Saturday, August 17, 2024

~ ပျောက်ဆုံးသွားသော ဖိနပ်တစ်ရံ ~




 လီလီက ကျွန်တော့်ကို မေးဖူးသည်။ "ပုံမှန်မဟုတ်သည့် စွဲလန်း တတ်သည့်အရာမျိုး ကိုကြီး ဆီမှာရှိလားတဲ့"

လီလီ ဘာကြောင့်မေးတယ်ဆိုတာ ကျွန်တော်မသိပေမယ့် ကျွန်တော်၏ အတွေးများသည် တစ်ချိန်က အလုပ်လုပ်ခဲ့သည့် ရုံးဆီသို့ ။

ကျွန်တော်သည် ယောက်ျားလေးတစ်ယောက် ဖြစ်ပေမယ့် မိန်းမစီး ဖိနပ်လှလှလေးများ တွေ့ရင်သဘောကျ ငေးမောစွာကြည့်တတ်သူ တစ်ယောက်ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါသည်။ ကျွန်တော့်ဘဝမှာ ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့ ၊ မပက်သက်ပဲ ဖိနပ်တစ်ရံလေးကို စွဲလမ်းခဲ့ပါသည်။ ထိုဖိနပ်က အနီရောင်ဒေါက်ဖိနပ်လေးပါ။ ကျွန်တော့်အတွက် ဖိနပ်အနီလေး တစ်ရံဟာ ကျွန်တော့်ကို ပျော်စေနိုင်ပြီး အမောတွေ ပြေစေတာကို ကျွန်တော် သတိထားမိလာသည်။

ကျွန်တော်ရုံး ရောက်တိုင်း ဖိနပ်စင်မှာ လိုက်ရှာမိတာ ထိုဖိနပ်အနီလေးပါ။ ထိုဖိနပ်အနီလေး မတွေ့ရသည့်နေ့ဆို ကျွန်တော် ဘာကြောင့်မှန်းမသိ စိတ်ကလွမ်းဆွတ်သလိုလို ၊ မပျော်သလို အမြဲခံစားမိပါတယ်။ ဖိနပ်အနီလေးကပဲ ကျွန်တော့်ကို ပျော်ရွင်စေတာလား ၊ ဒါမှမဟုတ် ကျွန်တော်ကပဲ ဒီဖိနပ်အနီ လေးကို စွဲလမ်းမိတာလားသေချာမသိပါ။ သေချာသည်က ဒီဖိနပ်အနီလေးရဲ့ ပိုင်ရှင်ကိုတော့ လိုက်မရှာမိခဲ့ပါ။ ဖိနပ်ပိုင်ရှင် ပုသလား ၊ မဲသလား ၊ ပိန်သလား ၊ ဝသလား ၊ ချောသလား ၊ မချောဘူးလား ကျွန်တော် မသိပါ။ ဒါပေမယ့် ဒီဖိနပ်အနီလေးကို စီးတဲ့ သူမရဲ့ ခြေထောက်တွေကတော့ လှနေမှာပဲလို့ ဖိနပ်အနီလေးကို တွေ့တိုင်း မှန်းဆ နေမိခြင်းကတော့အမှန်ပင်။

တစ်နေ့မှာတော့ ဖိနပ်ပိုင်ရှင်နဲ့ မမျှော်လင့်ဘဲ ရုံးအတက်မှာ ဆုံခဲ့သည်။ ကျွန်တော်သူမမျက်နှာကိုတော့ သေချာစွာ မကြည့်လိုက်မိပါ။ ကျွန်တော်၏အာရုံက သူမ၏ ဖိနပ်နီနီလေးနှင့် ၊ ဖိနပ်ကိုဖြေညင်းစွာ ချွတ်နေတဲ့ သူမ၏ခြေဖမိုး ဖြူဖြူသွယ်သွယ် လေးကို ငေးမိနေခြင်းဖြစ်သည်။ကျွန်တော် ပျော်သွားခဲ့သည်။ ကျွန်တော်ထင်ထားသလိုပင် ထိုဖိနပ်နီလေး၏ ပိုင်ရှင်သည် ခြေထောက်လှလှလေး တစ်ယောက်ဖြစ်နေလို့ပင်။ အကယ်၍ခြေထောက် မည်းမည်းကြီး ဖြစ်နေမည်ဆိုရင်ကော ၊ သေချာသည်က ကျွန်တော် စိတ်ညစ်သွားမိမှာ အမှန်ပင်ဖြစ်သည်။ ဘာဖြစ်ဖြစ် ထိုဖိနပ်ပိုင်ရှင်ကိုလည်း ကျွန်တော် ကျေးဇူး တင်မိသည်။ ထိုဖိနပ်လေးကိုတွေ့တိုင်း ကျွန်တော့်အမော တစ်ချို့ ပြေပျောက် သွားလို့ပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်ရဲ့ ဖိနပ်အပေါ်တွယ်တဲ့ သံယောဇဉ်ကလည်း ကြီးလာသည်။

ထိုဖိနပ်အနီလေးသည် စတွေ့တုန်းကလို သစ်လွင်မနေတော့ ပဲ တဖြည်းဖြည်း ဟောင်းနွမ်းလာသည်ကို ကျွန်တော် သတိထားမိလာသည်။ ဒါပေမယ့် သစ်သစ် ဟောင်းဟောင်း ထိုဖိနပ်လေးကို မတွေ့ရသည်နေ့ဆို ဘာကိုအလိုမကျမှန်းကို မသိပေ၊ နေ့တိုင်း ရုံးရောက်တိုင်း ထိုဖိနပ်လေးကိုအရင်တွေ့ချင်သည်ိကိုက ကျွန်တော့် ဆန္ဒတစ်ခု လိုဖြစ်နေတော့သည်။

အချိန်တွေတစ်ရွေ့ရွေ့ဖြင့် ထိုဖိနပ်လေး ဟောင်းနွမ်းလာသည်နှင့် အမျှ ဖိနပ်ပိုင်ရှင်က ထိုဖိနပ်အနီလေးကို စွန့်လွှတ်ပစ်လိုက်မည်ကိုလည်း စိုးရွံမိသည်။ ထိုစိုးရွံမှုကြောင့်လည်း ဖိနပ်ပိုင်ရှင်အား နောက်ဖိနပ်အသစ်တစ်ခု မလဲမည်ကြိုတင် သွားတောင်းချင်စိတ်လည်း အကြိမ်ကြိမ်ဖြစ် ပေါ်ဖူးသည်။ သို့ပေမယ့်လည်း ကျွန်တော့်ရဲ့ ကြောင်တောင်တောင် အတွေးအခေါ်နှင့်စွဲလန်းမှု အပေါ်ပျက်ရယ် ပြုကြမည်ကိုလည်း စိိုးရိမ်မိခဲ့သည်။ ကျွန်တော်၏ သက်ရှိမဟုတ်တဲ့ သည်သက်မဲ့ ဖိနပ်အနီလေးတစ်ရံ အပေါ် စွဲလန်းမိတဲ့ ကိုယ့်ရဲ့စိတ္တဇဆန်မှု ကိုလည်း ဒေါသထွက်မိသလိုတော့ ရှိသည်။

တစ်နေ့မှာတော့ ကျွန်တော်မဖြစ်ချင်တဲ့ဆန္ဒ နှင့် စွဲလန်းမှု တို့သည် ကံတရား၏ ကျီစယ်ခြင်း အမြဲခံရသောကျွန်တော့်အား ထပ်မံကျီစားလိုက်ပြန်သည်။ ဖိနပ်အနီလေးသည် နှုတ်မဆက်ပဲ ပျောက်သွားခဲ့ပြီလေ။ တွေ့နေကြ နှုတ်ဆက်နေကျ ဖိနပ်အနီလေးမမြင်ရတော့တဲ့အချိန်ကစပြီး ကျွန်တော့်အတွက် ခမ်းနားလှသည့် မနက်ခင်းဆိုတာ ဘာအဓိပ္ပာယ်မျှ မရှိတော့ပေ။ ဒီလိုပဲ ဖိနပ်ချင်း ထိကပ်စွာ အမြဲတူတူရှိခဲ့သည် ကျွန်တော်၏ ကတ္တိပါဖိနပ်အညို လေး၏ ​ရင်ကွဲနာကျမှုက ကျွန်တော့်ကိုတုန်လှုပ်စေခဲ့သည်။ ကတ္တီပါလမ်းခွဲဆိုသည့် စကားလို ကျွန်တော်၏ ကတ္တီပါဖိနပ်အညိုလေးသည် သူချစ်သော ဖိနပ်အနီလေးကို မမြင်ရတော့သည့်နောက် ကျွန်တော့်ဆီမှ အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ သက်မဲ့တွေ၏ သစ္စာရှိမှုနှင့် ချစ်ခြင်းမေတ္တာကို မြင်တွေ့လိုက်ရသည့် ကျွန်တော်အတွက် ငိုကြွေးယုံမျှသာ တတ်နိုင်ခဲ့သည်။

ဘယ်နေရာရောက်ရောက် ဖိနပ်စင်မြင်တိုင်း လိုက်ရှာမိသည် ၊ ခြေဖမိုးဖွေးဖွေးလေးတွေ တွေ့တိုင်း ကျွန်တော်လိုက် ကြည့်မိသည်။ အရာရာတိုင်းဟာ တိမ်တွေလိုပါပဲ ။ ကျွန်တော်၏ စွဲလန်းမှုအရာတွေသည်လည်း တိမ်တွေလိုပါပဲလေ။

#တစ်ချိန်ကကျွန်တော်

No comments: