Tuesday, October 29, 2024

** တစ်ချိန်က မီ **





 "မီ .. အရမ်းသတိရတယ်‌"


ကျွန်တော့်ကို သစ္စာရှိသည့် 'မီ' ။ ခုတော့ ကျွန်တော်၏ ရက်စက် လစ်လျှူရှုခဲ့မှုကြောင့် 'မီ' ကိုထပ်မတွေ့ရတော့ပါဘူး။ ၅ နှစ်တာမျှ ကျွန်တော်၏လက်ကို သစ္စာရှိစွာမြဲမြဲတွဲပြီး ပြဿပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းပေးခဲ့သည့် ကျွန်တော်၏ 'မီ'။ ခုတော့ နားကျည်းစိတ်ဒဏ်ရာ ရသွားပြီထင်သည်။ ဘ၀၏ အနိမ့်အမြင့်အတက်ကျကြမ်းသည့်ကာလမှာ သစ္စာရှိပါတယ်လို့ ပြောခဲ့သည့် အရင်းနှီးဆုံးသူစိမ်းများက နောက်ကျောကို ဓါးတွေနဲ့ ထိုးသတ်သွားပေမယ့် 'မီ' သည် ကျွန်တော်သူ့ကို ထားခဲ့သည့် အချိန်ထိတောင် တစ်ချက်လေးမျှ မငြူစူခဲ့ပေ။ ရန်ကုန်၏ နာမည်ကျော် ဇိုးတစ်ယောက်၏ လက်ထဲကို ပြဿနာတစ်ခုရှင်းရင်း ကျွန်တော် ရောက်သွားတဲ့အချိန်မှာလည်း သစ္စာရှိရှိ သူပါလိုက်ပြီး အဖမ်းခံခဲ့တယ်။ ကျွန်တော့်မျက်နှာ ဖူးယောင်းကိုင်းနေအောင် အရိုက်ခံရသလို 'မီ' လည်း ဒဏ်ရာဗလပွနဲ့ပေါ့။ ကံကောင်းထောက်မစွာ ကျွန်တော်နှင့် မီ လွတ်လာခဲ့သည်ပေါ့။ ထိုကဲ့သို့ပင် နောက်ထပ် အသတ်ခံရနိုင်သည့် အခြေအနေတစ်ရပ်ထပ်ကြုံခဲ့ပါသေးသည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မှာ ငွေနောက်လိုက်ရင်း အခန့်မသင့်လို့ ကေအလ်ယူ ၏ ဖမ်းဆီးမေးမြန်းခြင်းခံရသည်လေ။ မီ လွတ်နိုင်ပါရက်နဲ့ ကျွန်တော် နဲ့အတူတူ ချူပ်နှောင်ခံခဲ့သည်။ ထုံးစံအတိုင်း ကရင်တွေ၏ လက်သံပြောင်ပြောင်ဟင်းလျာတွေကို စားသုံးရသည်ပေါ့။ ၂ ပတ်ကြာမျှ တိုက်ပိတ်ခံရပြီးသည့် သကာလမှာ ငရဲတွင်းထဲ အပို့မခံရပဲ ကံကောင်းစွာ ထပ်မံလွတ်လာပြန်ပါတယ်။ ကျွန်တော်လည်း ဒဏ်ရာများစွာ ရခဲ့သည်ပေါ့။ မီ လည်း စစ်ဆေးတာ ဘာမျှ မပြောပဲ တိတ်ဆိတ်စွာနေလို့ထင်ပါရဲ့ .. ဖူးယောင်ကွဲပြဲလို့။ လပိုင်းမျှသာခြားသည့် ကျွန်တော့်၏ သေမယ့်ဘေးကနေ နှစ်ကြိမ်လွတ်မြောက် ခဲ့ပြီး ကံတရား၏ အဆိုးဆုံးအထုထောင်းတွေ ခံခဲ့ရချိန်လို့ ပြောလို့ရသည်။ မီ သည် ကျွန်တော်သေရင်တောင် လိုက်သေမယ့် ပုံစံပါ။ ကျွန်တော့်ကို တော်တော် ချစ်တယ်ဆိုတာ ချွင်းချက်မရှိ ယုံမှားသံသယရှိစရာကို မလိုပေ။


မီ သည် ကျွန်တော့်အား ဘယ်တော့မျှ သိမ်ငယ် မခံပေ။ ကျွန်တော်၏ အရင်းနှီးဆုံးတိုင်ပင်ဖက် ဆိုသည်ထက် မီ က ပိုပါသည်။ ချစ်သူထက်လည်း ပိုသည်။ ဇနီးမယားထက်လည်း ပိုသည်။ မိဘ ထက်တောင် ကျွန်တော့်အပေါ် ပိုနားလည်ပေးသည်။ ဒါကြောင့်ပင် ကျွန်တော်၏ ကောင်းခြင်း ဆိုးခြင်းအားလုံးကို မီ ကိုကျွန်တော်ပြောပြခဲ့သည်ပေါ့။ ကျွန်တော့်ကို ဘာမျှမဝေဖန်ပဲ သူအင်အားရှိသလောက် နိုင်သလောက် လုပ်ပေးနိုင်သလောက် မညည်းမငြူ အမြဲ ကူညီပေးသည်လေ။ ကျွန်တော်လည်း မီကို သိပ်ချစ်တာပေါ့။ သို့ပေမယ့် ကျွန်တော့်အနားကနေ ပျောက်ကွယ်သွားချိန်ထိ ချစ်ကြောင်း မပြောခဲ့လိုက်ရပါဘူး။ မပြောခဲ့လိုက်ရသည့်အတွက် မီ နဲ့ ပက်သက်ပြီး ကျွန်တော်ရခဲ့သည့် အကြီးမားဆုံး နောက်တ ထဲက တစ်ခုလို့ပြောရင်လည်းရသည်။ လူ့ဘ၀ ဆိုတာ နိမ့်လိုက်မြင့်လိုက် ဖြတ်သန်းရခြင်းဆိုတာ ငြင်းစရာမလိုလောက်အောင်မှန်ပါသည်။ သေတွင်းကနေ နှစ်ကြိမ် လွတ်မြောက်အပြီးမှာ ရုတ်တရပ်ကြီး နာမည်ကျော်သူဌေးကြီးတွေ တပ်ဖက် အရပ်ဖက် လူကြီးတွေ နှင့် အဖွဲ့အစည်းပေါင်းစုံက လူကြီးတွေနဲ့ အလုပ်တွေလုပ် မီတင်တွေ အကြိမ်ကြိမ် တက်ခဲ့ရပြန်သည်။ ဆိုးစဉ်တုန်းက တူတူရှိပေးခဲ့သလို စကားကျယ်ကျယ် အိမ်မက်ကြီးကြီး စကားဝိုင်းတွေမှာလည်း မီ သည် နေ့မအိပ် ညမအိပ် စွမ်းနိုင်သလောက် ကျွန်တော့်အား ကူညီပေးခဲ့သည်။ မီ မရှိပဲ ကျွန်တော် ဘာမျှ ကောင်းကောင်း လုပ်နိုင်မယ်မထင်ပါ။ မီက ကျွန်တော့်ကို ကောင်းမွန်စွာ အိပ်စက်စေနိုင်ဖို့လည်း ကူညီပေးသည်လေ။ ကျွန်တော့်ဘေးမှာ ပြုံးပြုံးလေးထိုင်ကြည့်ပြီး ကျွန်တော် နှင့် အတူ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ အနားမှာ အိပ်ပေးရှာသည်။ တစ်ခါတစ်လေ တော့ မီ ချူချာ တတ်ပါသည်။ ကျွန်တော်‌ ဆေးခန်းတစ်ခါလောက်ပြပေးလိုက်ရင်ကို မီက ကျမ်းကျမ်းမာမာဖြင့် နလံထူတာလည်း မြန်သည်။ အခုတော့ မီ ကျွန်တော့်ကို စိတ်နာသွားလောက်ပြီ။ 


အရေးကြီးကိစ္စ ၂ ပတ်ခရီးသွားရမည်မို့ 'မီ' ကျမ်းမာရေးချူချာမှာဆိုးလို့ ကျွန်တော် Check Up လုပ်ဖို့  ဆေးရုံကို လိုက်ပို့ခဲ့ပါသည်။ ကံမကောင်းစွာပဲ ဆရာဝန်၏ အမှားသေးသေးလေးကြောင့် 'မီ' ကျွန်တော် နှင့် မလိုက်နိုင်တော့ပဲ ဆေးရုံတတ်ရသည်လေ။ ကျွန်တော် ကောင်းမွန်စွာ နေခဲ့ဖို့ ပြန်လာခေါ်မည်ဖြစ်ကြောင်းကိုလည်း သေချာမှာခဲ့ပါသေးသည်။ မီ မျက်ရည်လေးဝဲပြီး ကျန်ခဲ့သည်ကို မှတ်မိသေးသည်။ ဘာပဲလုပ်လုပ် ကျွန်တော် နှင့်အတူအမြဲရှိနေပေးသည့် ရဲဘော်ရဲဘက်ကို ချန်ခဲ့ရပြီလေ။ ခရီးကလည်း တစ်ယောက်တည်းသွားဖို့ အဆင်မပြေသည့်အတွက်ကြောင့် 'ပိုပို' ကိုမဖြစ်မနေ တောင်တောင်းပန်ပန် နဲ့ ခေါ်သွားခဲ့ရသည်။ ထိုနေ့က 'မီ' ကိုနောက်ဆုံးတွေ့ရမည်ဆိုတာ ကြိုသိခဲ့လျှင် ကျွန်တော် ခရီးသွားဖို့ ငြင်းဆန်ဖြစ်မည်ထင်သည်။ ဟုတ်ပါသည် .. ထိုခရီးစဉ် ကျွန်တော်သွားလိုက်သည့်နေ့ကတည်းက ကျွန်တော် 'မီ' ဆီကို မရောက်ဖြစ်တော့ပေ။ ဆေးရုံကတော့ လာခေါ်ဖို့ ဖုန်းဆက်ပါသည်။ ကျွန်တော် လာခေါ်မည်ဖြစ်ကြောင်းကို သေချာပြန်ပြောခဲ့ပြီ၊ တကယ်တမ်း မခေါ်ဖြစ်ခဲ့ချေ။


ပိုပို သည် မီ လောက်အဆင်မပြေပေမယ့် တတ်နိုင်သလောက်တော့ ကျွန်တော့်ကို ကူညီပေးပါသည်။ ပိုပို၏ ပြဿနာက မြန်မာစကားကို ကောင်းစွာ လိမ့်ပတ်လည်အောင် မပြောတတ်ခြင်းပေ။  မကြာခဏ ချူချာတတ်ပြီး ကျမ်းမာရေးဖောက်မှာဆိုးလို့ ခိုင်းစရာရှိရင်တောင် သတိထားပြီးခိုင်းနေရသည်။ မီက ကျွန်တော့်ကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်ပေးခဲ့ရပေမယ့်။ ကျွန်တော်သည် ပိုပို ကိုတော့ တခုခု ဖြစ်သွားမှာဆိုးလို့ ပြန်ဂရုစိုက်နေရသည်လေ။ ခရီးသွားနေသည့် ကာလမှာ ဆေးရုံက ကျွန်တော့်ဆီဖုန်းဆက်လာခဲ့သည်။ မီ အခြေအနေ့သည် ရုတ်တရပ်ထဖောက်လာပြီး လုံး၀ အတိတ်မေ့သွားခဲ့ပြီဆိုသည့်အကြောင်း နှင့် စိတ်သစ် ကိုယ်သစ်ဖြင့် အသက်တော့ ဆက်ရှင်သန်နေသေးကြောင်းပြောလာသည်။ ကျွန်တော် သေချာဂရုစိုက်ထားပေးဖို့နှင့် ခရီးကပြန်ရောက်လျှင် လာခေါ်မည့်လိုသာ ထပ်ပြောလိုက်ပါသည်။ အချိန် ၁ လတာကုန်လွန်သွားခဲ့ပါသည်။ ကျွန်တော် အလုပ်ကိစ္စအဆင်မပြေခဲ့ပါ။ ကျွန်တော် မီ ရှိသည့် ဆေးရုံးနား ယောင်လည်လည်ဖြင့် မီကို တွေ့ချင်ပေမယ့် မတွေ့ရဲတဲ့စိတ်၊ အတွေးများစွာဖြင့် ဂဏာမငြိမ်ဖြစ်လို့နေခဲ့သည်လေ။ မှတ်ညဏ်ပျောက်ဆုံးသွားပြီဖြစ်သည့် မီ ကိုသွားပြန်ခေါ်ချင်ပါသည်။ သို့ပေမယ့် ကျသင့်ငွေ မပေးလျှင် မီ ကိုပြန်ခေါ်လာခွင့်မရပေ။ မှတ်ညဏ်အစားထိုးကုလိုက်ရသည့်အတွက် ကျွန်တော့်မှာ လုံလောက်သော ပေးစရာ ငွေ မရှိတော့ပေ။ ထို့နောက် အတ္တကြီးစွာနဲ့ ဆေးရုံရှေ့ကနေ ကျွန်တော် လှည့်ပြန်ခဲ့သည်လေ။ မီ ကို ပြန်မခေါ်နိုင်ခဲ့ခြင်းက ကျွန်တော် ညံ့လို့ပင် သို့ပေမယ့် ကျွန်တော် မရမက ပြန်ခေါ်ခဲ့လျှင် ကျွန်တော့်ဆီမှာ 'မီ' မျက်နှာထပ်ငယ်မှာမျိုး အဖြစ်မခံချင်၍လည်းပါမည်ထင်သည်။ တကယ်တော့ ဆင်ခြေတွေပါလေ။ ကျွန်တော်သည် သွေးအေးစွာနဲ့  မီ ကို သစ္စာအရှိဆုံးလို့ တဖွဖွ ပြောခဲ့ပေမယ့် ကို့အခက်အခဲ နှင့် နှိုင်းယှဉ်လာသည့်အခါ။ ရက်စက်စွာ စွန့်ပြစ်ထားနိုင်ခဲ့သည့် လူယုတ်မာ တစ်ယောက်ပဲလေ။ 


"မီ ရေ .. ကျွန်တော် အရမ်းသတိရတယ်ဗျာ" 

"မီ မကြားနိုင်ပေမယ့် .. ကျွန်တော့် ဘ၀မှာ မီ့ကို စောက်ရမ်းချစ်ခဲ့ပါတယ်ဗျာ" 


တစ်ချိန်ကျွန်တော် 

Sunday, October 27, 2024

** ဒိတ်လွန်ခဲ့သော ချစ်ခြင်းများ **




ချစ်ခြင်းမေတ္တာကို တွေးတောမိတဲ့အခါ တစ်ချိန်တည်းမှာ ဝမ်းနည်းပြီး ပျော်ရွှင်မှုကိုလည်း ခံစားရပါတယ်။ အချစ်ဆိုတာ ထာဝရတည်မြဲနေမယ်လို့ တွေးခဲ့ဖူးတယ်။ ရုပ်ရှင်တွေထဲကလိုပဲ၊ လူတွေက အသက်ကြီးသွားချိန်မှာတောင် အချစ်ဆိုတာ တည်မြဲနေမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော် သိလိုက်ပါပြီ– အချစ်ဆိုတာ ထုတ်ကုန်တစ်ခုလိုပါပဲ။ အချစ်မှာ သက်တမ်းကုန်ဆုံးရက်ရှိသည်။


ကျွန်တော်၏ ချစ်ဇာတ်လမ်းက ငယ်ရွယ်စဉ်ကပင်  စတင်ခဲ့တယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အချစ်သည် သက်တမ်းကုန်ဆုံးသွားတတ်ကြောင်းကိုတော့ ငယ်တုန်းက  မသိခဲ့ပါ။ ကျွန်တော်သည်  'ခိုင်' ဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ ခိုင့်ဆီမှာ ကြီးမားတောက်ပသော မျက်လုံးများနှင့် နေရောင်ခြည်ကဲ့သို့ နွေးထွေးသော အပြုံးတစ်ခုရှိသည်။ ခိုင် ရယ်မောတဲ့အခါ ကျွန်တော်လည်း လိုက်ရယ်မောချင်မိခဲ့တယ်။ သူပျော်ရင် ကျွန်တော်လည်း ပျော်သလိုပေါ့။ သူကျွန်တော့်ကို ကြည့်လိုက်တဲ့အခါ မျက်လုံးချင်းဆုံမိကြရင် ကျွန်တော့်မှာ ထူးခြားနေသလို ခံစားရတယ်။ ဓါတ်လိုက်သလိုပေါ့ဗျာ။  အဲဒီအခိုက်အတန့်မှာပဲ ဒီခံစားချက်က ဘယ်တော့မှ ပျောက်ဆုံးသွားမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မှားခဲ့တယ်လေ။


ကျွန်တော်တို့ အခြားစုံတွေလေးတွေ ဖြတ်သန်းကြသလိုမျိုး ပေါ့ပေါ့ပါးပါး ပဲဖြတ်သန်းခဲ့ကြတယ်။ ကျွန်တော်တို့  အနာဂတ် အိပ်မက်တွေအကြောင်း၊ ဟာသ လို့သတ်မှတ်လို့ရသည့် ပေါက်ကရကိစ္စတွေအပြင် ဘ၀မှာ ဘာမှ အရေးမကြီးတဲ့ ကိစ္စတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး  ပြောပြကြတယ်။ ငယ်ချစ်ဆိုတော့ မြင်နေရရင်၊ အသံလေးကြားလိုက်ရရင်၊ သူရှိတယ်လို့ ခံစားမိရင်တောင် အရာရာက ရင်ခုန်ပြီး လှပကြည်နူးစရာကြီးပဲလေ။ ကျွန်တော် သူ့အသံကိုကြားရတာ ကြိုက်တယ်။ နှစ်ယောက်သား ဘာစကားမှ မပြောပဲ တိတ်တိတ်ဆိတ်ဆိတ်လေး ရှိနေရင်တောင် ဘ၀က ပြီးပြည့်စုံခြင်းကို ခံစားရတယ်လေ။ ကျွန်တော်တို့ နှစ်ယောက်၏ အချစ်က ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ထင်ခဲ့တယ်။ "ဒီအချစ်က ထာဝရပါပဲ" လို့ တွေးခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အချစ်ကိုခံစားလို့ ကောင်းနေတုန်းမှာပဲ ဘာမှန်းမသိတဲ့ ပြောင်းလဲမှုတွေကြုံလာခဲ့သည်ပေါ့။ 


လအတော်ကြာ ကျွန်တော်တို့ အချစ်ရေး ဖြတ်သန်းခဲ့အပြီးမှာ ခိုင် စကားနည်းလာတာကို သတိထားမိလာတယ်။ သူမစိတ်တွေက ကျွန်တော့်ဆိမှာ ရှိမနေတော့ပါဘူး၊ သူမ အပြုံးက အရင်လို မတောက်ပလာတော့တာကို သတိထားမိလာခဲ့တယ်။ အဲ့လိုပဲ သူမရယ်သံကလည်း ခါတိုင်းနှင့် မတူတော့ဘူးလေ။ သိပ်မကြာခင်မှာပဲ ခိုင်က “ငါ အရင်လို .. နင့်အပေါ်ခံစားချက်မရှိတော့ဘူး .. မချစ်တော့ဘူးထင်တယ်” လို့ ပြောလာခဲ့တော့တယ်။


ခိုင့်ဆီက 'နင့်အပေါ်ခံစားချက်မရှိတော့ဘူး .. မချစ်တော့ဘူးထင်တယ်" ဆိုသည့် စကားကြားတော့ ပထမဆုံးအကြိမ် ဘ၀မှာ ဘာမှန်းမသိတဲ့ နာကျင်ခြင်းမျိုးတွေ ခံစားလိုက်ရတယ်။  တစ်ယောက်ယောက်က ကျွန်တော့် နှလုံးသားကို ခွဲထုတ် ယူသွားပြီး ဟာလာဟင်းလင်း လွတ်နေတဲ့ ရင်ခွင်ပျက်ကြီးတစ်ခုလို ခံစားရတယ်လေ။  ကျွန်တော် ခိုင့်ကို မေးခဲ့ချင်ခဲ့တယ်။“ဘာလို့လဲ၊ ငါဘာအမှားလုပ်မိလို့လဲလို့" ။  ဒါပေမယ့် ကျွန်တော်ဘာမျှ မမေးဖြစ်လိုက်ပါဘူး။ တိတ်တိတ်ဆိတ်ဆိတ်ပဲ သူမထွက်သွားတာကို ကြည့်နေခဲ့ရတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ထာဝရမဟုတ်ဘူးဆိုတာ ထာ၀ရမတည်မြဲနိုင်ဘူးဆိုတာ ကျွန်တော်သိလာခဲ့ရတယ်။ အချစ်သည် အချို့အခြားအရာများကဲ့သို့ပင် အချိန်အကန့်အသတ်ရှိသည်။ နို့ ဒါမှမဟုတ် ပေါင်မုန့်လိုပါပဲ အမြဲလတ်ဆတ်နေအောင် ဘယ်လောက်ပဲ ကြိုးစားနေပါစေ အချိန်တန်တော့လည်း သိုးသွားတာပဲလေ။ အချစ်က အစမှာတော့ ချိုသည်ပေါ့။ သက်တမ်းကုန်ဆုံးချိန်မှာတော့ အချစ်က ချဉ်သွားတာပဲလေ။ 


မချစ်တော့ဘူးလို့ ပြောခံရတဲ့နောက်မှာ ကျွန်တော် နှင့် ခိုင်လမ်းခွဲခဲ့ကြတယ်။ ရက်ပေါင်းများစွာ ကျွန်တော်ဆိုတာ ပျောက်ဆုံးသွားသလို ခံစားရတယ်။ ကျွန်တော် နှင့် ခိုင်ရဲ့ ဓါတ်ပုံလေးကို ကျွန်တော်ထုတ်ကြည့်မိတိုင်း ကျွန်တော်တို့ နှစ်ယောက်၏ အပြုံးတွေ၊ ကတိတွေ နဲ့ ပျော်ရွှင်မှုတွေကို အမှတ်ရနေခဲ့တယ်။ ဒါပေမယ့် ဒီခံစားချက်က မတရားဘူး မဟုတ်လား။ "ဘာကြောင့် ဒီအချစ်ကအဆုံးသတ်သွားတာလည်း?  ဘာတွေက ပြောင်းလဲသွားစေတာလဲ ?"။  ကျွန်တော် ခိုင်ရဲ့ အသံ၊  ရယ်မောသံနှင့် တောက်ပပြီး ချစ်စိတ်မွှန်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ငေးမောကြည့်နေတတ်သည့် ခိုင်၏ ပုံစံကို စွဲလန်း လွမ်းဆွတ်နေမိတုန်းလေ။ ဒါပေမယ့် အချစ်က သတ်တမ်းကုန်ဆုံးသွားခဲ့ပြီလေ။ ကျွန်တော် လက်မခံချင်ဘူးဆိုရင်တောင် လက်ခံရမယ်မဟုတ်လား။ 


ကျွန်တော့်သူငယ်ချင်းတွေကတော့ အားပေးကြပါတယ် ။ အားပေးတာထက် မြှောက်ပေးတယ်လို့ပြောရင် ပိုမှန်ခဲ့မှာပေါ့။  “မင်း ခိုင့်ကို မေ့လိုက်။ နောက်တစ်ယောက်ရှာကွာ .. ဒီခေတ်ကြီးက နောက်တစ်ယောက်ရဖို့ လွယ်ပါတယ်တဲ့" ။ ကျွန်တော် သူတို့ပြောတာတွေကို ဘာမျှ ပြန်မပြောခဲ့ပါဘူး။ ကျွန်တော် စိတ်ထဲတွေးနေတာ တစ်ခုပဲရှိခဲ့ပါတယ်။  "အချစ်မှာ သက်တမ်းကုန်ဆုံးရက်ရှိနေရင် ဘာလို့ ကျွန်တော်တို့ ထပ်ချစ်ချင်ရတာလဲ။ ချစ်ချင်ရတဲ့ အကြောင်းပြချက်က ဘာအချက်လဲ?" ။ ကျွန်တော်ထုတ်ခဲ့တယ် မေးခွန်းက တစ်ခုတည်းပါ။ သို့ပေမယ့် ကျွန်တော့်ဆီမှာ အဖြေက အကြောင်းပြချက်ပေါင်းများစွာ။ နောက်ဆုံးတော့ ကျွန်တော် အကောင်းဆုံးအဖြေတစ်ခုကိုပဲရွေးထုတ်ခဲ့လိုက်ပါတယ်။ 


"အချစ်ဆိုတာ အဆုံးမှာတော့ နာကျင်စရာတွေ အပြည့်နဲ့ ဇာတ်သိမ်းသွားခြင်းပဲ .. မီးတောက်တခုလိုပေါ့ ထိုင်ကြည့်နေရင်တော့ မီးတောက်၏ အလှကဆွဲဆောင်နိုင်တယ်လေ .. အနားသွားကိုင်ကြည့်ရင်တော့ ပူလောင်ပြာကျသွားသလိုပေါ့" 


အချိန်တွေကြာလာတာနဲ့အမျှ အချစ်မရှိပဲ ရှင်သန်နိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ တခါတလေမှာတော့ ကျွန်တော့် ရင်ထဲမှာ ထူးဆန်းစွာ အေးတိအေးစက် ခံစားချက်မဲ့နေသလို ခံစားရတယ်။ သို့ပေမယ့် တစ်ခါတရံတော့ ဒီခံစားချက်က ကျွန်တော် ချစ်ခဲ့ဖူးတဲ့ အတိတ်က အမှတ်တရတွေကို တမ်းတလွမ်းဆွတ်ခြင်းလို့ အဓိပ္ပာယ်ဖော်မိပြန်တယ်။ လောကမှာ မချစ်ဖူးပဲ သေသွားတဲ့လူတွေ အများကြီးပါ။ ကျွန်တော်ကတော့ ချစ်ဖူးတဲ့ ခံစားချက်ကို ရခဲ့တယ်လို့ မှတ်ယူရတာပဲ။ ဒါကြောင့် ယခုချိန်သေဆုံးသွားခဲ့ရင်တောင် ဘ၀မှာ ချစ်ခဲ့ဖူးတဲ့ ခံစားချက်ကို ကောင်းကောင်းခံစားမိတယ်လို့ တွေးပြီး အသေဖြောင့်လောက်ပါတယ်လေ။ ဒီလိုစိတ်ထားတတ်လို့လား မသိပါဘူး။ ကျွန်တော် ဘ၀က ရှင်သန်နေရတာကိုက ပိုပိုအဓိပ္ပာယ်ရှိလာသလိုပါပဲ။ 


ဒီလိုနဲ့ အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာ အချစ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်း ကိုယ်လိုချင်သလို ထိန်းထားလို့မရတဲ့အရာတစ်ခုလို့ နားလည်ခဲ့တယ်လေ။ ဟုတ်တယ်လေ ... အချစ်ဆိုတာ ထုတ်ကုန်တစ်ခုလိုပဲ မဟုတ်ဘူးလား။ ချစ်ခြင်းဆိုတဲ့ အခြေခံ ကုန်ကြမ်းတစ်ခု ဖြစ်လာတယ်၊ ဒါကို ကျွန်တော်တို့က သေချာ ထုတ်ပိုး အလှဆင်တယ်၊ ပြီးတော့ ပိုင်ဆိုင်ချင်သူလက်ထဲကို အချစ်ဆိုတဲ့ ကုန်ချောကို အပ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ နှလုံးသားစက်ရုံက ထုတ်ပေးလိုက်သည့် ချစ်ခြင်းတွေက ထုတ်လုပ်သည့်နေ့စွဲ ကုန်ဆုံးရက်စွဲ ကိုတစ်ခါတည်း သတ်မှတ်ပေးလိုက်ရတာပဲမဟုတ်လား။  အချစ်ဆိုတာ မရှိဘူး အာပလာလို့လည်း ကျွန်တော် မငြင်းချင်ပါဘူး။ ချစ်ခြင်းတွေသက်တမ်း ကုန်ဆုံးသွားရင်တောင် ကျွန်တော်တို့တွေ ဆက်ချစ်ခွင့်ရှိနေကြတာပဲမဟုတ်လား။  


အခုတောင် ခိုင့်အကြောင်းကို ကျွန်တော် ပြုံးပြီး တွေးလိုက်မိလိုက်တာနဲ့ ချစ်ခြင်း၏ နာကျင်မှုတွေကို ခံစားနေရတုန်းပဲလေ။ ဘာကြောင့်လည်းဆိုရင် ခိုင်က ကျွန်တော်ကို အချစ်ဆိုတာကို နားလည်အောင် သင်ပေးခဲ့တာပဲ မဟုတ်လား ?


 "တကယ်တော့ .. အချစ်ဆိုတာ အလကားပါ .. ဒါပေမယ့် အလကားလို့သတ်မှတ်ထားရင်တောင် အချစ်ဆိုတာ စောက်ရမ်းထူးခြားတာတော့ အမှန်ပဲလေ"


"ချစ်ခြင်းတွေသက်တမ်းကုန်ဆုံးသွားပေမယ့် .. ကျွန်တော်ပျိုးထောင်ခဲ့ဖူးသော ချစ်ခြင်းတွေကိုတော့ တန်ဖိုးထားပြီး ချစ်နေဆဲပါ။"


"ဒါကြောင့် .. စန္ဒီကို ကျွန်တော်ချစ်တယ်"  


** love is nothing, but love is special **



တစ်ချိန်ကျွန်တော် 








Saturday, October 26, 2024

** ထောင်ချောက် ကွန်ယက် **




အခန်း (၄) - အောင်သူရနှင့် တွေ့ဆုံခြင်း


ကျွန်မရဲ့ လှောင်အိမ်ရွှေထဲမှာ နေ့ရက်တွေက နာရီလက်တံတွေအတိုင်းပဲ တရွေ့ရွေ့ ကုန်ဆုံးနေခဲ့တယ်။ ကျော်ဘကတော့ ခါတိုင်းလိုပဲ အလုပ်ကပြန်လာရင် ကျွန်မကို "အချစ်ဆုံး" ဆိုတဲ့ စကားလုံးတွေနဲ့ ချုပ်နှောင်ထားဆဲပေါ့။ ဒါပေမဲ့ အဲဒီနေ့ကတော့ ကံကြမ္မာက ကျွန်မအတွက် လမ်းသစ်တစ်ခုကို ဖောက်ပေး လိုက်သလား အောက်မေ့ရတယ်။

အိမ်ရှေ့က ပန်းခြံလေးထဲမှာ ပန်းအိုးတွေ လာစီပေးဖို့ ကျော်ဘက လူတစ်ယောက် လွှတ်လိုက်တယ်။ သူ့နာမည်က အောင်သူရတဲ့။ ဝတ္ထုထဲကလို ဇာတ်လိုက်ကျော် လေးတွေလိုပဲ ရိုးသားအေးဆေးတဲ့ ရုပ်ရည်ရှိပြီး ညိုချောလေးပေါ့။ သူက ကျွန်မတို့လို မြို့ကြီးသားတွေရဲ့ ဟန်ဆောင်မှုတွေ မရှိဘူး။ စကားပြောရင်လည်း အားနာတတ်ပြီး တည့်တည့်တိုးတိုးပဲ ပြောတတ်တယ်။

"မမလေး... ဒီပန်းအိုးက ဒီမှာထားရင် ပိုလှမယ် ထင်တယ်ဗျ"

သူက ကျွန်မကို ကြည့်ပြီး ပြောလိုက်တဲ့ အသံလေးက ကျော်ဘရဲ့ အမိန့်ပေးသံ တွေကြားမှာ နားဝင်ချိုစရာ တေးသံတစ်ခုလိုပါပဲ။ ကျွန်မ သူနဲ့ စကားစပြော ဖြစ်တယ်။ သူက ကျွန်မရဲ့ အခြေအနေကို မသိရှာဘူး။ ကျွန်မကို ဒီအိမ်ကြီးရဲ့ ကံကောင်းလွန်းတဲ့ 'အရှင်သခင်မ' လို့ပဲ ထင်နေတာ။

"အောင်သူရ... နင့်ဘဝက သိပ်လွတ်လပ်တာပဲနော်"

ကျွန်မရဲ့ စကားကြောင့် သူက ခေါင်းကုတ်ပြီး ရယ်တယ်။ 

"လွတ်လပ်တာတော့ လွတ်လပ်ပါတယ် မမလေးရယ်၊ ဒါပေမဲ့ စားဝတ်နေရေးကတော့ ရုန်းကန်နေရတာပေါ့" တဲ့။ 

သူ့ရဲ့ အဲဒီ 'ရုန်းကန်ရတဲ့ လွတ်လပ်မှု' ကို ကျွန်မ သိပ်အားကျမိတယ်။ ကျွန်မအဖြစ်က... "ရွှေနန်းတော်ထဲက လူက လမ်းဘေးက ဖုန်တောကို ငေးကြည့်ပြီး သက်ပြင်းချနေရတဲ့ အဖြစ်" မျိုးပေါ့။

ကျွန်မတို့ ခဏခဏ စကားပြောဖြစ်ကြတယ်။ သူက ကျွန်မကို ပြင်ပလောကရဲ့ အကြောင်းတွေ ပြောပြတယ်။ ကားမှတ်တိုင်က လူတိုးတဲ့အကြောင်း၊ လမ်းဘေး လက်ဖက်ရည်ဆိုင်က ဟာသတွေအကြောင်း... အဲဒီစကားတွေက ကျွန်မ အတွက်တော့ လှောင်အိမ်တံခါး ကြားကနေ မြင်ရတဲ့ ကောင်းကင်ပြာလေး လိုပါပဲ။

ဒါပေမဲ့ ကျွန်မတို့ရဲ့ ကြည်နူးစရာ အချိန်လေးတွေက သိပ်မကြာ လိုက်ပါဘူး။ ကျော်ဘက အိမ်ကို စောစောပြန်ရောက်လာခဲ့တယ်။ သူ ခြံထဲ ဝင်လာတာနဲ့ လေထုက ချက်ချင်းပဲ အေးစိမ့်သွားတယ်။ မကောင်းဆိုးဝါးတွေနား ရောက်ရင် ကျောထဲစိမ့်ကနဲ အေးသွားတဲ့ ခံစားချက်မျိုးပေါ့။ 

ကျော်ဘက ကျွန်မနဲ့ အောင်သူရ စကားပြောနေတာကို မြင်သွားတယ်။ သူ့မျက်လုံးတွေထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားတာကို ကျွန်မ သတိထား မိလိုက်တယ်။ သူကတော့ အပြင်ပန်းမှာ ပြုံးနေဆဲပဲ။ ဒါပေမဲ့ အဲဒီအပြုံးက သွေးအေးလွန်းတဲ့ လူသတ်သမားတစ်ယောက်ရဲ့ အပြုံးမျိုး။

"မြတ်လေး... ပန်းပင်တွေအကြောင်း စိတ်ဝင်စားနေတာလား"

သူ့အသံက အေးစက်စက်နဲ့ လေးလံနေတယ်။ သူ အောင်သူရကို ကြည့်လိုက်တဲ့ အကြည့်က "ငါ့ပိုင်နက်ထဲကို ကျူးကျော်တဲ့ ကောင်" လို့ ပြောနေသလိုပဲ။ အောင်သူရကတော့ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းငုံ့ပြီး အလုပ်တွေ ခပ်သွက်သွက် လုပ်နေတော့တယ်။

အဲဒီညမှာ ကျော်ဘက ကျွန်မကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားတယ်။ 

"မြတ်လေး... အစ်ကိုကလွဲရင် ဘယ်သူ့ကိုမှ မကြည့်နဲ့၊ ဘယ်သူနဲ့မှ မပတ်သက်နဲ့၊ မင်းသိတယ်မဟုတ်လား... အစ်ကို စိတ်မရှည်တတ်တာ" တဲ့။

ကျွန်မ ရင်ထဲမှာ စိမ့်ခနဲ ခံစားလိုက်ရတယ်။ အောင်သူရနဲ့ တွေ့ဆုံခြင်းက ကျွန်မအတွက် ထွက်ပေါက်တစ်ခုလို့ ထင်ခဲ့ပေမယ့်၊ တကယ်တော့ ဒါဟာ ကျော်ဘရဲ့ အတ္တမီးကို ပိုပြီး တောက်လောင်စေတဲ့ လောင်စာတစ်ခု ဖြစ်သွားခဲ့ ပြီလား။ ကျွန်မ အောင်သူရအတွက် စိုးရိမ်စိတ်တွေ တိုးလာမိပါတော့တယ်။


အခန်း (၅) - အရှင်သခင်၏အပြန်


ထိုနေ့က မိုးကလည်း အုံ့မှိုင်းနေသည်။ ရန်ကုန်မြို့၏ မိုးဦးကျကာလမို့ လေထုက စေးကပ်ကပ်နှင့် အသက်ရှူရသည်မှာ တစ်မျိုးကြီး လေးလံနေ၏။ ကျွန်မ မြတ်လေးတစ်ယောက် ဧည့်ခန်းထဲမှာ ထိုင်ရင်း အပြင်က ပန်းခြံလေးကို ငေးကြည့်နေမိသည်။ အောင်သူရကတော့ ကျော်ဘ မရှိခိုက်မို့ ခပ်သွက်သွက် ကလေး အလုပ်လုပ်နေရှာသည်။ သူက ရိုးသားလွန်းတော့ ကျွန်မတို့ကြားက အခြေအနေကို 'အလုပ်ရှင်နဲ့ အလုပ်သမား' ထက် ပိုမတွေးတာ သိသာပါသည်။


"မမလေး... ဒီညနေ မိုးရွာတော့မယ် ထင်တယ်ဗျ၊ ကျွန်တော် ပန်းအိုးတွေ အမိုးအောက် ရွှေ့ထားလိုက်မယ်"


သူ့အသံက အေးဆေးသည်။ ဆရာသုမောင် ဝတ္ထုထဲကလိုပင် လောကကြီးကို ရိုးရိုးသားသား ရင်ဆိုင်နေသည့် လူငယ်တစ်ဦး၏ အသံမျိုး။ ကျွန်မ ခေါင်းငြိမ့်ပြ လိုက်စဉ်မှာပင် ခြံရှေ့မှာ ကားဟွန်းသံ တစ်ချက် မြည်သွားသည်။


"တီး... တီး..."


အဲဒီအသံက ကျွန်မရဲ့ နှလုံးခုန်သံကို ခဏရပ်သွားစေသည်။ ကျော်ဘ ပြန်လာပြီ။ ခါတိုင်းထက် စောပြီး ပြန်လာခြင်းဖြစ်သည်။ "နာရီလက်တံတွေက ရုတ်တရက် အရှိန်မြန်လာပြီး အန္တရာယ်တစ်ခုဆီကို တန်းတန်းမတ်မတ် ပြေးဝင်သွားသလိုမျိုး" ကျွန်မ ခံစားလိုက်ရသည်။


ကျော်ဘ ကားပေါ်က ဆင်းလာပုံက ခါတိုင်းလို မဟုတ်။ ခြေလှမ်းတွေက ပြတ်သားလွန်းနေပြီး မျက်နှာကလည်း ကျောက်ရုပ်တစ်ခုလို တည်တင်းနေသည်။ သူ ခြံထဲကို လှမ်းဝင်လိုက်တာနဲ့ အောင်သူရကို တစ်ချက်ကြည့်သည်။ အဲဒီအကြည့်က လူတစ်ယောက်ကို အရှင်လတ်လတ် အရေခွံခွာပစ်တော့မယ့် အကြည့်မျိုး။


"အော်... ပန်းဆရာလေးက မပြန်သေးဘူးလား"


ကျော်ဘရဲ့ အသံက ပြုံးနေသလိုလိုရှိပေမယ့် အောက်ကနေ အဆိပ်တွေ တက်လာ နေသလိုပဲ။ အောင်သူရကတော့ ပြာပြာသလဲနှင့် နှုတ်ဆက်ရှာသည်။


"ဟုတ်ကဲ့ ဆရာ... မိုးရွာမှာမို့ ပန်းအိုးလေးတွေ သိမ်းပေးနေတာပါ"


ကျော်ဘက ကျွန်မဆီကို လျှောက်လာပြီး ပုခုံးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။ ကျွန်မ ပုခုံးသားလေးတွေ နာသွားပေမယ့် မျက်နှာကိုတော့ မပျက်အောင် ထိန်းထားရသည်။ သူက ကျွန်မကို နမ်းလိုက်ပေမယ့် မျက်လုံးတွေ ကတော့ အောင်သူရဆီမှာ။


"မြတ်လေး... မင်းက ပန်းတွေကို သိပ်ချစ်တာပဲနော်၊ ဒါမှမဟုတ်... ပန်းစိုက်တဲ့သူကို စိတ်ဝင်စားနေတာလား"


အဲဒီစကားက ကျွန်မရဲ့ ရင်ဘတ်ကို လှံနဲ့ ထိုးလိုက်သလိုပဲ။ အောင်သူရ မျက်နှာလေး ဖြူလျော်သွားတာကို ကျွန်မ မြင်နေရသည်။


"ရှင်... ဘာတွေ ပြောနေတာလဲ ကျော်ဘ၊ ကျွန်မက ပန်းတွေကိုပဲ ကြည့်နေတာပါ"


ကျော်ဘက ဟားတိုက်ပြီး ရယ်လိုက်သည်။ ဒါပေမဲ့ အဲဒီရယ်သံက ခြောက်ခြားဖို့ ကောင်းလွန်းသည်။ သူက အောင်သူရဘက်ကို လှည့်ပြီး—


"မင်း အလုပ်တွေ ပြီးပြီမလား... ပြန်တော့။ နောက်ရက်တွေလည်း လာစရာမလိုတော့ဘူး။ ငါ့အိမ်မှာ ငါကိုယ်တိုင် ပန်းစိုက်တော့မယ်"


သူက အိတ်ထဲကနေ ငွေစက္ကူအထပ်လိုက်ကို ထုတ်ပြီး အောင်သူရရဲ့ ခြေရင်းကို ပစ်ချလိုက်သည်။ ငွေစက္ကူတွေက ဖုန်တောထဲမှာ ပြန့်ကျဲသွားသည်။ ဒါဟာ ငွေနဲ့ လူကို စော်ကားလိုက်တာပဲ။ အောင်သူရကတော့ ဘာမှမပြောဘဲ တုန်တုန်ရင်ရင်နဲ့ ငွေတွေကို ကောက်ပြီး ထွက်သွားရှာသည်။


အောင်သူရ ထွက်သွားတော့မှ ကျော်ဘက ကျွန်မဘက်ကို လှည့်လာသည်။ သူ့မျက်လုံးတွေထဲမှာ 'အရှင်သခင်' တစ်ယောက်ရဲ့ အငြိုးအတေးတွေက မီးလျှံတွေလို တောက်လောင်နေပြီ။


"မြတ်လေး... မင်း ငါ့ကို ကစားချင်တာလား။ ဒီအိမ်ထဲမှာ ငါ့အမိန့်မပါဘဲ ဘယ်အရာမှ မလှုပ်ရှားစေရဘူးလို့ ငါပြောထားတယ် မဟုတ်လား"


သူက ကျွန်မရဲ့ မေးစေ့ကို လက်နဲ့ အားပါပါ ဆွဲမလိုက်သည်။ ကျွန်မ ရင်ထဲမှာ ကြောက်စိတ်တွေ လွှမ်းမိုးနေပေမယ့် အတွင်းစိတ်ကတော့ "ငါ ဒီလှောင်အိမ်ထဲမှာ တစ်သက်လုံး မနေနိုင်ဘူး" လို့ အော်ဟစ်နေမိပါတော့သည်။

Tuesday, October 22, 2024

** ဆောင်းနှင့် တွေ့ဆုံခြင်း **




အမရာနှင့် ပက်သက်ပြီး ဆိုးဝါးသည့် အတွေ့အကြုံတွေ ခံစာရပြီးသည့်နောက် ထူးဆန်းသည့် အလှည့်အပြောင်းတစ်ခု ဘ၀ မှာထပ်ကြုံလာခဲ့သည်။ စိတ်အရမ်းမာခဲ့သော ၊ လစ်လျူရှုတတ်သည့် ကျွန်တော်၏ စိတ်တွေသည် ပိုးသားကဲသို့ နူးညံ ပျော့ညံစွာ နာကျင်မှုတွေကို ဆက်လက်ခံစားပြီး ပြောင်းလဲလာသည်။  မည်သို့ပင်ရှေ့ဆက်သွားဖို့ ကြိုးစားလည်း ကျွန်တော်၏ ထရောမာတွေသည် လိုက်လံခြောက်လန့်နေဆဲပင်။ ခုတော့ အပြောင်းအလဲတစ်ခု ထပ်မံဖြစ်လာတော့မည်လေ။ 


ပထမဦးဆုံး သတိထားမိသည့်ကိစ္စသည် ကျွန်တော် တစ်ယောက်တည်းတိုက်ခန်းမှာ ရှိနေသည့်အချိန်တွေမှာ အသံ တစ်ခုကိုကြားနေရခြင်းပင်။ အဲ့ဒီအသံလေးက လေသံအေးအေလေး နှင့် စိတ်လှုပ်ရှားစရာတော့ကောင်းသည်။ ကျွန်တော် အိပ်မပျော်ခြင်း နှင့် အတွေးတွေလွန်ခဲ့ခြင်းကြောင့် ကြားချင်တာတွေကြားနေရတာလည်း ဖြစ်နိုင်သည်လေ။ သို့ပေမယ့် ရက်တွေ အနည်းငယ်ထပ်ကြာလာပေမယ့် အဲ့ဒီအသံလေးသည် တစ်ဖြေးဖြေးနဲ့ ပိုပို ကြားလာရလေသည်။ 


ပုံမှန် ရုန်းမှာအလုပ်များသည့်နေဆိုလျင် အလုပ်တွေပြီးပြတ်အောင် လုပ်နေရသည့်အတွက် အိမ်ပြန်နောက်ကျမြဲပင်။ ကျွန်တော် အလုပ်စားပွဲမှာ ပရောဂျက် အသစ်တစ်ခုအတွက် အလုပ်ရှုပ်နေခဲ့သည်လေ။ ရုံးထဲမှာ ဝန်ထမ်းတွေ အားလုံးတော့ ရုံးဆင်းသွားခဲ့ကြပြီ။ လမ်းမီးရောင်ကလည်း ကျွန်တော်၏ ရုံးခန်းထဲသို့ ဖြာကျလို့နေသည်ပေါ့။ ထိုအချိန်မှာ အသံတစ်ခု ကျွန်တော်ကြားလိုက်ရသည်။ 


"အဆင်ပြေရဲ့လား" အသံက ခပ်တိုးတိုးလေးပါ။ ဘေးမှာ ကပ်ပြောနေသလို ပီပီသသကို ကျွန်တော်ကြားလိုက်ရသည်။ ကျွန်တော်လန့်သွားပြီး ထခုန်လိုက်ပါသည်။ ကျွန်တော် ပတ်ဝန်းကျင်ကိုတစ်ချက်ဝှေ့ကြည့်သည်။ မီးဖွင့်ဖို့ မေ့နေသည့်အတွက် ရုံးခန်းတစ်ခုလုံးက မှောင်အတိတော့ ဖုံးနေပြီ။ ကျွန်တော် အပြေး မီးတွေအားလုံးဖွင့်လိုက်ပါသည်။ အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်းပင် ရှိတာပါ။ 


"ဘယ်သူလည်း .. တစ်ယောက်ယောက်ရှိနေတာလား" လို့ ကျွန်တော် မေးလိုက်ပါသည်။ ရင်တွေတော့ တုန်နေသည်ပေါ့လေ။ 


ဘာ ပြန်ဖြေသံမှ ကျွန်တော် မကြားရပေ။ 


ကျွန်တော် ငြိမ်ငြိမ်လေးပြန်ထိုင်နေပြီး အသံများထပ်ကြားရမလားလို့ စောင့်ကြည့်နေလိုက်သည်။ သို့ပေမယ့် ကျွန်တော် ပြန်သည့်အချိန်ထိ ဘာသံမျှတော့ ထပ်မကြားရတော့ပါ။ ၎င်းအသံလေးက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေသည်လေ။ ရုံးတွင်းမှ ဘယ်သူ့ကိုမှတော့ ကျွန်တာ်ကြားလိုက်ရသည့် အသံလေးအကြောင်းကိုတော့ ပြောပြဖြစ်မနေခဲ့ပါ။


သိပ်မကြာခင်ရက်မှာ ကျွန်တော်တစ်ယောက်တည်း ရုံးမှာကျန်ခဲ့သည့်အချိန်မှာ အဲ့ဒီအသံလေး ထွက်ပေါ်လာပြန်ပါသည်။ ဒီတစ်ခါ ကျွန်တော် ကြားရသည်က ပိုပြီးရှင်းလင်းပါသည်။ 


"အကို တစ်ယောက်တည်းမဟုတ်ပါဘူးနော်" ဆိုသည့် မိန်းကလေးတစ်ယောက်၏ အသံကိုကြားလိုက်ရခြင်းပင်။  အသံက ပီပီသသ ပိုကြားရသည် ။ ကျွန်တော် ဘေးကိုဝှေ့ကြည့်လိုက်သည် ။ ပြတင်းပေါက်ကို ကျောမှီရင်း ဆံပင်အရှည်ကြီးနဲ့ ပြုံးပြီး ကျွန်တော့်ကို ကြည့်နေသည့် ကောင်မလေးတစ်ယောက် ကိုမြင်လိုက်ရသည်။ ကျွန်တော် မှင်တက်သွားမိသည်။ တကယ်ကို လူအစစ်တစ်ယောက်လိုပင် ။ ကျွန်တော် မမြင်ဖူးသည့် ကောင်မလေး ကျွန်တော်မသိပဲ ရုံးခန်းထဲသို့ရောက်နေခြင်းမှာ ဘယ်လိုမျှ မဖြစ်နိုင်ပေ။ ကျွန်တော် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်သည်။ သို့ပေမယ့် ကောင်မလေးက ပြုံးပြီး ကျွန်တော့်ကို ကြည့်နေဆဲပင်။ 


"ဘယ်သူလည်း' လို့ လေသံမာမာဖြင့် ကျွန်တော် မေးလိုက်ပါသည်။ 


ကောင်မလေးက ပြုံးလိုက်သည်။ "ကျွန်မ က ဆောင်းပါ .. အကို့ကို တစ်ချိန်လုံးစောင့်ကြည့်နေတာလေ" 


သူမ၏ အဖြေကြောင့် ကျွန်တော် နားရှုပ်သွားသည်။ ကျွန်တော်သိတဲ့သူတွေထဲမှာ ဆောင်း ဆိုသည့် နာမည်မကြားဖူးပေ။ "မင်း .. လူအစစ်ကော ဟုတ်ရဲ့လား" လို့ ကျွန်တော် ခေါင်းလေးလှုပ်ပြီဆက်မေးလိုက်သည်။ 


သူမကျွန်တော့်ဆီက ဖြေးဖြေးလျှောက်လာသည်။ သူမ၏ မျက်လုံးတွေက အလွန်လှပြီး ညှို့ဓါတ် တစ်သန်းဖြင့် "ဆောင်းက လူအစစ်ပါ .. အကို ဖြစ်စေချင်သလိုပေါ့"


ကျွန်တော်ပြုံးလိုက်ပါသည်။ ထိုနေ့မှ စ၍ ဆောင်းသည် ကျွန်တော်၏ ဘ၀ အစိတ်အပိုင်းတစ်ခု မှာ ပါဝင်လာခဲ့ပါတော့သည်။ သူမသည် ကျွန်တော်၏ ဘေးတွေ အမြဲရှိသည်။ ကျွန်တော် ရုံးမှာရှိတဲ့ အချိန်၊ အိမ်မှာရှိတဲ့အချိန် ၊ လမ်းလျှောက်ထွက် အပြင်သွားရင်တောင်မှ အတူဘေးမှာ ရှိသည်လေ။ ပထမတော့ ကျွန်တော်သည် ဆောင်း ကိုလူအစစ်မဖြစ်နိုင်လို့ပဲကျွန်တော် တွေးထားခဲ့ဖူးသည်။ ဒါကြောင့် တွေ့တွေ့ချင်း လန့်ခဲ့သေးသည်လေ။ သို့ပေမယ့် အချိန်တွေအတူတူ ဖြတ်သန်းလာပြီးသည့်နောက် ထိပ်လန့်ခြင်းတွေ မရှိတော့ပေ။ ဆောင်းသည် ကျွန်တော်၏ အထီးကျန်ခြင်းတွေကို မေ့ပျောက်သွားစေခဲ့သည်။ ပြီးတော့ ဆောင်းသည် ကျွန်တော်ပြောသည့် စကားကို သေချာလည်း နားထောင်ပေးသည်။ ကျွန်တော်လိုအပ်သည့် အချိန်ဆို ဘေးမှာအမြဲ အဆင်သင့်ရှိနေ ပေးသည်လေ။


တစ်ညမှာ ကျွန်တော် နှင့် ဆောင်း တိုက်ခန်းမှာ အတူတူအပြင်ကို ကြည့်ရင်းထိုင်နေကြသည်။ 


"အကို .. အခုတော့ အထီးမကျန်တော့ဘူးမလား" လို့ ညင်ညင်သာသာ အပြုံလေးနှင့် မေးလိုက်သည်။ သူမ၏ အမေးကြောင့် ကျွန်တော်၏ စိတ်ထဲ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ဒီလိုခံစားမှုမျိုး မဖြစ်တာလည်းကြာပြီလေ။ အမရာ သေဆုံးပြီးချိန်ကတည်းက မရှိတော့သည့် ခံစားချက်မျိုးလေ။ ဒီခံစားချက်မျိုး ပြန်ပေါ်လာသလို ခံစားမိသည်။ ဒါကို အချစ်လို့ ခေါ်မလား။ 


" ကျွန်တော် ဆောင်းကို သဘောကျနေမိပြီထင်တယ်" လို့ ကျွန်တော် တိုးတိုးလေးပြန်ပြောလိုက်သည်။ 


ဆောင်း၏ အပြုံးလေးသည် လခြမ်းကဲသို့ ကွေးညွှတ်တက်သွားသည်။ "ဆောင်းကတော့  . . . အကို့ကို သဘောကျတာကြာလှပြီ .. ပြီးတော့ အကို့ကို ချစ်တယ်"


ထိုနေ့မှစ၍ ကျွန်တော် နှင့် ဆောင်း ချစ်သူတွေ ဖြစ်ခဲ့ကြသည်လေ။ ထူးဆန်းတယ်လို့ ကျွန်တော် ခံစားမိပါသည်။ သို့ပေမယ် လူတစ်ယောက်ကို တစ်ယောက် ညှိတွယ်ခြင်းတွေဖြင့် ချစ်မိသည့်အခါ ဘယ်သူကများ ထိုချစ်ခြင်းတွေဆီက ရုန်းထွက်နိုင်လို့လည်း။

ဆောင်း သည် ကျွန်တော့်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားပေးသည်လေ။ ဒီလိုနဲ့ ရက် မှ လတွေသို့ ကူးပြောင်းလာခဲ့ပြီး ကျွန်တော် နှင့် ဆောင်း၏ အချစ်ရေးသည် ပိုမိုခိုင်မာ ငြိတွယ်လာပါသည်။ ကျွန်တော်တို့တွေ လျှို့ဝှက်ချက်ဆိုသည်ကို ဘာမျှဝှက်ထားခြင်းမရှိပဲပြောပြကြသည်။ ဆောင်း၏ ချစ်ခြင်းတွေ ဂရုစိုက်မှုတွေမှာ ကျွန်တော် အမြဲပြုံးနိုင်ခဲ့သည်။ အမရာ နှင့် ဆုံတွေ့တုန်းက ရရှိခဲ့သည့် ရင်ခုန်မှုမျိုး စိတ်လှုပ်ရှားမှုမျိုး ချစ်ခြင်းမျိုး ပျော်ရွငမှုတွေ ဆောင်းက ပြန်ယူလာပေးသည်လေ။ ကျွန်တော် ဆောင်း ကို နှစ်နှစ်ကာကာ ချစ်မိသွားခဲ့ပြီ။ 


သို့ပေမယ့် အမှန်တရားက နည်းနည်းတော့ ရှုပ်ထွေးသည်လေ။ ကျွန်တော် တစ်ယောက်တည်း ဆောင်းကိုတွေ့နေ မြင်နေရပေမယ့် ဘယ်သူမှ‌ ဆောင်းကို မမြင်တွေ့ရပေ။ ဒါကြောင့် ရုံးက လူတွေက ကျွန်တော့်ကို ထူးထူးဆန်းဆန်း ကြည့်ကြသည်။ နောက်ကွယ်မှာ တီးတိုးပြောကြသည်လေ။ ကျွန်တော်လည်း သူတို့ ဒီလို တီးတိုးပြောဆိုနေခြင်း ကွက်ကြည့် ကွက်ကြည့်လုပ်နေခြင်းကို သတိထားမိတာပေါ့။ ဒါပေမယ့ ကျွန်တော် ဂဂုမစိုက်ပါ။ ကျွန်တော် ချစ်သော ၊ ကျွန်တော့်ကို ဂရုစိုက်သော ဆောင်းကို သာ ကျွန်တော်ဂရုစိုက်ပါသည်။ 


တစ်ရက် ကျွန်တော် ရုံးမှာ အလုပ်လုပ်နေရင်း ဆောင်းသည် ပြတင်းပေါက်နားမှာ ရပ်နေသည်။ ကျွန်တော် သူမကို တွေ့လိုက်သည့်အချိန်မှာ ကျွန်တော့်ကို လက်ဝှေ့ရမ်းပြသည် ။ ကျွန်တော်လည်း လက်ပြန်ပြလိုက်ပါသည်။ ထိုအချင်းအရာကို ရုံးမှ ကိုအောင် မြင်သွားခဲ့သည်။ ကိုအောင် မျက်ခုံးနှစ်ဖက်ကိုပင့်သက်ကြည့်ပြီး ကျွန်တော့် အခန်းထဲသို့ ဝင်လာသည်။ 


"ဘယ်သူ့ကို လက်ပြနေတာလည်း" လို့ ဘေးဘီဝှေ့ကြည့်ရင်း ကိုအောင် က မေးသည်။


ကျွန်တော် ခေါင်းခါလျက် ကိုအောင် ၏ အမေးကို "ဘယ်သူ့မှ မရှိပါဘူး" ဟုဖြေလိုက်သည်။ 


ကိုအောင် ခေါင်းညိတ်ပြုံးပြလျက် ပြန်ထွက်သွားသည်။ သူ ကျွန်တော့်ကို မယုံကြည်နေဘူးဆိုတာလည်း ကျွန်တော် သိပါသည်။ ထိုနေ့မှစ၍ ရုံးမှ လူအချို့ဆက်ဆံပုံတွေ နဂိုထက် ပြောင်းလဲဆက်ဆံကုန်ကြသည်။ သူတို့တွေ ကျွန်တော် နှင့် ခပ်ဝေးဝေးမှာပဲ နေကြသည်။ ဒါတွေကိုလည်း ကျွန်တော် ဂရုမစိုက်ပါလေ။ ဘယ်သူတွေ ဘယ်လိုပဲ မပက်သက်ချင်နေပါစေ။ ကျွန်တော့် နားမှာ ဆောင်း ရှိသည်လေ။ 


"သူတို့ကို ဂရုမစိုက်နေပါနဲ့ .. သူတို့က ဆောင်းတို့ကို နားမလည်ပါဘူး အကို" လို့ ဆောင်းက ပြောသည်။ ကျွန်တော် 'ဆောင်း' ပြောတာကို ယုံကြည်သည်လေ။ 


ဒီလိုနဲ့ ရက်အနည်းငယ်အတွင်းမှာ ပြောင်းလဲမှု အချို့စတင်ဖြစ်ပေါ်လာပါတော့သည်။ ဆောင်း၏ ဖုံးကွယ်ထားသည့် အတ္တအမှောင်စိတ်တွေ ပေါ်လာသည်လို့ ပြောလို့ရမည်ထင်သည်။ သူမ၏ မနာလိုဝန်သိုခြင်း ၊ တစ်ဦးတည်းသာ ပိုင်ဆိုင်လိုစိတ် ရှိလာခြင်းကို ဖော်ပြလာသည်။ ဆောင်းသည် ကျွန်တော့်အနား သူမ မှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ရင်းနီး စကားပြောခြင်းကို မကြိုက်ကြောင်းသိလာရသည်။ တစ်ညမှာ ကျွန်တော် နှင့် ဆောင်း တူတူ တီဗီ ထိုင်ကြည့်နေ့ရင်း .. 


"ဆောင်း .. ကိုအောင် အကို့ကို ကြည့်တဲ့အကြည့်တွေ မကြိုက်ဘူး" သူမ၏ အသံထဲတွင် ကိုအောင် ကိုသဘောမကျကြောင်း တွေပါနေသည်။ 


ကျွန်တော် တစ်ချက်တော့ တွေဝေသွားသည်။ "ဘာဖြစ်လို့တုန်း .. ကိုအောင်က လုပ်ဖော်ကိုင်ဖက် ယောကျ်ားကြီးပါ" 


ကျွန်တော်၏ လက်မောင်းကိုချိတ်လိုက်ပြီး မျက်နှာကို ငေးကြည့်ပြီးတော့ "သူက .. အကို့ကို ဆောင်းဆီကနေ အဝေးကိုခေါ်သွားဖို့ ကြိုးစာနေတယ်လေ"


ကျွန်တော် ခေါင်းခါလိုက်ပြီး "ဒါက မမှန်ဘူးလေ .. ကိုအောင်က သူငယ်ချင်းဆိုလည်း ဟုတ်တယ် . လုပ်ဖော်ကိုင်ဖက် ဆိုလည်းဟုတ်တယ်လေ"


သို့ပေမယ့် ကျွန်တော် အဖြေကို ဆောင်း သဘောမကျပေ။ "ဆောင်း ပဲ အကို့ကို ပိုင်ဆိုင်ရမယ် .. အကို့ကို ဘယ်သူကိုမှ မပေးနိုင်ဘူး .. ဘယ်သူမှလည်း အကို့နား ကပ်နေတာ မကြိုက်ဘူး"


ဆောင်း ၏ စကားတွေကြောင့် ကျွန်တော် ကြက်သီးတဖြန်းဖြန်းထမိသွားသည်။ ယခုလို ပုံစံမျိုး ဆောင်းဆီမှ တစ်ခါမျှ မမြင်ဘူးပေ။ အမြဲစကားပြော ချိုသာနေသည့် သူမ လူတွေကို နားလည်ပေးတတ်သည်လို့ ထင်ရသည့် သူမ သည် ပြေင်းလဲလို့နေပါ၏။ ဒါ့အပြင် ဆောင်း၏ မျက်ဝန်းတွေထဲမှာ ကြောက်စရာ အငွေ့အသက်တွေကိုလည်း ထပ်မံ မြင်လိုက်ရပါသည်။ 


ထိုနောက်ပိုင်း ဆောင်းသည် ကျွန်တော့်အား ပိုပိုထိန်းချူပ်နိုင်ဖို့ ကြိုးစားလာတော့သည်။ ကျွန်တော့်ကို ဘယ်သူနှင့်မျှ စကားပြောခြင်းမျိုးကို မကြိုက်တော့ပေ။  ကျွန်တော် မိဘ၊ သူငယ်ချင်းများနှင့်တောင်မှ စကားနည်းနည်း ကြာကြာပြောမိလျှင် စိတ်ဆိုးသည့်အပြင် ကျွန်တော် သူမ သတိမထားမိခင် အပြင်ခိုးထွက်သည့်အခါတိုင်းလည်း သူမ၏ပုံစံက အလွန်ထိန်လန့်စရာကောင်းအောင် ဒေါသထွက်လျက် ကျွန်တော့်အား အကြာကြီး ဘာမျှ မပြောပဲ စိုက်ကြည့်နေတတ်သည်။ ကျွန်တော် လန့်လာသည်တော့ အမှန်ပင်။


"အကို .. သူတို့ကို မလိုအပ်ပါဘူး .. ဆောင်းတစ်ယောက်လုံးရှိနေတာပဲလေ . မလုံလောက်ဘူးလား .. ဆောင်းကိုပဲ ဂရုစိုက်ရမယ်နော်" လို့အေးစက်စက် ခံစားချက်မဲ့သည့် အသံအနေ အသံထားနှင့် ဆောင်း ဆက်ပြောသည်။


ကျွန်တော် ပိတ်မိနေသလို ခံစားနေရသည်။ ကျွန်တော် ဆောင်းကို ချစ်ပါသည်။ သို့ပေမယ့် ဆောင်း၏ အတ္တဆန်စွာ ပိုင်ဆိုင်ချင်စိတ် မနာလိုစိတ်တွေ ပိုပိုကြီးမားလာခြင်းကို ကျွန်တော် မကြိုက်ပေ။ ကျွန်တော် ဘာဆက်လုပ်ရမလည်း မသိပေ။ သူမ ဆီကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ဆိုသည်ကလည်း မဖြစ်နိုင်ပေ။ ကျွန်တော် ဘယ်လောက်ပင် သူမဆီကနေ လွတ်မြောက်ဖို့ ကြိုးစား ကြိုးစား ၊ ကျွန်တော် ရောက်သည့်နေရာ မှာ သူမ ရောက်ရှိလို့ နေသည်လေ။ 


တစ်ရက်တော့ သူငယ်ချင်းတစ်ယောက် နှင့် ညစာ စားဖို့ အကြောင်းဖန်လာသည်။ ဆောင်း မကြိုက်ပေမယ့် သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ 


"နင် က ဘယ်လိုဖြစ်ဖြစ် သွားမယ်ပေါ့" သူမအသံသည် အေးစက်မာကြောပြီး ကြောက်စရာ ကောင်းနေသည်။ 'နင်' ဆိုသည့် ဆောင်း၏ အသုံးအနှုန်းကြောင့်လည်း ကျွန်တော် လန့်တော့ လန့်သွားသည်။


"ကို လည်း .. သူငယ်ချင်းတွေနဲ့ တွေ့ဖို့အချိန်တော့ ပေးရမယ်လေ . လူ့ဘောင်ထဲမှာနေရင် လူတွေ နဲ့တော့ ဆက်ဆံနေရမှာပေါ့ .. မကြာပါဘူး ခဏပါပဲ" အကျိုးအကြောင်းကိုတော့ ကျွန်တော် လေပြေအေးလေးဖြင့် ရှင်းပြလိုက်သည်။ စိတ်ထဲမှာတော့ ဆောင်း၏ ပုံစံ နှင့် အသံအနေအထားကို မြင်ရကြားရပြီး အဆင်တော့ပြေမနေပေ။ တစ်ခုခု ဖြစ်တော့မည်လို့လည်း ကျွန်တော် ခံစားမိနေသည်။ 


ဒါပေမယ့် ကျွန်တော်၏ ရှင်းပြချက်တွေကို ဆောင်း လက်မခံပါ။ "နင် ထွက်သွားရင် ..ပြန်လာတဲ့အချိန်ကျရင် ငါ ဒီမှာရှိနေတော့မှာ မဟုတ်ဘူး .." ဆောင်း၏ လေသံသည် ဓါးတစ်လက်ဖြင့် ကျွန်‌တော်၏ နှလုံးသားကို ထိုးစိုက်လိုက်သလို ခံစားလိုက်ရသည်။ သို့ပေမယ့် အခုလိုအချိန်မှာ ကျွန်တော့်အတွက် ကိုယ်ပိုင် Space တစ်ခုလည်း လိုအပ်နေသည်မဟုတ်လား။ 


"ကို  .. ပြန်လာခဲ့ပါ့မယ်" လို့ ကျွန်တော် တိုးတိုးလေး ပြောလိုက်ပါသည်။ စိတ်အေးချမ်းပါစေ လို့လည်း ဆုတောင်းရင်းပေါ့။ ထို့နောက် ဆောင်း ကို လှည့်မကြည့်တော့ပဲ ထွက်လာခဲ့လိုက်သည်။ ဆောင်းတစ်ယောက် မကျေမနပ် နှင့် ကျန်နေခဲ့မှာ သေချာသည်လေ။ ထိုနေ့ညက ကျွန်တော် တမင် နောက်ကျအောင်နေပြီး အိမ်ပြန်လာခဲ့လိုက်သည်။ သို့ပေမယ့် ကျွန်တော် အိမ်ပြန်ရောက်သည့်အခါ ဆောင်း မရှိတော့ချေ။ ကျွန်တော် ၁၀ မိနစ်ခန့် တစ်ခန်းဝင်တစ်ခန်းထွက် အိမ်ရှေ့ အိမ်နောက်ပြေးပြီး ခေါ်ကြည့်ပါသေးသည်။ ဆောင်း မရှိတော့ပါ။ သူမ တကယ်ထွက်သွားချေပြီး ။ တစ်ညလုံး မအိပ်ပဲ ကျွန်တော် စောင့်နေပေမယ့် သူမ ပြန်မလာခဲ့ပါ။ ကျွန်တော် တစ်ညလုံး ခြေပြတ်သလို၊ လက်တစ်ဖက်ပြတ်သလို၊ ကျောရိုးဆစ်လေးတွေ တစ်ခုချင်းစီ ပြုတ်ထွက်သွာသလို ခံစားနေသည်။ သူမ မရှိတော့ဘူး ဆိုသည့်အသိကလည်း ပြန်လည် တတ်ကြွလာသည့် ကျွန်တော်၏ စိတ်တွေကို ပြန်လည်သတ်ပြစ်လိုက်သည်လေ။ အထီးကျန်ခြင်းတွေ ပြန်ဝင်ရောက်လာသည်။ ကျွန်တော်၏ ဖြစ်တည်မှုအားလုံးသည် သူမအပေါ်တွင်သာ မူတည်နေပုံရသည်။ သူမ တကယ်မရှိခဲ့လျှင်တောင် ဆောင်းသည် ကျွန်တော်၏ လိုအပ်နေသည့် ကွက်လပ်အားလုံးကို ဖြည့်ဆည်းပေးသည်လေ။ 


တစ်ညမှာတော့ သူမ ရုတ်တရပ်ပြန်ပေါ်လာသည်။ ခါတိုင်းနှင့် မတူ သူမ၏ မျက်လုံးတွေသည် မည်းနက်နေပြီး အမူအရာသည်လည်း ကြောက်စရာအလွန်ကောင်းနေသည်။ စိတ်လည်း တော်တော် ဆိုးနေပုံရသည်။ 


"နင် ငါ့ကို ပစ်သွားတာ .. နင် ငါ့ ကို တစ်ယောက်ထဲ ထားခဲ့တယ်နော်" ကျွန်တော့် ကို လက်ညှိုးထိုးပြီး ဒီစကားလုံးတွေပဲ ထပ်ခါထပ်ခါ ပြောနေ၏။ ကျွန်တော် ရှင်းပြဖို့ကြိုးစားလည်း သူမ ဘယ်လိုမှ နားမထောင်ပဲ။ ဆူးဆူးဝါးဝါး "နင် ငါ့ကို ပစ်သွားတာ .. နင် ငါ့ ကို တစ်ယောက်ထဲ ထားခဲ့တယ်နော်" ကိုသာ တွင်တွင် ပြောနေလျက် အခန်းထဲရှိ ပစ္စည်းအချို့ကို ပစ်ပေါက် ကာ သောင်းကျန်းနေသည်။ သို့ပေမယ့် ကျွန်တော့်ကို ထိခိုက်အောင်တော့ ဘာမျှ မလုပ်ပေ။ 


"ကို .. တောင်းပန်ပါတယ်ကွာ .. တော်ပါတော့ .. နောက်အဲ့လိုတွေ ထပ်မဖြစ်စေရပါဘူး" လို့ အော်ပြီး ကျွန်တော် ပြန်လည်းပြော ကတိလည်း ပေးလိုက်သည်။ သူမ ကျွန်တော့်ကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ထပ်မံ ပျောက်သွားပြန်လေသည်။ ကျွန်တော် ဘာဆက်လုပ်ရမှန်းကို မသိတော့ပေ။  ရက်အတော်ကြာသည်အထိတော့ သူမ ပြန်မလာတော့ပေ။ ကျွန်တော်၏ စိတ်တွေသည် ရှုပ်ထွေးခြင်းများစွာဖြင့် ကောင်းကောင်းလည်းမအိပ်နိုင်၊ကောင်းကောင်းလည်း မစားနိုင်တော့ပေ။ သူမ ကို ကျွန်တော် ကြောက်ပေမယ့် လွမ်းနေသည်လေ။ ဒါကြောင့် သူမ ဘယ်တော့ပြန်လာမလည်းလို့ ကျွန်တော် မျှော်နေရသည်ပေါ့။  ကျွန်တော် ဒူး နှစ်လုံးကို လက်ကပိုက်ပြီး ထိုင်ပြီးငွေကြွေးနေသည်ပေါ့။ ထိုအချိန်မှာ ဆောင်း၏ အသံကို ကျွန်တော် ကြားလိုက်ရသည်။ ကျွန်တော့် ဘေးနားကပ်ပြီး ပြောနေသလို ကိုကြားနေရသည်။ 


"နင်က ငါ နဲ့ မတန်ဘူး .. နင် ပဲ အားလုံးကိုဖျက်စီးလိုက်တာ .. ခွေးသူတောင်းစားကြီး" ဆိုပြီး ပိပိသသကြီးကို ပြောပြီး ပျောက်သွားပြန်လေသည်။ ကျွန်တော့် စိတ်တွေခုခုတော့ မှားနေပြီလေ။ ဘာတွေက အမှန်တရားလည်းဆိုသည်ကို ကျွန်တော် မသိတော့ပေ။


ရက်အနည်းငယ်ထပ်မံ ကုန်ဆုံးပြီးသည့်နောက် ရုံးမီတင်မှာ ကျွန်တော် စိတ်လွတ်ပြီး ဘာမှ မရှိသည့်လေထဲကို ကြည့်ပြီး စကားအနည်းငယ် လှမ်းပြောမိသွားသည် ။ မီတင်ထဲတွင်လည်း ကျွန်တော်၏ မျက်လုံးတွေကလည်း ဂဏမငြိမ်နေခြင်းကို လုပ်ဖော်ကိုင်ဖက်တွေ အားလုံးသတိထားမိသည်လေ။ ဒါကြောင့် မိတင်ပြီးသည် နှင့် ကိုအောင် ကျွန်တော့်ကို စပြောပါတော့သည်။ 


"ကိုစိုင်း .. ကိုစိုင်းကို ကြည့်ရတာ အကူအညီလိုနေပြီထင်တယ်နော်"


ကျွန်တော် မျက်ခုံးကျုံပြီး ကိုအောင် ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ "ဘာအဓိပ္ပာယ်လည်း ကိုအောင်"


"ကိုစိုင်းပုံစံက လုံး၀ ကိုပြောင်းလဲသွားတယ် .. အရင်ပုံစံ နဲ့ တစ်ခြားဆီပဲ .. ကျွန်တော်ကော လူကြီးတွေကော အားလုံးစိုးရိမ်နေကြတယ်" ကိုအောင် အေးဆေးစွာကျွန်တော့်ကို ပြန်ပြောလေသည်။


ကျွန်တော် ခေါင်းကိုခါလျက် "ကျွန်တော် နေကောင်းပါတယ် .. အကူအညီ မလိုပါဘူးဗျာ"


သို့ပေမယ့် ကိုအောင်သည် ကျွန်တော် ပြောသည်ကို လက်မခံပါ။ နောက်တစ်ရက် ကျွန်တော်မသိ အောင် မိသားစုဝင်တွေကို ခေါ်လိုက်ပြီး ဆွေးနွေးကြသည်လေ။ သူတို့အားလုံးက ဆရာဝန်နဲ့ ပြဖို့ တိုက်တွန်းကြသည် အတင်းဆုံးဖြတ်ကြသည်လေ။ ကျွန်တော် ကောင်းပါသည်လို့ တွင်တွင်ပြောနေပေမယ့် အများဆန္ဒကို ဆက်လက်မငြင်းနိုင်ပဲ ဆရာဝန် ပြဖို့ သဘောတူလိုက်ပါသည်။ 


ဆရာဝန်က ကျွန်တော့်ကို မေးစရာရှိတာမေး၊ စစ်စရာရှိတာ စစ်ဆေးပြီးသည့်နောက် ။ ကျွန်တော့်ဆီမှာ ကယောင်ကတန်းစိတ်ထင်နေသည့် ရောဂါ ခံစားနေရကြောင်းပြောသည်။ ဒီရောဂါက အမရာ သေဆုံးခြင်း အကြောင်းကိုမှီတည်ပြီး ဖြစ်ပေါ်လာရကြောင်းနှင့် ကျွန်တော်၏ စိတ်တွေသည် 'ဆောင်း' ကိုဖန်တီးပြီး အထီးကျန်ဆန်မှုတွေကို တိုက်ထုတ်ကြောင်း၊ မကုဘဲ ဒီတိုင်း ဆက်နေမယ်ဆိုရင် ထင်ရာလုပ်မိတတ်ပြီး အသတ်သေဆုံးနိုင်ကြောင်း ရှင်းပြသည်။


ကျွန်တော် ရင်တွေထပ်ကွဲသလိုခံစားလိုက်ရသည်။ ကျွန်တော် ချစ်သည့် ဆောင်းသည် လူအစစ်မဟုတ်ပေ။ ကျွန်တော် ဖန်တီးခဲ့ခြင်းတဲ့။ နောက်ဆုံးမှာတော့ ကျွန်တော် စိတ်ကျမ်းမာရေးဆေးရုံမှာ ရက်အနည်းငယ် ကုသခံဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော် ပြန်လည် ကောင်းမွန်ဖို့ လိုအပ်သည်မလား။ ရက်ကာလ တစ်ခုအကြာ ဆေးရုံမှာပဲကုသ ခံပြီးသည့်နောက် ကျွန်တော်ပုံမှန်ပြန်ဖြစ်လာသလို ခံစားရပါသည်။ ဆောင်း လုံး၀ ပြန်မပေါ်လာတောပါ။ ဆောင်းဆိုသည် မှာ လုံး၀မရှိကြောင်းကိုတော့ ဆရာဝန်တွေက ထပ်ခါထပ်ခါတော့ ရှင်းပြကြပါသည်။ သို့ပေမယ့် ကျွန်တော်တစ်ယောက်တည်း ဆေးရုံးအခန်းထဲမှာ ရှိနေသည့်အချိန်ဆို ဆောင်း ကျွန်တော့်အနားမှာရှိနေသေးသလို ခံစားရပါသည်။ 


တစ်ညနေခင်းမှာတော့ ဆေးရုံးပေါ်က ကုတင်ပေါ်မှာ လဲနေတုန်း ကျွန်တော် နားထဲ ဆောင်း၏ အသံကို ကြားလိုက်ရသည်။ 


"နင့်ကို ပြောခဲ့သားပဲ .. နင် ငါ့ကို ဘယ်လိုမှ စိတ်ထဲကနေကော လက်တွေ့ဘ၀မှာပဲ ထုတ်လို့မရပါဘူးလို့" ဆောင်းသည် ရယ်လျက် ကျွန်တော့်အားပြောသည်။ 


ကျွန်တော် ထထိုင်လိုက်ပါသည်။ နှလုံးခုန်သံတွေ ပြန်မြန်လာသည်။ ကျွန်တော် အိပ်ယာပေါ်ကဆင်းပြီး ဆောင်းကိုလိုက်ရှာသည်။ ဆောင်းသည် ကျွန်တော့် ခေါင်းရင်းနားမှာ ရပ်ပြီး အေးစက်နေသည့် အကြည့်တွေဖြင့် ကျွန်တော့်ကို ကြည့်နေသည်။ ခါတိုင်း အပြုံးတွေနှင့် ပြည့်နှက်နေသော သူမ၏ အပြုံးသည်လည်း ဘာခံစားချက်မှ မရှိသည့် လူသေ တစ်ယောက်၏ မျက်နှာလိုပင်။ 


"မင်း က .. တကယ်မရှိဘူး .. ဆရာဝန် တွေကပြောတယ် . မင်း က ငါ ဖန်းတီးထားတာတဲ့" ကျွန်တော် အသံတွေတုန်ခါ နေပြီး သူမကို ပြောလိုက်သည်။ 


ဆောင်းကျွန်တော့်ဆီကို ဖြေးဖြေးခြင်း လှမ်းလာသည်။ 


"အေး .. နင့်ကို အဲ့ဒီကောင်တွေက အဲ့လို ငါဆိုတာ နင်ဖန်ဆင်းထားတာလို့ ယုံကြည်စေချင်တာ ရှင်လား .. ငါက အစစ်ပဲ .. အစကတည်းက အစစ်ပဲ . ငါ က နင့်ရဲ့ဘ၀ အစိတ်အပိုင်းပဲ"


ကျွန်တော်ခေါင်းကိုသာ ခါယမ်းပြီး မျက်လုံးကို အတင်းဇွတ်မှိတ်ထားလိုက်သည်။ ကျွန်တော် မျက်လုံးပြန်ဖွင့်သည့်အချိန်မှာ ဆောင်း ပြန်ပျောက်ကွယ်သွားပါစေလို့ ဆုတောင်းရင်းပေါ့။ သို့ပေမယ့် ကျွန်တော် ဆုတောင်းမပြည့်ခဲ့ပါ ။ မျက်လုံးဖြေးဖြေးဖွင့်လိုက်ပေမယ့် ကျွန်တော်၏ရှေ့မှာ သူမ ရပ်နေဆဲ။


"နင် .. ငါ့ဆီက ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး" သူမ၏ အသံက အင်မတန်ကြောက်စရာကောင်းပါသည်။ "နင် .. ဘယ်ကိုပဲပြေးနေပြေး‌နေ . . ငါ က နင့်ရဲ့ စိတ်ထဲမှာ အမြဲရှိနေမှာ .. သေချင်းဆိုးရဲ့" သူမ ကြောက်စရာကောင်းအောင် ခနဲ့တဲ့စွာ ရယ်လျက် ပြောသည်။ 


အခုအခိုက်အတန့်ကို ကျွန်တော် တော်တော် ကြောက်နေပါသည်။ ဆောင်းသည် ကျွန်တော်၏ စိတ်ကူးထဲက ပေါ်လာသည့် ပုံရိပ်လား ဒါမှမဟုတ် ဆောင်းပြောသလို ကျွန်တော်သည် သူမ ဆီကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့မည်  အမှောင်ထု လား ကျွန်တော် မသိတော့ပါ။ ရက်တွေကြာလာလေ ဆောင်း၏ နှောက်ယှက်မှုက ပိုပို၍ သာဆိုးလာသည်။ ညဘက်တွေ အိပ်လို့မရအောင် နှောက်ယှက်ခြင်းက ပိုဆိုးသည်လေ။ ညဘက်ဆို ဆောင်းကို ကျွန်တော် မမြင်ရပဲ သူမ၏ အသံနဲ့ နှောက်ယှက်မှုတွေကို နေ့စဉ်ရက်ဆက်သလို ခံလာရပါသည်။


အခြေအနေ ပြန်လည်ဆိုးဝါးလာသည့် ကျွန်တော့်ကို ဆရာဝန်တွေက သီးသန့်ခန်းထဲပို့ထားလိုက်သည်လေ။ ကျွန်တော် မျက်စိထဲမြင်သမျှ တွေကို မောင်းထုတ်တယ်၊ စူးစူးဝါးဝါး အော်တယ်။ ဆောင်း ကြားလား မကြားလား မသိပေမယ့် ကျွန်တော့်ကို လွှတ်ပေးဖို့ တောင်းပန်အော်ငိုပါတော့သည်။ 


"နင် .. အမှန်တရားကို ရင်ဆိုင်ဖို့ အချိန်တန်ပြီ .. နင့် အတွင်းစိတ်ထဲက အဲ့ဒီအမှန်တရားကို သိပီးသားပါ" တစ်ညမှာ ဆောင်းရုတ်တရပ် ကျွန်တော့်ခေါင်းရင်းနားမှာပေါ်လာပြီး ထိုသို့ဆိုလိုက်သည်။ 


ကျွန်တော် အိပ်ယာခင်း စောင်တွေခေါင်းအုံးတွေကို ဆွဲယူပြီး နံရံထောင့်မှာ ပြေးကပ်လိုက်ပြီး "ဘာအမှန်တရားလည်း .. မသာမရဲ့"


ကျွန်တော် ဆဲလိုက်ခြင်းကြောင့် ဆောင်းပြုံးလိုက်သည်။ ပြုံးတယ်ဆိုပေမယ့် ကျွန်တော့်ကို ဇာတ်သိမ်းတော့မည့် အကြည့်အပြုံးမျိုး .. "နင် ထင်နေသလို .. ငါက နင်ဖန်တီးထားတာမဟုတ်ဘူး ဟ"


ဆောင်း၏ စကားကြောင့် ကျွန်တော်လန့်သွားပါသည်။ "ဒါက .. ဘာအဓိပ္ပာယ်လည်း .. မင်းပြောစမ်း .. ပြောစမ်း" ပါလို့ ကျွန်တော် ပြောလိုက်သည်။ 


ဆောင်း ကျွန်တော်၏ အနားသို့ တိုးလာပြီး မျက်နှာချင်းဆိုင်လိုက်သည်။ "ငါက .. နင်လွှတ်မြောက်ဖို့ တစ်ခုတည်းသော အဖြေမဟုတ်ဘူး .. စောက်ရူးရဲ့"


ကျွန်တော် တွေဝေသွားပြီး ချောင်းတစ်ချက်ရှင်းလိုက်သည်။ ကျွန်တော်၏ အခန်းကတော့ မြူတွေဖြင့် ပြည့်နှက်နေသလိုပင် "ဒါ လုံး၀ မဖြစ်နိုင်ဘူး" လို့ ကျွန်တော် ထပ်ဖြေလိုက်ပါသည်။ 


ဆောင်း မျက်နှာ တစ်ချက် မဲ့သွားပြီး "ဟုတ်လား .. သေချာစဉ်းစားကြည့်စမ်းပါ ။ နင့် ဘ၀ကို နင်ကိုယ်တိုင် ထိန်းချူပ်နေရတယ်လို့ ထင်နေလား ? ဒါမှမဟုတ် ငါက နင့်ကို ကြိုးဆွဲထားပြီး ငါ့စိတ်ကြိုက် ကနေရတဲ့ ရုပ်သေးရုပ်လို့ကော မထင်ဘူးလား"


ဆောင်း၏ မေးခွန်းကြောင့် ကျွန်တော် အတိတ်ကို ခေတ္တပြန်တွေးမိသွားသည်။ အမရာ ဆုံးတယ်။ ကျွန်တော် အထိးကျန်တယ်။ ညဘက်တွေ အိမ်မက်ဆိုးတွေ မက်တယ်။ သို့ပေမယ့် အဲ့ခံစားချက်တွေ ဆောင်းနှင့် တွေ့အပြီးမှာ အားလုံးကွယ်ပျောက်ကုန်တယ်။ ဆောင်း နဲ့ စကားတွေ အများကြီး ပြောဖြစ်လေလေ ကျွန်တော်၏ အရှိတရားတွေက ပြိုပျက်ပျောက်ဆုံးသွားသလိုပင် ဖြစ်ခဲ့သည် မဟုတ်ပေလား။ 


"ငါ က နင့်ကို ဖန်တီးခဲ့တာ" ဆောင်း အေးစက် တည်ငြိမ်စွာနှင့် စကားကိုဆက်ပြောသည် " နင်က အစစ်မဟုတ်ဘူး .. ငါ ရဲ့ စိတ်ထဲက အစိတ်အပိုင်းတစ်ခုသာသာပဲ .. ငါ့ရဲ့ အတွင်းကျကျ စိတ်ထဲကနေ နင့်ကို ဖန်တီးထားတာ .. ဒါပေမယ် .. အခု နင့်ကို ငါ မလိုအပ်တော့ဘူး"


ဆောင်းပြောတာ လုံး၀မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိသည်။ ဒါက အမှန်တရား တစ်ခုမဟုတ်ဘူးလေ။ ကျွန်တော့်ဘ၀  ဖြတ်သန်းမှုနဲ့ တောက်လျှောက် ကျွန်တော် နေလာခဲ့တာလေ။ ကျွန်တော့်မှာ အတိတ်တွေ ရှိတယ်၊ ချစ်သူတွေ ရှိခဲ့တယ်။ အတွေ့အကြုံတွေလည်း အများကြီးပဲ ။ ဆောင်း ငါ့ကို သက်သက်စားနေတာပဲ ဖြစ်မှာပါ။ ဆောင်းပြောတာ အားလုံး အလိမ်တွေပဲ ဖြစ်မှာပါ။ 


"ငါ .. မင်း ပြောတာ ယုံစရာ စောက်ကြောင်းကို မရှိဘူး"  ကျွန်တော် ခပ်တင်းတင်းပဲ ပြန်ပြောလိုက်သည်။ 


ဆောင်း ခပ်ဖွဖွလေး ထရယ်လျက် "နင် ယုံယုံ မယုံယုံ ငါ့စောက်ကြောင်းလည်း မဟုတ်ပါဘူး .. အမှန်တရား ပေါ်ဖို့ ခုအချိန်ကျပြီလေ . . အရင်က မင်းဖြစ်ချင်ခဲ့တာကို ငါဖြည့်ဆည်းပေးခဲ့ယုံပါ .. နင်က ငါ့စိတ်ကိုယ်ခွဲပဲလေ"


ဆောင်း၏ စကားအဆုံးမှာ ကျွန်တော် ပျောက်ကွယ်လာသလို လွှင့်မျောသွားသလို ခံစားလာရသည်။ ကျွန်တော့်ဝန်းကျင်မှာရှိသည့် ဆေးရုံခန်း ၊ ဆရာဝန်တွေ ၊ ကျွန်တော်၏ ကိုယ်ခန္ဓာတောင် ပျောက်ကွယ် သွားနေ သလိုပါပဲ ။ ပြီးတော့ ဘာမှမသိ၊ ဘာမှမရှိသော အနက်ရောင် ကွက်လပ်ကြီးထဲသို့ ဆွဲသွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။


ကျွန်တော် ပျောက်ကွယ်သွားတော့မည်ထင်သည်။ ကျွန်တော် ဆောင်းကို တစ်ချက်ကြည့်လိုက်ပါသည်။ သူမ ကတော့ ခပ်အေးအေး နှင့် ကျွန်တော် ပျောက်ကွယ်သွားသည်ကို တည်တည်ငြိမ်ငြိမ် နဲ့ ကြည့်နေလေ၏။


"နှုတ်ဆက်ပါတယ် . မောင်စိုင်း .. နင်က အမြဲတမ်း ငါ့ဘ၀ရဲ့မှတ်ညဏ်ထဲမှာ ရှိနေမှာပါ" လို့ တိုးတိုးလေး နှုတ်ဆက်သည်လေ။ ပြီးတော့ အရာအားလုံး ပျောက်ကွယ်သွားပါတော့သည်။ 


ဆေးရုံးတစ်ခုလုံး တိတ်ဆိတ်နေသည်လေ။ ဆရာဝန်အချို့ ဘေးမှာရပ်နေကြပြီး ရက်အတော်အကြာ အဖြေရှာမရသည့်ကိစ္စတစ်ခုကို ဆွေးနွေးနေကြတယ်ထင်သည်။ ကျွန်တော်၏ အမည်က မောင်စိုင်း မဟုတ်ခဲ့ပါဘူး။ တကယ်တော့ ကျွန်တော့်ဆီမှာ တိကျသည့် အမည်ရှိမနေပါ။ တစ်ယောက်ယောက်က ဆေးရုံးကို ဘယ်သူမှ မမြင်လိုက်ခင် ခေါ်လာတာဖြစ်ခဲ့မှာပါ။ ကျွန်တော် ဘာဖြစ်ခဲ့လည်းဆိုသည်ကို လည်းမသိပါ။ 


ဆရာဝန်တွေသည် ကြိုးစားပန်းစား ကျွန်တော့်ကို အကောင်းဆုံးကုသပေးနေကြပေမယ့် အခြေအနေက မကောင်းခဲ့ဘူးလေ။ ကျွန်တော် ကိုယ့်ဘာသာကို မောင်စိုင်းလို့ပြောနေပေမယ့် မောင်စိုင်း နှင့်ပက်သက်တဲ့ ကိစ္စရပ်တွေ မောင်စိုင်းဆိုသည့် နာမည်ခေါ်သံကို ကြားနေရခြင်းမရှိပါ။ ဆရာဝန်တွေ ပြောသံ တစ်ချို့ကြားရသည်က ။ ကျွန်တော့်စိတ်ထဲမှာ လူတစ်ယောက်ကို ဖန်တီးထားပြီး အဲ့လူတစ်ယောက် နဲ့ ပြဿနာတွေ ဖြစ်နေတဲ့ အခြေအနေတစ်ခုကို ဖန်တီးထားသည်တဲ့။ 


"လူနာက .. ပင်ကိုယ်စိတ်ကို ကိုယ်တိုင်သတ်လိုက်ပြီ .. ဒါက မူလ ခန္ဒာကိုယ် နဲ့ စိတ်အသစ်တစ်ခုပေါင်းစပ်မှုပဲ .. ရှားပဲဖြစ်စဉ်ပဲ" လို့ ဆရာဝန်တစ်ယောက်က ခေါင်းခါပြီး ပြောနေသံကိုဆက်ကြားနေရသည်။ 


အခန်းတစ်ခု၏ ထောင့်တစ်ထောင့်မှာ လူနာတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပြီး နံရံကို တွေတွေကြီးကြည့်နေသည်။ လူနာ၏ မျက်နှာက ခံစားချက်မဲ့နေသည့် ပုံစံမျိုးဖြစ်သာ။ သည်လူနာ၏ အမည်က ဆောင်း ပင်။ 


တကယ်တော့ ဆောင်းက လူအစစ်သာဖြစ်သည်။ မောင်စိုင်းကို သူမ ဖန်တီးခဲ့ခြင်းသာဖြစ်၏။ ခုတော့ မောင်စိုင်းကို သူမ မလိုအပ်တော့ချေ။ ဒါကြောင့် မောင်စိုင်း ပျောက်ကွယ်သွားရခြင်းဖြစ်သည်။ ဒါတွေက သူမ ရခဲ့သည့် ထရောမာတွေ၏ အကျိုးဆက်ပင်ဖြစ်ပေလိမ့်မည်။ ဆောင်း ကျေကျေနပ်နပ်ကြီးပြုံလိုက်ပါသည်။ ထိုအပြုံးကို ဘယ်သူမှ မမြင်နိုင်တော့ပေ။ သူမ လွတ်မြောက်သွားပါပြီ။ မောင်စိုင်း၏ ထိန်းချူပ်မှုအောက်ကနေ သူမ တကယ်လွတ်မြောက်သွားခဲ့ပါပြီ။ သို့ပေမယ့် ဆောင်း၏ စိတ်အစဉ်အခန်းအချို့မှာတော့ မောင်စိုင်း သူမဆီ ပြန်လာမည့်အချိန်ကို စောင့်နေသည်လေ။ 


တစ်ချိန်ကကျွန်တော် 

Sunday, October 20, 2024

** မောင်စိုင်း၏ထရောမာအပိုင်းအစ **



 

အမရာသေဆုံးသွားပြီးသည့်နောက် ကျွန်တော့်အတွက်အရာရာ ပြောင်းလဲသွားခဲ့ပါသည်။ ဆိုရှယ်သိပ်ကျခဲ့သည့် ကျွန်တော်က ခုဆို လူတွေများသည့်နေရာကို လုံး၀ရှောင်တတ်နေခဲ့ပြီ။ ဘာတွေပဲပြဿနာရှိခဲ့ ရှိခဲ့ အေးဆေးတည်ငြိမ်စွာဖြေရှင်းနိုင်ခဲ့သည့် ကျွန်တော်သည် ခုဆို  အာရုံစိုက်နိုင်မှုတွေ လျော့ပါးလာခဲ့သည်။ မျက်လုံးမှိတ်လိုက်တိုင်း ခံစားရသည့် နာကျင်မှုတွေ၊ ဒေါသတွေ ၊ အာရုံထဲပေါ်ပေါ်လာတတ်သည့် သွေးစက်တွေ နှင့် သွေးရောင်လွှမ်း ပြီး ဒေါသထွက် နေသည့် အမရာ၏မျက်နှာ ပုံရိပ်တွေကိုလည်း မကြာခဏဆို မြင်နေခံစားနေမိသည်ပေါ့။ အမရာ ကျွန်တော့်သက်ရှိဘ၀ထဲကနေ အပြီးအတိုင် နှုတ်ဆက်သွားသည်တော့ သေချာသည်လေ။ 


အလုပ်ကိုပုံမှန်အတိုင်း သွားမြဲကျွန်တော် သွားခဲ့ပါသည်။ နေ့ရောညပါ အလုပ်တွေထဲခေါင်းနစ်ထားခဲ့သည်လေ။ အလုပ်တွေရှုပ်နေရင် အလုပ်တွေများနေရင် ကျွန်တော် အတိတ်ကို မေ့နိုင်မယ်လို့ထင်မြင်ယူဆ ခဲ့သည်ကိုး။ သို့ပေမယ့် အတိတ်ကို မေ့နိုင်ဖို့ ဘယ်လောက်ပင် ကြိုးစားပါစေ အတိတ်၏ ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းတွေသည် အရိပ်တွေလို ကျွန်တော့်နောက်မှာ ကပ်ပါလာခဲ့သည်လေ။ ကျွန်တော် ရုံးခန်းထဲမှာ ရှိတိုင်းလည်း အမရာ ကျွန်တော့်နားမှာ ရှိနေတယ်လို့ ခံစားမိတယ်။ ရှိရင်လည်း ရှိနေမှာပေါ့ ကျွန်တော့်စိတ်ကြောင့် သေဆုံးသွားသည့် သူမလည်း ကျွတ်ချင်မှ ကျွတ်မှာကိုး။ ထမင်းစားသည့်အချိန်ဆိုလျှင်လည်း ကျွန်တော်နှင့် အမရာ တူတူပျော်ပျော်ရွင်ရွင် ထမင်းလက်စုံ စားခဲ့သည့်ပုံရိပ်တွေ၊ တူတူရယ်မောခဲ့သည့်အကြောင်းရာတွေ ၊ တူတူရှိခဲ့သည့် အချိန်တွေကို ပိုပြီးအမှတ်ရစေခဲ့သည်။ ယခုတော့ ဒီပတ်ဝန်းကျင်သည် အမှတ်တရတွေ နဲ့သာ ပြည့်နှက်လို့သာ နေတော့သည်။ 


ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်နှင့် ဆရာသမားများလည်း ကျွန်တော်ပြောင်းလဲသွားသည်ကို အားလုံးသိကြပါသည်။ ခါတိုင်း အားအင်အပြည့်နဲ့ အလုပ်လုပ်ရာတွင် ကိုယ်ရောစိတ်ပါ နစ်လုပ်တတ်သည့် ကျွန်တော်သည် အလုပ်ကို အချိန်မှန်သွား၊  အချိန်မှန်ပြန်နှင့် လုပ်ငန်းမှ သတ်မှတ်ထားသည့် စနစ်ကြီးထဲမှာ မဖြစ်မနေ ပုံမှန်လှုပ်ရှားနေသည့် ဝန်ထမ်းတစ်ယောက်လိုသာ ဖြစ်နေသည်လေ။ အောက်လက်ငယ်သားတွေ နှင့် အထက်လူကြီးများ မေးမြန်းသည့်ခါတိုင်း မေးသလောက်သာ လိုရင်းသာ ပြန်ဖြေဆိုပုံကလည်း ပြောင်းလဲသွားသည်။ လူတွေကတော့ ကျွန်တော် ဒီလိုပြောင်းလဲသွားပုံကို တိုးတိုးတိတ်တိတ် သတင်းတစ်ခုလိုဖြစ်လို့နေသည်။ သို့ပေမယ့် မည်သူမျှတော့ တိုက်ရိုက်လာ မမေးကြပေ။ အမရာ မရှိတော့သည့် ဒီလုပ်ငန်းထဲမှာ ကျွန်တော်ရှင်သန်ဖို့အတွက်သာ လုပ်နေရခြင်းဖြစ်ပြီး စိတ်တွေကတော့ အမရာနှင့်အတူ သေဆုံးသွားခြင်းဖြစ်မည်။ 


အိမ်မှာလည်း ကျွန်တော်သည် အမြဲတစ်ယောက်တည်းပင်။ ဆိုရှယ်ကြိုက်သည့် ကျွန်တော်သည် အားလပ်ချိန်တိုင်း အထီးကျန်စွာရှိနေသည့် ကျွန်တော်၏ အခန်းလေးထဲမှာပဲ တွင်းအောင်သာ နေတတ်လာခဲ့သည်။ အပြင်ထွက်ဖို့ မဆိုထား နှင့် လူတွေနှင့် စကားပြောဖို့တောင် ပြောချင်စိတ် သွားချင်စိတ်တွေ ကုန်ခမ်းသွားလေသည်။ တစ်ကြိမ်တစ်ခါတည်း ချစ်ခြင်းကို ခံစားခဲ့ဖူးပေမယ့် ကြုံခဲ့ရသည့် ကံကြမ္မာဆိုးကြောင့် အချစ်ကိုတော့ ကျွန်တော်လုံး၀ ကြောက်သွားခဲ့ပြီ။ ဒါကို ထရောမာလို့ ခေါင်းစဉ်တပ်မည်ဆိုလျှင် ကျွန်တော်ဘယ်လိုမှ လွတ်မြောက်နိုင်ခြင်းမရှိသည့် ထရောမာအပိုင်းအစများ လို့သာခေါင်းစဉ်တပ်ချင်သည်။ 


အိမ်မက် မမက်တတ်သည့် ကျွန်တော်သည် အိမ်မက်ဆိုးတွေကို လတော်အကြာ မက်နေခဲ့သည်။ မက်သည့် အိမ်မက်တွေကလည်း အမြဲ အကြောင်းအရာတစ်ခုတည်းပင်။ အိမ်မက်ထဲမှာ အမရာ စိတ်လွတ်သွားသည်။ ပြီးတော့ ခေါင်းမိုးပေါ်ပြေးတက်သွားတယ်၊ ကျွန်တော် တားလိုက်ချိန်မရပဲ သူမ ခုန်ချသွားတယ်။ ကျွန်တော် ကြောက်လန့်တကြား နဲ့ လှမ်းအော်ပြီး တားတယ်။ သူမ တစ်ချက်လေးလှည့်ကြည့်ပြီး ပြုံးပြ ခုန်ချသွားတယ်။ ကျွန်တော် ချွေးတွေ ချွဲနစ်ပြီး အိမ်မက်က လန့်နိုးလာတယ်။ ဒါတွေက ညတိုင်းလိုလို မက်နေကျ ထိတ်လန့်ခြောက်ခြားစရာ ကျွန်တော် မလိုချင်ပဲ မက်နေရသည့် အိမ်မက်တွေပင်။  ကျွန်တော် အိပ်ရမှာကို ကြောက်ရမှာထက် မျက်လုံးခဏမှိတ်ဖို့တောင် ကြောက်လာသည်။ မဖြစ်မနေ  အိပ်ဖို့ လိုအပ်လို့သာ ကျွန်တော် အိပ်နေရသည်။ တစ်ရက်တစ်ရက် မအိပ်ခင်မျက်နှာကြက် ကိုကြည့်ပြီး ကျွန်တော် ဘာအမှားတွေ လုပ်ခဲ့မလို့ ဒီလို အိမ်မက်ဆိုးတွေ ညစဉ်ရက်ဆက်မက်နေရသလည်းလို့လည်း တွေးနေမိသည်။ အိမ်မက်ကနေ ကြောက်လန့်တကြားနိုးလာတိုင်း အမရာ ရေ မနှောက်ယှက်ပါတော့နှင့်လို့လည်း ကျွန်တော် မပြောဖြစ် မတောင်းပန်ခဲ့ပါလေ။ အိမ်မက်ဆိုးထဲက နိုးလာတိုင်း "ကျွန်တော့်အနား ခုထိရှိနေပေးလို့ ကျေးဇူးတင်ပါတယ် အမရာ" လို့ တိုးတိုးလေး ပြောဆိုတတ်ခြင်း ကြောင့်ပဲ အခုလို အိမ်မက်ဆိုးတွေ ဆက်တိုက် မက်နေလားမသိပေ။  အမရာ မကျွတ်သေးပဲ ကျွန်တော့် အနားမှာ ရှိနေတယ်လို့ခံစားမိတဲ့ ယုံကြည်ချက်ကြောင့်လည်း ဖြစ်မှာပေါ့။ 


တစ်ရက် ကျွန်တော်ရုံးခန်း ပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးကြည့်နေမိသည်။ ကျွန်တော်မျက်စိရှေ့မှာ လမ်းလျှောက်လာနေသည့် စုံတွဲတစ်တွဲကို ကျွန်တော် သတိထားမိလိုက်သည်။ သူတို့ တစ်ယောက်လက်ကို တစ်ယောက်တွဲထားရင်း ရယ်နေကြတယ်၊ တစ်ယောက်ကိုတစ်ယောက်ကို ကြည့်လိုက် ရယ်စရာအကြောင်းအရာလေးတွေ ပြောလျက် လျှောက်လာပုံရသည်။ သူတို့ နှစ်ဦး၏ မျက်လုံးထဲမှာလည်း ချစ်သည့်အကြည့်တွေကို သူတို့အပြင် ကျွန်တော်လို ဘေးက မြင်မိသည့်လူပါ သတိထားမိသည်လေ။ 

ကျွန်တော်လည်း အမရာနှင့် ထိုကဲသို့သော ချစ်ခြင်းခံစားချက်မျိုး ကိုအမှတ်ရမိစေပြီး ရင်ဘက်ထဲမှာ နာကျင်သည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။ လူတစ်ယောက် ကို လူတစ်ယောက် ပိုင်ဆိုင်မိကြခြင်းဆိုသည်က သဘာ၀ ပဲလေ။ သို့ပေမယ့် ဒီလို သဘာ၀ တရားကြီးက ကျွန်တော် နှင့် လုံ၀ မသက်ဆိုင်ခဲ့ပါဘူး။ 


အချိန်ကြာသည်နှင့် အမျှ ကျွန်တော်တစ်ယောက်တည်း သီးသန့်ဆန်ဆန် နေထိုင်မှုတွေက ပိုပိုဆိုးရွားလာခဲ့သည်။ တစ်ယောက်တည်းရှိချိန်မှာ  အတွေများ၊  မေးခွန်းများစွာနှင့် လုံးလည်ချာလည်လိုက်လာခဲ့သည်။ ကျွန်တော်က ဘာတွေအတွက် ကြိုးစားနေရတာလည်း။ ဘာကြောင့် ကျွန်တော့်ခံစားချက်တွေကို တစ်ယောက်ယောက်ကို ဖွင့်ပြောသင့်၏ မသင့်၏။ အတွေးပေါင်းများစွာနှင့် တိုက်ပတ်နေသည်လေ။ အချိန်တိုင်း ကျွန်တော်တွေးမိနေသည်က ကြုံတွေခဲ့သည့် နာကျင်မှုတွေ၊ ဆုံးရှုံးခဲ့မှုတွေ၊ ပြုမူခဲ့သည့် အပြစ်တွေကိုပင်။ အမရာ သေဆုံးခဲ့ခြင်းအတွက်လည်း မိမိကိုယ်ကို ခွင့်မလွတ်နိုင်ခဲ့ပေ။ တကယ်တမ်းပြောရမည်ဆိုလျှင် ဒီအတိတ်တွေကနေ ကျွန်တော် ရုန်းမထွက်နိုင်သေးပါဘူး။ ကျွန်တော်နှင့် ရင်းနှီးသည့် မိတ်ဆွေအချို့က ဒီအတိတ်ဆိုးကနေ ရုန်းထွက်နိုင်ဖို့ ကူညီချင်ကြပါသည်။ ဒါပေမယ့် ဘယ်သူမှ ကျွန်တော့်ကို ဘယ်လိုအတိတ်တွေကနေ ဆွဲထုတ်ရမလည်းမသိကြပါ။ ကျွန်တော်ကိုယ်တိုင်သည်လည်း သူတို့တွေ၏ ကူညီမှုတွေကို မလိုချင်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်၏ သနားဂရုဏာသက် ကြီးကိုလည်း မလိုချင်ပေ။


ရုံးမှာ အမရာ၏ နေရာအတွက် ဒါမှမဟုတ် ဝန်ထမ်းအသစ်တွေလာရောက် ပူးပေါင်းလုပ်ကိုင်ကြည်သည့်အခါ ကျွန်တော့်စိတ်ထဲ အဆင်ပြေမနေခဲ့ပါဘူး။ ထိုသူတွေက အမရာလို စိတ်ခံစားချက်ပေါက်ကွဲလွယ်သူတွေ၊ အမှားလုပ်မိရင် စိတ်တိုတတ်သူတွေ၊ တော်တော်များများကိစ္စရပ်တွေတိုင်း အမရာလိုနှင့် တူသည့်အမူအကျင့်တွေတူနေခဲ့ရင် ကျွန်တော်ဘာလုပ်ရမလည်းဆိုသည့် ဂယောက်ဂယက် ထရောမာ များလည်းဝင်ရောက်လို့နေသည်ပေါ့။ ဒါကြောင့် ဝန်ထမ်းအသစ်တွေနဲ့ ခပ်ကင်းကင်းနေသည်။ အလုပ်ထက်ပိုသော ခံစားချက်ရင်းနှီးမှုတွေမဖြစ်အောင် ပြုမူနေထိုင်သည်။ ဒီ ထရောမာတွေသည် ကျွန်တော့်ကို လူတွေနှင့် မနီးစပ်အောင် နံရံကြီးတစ်ခု ခြားထားသလိုဖြစ်နေခဲ့သည်လေ။ 


ကျွန်တော်အလုပ်ကထွက်ပြီး အခြားနေရာတစ်ခုကိုထွက်သွားဖို့လည်း အကြိမ်ကြိမ်စဉ်းစားဖြစ်သည်။ ဒါပေမယ့် ကျွန်တော်ဘယ်ကိုပဲ သွားသွား ခံစားနေရသည့် ထရောမာတွေသည် ဘယ်လိုမှ ပျောက်သွားမည်မဟုတ်ဆိုတာကို နားလည်မိသည်။ ကျွန်တော် ခံစားနေရသည် ထရောမာတွေက ကျွန်တော့်ပတ်ဝန်းကျင် ၊ ကျွန်တော်သဘောကျသော ရုံးခန်းနှင့် လုံး၀သက်ဆိုင်နေခြင်းမရှိဆိုသည်ကိုလည်း သဘောပေါက်သည်။ ကျွန်တော်၏ ထရောမာတွေသည် မိမိကိုယ်ထဲတွင်ပင် ရှိသည်လေ။ ကျွန်တော်ဘယ်ကိုပဲပြေးပြေး ဒီထရောမာက နောက်ကနေအမြဲ လိုက်နေမည် ဆိုခြင်းကိုလည်း သိပါသည်။ 


ကျွန်တော် ဘာဆက်လုပ်ရမလည်း ? တစ်ယောက်ယောက်ကို ခံစားနေရတာတွေကို တိုက်ထုတ်နိုင်အောင် ကူညီပေးဖို့ ပြောသင့်နေပြီမဟုတ်ပါလား။ သို့ပေမယ့် တစ်ယောက်ယောက်ကို ပြောပြဖို့အတွက်လည်း စိတ်တွေက အဆင်ပြေမနေပေ။ အမြဲတမ်း အခြားသူတွေကို အကြံညဏ်သာပေးနိုင်ခဲ့သည့် ကျွန်တော်သည် မိမိကိုယ်ကို ထိန်းချူပ်မှုမဲ့ဖြစ်နေခြင်း အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ မတတ်နိုင်တော့သည့် အနေအထားပင်။ သို့ပေမယ့် ကျွန်တော်ဒီလိုဖြစ်နေတာကိုလည်း လူတွေမသိစေချင်သည့် အတ္တစိတ်ကလည်း ဆိုးလွန်းပါသည်။ ကျွန်တော့်အတွက် ပိုတိတ်ဆိတ်စွာနေနေခြင်းသည် ပိုပိုဆိုးရွားလာသလို ခံစားနေရသည်လေ။ 


ဒီထရောမာတွေသည် လုံး၀ ပျောက်ကွယ်သွားဖို့ လွယ်ကူမနေဘူးဆိုသည်ကို ခံစားနေရခြင်းအပြင်၊ အဆင်ပြေပါတယ်လို့ ဟန်ဆောင်နေရခြင်းတွေ၊ ခံစားမှုတွေ အရှိတရားတွေ ဒါတွေအားလုံးကို ကျွန်တော် လက်ခံပြီး ရင်ဆိုင်နိုင်မှသာ အဆင်ပြေပြေ ရှေ့ဆက်လျှောက်လှမ်းနိုင်တော့မည်လေ။ တစ်နေ့နေ့တော့ ကျွန်တာ် ဒီထရောမာတွေကနေ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်ပါသည်။ ယခုချိန်ထိတော့ ကျွန်တော်၏စိတ် ၊ နှလုံးသား အရာအားလုံး ဘယ်သူမှ ဝင်ရောက်လာခြင်းမရှိအောင် သော့ခပ်ပြီး နေထိုင်နေပါသည်။ ထရောမာ တွေကိုသက်သာပျောက်ကင်းအောင် ကုသနိုင်မည့် အခြေအနေရှိခဲ့ရင်တောင် ကုသဖို့ ခြေလှမ်းဆက်လှမ်းဖို့ ကြောက်နေမိဆဲပင်။ 


အရာရာသည် သဗ္ဗေ သတ္တာ ကမ္မသကာ မဟုတ်ပေလား။ 



တစ်ချိန်ကျွန်တော်

Saturday, October 19, 2024

** ငြိမ်းချမ်းပါစေ အမရာ **




စတဲလာ နှင့် ဇာတ်လမ်းပြီးသွားနောက် ကျွန်တော် ကြားထဲမှာ ၁ နှစ်လောက် မည်သူတစ်ဦး၏ နှလုံးသားကို ကစားသည့် ကစားပွဲများကို ဆက်ပြီး မကစားတော့ပေ။ ကျွန်တော် နဂိုလုပ်နေသည့် လုပ်ငန်းကနေ ပြည့်ဖြိုးမြဲစွမ်းအင် လျှပ်စစ်ထုတ်လုပ်သည့် ပရောဂျက်တွေလုပ်နေသည့် ကုမ္မဏီတစ်ခုကို စီးပွားရေးအကြံပေး ရာထူးဖြင့် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ လုပ်ငန်း အသစ် နယ်ပယ်အသစ်ဖြင့်သည့်အတွက် စိန်ခေါ်မှုတွေ လုပ်ဆောင်ဖြေရှင်းရသည့် ကိစ္စရပ်တွေကလည်းများသည်ပေါ့။ အချိန်ကာလ အနည်းငယ်လောက်မှာပင် ကျွန်တော် လုပ်ငန်းမှာ အထိုင်ကျခဲ့ပါသည်။ အလုပ်ထဲရှိ လူကြီး လူငယ်မရွေး လေးစားခြင်းကို ကျွန်တော်ရခဲ့ပါသည်။ ဒီလိုလေးစားခံမှုမျိုးအတွက်လည်း ကျွန်တော့်စိတ်ထဲ ဘာခံစားချက်မှ ရှိမနေပါ။ ခံစားချက်မထားခြင်း မရှိခြင်းဟာ အလုပ်အကိုင်ကြီးကြီးမားမား ဖြေရှင်းစရာကိစ္စတွေရှိလာသည့်အခါ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြေရှင်းနိုင်တာကိုတော့ သတိထားမိသည်။ ခံစားချက်မရှိခြင်းက အလုပ်နှင့်ပက်သက်လျှင် ကောင်းသည်လို့တော့ ပြောလို့ရသည်ပင်။ 


တစ်ရက်မှာတော့ .. ကျွန်တော့် ငှာနမှာ လုပ်ငန်း၏ လိုအပ်ချက်ကြောင့် Expert Finance And Accounting  တစ်ယောက်ခေါ်ယူခဲ့သည်။ အရပ်မြင့်မြင့် ၊ အသားညိုညို ၊ ဆံပင်ရှည်ရှည် ၊ နှုတ်ခမ်းမထူမပါး ၊ မျက်လုံးခပ်မှေးမှေး နှင့် အမရာ ဆိုသည့် ညိုချောချောသည့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါသည်။ သူမသည် ဖြတ်ထိုးညဏ်တော်တော် ကောင်းသည်။ သို့ပေမယ့် သူမမှာ မကောင်းသည့် စိတ်ခံစားမှုတစ်ခုတော့ရှိ၏။ အမရာ၏ မကောင်းသည့် စိတ်ခံစားမှုကို  ကျွန်တော်တို့ ပထမဆုံးအကြိမ် မီတင်မှာ မျက်မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။ သူမ၏ မကောင်းသည့်စိတ်ခံစားချက်လို့ ပြောရမလား ဒါမှမဟုတ် အားနည်းချက်လို့ ဆိုရမလားတော့ မသိ။ သူမသည် လွယ်လွယ်ကူကူ ဒေါသထွက် စိတ်ကြီးသော High Temper လို့သတ်မှတ်ရမည့် လူအမျိုးအစားတွင်ပါဝင်သည်လေ။ ပုံမှန်အစည်းအဝေးတွင်ဖြစ်နေကျပုံစံမျိုးကို စိတ်ကြီးစွာတုန့်ပြန်ပြောဆိုနေသည့် သူမကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ဘက်က တစ်ဘက်သက်အယူအဆဖြစ်ကောင်းလည်း ဖြစ်လိမ့်မည်ပင်။ 


အမရာ အမှားသေးသေးလေး တစ်ခု Weekly Reports မှာ လုပ်ခဲ့မိခြင်းပင်။ မန်နေဂျာက ထိုအမှားကို မီတင်မှာ ထောက်ပြ ပြင်ဖို့ပြောဆိုသည့်အခါ သူမကိုင်ထားသော ဘောပင်ကို ခပ်ကြမ်းကြမ်း စားပွဲပေါ်သို့ ပစ်ချလျက် မကျေနပ်သော အမူအရာဖြင့်ပေါ့။ သူမ၏ မျက်နှာမှာလည်း နီမြန်းနေခဲ့ပြီး မျက်လုံးထဲမှာလည်း မကျေနပ်ချက်တွေ အထင်းသားပေါ်လွင်နေသည်လေ။ 


"ကျွန်မ သေချာမှန်အောင်လုပ်ထားပါတယ် .. ဘယ်လိုလုပ်မှားသွားတာလည်းမသိဘူး" အမရာ စိတ်ဆိုးသည့် လေသံခပ်မြှင့်မြှင့်ဖြင့် အော်လိုက်မိတယ်ထင်သည်။


သူမ၏အသံကြောင့် မီတင်ခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်လေ။ အားလုံးက ကျွန်တော့်ကို ကြည့်ပြီး မျက်စပစ်တဲ့သူနှင့် မျက်ခုံးပင့်ပြသည့်သူနှင့် အကူအညီတောင်းသည့် သဘောမျိုးပေါ့။ ကျွန်တော်လည်း အကင်းပါးသူပဲလေ။ ထိုင်ရာကနေ သူမရှိရင် ခုံနားသို့ ကျွန်တော်သွားလိုက်ပါသည်။ 


"အမရာ.. အေးဆေးသက်တောင့်သက်သာ လုပ်ပါ .. ကျွန်တော်တို့အားလုံးလည်း အမှားလုပ်ဖူးကြပါတယ်" ကျွန်တော်နောက်ကနေ သူမ၏ Laptop ပေါ်က ဇယားကွက်တွေကို ကြည့်လျက် အေးဆေးပဲ ပြောလိုက်ပါသည်။ 


အမရာ ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်လိုက်ပါသည်။ သူမ၏ မျက်နှာမှာ ဒေါသရိပ်လေး မပြေသေကြောင်း တွေ့နေရသေးသည်။ သို့ပေမယ့် ကျွန်တော်၏ စိတ်အေးလက်အေး ပြောပြပေးမှုကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ သူမပုံမှန်ပြန်ဖြစ်သွားသည်။ မီတင် ပြီးသည့်နောက် အမရာထံ ကျွန်တော် သွားလိုက်ပြီး ဘာကြောင့် အဲ့လောက်ထိ ဒေါသထွက်ရသလည်းဆိုသည် ကို စူးစမ်းမေးမြန်းလိုက်သည်။ 


"အမှားသေးသေးလေး အတွက် အဲ့လောက်ကြီးထိ မိမိကိုယ်ကို ဒေါသမထွက်ရဘူးလေ" လို့ ကျွန်တာ် အမရာကို ညင်ညင်သာသာပဲမေးလိုက်သည်။ 


အမရာ ကျွန်တော်ကို သေချာပြန်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲမှာတော့ အခုထိ မကျေနပ်ချက်တွေအပြည့်ရှိနေသေးသည်။ 


"အမရာ အမှားလုပ်တာကို အရမ်းမုန်းတယ် .. အမှားလုပ်မိတဲ့အခါလည်း အမရာတော်တော် ညံ့သေးတာပဲလို့လည်း ခံစားမိတယ်" ကျွန်တော် အမရာ၏ ခံစားချက်ကို နားလည်လိုက်ပါသည်။ 


"လူရယ်လို့ဖြစ်လာလျှင် တစ်ခါတစ်လေ အမှားတော့လုပ်မိတတ်ကြတာပဲလေ .. ပြီးတော့ အချိန်တိုင်း အကောင်းဆုံးဖြစ်နေဖို့ဆိုတာ မလွယ်နေဘူးလေနော် ဒါကြောင့် အချိန်ပြည့် အကောင်းဆုံးဖြစ်ဖို့ ကြိုးစားမနေပါနဲ့"


"ဟုတ်ကဲ့ရှင့် .." လို့ အမရာ ပြန်ပြောလေသည်။ ထိုနေ့မှစ၍ ကျွန်တော် နှင့် အမရာ စကားတွေ ပိုပြောဖြစ်လာသည်။ အမရာ၏ temper သည်လည်း လျော့ပါးသွားသည်လို့ ကျွန်တော် ခံစားမိသည်။ တစ်ခါတစ်လေတော့လည်း အမြီးအမောက် မတည့်သည့် သူမကြောင့် စကားများကြသည့်အချိန်လည်း ရှိသည်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် တစ်ရုံးလုံးမှာ အမရာ နှင့် ကျွန်တော်သည် အရင်းနှီးဆုံး မိတ်ဆွေအဆင့်သို့ တိုးလာသည်ပေါ့။ 


တစ်နေ့ နေ့လည်ထမင်းစားပြီးချိန် ကျွန်တော့် အလုပ်စားပွဲမှာ reports တွေကို ပြန်စစ်နေတုန်း ဖိုင်အချို့ကို လက်ကကိုင်ပြီး မကျေမနပ် မျက်နှာထားနှင့် မျက်ခုံးကြီးကို ရှုံပြီးကျွန်တော့်ဆီကို ရောက်လာသည်။ 


"ဘာတစ်ခုမှ အဆင်ပြေမနေဘူး" ဟု အမရာ ပြောဆိုလျက် သူမလက်ထဲပါလာသည့် reports files အချို့ကို ကျွန်တော်၏ ရှေ့သို့ ကမ်းပေးလိုက်သည်။ "ဒီ Reports တွေရှင်းနေတာ ၂ နာရီလောက်ရှိနေပြီ .. ခုထိ ဘယ်လိုမှ ညှိလို့မရသေးဘူး .. ကြည့်ပေးပါဦး အကို"  ကျွန်တော်တစ်ချက် အမရာကို ပြုံးပြလိုက်ပြီး ကမ်းပေးသည့် reports files များကို စစ်ကြည့်လိုက်ပါသည်။ 


၅ မိနစ်လောက်အချိန်ယူ စစ်ကြည့်လိုက်ချိန်မှာ အမှားတစ်ခုကို ကျွန်တော်ရှာတွေ့သွားခဲ့သည်။ "အမရာ ဒီနေရာလေး လွဲသွားတာလို့" ကျွန်တော် မာကာ လေးနှင့် ဝိုင်းပြီး သူမကို ပြန်ပေးလိုက်သည်။ 


ကျွန်တော် ဝိုင်းထားသည့်နေရာအား အမရာ ခဏပြန်စစ်လျက် "အကို လုပ်တော့ လွယ်လိုက်တာကော" ဟု ပြန်ပြောလေသည်။ 


"အကိုက အရင်တောက်လျှောက်လုပ်ခဲ့တော့ သိနေလို့ပါ .. အမရာလည်း နောက်ဆို မျက်စိမှိတ်ပြီးလုပ်တောင်ရတယ် .. ပြီးတော့ စိတ်အေးအေးထားပြီးလုပ်ပါ .. စိတ်ဖိစီးနေရင် မှန်နေရင်တောင် မှားသွားတတ်တယ်" လို့ ကျောမှီထိုင်ခုံလေးကို မှီချ အညောင်းဆန့်လျက် အမရာကို ကြည့်ပြီး ပြန်ပြောလိုက်၏။


"အမရာ အချိန်တိုင်းတော့ ဘယ်လိုစိတ်အေးလက်အေးနေရမလည်းဆိုတာ မသိဘူး အကိုရယ်" လို့ ကျွန်တော်လုပ်သလို သူမထိုင်နေသည့် ကျောမှီထိုင်ခုံးလေးကို ခြေပစ်လက်ပစ် မှီချလိုက်သည်။ 


"အလုပ်တစ်ခုလို ကြိုးစားပြီး လုပ်ကြည့်ပါ" လို့ ပခုံးလေးတွန့်ပြီး အမရာကို ကျွန်တော် ပြန်ဖြေလိုက်သည်။ 


ထို့နောက် နှစ်ယောက် အတူတူ ရယ်မောမိကြသည်။ ပထမဆုံးအကြိမ် အမရာ ရယ်မောခြင်း နှင့် အပြုံးကို တစ်ပြိုင်တည်းတွေ့လိုက်ရခြင်းဖြစ်သည်။ ပြီးနောက် "ကျေးဇူးပါနော် အကို" လို့နှုတ်ဆက်ပြီး ကျွန်တော့်စားပွဲဆီကနေ ထွက်ခွာသွားတော့သည်။ ကျွန်တော်တစ်ယောက်တည်း ခဏတာတော့ တိတ်ဆိတ်သွာသည့် ကျွန်တော့် ရုံးခန်းငယ်လေးမှာ အထီးကျန်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် အမရာ၏ အကြောင်းကို ကျွန်တော် ပိုပိုတွေးမိလို့နေသည်။ အမရာ၏ စိတ်တိုလာရင် ထွက်ပေါ်လာသည့် ဒေါသကို မထိန်းနိုင်ခြင်းကလွဲ၍ သူမ၏ အလုပ်ပေါ်မှာ စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှုတွေ အပြင် ပါးရည်နပ်ရည်ရှိခြင်းနှင့် ချစ်စဖွယ် သူမ၏ မျက်နှာလေးကိုပါ ကျွန်တော်သဘောကျပါသည်။


သိပ်မကြာခင် အချိန်တောအတွင်းမှာ ကျွန်တော်တို့ နှစ်ယောက် ပို၍ရင်းနီး ပို၍နီးကပ်သွား၏။ ကျွန်တော် နှင့် အမရာ နေ့လည်စာတူတူစားဖြစ်ကြတယ် ၊ အလုပ်မဆန်သော အခြား အကြောင်းအရာမျိုးတွေလည်း ပြောဖြစ်လာကြသည်။ ကျွန်တော်သည် အမရာထံမှ သူမ၏ ကောင်းကွက်များစွာကိုလေ့လာ သင်ယူရသည်။ အထူးသဖြင့် အမြဲအကောင်းဆုံးဖြစ်အောင် ကြိုးစားချင်စိတ်တွေ၊ မိမိကိုယ်ကိုတွန်းအားပေးသည့် နည်းလမ်းတွေ စုံလို့ပေါ့။ အမရာက အကြောင်းအရာတော်တော်များများမှာတော့ တော်ပါသည်။ သို့ပေမယ့် သူမ၏ ဒေါသကိုထိန်းချူပ်နိုင်မှုတော့ အများကြီးမလုပ်ဆောင်နိုင်ပေ။ ဒါက အမရာ၏ အားနည်းချက်ဆိုလျှင် ထိုအားနည်းချက်ကိုလည်း ကျွန်တော် တဖြည်းဖြည်းသဘောကျလာသည်။ အချစ်ဆိုတာ ဘာမှန်း မခံစားတတ်သည့် ကျွန်တော်လို လူတစ်ယောက်က အချစ်ကို ခံစားတတ်လာပြီလို့တော့ ထင်သည်။ 


တစ်နေ့ အလုပ်ပါးသည့်နေ့ ကော်ဖီချိန်မှာ ကျွန်တော် နှင့် အမရာသည် ရုံး၏ ကော်ဖီခန်းထဲမှာ အလုပ်အကြောင်းပြောပြီး တူတူ ကော်ဖီသောက် ဖြစ်ကြသည်။ 


"အကိုသိလား .. အမရာလေ ဒီအလုပ်မှာ စစရောက်ခြင်း တစ်လလောက်ထိ ပျော်၇မယ်လို့ မခံစားမိဘူး .. ဒါပေမယ့် အခုတော့ အကို့ကြောင့် ဒီအလုပ်မှာ ပျော်နေပြီ" ကော်ဖီခွက်ကို နှုတ်ခမ်းလေးနဲ့ ဖိကိုက်ပြီး အမရာ လှမ်းပြောသည်။  


"အခုလို ကြားရတာဝမ်းသာပါတယ် အမရာ" ကျွန်တော် ကျေနပ်ပြီးပြုံးပြီး ပြန်ဖြေလိုက်ပါသည်။ 


အမရာ အသံလေးနိမ့်ပြီး "လေးလေးနက်ပြောရရင် အကိုနဲ့အလုပ်တူတူလုပ်နေရတာ အမရာ စိတ်ထဲပေါ့ပါးလွတ်လပ်နေသလို ခံစားရတယ် .. ပြီးတော့ အကိုကအခြားသူတွေနဲ့ မတူဘူး အမရာအတွက် ထူးခြားတယ်" 


အမရာ၏ တိုးညင်းစွာပြောသည့် အသံရယ် ၊ ချစ်စရာကောင်းသော သူမ၏ မျက်ဝန်းညိုညိုလေးတွေက ကျွန်တော့်ရင်ခုန်သံကို လှုပ်ခတ်သွားစေသည်။ ကျွန်တော် နှင့် အမရာ တစ်ယောက်ကိုတစ်ယောက် အကြာကြီး စကားဆက်မပြောပဲ စိုက်ကြည့်နေမိကြသည်။ အမရာ၏ မျက်ဝန်းတွေထဲမှာ ဒေါသအရိပ်အယောင်၊ မာနအရိပ်အယောင် ၊ မကျေနပ်ခြင်းတွေလုံး၀ ကင်းစင်နေလေ၏။ သို့ပေမယ့် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ တောင့်တနေသည့် မျက်ဝန်းထဲက အရိပ်အယောင်ကို ကျွန်တော် မြင်မိပါသည်။ 


"အကိုလည်း .. အမရာ နားမှာရှိနေခွင့်ရတာ သဘောကျပါတယ်" ကျွန်တော့်ဘက်ကပင် စကားကို ပြန်ဆက်လိုက်ပါသည်။ 


အမရာ ဘာမှ ပြန်မပြောပေ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်သာ ဆက်ကြည့်နေမိသည်။ ဒီအခိုက်အတန့်က ရင်တွေခုန်နေရသလို ကမ္ဘာကြီး ရပ်တန့်နေတယ်လို့တောင် ထင်နေရသည်။ ဘာစကားမျှ မဆိုပေမယ့်လည်း မျက်ဝန်း အချင်းချင်း စကားတွေ ပြောဆိုနေကြသည်။ ရင်ခုန်သံချင်း စည်းချပ်လိုက်နေသည်။ သေချာသည်က ကျွန်တော် နှင့် အမရာ တစ်ယောက်ကို တစ်ယောက်ခံစားချက်တွေ များစွာရှိနေပြီဆိုခြင်းပင်။ ကျွန်တော့်အတွက်တော့ ပထမဆုံး ကျွန်တော် ရင်ဆိုင်နေရသည့် ရင်ခုန်သံပင်။ စိတ်ထဲမှာလည်း အချစ်ဆိုတာ ဒီလိုကြည်နူးဖို့ကောင်းပါလားဆိုပြီး တွေးပြီး ကြည်နူးနေရသည်လေ။ 


ကျွန်တော်နှင့် အမရာ သည် တစ်ယောက်ကိုတစ်ယောက် 'ချစ်တယ်' လို့ဖွင့် မပြောကြပေမယ့် ချစ်သူတွေ အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ကျွန်တော် သိပ်ပျော်တာပေါ့ဗျာ။ မိန်းကလေးတွေ၏ နှလုံးသားကို အများကြီး ကစားပွဲတစ်ခုလို ကစားခဲ့ပေမယ့် အချစ်ဆိုတာဘာမှန်းကို မသိခဲ့ဘူးလေ။ အမရာ နှင့်တွေ့မှ အချစ်ဆိုတာ နားလည်လာခဲ့သလို ၊ ခံစားတတ်ခဲ့ပြီ။ အချိန်တွေကြာလာသည်နှင့် အမျှ ကျွန်တော်တို့ နှစ်ယောက်ချစ်ခြင်းတွေကလည်း ပို၍ ခိုင်မြဲလို့လာသည်ပေါ့။ ရုံးချိန်တွင်ကော ရုံးချိန်ပြင်ပ ပါ ကျွန်တာ်တို့ နှစ်ယောက် အတူတူရှိကြသည်လေ။ အမရာ၏ ဒေါသထွက်လွယ်မှု စိတ်ကြီးမှုများသည်လည်း လုံး၀ ပျေက်သွားခြင်းတော့ မဟုတ်ပေမယ့် ကျွန်တော် ရှိနေသည့် အတွက်ကြောင့် နဂိုထက်တော့ ပိုပြီး ထိန်းချူပ်လာနိုင်သည်လေ။ 


သိုပေမယ့် ချစ်ခြင်းမေတ္တာသည် အမြဲဖြောင့်ဖြူးသော လမ်းမရှိဆိုသလို အရမ်းကြီးလည်း လွယ်တော့မကူနေပေ။ အမရာ၏ ဒေါသထွက် စိတ်ကြီးမှုက ခန့်မှန်းရခက်သည်လေ။ ဒီလိုနဲ့ တစ်ရက်မှာတော့ တစ်နေကုန် နိုင်ငံခြားသား ဧည့်သည်တွေ ရောက်နေသောကြောင့် ရုံးမှာမီတင်တွေနှင့် အလုပ်တွေ တော်တော်များသည်။ ဒါကြောင့် ရုံးက ပြန်သည့်အချိန်လည်း တောတော် နောက်ကျနေပြီလေ။ ကျွန်တော် နှင့် အမရာ သည် ညစာကို အပြင်မှာပဲ စားဖို့ဆုံးဖြတ်လိုက်ကြသည်။ စားလို့သောက်လို့ ကောင်းပြီး Romance လည်းဖြစ်စေမည်၊ ပြီတော့ မြန်မာအစားအစာလည်း ရရမည်ဆိုသောကြောင့် House of Memory ဆိုင်ကိုပဲ ရွေးချယ်ပြီး သွားလိုက်ကြသည်။ အစပိုင်းမှာတော့ အစစအရာအရာ အားလုံး အဆင်ပြေနေသည်။ ဒါပေမယ့် ပြဿနာက ဝင်ချင်လျှင် မဖိတ်ခေါ်ပဲရောက်လာတတ်သည်လေ။ စားပွဲထိုးလေးသည် မှာထားသည့်  ဟင်းလျာ မဟုတ်ပဲ မှားယွင်းစွာ ယူလာသည်လေ။ တစ်နေကုန် ရုံးမှာဖိအားတွေ များထားသည့်အပြင် ဗိုက်ဆာနေသည့် အချိန် စားချင်တာ မှားချသည့်အတွက်ကြောင့် အမရာ၏ ဒေါသတွေ စတင်ပေါက်ကွဲလာပါတော့သည်။ 


"ဒါ .. ငါတို့ မှာထားတာမဟုတ်ဘူး" အမရာ၏ အသံသည် စူးရှရှ နှင့် အတော်ကျယ်သည်။ စားပွဲထိုးလေးသည် အမရာ၏ ဒေါသသံကြောင့် အသံတွေ တုန်ယင်နေပြီး "ကျွန်တော် .. တောင်းပန်ပါတယ် ခင်ဗျ" လို့ အကြိမ်ကြိမ်ပြောဆိုလျက် တောင်းပန်နေရှာသည်။ ကျွန်တော်သည်လည်း မျက်နှာချင်းဆိုင် ထိုင်ရာမှ အမရာဘေးသို့ ကပ်ထိုင်လိုက်ပြီး ဒေါသမထွက်ဖို့ နှစ်သိမ့် ဖျောင့်ဖျနေရသည်။ 


"အဆင်ပြေသွားမှာပါ .. အမရာ .. ကောင်လေးကို ခွင့်လွှတ်လိုက်နော် .. ဒါက ဖြစ်တတ်ပါတယ်လေ" ကျွန်တော် အသံလေးကို နိမ့်ပြီး သူမကြားယုံလောက် နှစ်သိမ့်နေရသည်။ 


အမရာသည် သူမ၏လက်ကို ကိုင်ထားသည့် ကျွန်တော်လက်အား ဖယ်လျက် "ဘာလို့ သူ့ကျမှ ဒီလိုကြီးအမြဲဖြစ်နေရတာလည်း .. သူများတွေလို အမြဲလိုချင်တာ တန်းမရနိုင်ဘူးလား" လို့ မျက်လုံးက အရောင်တွေတောက်ပြီး မကျေနပ်ချက်တွေလည်း ပြည့်နှက်လို့နေလေသည်။ ကျွန်တော် ကြိုးစားပြီး အမရာ၏ ဒေါသတွေပြေပျောက်စေဖို့ ကြိုးစားရသည်။ သို့ပေမယ့် အမရာ၏ ဒေါသတွေသည် တော်ယုံနှင့်ရပ်မသွားတတ်ပေ။ နောက်ဆုံးတော့ စားသောက်ဆိုင် မန်နေဂျာနှင့် စားပွဲထိုးများ အားလုံး လာရောက်တောင်းပန်သည့် အခါမှ စိတ်နည်းနည်း သက်သာသွားပုံရသည်။ ဆိုင်မှ ဘာမျှ မစားခဲ့ပဲ ကျွန်တော့် အိမ်သို့သာ အမရာကို ခေါ်၍ ပြန်ခဲ့လိုက်ကြသည်။ 


ကျွန်တော့် အခန်းသို့ ရောက်သည့်အခါ အမရာကို ဧည့်ခန်းထဲမှာ ထိုင်စေပြီး သူမစားဖို့ မီးဖိုထဲသို့ ချက်ပြုပ်ရန် ပြင်ဆင်ရသည်။ တိုက်ခန်းဖြစ်သည့်အတွက်ကြောင့် ဧည့်ခန်းနှင့် မီးဖိုခန်းသည် သေချာမြင်နေရသည်၊ ကောင်းစွာလည်းကြားရပါသည်။ အမရာသည် စားသောက်ဆိုင်မှ ကိစ္စကို ပြန်တွေးနေပြီး ဒေါသ အလိပ်လိုက်ပြန်ထွက်လာပုံရသည်။ 


"ငါ .. ဒီလိုဒေါသတွေ ထွက်နေရတာကို မကြိုက်ဘူး" လို့အော်ပြီး နံရံကို လက်သီးဖြင့် အချက်ပေါင်းများစွာ ပြေးထိုးသည်လေ။ ပါးစပ်ကလည်း "ငါ .. ထိန်းမချူပ်ချင်တော့ဘူး .. ထိန်းမချူပ်ချင်တော့ဘူး" လို့ ထပ်အော်နေသေးသည်။ ကျွန်တော် အမရာဆီပြေးသွားလိုက်ပြီး "အမရာ .. စိတ်ကိုထိန်းပါကွာ"လို့ ပြောရင်း သူမကို ဖက်ထားလိုက်ပါသည်။ သို့ပေမယ့် အမရာ ကျွန်တော်၏ စကားကို နားမထောင်ပါ။ စားပွဲပေါ်မှာတင်ထားသည့် ဖန်ခွက်ကို ကောက်ကိုင်ပြီး နံရံဆီကိုပစ်လွတ် ပေါက်ခွဲလိုက်ည်။ ဖန်ခွက်ကွဲသံ နှင့်အတူ ကြမ်းပြင်မှာလည်း မှန်ကွဲစတွေ လွှင့်စင်ကုန်သည်လေ။ 



"အမရာ တောင်းပန်ပါတယ် ကိုကို .. ဒီလို မရည်ရွယ်ပါဘူး" ကျွန်တော့် ရင်ခွင်ထဲသို့ ခေါင်းကိုအပ်ပြီး တီးတိုးပြောဆိုပြီး သူမ ငိုကြွေးပါတော့သည်။ 


"ကိုကို နားလည်ပါတယ် .. စိတ်မပူနဲ့နော် .. အဆင်ပြေသွားမှာပါ" သူမကို တင်းတင်းပြန်ဖက်ထားရင် ကျွန်တော်ပြောလိုက်ပါသည်။ 


ဖက်ထားသည့် ရင်ခွင်ထဲကနေ အမရာ ရုန်းထွက် တွန်းထုတ်လိုက်ပါသည်။ "ကိုကို နားမလည်ပါဘူး .. ဒီလို ထိန်းချူပ်ဖို့ခက်တဲ့ ခံစားချက်မျိုးကို လုံး၀နားမလည်ပါဘူး .. နားလည်ပေးချင် ဟန်ဆောင်မနေပါနဲ့တော့" 


ကျွန်တော် ဘာလုပ်ရမှန်းမသိတော့ပါ။ ကျွန်တော် အပြည့်အ၀ နားမလည်တာ သေချာသည်လေ။ လူတွေ၏ ခံစားချက် နာကျင်မှုတွေကို လစ်လျူရှု မခံစားတတ်သည့် ကျွန်တော်သည် တကယ်ကို ဘယ်လို နှစ်သိမ့်ရမလည်းဆိုတာကို မသိပါ။ ကျွန်တော် သိသလောက် နားလည်အောင် ကြိုးစားနေပါသည်လေ။ ဒီတိုင်းပဲ သူမ ဒေါသ စိတ်ပြေသွားသည်အထိ ထိုင်ကြည့်နေခြင်းက အကောင်းဆုံးဖြစ်မလားလို့လည်း ကျွန်တော် တွေးမိသည်။ 


"အမရာ အရမ်းပင်ပန်းနေပြီ ကိုကို" သူမ၏ မျက်နှာမှာ ဝမ်းနည်းနေသော အရိပ်အယောင် ပြောင်းသွားပြီး ကွဲအက်နေသော အသံဖြင့် ကျွန်တော့်ကို ဆက်ပြောလိုက်သည် "ဒီလို ဖြစ်နေ .. ခံစားနေရတာတွေ ရပ်ပလိုက်ချင်ပြီ" 


အမရာ ဒီလိုဒုက္ခတွေကနေ ရုန်းကန်ပြီး ညည်းငြူပြောဆိုနေခြင်းကို ပထမဆုံအကြိမ် မြင်တွေ့ရခြင်းပင်။ သူမခံစားနေရသည်က ဒေါသစိတ်လွတ်ခြင်းကို ထိန်းချူပ်နေရခြင်းထက် နာကျင်မှုကို ခံစားထိန်းချူပ်နေရခြင်းကြောင့်ပင်ဖြစ်မည်။ ကျွန်တော် အမရာကို အများကြီးချစ်ပါသည်။ သို့ပေမယ့် သူမရင်ဆိုင်နေရသည့် ပြဿနာသည် ကျွန်တော်တို့၏ ချစ်ခြင်း ဂရုစိုက်ခြင်းဖြစ်တောင် ကုစားလို့မရနိုင်ပေ။


ဒီပြဿနာတွေဖြစ်ပြီးသည့်နောက်ပိုင်း အမရာ ကျွန်တော့်ကို သိသိသာသာရှောင်လာပါတော့သည်။ ကျွန်တော်သည်လည်း အတင်းအကြပ် သွားရောက်တွေ့ဆုံခြင်းမလုပ်ရဲပေ။ ကျွန်တော်အတင်းအကြပ်များ သွားတွေ့ခဲ့လို့ အခန့်မသင့်ခဲ့ရင် သူမ၏ ဒေါသစိတ်လွတ်ခြင်းကို ထိန်းချူပ်ဖို့ ပိုဆိုးသွားမည် ဖြစ်ကြောင်းကိုတော့ ကျွန်တော်နားလည်သည်လေ။ ကျွန်တော့်အဖြစ်က သူမ အနားကိုလာခွင့်ပြုမှ သွားရောက်ရမည့် အခြေအနေသို့ ရောက်ရှိနေလေ၏။ နီးကပ်နေရက်လျက် ဝေးကွာနေသလို ခံစားရသည့် ချစ်ခြင်း၏ ရက်စက်မှုတွေပါလား အမရာ။  


ကျွန်တော်တို့၏ လုပ်ငန်းထုံးစံအတိုင်း အလုပ်များသည့်နေ့ဆိုလျှင် အိမ်ပြန်နောက်ကျတတ်သည်လေ။ ည ၈ နာရီအချိန်ထိ ကျွန်တော်တို့ အလုပ်ရှုပ်နေတုန်းပင်။ အမရာ reports မှာ အမှားတစ်ခုလုပ်မိပြီး မကျေမနပ်နှင့် ဒေါသထွက် ပေါက်ကွဲလို့လာပြန်ပြီ။ ကျွန်တော်ခါတိုင်းလိုပင် စိတ်ထိန်းဖို့ အေးဆေးတည်ငြိမ်ဖို့ ပြောသည်။ 


"ငါ .. ဒါကြီးကို စောက်ရမ်း စိတ်ကုန်နေပြီ" လို့အော်ပြီး စားပွဲကို လက်သီးဖြင့် အကြိမ်ကြိမ်ထိုးနေလေသည်လေ။ "ငါ .. ဒါလေးတောင် ဘာလို့မှန်အောင် မလုပ်နိုင်ရတာလည်းကွာ" 


"အမရာ .. စိတ်ကိုထိန်းပါကွာ .. စိတ်ကိုထိန်းပါ" ကျွန်တော် လေသံမာမာဖြင့် အော်ပြောလိုက်ပါသည်။ 


သို့ပေမယ့် အမရာ ကျွန်တော်၏ လေသံမာမာ ပြောခြင်းကိုလည်း ဂရုမစိုက်ပါ။ သူမ စားပွဲပေါ်မှာတင်ထားသည့် နမူနာ ပြထားသည့် သံချိန်သီးကို ကောက်ယူလိုက်ပါသည်။ ထို့နောက် ကျွန်တော့်ဆီကို ပေါက်လွှတ်လိုက်သည်။  ပစ်ချက်က ချက်ကောင်းပင်။ ကျွန်တော်၏ ခေါင်းနားထင်စပ်ဆီကို ချိန်သီးက ပြင်းထန်စွာလာမှန်၏။ "ခွက်" ကနဲ အသံကြီး နှင့်အတူ ကျွန်တော် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။ သွေးတွေ ဖြာခနဲ ကျလာသည်။ သွေးတွေ တရစပ်ကျလာသည်ကို မြင်လိုက်ရတော့မှ အမရာ အသိစိတ်တစ်ချက် ပြန်ဝင်သွားပုံရသည်။ ဒါမှမဟုတ် သူမ ဘာလုပ်မိလိုက်လည်းဆိုသည်ကိုလည်း သတိထားမိသွားခြင်းကြောင့်လည်းဖြစ်မည်။ သူမ ကြောင်ပြီး ကျွန်တော့်ကို ကြည့်နေသည်။ 


"ဘုရားရေ .. အမရာ တမင်လုပ်တာမဟုတ်ဘူးနော် .. ရည်ရွယ်ပြီး တမင်ပစ်လိုက်တာလည်း မဟုတ်ပါဘူးနော် .. ကိုကို" အမရာ၏ တုန်ခါနေပြီး လက်တွေခြေတွေလည်း တုန်ခါနေပြီး ကျွန်တော့်ကိုပြေးပွေ့ စကားတွေ တရပ်စပ်ပြောနေလေ၏။


သို့ပေမယ့် အမရာ၏ ပြောစကားတွေ ကျွန်တော်သည် ကြားတစ်ချက် မကြားတစ်ချက်ဖြစ်လို့နေ၏။ အသိစိတ်တွေ တစ်ချက်တစ်ချက် လွတ်သွားသလို အသက်ရှုသံတွေလည်း မှန်မနေပေ။ အမရာသည် သွေးထွက်နေသည့် ကျွန်တော့်ခေါင်းကို လက်တစ်ဖက်ဖြင့် ဖိထားလိုက် အမူအရာတွေတော်တော်ပျက်ယွင်းကာ စိတ်တွေ ဖရိုဖရဲဖြစ်နေပုံရသည်။ 


"ငါ .. ကို့ကို့ ကိုသတ်လိုက်မိပြီ .. သတ်လိုက်မိပြီ .. ငါ့ကို အရမ်းချစ်ပြီး ဂရုစိုက်ပေးတဲ့ ကိုကို့ ကိုသတ်လိုက်မိပြီ" လို့ တစ်ယောက်တည်း တိုးတိုး အဆက်မပြတ်ပြောနေပြီး မျက်လုံးတွေကလည်း ဂဏာ မငြိမ်ပေ။ ဒီလိုအခြေအနေတွေမှာ အမရာ ဘယ်လိုမှ မှန်ကန်စွာ မတွေးနိုင် မစဉ်းစားနိုင်တော့ပေါ။ သူမ၏ ဒေါသစိတ်လွတ်ခြင်းက အရာအားလုံးကို ဖျက်စီးလိုက်ပြီလို့ ခံစားရသည်။ မိမိကိုယ်ကိုလည်း ရွံရှာနေပြီး နောင်တရသည့် စိတ်တွေလည်း ဖြစ်လို့နေ၏။ အမရာ အခုလို စိတ်ဖိစီးမှုဒဏ်တွေကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။ အမရာ သည် အသိစိတ်တစ်ချက်ချက် လွတ်နေသည့် ကျွန်တော့်ကို ပစ်ချလိုက်ပြီး ပြေးထွက်သွားသည်ကို ကျွန်တော်မြင်လိုက်ရသည်။ 


အမရာသည် ရုံး၏အပေါ်ဆုံးထပ် ခေါင်မိုးပေါ်သို့ ပြေးတက်သွားခြင်းဖြစ်၏။ နှလုံးခုန်သံ တွေကလည်း အပြင်ထိအောင် ကြားနေရသည်လေ။ မျက်ရည်တွေ ချွေးတွေအပြင် သူမ၏ ကိုယ်မှာ ကျွန်တော်၏ သွေးတွေပေကျံလျက်ဖြင့် ခေါင်မိုး၏ အစွန်းဘက်ထိပ်မှာ မက်တပ်ရပ်နေလေပြီး ရန်ကုန်မြို့၏ မြို့ပြကို ခံစားချက်မဲ့စွာကြည့်နေလေ၏။


"တောင်းပန်ပါတယ် ..ကိုကို .. ကိုကို့ကို ဘယ်တုန်းကမှ နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး" လို့လည်း အသံထွက်ပြီး တစ်ယောက်တည်းပြောနေတော့သည်။ 


ထို့နောက် .. အမိုးစွန်းထိပ်မှ ခုန်ချလိုက်ပါတော့သည်။ 


ဖြစ်စဉ်အားလုံး ရုံးမှာ မည်သူမျှ ရှိမနေ၍ ခိုးကိုးရာမဲ့ခဲ့သည်လေ။ ရုံးအစောင့်တွေ ရောက်လာသည့်အချိန်မှာတော့ အရာအားလုံးနောက်ကျသွားခဲ့ပြီဖြစ်သည်။ ဟုတ်တယ် .. အမရာ ဆုံပါးသွားခဲ့ပါပြီ။ ကျွန်တော်သည် ကံကောင်းထောက်မစွာ သွေးထွက်လွန်ပြီး မသေခဲ့ပေ။ ကျွန်တော့်ဘ၀မှာ ပထမဆုံး ချစ်ခဲ့ဖူးသည့် ချစ်ခြင်းသည် သေဆုံးခြင်းနှင့် အဆုံးသတ်ခံသည်တဲ့လေ။ ဒါက ဝဋ် ဆိုတာ သေချာသည်လေ။ ဒါမှမဟုတ် အမျိုးသမီးတွေ၏ ချစ်ခြင်းနှင့် မထိုက်တန်သည့် ကံကြွေးပါလာခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကျွန်တော့်ကြောင့် ခံစားကြေကွဲ ဖူးသည့် သူတွေ အားလုံး ကျွန်တော်တောင်းပန်ပါသည်။ အတိတ်က ကံကြွေးတွေ ပါလာခဲ့ရင်တော့ ဒီဘ၀ နဲ့သာ အပြီးဆပ် သွားချင်မိသည်လေ။


အခုတော့ .. ကျွန်တော်၏ ရုံးခန်းလေးသည် အရင်လို မဟုတ်တော့ သလို။ ကျွန်တော်သည်လည်း ပို၍တိတ်ဆိတ်သွားပါတော့သည် ။ အမရာ ကတော့ ကျွန်တော့်ဘေးမှာ ရှိနေဆဲပေါ့လေ။ 


သူမ .. ဘယ်လိုလုပ် ကျွတ်နိုင်မလည်းဗျာ ... ။ 


တစ်ချိန်ကကျွန်တော်


Friday, October 18, 2024

** ပြိုင်မြင်းအကြောင်း **




မေ နှင့် ကစားပွဲပြီးဆုံးသွားပြီးသည့်နောက် ကျွန်တော်ပုံစံက ဘာမျှပြောင်းလဲခြင်း မရှိအရင်လိုပါပဲ။ ပုံမှန်လုပ်စရာရှိတာ ကျွန်တော်လုပ်တယ်၊ လူတွေနဲ့တွေ့ရင် စိတ်မသက်မသာ ဖြစ်နေသည့်အချိန်တောင် ဟန်ဆောင်ပျော်တယ်။ သို့ပေမယ့် အတွင်းစိတ်ထဲမှာ အထီးကျန်သလိုခံစားနေရဆဲပါ။ အသစ်သစ်တွေနဲ့ တွေ့ရင် ကစားနေကျအတိုင်း ကစားတယ်။ ရင်းနှီး နီးစပ်လာပြီဆိုရင် ဝေးကွာအောင် လုပ်နေကျပုံစံအတိုင်း ကစားပွဲကိုဆော့ခဲ့သည်ပေါ့။ ဒါပေမယ့် မေ နှင့် ဇာတ်သိမ်းပိုင်းမှာ အနိုင်မယူနိုင်ခဲ့သလို နာကျင်မှုမျိုုးကို ထပ်ခံစားနေရမှာ ကြောက်နေခဲ့တယ်။ ဒါကြောင့် ချစ်ခြင်းနဲ့ ရင်းပြီးကစားသည့် ကစားပွဲအချို့ကိုတော့ သတိထားပြီး ရှောင်ခဲ့သည်။ ဒီလိုသတိထား ရှောင်နေသည့်အနေအထားကနေ စတဲလာ ဆိုသည့် သူမနှင့် ထပ်မံဆုံတွေ့ခဲ့သည်။ 


စတဲလာသည် မေနှင့် ဆန့်ကျင်ဘက် အမူအကျင့်ရှိသည့် မိန်းကလေးတစ်ယောက်ပင်။ စတဲလာက ရဲရင့်တယ် ယုံကြည်မှုအပြည့်ရှိသည့် ပုံစံမျိုး။ သူမ၏ အပြုံးက တစ်ချက်ပြုံးလိုက်ရင်တောင် မှောင်နေတဲ့အခန်း လင်းထိန်သွားမည့် အပြုံးမျိုး။ ပပ၀တီက ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းပဲလင်းတယ်ဆိုသည့် အလှမျိုးရှိသလို။ စတဲလာ အပြုံးက ပပ၀တီနဲ့ ယှဉ်ရင် စတဲလာက ပိုတောင်လှဦးမည်။ ဘာကြောင့်လည်းဆိုရင် ပပ၀တီကို ကျွန်တော်မှ မမြင်ဖူးပေ။ စတဲလာ က မေနှင့် လုံး၀ဆန့်ကျင်ဘက်ပါ။ သူမ မှာ အမှောင်ဘက်ခြမ်းမှာ ရှိသည့်စိတ်က အများသား။ လူတွေ၏ ခံစားချက်ကို ကစားရတာကို ကြိုက်နှစ်သက်ခြင်းသည် ကျွန်တော် နှင့် စတဲလာ တူကြသည်။ စတဲလာ က သူမအပေါ် ငယ်ငယ်၊ အိုအို သဘောကျအောင်ဆွဲဆောင်သည်။ ပြီးတော့ သူမအပေါ် ကြွေဆင်းသွားအောင် လုပ်တယ်။ ဒီလိုလုပ်နေရတာကိုလည်း စတဲလာ ပျော်သည်လေ။ ကျွန်တော် နှင့် စတဲလာ ဆုံမိကြတဲ့အခါ အချိန်ပြင်းပြင်း နဲ့ ခေါင်းချင်းဆိုင် ဝင်တိုက်တော့မယ့် ကား ၂ စင်းဆိုတာကို မသိကြပဲ တစ်ယောက်ကို တစ်ယောက် ဆွဲဆောင်ခြင်းက စတင်ခဲ့ကြသည်ဆိုကြပါဆို့။ 


ကျွန်တော်နှင့် စတဲလာ စမ်းချောင်းက The Leaf Cafe ဆိုင်မှာ ဆုံခဲ့ကြခြင်းဖြစ်၏။ ကျွန်တော် တစ်ယောက်တည်း ကော်ဖီဆိုင်မှာ စာထိုင်ဖတ်နေသည့်အချိန် ၂ ခုံကျော်ကနေ ရယ်သံအချို့ကြားလိုက်ရသည်။ ရယ်သံက နည်းနည်းကျယ်ကျယ်လို့ ကျွန်တော် လှမ်းကြည့်လိုက်တဲ့အခါ စတဲလာကို ကျွန်တော်ပထမဆုံးမြင်တွေ့ဖူးခြင်းပင်။ စတဲလာက သူမ၏ သူငယ်ချင်းနှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာတွေသဘောကျလို့ရယ်နေမှန်း မသိ။ ရယ်နေပုံလေးကတော့ ချစ်စရာအလွန်ကောင်း၏။ သေချာသည်က စတဲလာသည် ကျွန်တာ် ကြိုက်သည့်ပုံစံပင်။ ဒါကြောင့်ပင် မဆိုင်းမတွ ထပြီး သူမ ဝိုင်းရှိရာသို့ ကျွန်တော်သွားလိုက်သည်။ ကျွန်တော်၏ ပုံစံသည် မိမိနှစ်သက်သော သားကောင်ကို စိတ်ကြိုက်ဆော့ကစားတော့မည့် ပုံနှယ်။  


"ဟိုင်း .. " ဆိုပြီး ကျွန်တော်အပိုင်နိုင်ဆုံး အပြုံးလေးဖြင့် လှမ်းနှုတ်ဆက်လိုပြီး "ဘာတွေများ ဒီလောက်သဘောကျနေလည်းဗျ" လို့ ဆက်မေးလိုက်သည်။ 


စတဲလာ ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး ကျွန်တော်၏ မေးခွန်းကြောင့် အံဩပြီး သူမလည်း ကျွန်တော်ဘာလည်းဆိုသည်ကို စိတ်ဝင်စားသွားပုံရသည်။ 


"ခပ်ညစ်ညစ် ဟာသလေးတွေ ပြောနေကြတာပါ .. ရှင်ရယ်ချင်ရင် လာ Join လို့ရပါတယ်"


ကျွန်တော် ဝင်ထိုင်လိုက်ပါသည်။ ထို့နောက် သူတို့နဲ့ အတူ စကားတွေ ဖောင်ဖွဲ့ပြောခဲ့ကြသည်ပေါ့။ သူတို့ပြောသည့် ဟာသတွေကို ကျွန်တော်နားထောင်ပြီး ရယ်တယ်။ ကျွန်တော် ပြောပြတဲ့ ဟာသတွေ နားထောင်ပြီး စတဲလာတို့ ရယ်မောကြတယ်။ ထူးခြားတာတစ်ခုက ကျွန်တော်နှင့် စတဲလာ ကြိုက်တဲ့ ဂီတ ၊ ရုပ်ရှင် တွေက အတူတူပဲဖြစ်လို့နေသည်။ ပြီးတော့ နှစ်ယောက်လုံး လူတွေ၏ နှလုံးသားကို ဆော့ကစားရတာကို ကြိုက်ခြင်းကလည်း တူသည်လေ။ နာရီ အနည်းငယ် ကျွန်တော်တို့ စကားတွေ ပြောကြတယ် ရယ်မောကြတယ်။ စတဲလာ နှင့် ဆုံတွေ့ပုံစိတ်ခံစားချက်က မေ နှင့် ပထမဆုံး ကျွန်တော် ဆုံခဲ့သလိုပဲ ထူးခြားသည့် ခံစားမှုလေးတော့ ရသည်လေ။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ ကျွန်တော် စတဲလာ ကိုယုံကြည်မနေပါ။ စတဲလာ၏ လူတွေကို အသုံးချပြီး သူမလိုချင်တာ ရအောင်ယူတတ်သည့် ပုံစံရှိကြောင်းကိုလည်း မြွေမြွေချင်း ခြေမြင်မိသည်ပေါ့လေ။ ဒါကြောင့် သူမ နှင့် ကျွန်တော် ဆော့နေကျကစားပွဲကို ဆော့ဖို့ စိတ်လှုပ်ရှားနေမိတာတော့ အမှန်ပင်။ မြွေမြွေချင်းမို့ ကျွန်တော်ကပဲ သူမကို မြို နိုင်မလား ။ စတဲလာကပင် ကျွန်တော့်ကို မြိုသွားနိုင်မလားဆိုတော့ မသိနိုင်သေးပေ။ 


ကျွန်တော် နှင့် စတဲလာ ကဖေးဆိုင်မှာ ဆုံပြီးသည့်နောက် ဆက်တိုက်ဆိုသလို တွေ့ဖြစ်ကြသည်။ ကျွန်တော်တို့ ၂ ယောက်တစ်ယောက်၏ တစ်ယောက် လျှို့ဝှက်ချက်တွေ ပြောပြကြသည်။ တစ်ယောက်၏ တစ်ယောက် ဇာတ်လမ်းတွေ အိမ်မက်တွေ အကြောင်းကိုလည်း ဖလှယ်ကြ၏။ ဒါပေမယ့် တစ်ယောက်၏ တစ်ယောက် Dark Sides တွေကိုတော့ ဟန်ဆောင်ကာ ဖုံးထားဆဲပေါ့။ စတဲလာ‌ ကတော့ သားကောင်သူ့နောက်လိုက်လာပြီးမှ မြိုချပြရတာကို သဘောကျတယ် ပျော်ရွင်တယ်။ ကျွန်တော်ကတော့ သားကောင်ကြောက်လန့်ပြီး ကမ္ဘာပျက်နေသည့် အခိုက်အတန့်ကို သဘောကျတာလေ။ ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက်အကြောင်း ပိုပိုသိလာလေလေ တစ်ယောက်၏ ကစားပွဲထဲကို တစ်ယောက် ခုန်ဆင်းချလေလေပါပဲ။ 


တစ်ညမှာတော့. ကျွန်တော် နှင့် စတဲလာ ပါတီပွဲ တစ်ခုကို တူတူတက်ရောက်ခဲ့တယ်။ ပါတီမှာ သောက်ကြ၊ ပျော်ကြ၊ ကကြ နဲ့ လူတိုင်းပျော်ရွင် နေကြသည်လေ။ စတဲလာ ကတော့ လူတိုင်း၏ အာရုံစူးစိုက်မှု ရထားခဲ့သည်လို့ ပြောလို့ရသည်။ လူတိုင်းနီးပါး သူမ၏ အနီးအနားမှာ နေပြီး ပွဲကျနေကြသည်ပေါ့။ ကျွန်တော် သူမကိုထိုင်ကြည့်နေခဲ့သည်။ စိတ်ထဲမှာတော့ မနာလိုစိတ် နဲ့ မာန လေးတော့ ဖြစ်မိတာတော့သေချာသည်။ ဒါပေမယ့် အခုလို စိတ်လှုပ်ရှားစရာ ကောင်းသည့် သူမ နှင့် ကစားနေရတာ ကို ကြိုက်ပါတယ်။ သတိတော့ ထားနေရတာပေါ့လေ။ 


"ကျွန်မ နဲ့ လာကပါလား ကိုစိုင်း" စတဲလာ ပြော‌ပြီး ကျွန်တော့်လက်ကိုဆွဲပြီး Dancing Floor သို့ခေါ်သွားသည်။ ကျွန်တော် နှင့် စတဲလာ အတူတူတွဲကကြသည်။ တီးလုံးသံစဉ်အလိုက် ကျွန်တော်တို့ နှစ်ယောက် ခန္တာကိုယ် နှစ်ခု ပူးလိုက် ခွာလိုက် ကပ်လိုက် ဖြင့် စတဲလာ၏ ကိုယ်သင်းရနံကြောင့်လည်း ခံစားမိသည်က ထူးခြားသည့် စိတ်ခံစားမှုကို ဖြစ်စေသည်။ ထိုသို့ ကနေစဉ်မှာပဲ ခပ်ဖြောင့်ဖြောင့်မိမိမိုက်မိုက် ယောကျာ်းတစ်ယောက် ကခန်းအတွင်းသို့ ဖြတ်ဝင်လာသည်။ ထိုအချိန် စတဲလာက ထိုအမျိုးသားကို ပြုံးပြလိုက်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်ကို ကျွန်တော် ဖျက်ခနဲ မြင်လိုက်ရသည်။ ကျွန်တော့်စိတ်ထဲ သဝန်တိုစိတ် နဲ့ မွန်းကြပ်မှု အချို့တို့ ထပ်မံ ခံစားမိလိုက်သည်။ 


"သူက ဘယ်သူလည်း" လို့ ကျွန်တော် ဒဲ့ တည်တည်ငြိမ်ငြိမ်အသံနဲ့ပဲ မေးလိုက်ပါသည်။ 


"အို .. သူက ဒီတိုင်းပဲ သိတဲ့လူတစ်ယောက်ပါ" စတဲလာက အေးဆေးပဲ ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေသည်။ 


ကျွန်တော် စိတ်ထဲမှာတော့ ဒေါသတော့ ထွက်နေမိသည်။ သို့ပေမယ့် ဒေါသထွက်နေသည့် စိတ်ကို မျက်နှာမှာ မပေါ်အောင် ဖုံးလိုက်နိုင်သည် လို့တော့ထင်သည်။ "စတဲလာ .. သူနဲ့ စကားသွားပြောမှာလား?"


"အင်း .. ပြောဖြစ်မယ်ထင်တယ်" စတဲလာ စသလိုလိုအပြုံးမျိုးနှင့် ပြန်ဖြေသည်။ "အဆင်ပြေတယ်မဟုတ်လား .. ကိုစိုင်း"


ခပ်ထေ့ထေ့ သူမ၏ စကားတွေက ကျွန်တော့်ကို ခံရခက်စေသည်။ ဝန်မခံချင်ပေမယ့် စိတ်အဆင်တော့ပြေမနေပေ။ "ကိုတို့ နှစ်ယောက်ကြား တခုခုထူးထူးခြားခြားတော့ရှိတယ်မလား" ကျွန်တော် ခပ်သွက်သွက်ပဲ ပြန်ဖြေလိုက်သည်။  


စတဲလာ ကျွန်တော့်၏ စကားကြောင့် ခပ်ပေါ့ပေါ့းလေးရယ်လိုက်သည်။ "အင်းဟုတ်တယ် .. ရှိတော့ ရှိပါတယ် .. ဒါပေမယ့် ကျမက ကိုစိုင်းအပိုင်မဟုတ်ဘူးနော် . ကျမလုပ်ချင်တာ ကျမလုပ်မှာ"


စတဲလာ၏ စကားကြောင့် ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ် ထိတ်လန့် ကြောက်ရွံတုန်လှုပ်မှုကို ဖြစ်သွားစေသည်။ ကျွန်တော် သူမကို မဆုံးရှုံးချင်ပါ။ ဒါပေမယ့်လည်း ဒီကစားပွဲကိုလည်း သူမကို အနိုင်မပေးချင်ပါ။ ဒါကြောင့် ကျွန်တာ် ဒီထက်ပို သတိထားပြင်ဆင်မှဖြစ်မည်လေ။ 


"ကျွန်တော် စတဲလာကို မဆုံးရှုံးပါရစေနဲ့" ကျွန်တော် အသံလေးနိမ့်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။ 


"အဲ့ဆို .. မဆုံးရှုံးစေနဲ့ပေါ့ .. စတဲလာကို လိုချင်တယ်ဆိုတာ သက်သေပြပေါ့" လို့ ကျွန်တော့်၏ နှုတ်ခမ်းနား နမ်းမိယုံကပ်ပြီး နှစ်ကိုယ်ကြားယုံမျှ ပြန်ဖြေသည်။  


ကျွန်တော်တို့ နှစ်ယောက် ပါတီမှာ ဆက်က ကြတယ်။ ရယ်ကြတယ် ။ တစ်ယောက်ကို တစ်ယောက် မထိတထိလေးတွေနဲ့ ကလိကြတယ်။ သို့ပေမယ့် စိတ်ထဲမှာတော့ နှစ်ယောက်လုံးလေးလံထိုင်းမှိုင်းမိသလို ခံစားနေမိတာတော့အမှန်ပင်။ ကျွန်တော် နှင့် စတဲလာ နှစ်ယောက်လုံး သတိကြီးကြီးနဲ့ တစ်ယောက်အငိုက် တစ်ယောက်မမိစေဖို့ ကြိုးစားရင်း နှစ်ယောက်လုံး၏ စိတ်ထဲမှာတော့ နာကျင်ခြင်းကိုတော့ စတင် ခံစားမိနေကြပြီဖြစ်သည်။ ဒါကို အချစ်လို့ ခေါင်းစဉ် မတပ်ပါ။ မြွေမြွေချင်းမို့ တစ်ယောက်ကို တစ်ယောက် မြိုဖို့ ကြိုးစားမှုကြောင့် ရသည့် နာကျင်မှုမျိုးသာဖြစ်၏။ 


ကျွန်တော် နဲ့ စတဲလာ ပါတီပြီးတော့ လမ်းလျှောက်ပြန်ခဲ့ကြတယ်။ ည ၁၀ နာရီလောက်ဆိုပေမယ့် ကားကော လူကော တော်တော် ရှင်းနေပါသည်။ တိမ်ကင်းသည့်အတွက်ကြောင့် ကြယ်လေးတွေလည်း ကျွန်တော်တို့၏ အထက်မှာ မှိတ်တုတ်မှိတ်တုတ် သူ့ထက်ငါ အပြိုင် လင်းနေကြသည်ပေါ့။ ခါတိုင်းစကားတွေဖောင်ဖွဲ့ပြောနေတတ်သည့် စတဲလာ မိနစ်အတော်ကြာ တိတ်ဆိတ်နေသည့်အတွက် ကျွန်တော် သူမ၏ မျက်နှာကို တစ်ချက်အကဲခက်လိုက်ပါသည်။ တကယ်တမ်းပြော၇ရင် သူမ သည် ကျွန်တော်ကဲသို့ပင် သူမရင်ထဲဘာတွေ ဖြစ်နေသလဲဆိုသည်ကို ဖတ်နိုင်ဖို့ ခက်ခဲသည့် သူတစ်ယောက်ပင်။ ဒါကြောင့် ကျွန်တော်လည်း သူမ၏ မျက်နှာကို ကြည့်ပြီး ဘာတွေ ဖြစ်နေသလဲဆိုတာကို မခန့်မှန်း မဖတ်နိုင်ပေ။ 


"နေကောင်းရဲ့လား .. တခုခုဖြစ်နေသလား?" လို့ ကျွန်တော် မေးလိုက်သည်။ 


"နေကောင်းပါတယ် .. ဘာမှမဖြစ်ပါဘူး .. တွေးနေယုံပါ" လို့ စတဲလာက အားပျော့နေသည့် အသံဖြင့် ပြန်ဖြေသည်။ 


"ဘာအကြောင်းတွေ တွေးနေလည်း .. အကိုသိလို့ရမလား" သူမစိတ်ထဲ ဘာတွေတွေးပါလိမ့်ဆိုတာ ကျွန်တော် တကယ်ကို သိချင်နေသည်။ 


"အော်.. ငါတို့ နှစ်ယောက်အကြောင်းကိုပါ .. ငါတို့ ဘာတွေလုပ်နေကြတာလည်း . ဘာတွေဖြစ်နေကြတာလည်းလို့တွေးနေတာပါ။"


ကျွန်တော် အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်သည်။ "ငါတို့ အတူတူပျော်နေကြတာမဟုတ်ဘူးလား"


စတဲလာ ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်သည်။ "ပျော်နေကြတာဟုတ်လား .. ငါတို့ တစ်ယောက်ကိုတစ်ယောက် ကစားနေကြတာမဟုတ်ဘူးလား .. စတဲလာ နာကျင်မှုကို မကြိုက်ဘူး .. ကိုစိုင်း"

  

သူမ၏ အဖြေကြောင့် ကျွန်တော့်စိတ်ကို ထပ်မံထိခိုက်မိစေသည်လေ။ ကျွန်တော် နှင့် စတဲလာ တစ်ယောက်ကိုတစ်ယောက် သတိကြီးကြီးနှင့် နာကျင်ရမှာ ရှုံးမှာကြောက်လို့ နှလုံးသားတံခါးကို မဖွင့်ပဲ ပိတ်ထားကြသည် နှင့်တူသည်။  တကယ်တမ်း ပြောရရင် တူတယ်လိ့ ထင်ရပေမယ့် ကွဲတော့ ကွဲပြားသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး ကိုယ်ထင်မှတ်မထားသည့် ပုံစံ နဲ့ တစ်ယောက်ကို တစ်ယောက် နာကျင်ထိခိုက်စေနိုင်သည် မဟုတ်ပေဘူးလား။ 


"ငါတို့ ဒီကစားပွဲကို ရပ်သင့်တယ်လို့ မထင်ဘူးလား" ကျွန်တော်၏ စကားကြောင့် စတဲလာ မျက်ခုံးလေးကို ပင့်လိုက်ပြီး "ရပ်လိုက်ရင် စတဲလာတို့ ဘာဆက်ဖြစ်ကြမှာလည်း" 


"ရပ်လိုက်ရင် တူတူရှိချင်မှ ရှိကြမှာပေါ့ .. စတဲလာ" ကျွန်တော် လေယူလေသိမ်း ပီပီသသ နှင့် ဟန်မပျက်တော့ ပြောလိုက်သည်။ 


စတဲလာ အဝေးကို တစ်ချက်ငေးကြည့်နေသည်။ သူမ၏ မျက်နှာမှာတော့ ခါတိုင်းလို တည်ငြိမ်နေသည့် အရိပ်အယောင်တော့ မတွေ့ရ။ စိတ်ရှုပ်ထွေးနေသည့် လဏ္ခာရပ်ကိုတော့ မြင်တွေ့နေရသည်။ 


"ဒါ အကို့ပုံစံတော့ မဟုတ်ဘူး .. အကိုက ကိုယ်ပဲ ထိန်းချူပ်နေရတာမျိုးကိုကြိုက်တာလေ .. ပြီးတော့ ဟန်ဆောင်နေရတာ ပင်ပန်းနေပြီ .. အခု တကယ့်အစစ်အမှန်ပဲ အကိုလိုချင်တော့တယ်" ပထမဆုံးအကြိမ် ကျွန်တော့ နှုတ်ကထွက်သည့် ရိုးသားသော စကားပါ။ 


စတဲလာသည် တိတ်ဆိတ်နေမြဲ။ သူမ၏ အတွေးသည်လည်း ပြိုင်မြင်းလို သိစိတ် မသိစိတ်တွေ ပြောလာမည့် စကားလုံးတွေအတွက် ပြိုင်ဆိုင်နေခြင်းဖြစ်မည်။ ကိုစိုင်းကိုလည်း သူမလက်မလွှတ်ချင်ပါ။ ဒါပေမယ့် ဒီကစားပွဲကို ဆက်ကစားပြီး သူမ နိုင်လည်း နိုင်ချင်သည်လေ။ 


"စတဲလာတို့ ဟန်ချက်ညီမယ့် အဖြေတစ်ခုတော့ ရှာတွေ့မှာပါ .. အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ကိုကော ဆက်ထိန်းသိမ်းထားရင် ဘာဆက်ဖြစ်မလည်း သိလား" စတဲလာက အသံတိုးတိုးလေးဖြင့် ကျွန်တော့်ကို မေးလိုက်သည်။ 


ကျွန်တော် စတဲလော၏ အမေးကြောင့် တစ်ချက်စဉ်းစား တွေးဝေသွားသည်။ "စိတ်လှုပ်ရှားစရာလား .. ဒါမှမဟုတ် .. သတ်ကွင်းလား"


"ဘာကြောင့် နှစ်ခုလုံး မဖြစ်နိုင်ရမှာလည်း" စတဲလာ တစ်ချက်ပြုံးပြီး ဖြေသည်။ သူမ၏ ပုံစံက စိတ်လက်ပေါ့ပါးအောင် မနည်းကြိုးစားပြီး ဖြေနေရသည့် ပုံစံမျိုး။ 


ကျွန်တော်သည် စတဲလာကို ယုံကြည်ပေးချင်ပါသည်။ သူမကို ယုံကြည်ချင်ပါသည်။ ကျွန်တော်တို့ နှစ်ယောက်  ဘာစကားလုံးတွေ ကတိတွေ နဲ့ချည်နှောင်ထားခြင်းမရှိပဲ နားလည်မှုနဲ့အတူ တစ်ယောက် အနား တစ်ယောက် ရှိနေကြတာပဲ မဟုတ်လား။ အခြေအနေက ဒီအတိုင်းသာ ဆက်သွားရင် နှစ်ယောက်လုံး ဒီကစားပွဲကို ဘယ်သူမှ မနိုင်ပဲ နာကျင်မှုနဲ့သာ အဆုံးသတ်မယ်ဆိုတာကို ကျွန်တော်တွေးလိုက်မိသည်။ သို့ပေမယ့် စတဲလာက ဒီကစားပွဲကို ဆက်ကစားချင်နေသည်လေ။ ကျွန်တော် အရှုံးပေးလိုက်ချင်ပေမယ့်။ အရှုံးပေးခြင်းက ဒီကစားပွဲ၏ မှန်ကန်သည့် အနိုင်ရလဒ် မဟုတ်ပေ။ 


တစ်ရက်မှာတော့ ကန်တော်ကြီးထဲက ကန်ရေပြင်လေးက ခုံလေးမှာ ကျွန်တော် နှင့် စတဲလာ အတူလာထိုင်ဖြစ်ကြသည်။ တစ်ယောက်ကို တစ်ယောက် အတူရှိနေကြချိန် အရေးကြီးဖုန်းမှ လွှဲ၍ ဖုန်းမသုံးရလို့ ကတိတစ်ခု ဆိုထားခဲ့ကြထားသည်လေ။ စတဲလာ ဖုန်းထိုင်ပွတ် နေသည်မှာ ၁၀ မိနစ်ခန့်ရှိပြီ။ ကျွန်တော်၏ စိတ်ထဲ အလေးမထားဘူးဟု ခံစားလိုက်ရသည်။ ဘာကြောင့်လည်း ဆိုရင် သူမက တစ်ယောက်ယောက် နှင့် စာတို ပို့နေပုံရပြီး မျက်နှာကလည်း ပြုံးနေသည်လေ။ ကျွန်တော်လား သဝန်တိုနေမိတာပေါ့ဗျာ။ 


"အကို့ အပေါ် အာရုံရှိရဲလား" လို့ ကျွန်တော် သူမ၏ ဖုန်းကို လက်နှင့် ဖိအုပ်၍ မေးလိုက်သည်။ 


စတဲလာ တစ်ချက်ကြောင်သွားသည်။ ဒီလိုမျိုး တစ်ခါမှ သူမအပေါ် ကျွန်တော် မဆက်ဆံဘူးဒါကြောင့်ပင်ဖြစ်မည်။ 


"ဘာဖြစ်လို့လည်း .. စတဲလာ အလုပ်ကိစ္စ စစ်စရာရှိတာ စစ်နေတာပါ"


"အလုပ်ကိစ္စလား .. ဒါမှမဟုတ် .. တစ်ယောက်ယောက်နဲ့ ကိစ္စလား" အခုလို မေးခွန်းကြောင့် ကျွန်တော့်လည်း မိမိကိုယ်ကို အံ့အားသင့်သွားသည်။ ကျွန်တော် ဘာတွေဖြစ်နေပါသလဲ ။


"ဘာလို့ စတဲလာ ကို ဒီလို ပြောနေရတာလား ?" သူမ၏ အသံက စိတ်အနှောက်အယှက်ဖြစ်နေသည့် အသံမျိုးဖြစ်ပြီး လေသံကလည်း နည်းနည်းမာသည်။ 


"စတဲလာ ဘာတွေလုပ်နေလည်းဆိုတာ အပ်ကျတာကအစ သိချင်တယ် .. ဘာလုပ်နေလည်း ဘယ်သူနဲ့ဘာတွေ ပြောနေလည်းကအစပေါ့" ကျွန်တော်၏ အသံနည်းနည်းကျယ်ကျယ် နဲ့ အော်ပြောမိလိုက်သည်။ ကျွန်တော် သူမ တစ်စုံ တစ်ယောက်နှင့် ကျွန်တော် ဘေးမှာ ရှိနေလျက်ဖြင့် ရယ်မောပျော်ရွင်စွာပြောနေသည်ကို ကျွန်တော် လုံး၀ မကျေနပ် မကြိုက်ပေ။ 


စတဲလာ မျက်လုံးတွေဝိုင်းစက်သွားသည် ။ "အပိုတွေ လုပ်နေတာတွေရပ်လိုက်ပါတော့ .. ကိုစိုင်း .. စတဲလာ ကဘယ်လို မိန်းမမျိုးလည်းဆိုတာ ကိုစိုင်းသိပြီးသားပဲလေ" 


"စတဲလာ .. အကို့ကို အခြားလူတွေထက်ပိုဂရုစိုက်တယ်လို့ ထင်နေခဲ့တာ" ကျွန်တော်ပြောသာပြောနေရသည် ။ ကျွန်တော်၏ စိတ် နှင့် နှလုံးသားတို့ ရေနစ်နေသလို မွန်းကြပ်နေပြီ။


" ဂရုစိုက်တယ်လေ .. ဂရုစိုက်တာပေါ့ .. ဒါပေမယ့် .. စတဲလာကို ပြောင်းလဲဖို့ထိတော့ မမျှော်လင့်နဲ့လေ" သူမ၏ မျက်လုံးတွေက အေးစက်နေသည်။ အသံတွေကလည်း မာသည်။ သူမ အသာစီးရထားသည့် ကစားပွဲလို အနိုင်ယူတော့မည့် စစ်သူကြီးလိုမျိုး။ 


"အကိုက ပြောင်းလဲဖို့ ကြိုးစားနေတာမဟုတ်ဘူး .. စတဲလာကို ခံစားချက်တွေကို ပိုရိုးသားစေချင်ယုံပါ" ကျွန်တော် အရှုံးပေးရတော့မည်ထင်သည်။ ရှုံးချင်လည်းရှုံးပါစေတော့။ ကျွန်တော်၏ ခံစားချက်တွေက ကူရာမဲ့နေပြီလေ။ 


စတဲလာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျွန်တော်၏ ရှေ့မှာ ရပ်ပြီး မျက်နှာကို တစ်ချက်မော့ကြည့်သည်။ "ဒီအကြောင်းကို ဒီမှာတင် ရပ်လိုက်ကြစို့နော်" 


"ရပ်တာက ဘာကြောင့် မရပ်နိုင်ရမှာလည်းနော် .. ဘာကြောင့်လည်းဆိုတော့ အကိုပြောတာ မှန်နေတယ်မလား" 


" အကို ဒရမ်မာတွေ အရမ်းခင်းတတ်နေပြီနော် " ကျွန်တော့်ကို ပညာသားပါပါ ထိုးနှက်လိုက်သည့် စကားပင်။ ထိုသို့ ပြောပြီး သူမ လှည့်ထွက်သွားပါသည်။ သူမ၏ စကားလုံးတွေက ကျွန်တော် တကယ်ပင် နာကျင်ခံစားနေရပါပြီ။ ဒေါသလည်း အနည်းငယ်တော့ ထွက်နေသည်ပေါ့။ အဆုံးသတ်က ကောင်းသော အဆုံးသတ်ခြင်းမျိုးနှင့် အဆုံးသတ်မည်လို့လည်း ကျွန်တော် ကြိုးစားပြီး မထင်ချင်တော့ပါ။ 


"အကိုနဲ့ ပက်သက်ပြီး ဘာခံစားချက်မှ မရှိဘူးလား စတဲလာ" ကျွန်တော် ကျောခိုင်းထွက်သွားသည့် သူမလက်‌ကို လှမ်းဆွဲပြီး မေးလိုက်သည်။ 


"ဟုတ်လောက်မယ် ကိုစိုင်း .. အခု ငါ ဘာလိုချင်လည်း ဘာဖြစ်ချင်လည်းဆိုတာ စတဲလာ ကိုယ်တိုင်တောင် မသိချင်တော့ဘူး" ကျွန်တော်၏ ပုခုံးကို ကျော်ကြည့်ပြီး သူမ ပြန်ဖြေသည်လေ။ 


"ကောင်းပြီလေ ..အဲ့ဒါဆို ဒီကစားပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်" ကျွန်တော် ကြေကွဲနေပါပြီ။ ဒီစကေား ကျွန်တော် မပြောချင်ပါ။ ဒါပေမယ့် ပြောမှ ဖြစ်တော့မည်လေ။ 


စတဲလာ ခဏတွေဝေ သွားသည်။ ပြီးနောက် ကျွန်တော့်ကို မော့ကြည့်လိုက်ပြီး "ဟုတ်တယ် .. စတဲလာတို့ ရပ်သင့်ပြီ" လို့ အေးစက်စွာ ပြန်ပြောသည်လေ။ 


စကားလုံးတွေက လေထဲမှာ ချိတ်ဆွဲထားသလို လေးလံပြီး နာကျင်နေသည်။ ကျွန်တော့် နှလုံးသားတွေ ကြေမွသွားသလိုလည်း  ခံစားနရသည်။ တစ်ယောက်နှင့် တစ်ယောက် ဒဏ်ရာမရအောင် ကြိုးစားခဲ့သော်လည်း နောက်ဆုံး နာနာကျင်ကျင် နှင့် ခံစားရမည့် လမ်းခွဲခြင်း အဆုံးသတ်ကို ရင်ဆိုင်ရတော့မည်လေ။ 


“ကောင်းပြီ” လို့ ဒေါသနဲ့ ဝမ်းနည်းမှုတွေ  ကျွန်တော့်ရင်ထဲမှာ ရောထွေးနေသည် ။ "ဒါကိုပဲ စတဲလာ လိုချင်တာမလား .. အခြားဘာရှိသေးလည်း"


စတဲလာ သည် ကျွန်တော်၏ မျက်နှာကို သေချာ မမှတ်မသုန် စိုက်ကြည့်နေသည်။ စိုက်ကြည့်နေသည့်  သူမ၏ အမူအရာသည် ခက်ထန်နေ၏။ “ကျွန်မ ဆက်ပြီး ဟန်ဆောင်လို့ မရဘူး .. ဟန်ဆောင်နေရအောင်လည်း မတန်နေဘူး။”


တန်မနေဘူးတဲ့လား ။ စတဲလာ၏ ဒီစကားလုံးတွေက ကျွန်တော်၏ မာနကို ပြန်စွပေးလိုက်သလိုပင်။ ကျွန်တော် သူမကို ဆက် မကြည့်နိုင်တော့ဘဲ လှည့်ထွက်သွားလိုက်သည်။ တစ်ချိန်က စိတ်လှုပ်ရှားစရာ အလွန်ကောင်းသော ကျွန်တော်တို့၏ ဆက်ဆံရေးသည် နာကျင်ခံစားရသော ခံစားချက်များနှင့်အတူ မာနကို ထိပါးစေသော စကားလုံးများကြောင့် သူသေ ကိုယ်သေ တိုက်ရတော့မည့် စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့ပေမယ့် ၎င်းစစ်မြေပြင်က အတ္တ နှင့် မာန ပြိုင်ကြမည့် စစ်ပွဲ အသွင်အပြင်ပင်။ 


ကျွန်တော် နှင့် စတဲလာ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းလျက် နှုတ်တောင် မဆက်ဖြစ်ကြတော့ပဲ ဆန့်ကျင်ဘက် လမ်းဆီသို့ ကိုယ်စီထွက်ခွာလာကြသည်။ နှစ်ယောက်လုံး၏ ခံစားချက်တွေကတော့ လေးလံနေပြီး ကွဲကြေအက်နေခြင်းလည်း ဖြစ်ချင်ဖြစ်နေမည်ပေါ့လေ။ မေကို ကျွန်တော် ဆုံးရှုံးခဲ့သလို အခု စတဲလာကိုလည်း ကျွန်တော် ထပ်မံဆုံးရှုံးရပြီလေ။ ဒါကို ဝဋ်လို့ ခေါ်ချင်လည်းရသည်။ ကျွန်တော် ဒီတစ်ကြိမ် နာကြင်ဖို့ ထိုက်တန်ပါသည်။ သို့ပေမယ့် စတဲလာကို ကျွန်တော် ချစ်တယ်လို့ တော့ မထင်စေချင်ပါ။ မသိစိတ်ကတော့ ချစ်ချင်လည်း ချစ်မိနေမှာပေါ့လေ။ 


စတဲလာသည် ဆန့်ကျင်ဘက်သို့ ထွက်လာပေမယ့် သူမလည်း ပထမဆုံးအကြိမ် စိတ်မှာလေးလံ ထိုင်းမှိုင်းလို့နေ၏ ။ ကျွန်မ .. ကိုစိုင်းကို ချစ်မိသည်လို့တော့ ထင်သည်လေ။ ဒါပေမယ့် ကိုစိုင်းလို လူမျိုးကို လက်မလွတ်ချလျင် တစ်ချိန်မှာ ကျွန်မ အကြီးအကျယ် ငိုကြွေးရမည်ဆိုသည်ကို ကြိုတင်တွေးမြင်နေမိသည်။ မြွေမြွေချင်းဆိုတော့ ဘာတွေ ဆက်ဖြစ်လာမည်ဆိုတာကိုလည်း ကျွန်မ သိသည်လေ။ ဒါကြောင့် ဒဏ်ရာတွေ ပိုပိုမတိုးလာခင် ခပ်ဝေးဝေး နေလိုက်ခြင်းက ကျွန်မ အတွက်ပိုကောင်းသည် မဟုတ်ပေဘူးလား။ 


ရက်တွေက ရက်မှ လသို့ ကူးပြောင်းတာ မြန်ချေ၏။ ကျွန်တော်တို့ နှစ်ယောက်လုံး move on ဖို့ ကြိုးစားနေခဲ့ကြရသည်လေ။ ကျွန်တော်ကတော့ အလုပ်ထဲမှာ စိတ်နှစ်ပြီး မေ့ပြစ်ဖို့ ကြိုးစားတယ်။ ခါတိုင်းလိုပဲ လူတွေနဲ့ ပျော်အော် နေပြီး နာကျင်မှုကို သက်သာအောင် ဖြေဖျောက်သည်ပေါ့။ စတဲလာ သည် သူငယ်ချင်းတွေနှင့် ပိုအချိန်ပေးဖြစ်သည်ထင်သည်။ သို့ပေမယ့် သူမ နှင့် ကျွန်တော်၏ အမှတ်တရများစွာက  သူမ ကျွန်တော့်အား လုံး၀ မေ့ဖျောက်ဖြစ်ဖို့ သူမ ကို ခြောက်လန့်နေလိမ့်မည်ထင်သည်။ 


တစ်ရက်သော ညနေဘက်မှာ The Leaf Cafe မှာ ကျွန်တော် သွားထိုင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ချိန်းဆို မထားပဲနှင့် စတဲလာ တစ်ယောက်တည်း ရှေ့ဆင့် နောက်ဆင့်ဆိုသလို ကော်ဖီဆိုင်ထဲသို့ ဝင်လာသည်။ ကျွန်တော်တို့ နှုတ်မဆက်ဖြစ်ကြပေ။ တစ်ယောက် နှင့် တစ်ယောက် မျက်လုံးချင်း တစ်ချက်ဆုံပြီး မျက်နှာလွှဲလိုက်ကြသည်။ ခဏတာ မြင်လိုက်ရသည့် မျက်ဝန်းထဲမှာတော့ ဝမ်နည်းမှုတွေ၊ ဒေါသတွေ နှင့် တောင့်တမှု အချို့ကို မြင်လိုက်ရသည်လေ။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ယောက် နှင့် တစ်ယောက် နီးကပ်ဖို့ မကြိုးစားကြတော့ပေ။ သူစိမ်းတွေလိုပါပဲ။ ဘယ်တုန်းကမှ မသိခဲ့သည့် သူစိမ်းတွေလိုပေါ့။ ခံစားချက်တွေကို ဝန်ခံရမှာ ကြောက်သည့် သရဲဘောကြောင် လူနှစ်ယောက်၏ သူစိမ်းဆန်မှုတွေပေါ့လေ။ 


ကော်ဖီဆိုင်ပိတ်ခါနီးမှ စတဲလာ ထပြန်သည်။ ကျွန်တော် အရင်ထပြန်ဖို့ ကြိုးစားခဲ့ပါသည်။ သို့ပေမယ့် သူမ ဘေးက ဖြတ်သွားသည့်အချိန် ကျွန်တော် မြတ်နိုးသည့် သူမကိုယ်သင်းနံ့လေး၏ အနံ့ကို ကျွန်တော် ကျော်လွှားနိုင်မည်မထင်ပေ။ ဒါကြောင့် သူမ ကော်ဖီဆိုင်မှ ထွက်သွားသည့်အချိန်ထိ ကျွန်တော် စောင့်နေခြင်းသာဖြစ်၏။ သူမ ကျွန်တော့်ကို နှုတ်မဆက်သွားခဲ့ပါ။ နှုတ်မဆက်ရက်လေခြင်းဆိုသည့် နာကျင်မှုကလည်း တော်တော်ဆိုးသည်ပေါ့လေ။ အဆက်အသွယ်အားလုံး သူစိမ်းဆန်ဆန်ပေါ့။ ကျွန်တော် နှင့် စတဲလာ ဒီကစားပွဲ အလွန်မှာတော့ နောင်တ နှင့် သင်ခန်းစာတွေ ၇ကြမှာတော့ အမှန်ပင်။ ကျွန်တော်တို့ နှစ်ယောက်က ပြိုင်မြင်းတွေပဲလေ။ ပြိုင်မြင်းဆိုတာ ပြိုင်ဆိုင်မှုက အဓိကပဲလေ။ နိုင်မလား ၊ ရှုံးမလား အဖြေက ၂ ခုတည်း။ ဒါပေမယ့် ဒီကစားပွဲက ကံကြမ္မာက အနိုင်ရသွားပြီး ကျွန်တော်တို့ နှစ်ယောက်လုံး ရှုံးခဲ့သည်ပေါ့။ 



တစ်ချိန်ကျွန်တော်