'The Man who can not live without Me' ဆိုတဲ့ စာသားလေးအား ရဲရင့်နှင်းဆီ၏ ဖုန်း contact list ထဲမှာ ရုတ်တရပ် ကျွန်တော် တွေ့လိုက်ရပါတယ်။ ဟုတ်ပါတယ် .. ဒီစာသားလေး နဲ့ ဖုန်း list ထဲမှာ မှတ်ထားတာက ကျွန်တော့်ရဲ့ နံပတ်ပါ။ ရဲရင့်နှင်းဆီ မှတ်သားထားသလိုပဲ တကယ်ပဲ ကျွန်တော်သည် ရဲရင့်နှင်းဆီ မရှိရင် ရှင်သန်လို့မရတော့သည့် ဂြိုလ်သားလေးဖြစ်နေပြီထင်တယ်။ ရဲရင့်နှင်းဆီ မနက်အိပ်ယာထ မျက်လုံးနှစ်လုံးပွင့်သည့် အချိန်ကစ ရဲရင့်နှင်းဆီ မျက်လုံးမှိတ်အိပ်တဲ့အချိန်ထိ သူမ အနားကျွန်တော်ရှိပါတယ်။ ကျွန်တော် အလုပ်လုပ်နေသည့် အချိန်မှ လွှဲ၍ပေါ့။ ကျွန်တော်သည် ဘယ်လောက်နောက်ကျမှ အိပ်အိပ် အိပ်ယာစောစော ထတတ်သည့် အကျင့်ရှိသူဖြစ်သည်မို့ မျက်လုံးနှစ်လုံးပွင့်တာနှင့် ညအိပ်ချိန်ကတည်းက တောက်လျှောက်ခေါ်ထားတတ်သော သူမ နဲ့ ကျွန်တော့်ရဲ့ ဖုန်း ကျသွားလား .. ဆက်ခေါ်ထားသေးလား ချက်ချင်းကြည့်မိတတ်သူပါ။ ဖုန်းကျသွားခဲ့ရင် ဘယ်အချိန်မှာ ကျသွားတာလည်း ကျွန်တော်ကြည့်မိသည်။ ဖုန်းမကျသွားလျှင် မျက်လုံး ၂ လုံးကို မှိတ် နားကြပ်ကို နားထဲမှာ တင်းကြပ်နေအောင်ကပ်ပြီး ရဲရင့်နှင်းဆီ၏ အသက်ရှုသံလေးကို ခိုးနားထောင်ပြီး 'အော် .. အသက်ရှုသံလေးကိုတောင် .. ငါ့မှာ ချစ်လိုက်ရတာ' လို့ တစ်ကိုယ်တည်း ရေရွှတ်ပြောမိသူပါ။ ပြီးနောက် မောနင်း အစချီ နှုတ်ဆက်ပြီး ရဲရင့်နှင်းဆီ နိုးထမည့်အချိန်ကို အလုပ်လုပ်ရင်း စောင့်မျှော်ရသည်ပေါ့။ ကျွန်တော်ဘယ်လောက်ပဲ လွမ်းလွမ်း .. သေလောက်အောင် သတိရရ .. အရေးပေါ် အခြေအနေတစ်ခုရောက်နေခဲ့မည်ဆိုရင်တောင် ရဲရင့်နှင်းဆီ အိပ်မောကျနေချိန် ဘယ်တော့မှ ကျွန်တော် ဖုန်းဆက်ပြီး မနိုးပါ။ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီ အိပ်ရေး၀၀ အိပ်စေချင်သည်က ကျွန်တော်၏ ချစ်ခြင်းတွေပေါ့ဗျာ။
' ကိုကိုရေ .. ဟန်နီ အပျိုမဖြစ်ချင်တော့ဘူး သိလား ' ရဲရင့်နှင်းဆီရဲ့ စကားကြောင့် ကျွန်တော် 'ဟမ်' ဆိုပြီး ရုတ်တရပ် မှင်သက်သွားအောင်လည်း သူ နောက်တတ်သေးတယ်။ အဲ့ဒီလို မကြာခဏ စတတ် နောက်တတ်သည်ကလည်း ရဲရင့်နှင်းဆီရဲ့ ထူးခြားချက်လို့တောင် ပြောလို့ရသည်လေ။ တစ်ခါတစ်ရံ youtube ကကြည့်လာပြီး ကျွန်တော့်ကို ပေါက်ကရမျိုးစုံကိုလည်း သူနဲ့ ဆော့ခိုင်းတတ်တယ်။ စကားလုံး လျှာလိပ်တတ်သည့် စကားစုများကိုလည်း ရှာကြံ ရှာဖွေတတ်ပြီး ကျွန်တော့်ကို ပြောခိုင်း၍ တခစ်ခစ်နဲ့ ထိုင်ရယ်တတ်သေးတယ်။ ဥပမာ - 'ထုံးဖြူကြီးလူးတဲ့အိုးလေးနဲ့ ထုံးဖြူလေးလူးတဲ့အိုးကြီး' ကိုအမြန်ပြောခိုင်းသည်မျိုး ။ ကျွန်တော့်မှာ လျှာဂျွမ်းပြစ်ပြီး ပါးစပ်က ပေါက်ကရတွေ ထွက်လာသည်ကိုက ရဲရင့်နှင်းဆီ အတွက် ဖျော်ဖြေပေးရခြင်း တစ်မျိုးပေါ့။ ရဲရင့်နှင်းဆီ ထိုကဲသို့ စနေခြင်းမျိုးကို ကျွန်တော် ချစ်ပါတယ်။ တခစ်ခစ်နဲ့ သွားတတ်လေးပေါ်အောင် ပြုံးရယ်နေခြင်းကိုက ကျွန်တော့်အတွက် သိပ်လှတဲ့ ပန်းချီးကားတစ်ချပ်ဖြစ်သလို ကျွန်တော့်အတွက် အကောင်းဆုံး ကဗျာ တစ်ပုဒ်ပေါ့။ အဲ့ဒီလို သွားတတ်လေးပေါ်အောင်ရယ်တဲ့အခါ ရဲရင့်နှင်းဆီ ရဲ့ မျက်လုံးလေးတွေကလည်း လိုက်ရယ်တယ် .. ဆံနွယ်စတွေကလည်း လေမှာဝှေ့လို့ .. သူတို့လည်း လိုက်ရယ်သွမ်းသွေးတာပေါ့ ။ ခေါင်းလေးလှုပ်ခါလိုက်တိုင်း ရဲရင့်နှင်းဆီရဲ့ နားရွက်တွေကလည်း ထူးထူးခြားခြားလိုက်ရယ်သေးတယ်။ သူမ လည်တံလေးတွေ .. သူမ မျက်ခုံးလေးတွေ .. သူမ မျက်တောင်လေးတွေ အစ .. သူမ ရင်သားလှလှလေးတွေ အဆုံး လိုက်ပြီး ရယ်သွမ်းသွေးတာပေါ့။ ဒါကို တသိမ့်သိမ့်ရယ်ခြင်းလို့ ခေါ်လျှင် ဒါကို တစိမ့်စိမ့်ချစ်ခြင်းလို့ ကျွန်တော်အမည်ပေးမည်။
'ကိုကိုရေ .. ဟန်နီ အသညိးခွဲ ဘုရင်မပဲ လုပ်တော့မယ် '
' ကိုကို့ အသည်းကို ခွဲမှာ . . ဟန်နီက ' ပြီတည်တည်နဲ့ အတည်ပြောနေတဲ့ ပုံစံမျိုး နဲ့ ရဲရင့်နှင်းဆီ ထပ်ပြောနေပြန်ပါပြီ။ ပုံစံကြည့်ရတာ တကယ်လည်း ခွဲ မယ့်ပုံ။ ရဲရင့်နှင်းဆီ အသည်းခွဲမယ်ဆိုလည်း ကျန်ခဲ့ရမယ့် ကျွန်တော်ပါ။ ရဲရင့်နှင်းဆီ အသက်ကလည်း ငယ်သေးတာမို့ အကယ်၍များ ကျွန်တော့်အသည်းကို ခွဲခဲ့မယ်ဆိုရင်တောင် ရဲရင့်နှင်းဆီ စိတ်ချမ်းသာမယ်ဆိုရင် ကျွန်တော် ကြည်ဖြူပေးမှာပါ။ သို့ပေမယ့်လည်း ယခုချိန်ထိ ကျွန်တော့်လက်ကို ရဲရင့်နှင်းဆီ မြဲမြဲဆွဲထားဆဲ။ ဆွဲထားတဲ့ လက်ကလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမြဲပေါ့။ တစ်ချိန်က ပထမဆုံး ရဲရင့်နှင်းဆီလက်ကလေးကို ဆုပ်ကိုင်ဖူးတဲ့နေ့။ ထိုနေ့က ရဲရင့်နှင်းဆီကို အိမ်ပြန်ပို့တဲ့အချိန်ထိ မလွတ်တမ်း ရဲရင့်နှင်းဆီ လက်ကလေးကို ဆုပ်ကိုင်ထားတဲ့ အချိန်လေးကို ပြန်အမှတ်ရမိပေါ့။ အမြဲ ချွေးစေးတွေ ထွက်နေတတ်တဲ့ ရဲရင့်နှင်းဆီရဲ့ လက်ချောင်းရှည်ရှည်လက်ကလေးတွေကို တယုတယ ကိုင်ပြီး ချွေးစေးတွေကို ဖွဖွလေး တစ်ရှုးလေးနဲ့ သုပ် ။ ပြီးနောက် ရဲရင့်နှင်းဆီရဲ့ လက်ဖမိုးလေးကို ဖွဖွလေး နမ်းပြီး 'ကျွန်တော် ပြန်မလွှတ်ချင်တော့ဘူး' လို့ ရဲရင့်နှင်းဆိကို ဖွဖွလေးပြောဖူးခဲ့ပေါ့။ ထိုနေ့ကတည်းက တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားတဲ့လက် ယခုထိ ခိုင်မြဲနေဆဲပေါ့။ ပိုချစ်လာမြဲပေါ့။ ရဲရင့်နှင်းဆီရဲ့ နှုတ်ခမ်းစူစူလေးကို ဖွဖွလေးနမ်းပြီး ထွေးပွေ့ ထားဆဲပေါ့။ အချိန်တွေက ကုန်မြန်လွန်းလိုက်တာ .. တစ်ယောက်ကို တစ်ယောက် ချစ်တဲ့ အချစ်နွံထဲမှာ ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ ဖြေးဖြေးချင်း နှစ်မြုပ်နေဆဲပေါ့။
ကျွန်တော် သူငယ်ချင်းတစ်ယောက်က မေးတယ်။ 'မင်း .. အမြဲ အားတာနဲ့ သူမ နဲ့ တောက်လျှောက်ဖုန်းပြောနေတာ .. မပျင်းဘူးလားတဲ့ .. ဒီလောက် လတွေ အကြာကြီး ဘာတွေ ပြောနေကြတာလည်း'ဆိုပြီး စပ်စုတာပေါ့ ။
ကျွန်တော့်သူငယ်ချင်း မေးတာလေးကို စဉ်းစားမိပါတယ်။ တကယ်တမ်း ပြောရရင် ရဲရင့်နှင်းဆီ နဲ့ ကျွန်တော် တူတူ ရှိနေရင် အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင်မသိပါဘူး။ ဝေးနေပေမယ့် နှစ်ယောက်တူတူ လုပ်လို့ရတဲ့ activity လေးတွေ လုပ်ပြီး တစ်ယောက်ကို တစ်ယောက် Brain Storm လုပ် တစ်ယောက်မသိတာ တစ်ယောက် မေးပြီး Study and Learning လုပ်ကြ။ စုံထောက်ကားတွေကြည့် လူသတ်သမား၊ လူဆိုး ခန့်မှန်းကြည့်ကြ။ ကြောက်စရာအကောင်းဆုံးဆိုတဲ့ သရဲကားတွေ ရွေးကြည့်ကြ။ ဂိမ်းလေးတွေ တူတူဆော့ လောင်ကြ။ တစ်ခါတစ်ရံတော့လည်း စိတ်ကောက်တဲ့အချိန်လေးတွေ ရှိသေးတော့ ချော့ရတဲ့ အချိန်လေးတွေနဲ့ဆိုတော့ လတွေ ကြာနေပေမယ့် ပျင်းဖို့ အချိန်တောင် တကယ်မရှိရပါဘူး။ တစ်ယောက်နား တစ်ယောက်ရှိနေတာကို ကျေနပ်တဲ့ စိတ်က အချိန်တွေကို တိုက်စားသွားတာဖြစ်မှာပေါ့။ ချစ်စိတ်တွေထုံမွှန် .. မြင်ချင်စိတ်တွေ ထုံမွှန် .. လွမ်းတဲ့ စိတ်တွေ ထုံမွှန် .. ထိုထုံမွှန်ခြင်းတွေက ကျွန်တော်နဲ့ ရဲရင့်နှင်းဆီရဲ့ လောက နိဗ္ဗာန် ပေါ့။
ဘဒ္ဒကမ္ဘာကို နားလည်ခြင်းဖြင့် တည်ဆောက်
ထုံမွှန်ခြင်း ရသ၏ နိဗ္ဗာန်
ထို ချစ်နိဗ္ဗာန် သို့ လူးရည်စက်တို့ဖြင့် မော်ကွန်းတင်အံ့ ။
တစ်ချိန်ကကျွန်တော်

.jpg)