ကျွန်တော့်ဘက်က စကားတွေများစွာပြောနေပေမယ့် သူမ ဘက်က တိတ်ဆိတ်နေခြင်းက များစွာနာကျင်ရပါသည်။ ထိုနာကျင်မှုများက 'မင်း အခုဘာအလုပ်လုပ်သလဲ' မေးသလိုပဲ အဖြေမရှိသည့် ခံစားချက်မျိုး။ "ရှိပါတယ် လုပ်နေပါတယ်' ပြောပေမယ့် ဘာမှ ရေရေရာရာ ပြလို့မရသလို။ ကျွန်တော် လီလီ ကိုချစ်တယ် လို့ပြောပေမယ့် ဒီချစ်ခြင်းတွေကို သက်သေပြသည့်အခါ လီလီ ဘက်က ယုံကြည်ပေးနိုင်မှသာ ကျွန်တော်၏ ချစ်ခြင်းတွေက အသက်ဝင်နေမှာပေါ့။ စကားကျယ် နားငယ်မဆန့် ဆိုသလို ကျွန်တော်၏ ချစ်ခြင်းကမ္ဘာက လီလီ နှလုံးသားအခန်းမှာ နေရာတစ်နေရာစာတောင် မရှိရော့လေသလား။ ကျွန်တော် အဆင်မပြေသည့်ကာလတွေမှာ ဥပေက္ခာတရားများစွာ နှင့် ကြုံခဲ့ရဖူးသည်။ သို့ပေမယ့် လီလီ ဆီက ဥပေက္ခာ သည် အနော်ရထာမင်းကြီး ကျွဲခတ် ခံရသလိုခံစားချက်မျိုး။ လီလီ က သူ့ကိုချစ်မိရင် နာကျင်မယ်လို့ သတိပေးထားပေမယ့် လီလီ မချစ်လို့ နာကျင်သည့် ခံစားချက်ကို ကျွန်တော် ခံနိုင်ရည်ရှိပါသည်။ ဥပေက္ခာတရားက လီလီ ပြန်မချစ်တာထက် ဆိုးသည်။
'လီလီ့ ရဲ့ ညီမလေးက လီလီ့ကို သိချစ်တာပဲနော် .. သူ့အမကို အရမ်းလည်းတိုတယ် .. ကျွန်တော်က လီလီကပဲ ညီမလေးကို သိပ်ချစ်တာလို့ ထင်ထားခဲ့တာ' ဟုမေးဖူးသည်။
'ဟုတ်တယ် ဖြူလေးက လီလီ့ကို သိပ်ချစ်တာ .. မေတ္တာရောင်ပြန်ဟပ်တယ်လို့ပဲ ခေါ်ရမလား'
ကျွန်တော်ပြုံးမိသွားသည် ပီတိအပြုံးဆို ပိုမှန်မည်။ အရမ်းချစ်စရာကောင်းသည့် မေတ္တာတရား၏ အငွေ့အသက်ကို မြင်လိုက်ရလို့ပင်ဖြစ်သည်။ မေတ္တာတွေက ရောင်ပြန်ဟပ် တတ်သည်ဆိုလျှင်။ ချစ်ခြင်းတွေကလည်း တန်ပြန်သက်ရောက်သည့် သဘောရှိတာပေါ့ လီလီ။ နာကျင်မှုက ကြင်နာခြင်းဆိုလျှင် ဥပေက္ခာကင်းတဲ့နေ့ ၊ မေတ္တာတရားတွေရောင်ပြန်ဟပ် သည့်နေ့ ၊ ချစ်ခြင်းတွေ တန်ပြန်သက်ရောက်သည့် နေ့ ရှိလာဦးမည်ပင်။ သို့ပေမယ့် မေတ္တာတရားတွေက ဝေးနေဆဲ .. ချစ်ခြင်းတွေက မျှော်နေဆဲ .. ဥပေက္ခာတရားကတော့ မိန့်မိန့်ကြီးပြုံးလျက်ပေါ့ ။
တစ်ချိန်ကကျွန်တော်

No comments:
Post a Comment