သောကဝေနေသည့် ခြောက်ခြားစရာ အိမ်မက်တစ်ခုလို ဟုတ်သလား၊ မဟုတ်သလား ကျွန်တော်မသိပေ။ သူမနှင့် ဆုံခဲ့သည့် အဲ့ဒီညလေးတစ်ညကို ယခုထက်ထိ ကျွန်တော် မမေ့နိုင်သေးပါ။
အဲ့ဒီညကပေါ့...
မိုးတွေ သည်းသည်းမည်းမည်း ရွာနေလေရဲ့။ အချိန်က ည ၈ နာရီလောက်ပဲ ရှိသေးသည်။ လမ်းထဲမှာလည်း လူတစ်ယောက်မှ မတွေ့ရ။ ထိုအချိန်တွင် ရုတ်တရက် လျှပ်စီးလက်သံနှင့်အတူ မိုးကြိုးတစ်ချက်က ကမ္ဘာကြီးကို မကျေနပ်၍လားမသိ ပစ်ချလိုက်သည်။ "ဒိုင်း" ဆိုသည့် အသံအကျယ်ကြီးကို ကြားလိုက်ရသည်။ ဘယ်နားကို ပစ်ချလိုက်သည်ဆိုတာ ကျွန်တော်မသိသော်လည်း တစ်လောကလုံး မှောင်အတိ ဖုံးလွှမ်းသွားသည်။ "မီးပျက်သွားပြီထင်တယ်"။ မြန်မာပြည်မှာက မိုးရွာလျှင် မီးပျက်သည်မှာ အဆန်းတော့မဟုတ်ပေ။
မှောင်မိုက်ခြင်းနှင့်အတူ ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ မသိစိတ်က စိုးရိမ်သလို၊ ကြောက်သလိုနှင့် နောက်ပြန်လှည့်ရမလို၊ ရှေ့ဆက်တိုးရမလို ဖြစ်နေမိသည်။ ရှေ့ကို လှမ်းကြည့်လိုက်တော့လည်း မိုးငွေ့နှင့် မြူတွေကြောင့် ပေ ၁၀ ထက် ပိုမမြင်ရပေ။
"တောက်... ဒီနေ့မှ ဓာတ်မီးက မေ့ခဲ့ရတယ်လို့ကွာ"
ကျွန်တော် မကျေမနပ်နှင့် ကိုယ့်ဘာသာ ညည်းညူလိုက်သည်။ မိနစ်အနည်းငယ်ကြာတော့ မျက်လုံးက အမှောင်ထဲတွင် ကျင့်သားရလာပြီး ပေ ၂၀ လောက်ကို မြင်လာရသည်။ ကျွန်တော် ဘေးဘီကို ဝှေ့ကြည့်လိုက်ရာ လက်မှသည် ဆံပင်အထိ ကြက်သီးများ ဖြန်းခနဲ ထသွားသည်။ ကျွန်တော် ရောက်နေသည့်နေရာက ဘယ်သူမှမရှိသော ဘုန်းကြီးကျောင်းပျက်ကြီး၏ အရှေ့မှာဖြစ်သည်။ ကျောင်းဝင်းထဲမှ သစ်ပင်ရိပ်တွေက လျှပ်စီးလက်လိုက်တိုင်း ကျွန်တော့်ကိုယ်ပေါ်ကို ယိမ်းထိုးကျနေပြီး လိုက်ဖမ်းတော့မည့်အတိုင်း။
ကျွန်တော် ကြောင်ကြည့်နေမိရာမှ အသိစိတ်ဝင်လာသည်နှင့် သုတ်ခြေတင်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ခြေလှမ်းအနည်းငယ်လောက် ပြေးရုံရှိသေး၊ အနောက်က ခြေသံခပ်ပြင်းပြင်းနှင့် တစ်ယောက်ယောက် လိုက်လာသလို ကြားလိုက်ရသည်။ အဖော်ရှိပြီထင်၍ အားတက်သရော နောက်လှည့်ကြည့်လိုက်သော်လည်း ဘယ်သူမှ မရှိပေ။ ကြောက်စိတ်ကြောင့် ရင်တွေ တဒုန်းဒုန်း ခုန်လာပြီး ပါးစပ်ကလည်း ဘုရား၊ တရားကို အကြိမ်ကြိမ် ရွတ်နေမိသည်။
ကျွန်တော် စဉ်းစားမနေတော့ဘဲ တစ်ချိုးတည်း ရှေ့ကို ပြေးပါတော့သည်။ ကျွန်တော် ပြေးသည်နှင့် အနောက်က ခြေသံတွေကလည်း ထပ်ကြပ်မကွာ လိုက်လာသည်။ ထို့နောက် အိုးစည်ဗုံမောင်းသံတွေပါ ကြားလာရသဖြင့် ရုတ်တရက် ရပ်လိုက်ရာ ခြေသံတွေလည်း အလိုလို ပျောက်ကွယ်သွားသည်။ ထိုစဉ် ကျွန်တော့်နောက်ကျောဘက်ဆီမှ ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။
"အစ်ကို... နေပါဦး... နေပါဦး"
မိန်းကလေးတစ်ယောက်၏ အော်ခေါ်သံဖြစ်သည်။ ကျွန်တော် တွေဝေသွားသည်။ လူလား၊ နာနာဘာဝလားဆိုတာ မသေချာသဖြင့် လှည့်ကြည့်ရန် ကြောက်နေမိသော်လည်း အမှန်တကယ် အကူအညီ လိုအပ်နေသူ ဖြစ်နေမလားဆိုသည့် စိတ်ဖြင့် လှည့်ကြည့်လိုက်ရာ အဖြူရောင်အရိပ်လေးတစ်ခု ကျွန်တော့်ဆီ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
"အစ်ကို... ခဏနေပါဦး"
တကြော်ကြော် ခေါ်သံနှင့်အတူ ထိုအရိပ်လေးသည် ကျွန်တော့်ရှေ့သို့ ရောက်ရှိလာသည်။ ကျွန်တော် ထိုကောင်မလေးကို ငေးမောကြည့်နေမိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ သူမက တော်တော်လှသည်။ သူမ၏အလှကြောင့် ကျွန်တော့်ရင်ထဲ ဗို့အားတွေ မနိုင်မနင်း ဖြစ်ကုန်သည်။
"အစ်ကို... ဘယ်ပြန်မှာလဲဟင်"
သူမက စမေးမှ ကျွန်တော် အသိစိတ်ပြန်ဝင်လာသည်။ ဘယ်လောက်ကြာကြာ ငေးနေမိမှန်းမသိသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
"ဗျာ... ဘာပြောတာလဲ မသိဘူး"
"ရှင်... အစ်ကို ဘယ်ပြန်မှာလဲလို့။ ကျွန်မက တော်ဝင်လမ်းကို သွားမှာ။ ဒီနေ့ အိမ်က လာကြိုမယ်ဆိုပြီး အခုထိ လာမကြိုသေးလို့။ အဲ့ဒါနဲ့ ကိုယ့်ဘာသာပဲ ပြန်မယ်ဆိုပြီး ပြန်လာတာ၊ လမ်းထဲရောက်တော့ မီးပျက်သွားလို့။ အဲ့ဒါ ကြောက်ကြောက်နဲ့ အစ်ကို့ကို လှမ်းမြင်လို့ လိုက်လာတာ။ အစ်ကိုကလည်း ယောကျ်ားဖြစ်ပြီး ကြောက်တတ်လိုက်တာ၊ ပြေးနေတာ တန်းနေတာပဲ... ဟီးဟီး"
ကျွန်တော် တော်တော်ရှက်သွားသဖြင့် ရှက်ပြုံးလေးသာ ပြုံးနေမိသည်။
"အော်... ကျွန်တော်က မင်းလမ်းတင်ပါ"
"ဟင်... ဒါဆို သွားပါပြီ၊ ဒီက ကြောက်ပါတယ်ဆိုမှ"
သူမက နှုတ်ခမ်းလေးရွဲ့ပြီး ပြောပုံက ချစ်စရာကောင်းလွန်းလှသည်။
"အစ်ကို... ညီမကို လိုက်ပို့ပေးလို့ မရဘူးလားဟင်။ ဒီမှာ တစ်ယောက်တည်းဖြစ်နေလို့ပါ၊ နော်... လိုက်ပို့ပေးပါ"
သူမ၏ ချွဲပြစ်ပြစ် တောင်းဆိုသံကို ဘယ်ယောကျ်ားလေးက ခံနိုင်ရည် ရှိပါ့မလဲ။
"ဟုတ်ကဲ့... ဒါဆို ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
"ကျေးဇူးအနန္တပါ အစ်ကို"
"ရပါတယ်ဗျာ။ အမှန်ပြောရရင် ကျွန်တော်လည်း ကြောက်နေတာပါ။ အခုတော့ ခဏတဖြုတ် အဖော်ရတာပေါ့"
ကျွန်တော် ရယ်ကြဲကြဲနှင့် ပြောလိုက်ရာ သူမက မျက်စောင်းလေး ထိုးလိုက်ပြီး…
"ဒါဆို ငကြောက်ကြီးပေါ့ အစ်ကိုက" ဟု မထိတထိ စလိုက်သေးသည်။
ကျွန်တော်တို့ နှစ်ယောက် တော်ဝင်လမ်းဆီသို့ ဖြည်းဖြည်းမှန်မှန် လျှောက်လာကြသည်။ သူမက သင်တန်းအစုံ တက်နေသည့်အကြောင်း၊ အိမ်က လာမကြိုသဖြင့် စိတ်တိုနေသည့်အကြောင်းနှင့် ကျွန်တော့်ကို ကျေးဇူးတင်သည့်အကြောင်း တတွတ်တွတ် ပြောလာသည်။ ကျွန်တော်လည်း သူမပြောသမျှကို နားထောင်ရင်း၊ မျက်နှာလေးကို ခိုးကြည့်ရင်း ငေးရသည်မှာလည်း အမောပေါ့။ ချစ်စိတ်ဝေနေချိန်ဆိုတော့ မိုးပေါက်သံမှအစ ည၏ မှောင်မိုက်ခြင်းအဆုံး အရာအားလုံးက ကဗျာဆန်ဆန် လှနေတော့သည်။
ကျွန်တော့်ကြည်နူးမှုတွေ မဆုံးခင်မှာပင်…
"အစ်ကို... ကျေးဇူးပဲနော်၊ ညီမအိမ်ရောက်ပြီ"
သူမ၏အိမ်ကို လှမ်းကြည့်လိုက်သောအခါ ကျွန်တော် စဉ်းစားရကျပ်သွားသည်။ ဒီအိမ်ကြီး ဘယ်တုန်းက ဆောက်လိုက်သလဲပေါ့။ ဆေးရောင်မှိန်မှိန်နှင့် အိမ်အိုကြီးပုံစံ ပေါက်နေသည်။ ကျွန်တော် ဒီလမ်းက ဖြတ်သွားဖြတ်လာ လုပ်နေကျဖြစ်သော်လည်း ဒီအိမ်ကြီးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"အစ်ကို... အခုလို လိုက်ပို့ပေးတာ ကျေးဇူးကမ္ဘာပါနော်။ နောက်လည်း အိမ်ကို လာလည်ပါဦး၊ ခြံအမှတ် (၁၉) နော်"
ကျွန်တော်လည်း ခြံနံပါတ် (၁၉) ကို စိတ်ထဲ မတင်မကျနှင့် မှတ်သားရင်း အိမ်ပြန်လာခဲ့သည်။ သူမ၏ ပုံရိပ်တွေ၊ အပြုံးတွေက ကျွန်တော့်ရင်ထဲမှာ အတူပါလာခဲ့သည်။
နောက်တစ်နေ့တွင် စက်ဘီးလေးစီးပြီး သူမဆီ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်တော် တော်ဝင်လမ်း အစမှအဆုံးထိ ရှာသော်လည်း မနေ့ညက အိမ်ကို ရှာမတွေ့ပေ။
"အိုး... ဘုရားကယ်ပါ"
ခြံနံပါတ် (၁၉) သည် ပျောက်ချင်းမလှ ပျောက်နေသည်။ အိမ်နံပါတ် (၁၇) ပြီးလျှင် (၂၁) ဖြစ်နေသည်။ သေချာပြီ၊ ကျွန်တော် ညက တစ္စေခြောက်ခံလိုက်ရပြီ။ ကျွန်တော်သည် ခြံအမှတ် (၁၇) နှင့် (၂၁) ကြားတွင် တွေဝေစွာ ရပ်ကြည့်နေမိသည်။ ကျွန်တော်ရပ်နေသည့်နေရာသည် သူမ၏ ခြံရှေ့ဖြစ်မည်ဆိုလျှင် သူမလည်း ကျွန်တော့်ကို ရပ်ကြည့်နေမှာပဲဟူသော အတွေးဖြင့်ပေါ့။
လက်တွေ့ဘဝတွင် တစ္စေမနှင့် ချစ်ကြိုက်သည့် ဇာတ်လမ်းများသည် မဖြစ်နိုင်ဟု ဆိုကြသော်လည်း ကျွန်တော့်အတွက်ကတော့ ဒါဟာ ဖန်တီးထားသော ဇာတ်လမ်းမဟုတ်ပေ။ သူမနှင့်သာ ထပ်မံဆုံတွေ့ခွင့် ရှိဦးမည်ဆိုလျှင် ကျွန်တော် လွမ်းဆွတ်ခဲ့ရပုံတွေကို သီချင်းတွေသီပြီး ပြောပြချင်မိသည်။
မိတ်ဆွေတို့အနေဖြင့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ VIP၊ အကွက်အမှတ် (၂၉)၊ တော်ဝင်လမ်းနှင့် မင်းလမ်းဒေါင့်မှာ မိုးရွာသည့်ညများတွင် စက်ဘီးတစ်စီးနှင့် ငေးကြည့်နေသည့် လူတစ်ယောက်ကို တွေ့ခဲ့လျှင်... ကျွန်တော့်၏ တစ္စေမလေးကို မည်သည့်နေရာတွင် တွေ့နိုင်မလဲဆိုတာ ပြောပြပေးကြပါဦး။ တစ္စေမလေးကို ချစ်မိတဲ့ အရူးတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်နိုင်ဖို့အတွက်ပေါ့။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment