Saturday, August 24, 2024

~ ကျကွဲ အိမ်မက် မှတ်တမ်း ~




အိမ်ထောင်တစ်ခုမှာ အရေးကြီးဆုံးက ဘာတွေလို့ ခင်ဗျာတို့ထင်ကြလည်း ?

Base မတူတာတွေ လိုက်ညှိရင်း ခင်ဗျာတို့ တွက်ကိန်းထဲမှာတော့ ကျွန်တော်က မှန်ချင်လည်းမှန် မည် မှားချင်လည်း မှားနေမည်ပေါ့.

ခင်ဗျာတို့ ခု တွက်နေတာတွေ ညှိနေတာတွေခဏဘေးထားပြီး ကျွန်တော် နှင့် သူမ ၏ ဇာတ်သိမ်းခန်းလေး အရင်နားထောင်ကြည့်ပေါ့ဗျာ .. ။ 


စိတ်ဓါတ်တွေက တက်လိုက်ကျလိုက်နှင့် သူမလည်း ကျွန်တော့်နည်းတူပဲ ဆိုတာ ခံစားမိသည်။ အိမ်ထောင်တခုမှာ အဆင်ပြေဖို့ကနားလည်မှုရယ် ချစ်ခြင်းမေတ္တာရယ် ငွေကြေးဥစ္စာရယ် ဒီ ၃ ချက် Balance ညီနေဖို့ လိုတယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ဒီ ၃ ချက်မှာ ငွေကြေးဥစ္စာ မရှာဖွေနိုင်ခြင်းက ကျန်သည့် ၂ ချက်ထက်စာရင် အိမ်ထောင် တစ်ခုကောင်းမွန်စွာတည်ဆောက် ထိန်းကျောင်း နိုင်ဖို့ ပိုလိုအပ်တယ်လေ။ ကျွန်တော် ချစ်တဲ့ အမျိုးသမီးအပေါ် နားလည်မှုပေးနိုင်တယ် ချစ်ခြင်းမေတ္တာလည်း အပြည့်ပေးနိုင်တယ် ငွေကြေးဥစ္စာကတော့ ..ကြိုးစားရှာဖွေနေပါသော်လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့သလို ကိုယ့်တစ်ယောက်စာအတွက် ဝမ်းတစ်ထွာ တောင် အနိုင်နိုင်ဆိုတော့ သူမ ကို အင်မတန်အားနာမိသည်။ 


"လင်စံရွေး .. လင်ခွေးနဲ့ ညားတဲ့ .. ခုက ခွေးထက်ဆိုးတဲ့ ဘ၀ ... ပြောစရာစကားတောင်မရှိဘူး .. ကျွန်မ ကိုလွှတ်ပေးပါတော့ .. တောင်းပန်ပါတယ်" သူမ၏ ပြောလည်းပြော တောင်းဆိုသည့် အသံများကို ကျွန်တော် ငြိမ်ခံနေယုံသာ တတ်နိုင်ခဲ့သည်လေ။ 


တချိန်ချိန်အဆင်ပြေလာနိုင် နိုး နဲ့ စောင့်နေတဲ့ သူမ၏ ကျွန်တော့်အပေါ်မျှော်လင့်ချက်သည်  အကြိမ်ကြိမ်လဲပြိုခဲ့ရတာကိုလည်း ကျွန်တော် လွန်စွာ အားနာမိသည်။ အတူတူပြန်နေဖို့ ကြိုးစားရင် ကံကြမ္မာက ဝေးဖို့အကြောင်းဖန်လာသည်လို့ ဆင်ခြေမပေးချင်ပါ။ ကျွန်တော် ညံ့လို့ပဲလို့ ကို့ယ်ဘာကိုပဲ အပြစ်တင်တင်မိတယ်။ မကြာခင် အဆင်ပြေလာတော့မယ့် အငွေ့အသက်ကို ကျွန်တော်ခံစား မိပေမယ့် သူမ စောင့်နိုင် မစောင့်နိုင် ကျွန်တော်မသိခဲ့ပါ။ နိုင်ငံတွေခြားပြီးဝေးကွာ နေတာမဟုတ်ပဲ မိုင် ၁၀၀ လောက်ပဲခြားနေတဲ့ ကျွန်တော်တို့ ၂ ယောက် ဘဝ က တော်တော်ဆိုးပါသည်။ ကျွန်တော့် အပြစ်ကြောင့်ပဲ တွေ့ချင်တိုင်းမတွေ့ရ နီးရက်နဲ့ အမြဲလွမ်းနေရတဲ့ အဖြစ်က ဘယ်ကမ္ဘာက ဖန်တီးခဲ့တဲ့ ဝဋ်ကြွေးတွေလည်း ..။ ဒီဘဝကကောင် ကျွန်တော် ခံပြီးသွားရင် ဒီ၀ဋ်ကြွေးက ကျွန်တော် နောက်ဆုံးပဲ ဖြစ်ချင်ပါသည်။ 


သူမဘဝ နောင်ရေးအတွက် လုံခြုံမှု မပေးနိုင်သေးတဲ့ ကျွန်တော့် အခြေအနေကို "ကို နဲ့ တစ်ခေါက်လောက် ထပ်စွန့်စားပေးပါကွာ" လို့ ကျွန်တော် စိတ်ထဲမှာ အကြိမ်ကြိမ်ပြောနေပေမယ့် ပါးစပ်က ထွက်မလာခဲ့ဘူး ။ ကျွန်နော့်အပေါ် ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူမ အပေါ် ယုံကြည်ပါလို့ အတင်းလည်း မပြောချင်ဘူး ။ လင်ဖြစ်ပြီး လင်ဝတ္တရား မကျေပွန်နိုင်တဲ့ ကျွန်တော်ပဲ အပြစ်ရှိတာပါ။ အသက်အရွယ်အားဖြင့်လည်း အချစ်ကို ယုံလို့ မျက်စိမိတ် ဇွတ်မိုက်တဲ့ အရွယိလည်း မဟုတ်တော့ခက်သား။ ဒါပေမယ့် သူမ နှင့် ကျွန်တော်သည် အချစ်ကို ကိုးကွယ်တဲ့ သူတွေလေ။ အချစ်က ဘဝ နဲ့ ထပ်တူ မကျတော့သည့်အခါ သူမ ထပ်မှားမှာ ကြောက်နေမိတာ ကျွန်တော့်၏ အပြစ်တွေပါပဲ။ 


ကျွန်တော် သူမ နဲ့ အတူ သာယာတဲ့ မိသားစု အိမ်ထောင်ရေး တခု တည်ဆောက်ဖန်တီးချင်ခဲ့သည်။ သူမလည်း ကျွန်တော်နဲ့ အတူ ထိုစိတ်ကူး အတိုင်းပဲဆိုတာ ကျွန်တော်ယုံသည်။ လက်ရှိ စီးပွားရေး ပြသာနာတွေကို ဘေးဖယ်ထားလိုက် ပြီးတော့ နားလည်မှု နှင့် ချစ်ခြင်းမေတ္တာ ဒီ ၂ ချက်ထဲနဲ့ ကောင်းမွန်တဲ့ မိသားစု တည်ဆောက်လို့ရရင် သိပ်ကောင်းမှာပဲဗျ။ "ကျွန်တော် သူမကို သိပ်ချစ်တယ်" ။ အတ္တကြီးခြင်းတော့ မဟုတ်ပါဘူး ကျွန်တော်နဲ့အတူ ပြသာနာတွေကို အတူတူရင်ဆိုင်ပြီး ဘဝ တိုက်ပွဲကို အချိန်တခုလောက် တူတူ ဝင်တိုက် စေချင်မိခဲ့သည်။ ကျွန်တော် အပြစ်ကြောင့် ကျွန်တော်ပြန်ကြိုးစားနေပေမယ့် ကျွန်တော် အားကုန်ပင်ပန်းနေပြီလေ။ ဘာမှသေချာရေရာ မဖြစ်လာတော့ ကျွန်နော့်ကို "ထားခဲ့လိုက်ပါတော့ .. ထားခဲ့လိုက်ပါတော့" လို့လည်း အကြိမ်ကြိမ်​အော်ပြီး စိတ်ထဲက ပြောနေမိသည်။ ဒါမှမဟုတ် ကျွန်နော်နဲ့ အတူတူ တိုက်ပွဲဝင်တဲ့ စိတ်ခွန်အားတွေ သူမကို ပေးသနားဖို့ ကျွန်တော်ဆုတောင်းနေမိခဲ့သည်။ 


"ကျွန်မ ကြောက်လွန်းလို့ပါ .. ရှက်လွန်းလို့ပါ .. ကျွန်မ နှင့် မပက်သက်ပါနဲ့တော့ .. ရှိကြီးခိုးပါတယ်" ... ဒီစကားတွေက သူမ အထပ်ထပ်အခါခါ အကြိမ်ကြိမ်ပြောနေကြ စကားတွေပဲလေ။ ကျွန်တော်လား .. ရင်နာတာပေါ့ဗျာ။ 


 ဒီ အိမ်ထောင်ရေး ကို သူမ နဲ့အတူ ရိုးမြေကျ ပေါင်းသင်းဖို့ မျှော်လင့်ထား .. ကြိုးစားနေသော်လည်း ကံတရားက မအေးအေးဝင်း စီစဥ် ဖန်တီခြင်း မဟုတ်ပေ။ ကျွန်တော် ခြေကုန် လက်ပန်း ကျနေပါပြီ ။ သူမဘေးမှာ တူတူရှိရင်း ဘဝကို လောဘမကြီးပဲ အေးအေးချမ်းချမ်း ပုံမှန်အခြေအနေလေးနဲ့ ဖြတ်သန်းနိုင်ဖို့ အခွင့်အရေးလေး ထပ်ရနိုင်ပါစေလို့ပဲ ဆုတောင်းရင်း ကျွန်တော် ငိုကြွေးရဥိးမယ်ထင်သည်။ တကယ်တော့ သူမ ၏ ဆုံးဖြတ်ချက်သည် ကျွန်တော်တို့ ၂ ယောက်ပေါင်းစည်းနိုင်ဖို့ သူမ၏ ဆန္ဒ တခုသာလိုပါသည်။ သူမ၏ အတ္တ မာန တွေ ခဏဘေးချိတ်ထားပြီး နားလည်မှု ချစ်ခြင်း မေတ္တာတွေနဲ့ အတူ ငွေကြေးဥစ္စာ အဆင်ပြေဖို့ ဘဝ ကို အစက ရိုးသားစွာ ပြန်စချင်သည်။ ကျွန်တော့်အမှားတွေကိုလည်း ကျွန်တော်ပြင်နေပီလေ။ သူမ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ခုဒီအချိန်မှာတော့ သူမရဲ့ စိတ်ဆန္ဒကို လေးစားသောအားဖြင့် သူမ၏သဘောထားကို လိုက်လျောပေးနိုင်ဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ဆူးခင်းလမ်းကို သူမ ထပ်မဖြတ်ချင်တော့မှာကိုလည်း ကျွန်တော် နားလည်ပေးနိုင်ပါသည်။ ကျွန်တော့်၏ ဆန္ဒသည် သူမနဲ့အတူ လက်ရှိပြသာနာတွေကိုရင်ဆိုင်ပြီး ဘဝကို အစက ပြန်စချင်တဲ့ ဆန္ဒပါ။ ဒါပေမယ့် ဆန္ဒနဲ့ ဘဝ ထပ်တူကျဖို့ဆိုတာက အိမ်မက်လိုပါပဲ ။ 


သူမ၏ အသက်အရွယ် နှင့် နုပျိုမှု အချိန်ကောင်း ရှိနေသေးသည့်အတွက် ကျွန်တော် ဆွဲမထားရက်ခြင်းက ကျွန်တော်၏ ချစ်ခြင်းမေတ္တာ တစ်ခုပါ။ ကျွနိတော့်၏ စေတနာ ကျွန်တော့်၏ ချစ်ခြင်း မေတ္တာ နှင့် ကျွန်တော်၏ အပြစ်တွေကို သူမ ကောင်းစွာနားလည် ပေးပြီး .. သူမ ၏ ဘဝအတွက် သေချာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချနိုင်ပါစေလို့ ဆုတောင်းပါသည်။ ကျွန်တော် အဆင်မပြေသေးပေမယ့် သူမ အဆင်ပြေဖို့ပဲ ဆုတောင်းရင်းပေါ့။ စိတ်ရဲ့ အခြားတဖက် ဆန္ဒကလည်း တစ်ယောက် နဲ့ တစ်ယောက်လက်ကိုမြဲမြဲတွဲပြီး ရင်ဆိုင်ရှေ့ဆက်နိုင်ဖို့ စိတ်ကူးများဖြင့်ပေါ့။  


တကယ်တော့ .. သူမက ကန်ရေပြင်ကြီးပါ ကျွန်တော်က သူမ အတွက် ခဲ တလုံးသာဖြစ်သည် ။ လှိုင်းထ သွားခဲ့သည့် သူမ၏ ဘဝ အတွက် ကန်ရေပြင်အောက် မှာ ငြိမ်သက်စွာနေတော့မည့် ခဲလေး တစ် လုံးဘဝ ကို သူမ ထပ်မံ ကြိုဆိုချင်မှာ မဟုတ်ပါဘူးလေ။ ခဲ က ကန်ရေပြင်ကို မညစ်နွမ်းစေပါဘူး ။ တဒဂ် လှိုင်းထ စေခဲ့ယုံမျှသာ ။ 


ချစ်ရ ပါသော

"ပန်း"

၁၆ နှစ်တောင် တိုင်ခဲ့ပေါ့

"ပန်း" က လှမြဲ

"ပန်း" က နုမြဲ

"ပန်း" ကို ချစ်ဆဲ ပေါ့။


ဒီကဗျာလေးကို ကျွန်တော် ရေရွတ်ရင်း .. ခု သူမပျော်ရွင်နေတာကို ကြားသိရသည့်အတွက် ကျွန်တော် ကျေနပ်ပါသည်။ 'ပန်း'ရေ .. မုန်းတိုင်းကင်းတဲ့ နေ့တွေ အစဉ်မြဲကြုံပါစေကွယ်။ 


"ကဲ .. ခင်ဗျာတို့ ခေါင်းထဲမှာ မေးခွန်းတွေရှိနေမယ် ဆိုတာ ကျွန်တော် သိတယ် .. တစ်ချို့က မေးလိမ့်မယ် .. ကျွန်တော်၏ သောက်သုံးမကျမှု အကြောင်းပေါ့ .. တစ်ချို့ကတော့ ဘယ်နေရာများ မှားသွားခဲ့သလဲ ဆိုတာမျိုး ... ကျွန်တော့်အတွက်တော့ သူမ သည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိ သွားခြင်းပေါ့ဗျာ "


တစ်ချိန်ကကျွန်တော် 



No comments: