Saturday, August 17, 2024

~ အကြည်ရောင် အချစ် ~


 



ဆန္ဒ ဟူသည် လူတွေ၏ လိုချင်တပ်မက်မှု ကိုရည်ညွှန်းပြီး၊ ဘ၀ ဟူသည် လူတွေ၏ လက်ရှိအနေအထား လုပ်ဆောင်ချက် ကိုရည်ညွှန်းသည်။ ဒါကြောင့် ဆန္ဒ နှင့် ဘဝသည် ဘယ်တော့မှ ထပ်တူကျနိုင်ခြင်း မရှိကြောင်းကို ချွင်းချက်မရှိ ယုံကြည်ပေးစေလိုသည်။ အကယ်၍ သင်သာ တန်ခိုးရှင် (သို့) ကျွန်တော်သာ တန်ခိုးရှင် တစ်ယောက်မဖြစ်ခဲ့သေးသမျှ ဆန္ဒကို ဘ၀ ဖြစ်အောင် မဖန်တီးနိုင်ပေ။ ဘဝသည် ဆန္ဒကို အလို မလိုက်၊ ဆန္ဒကသာ ဘဝ၏ အလိုနောက်သို့သာ လိုက်နေရခြင်းဖြစ်သည်။ ဒါကြောင့် ကျွန်တော်၏ သူမအပေါ်အမြဲချစ်နေချင်သော ဆန္ဒသည် ကျွန်တော်၏ မဖြောင့်ဖြူးသော ဘ၀ နောက်သို့ ယောင်မှားစွာဖြင့် လိုက်ပါလာခဲ့ပါသည်။

"ကိုကြီး …
ဗျာ.. ပြောလေ လီလီ … ဘာမေးချင်လို့လည်း !
ဟုတ် … 
အရောင်တွေထဲမှာ အချစ်ရှိတယ်တဲ့ ။ အဲ့လိုပဲ အချစ်ထဲမှာလည်း အရောင်ရှိတယ်တဲ့ ။ အဲ့ဒါဟုတ်လား ကိုကြီး ။ (ကျွန်တော် နူးညံစွာပြုံးလိုက်ပါသည် )

လီလီ သိချင်လို့လား …
အင်း ဟုတ်တယ် … သိတယ်မလား … သိရင် ပြောပြပါလားနော် ကိုကြီး ။
(သူမ ကျွန်တော်အား မျက်လုံးလေး ပင့်သပ်ကြည့်ပြီး မေးလိုက်သည်။ ထိုအကြည့်လေးသည် သူမ ဆီမှ ဘယ်လိုမှ ကျွန်တော် ရုန်းမထွက်နိုင်သော ညွှတ်ကွင်းလည်းဖြစ်သည်။ ထိုအကြည့်လေး အောက်တွင်ပင် ကျွန်တော်၏ နှလုံးသားတို့ အကြိမ်ကြိမ်ကျဆုံးခဲ့သည်ပင်။ အခုလည်း ကျွန်တော်၏ နှလုံးသားထပ်မံကျဆုံး ရဦးမည်ပင်။)

အင်း … ကိုကြီး ပြောပြပါ့မယ် … 
အချစ်ကို … အရောင်တွေ နဲ့ ပက်သက်ပြီး ၉ မျိုးခွဲ သတ်မှတ်လို့ရတယ် လီလီရဲ့။ အနီ၊ အပြာ၊ အဝါ၊ လိမ္မော်၊ ပန်ုးရောင်၊ ခရမ်း၊ အဖြူ၊ အစိမ်း နဲ့ သက်တံရောင်ဆိုပြီး ခွဲခြားသတ်မှတ်လို့ရတယ်"

အနီရောင်အချစ်

အနီရောင် ဆိုတာ ရဲရင့်တယ်၊ အပူသဘောကို သက်ရောက်တယ်။ ဒါကြောင့် အနီရောင်အချစ်ဆိုရင် ပူလောင်ပျင်းပြတဲ့ အချစ်ဆိုတာမျိုး ကိုရည်ညွှန်းဖော်ဆောင်တယ်။ အမြဲ ချစ်တဲ့လူအတွက်ပူပင် နေရတတ်တဲ့ အချစ်မျိုးပေါ့။

အပြာရောင်အချစ်

အပြာရောင် ဆိုတာ တည်ငြိမ်မှု၊ အေးချမ်းမှု နဲ့ အမှန်တရား ကို ဖော်ဆောင်တယ်။ ဒါကြောင့် အပြာရောင်အချစ်ဆိုရင် တည်ငြိမ် အေးချမ်းပြီး စစ်မှန်တဲ့ အချစ်မေတ္တာကို ရည်ညွှန်းတယ်။ ဒါပေမယ့် အပြာရောင် ဟာ အားပျော့တဲ့ အရောင်ဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ မှားယွင်းစွာ နဲ့ ချစ်မိတာတွေ ဖြစ်တတ်တယ်။တကယ်တော့ အချစ်ရဲ့ သင်္ကေတအရောင်အစစ်ဟာ အပြာရောင်ပါ။

အဝါရောင်အချစ်

အဝါရောင် သည် ဂရုစိုက်မှု ၊ စောင့်ရှောက်မှု နှင့် ကြောက်တတ်တဲ့ သဘောတရားကို ဖော်ဆောင်တယ်။ ဒါကြောင့် အဝါရောင် အချစ်ဆိုတာ အမြဲအလျှော့ပေးတတ်ပြီး ချစ်တဲ့သူအပေါ် အမြဲဂရုစိုက် စောင့်ရှောက်တတ်တဲ့ သဘောကို ရည်ညွှန်းတယ်။

လိမ္မော်ရောင်အချစ်

လိမ္မော်ရောင် ကတော့ ချမ်းသာ ကြွယ်ဝမှု နဲ့ ပျော်ရွင်ကြည်နူးခြင်း သဘောတရားကို ဖော်ဆောင်တယ်။ ဒီတော့ လိမ္မောရောင်အချစ်ဆိုတာ ကိုယ့်ချစ်သူကို လိုလေသေးမရှိ ပြည့်စုံပျော်ရွင်မှုကို ပေးစွမ်းနိုင်တဲ့ အချစ်မျိုးဖြစ်တယ်။

ပန်းရောင်အချစ်

ပန်းရောင် သည် နူးညံ ကြင်နာမှု၊ ဆန်းကြယ်မှု နဲ့ နုပျိုတဲ့ အလှတရား ကိုဖော်ဆောင်တယ်။ ဒါကြောင့် ပန်းရောင်အချစ် ဆိုတာ ရင်ခုန်ကြည်နူးဖို့ အကောင်းဆုံး ဆန်းကြယ်မှုများစွာ နဲ့ နူးညံတဲ့ အလှတရားတွေ အပြည့်၇ှိတဲ့ အချစ်ပါ။ ငယ်ချစ် (သို့) အချစ်ဦး အချစ် လို့ လည်းပြောလို့၇တယ်။ နောက်ပြီး ပန်းရောင်အဓိပ္ပာယ် ဆောင်ပုဒ်တစ်ခုလည်းရှီတယ်။ ဒါက "I will never forget you" ဆိုတဲ့ အဓိပ္ပာယ်ပါ။

ခရမ်းရောင်အချစ်

ခရမ်းရောင် က လျှို့ဝှက်ဆန်းကြယ်မှု၊ ပေးဆပ်ခြင်း နှင့် သစ္စာရှိမှု ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။ ဒီတော့ ခရမ်းရောင် အချစ်က ခန့်မှန်းရခက်တယ်၊ အချစ်ကို မဖော်ပြပဲ မြုံထားတတ်ကြတယ်။ ချစ်မိပြန်ရင်လည်း ချစ်တဲ့သူအပေါ် အကုန်လုံးပေးဆပ်ချင်တဲ့ သဘောတရားရှိတယ်။ ချစ်တဲ့သူအပေါ် အမြဲသစ္စာရှိတယ်။

အဖြူရောင်အချစ်

အဖြူရောင် ကတော့ သန့်စင်ခြင်း၊ မွန်မြတ်ခြင်း ဆိုတဲ့ သဘောကို ဆောင်တယ်။ အဖြူရောင်အချစ်ဆိုတာ ပကတိရိုးသားဖြူစင်တဲ့ အချစ် (သို့) နားလည်မှု အရှိဆုံးသော အချစ် ပင်ဖြစ်တယ်။ နောက်အဖြူဆိုတာ အပျိုဆိုတဲ့အဓိပ္ပာယ် ကိုလည်းဖော်ညွှန်းတယ်။ ဒါကြောင့် နိုင်ငံအများစုဟာ သတို့သမီးဝတ်စုံကို အဖြူပဲဝတ်ဆင်ကြပါတယ်။

အစိမ်းရောင်အချစ်

အစိမ်းရောင်ကတော့ မျှတခြင်း၊ ကြီးထွားခြင်း နှင့် ဟန်ချက်ညီခြင်းဆိုတဲ့ ဆိုတဲ့ အဓိပ္ပယ်ကို ရည်ညွှန်းတယ်။ တစ်ခါတစ်ရံ အစိမ်းရောင်ဟာ ပိုက်ဆံ ဆိုတဲ့အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်တယ်။ ဒါကြောင့် အစိမ်းရောင် အချစ်ဆိုတာ လောကနဲ့ အညီ သဘာဝတရားနဲ့ အညီဟန်ချက်ညီ အံဝင်ခွင်ကျအောင် နေတတ်ပြီး တစ်ခါတစ်ရံ ဂုဏ်ဒြပ်တွေကို တွယ်တာ တတ်တဲ့အချစ်မျိုးဖြစ်တယ်။

သက်တံရောင်အချစ်

သက်တံရောင် သည် တည်မြဲခြင်း၊ ပေါင်းစပ်ခြင်း နှင့် ထာဝရ ဆိုတဲ့ သဘောတရားကို ဆောင်တယ်။ သက်တံရောင်အချစ် ကတော့ ထာဝရအချစ်လို့ သတ်မှတ်လို့ရပါတယ်။

"ကဲ  လီလီ … ဘာသိချင်သေးလည်း …
အင်း … ကိုကြီး ကတော်တော် သိတာပဲ … ဒါဆို ကိုကြီး ကကော လီလီ့ ကို ဘယ်အချစ်ရောင် နဲ့ ချစ်တာလည်း"

သူမ ၏ အမေးကို ကျွန်တော် သဘောကျစွာ ရယ်မော မိလိုက်ပါသည်။

"ဘာရယ်တာလည်း … ကိုကြီး နော် …
လီလီ … ဘယ်လိုထင်လည်း … လီလီ့ကို ကိုကြီး ဘယ်လိုအချစ်ရောင်မျိုးနဲ့ ချစ်တယ်ဆိုတာ ခန့်မှန်းကြည့်ပါလား "

သူမ အနည်းငယ် တွေးဝေ သွားသည်။

"ဟင်အင်း … မသိဘူး … ကိုကြီးပဲ ပြောပြ ။
ဟုတ် … ကိုကြီးက လီလီ ကို ချစ်တဲ့ အရောင်က အကြည်ရောင် နဲ့ လီလီ ရဲ့။ အကြည်ရောင်အချစ်လို့ ခေါ်ရင်လည်းရတာပေါ့။
ဟင်… အစောက ကိုကြီး ပြောသွားတဲ့ အထဲမှာ အကြည်ရောင်မပါပါဘူး။
ဟုတ်တယ် … အကြည်ရောင်က ကိုကြီးအတွက် သီးသန့်အရောင်ပါ။ ဒါကြောင့်ထည့်မပြောသွားတာ။ အကြည်ရောင်ဆိုတဲ့ သဘောက အရောင်ဆိုတဲ့ သဘော သဘာဝကိုသာ သက်ရောက်သမုတ်ကျတာ။ သူ့ဆီမှာ တိကျတဲ့ အရောင်အဆင်းမရှိဘူး။ ရှိမှန်းသိပေမယ့်လည်း အသုံးပြုရ ခက်တယ်။ နားလည်ရခက်တယ်။ နောက်အကြည်ရောင်ဆိုတာ စင်္ကြာဝဌာ တစ်ခုလုံးကို စိုးမိုးထားတဲ့ အရောင်ဖြစ်တယ်။ ဒါကြောင့် အကြည်ရောင်အချစ်ဆိုတာ မြင်အောင်ကြည့်လို့လည်း မရဘူး စိတ်နဲ့ခံစားပြီးကြည့်မှ ရတဲ့အရောင်မျိုး။ ဒါကြောင့် ကိုကြီးက လီလီ့ကိုချစ်တဲ့ အကြည်ရောင်အချစ်ဆိုတာ နှလုံးသားထဲက ထွက်ပေါ်လာတဲ့အချစ်တစ်မျိုးပါ။ အဲ့အချစ်ကို လီလီ ခံစားကြည့်ချင်ရင် နှလုံးသား နဲ့ပြန်ကြည့်ခံစားလို့ပဲရမယ် လီလီ။

ကိုကြီးရယ် … အချစ်ဆိုတာ အရမ်း ပူလောင်လွန်းပါတယ်။ လူတစ်ယောက်ကို ချစ်ရတာ တကယ်ပဲ အရမ်း ပင်ပန်းပါတယ် ကိုကြိးရဲ့"

သူမ ၏ ဆိုလိုရင်းကို ကျွန်တော် ကောင်းစွာသဘောပေါက်လိုက်ပါသည်။ ရင်ထဲမှာလည်း နင့်ကနဲ နေအောင်တစ်ချက်အောင့် သွားသည်။ နောက်တစ်ချိန်မှာ ကျွန်တော်က သူမအတွက် ရသအမြောက်ဆုံးသော အကြည်ရောင်အချစ် ပုံပြင်လေး တစ်ပုဒ်ပဲအဖြစ်ပဲ ကျန်ရှိခဲ့တော့မှာဆိုသည်ကို နားလည်လိုက်သည်။

လူနှစ်ယောက် ဆန္ဒတွေ ထပ်တူကျခဲ့လျင် ဘ၀ ဆိုတာပေါင်းစည်းခြင်း တစ်ခုအဖြစ် လက်ခံလို့ရသည်။ တစ်ခါတစ်ရံ ဆန္ဒနှစ်ခု ထပ်တူကျနေ ပြန်သော်လည်း ဘ၀ နှစ်ခု က ပေါင်းရသင်းရ အတော်ပင်ခက်လှပေ၏။ ဒါကြောင့် ဆန္ဒသာချစ်ခြင်းဖြစ်ခဲ့မည်ဆိုလျှင် အချစ် ၂ ခု ထပ်တူမကျ သ၍ ကျွန်တော် (သို့) သင်လည်း ကိုယ့်ဘ၀ နဲ့ ကိုယ်သာ ဆက်လျှောက်ရပေလိမ့်မည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်စွာရှိ၏။
ကန်ရေပြင်ကို သူမ နှင့် ကျွန်တော် တစ်ယောက်ကို တစ်ယောက် ဘာစကားမှ မပြောပဲ ထိုင်ကြည့်နေမိသည်။ သူမသည် သူမ ချစ်တဲ့သူ အကြောင်းကို ကျွန်တော်ပြောပြတဲ့ အရောင်တွေနဲ့ တိုင်းတာကြည့်နေခြင်းသာ ဖြစ်မည်ထင်သည် (သို့မဟုတ်) သူမရဲ့ ကြိုးစားနေဆဲ သူမ၏ ဖြစ်ချင်တဲ့ အိမ်မက်တွေ အကြောင်းဖြစ်မည်။ ကျွန်တော်ကတော့ ကျွန်တော်မပြောပြပဲ ချန်ခဲ့တဲ့ အကြည်ရောင်အချစ်ထဲမှ အကြောင်းအရာတစ်ခုကို စိတ်ထဲက အကြိမ်ကြိမ်သူမအား ပြောပြနေမိသည်။

အကြည်ရောင်ဆိုတာ တန်ပြန်တုန့်ပြန် တဲ့သဘောတရားတွေ မရှိဘူး။ တစ်ဘက်သက် ချစ်ခြင်းဆိုတဲ့ သဘောတရားကို ဆောင်တယ်။ တစ်ဘက်လူ အရောင် တစ်ခုပြလိုက်မှ ဝင်ရောက်ရောနှော ပိုင်ခွင့်ရှိတဲ့ အရောင်မျိုးပင်။ ကျွန်တော် စိတ်ထဲကထပ်မံ ပြောပြနေသော အကြည်ရောင်သည် အေးမြသော ကန်ရေလေ အဝှေ့တစ်ချက်နှင့်အတူ လွင့်ပါသွားသည်။

ကျွန်တော် ကော သူမ ပါ သက်ပြင်း အတူချလိုက်မိသည်။ ကိုယ့်အတွေးနဲ့ ကိုယ်သက်ပြင်းချလိုက်ခြင်းက တိုက်ဆိုင်မှု ဖြစ်မည်။
ကျွန်တော် ဆုတောင်းလိုက်ပါသည်။ သူမ အကြည်ရောင် အား စိတ်နှင့် ခံစားပြီး ကြည့်တတ်ပါစေလို့။

ကျွန်တော့် အနားတွင် အကြည်ရောင်တွေ ဖုံးလွှမ်းသွားသည်။ နောက် ဖြေးဖြေးခြင်း ဝါးမျိုသွားသလို ခံစားလိုက်ရသည်။ ကျွန်တော် အမြင်တွေဝေဝါးလာသည်။ အဖြူ၊ အပြာ၊ အနီ ၊ အစိမ်း အရောင်စုံပင် ကျွန်တော့် မျက်စိထဲ အရောင်များ စွာရှုပ်ထွေးနေသည်။ ကျွန်တော် သည် အဖြူဖြစ်လိုက်၊ အပြာဖြစ်လိုက်၊ အနီ ဖြစ်လိုက်နှင့် နောက်ဆုံး ကျွန်တော်သည် အကြည်ရောင်ပင် ပြန်ဖြစ်သွားလေသည်။

#တစ်ချိန်ကကျွန်တော်

No comments: