ငါ့ဘာငါ ..
Saturday, August 31, 2024
~ ဂျပိုးတစ်ကောင်၏အလွမ်း ~
Friday, August 30, 2024
~ စိတ်ဓါတ်ကျစေမည့် စကားစုများ (၁) ~
ကြိုးစားအိပ်ပါသော်လည်း အိပ်စက်မရမည့်အတူတူ ခေတ်ပျက် စနစ်ပျက် အရာအားလုံးပျက်စီးနေတဲ့ခေတ် မှာ ခေတ်ပျက် မိုတီဗေးရှင်းစပီကာများ၏ စပိ (speeches) များကို နားထောင်ဖြစ်သည်ပေါ့။ ခောတ်ပျက်ကြီးထဲ စိတ်ညစ်သူတွေအတွက် ခွန်အားပေးရသည်က ကောင်းပါသည် မဟုတ်ပေလော။ သို့ပေမယ့် ခေတ်ပျက်ကြီးမှာ ထိုသို့သော မိုတီဗေးရှင်းများ နားထောင်ချိန်တွင်သာ အားဖြစ်စေသည်။ သို့ပေမယ့် နောက်တစ်ရက်တွင် ဒုံးရင်းဘ၀ သာပြန်ဖြစ်ပီး မိုတီဗေးရှင်းစပီကာအနည်းစုက စိုပြေမှာ အိုကေလျက်ပေါ့ ။ ကျွန်တော်သည် မိုတီဗေးရှင်းစပီကာများပြောသော စကားစုများကို နားထောင်ပိး ခင်ဗျာတို့ မကြားဖူးသေးသည့် သောက်တလွဲ မိုတီစကားစုများကို ပြန်ဖောက်သည်ချလိုခြင်းသာဖြစ်၏။
၁)
'ဘာပဲလုပ်လုပ် ခင်ဗျာတို့ ကိုယ့်အရည်အချင်းပေါ်ကို သံသယရှိပါ။ ရင်ထဲမှာ သေသည်အထိမှတ်ထားပါ ။ ခင်ဗျာတို့သည် စိတ်ကူးထဲမှာ နှင့် လက်တွေ့ဘ၀မှာပါ စိန်ခေါ်မှုအသစ်တွေကို ဘယ်လိုမှ ကျော်လွှားနိုင်မှာမဟုတ်တဲ့ကောင်ဆိုတာ'
၂)
'မနက်ဖြန်ဆိုတာ ဘာမှ မသေချာဘူးဆိုတာ ခင်ဗျာ စိတ်ထဲ အလိုလိုသိနေပီးသားပဲ ။ ဒါကြောင့် နက်ဖန်ကိုရွှေ့မနေနဲ့ ခင်ဗျာ ခုချက်ချင်းသာ အရှုံးပေးလိုက်ပါ'
၃)
'ခင်ဗျာ စိန်ခေါ်မှု အသစ်တွေအတွက် သောက်ရမ်း အသက်ကြီးနေပါပြီ။ ခင်ဗျာ ကြိုးစားအားထုတ်နေလည်း ပိုဆုံးရှုံးသွားတာပဲ အဖတ်တင်မှာ'
၄)
'ဆုံးရှံးမှာဆိုတာ ထာ၀ရ တည်မြဲတဲ့အရာပါ။ အောင်မြင်မှုဆိုသည်က ဘယ်တောမှ မတည်မြဲ ။ ဒါကြောင့် အောင်မြင်မှုကိုရှာဖွေရင်း ခင်ဗျာ ဘ၀ကြီး ပိုစုတ်ပြတ်သက် မသွားခင် ခုကတည်းက အရှုံးပေးလိုက်ပါ'
၅)
'အချိန်တွေကို အဆက်မပြတ်လေ့လာပါ စောင့်ကြည့်ပါ .. အချိန်တွေကုန် သွားတာခင်ဗျာ လက်တွေ့ မြင်ရလိမ့်မယ် .. ဒီတော့ ခင်ဗျာ ကြိုးစားမနေတော့နဲ့ ရပ်လိုက်တာပိုကောင်းပါတယ်'
တစ်ချိန်ကကျွန်တော်
~ မမစိမ်း ~
အချစ်လား ..
ရပ်ချင်တဲ့နေရာ ရပ်ပါဗျာ
ကျွန်တော် မီးနီပေးပါ့မယ် ။
ဆက်ချစ်ဖို့လား ..
မီးကအမြဲ စိမ်းထားတယ်ဗျ
သတိပေးအချက်ပြ မရှိပါဘူး
အစိမ်း နှင့် အနီ
အစိမ်းက အငြိမ်း နဲ့ ပိုလိုက်ပါတယ်
မမ စိမ်း ပေါ့ ။
တစ်ချိန်ကကျွန်တော်
Thursday, August 29, 2024
~ ကိုယ်ပိုင်အမှတ် ယောဘော ၁၀၇/၂၄ ~
ဒီနေ့က ကျွန်တော်၏ ရာထူးတိုး ပွဲ ။ ကင်ပွန်းတပ်ပွဲလို့ ပြောချင်လည်းရသည် ။ တစ်နည်းဆိုရသော် ချောင်ထိုးသည်ပေါ့လေ။ ထို့ကြောင့် ကျွန်တော့်အား ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ အား 'ကိုကို၁၀၇' မှ 'ဦးကိုကို၁၀၇' သို့ပြောင်းလဲခေါ်ဆိုကြပါ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော် ချစ်သော သူမ၏စိတ်အလိုကျ အမှုထမ်းမည့် သစ္စာ စောင့်သိတာဝန်ကျေသော 'ဦးကိုကို၁၀၇' တစ်ဖြစ်ပေါ့။
သူမသည် ကျွန်တော့်အား ငဲ့ညှာပါသည်။ ယောကျ်ားများမရှိသည့် အချောအလှစုံရာ မိန်းမလှကျွန်းသို့ စေလွတ်သည်လေ။ ကျွန်တော် ဘယ်နေနိုင်ပါ့မလည်းဗျာ။ ကျွန်တော် 'ဦးကိုကို၁၀၇' ၏ တစ်ဦးတည်းသော အင်္ဂါနံလေး (သို့) တစ်ဦးတည်းသော က္ကတ္ထိယ ဖြစ်နေသည့်အတွက် သူမဆီသို့ အပြေးပဲပြန်လာခဲ့သည်။ သူမ၏ နှလုံးသား တံခါးဝ သို့အရောက် စာတမ်းလေး တခု ချိတ်ဆွဲထားလေ၏။ လူသစ်များ ဦးစားပေးရန် နှင့် လူဟောင်းများ ပြန်တန်စီးရန် ။ ခြွင်းချက် ဆိုပြီး ကွင်းစပိတ်လေးမှာ အနီရောင်စာလုံးကြီးနဲ့ ကျွန်တော်၏ ကိုယ်ပိုင်အမှတ် နှင့်'ဦးကိုကို၁၀၇' နာမည်ကို ရေးထွင်းထားပြီး နာမည် အဆုံးမှာ "မပါ" ဆိုသည့် စာလုံးပင်။
"လူသစ်များဦးစားပေးရန် နှင့် လူဟောင်းများ ပြန်တန်းစီရန်"
ခြွင်းချက် ။ ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ (သို့) ဦးကိုကို၁၀၇ (မပါ) ။
** မိတ်ဆွေ .. သနားသွားကြပြီလား ? .. ကျွန်တော့်ကို မသနားနဲ့တော့ ။ **
ဒီနေ့က ကျွန်တော်၏ရာထူးတိုးပွဲ။ ကင်ပွန်းတပ်ပွဲလို့ ပြောချင်လည်းရသည်။ တစ်နည်းဆိုရသော သူမ၏ အနက်ရှိုင်းဆုံးသော နှလုံးသားထဲမှာ ချောင်ထိုးသိမ်းထားလိုက်သည်ပင်။ ထို့ကြောင့် ကျွန်တော့်အား ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ အား 'ကိုကို၁၀၇' မှ 'ယောဘော ၁၀၇' သို့ပြောင်းလဲခေါ်ဆိုကြပါ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော် ချစ်သော သူမ၏စိတ်အလိုကျ အလိုလိုက်စွာ အမှုထမ်းမည့် သစ္စာ စောင့်သိတာဝန်ကျေသော 'ယောဘော ၁၀၇' တစ်ဖြစ်ပေါ့။
သူမသည် ကျွန်တော့်အား အရမ်းချစ်ပါသည်။ မိခင်ချစ်တပ်ရင်းမှ ယောကျ်ားများမရှိသည့် အချောအလှစုံရာ မိန်းမလှကျွန်းသို့ ကျွန်တော့်အားစေလွတ် တာဝန်ထမ်း ခိုင်းသည်လေ။ ကျွန်တော် ဘယ်နေနိုင်ပါ့မလည်းဗျာ။ ကျွန်တော် 'ယောဘော ၁၀၇' ၏ တစ်ဦးတည်းသော အင်္ဂါနံလေး (သို့) တစ်ဦးတည်းသော က္ကတ္ထိယ ဖြစ်နေသည့်အတွက် သူမဆီသို့ အပြေးပဲပြန်လာခဲ့သည်။ သူမ၏ နှလုံးသား တံခါးဝ သို့အရောက် စာတမ်းလေး တခု ချိတ်ဆွဲထားလေ၏။ 'နှလုံးသား တံခါးထာ၀ရပိတ်ထား၏' ။ ခြွင်းချက် ဆိုပြီး ကွင်းစပိတ်လေးမှာ အနီရောင်စာလုံးကြီးနဲ့ ကျွန်တော်၏ ကိုယ်ပိုင်အမှတ် နှင့်'ယောဘော ၁၀၇' နာမည်ကို ရေးထွင်းထားပြီး နာမည် အဆုံးမှာ "သဘောရှိ" ဆိုသည့် စာလုံးပင်။
"နှလုံးသားတံခါး ထာ၀ရပိတ်ထား၏"
ခြွင်းချက် ။ ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ (သို့)ယောဘော ၁၀၇ (သဘောရှိ) ။
တစ်ချိန်ကကျွန်တော်
~ မသေချာသော ~
ကမ္ဘာပျက် သလိုပါပဲ
ဘဝက အဖက်ဖက်က
ယိုးယွင်း ပျက်စီး
ကိုယ်ပြုသောကံ ကိုယ့်ဆီ ရောက်လာသလို
အရာရာ ကိုယ်က ဆိုးခဲ့လို့
အရာရာ ကိုယ်က ပြုခဲ့လို့
အရာရာ ကိုယ်က ဖန်တီး ခဲ့လို့
ဒီပြစ် ဒဏ်တွေက ကမ္ဘာပျက်သလို ။
သို့ပေမယ့် ...
ကိုယ် ချစ်တဲ့ မေတ္တာတွေက
ဘယ်ချိန် ပြန်လည် စီးဆင်း ရောင်ပြန်မလဲ ။
တစ်ချိန်ကကျွန်တော်
~ အိမ်မက် ပြန်တမ်း ~
မိုးပေါက်တွေက ဖြေညင်းစွာ မြေပြင်ပေါ် သို့ သက်ဆင်းလို့နေ၏။ အနက်ရောင် ဝတ်ထားသည့်လူတစ်စု အချို့က လက်နှစ်ဖက်ကို ရှေ့ပစ်ထားပြီး ဂါ၀ရ ပြုနေသည့်ပုံ ၊ အချို့က ပန်းခြင်းလေးတွေကို ကိုင်ထား နှင့် အချို့တွေကတော့ ငြိမ်သက်စွာနှင့် ၆ ပေ ၂ ပေ ခေါင်းတလား အဖြူရောင်ကြီးကို မမှိတ်မသုန် ကြည်နေ့လေ၏။ ဒါက မြင်နေကျ ဇာပန ပွဲတစ်ခု၏ မြင်ကွင်းပင်လေ။ ခေါင်းတလား၏ ခြေရင်းတွင် အနက်ရောင်ဂါဝန်၊ ဗျတ်ထူထူဇာဦးထုတ်ကိုဆောင်းထားပြီး ရေသဘင်မျက်မှန် အမည်းကို စတိုင်ကျကျတပ်ထားသည့် တပ်ရင်းမှုး စုစုပင်။ သူမ၏ လက်ထဲမှာလည်း စာရွက်တစ်ရွက်ကိုင်ထားပြီး ၎င်း စာရွက်ကို မမှိတ်မသုန် စိုက်ကြည့်နေလေ၏။
'ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ . ရဲဘော် 'ကိုကို၁၀၇'.. သင်သည် ရဲဝံ့စွာ ၊ သတ္တိရှိစွာဖြင့် ပေးထားသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။ သို့သော် ယခုချိန်မှ စ၍သင်သည် ကျွန်မတို့ ချစ်တပ်စုဆောင်းရေး နှင့် လားလားမျှ မသက်ဆိုင်တော့ပေ .. တာဝန်များကို အပ်နှင်းပြီး .. သင်သွားလိုရာ သို့ လွတ်လွတ် လပ်လပ်သွားနိုင်ပြီ ဖြစ်သည်' ။ စုလေးထံမှ စကားသံဝဲဝဲဖြင့် တည်ကြည်ပြီး အေးချမ်းစွာထွက်ပေါ်လာသည့် ပြန်တမ်း ဟုခေါ်တွင်ရမည့် ကျွန်တော်နှင့်သူမ ကို အဝေးကို ဆွဲထုတ်သွားသည့် ရင်ကွဲပြန်တမ်းပေါ့။
အချစ် က ပီကေ လိုပဲ
တစ်ယောက်က ဝါးလိုက်
အချိုကုန်ရင်
ထွေးထုတ်လိုက် နဲ့
တယုတယ ငုံထား
မျိုချ မယ့်သူရှိပါ့မလား။
ကျွန်တော်သည် စုလေးအတွက် ပီကေလေး တစ်ခုပါပဲ ။ သို့ပေမယ့် အချိုဓါတ် ကုန်ခမ်းနေပြီဖြစ်သည့် ခပ်နွမ်းနွမ်း date out နေသည့် ပီကေ တစ်ခုဆိုပိုမှန်မည်လေ။ ဒါကြောင့်ပင် သူမ နှုတ်ခမ်းလေးနှင့် ထိမိယုံမျှဖြင့် ခပ်လှမ်းလှမ်းက အမှိုက်ပုံးထဲသို့ စွန့်ပစ်ခံရသည့် ပီကေလေးတစ်ခုပေါ့။ သို့ပေမယ့် တယုတယ နှင့် ကျွန်တော့်ရင်ကို ဖွင့်ဖောက်ကြည့်နေသည့် အခိုက်အတန့် နှင့် နှုတ်ခမ်းလေးထိကြည့်ယုံမျှ အနမ်းတစ်ပွင့်တို့သည် စွန့်ပစ်ခြင်းခံရပေမယ့် သူမ၏ ခဏသာ မြတ်နိုးခြင်းကို ရလိုက်သည့် အလွမ်း တခုပေါ့လေ။
ဒါတွေက .. မိုးတွင်းမှာမက်သည့် ခပ်ညစ်ညစ်အိမ်မက်ဆိုး တခုသာ ဖြစ်ခဲ့မည်ဆိုလျှင် ....
တစ်ချိန်ကကျွန်တော်
Wednesday, August 28, 2024
~ မယ်ရုပ်ဆိုး ~
တစ်ခါကရွာတစ်ရွာ မှာအလွန်ရုပ်ဆိုးတဲ့ မယ်ရုပ်ဆိုးဆိုသည့် အမျိုးသမီးတစ်ယောက် ရှိသည် ။ သူ့ရုပ်ဆိုးလိုက်ပုံကို ပြောပြရရင် လမ်းကခွေးတွေက အစ ရွာမှာ မိုက်ပါတယ်ဆိုတဲ့ လူမိုက်တွေတောင် သူ့ကိုတွေ့တာနဲ့ ဝှောင်ဝှောင်ရှေးကြသည် ။ ဒါပေမယ့် ..မယ်ရုပ်ဆိုး ဟာ သူ့ကို လူတွေက ရှောင်ဖယ်ရှောင်ဖယ် လုပ်တာကိုသိပေမယ့်လည်း အားမငယ်ပဲ ကြိုးစားပြီး လူတွေနဲ့ တည့်အောင်နေသည် ။ တစ်နေ့ တော့ မြန်မာတို့ရဲ့ ရိုးရာ မဟာ သင်္ကြန်ပွဲချိန် ရောက်ရှိလာပြီ ။ တစ်ရွာလုံးကလည်းမိန်းကလေးတွေ လည်း သူသူ ငါငါ အလှဆုံးပြင်ပြီး ရေပက်ခံ ထွက်ကြသည်ပေါ့ ။ အဲ့ဒီထဲမှာ မယ်ရုပ်ဆိုးလေးလည်းအပါအဝင် သူ့ရုပ်ကို အလှဆုံး ကာချယ်တွေ ပေါင်ဒါတွေ ဖွေးနေအောင်လိမ်း ၊ ခေါင်းမှာလည်း ပိတောက်ပန်း ခက်ကြီးတွေကို ပန်ပြီး သူလည်း ရေပက်ခံထွက်သည်ပေါ့ ၊ ဒါပေမယ့် ရေပက်တဲ့လူတွေဟာ ၊ သူ့ကိုတွေ့ရင် ကလေးက အစ လူကြီးအဆုံး ပက်ဖို့နေနေသာသာ၊ အားလုံးကြက်သေသေပြီး ရေပက်တာတွေတောင်ရပ်ပြီး နီးစပ်ရာအိမ်ထဲကို ဝင်ပြေးကြသည် ။
တစ်ချို့ ကာလသားတွေဆိုရင် မယ်ရုပ်ဆိုးရေအပက်ခံ ရနိုင် မခံရနိုင် ဆိုပြီးလောင်းကြေးတွေ ဖွင့်ပြီး လောင်းကြတဲ့အထိ မယ်ရုပ်ဆိုးက နာမည်ကြီးသည်ပင် ။ ဒီလိုနဲ့ သင်္ကြန်အတတ်နေ့ တာရောက်သွားတယ် . မယ်ရုပ်ဆိုးလေးခင်ဗျာ သူ့ကို တစ်ယောက်မှ ရေမပက်ခြင်းကြောင့် . စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာပြီး ၊ စင်အောက်မှာ ခဏ ဝင်ပြီးနားလိုက်သည် ။
ခဏကြာတော့ .. သူ့အိမ်ဘက်ကနေ .. အသံကျယ်ကျယ်နဲ့ မယ်ရုပ်ဆိုးကို ရေလိုက်ပက်၍ မယ်ရုပ်ဆိုး အတင်းငြင်းနေအသံက ဟိန်းထွက်လို့လာသည် ။ ရွာသားတွေလည်း သူ့ရဲ့ အော်သံ ငြင်းသံကို ကြားရပြီး ၊ တစ်အိမ်ပြီး တစ်အိမ် ထွက်ပြီး မယ်ရုပ်ဆိုး အိမ်ကိုစုပြီး လာခဲ့ကြသည်။ တစ်ဆင့်စကား ဘယ်လောက်မြန်သည်မသိ ရွာလယ်လမ်းမကြီးသည် သင်္ကြန်ရေပတ်ဖြန်း စိုနေပေမယ့် ရှိသမျှရွာကလူတွေ ထွက်လာသောကြောင့် ဖုန်လုံးကြီး ဆိုသည်မှာ အနုမြုဗုံးကြဲ ခံထားရသလို တစ်ယောက်နှင့် တစ်ယောက်တောင် ကောင်းစွာ မြင်နိုင်ခြင်းမရှိသော အခြေအနေ။ အားလုံးက မယ်ရုပ်ဆိုးကို ဘယ်သူရေလာပက်တာလည်းဆိုပြီး စူးစမ်းချင်တဲ့ စိတ်နဲ့ လာကြည့်ကြခြင်းသာ ဖြစ်သည်။ မယ်ရုပ်ဆိုး အိမ်ရှေ့ အားလုံးရောက်ရှိချိန်မှာတော့ ရွာသူ ရွာသား အားလုံး ကြက်သေသေ ကုန်ကျသည်။
မယ်ရုပ်ဆိုးသည် ဘူးစင်အောက်မှာ ....
“ ကိုဘူးရေ .. တော်ပြီ .. တော်တော့လေ .. ဒီမှာချမ်းလို့သေတော့မယ် .. ”
“ဟာ . တော်ပါပြီဆို .. ကိုဘူးကလည်းကွာ … တော်တော် ကဲတာပဲ ..ခစ် ခစ် ခစ် ” ဆိုပြီး အပြီကို အိုက်တင် အမျိုးအမျိုး နဲ့ သူ့ကိုရေလာပက်တဲ့ သူကိုအပြီငြင်းနေတဲ့ ပုံစံမျိုးနဲ့ ကို ကိုဘူး နဲ့ကဲ နေတာ ဗျာ … ။
“ ဟာ .. ကိုဘူး .. တော်ပြီလေကွာ .. ”
`ကိုဘူး .. တော်တော့ ဆိုကွာ .. ကိုဘူး တော်တော်ဆိုးနေ' ။ မယ်ရုပ်ဆိုးသည် ဘူးသီးခြောက်ကို အပေါက်ဖောက် ရေထည့်ပြီး ဗူးစင်ပေါ်တင်ပြီး ကိုဘူး နှင့်ကဲနေခြင်းသာ။
ခင်ဗျာတို့လည်း ... တစ်ယောက်တည်းရှင်သန် ဖြတ်သန်းနေရသည်ကို အားမငယ်နှင့် ။ ယောကျ်ားပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မယ်ရုပ်ဆိုးထုံး နှလုံးမူ၍ ဘူးတစ်လုံးဆောင် အို တောင်မဆင်းရဲ ဆိုသည့်အတိုင်း ကိုဘူး ကိုသာ ဆောင်ထားရန်သာလိုပါသည်။
မှတ်ချက် ။ ။ ဘူးသီးခြောက်များရောင်းရန်ရှိသည်။
တစ်ချိန်ကကျွန်တော်
~ အချစ် အမျှ ~
ဒီနေ့က ...
မင်း ရေစက်ချ
အမျှ ဝေ စွန့်ပြစ်တဲ့နေ့ ၊
အချစ်ရူး တစ္စေ တစ်ကောင်ရဲ့
၁ နှစ်ပြည့် မွေးနေ့။
ဒီ အရူး တစ္စေ အတွက်
အမျှဝေတဲ့ အခါ
ကြားကြား သမျှ
အချစ် အချစ် အချစ်
လို့ သာ ခေါ်ပေးပါ။
~ ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ ~
ကျွန်တော်က ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ ။ တပ်သားစုဆောင်းရေး ကပေးသည့် ကျွန်တော်၏ ကိုယ်ပိုင်အမှတ်ပေါ့။ ကျွန်တော်၏ တပ်ရင်းမှူးက စုစု။ နာမည် နှင့် လိုက်အောင် အချစ်တွေစုသည့်နေရာ သိပ်တော်သည်။ ကျွန်တော်က သူမကို စုလေး ဟုခေါ်သည်။ သူမ ကျွန်တော့်ကို ခေါ်သည်က 'ကိုကို၁၀၇' ။ နာမည်ကြီးက ဆာလိုက်တာဗျာ။ ဒီကမ္ဘာမှာ ကိုယ်ပိုင်အမှတ်စဉ် နှင့် ချစ်ခွင့်ရသည့် ကျွန်တော်က 'ကိုကို၁၀၇' ပေါ့။
စုလေး သည် အချစ်၀တ္တုတွေ မဖတ်သည့် ကရင်မလေး တစ်ယောက်ဆိုပိုမှန်မည်။ သူမ ပြောဖူးသည် "အချစ်၀တ္တုတွေကို မကြိုက်ဘူး .. စာအုပ်ထဲနှင့် လက်တွေ့က တစ်ခြားဆီပါ .. ကိုကို၁၀၇ သိလား' တဲ့ ။ ဟုတ်ချင်လည်းဟုတ်မှာပေါ့လေ .. ဒါကြောင့် ကျွန်တော်၏ ကိုယ်ပိုင်အမှတ်က ၁၀၇/၂၄ ဖြစ်နေတာဖြစ်မည်။
'စာရေးဆရာ၏ ပေးဆပ်မှု နှင့် ဖတ်တဲ့သူ၏ ခံစားမှုတွေ ထပ်တူကျရင် .. အချစ်၀တ္တုတွေက လက်တွေ့ကျနိုင်တာပဲလေ' လို့ ကျွန်တော်ပြောရင်။ 'အင်းပေါ့ .. အင်းပေါ့' ဟုခေါင်းလေးငြိမ့်လျက် မျက်နှာပေးကတော့ ယုံကြည်ဟန်မရှိသည့်ပုံ။ ဒါကြောင့်ပင် သူမ အချစ်ကို ယုံကြည်လာအောင် ကျွန်တော်ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ (သို့) သူမအခေါ် 'ကိုကို၁၀၇' ကို တာဝန်ခန့်အပ်ထားသည်ပင် မဟုတ်ပေလား။ တစ်ပါးသူ၏ ချစ်ခြင်းတွေထဲက အချစ်ကို လိုက်ရှာရင် 'စုလေး' ချစ်ခြင်းကို ယုံကြည်ဖို့ ခက်သည်ပေါ့။ 'စုလေး' လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ကြည့်ပါ ။ ချစ်ခြင်းတွေကို ကို့ဘက်ကပဲ အရင်ဖြန့်ဝေပါ ။ ဒါမှသာ ချစ်ခြင်းတွေက စုလေးကို ယုံကြည်လာသလို ၊ စုလေးကလည်း ချစ်ခြင်းကို ယုံကြည်လာလိမ့်မယ်လေ။
သူမကပြောသည် တစ်ချိန်ကျရင် သူမ၏ အကြောင်းကို စာအုပ်ထုတ်ချင်သည် 'ကိုကို၁၀၇' တဲ့။ သူမ၏ဇတ်လမ်းတွေကို ပြောပြရရင် တစ်ထောင့်တစ်ညပုံပြင်ထက်မက မုဆိုးမလေး မဂင်္ဂါ ဇတ်လမ်းထက်တောင် ရှည်ဦးမည်လို့ဆိုသည်ပင်။ ကျွန်တော် ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ လည်းတွေးမိသည်။ ကျွန်တော်၏ အခန်းသည် Season ဘယ်လောက်၏ Episode ဘယ်လောက်မှာများ ပါသွားလိမ့်မည်ဆိုခြင်းပင်။
ကျွန်တော်၏ တပ်ရင်းမှုး စုစု (ခေါ်) စုလေး သည် အင်မတန်ချစ်စရာကောင်းပါသည်။ သူမ၏ ချစ်တပ်စုဆောင်းရေးမှာ ကျွန်တော်သည် နောက်ဆုံးတပ်သားပဲ ဖြစ်ချင်၏။ သို့သော်ငြားလည်း အမြဲဗီလိန်ခန်း နှင့် ဇာတ်ပို့ အခန်းတွေသာ ရိုက်ခဲ့သူမို့ ။ ဒီဇာတ်လမ်းမှာလည်း ကျွန်တော်ကိုယ်ပိုင်အမှတ် 'ကိုကို၁၀၇' သည် ဖြတ်လျှောက်ဆိုသည့် ပုံပြင်လေးတစ်ပုဒ် အဖြစ်သာ ကျန်ရှိနေဦးမည်ဆိုသည်ကို တွေးလျက်။
'ကိုကို၁၀၇ .. ကိုကို၁၀၇ ရေ .. ဒီမှာ ခေါ်နေတယ်လေ'
' ရှိ ' .... ။
တစ်ချိန်ကကျွန်တော်
~ ကျွန်တော် နှင့် ခြံအမှတ် (၁၉) ~
သောကဝေနေသည့် ခြောက်ခြားစရာ အိမ်မက်တစ်ခုလို ဟုတ်သလား၊ မဟုတ်သလား ကျွန်တော်မသိပေ။ သူမနှင့် ဆုံခဲ့သည့် အဲ့ဒီညလေးတစ်ညကို ယခုထက်ထိ ကျွန်တော် မမေ့နိုင်သေးပါ။
အဲ့ဒီညကပေါ့...
မိုးတွေ သည်းသည်းမည်းမည်း ရွာနေလေရဲ့။ အချိန်က ည ၈ နာရီလောက်ပဲ ရှိသေးသည်။ လမ်းထဲမှာလည်း လူတစ်ယောက်မှ မတွေ့ရ။ ထိုအချိန်တွင် ရုတ်တရက် လျှပ်စီးလက်သံနှင့်အတူ မိုးကြိုးတစ်ချက်က ကမ္ဘာကြီးကို မကျေနပ်၍လားမသိ ပစ်ချလိုက်သည်။ "ဒိုင်း" ဆိုသည့် အသံအကျယ်ကြီးကို ကြားလိုက်ရသည်။ ဘယ်နားကို ပစ်ချလိုက်သည်ဆိုတာ ကျွန်တော်မသိသော်လည်း တစ်လောကလုံး မှောင်အတိ ဖုံးလွှမ်းသွားသည်။ "မီးပျက်သွားပြီထင်တယ်"။ မြန်မာပြည်မှာက မိုးရွာလျှင် မီးပျက်သည်မှာ အဆန်းတော့မဟုတ်ပေ။
မှောင်မိုက်ခြင်းနှင့်အတူ ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ မသိစိတ်က စိုးရိမ်သလို၊ ကြောက်သလိုနှင့် နောက်ပြန်လှည့်ရမလို၊ ရှေ့ဆက်တိုးရမလို ဖြစ်နေမိသည်။ ရှေ့ကို လှမ်းကြည့်လိုက်တော့လည်း မိုးငွေ့နှင့် မြူတွေကြောင့် ပေ ၁၀ ထက် ပိုမမြင်ရပေ။
"တောက်... ဒီနေ့မှ ဓာတ်မီးက မေ့ခဲ့ရတယ်လို့ကွာ"
ကျွန်တော် မကျေမနပ်နှင့် ကိုယ့်ဘာသာ ညည်းညူလိုက်သည်။ မိနစ်အနည်းငယ်ကြာတော့ မျက်လုံးက အမှောင်ထဲတွင် ကျင့်သားရလာပြီး ပေ ၂၀ လောက်ကို မြင်လာရသည်။ ကျွန်တော် ဘေးဘီကို ဝှေ့ကြည့်လိုက်ရာ လက်မှသည် ဆံပင်အထိ ကြက်သီးများ ဖြန်းခနဲ ထသွားသည်။ ကျွန်တော် ရောက်နေသည့်နေရာက ဘယ်သူမှမရှိသော ဘုန်းကြီးကျောင်းပျက်ကြီး၏ အရှေ့မှာဖြစ်သည်။ ကျောင်းဝင်းထဲမှ သစ်ပင်ရိပ်တွေက လျှပ်စီးလက်လိုက်တိုင်း ကျွန်တော့်ကိုယ်ပေါ်ကို ယိမ်းထိုးကျနေပြီး လိုက်ဖမ်းတော့မည့်အတိုင်း။
ကျွန်တော် ကြောင်ကြည့်နေမိရာမှ အသိစိတ်ဝင်လာသည်နှင့် သုတ်ခြေတင်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ခြေလှမ်းအနည်းငယ်လောက် ပြေးရုံရှိသေး၊ အနောက်က ခြေသံခပ်ပြင်းပြင်းနှင့် တစ်ယောက်ယောက် လိုက်လာသလို ကြားလိုက်ရသည်။ အဖော်ရှိပြီထင်၍ အားတက်သရော နောက်လှည့်ကြည့်လိုက်သော်လည်း ဘယ်သူမှ မရှိပေ။ ကြောက်စိတ်ကြောင့် ရင်တွေ တဒုန်းဒုန်း ခုန်လာပြီး ပါးစပ်ကလည်း ဘုရား၊ တရားကို အကြိမ်ကြိမ် ရွတ်နေမိသည်။
ကျွန်တော် စဉ်းစားမနေတော့ဘဲ တစ်ချိုးတည်း ရှေ့ကို ပြေးပါတော့သည်။ ကျွန်တော် ပြေးသည်နှင့် အနောက်က ခြေသံတွေကလည်း ထပ်ကြပ်မကွာ လိုက်လာသည်။ ထို့နောက် အိုးစည်ဗုံမောင်းသံတွေပါ ကြားလာရသဖြင့် ရုတ်တရက် ရပ်လိုက်ရာ ခြေသံတွေလည်း အလိုလို ပျောက်ကွယ်သွားသည်။ ထိုစဉ် ကျွန်တော့်နောက်ကျောဘက်ဆီမှ ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။
"အစ်ကို... နေပါဦး... နေပါဦး"
မိန်းကလေးတစ်ယောက်၏ အော်ခေါ်သံဖြစ်သည်။ ကျွန်တော် တွေဝေသွားသည်။ လူလား၊ နာနာဘာဝလားဆိုတာ မသေချာသဖြင့် လှည့်ကြည့်ရန် ကြောက်နေမိသော်လည်း အမှန်တကယ် အကူအညီ လိုအပ်နေသူ ဖြစ်နေမလားဆိုသည့် စိတ်ဖြင့် လှည့်ကြည့်လိုက်ရာ အဖြူရောင်အရိပ်လေးတစ်ခု ကျွန်တော့်ဆီ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
"အစ်ကို... ခဏနေပါဦး"
တကြော်ကြော် ခေါ်သံနှင့်အတူ ထိုအရိပ်လေးသည် ကျွန်တော့်ရှေ့သို့ ရောက်ရှိလာသည်။ ကျွန်တော် ထိုကောင်မလေးကို ငေးမောကြည့်နေမိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ သူမက တော်တော်လှသည်။ သူမ၏အလှကြောင့် ကျွန်တော့်ရင်ထဲ ဗို့အားတွေ မနိုင်မနင်း ဖြစ်ကုန်သည်။
"အစ်ကို... ဘယ်ပြန်မှာလဲဟင်"
သူမက စမေးမှ ကျွန်တော် အသိစိတ်ပြန်ဝင်လာသည်။ ဘယ်လောက်ကြာကြာ ငေးနေမိမှန်းမသိသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
"ဗျာ... ဘာပြောတာလဲ မသိဘူး"
"ရှင်... အစ်ကို ဘယ်ပြန်မှာလဲလို့။ ကျွန်မက တော်ဝင်လမ်းကို သွားမှာ။ ဒီနေ့ အိမ်က လာကြိုမယ်ဆိုပြီး အခုထိ လာမကြိုသေးလို့။ အဲ့ဒါနဲ့ ကိုယ့်ဘာသာပဲ ပြန်မယ်ဆိုပြီး ပြန်လာတာ၊ လမ်းထဲရောက်တော့ မီးပျက်သွားလို့။ အဲ့ဒါ ကြောက်ကြောက်နဲ့ အစ်ကို့ကို လှမ်းမြင်လို့ လိုက်လာတာ။ အစ်ကိုကလည်း ယောကျ်ားဖြစ်ပြီး ကြောက်တတ်လိုက်တာ၊ ပြေးနေတာ တန်းနေတာပဲ... ဟီးဟီး"
ကျွန်တော် တော်တော်ရှက်သွားသဖြင့် ရှက်ပြုံးလေးသာ ပြုံးနေမိသည်။
"အော်... ကျွန်တော်က မင်းလမ်းတင်ပါ"
"ဟင်... ဒါဆို သွားပါပြီ၊ ဒီက ကြောက်ပါတယ်ဆိုမှ"
သူမက နှုတ်ခမ်းလေးရွဲ့ပြီး ပြောပုံက ချစ်စရာကောင်းလွန်းလှသည်။
"အစ်ကို... ညီမကို လိုက်ပို့ပေးလို့ မရဘူးလားဟင်။ ဒီမှာ တစ်ယောက်တည်းဖြစ်နေလို့ပါ၊ နော်... လိုက်ပို့ပေးပါ"
သူမ၏ ချွဲပြစ်ပြစ် တောင်းဆိုသံကို ဘယ်ယောကျ်ားလေးက ခံနိုင်ရည် ရှိပါ့မလဲ။
"ဟုတ်ကဲ့... ဒါဆို ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
"ကျေးဇူးအနန္တပါ အစ်ကို"
"ရပါတယ်ဗျာ။ အမှန်ပြောရရင် ကျွန်တော်လည်း ကြောက်နေတာပါ။ အခုတော့ ခဏတဖြုတ် အဖော်ရတာပေါ့"
ကျွန်တော် ရယ်ကြဲကြဲနှင့် ပြောလိုက်ရာ သူမက မျက်စောင်းလေး ထိုးလိုက်ပြီး…
"ဒါဆို ငကြောက်ကြီးပေါ့ အစ်ကိုက" ဟု မထိတထိ စလိုက်သေးသည်။
ကျွန်တော်တို့ နှစ်ယောက် တော်ဝင်လမ်းဆီသို့ ဖြည်းဖြည်းမှန်မှန် လျှောက်လာကြသည်။ သူမက သင်တန်းအစုံ တက်နေသည့်အကြောင်း၊ အိမ်က လာမကြိုသဖြင့် စိတ်တိုနေသည့်အကြောင်းနှင့် ကျွန်တော့်ကို ကျေးဇူးတင်သည့်အကြောင်း တတွတ်တွတ် ပြောလာသည်။ ကျွန်တော်လည်း သူမပြောသမျှကို နားထောင်ရင်း၊ မျက်နှာလေးကို ခိုးကြည့်ရင်း ငေးရသည်မှာလည်း အမောပေါ့။ ချစ်စိတ်ဝေနေချိန်ဆိုတော့ မိုးပေါက်သံမှအစ ည၏ မှောင်မိုက်ခြင်းအဆုံး အရာအားလုံးက ကဗျာဆန်ဆန် လှနေတော့သည်။
ကျွန်တော့်ကြည်နူးမှုတွေ မဆုံးခင်မှာပင်…
"အစ်ကို... ကျေးဇူးပဲနော်၊ ညီမအိမ်ရောက်ပြီ"
သူမ၏အိမ်ကို လှမ်းကြည့်လိုက်သောအခါ ကျွန်တော် စဉ်းစားရကျပ်သွားသည်။ ဒီအိမ်ကြီး ဘယ်တုန်းက ဆောက်လိုက်သလဲပေါ့။ ဆေးရောင်မှိန်မှိန်နှင့် အိမ်အိုကြီးပုံစံ ပေါက်နေသည်။ ကျွန်တော် ဒီလမ်းက ဖြတ်သွားဖြတ်လာ လုပ်နေကျဖြစ်သော်လည်း ဒီအိမ်ကြီးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"အစ်ကို... အခုလို လိုက်ပို့ပေးတာ ကျေးဇူးကမ္ဘာပါနော်။ နောက်လည်း အိမ်ကို လာလည်ပါဦး၊ ခြံအမှတ် (၁၉) နော်"
ကျွန်တော်လည်း ခြံနံပါတ် (၁၉) ကို စိတ်ထဲ မတင်မကျနှင့် မှတ်သားရင်း အိမ်ပြန်လာခဲ့သည်။ သူမ၏ ပုံရိပ်တွေ၊ အပြုံးတွေက ကျွန်တော့်ရင်ထဲမှာ အတူပါလာခဲ့သည်။
နောက်တစ်နေ့တွင် စက်ဘီးလေးစီးပြီး သူမဆီ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်တော် တော်ဝင်လမ်း အစမှအဆုံးထိ ရှာသော်လည်း မနေ့ညက အိမ်ကို ရှာမတွေ့ပေ။
"အိုး... ဘုရားကယ်ပါ"
ခြံနံပါတ် (၁၉) သည် ပျောက်ချင်းမလှ ပျောက်နေသည်။ အိမ်နံပါတ် (၁၇) ပြီးလျှင် (၂၁) ဖြစ်နေသည်။ သေချာပြီ၊ ကျွန်တော် ညက တစ္စေခြောက်ခံလိုက်ရပြီ။ ကျွန်တော်သည် ခြံအမှတ် (၁၇) နှင့် (၂၁) ကြားတွင် တွေဝေစွာ ရပ်ကြည့်နေမိသည်။ ကျွန်တော်ရပ်နေသည့်နေရာသည် သူမ၏ ခြံရှေ့ဖြစ်မည်ဆိုလျှင် သူမလည်း ကျွန်တော့်ကို ရပ်ကြည့်နေမှာပဲဟူသော အတွေးဖြင့်ပေါ့။
လက်တွေ့ဘဝတွင် တစ္စေမနှင့် ချစ်ကြိုက်သည့် ဇာတ်လမ်းများသည် မဖြစ်နိုင်ဟု ဆိုကြသော်လည်း ကျွန်တော့်အတွက်ကတော့ ဒါဟာ ဖန်တီးထားသော ဇာတ်လမ်းမဟုတ်ပေ။ သူမနှင့်သာ ထပ်မံဆုံတွေ့ခွင့် ရှိဦးမည်ဆိုလျှင် ကျွန်တော် လွမ်းဆွတ်ခဲ့ရပုံတွေကို သီချင်းတွေသီပြီး ပြောပြချင်မိသည်။
မိတ်ဆွေတို့အနေဖြင့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ VIP၊ အကွက်အမှတ် (၂၉)၊ တော်ဝင်လမ်းနှင့် မင်းလမ်းဒေါင့်မှာ မိုးရွာသည့်ညများတွင် စက်ဘီးတစ်စီးနှင့် ငေးကြည့်နေသည့် လူတစ်ယောက်ကို တွေ့ခဲ့လျှင်... ကျွန်တော့်၏ တစ္စေမလေးကို မည်သည့်နေရာတွင် တွေ့နိုင်မလဲဆိုတာ ပြောပြပေးကြပါဦး။ တစ္စေမလေးကို ချစ်မိတဲ့ အရူးတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်နိုင်ဖို့အတွက်ပေါ့။
တစ်ချိန်ကကျွန်တော်
Tuesday, August 27, 2024
~ ညိုစိမ့် ~
~ ရုပ် နှင့် နာမ် ကောက်ခြင်း ~
ကျွန်တော်က သက်ရှိ လူသား တစ်ယောက်ပါ။ သက်ရှိ လူသားကို တရားသဘောအရကြည့်ရင် ရုပ် နဲ့ နာမ် နဲ့ ပေါင်းစပ်ထားသည့် သတ္တဝါ ဖြစ်သည် ။ ကျွန်တော့်မှာ ပြသာနာတစ်ခုရှိသည်။ သူမ ကျွန်တော့်ကို ထားသွားသည့် အချိန်ကစပြီး တစ်နေ့တစ်နေ့ ရုပ် နဲ့ နာမ် ဖောက်လွှဲ ဖောက်ပြန် ဖြစ်လာနေသည်။ ရုပ် နဲ့ အသက်ရှင် ရမလား နာမ်နဲ့ အသက်ရှင် နေထိုင်ရမလား ဝေခွဲမရသည့် ပုစ္စာများစွာနှင့် ရုပ်ကတော့ သနားစရာ ပိုကောင်းပါသည်။ တစ်နေ့တစ်နေ့ အိပ်လိုက် ထလိုက် စားလိုက်နဲ့ ကမ္ဘာကြီးရဲ့ ပြသာနာတွေ နဲ့ သူမ ၏ " ပိုင်ဆိုင်သူရှိသည်ဖြစ်ကြောင်းအမှာ " စာတန်းကြောင့် နေအိမ် အကျယ်ချုပ် ကျသွားခဲ့ပြီး ဖြစ်သည်။
ခက်တာက နာမ်က ရုပ်ကို ကူညီဖေးမခြင်းမရှိပေ။ ဒီအတိုင်းသာ နာမ်က ရုပ်ကို ပြစ်ထားရင် ရုပ်က မကြာခင် ပြိုလဲဖို့ သေချာနေပြီ ။ 'စိတ်ပျို .. ကိုယ်နု' 'စိတ်ထောင်း .. ကိုယ်ကြေ' ဆိုသည့် စကားများရှိပေမယ့် ကျွန်တော်၏ ရုပ် နှင့် နာမ်ကို ဘယ်လို စကားပုံတွေနှင့်များ ခိုင်းနှိုင်းအဖြေရှာရမလည်းမသိပေ။ နာမ်က မိုးလင်း မိုးချုပ် မအိပ်ပဲ သူမ ဆီပဲ သွားသွားနေခြင်းက ပြိုလဲသွားဖို့ ပိုမြန်ဆန်သည်လေ ။ အိပ်ချိန်ရောက်တုန်းခဏ ရုပ်ကို လာတွေ့လိုက် ပြီးရင်ပြန်ထွက်သွားလိုက်နဲ့ ရုပ် မှာ ညည အိပ်မပျော်တဲ့ ရက်က တော်တော်များလာသည်ပေါ့ ။ ဒါကြောင့် "စိတ်ရူး .. ကိုယ်ရှာ" ဆိုသည့် စကားပုံတစ်ရပ်အား ရှာဖွေလိုက်သည်လို့ ဆိုပါရစေ။
ကျွန်တော့် ရဲ့ နာမ်က သူမ ကိုတော်တော်ချစ်သည် ။ မိုးလင်းမိုးချူပ် သူမ အနားပဲ အမြဲ ရှိနေတယ်။ သူမ အလုပ်လုပ်ချိန် စားချိန် အိပ်ချိန် အချိန်တိုင်းပေါ့ဗျာ။ သူမ အခြား ယောက်ျားလေးတွေ နဲ့ စကားပြောချိန်တော့ သူ ခဏ ပြန်လာသည် ။ အီးမှန်တဲ့ ရုပ်လေးနဲ့ .. 'ကြည့်ကြပါဦးဗျာ'။
ရုပ်သည် သူမ နှင့် အတူရှိခဲ့သည့် အချိန်တုန်းက အမှတ်တရတွေ သူမ ပတ်ဝန်းကျင်မှာ အများကြီး ထားခဲ့ပါသည်။ ကျွန်တော် နဲ့ သူမ၏ အမှတ်တရတွေအတွက် ရုပ်က တာဝန်ကျေပါသည်လေ ။ နာမ်ကတော့ သူတာဝန်မကျေဘူးဆိုတဲ့ ခံစားချက် ရှိပုံရသည် ။ ဒါကြောင့် နေ့မအား ညမအား သူမ ကျွန်တော့် ကို သတိရစေဖို့ ကြိုးစားနေလေရဲ့ ။
"ကျွတ် .. ကျွတ် .. သနားပါတယ် ဟယ်"
ကျွန်တော် သူတို့ကို ဖြစ်စေချင်သည်က သူတို့ နှစ်ယောက် တိုင်တိုင်ပင်ပင် နဲ့ သူမ အချစ်ကို ပြန်ရဖို့ ကြိုးစားစေချင်သည်။ ဒီအချိန် မှာ နာမ်က ရုပ်ကို ဆွဲခေါ်သင့်သည်လေ။ ဒီလို မညီမညွှတ်ဖြစ်နေရင် ဘယ်အောင် မြင်ပါ့မလားဗျာ ။ ကျွန်တော့်မှာလည်း ခုလို ရုပ် နဲ့ နာမ် ဖောက်လွှဲဖောက်ပြန် လုပ်နေတာကြောင့် နေ့တိုင်း ခေါင်းကိုက်နေရသည်။
"ဟောင့် .. Decogen ရှိတယ်လို့တော့ မပြောပါနှင့်" သူမ ကိုယ်တိုင်က Decogen ဖြစ်စေဖို့ပဲလိုတာပင်။ ကျွန်တော့်ကို ကယ်ပါလို့ သူမ ကို မပြောချင်ပါဘူး။ ကုသိုလ်ပြုတယ်လို့ သဘောထားပြီး ရုပ်နဲ့ နာမ်အတွက် အားဖြစ်စေမယ့် စကား တစ်ခွန်းပဲ အလှူခံပါရစေ။
ဒီစကားက .. ကိုကိုလို့ပဲ ခေါ်ခေါ် ၊ ချစ်တယ်လို့ပဲ ပြောပြော ၊ မုန်းတယ်လို့ပဲ ဆိုဆို ၊ ဘာပဲပြောပြော ဆိုဆို စကားလေး တစ်ခွန်းသာ ပြောပေးပါ။ ဒါမှမဟုတ် ခပ်ရိုင်းရိုင်းလေး "စောက် ရူးကြီးရေ" လို့ သာခေါ်လိုက်ပါ။
ခင်ဗျာတို့လည်း .. ဒီတိုင်းဖတ် မနေကြနဲ့လေ "စောက်ပေါကြီးရေ .. စောက်ရူးကြီးရေ" လို့ ဝိုင်းအော် ပေးကြပါဗျာ ။
တစ်ချိန်ကကျွန်တော်
~ အပြုံးတု၏အမုန်း ~
အပြုံးတု ၏ အမုန်း ။ ထိုစကားလုံးက ပေါ့ပေါ့လေးလို့ ထင်ရပေမယ့် တွေးကြည့်ရင် ကြောက်စရာကြီးပါ။ အပြုံးတွေ၏ နောက်ကွယ်မှာ သေလောက်စေမည့် အငြိုးတွေ ဘယ်လောက်တောင်များရှိနေမလည်းနော်။
Monday, August 26, 2024
~ ဝေး ... ဝေး ... ဝေး ~
စိတ်တွေသည် တိမ်မှာဆွဲသည့် အရုပ်တွေလို စက္ကန့်မျှသာ ဆွဲလိုက်၊ ပျောက်လိုက်၊ ပြောင်းသွားလိုက်နှင့် ။ သူမ မရှိတော့ဘူးဆိုသည့် ကျွန်တော့် အနာဂတ်ကို တွေးရင်း တစ်ယောက်ထဲ ကြေကွဲနေရသည့် အခိုက်အတန့် ။ သေသည်အထိ ဘာတွေပဲ ဖြစ်ဖြစ် လက်ကိုမြဲမြဲ ဆုပ်ကိုင်ထားမှာပါဆိုသည့် သူမ၏ ကတိစကားတွေ သည် အရက်ပြန် တောင် အငွေ့ပြန်တာ ကြာဦးမည် ။
"ခေး .. ကို နှင့် အဲ့ကောင်ဘယ်သူကို ရွေးမှာလည်း"
သူမ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။ စဥ်းစားနေဟန်ဖြင့် အဖြေက ရှိပြီးသားပုံနယ်။
"သူ့ကို .. ရွေးတယ်"
နှစ်ပေါင်းများစွာတည်ရှိခဲ့သည့် သံယောဇဥ်သည် လ ပိုင်းလေးမျှ သူမ ပက်သက်နေခဲ့သည့် ကောင်လေးတစ်ယောက်က အနိုင်ယူသွားသည်တဲ့လား။
သူမအတွက် နောက်ဆုံး ခက်ခဲသည့် ရွေးချယ်ခြင်းတွေကြားထဲက ကျွန်တော့်ကို ထားသွားမည့် လမ်းကိုပဲ သူမ ထပ်မံ ရွေးချယ်သွားခဲ့သည်။ ကံမကုန်ရင် ပြန်ဆုံကြမယ် ဆိုသည့် အခွင့်အရေးလည်း မရှိသလို ကျွန်တော်သည် သေလူ တစ်ယောက်လို သူမ အနားက ခွဲခွာပေးရတော့မည်။ သေကွဲကွဲတာထက် ရှင်ကွဲက .. ဘယ်ကမ္ဘာ ဘယ် နှစ်နှစ်ကြာဦးမည် မသိပေ။ ကျွန်တော့် စိတ်တွေ ရူးသွားသည် အထိ အနှောက်ယှက်ခံရတော့မည်။
အချစ်ဆုံး ဖြစ်ခဲ့လို့ အချစ်တွေ အားလုံးပေးခဲ့လိုကခြင်းသည် နောက်ဆုံး အချစ်ရူး နဲ့ ပြသာနာကောင် အဖြစ် သူမ ဘဝထဲမှ ရှုံးနိမ့်စွာ ဆုတ်ခွာပေးရသည့် အချစ်ရှုံးသမား ဘဝအဖြစ်လား ။
တောင်းဆိုချင်သည့် ဆန္ဒလေးတခုသာ ပြည့်စေမယ်ဆိုလျှင် သူမ ပေးခဲ့သည့် ကတိစကားတွေအတိုင်း ဘာတွေပဲ ဖြစ်ဖြစ် သေတဲ့အထိ ကျွန်တော့် လက်ကလေး ဆွဲကိုင်ထားစေချင်သည်။
အရာရာသည် သဗ္ဗေ သတ္တာ ကမ္မသကာ ပင် မဟုတ်ပေလား။
" ကိုး အတွက် ယောကျ်ားလေး တစ်ယောက် မွေးပေးမယ်နော်" ဆိုသည့် သူမ၏ စကားသံများ ကြားယောင်လျက် ...
"ခု အဲ့ကလေးက .. အရွယ်ရောက်ပြီးသား ကလေးလား ... ခေး ရယ်" .... ။
တစ်ချိန်ကကျွန်တော်
Sunday, August 25, 2024
~ ချစ်ခြင်း၏တန်ဖိုး ~
ကိုပြုံးရွှင် ၍ သူ ရွှင်ပြုံးသွားသည် ၊
ဒါက ချစ်ခြင်းရဲ့ တန်ခိုးပေါ့ ၊
ချစ်ခြင်းမှာက အပြစ်မရှိ၍ အပြစ်မမြင် ၊
ဒါကြောင့် ...
ရွှင်ပြုံးကြည်သာ စိတ်သာရှိ၏။
တစ်ချိန်ကကျွန်တော်
Saturday, August 24, 2024
~ ကျကွဲ အိမ်မက် မှတ်တမ်း ~
အိမ်ထောင်တစ်ခုမှာ အရေးကြီးဆုံးက ဘာတွေလို့ ခင်ဗျာတို့ထင်ကြလည်း ?
Base မတူတာတွေ လိုက်ညှိရင်း ခင်ဗျာတို့ တွက်ကိန်းထဲမှာတော့ ကျွန်တော်က မှန်ချင်လည်းမှန် မည် မှားချင်လည်း မှားနေမည်ပေါ့.
ခင်ဗျာတို့ ခု တွက်နေတာတွေ ညှိနေတာတွေခဏဘေးထားပြီး ကျွန်တော် နှင့် သူမ ၏ ဇာတ်သိမ်းခန်းလေး အရင်နားထောင်ကြည့်ပေါ့ဗျာ .. ။
စိတ်ဓါတ်တွေက တက်လိုက်ကျလိုက်နှင့် သူမလည်း ကျွန်တော့်နည်းတူပဲ ဆိုတာ ခံစားမိသည်။ အိမ်ထောင်တခုမှာ အဆင်ပြေဖို့ကနားလည်မှုရယ် ချစ်ခြင်းမေတ္တာရယ် ငွေကြေးဥစ္စာရယ် ဒီ ၃ ချက် Balance ညီနေဖို့ လိုတယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ဒီ ၃ ချက်မှာ ငွေကြေးဥစ္စာ မရှာဖွေနိုင်ခြင်းက ကျန်သည့် ၂ ချက်ထက်စာရင် အိမ်ထောင် တစ်ခုကောင်းမွန်စွာတည်ဆောက် ထိန်းကျောင်း နိုင်ဖို့ ပိုလိုအပ်တယ်လေ။ ကျွန်တော် ချစ်တဲ့ အမျိုးသမီးအပေါ် နားလည်မှုပေးနိုင်တယ် ချစ်ခြင်းမေတ္တာလည်း အပြည့်ပေးနိုင်တယ် ငွေကြေးဥစ္စာကတော့ ..ကြိုးစားရှာဖွေနေပါသော်လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့သလို ကိုယ့်တစ်ယောက်စာအတွက် ဝမ်းတစ်ထွာ တောင် အနိုင်နိုင်ဆိုတော့ သူမ ကို အင်မတန်အားနာမိသည်။
"လင်စံရွေး .. လင်ခွေးနဲ့ ညားတဲ့ .. ခုက ခွေးထက်ဆိုးတဲ့ ဘ၀ ... ပြောစရာစကားတောင်မရှိဘူး .. ကျွန်မ ကိုလွှတ်ပေးပါတော့ .. တောင်းပန်ပါတယ်" သူမ၏ ပြောလည်းပြော တောင်းဆိုသည့် အသံများကို ကျွန်တော် ငြိမ်ခံနေယုံသာ တတ်နိုင်ခဲ့သည်လေ။
တချိန်ချိန်အဆင်ပြေလာနိုင် နိုး နဲ့ စောင့်နေတဲ့ သူမ၏ ကျွန်တော့်အပေါ်မျှော်လင့်ချက်သည် အကြိမ်ကြိမ်လဲပြိုခဲ့ရတာကိုလည်း ကျွန်တော် လွန်စွာ အားနာမိသည်။ အတူတူပြန်နေဖို့ ကြိုးစားရင် ကံကြမ္မာက ဝေးဖို့အကြောင်းဖန်လာသည်လို့ ဆင်ခြေမပေးချင်ပါ။ ကျွန်တော် ညံ့လို့ပဲလို့ ကို့ယ်ဘာကိုပဲ အပြစ်တင်တင်မိတယ်။ မကြာခင် အဆင်ပြေလာတော့မယ့် အငွေ့အသက်ကို ကျွန်တော်ခံစား မိပေမယ့် သူမ စောင့်နိုင် မစောင့်နိုင် ကျွန်တော်မသိခဲ့ပါ။ နိုင်ငံတွေခြားပြီးဝေးကွာ နေတာမဟုတ်ပဲ မိုင် ၁၀၀ လောက်ပဲခြားနေတဲ့ ကျွန်တော်တို့ ၂ ယောက် ဘဝ က တော်တော်ဆိုးပါသည်။ ကျွန်တော့် အပြစ်ကြောင့်ပဲ တွေ့ချင်တိုင်းမတွေ့ရ နီးရက်နဲ့ အမြဲလွမ်းနေရတဲ့ အဖြစ်က ဘယ်ကမ္ဘာက ဖန်တီးခဲ့တဲ့ ဝဋ်ကြွေးတွေလည်း ..။ ဒီဘဝကကောင် ကျွန်တော် ခံပြီးသွားရင် ဒီ၀ဋ်ကြွေးက ကျွန်တော် နောက်ဆုံးပဲ ဖြစ်ချင်ပါသည်။
သူမဘဝ နောင်ရေးအတွက် လုံခြုံမှု မပေးနိုင်သေးတဲ့ ကျွန်တော့် အခြေအနေကို "ကို နဲ့ တစ်ခေါက်လောက် ထပ်စွန့်စားပေးပါကွာ" လို့ ကျွန်တော် စိတ်ထဲမှာ အကြိမ်ကြိမ်ပြောနေပေမယ့် ပါးစပ်က ထွက်မလာခဲ့ဘူး ။ ကျွန်နော့်အပေါ် ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူမ အပေါ် ယုံကြည်ပါလို့ အတင်းလည်း မပြောချင်ဘူး ။ လင်ဖြစ်ပြီး လင်ဝတ္တရား မကျေပွန်နိုင်တဲ့ ကျွန်တော်ပဲ အပြစ်ရှိတာပါ။ အသက်အရွယ်အားဖြင့်လည်း အချစ်ကို ယုံလို့ မျက်စိမိတ် ဇွတ်မိုက်တဲ့ အရွယိလည်း မဟုတ်တော့ခက်သား။ ဒါပေမယ့် သူမ နှင့် ကျွန်တော်သည် အချစ်ကို ကိုးကွယ်တဲ့ သူတွေလေ။ အချစ်က ဘဝ နဲ့ ထပ်တူ မကျတော့သည့်အခါ သူမ ထပ်မှားမှာ ကြောက်နေမိတာ ကျွန်တော့်၏ အပြစ်တွေပါပဲ။
ကျွန်တော် သူမ နဲ့ အတူ သာယာတဲ့ မိသားစု အိမ်ထောင်ရေး တခု တည်ဆောက်ဖန်တီးချင်ခဲ့သည်။ သူမလည်း ကျွန်တော်နဲ့ အတူ ထိုစိတ်ကူး အတိုင်းပဲဆိုတာ ကျွန်တော်ယုံသည်။ လက်ရှိ စီးပွားရေး ပြသာနာတွေကို ဘေးဖယ်ထားလိုက် ပြီးတော့ နားလည်မှု နှင့် ချစ်ခြင်းမေတ္တာ ဒီ ၂ ချက်ထဲနဲ့ ကောင်းမွန်တဲ့ မိသားစု တည်ဆောက်လို့ရရင် သိပ်ကောင်းမှာပဲဗျ။ "ကျွန်တော် သူမကို သိပ်ချစ်တယ်" ။ အတ္တကြီးခြင်းတော့ မဟုတ်ပါဘူး ကျွန်တော်နဲ့အတူ ပြသာနာတွေကို အတူတူရင်ဆိုင်ပြီး ဘဝ တိုက်ပွဲကို အချိန်တခုလောက် တူတူ ဝင်တိုက် စေချင်မိခဲ့သည်။ ကျွန်တော် အပြစ်ကြောင့် ကျွန်တော်ပြန်ကြိုးစားနေပေမယ့် ကျွန်တော် အားကုန်ပင်ပန်းနေပြီလေ။ ဘာမှသေချာရေရာ မဖြစ်လာတော့ ကျွန်နော့်ကို "ထားခဲ့လိုက်ပါတော့ .. ထားခဲ့လိုက်ပါတော့" လို့လည်း အကြိမ်ကြိမ်အော်ပြီး စိတ်ထဲက ပြောနေမိသည်။ ဒါမှမဟုတ် ကျွန်နော်နဲ့ အတူတူ တိုက်ပွဲဝင်တဲ့ စိတ်ခွန်အားတွေ သူမကို ပေးသနားဖို့ ကျွန်တော်ဆုတောင်းနေမိခဲ့သည်။
"ကျွန်မ ကြောက်လွန်းလို့ပါ .. ရှက်လွန်းလို့ပါ .. ကျွန်မ နှင့် မပက်သက်ပါနဲ့တော့ .. ရှိကြီးခိုးပါတယ်" ... ဒီစကားတွေက သူမ အထပ်ထပ်အခါခါ အကြိမ်ကြိမ်ပြောနေကြ စကားတွေပဲလေ။ ကျွန်တော်လား .. ရင်နာတာပေါ့ဗျာ။
ဒီ အိမ်ထောင်ရေး ကို သူမ နဲ့အတူ ရိုးမြေကျ ပေါင်းသင်းဖို့ မျှော်လင့်ထား .. ကြိုးစားနေသော်လည်း ကံတရားက မအေးအေးဝင်း စီစဥ် ဖန်တီခြင်း မဟုတ်ပေ။ ကျွန်တော် ခြေကုန် လက်ပန်း ကျနေပါပြီ ။ သူမဘေးမှာ တူတူရှိရင်း ဘဝကို လောဘမကြီးပဲ အေးအေးချမ်းချမ်း ပုံမှန်အခြေအနေလေးနဲ့ ဖြတ်သန်းနိုင်ဖို့ အခွင့်အရေးလေး ထပ်ရနိုင်ပါစေလို့ပဲ ဆုတောင်းရင်း ကျွန်တော် ငိုကြွေးရဥိးမယ်ထင်သည်။ တကယ်တော့ သူမ ၏ ဆုံးဖြတ်ချက်သည် ကျွန်တော်တို့ ၂ ယောက်ပေါင်းစည်းနိုင်ဖို့ သူမ၏ ဆန္ဒ တခုသာလိုပါသည်။ သူမ၏ အတ္တ မာန တွေ ခဏဘေးချိတ်ထားပြီး နားလည်မှု ချစ်ခြင်း မေတ္တာတွေနဲ့ အတူ ငွေကြေးဥစ္စာ အဆင်ပြေဖို့ ဘဝ ကို အစက ရိုးသားစွာ ပြန်စချင်သည်။ ကျွန်တော့်အမှားတွေကိုလည်း ကျွန်တော်ပြင်နေပီလေ။ သူမ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ခုဒီအချိန်မှာတော့ သူမရဲ့ စိတ်ဆန္ဒကို လေးစားသောအားဖြင့် သူမ၏သဘောထားကို လိုက်လျောပေးနိုင်ဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ဆူးခင်းလမ်းကို သူမ ထပ်မဖြတ်ချင်တော့မှာကိုလည်း ကျွန်တော် နားလည်ပေးနိုင်ပါသည်။ ကျွန်တော့်၏ ဆန္ဒသည် သူမနဲ့အတူ လက်ရှိပြသာနာတွေကိုရင်ဆိုင်ပြီး ဘဝကို အစက ပြန်စချင်တဲ့ ဆန္ဒပါ။ ဒါပေမယ့် ဆန္ဒနဲ့ ဘဝ ထပ်တူကျဖို့ဆိုတာက အိမ်မက်လိုပါပဲ ။
သူမ၏ အသက်အရွယ် နှင့် နုပျိုမှု အချိန်ကောင်း ရှိနေသေးသည့်အတွက် ကျွန်တော် ဆွဲမထားရက်ခြင်းက ကျွန်တော်၏ ချစ်ခြင်းမေတ္တာ တစ်ခုပါ။ ကျွနိတော့်၏ စေတနာ ကျွန်တော့်၏ ချစ်ခြင်း မေတ္တာ နှင့် ကျွန်တော်၏ အပြစ်တွေကို သူမ ကောင်းစွာနားလည် ပေးပြီး .. သူမ ၏ ဘဝအတွက် သေချာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချနိုင်ပါစေလို့ ဆုတောင်းပါသည်။ ကျွန်တော် အဆင်မပြေသေးပေမယ့် သူမ အဆင်ပြေဖို့ပဲ ဆုတောင်းရင်းပေါ့။ စိတ်ရဲ့ အခြားတဖက် ဆန္ဒကလည်း တစ်ယောက် နဲ့ တစ်ယောက်လက်ကိုမြဲမြဲတွဲပြီး ရင်ဆိုင်ရှေ့ဆက်နိုင်ဖို့ စိတ်ကူးများဖြင့်ပေါ့။
တကယ်တော့ .. သူမက ကန်ရေပြင်ကြီးပါ ကျွန်တော်က သူမ အတွက် ခဲ တလုံးသာဖြစ်သည် ။ လှိုင်းထ သွားခဲ့သည့် သူမ၏ ဘဝ အတွက် ကန်ရေပြင်အောက် မှာ ငြိမ်သက်စွာနေတော့မည့် ခဲလေး တစ် လုံးဘဝ ကို သူမ ထပ်မံ ကြိုဆိုချင်မှာ မဟုတ်ပါဘူးလေ။ ခဲ က ကန်ရေပြင်ကို မညစ်နွမ်းစေပါဘူး ။ တဒဂ် လှိုင်းထ စေခဲ့ယုံမျှသာ ။
ချစ်ရ ပါသော
"ပန်း"
၁၆ နှစ်တောင် တိုင်ခဲ့ပေါ့
"ပန်း" က လှမြဲ
"ပန်း" က နုမြဲ
"ပန်း" ကို ချစ်ဆဲ ပေါ့။
ဒီကဗျာလေးကို ကျွန်တော် ရေရွတ်ရင်း .. ခု သူမပျော်ရွင်နေတာကို ကြားသိရသည့်အတွက် ကျွန်တော် ကျေနပ်ပါသည်။ 'ပန်း'ရေ .. မုန်းတိုင်းကင်းတဲ့ နေ့တွေ အစဉ်မြဲကြုံပါစေကွယ်။
"ကဲ .. ခင်ဗျာတို့ ခေါင်းထဲမှာ မေးခွန်းတွေရှိနေမယ် ဆိုတာ ကျွန်တော် သိတယ် .. တစ်ချို့က မေးလိမ့်မယ် .. ကျွန်တော်၏ သောက်သုံးမကျမှု အကြောင်းပေါ့ .. တစ်ချို့ကတော့ ဘယ်နေရာများ မှားသွားခဲ့သလဲ ဆိုတာမျိုး ... ကျွန်တော့်အတွက်တော့ သူမ သည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိ သွားခြင်းပေါ့ဗျာ "
တစ်ချိန်ကကျွန်တော်
~ နေကြာ ~
အနေကြာဖို့ နေကြာ က
~ နေကြာ၏တမ်းခြင်း ~
ကမ္ဘာပတ်လမ်းကြောင်း တိမ်းစောင်း
~ ရီဝေယံ အပိုင်းအစ ~
ဘဝ မှာ ပထမဆုံး အရက်ကြမ်း/ဖြူ ကို သောက်ကြည့်သည်။ ကျွန်တော်က အရက်ကြိုက်တဲ့သူတော့ မဟုတ်ပါ။ ရည်ရွယ်ချက်က အိပ်ဆေးသောက်လည်း အိပ်မပျော်တဲ့ အခြေအနေကနေ အရက်ပြင်းပြင်းသောက်ရင် အိပ်များပျော်လေ မလားလို့ပင်။ ဒီ သောက်အရက်ဖြူက အဝင်ကတော်တော်ဆိုးပါသည်။ တစ်ခွက်ကုန်ဖို့ တော်တော်အရှိန်ယူရသည်။ အမြည်းကတော့ လတ်လတ်ဆက်ဆက် ကွဲထားတဲ့အသည်း ရယ် ၊ သူမ ကိုချစ်တဲ့ အချစ်တွေနဲ့ သူမ အပေါ်ထားသည့် သစ္စာတရားတွေ ကိုရောသမမွှေပြီး မြည်းသည်ပေါ့။ အရသာ လေးလေးပင်ပင်လေး ရှိအောင် မျက်ရည်တွေလည်း ခပ်လိုက်ပါသေးသည်။
Friday, August 23, 2024
~ ကျွန်တော် ရေးခဲ့ဖူး သောပေါက်ကရ ကဗျာ များ (၂) ~
မင်္ဂလာပါ ပုရိသ သူတော်ကောင်း နှင့် လူယုတ်မာ အပေါင်းတို့ ။ လက်တလော အသည်းက လတ်လတ်ဆတ်ဆတ်ကွဲ မင်းကျန်စစ် ရဲ့ ညီတော် မင်းကျန်ရစ်လို ထင်ရပေမယ့် ဘ၀က လီယိုနာဒို နှင့် ကိတ်ဝင်းစလတ် ရဲ့ အဖြစ်အတိုင်းပေါ့ဗျာ။ သို့သော်ငြားလည်း အချိန်အခါက ကဗျာကို ဘာသာပြန်ရမယ့် ကာလ သို့ အခါတော်ရောက်လာသဖြင့် မည်သို့မည်ပုံရေးမိသွားသည် မသိသော ကဗျာများအား ခုခောတ်စားနေကြ စကားလုံးအဆိုအရ Reviewd လုပ်မည်ပေါ့ဗျာ။
** အော့ အော့ **
ရိုးရှင်းဖွယ် ပါးကွက်ကြား
ဆံကေသာ အလှသွင်မှ
မျက်လုံးတွင်ကာချယ် စိုးပါလို့
နှုတ်ခမ်းမှာ လိုင်နာ အလှတွေနှင့်
မျက်နှာဝယ်အိုကွယ် ဖုတ်ကာလူး
ကေသာမှာ လှိုင်းတွန့်ကာ
အကြေသားရယ်ဖြင့်
ရောင်ခြည်တွေ ကွက်ကာဆိုး ..
မြင်ရသူမောလောက်တယ် ..
အော့ …. အော့ .. ။
ဟိုအရင်ကွယ် .. ရင်ဖုံးလက်ရှည်မှ
ဘော်လီမပါ ဟိုကြိုးတစ်ချောင်းရယ်နှင့်
ချက်လေးကို ကွက်ကာဖော်လို့
ဂုဏ်တုကာ သူ့အလှပြိုင် စံရှား
မြင်ရသူစိုးထိတ်တယ်
အော့ .. အော့ … ။
တွေ့တိုင်းငေး ရှုတိုင်းယဉ်
မြန်မာဆန် သူ့အလှသွင်မှ
စကတ်ကို ထက်ကာတိုလို့
ပေါ်နှံနှံ သူ့အလှကြောကို
ဖော်ထုတ်ကာ ကြွားကာပြ
မြင်ရသူရင်မောတယ် ..
အော့ .. အော့ … ။
ကဗျာကို အစအဆုံးတစ်ခေါက်လောက် ဖတ်ရင်တော့ဖြင့် ဗိုက်ကြီးသည်လေနာ စွဲနေသည့်အလား ။ ကိလားသာကုန်ခမ်း တဲ့ အမောင်ဘိဝံသ တစ်ယောက်ယောက်များရေးထားသလိုတောင်ထင်ရသည်။
ရိုးရှင်းဖွယ် ပါးကွက်ကြား
ဆံကေသာ အလှသွင်မှ
မျက်လုံးတွင်ကာချယ် စိုးပါလို့
နှုတ်ခမ်းမှာ လိုင်နာ အလှတွေနှင့်
မျက်နှာဝယ်အိုကွယ် ဖုတ်ကာလူး
ကေသာမှာ လှိုင်းတွန့်ကာ
အကြေသားရယ်ဖြင့်
ရောင်ခြည်တွေ ကွက်ကာဆိုး ..
မြင်ရသူမောလောက်တယ် ..
အော့ …. အော့ .. ။
အမယ် .. ကဗျာရဲ့ အဓိပ္ပာယ်ကိုက ကောင်မလေးတစ်ယောက်ကို ကြိတ် Crush နေတဲ့ပုံ။ သို့ပေမယ့် ထိုကောင်မလေးက ရိုးရိုးသားသား ပါးကွက်ကြားကနေ ခေတ်ဆန်ဆန် ပုံစံပြောင်းလေတော့ အမောင်စာရေးသူက ကြေကွဲခံစားနေရဟန်သူရဲ့ ။ ဘယ်လောက်တောင် ကြေကွဲခံစားနေရသလည်းဆို 'မင်းကိုချစ်ပေမယ့် မြင်ရတာ အော့နှလုံး နာလိုက်တာ အချစ်ရာ' ဆိုသည့် ခံစားချက်မျိုးဖြစ်မယ်။
ဟိုအရင်ကွယ် .. ရင်ဖုံးလက်ရှည်မှ
ဘော်လီမပါ ဟိုကြိုးတစ်ချောင်းရယ်နှင့်
ချက်လေးကို ကွက်ကာဖော်လို့
ဂုဏ်တုကာ သူ့အလှပြိုင် စံရှား
မြင်ရသူစိုးထိတ်တယ်
အော့ .. အော့ … ။
ကဗျာရေးသူ အမောင်လုလင်က သူ့ကောင်မလေးရဲ့ မျက်နှာတော်တင် မဟုတ် ခန္ဒာကိုယ် အစိတ်အပိုင်း ဖော်လစ်ထားပုံ နဲ့ ဝတ်စားပုံလည်း ကြိုက်ပုံမရဘူးလေ။ သူ့အနေ့နဲ့ ပြောခွင့်လည်းမသာ၊ ပြောရေးဆိုခွင့်လည်း ရှိပုံမရ။ ဒီလိုဝတ်စားတာ မကြိုက်ဘူး ဆိုပြန်ရင်လည်း ဟိုက 'နင့် သောက်ကြောင်းပါလား' ဆိုခက်ပေဦးမယ်။ ဒါကြောင့် မကြိုက်တာကို ကဗျာအဖြစ်ရေး ခံစားချက်ကိုဖော်ထုတ်ခြင်းဖြစ်ရမယ်။ သို့သော်ငြား .. တ အော့ အော့ ဖြစ်နေတာကတော့ တော်တော်ဆိုးဗျာ။
တွေ့တိုင်းငေး ရှုတိုင်းယဉ်
မြန်မာဆန် သူ့အလှသွင်မှ
စကတ်ကို ထက်ကာတိုလို့
ပေါ်နှံနှံ သူ့အလှကြောကို
ဖော်ထုတ်ကာ ကြွားကာပြ
မြင်ရသူရင်မောတယ် ..
အော့ .. အော့ … ။
အမောင်လုလင် က ခေါင်းအစအခြေအဆုံး အသေးစိတ်ကအစ ကောင်မလေးကိုကြည့်ပြီးရေးထားပုံများ မသိရင် 'ငါ့ အပိုင် .. ငါ့အပိုင်' ဆိုသည့်ပုံနယ်။ ကောင်မလေးက သူ့မှာရှိတာ သူကြွားတာ 'နင့် သောက်ပူ' ပါတာကြနေ။ ကဗျာရေးသူ အမောင်လုလင် မခံစားနိုင်ရင် မကြည့်နိုင်ရင် မကြည့်နဲ့ပေါ့ .. ကောင်မလေးက ဒီလောက် ကာလ ရူပ ဒါန လုပ်နေတာကို ဖျက်လိုဖျက်စီး လုပ်တဲ့ကောင်ပင်။ ဒီအမောင်လုလင်က ၉၆၉ ဂိုဏ်းဝင် တစ်ယောက်ပဲဖြစ်ရမယ်။ အခွင့်အရေးရမယ်ဆိုရင် အလယ်တန်းသင်ရိုးမှာတောင် ထည့်ချင်မယ့် ပုံစံဗျ။ ကဲ .. ဒီအမောင်လုလင်က ၉၆၉ ပဲဖြစ်ဖြစ် ၉၆၇ ပဲဝင်ဝင် . ကဗျာ တစ်ပိုဒ်ဆုံးတိုင်း တအော့အော့ နဲ့ ဆိုတော့ ရေးတဲ့အချိန် ရေချိန်များကိုက်နေသရော့လား (သို့မဟုတ်) မစင်တွင်းထဲပြုတ်ကျပြီး တက်လာ ရေးထားသလားတောင်ထင်ရတယ် ။
ကဲ .. ခင်ဗျာတို့လည်း ဖတ်ပြီး .. တအော့ အော့ တော့ဖြစ်နေကြပြီမဟုတ်လား ?
တစ်ချိန်ကကျွန်တော်
~ Final Round ~
ဒါ နောက်ဆုံး တိုက်ပွဲ ပေါ့ အချစ်ရယ် ...
သေရင် "ကို"
ရှင်ရင် မကွာ
အမြဲတူ သက်ဆုံးထိပေါ့ ။
လက်သန်းခြင်း ချိတ်ထားရုံမျှ
ဒီ တိုက်ပွဲက
အဆုံးသတ် အစွန်း နှစ်ဘက် "ကကြိုး"
ကြေကွဲမှု နှင့်
ပျော်ရွင်ခြင်း မျဥ်းတခု အတွက်
"ကဗျာ" ။
တစ်ချိန်ကကျွန်တော်
~ ခြွင်းချက်မရှိ ~
ကိုယ့်ဇာတ်ကောင်ကို ကိုပြန်ချစ်မိတဲ့ စာရေးဆရာတစ်ယောက် ရဲ့ အသည်းကွဲခန်းက .. ဇာတ်လမ်းကို မိမိအလိုကျ အဆုံးမသတ် နိုင်ခြင်းပဲ။ ကျွန်တော်က နှလုံးသားကြီးတစ်ခုလုံးရင်းနှီး ပေးဆပ်ပြီးချစ်တယ် .. သူမ ကတော့ ဖောင်တိန်လေးတစ်ချောင်းပြန်ပေးသလိုမျိုး။ ဒါကို ဝေဒနာတစ်ဝက် မျှော်လင့်ချက်တစ်ဝက် လို့ခေါင်းစဉ်တပ်ရင် ဇာတ်လမ်းတွေက အဆုံးသတ် တိုင်းမှာ ကြေကွဲစရာတွေကြီးပဲပေါ့။
ကဗျာဆရာတစ်ယောက်ရဲ့ နှလုံးသားကို သူမကို အားလုံး ပေးပြီးမှတော့ ... ဘာများ ချစ်စရာကောင်းတဲ့အခိုက်အတန့်တွေကျန်ခဲ့ဦးမှာလည်း။ ကြေကွဲဖွယ် ဇာတ်သိမ်းတစ်ခုကို ဖတ်လိုက်ရတဲ့ ခင်ဗျာတို့တွေက လွမ်းတသသ နဲ့ ငိုရမည်ဆိုလျှင် ဖန်တီးသူ စာရေးဆရာ ကျွန်တော်သည် ဘယ်လောက်တောင် ခံစားကြေကွဲနေမလည်းဗျာ။
ကျွန်တော် သည် သူမ ကို ခြွင်းချက်မရှိ လှလှပပလေး လွမ်းနေပါရစေ၊ ချစ်နေပါရစေ။ ခင်ဗျာတို့ နားမလည်နိုင်သည့် Being Unconditional Love ဆိုသည့် အသုံးအနှုန်းက ကျွန်တော့်အတွက် ခင်ဗျာတို့ မသိတဲ့ ကဗျာတစ်ပုဒ်ပေါ့။ Meng Ran ၏ Shi Ni သီချင်းထဲက စာသားအချို့လို့ သူမက ကျွန်တော့်အတွက် တောင်တွေ မြစ်တွေ စမ်းချောင်းလေးတွေ နဲ့ မိုးတွေ ဖန်တီးပေးခဲ့သလို ရွံတွေထဲက ကျွန်တော့်ကိုပါ ပြန်ရှာပေးခဲ့ခြင်းပါ။ ကျွန်တော်က ကဗျာဆရာ တစ်ယောက်ပါ .. ကဗျာတွေရေးရင် တိတ်တိတ်လေးပဲ လူမသိသူမသိ ပျောက်သွားချင်တယ် .. ။
တစ်ချိန်ကကျွန်တော်
Thursday, August 22, 2024
~ လမ်းခွဲ ညနေ ~
ကျွန်တော့်ဘ၀မှာ အမြဲလက်ကိုင်ထားသည့် ဆောင်ပုဒ် (၂) ခုရှိသည်။ 'Seeing is Believing' မြန်မာလိုဆို မြင်မှယုံပေါ့ဗျာ။ အထောက်အထားခိုင်လုံခြင်းမရှိသည့် မည်သည့်ကိစ္စမဆို လက်တွေ့မကျ မမြင်ရရင် ဘာမျှ မယုံနှင့်ဆို ပိုမှန်မည်။ နောက်တစ်ခုက 'Action Never Lies' အပြုအမူလုပ်ဆောင်ချက်တွေက မလိမ်ဘူးမညာဘူးပေါ့။ လူတစ်ယောက်က ဘယ်လောက်ပင် အပြောကရွှမ်းရွှမ်းဝေအောင်ပြောနေပေမယ့် သူပြောသည့်စကားနှင့် လက်တွေ့လုပ်နေသည့် အရာက ဒီလူတစ်ယောက်ကို အကဲဖြတ်ပေးနိုင်သည်လို့ ပြောရင်လည်းရသည်ပေါ့။ ကျွန်တော် ဒီဆောင်ပုဒ် ၂ ခုကို စိတ်နှလုံးသွင်းပြီး အမြဲကျင့်ကြံတယ်လို့ ပြောရင်ပိုမှန်လိမ့်မည်။
ဖြူလေးက ကျွန်တော့်ကို သတိပေးဖူးသည်။ 'ကိုကြီး .. မလီလီက ချစ်သူရှိတယ်နော် .. မကြိုက်နဲ့ .. ကိုကြီးပဲခံစားရလိမ့်မယ်" ကျွန်တော်သည် ဖြူလေး ပြောသည်ကို ဘယ်ဘက်နားက နားထောင်ပြီး ညာဘက်နားက ထိုစကားတွေကို စွန့်ထုတ်ခဲ့သည်လေ။ အမကို သိပ်ချစ်သော ညီမ တစ်ယောက်အတွက် ဒဏ်ရာများစွာနှင့် ရှင်သန်နေသည့် အကိုကြီးတစ်ယောက်ကို သူ့အမ လီလီ နှင့် မဖြစ််စေချင်လို့ပဲဟု ကျွန်တော်ယူဆ မိခဲ့သည်။ ဘာကြောင့်လည်းဆိုခဲ့ရင် 'Seeing is Believing' ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျွန်တော် သိနေခဲ့သည့် လီလီ သည် ချစ်သူရှိဟန် မတူသေးသည့် ပန်းပွင့်လေး တစ်ပွင့်နှင့်တူသည်။ ဒါ့အပြင် 'Action Never Lies' ဆိုသည့် ဆောင်ပုဒ်လို လီလီ နှင့် သူ၏ ချစ်သူဆိုသော အမှတ်တရ စာစု လေးက အစ ဓါတ်ပုံများ မတွေ့ရှိခဲ့ခြင်းက လီလီ မှာ ပိုင်ရှင်မရှိသည်လို့ ကျွန်တော်ယူဆခဲ့သည်လေ။
ပန်းချီကားတွေက နှလုံးသားများ၏ ပုံရိပ်ဆိုလျှင် ဓါတ်ပုံဆိုသည်က စကားပြောသော ဓါတ်ပုံများဆို ပိုမှန်မည်။ လီလီ နှင့် သူမ၏ ချစ်သူ ဓါတ်ပုံ story တွင် တင်ထားသည်။ 'လွမ်းတယ်ကိုကို .. ဟိုမှာ အစစအရာရာဂရုစိုက်နော်'ဆိုသည့် ချစ်စရာ Caption လေးနှင့် လွမ်းကြောင်း ချစ်ကြောင်းကို သူတို့ နှစ်ယောက် အပြုံးတွေကို မြင်ယုံနှင့်သိနိုင်သည်လေ။ ထိုဓါတ်ပုံလေးကို မြင်မြင်ခြင်း ကျွန်တော်ရှော့ရသွားခဲ့သည်။ ကျွန်တော်ဆိုခဲ့သလို ဓါတ်ပုံဆိုသည်က စကားပြောသော ဓါတ်ပုံဆိုလျှင် ထိုဓါတ်ပုံသည် လီလီ၏ ကျွန်တော့်အပေါ် အားနာသော ခံစားချက်များဖြင့် 'တောင်းပန်ပါတယ်' ဟုအသိပေးလိုက်သလိုပင်။ ကျွန်တော်၏ ရှေ့ဆက်လျှောက်လှမ်းလာသည့် ခြေလှမ်းများကို စကားနှင့် ပြောရမှာထက် ဓါတ်ပုံတစ်ပုံနှင့်သက်သေပြလိုက်ခြင်းဖြစ်သည်။ ကျွန်တော်စိတ်ငြိမ်အောင် ခဏပြန်တည်ဆောက်ပြီး သူမ နှင့် သူမ၏ ချစ်သူ ဓါတ်ပုံလေးကို ပြုံးနိုင်ယုံမျှပြုံးပြီး Love React ပေးခဲ့လိုက်သည်။ စိတ်ထဲမှာလည်း မိန်းမ တစ်ယောက်၏ သစ္စာရှိခြင်း နှင့် အဝေးရောက် ချစ်သူအပေါ် တည်ရှိသည့် ကတိတရား ချစ်ခြင်းမေတ္တာတွေက ပေါ်လွင်စေသည်။ သစ္စာတရားတွေရှားပါးသည့် ခေတ်မှာ မြင်ရသည့် ရှားရှားပါးပါး သူမ၏ သစ္စာတရား ချစ်ခြင်းတစ်ခုပင်။
ကျွန်တော်ဘာဆက်လုပ်မလည်းလို့ ခင်ဗျာတို့ တွေးနေကြပြီမဟုတ်လား ?
ခင်ဗျာတို့ကြားဖူးလား .. "ရပ်သင့်တဲ့အချိန်မရပ်လိုက်တော့ မကြုံသင့်တာ ကြုံလိုက်ရတဲ့ အဖြစ်မျိုးရှိတယ်" နှင့် "ပိုင်ရှင်ရှိရင် ရှောင်ရတယ် .. ခင်ဗျာတောင် ဒီလောက် ချစ်နေရင် သူ့ချစ်သူဆို ဘယ်လောက်ချစ်လိုက်မလည်း" ဆိုသည့် စကား ။
ပိုင်ရှင်ရှိရင် ရှောင်တတ်သည်က ကျွန်တော်၏ ပင်ကိုယ်စိတ်အခြေခံပင် ဒါကြောင့် ဘယ်လောက်ပင် လီလီ အပေါ်ချစ်ခင်စုံမက်နေခဲ့သည်ဆိုသော် ရပ်သင့်တဲ့အချိန်လို့ ယူဆသည့်အတွက် ကျွန်တော် သူမကိုမနှောက်ယှက်ခြင်းဖြင့် ဆက်ချစ်မည်။ ပြီးလျှင် "Alex ၏ ဝေးသွားသည့်အခါ" နှင့် "Ar T ၏ သတိရတော့မှ ခေါ်ပါ" သီချင်းတွေကို သတိရခြင်းတွေ သေဆုံးအချိန်ထိ နားထောင်မည်။ ဆရာမင်းလူ၏ ၀တ္တုတွေပြန်ဖတ်မည် ။ မညားသည့် ဇာတ်သိမ်းခန်းများ နှင့် ဝေးကွာခြင်း အကြောင်းတွေကို လွမ်းသတတ နှင့် ငိုကြွေးခြင်းရသ ကိုခံစားမည်လေ။ စစ်ရှုံးဘုရင် မနူဟာလို သူ့ခံစားချက်ကို ဖော်ကြူးဘုရားတည်ခဲ့သလို ကျွန်တော်ကတော့ အခန်းကျဉ်းကျဉ်းလေး၏ ထောင့်တထောင့်မှာ လွမ်းချင်းတွေ စေတီတည်မည်။
'ဒီလိုနဲ့ပဲ .. ဒီလိုပါပဲပေါ့ .. အရာရာက ပုံမှန်အတိုင်းလည်ပတ်သွားမှာပါ'
တစ်ချိန်ကကျွန်တော်
~ ကိုကို လို့သာ ခေါ် ~
လာမယ့်နွေ ..
ခရီးတွေ ပြန်သွားကြမယ်
ကိုကိုက .. ကားမောင်း
ချစ်လေးက .. ဘုရားဝတ်ပြုရင်းပေါ့ ။
ဒီ တခါ ရေတွေ ခဲနေတဲ့နေရာ
သွားကြမယ်။
ရေတွေ စိမ်းနေတဲ့ နေရာ
သွားကြမယ်။
တိမ်တွေ ရဲ့ အထက်ကနေ
တိမ်တွေ ကို ပြန်ကြည့်မယ်။
Amazon တောထဲ
သဘာဝ ပေါက်ပင်တွေ သွားကြည့်ကြမယ်။
ကို့ကို့ မျက်နှာ မော့ကြည့်
ကိုကို ရေ လို့သာ ခေါ်လိုက်
ချစ်လေးအတွက် ပျော်စရာတွေ
ပြန်ဖန်တီးပေးမယ်။
ကိုကို ရေ လို့သာ ခေါ်လိုက်
ကမ္ဘာ ပေါ်က မိန်းကလေးတွေ
ချစ်လေး ကို မနာလို ဖြစ်ကြလိမ့်မယ်။
ကိုကို ရေ ...
ကိုကို လို့သာ ခေါ်လိုက်ပါ။
တစ်ချိန်ကကျွန်တော်
Wednesday, August 21, 2024
~ အရိပ်တစ္စေ ~
ငါ ငယ်ငယ်တုန်းက ကြောက်စရာ၊ ထိတ်လန့်စရာကောင်းသည့် အဖြစ်မျိုး ကြုံခဲ့ဖူးသည်။ ငါသည် မကောင်းဆိုးဝါးနှင့် ဝိညာဉ်များကို မြင်နိုင်သည်။ သူတို့သည် ငါနှင့် အနီးစပ်ဆုံးနေရာတွင် အချိန်အတိုင်းအတာတစ်ခုထိ ရှိနေခဲ့ကြသည်။ ငါ ကျောင်းနေရမည့်အရွယ် မရောက်သေးခင်ကပင် အဖေက ငါ့ကို ကျောင်းပို့ခဲ့သည်။ ထိုအချိန်မှာပင် သူနှင့် စတင်သိကျွမ်းခဲ့ရသည်။
သူသည် သူရဲလား၊ တစ္ဆေလားဆိုသည်ကို ငါမသိပါ။ သူ့ကိုယ်မှာ မကောင်းဆိုးဝါး ကပ်နေသလိုမျိုး ငါ့ကို မျက်လုံးစိမ်းကြီးများဖြင့် စိုက်ကြည့်နေတတ်သည်။ ငါ တော်တော်လန့်သွားသလို ကြောက်လည်း ကြောက်မိသည်။ သူ့ပုံစံက သဲသဲကွဲကွဲမရှိလှဘဲ အသက် ၁၀ နှစ်ဝန်းကျင် ယောကျ်ားလေးတစ်ယောက်ဟု ထင်ရသည်။ လူမှန်းသိတတ်စ အချိန်အထိ သူသည် ငါ့အဖော်အဖြစ် ဘေးနားမှာ ရှိနေခဲ့ပြီး အချိန်တော်တော်များများမှာလည်း သူနှင့်သာ ကုန်လွန်ခဲ့ရသည်။
တစ်နေ့တွင် ငါ့စိတ်ထဲ၌ ထူးဆန်းသော အာရုံတစ်ခုနှင့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ အန္တရာယ်တစ်ခုခု ဖြစ်တော့မည်ဟု စိတ်ထဲ ထင့်နေမိသည်။ အတွေးပင် မဆုံးသေး၊ နားထဲတွင် ကလေးများ၏ အော်ဟစ်သံများကို ကြားလာရသည်။ အတန်းဖော်များ ရောက်လာပြီဟု ထင်လိုက်သော်လည်း…
"ဟာ... မဟုတ်သေးပါဘူး၊ ကျောင်းဆင်းသွားပြီပဲ"
တစ်ကျောင်းလုံးတွင် သူနှင့်ငါ နှစ်ယောက်တည်းသာ ရှိသည်။ ငါ သူ့ကို လှမ်းမေးလိုက်သောအခါ အသံသြောသြောကြီးဖြင့် "မင်း အထင်မှားတာပါဟ" ဟု ပြန်ဖြေသည်။ ငါ လန့်သွားသည်။ ထိုအသံသည် သူ့အသံ မဟုတ်ပေ။ မသင်္ကာသဖြင့် အခန်းထဲကို လှည့်ကြည့်လိုက်ရာ အခန်းထဲမှာ ငါတစ်ယောက်တည်းသာ ရှိတော့သည်။ ထို့နောက် နားထဲတွင် ကလေးအော်သံများ ပြန်ကြားလာရပြန်သည်။ အသံများက တိုးလိုက်၊ ကျယ်လိုက်နှင့် လုံးထွေးနေသည်။ ငိုသံများ၊ ရယ်သံများ... အသံပေါင်းစုံ။ ငါသည် ကြောက်လန့်တကြားဖြင့် အိမ်သို့ ပြေးခဲ့မိတော့သည်။
ထိုညမှာပင် ငါတစ်ယောက်တည်း အပေါ်ထပ်ဧည့်ခန်း၌ TV ကြည့်နေစဉ် လေများ တော်တော်တိုက်လာသည်။ စာအုပ်စင်ပေါ်မှ စာရွက်များ လေထဲတွင် ဝဲနေသဖြင့် ပြတင်းပေါက် ပိတ်ဖို့မေ့နေသည်ဟု တွေးကာ ကြည့်လိုက်မိသည်။ ထိုစဉ် ပြတင်းပေါက်အားလုံး အလိုလို ဝုန်းခနဲ ပိတ်သွားကြသည်။ ငါ ကြောက်လန့်တကြား အောက်ထပ်သို့ ဆင်းပြေးစဉ် နောက်သို့ တစ်ချက်အကြည့်... အဖြူရောင် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်က ပဝါဖြူများက ငါ့မျက်နှာကို အုပ်မိုးရန် ကြိုးစားနေသည်။
ငါ အောက်ထပ်သို့ အတင်းပြေးဆင်းခဲ့သည်။ လှေကားအချိုးအကွေ့ထိပ်တွင် တစ္ဆေတစ်ကောင်က ပိတ်ရပ်နေပြန်သည်။ သေချာကြည့်မိတော့ တစ္ဆေမတစ်ကောင် ဖြစ်နေသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး ငါ့မျက်နှာကို စိုက်ကြည့်ရင်း တစ်ဖြည်းဖြည်း နီးကပ်လာသည်။ ငါ့မျက်လုံးများ ပြာဝေလာပြီး သူမနှင့် ထိတော့မည့်ဆဲဆဲမှာပင် ပျောက်ကွယ်သွားသည်။ အခန်းထဲတွင်လည်း မြူများ ဝေနေသည်။ ငါ့ရှေ့တွင် တစ္ဆေတစ်ကောင်... မဟုတ်ဘူး၊ နှစ်ကောင်။ ငါ သေသေချာချာ အာရုံစိုက်ကြည့်လိုက်သည်။
"အား... တစ်ယောက်က ငါဖြစ်နေတယ်!"
ဒါဆို နောက်တစ်ကောင်က ဘယ်သူလဲ? ဟိုတစ္ဆေမကော ဘယ်ရောက်သွားပြီလဲ? ကြက်သီးများ ဖြန်းခနဲ ထသွားကာ အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်ရာ အပေါ်ထပ်တွင် အရိပ်များလား၊ တစ္ဆေများလားမသိ... မျက်လုံးစိမ်းများဖြင့် ငါ့ကို ကြည့်နေကြသည်။ ငါ့ခန္ဓာကိုယ်လည်း တစ်ဖြည်းဖြည်း အေးစက်လာသည်။ ငါ အောက်ဆုံးထပ်အထိ ပြေးဆင်းခဲ့သော်လည်း သူတို့က နောက်က လိုက်လာကြသည်။
ငါ့အထိန်းတော်ရှိရာ ထမင်းစားခန်းထဲသို့ အားကိုးတကြီး ပြေးဝင်သွားသည်။ သူ့အနားရောက်တော့ နောက်က အရိပ်များ ပျောက်ကွယ်သွားသဖြင့် အားတက်သွားမိသည်။ သို့သော် အထိန်းတော်ကို ကြည့်လိုက်သောအခါ သူကလည်း ဖြူဖတ်ဖြူရော် မျက်နှာကြီးဖြင့် ငါ့ကို ပြန်စိုက်ကြည့်နေသည်။ သူ့လက်မောင်းကို ကိုင်ပြီး လှုပ်ကြည့်သော်လည်း သူက တွေတွေကြီး ကြည့်နေဆဲ။ ငါ့အကြည့်က ထမင်းစားပွဲအောက်သို့ ရောက်သွားသောအခါ…
"အား...!" ငါ့မှာ သွေးလေ ချောက်ခြားသွားရသည်။ စားပွဲခုံအောက်တွင် အသက်မရှိတော့သော သူ့ခန္ဓာကိုယ်ကြီးက ပုံလျက်သား။
ဒါဆို ငါ့ရှေ့ကလူကလည်း တစ္ဆေပေါ့! ငါ အပြင်သို့ ထွက်ပြေးရန် တံခါးပေါက်ဘက် လှည့်အကြည့်... လှေကားခြေရင်း၌ ခွေခွေလေး လဲနေသော လူတစ်ယောက်ကို တွေ့ရပြန်သည်။ သေချာ ကြည့်လိုက်သောအခါ…
"ဟာ... ဒါ ငါ့ခန္ဓာကိုယ်ကြီးပဲ!"
ငါ့ခန္ဓာကိုယ်အနားသို့ အရိပ်မဲများ တစ်ဖြည်းဖြည်း ဝိုင်းလာကြသည်။ နားထဲတွင်လည်း ကလေးအော်သံများ၊ ငိုသံ၊ ရယ်သံများ ပြည့်နှက်လာသည်။ ငါ့ခန္ဓာကိုယ်ကြီး အေးစက်တောင့်တင်းသွားသည်။ ငါ အားကိုးတကြီး ထွက်ပေါက်ရှာရာ မီးဖိုခန်းဘက်တွင် အရိပ်မဲကြီးတစ်ခု ရပ်နေသည်ကို တွေ့ရသည်။ သူက ငါ့ကို မျက်လုံးစိမ်းကြီးဖြင့် ကြည့်ကာ ပြုံးလိုက်သည်။
"ဒါ... ဒါ ငါ့သူငယ်ချင်းပဲ!"
အရိပ်မဲများက တစ်ခန်းလုံး ပြည့်လျှံသွားသည်။ နောက်တော့... ငါလည်း တစ္ဆေတစ်ကောင်အဖြစ်နှင့်...
"သင်တို့ဆီသို့ လာနေပြီ။"
ကျွန်တော်











