်သည်။ မသိခြင်းမှာ မရှိခြင်းကြောင့် ဖြစ်သည်။ မရှိခြင်းမှာ ဦးနှောက်ဖြစ်သည်။ ဦးနှောက်မရှိသည့်အတွက် မရှိခြင်းဖြစ်သွားပြီး ကျွန်တော်သည် ဘာမှန်းကို မသိသော လူတစ်ယောက်သို့ဖြစ်သွားသည်လေ။ မိတ်ဆွေကျွန်ုပ် အခု စိတ္တဇဆန်သော မသိခြင်း၊ မရှိခြင်း ဆေးရုံပေါ်မှာ ကျွန်တော့်ရဲ့ မသိခြင်းနဲ့ မရှ်ိခြင်း အကြောင်းတွေကို ပြောပြချင်ပါသည်။ မိတ်ဆွေ notebook ထဲမှာ သေချာမှတ်ထားပါ။ ကျွန်တော် သိခြင်းနဲ့ရှိခြင်းကို ရှာတွေ့ရင် မသိခြင်း ၊ မရှိခြင်း အကြောင်းကို ပြန်လေ့လာချင်၍ဖြစ်သည်။ ထို့အတွက် ကျေးဇူးအခုကတည်းက တင်ရှိပါသည်။


"နင်မသိဘဲရွာချလိုက်တဲ့ …. မိုး
အဲ့ဒီ အနမ်းမိုးပေါ့
အရိုးထဲထိ စိမ့်တယ်
ဒါကြောင့် … ငါ့ချစ်သွားတယ်
ကောင်မလေး … "

မမျော်လင့်ထားဘူး။ အရှေ့ကိုလည်း ရေးရေးလေးမျှ မမြင်ရဘူး။ ဒါပေမယ့် မသိခြင်း နဲ့ မရှိခြင်းက မသိလိုက် မသိဖာသာ နေတဲ့ စိတ်ကို လှုံဆော်လိုက်သည်။ ကားကလည်း ငြိမ့်ငြိမ့်ကလေး၊ မကြာခဏတော့ ယီမ်းသည်ယိမ်းနွဲ့လိုက်သည်လို့ထင်ရသည်ပေါ့။ ကျွန်တော့်အနားတိုးတိုးလေး သူကပ်ပြောလာသည်။ လေတိုးသံသဲ့သဲ့။ သေချာနားစိုက်ထောင်လိုက်တော့ ကျွန်တော့် နားထင်အောက်က နေရာလေး တစ်ချက်တွန့်ခနဲဖြစ်သွားသည်။ သေချာသည် သူမ နှာတံဆင်းဆင်းလေးနှင့် ကျွန်တော့်ပါးပြင် လက်ဆွဲနှုတ်ဆက်လိုက်သည်။

နှာတံ ။ ။ မင်္ဂလာပါ။
ပါးပြင်။ ။ ဟုတ်ကဲ့ … မင်္ဂလာပါ။

နှာတံ နဲ့ ပါးပြင် အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြသည်။ နောက်တစ်ယောက်က တစ်ယောက်ကို မျက်စိ မှိတ်ပြလိုက်ပြီး နှာတံက “သတ်လိုက်ပြီနော်” ဟုပြောလိုက်သည်။ ဟုတ်ပါသည် … ကျွန်တော့်ပါးပြင်လေး တကယ်သေသွားသည်။ ကျေကျေနပ်နပ်ကြီးကို သေသွားသည့်ပုံပေါ်သည်။ ဟုတ်သည် ဒါကိုက မသိခြင်းပါ။ ဒါကြောင့် သူမ၏ နှာတံလေးသည် မသိခြင်းပင်ဖြစ်လိမ့်မည်။

"မပြုံးပါနဲ့ … ပြုံးပါ
သေချာရေရာစွာပြုံးပါ
လက်ခံပါ… ငြင်းပယ်ပါ
သိစေ …
နင်ပျော်အောင် … ပြုံးပြဖို့
ဘုရားသခင် ဖန်ဆင်းပေးသည် …"

အပြုံးသည် အရာရာကို အောင်နိုင်၏လို့ ဆိုထားသည်။ ကျွန်တော် အောင်နိုင်သူတစ်ယောက်ဖြစ်ဖို့ ပြုံးပြနေသူ တစ်ယောက်မဟုတ်ပါ။ သူမ၏ လှုပ်ရှားသက်ဝင်မှုများကို သဘောကျ ၍ ပြုံးနေခြင်းသာဖြစ်သည်။ ထိုသို့ ပြုံးပြနိုင်ဖို့ကိုလည်း သူမ၏ ကိုယ်စောင့်နတ်က ကျွန်တော့်် ကိုယ်စောင့်နတ်အား စေခိုင်းထားခြင်းပင်ဖြစ်သည်။ ဟုတ်ကဲ့ … ကျွန်တော်ပြုံးလိုက်ပါပြီ။ ကျွန်တော်သိပြီး သူမ မသိတော့ အပြုံးအတွက် သူမ များစွာသော မေးခွန်းများ မေးပါလိမ့်မည်။ မေးခွန်းက အများကြီးပါ။ သို့ပေမယ့် အဖြေကတစ်ခုတည်းပါ။

<<< ချစ်လို့ … ပြုံးမိတာပါ ကောင်မလေးရယ် >>>

သူမ လိုက်ပြုံးလိုက်သည် ဟုထင်သည်။ ဆောင်းတွင်းကြီး မိုးရွာ၍ ပိတောက်ပန်းများ ပွင့်သွားသည်။ သူမ၏ အပြုံးသည် ကျွန်တော့်အတွက် ရှားပါး သော မရှိခြင်းပင်ဖြစ်လိမ့်မည်။

ရည်းစားဆိုသည်မှာ ဆားမပါသော ဟင်းတစ်ခွက်၏ အဓိပ္ပာယ်ဖြစ်ပြီး ၊
ချစ်သူဆိုသည်မှာ ဆားခပ်ထားသော ဟင်းတစ်ခွက်သာဖြစ်သည်။

ရည်းစားထားရင် ဘာအကျိုးခံစားရသလည်းလို့ သူမ မေးဖူးသည်။ ကျွန်တော် ရိုးသာစွာဖြင့် မသိဘူး ဟု သူမအား ဝန်ခံလိုက်ပါသည်။ ကျွန်တော်သူမအား ဆားမပါသော ဟင်းတစ်ခွက်နှင့် ဆားခပ်ထားသော ဟင်းတစ်ခွက်ဖြင့် ဧည့်ခံလိုက်ပါသည်။ နောက်ကျွန်တော် သူမစားပြီးသည်အထိ သူမအားအပြုံးများဖြင့် ယပ်ခပ်၍ ချစ်ခြင်းများဖြင့်အေးမြထားလိုက်သည်။ သူမ သေချာစွာ ယူငင်စားသုံးပြီးသည့်နောက် "ဆားခပ်ထားသော ဟင်းတစ်ခွက်က ပိုကောင်းတယ်" ဟု ပြောလိုက်သည်။ ကျွန်တော်ပြုံးလိုက်ပါသည်။ သူမလည်း လိုက်ပြုံးလိုက်ပါသည်။ သူမ၏ ကိုယ်စောင့်နတ်က ကျွန်တော့်ကိုယ်စောင့်နတ်အား တစ်ခွန်းတည်းသော စကားဆိုလိုက်သည်။

<<< သူမနှင့် ကျွန်တော်သည် ဆားခပ်ထားသောဟင်းတစ်ခွက်ဖြစ်သွားပြီ ဆိုခြင်းပင် >>>

ဒါကြောင့် ကျွန်တော့် မသိခြင်း နှင့် မရှိခြင်းများ ရှုပ်ထွေးသွားပြီး။ မသိချစ်ခြင်း နှင့် မရှိချစ်ခြင်း အသွင်သို့ကူးပြောင်းသွားသည်။ ဒါကြောင့် ဘာမသိ ၊ ညာမသိနှင့် ကျွန်တော်နှင့် သူမ ဆားခပ်ပြီးသော ချစ်ခြင်းနှင့် အတူတူလက်တွဲဖို့ဆုံးဖြတ်လိုက်သည်။ အပြင်ထွက်ကြည့်တော့ ညဘက်ကြီး နေကလည်းသာနေသည်။ ဒါကြောင့် ကျွန်တော် ပိုချစ်သွားသည်။

#တစ်ချိန်ကကျွန်တော်

No comments: