Saturday, August 17, 2024

~ လေထုထရံ မိုးယံခေါင်မိုး ~




နားထဲမှာ ကားသံတွေလား ဒါမှမဟုတ် ကမ္ဘာပျက်နေ တာလားမသိ ဆူညံ ပွက်လောရိုက်နေသည် ။ သည်သောသ အာရုံတွေကြောင့် သူရဲ့ လေးလံနေတဲ့ မျက်ခွံ ကိုမနိုင်မနင်း နဲ့ တစ်ဖျပ်ဖျပ်ခက်ပြီး လောကကြီးရဲ့ အာရုံဦး ကိုခံစားကြည့်ရှုဖို့ ကြိုးစားနေသည် ။ မှုန်ဝါးဝါးနဲ့ ပထမဦးဆုံး လောကကြီးရဲ့ သက်တံတွေ ကိုခံစားတွေ့ ကြည့်ဖို့ သူရဲ့ အကြည့်တွေဟာ ပုဇွန်ဆီ ရောင်သန်းနေ တဲ့ ကောင်းကင်ကြီး ကိုစတင်တွေ့လိုက်ရသည် ။ သူကောင်းကင်ကို ကြည့်နေတုန်း လူတွေ ကားတွေ သူဘေးနားက ဖြတ်ဖြတ်

သွားကြသံတွေ ကြားနေရသည် ။ ဒါကြောင့် သူ ငုတ်တုပ်ထထိုင်လိုက်သည် ။ ဘေးပတ်ဝန်းကျင်ကို အကဲခပ်ကြည့်လိုက်သည် ။ အလုပ်သွားကြမယ့်လူတွေ ထင်တယ် ထမင်းချိုင့်ကိုယ်ဆီနဲ့ … ထမင်းချိုင့်မြင်တော့မှ သူဗိုက်ထဲမှ တဂျုပ်ဂျုပ်မြည်သံကို သတိထားမိသည် … အဲ့ဒီတော့ မှ မနေ့ည ၁၁ နာရီလောက်က အမူးသမား ကျွေး သွားသည့် လက်ကျန်ပေါင်မုန့် ၂ လုံးကို အင်္ကျီအိတ်ထဲက ထုတ်လိုက်သည် .. ညက လူးလွန့် ပြီးအိပ်ထားလို့ ထင်တယ် .. ပေါင်မုန့် ၂ လုံးက ပြားချပ်နေပြီ … ဘာပဲဖြစ်ဖြစ် ဒီလောက်တော့ ဂရုစိုက်မနေပါ .. ပေါင်မုန့် တစ်လုံးကို အလယ်ကပိုင်း အားရပါးရ ပါးစပ်ထဲသွပ်သွင်း လိုက်သည် ။ ဗိုက်ထဲ တစ်ခုခုရောက်သွားဖို့က အဓိက မဟုတ်လား ။ ဒါမှတာ ဒီနေ့ ဝမ်းရေးအတွက် လှုပ်ခြားနိုင်မှာလေ ။ စားပြီးတာနှင့် .. သူမတ်တပ်ရပ်လိုက်ပြီး အပျင်းကြောတစ်ချက်ဆွဲလိုက်သည် ။ နောက် ဘေးနား ကမြောင်းထဲ သွားပြီး ရေမြောင်းထဲမှာပေါ်နေတဲ့ သူ့မျက်နှာကိုကြည့် ရှုပ်ပွနေသော ဆံပင်ကိုသပ် မျက်နှာသစ်လိုက်သည် ။ ထို့နောက် သူရဲ့ လွယ်အိတ်ကြီးထဲ ဂုန်နီအိပ်ခွံ နှစ်ခုနဲ့ တိုလီမုတ်စလေးတွေ ကို ကောက်သိမ်းလိုက်သည်။


စိတ်ထဲမှာ ပုဇွန်တောင်စျေးဘက် အာရုံရနေသည်။ ထို့ကြောင့်ပုဇွန်တောင်ဈေးဘက်သွားမယ်လို့ ဆုံးဖြတ်လိုက်သည်။  မျက်နှာမှာ အားသစ်လန်းဆန်းတဲ့အပြုံးကို သူရဲ့ လှပပြီး ရွဲ့နေတဲ့ ပါးစပ်နဲ့ ပါင်းစပ်ပြီး .. တီကောင်လို တွန့်လိန် တွန့်လွန်နဲ့ ဖြေးဖြေး လျှောက်ပြီးထွက်ခဲ့သည်။ လမ်းမှာ လူတွေ သူ့ကိုကြည့်ပြိး သူနဲ့နီးလာရင် ခပ်ခွာခွာ ကနေ လျှောက်ပြီးသွားကြသည် ..ဒါကိုသူကိုတိုင်လည်း ကျေနပ်နေသည်လေ …. စိတ်ထဲမှာလည်း ` ဟ ဟ …. အော်အော် လူတွေလူတွေ တယ်ခက်ကြပါလား .. ငါ့ ခန္ဓာကိုယ်ု က ဒီလောက်လေး နံတာလောက်နဲ့ ရှောင်ဖယ်ရှောင်ဖယ်နဲ့ .. အားလုံးက အပုပ်ကောင်ရုပ်ဆောင်နေကြ တယ်ဆိုတာကို သိသိကြီးတွေနဲ့ မိုက်မဲနေကြတဲ့သူတွေပဲကျွတ်ကျွတ်သူ့တို့အစားငါသနားလိုက်တာကွာ …. ´လို့ တစ်ယောက်ထဲတွေးပြီး .. လှပတဲ့ နှုတ်ခမ်း ကြီးတွေ ကိုဖြဲကားပြီး ဖြတ်သွားတဲ့လူတစ်ယောက်ကို ပြုံးပြလိုက်သည် … သူပြုံးပြတာလည်းမြင်ကော အဲ့ဒီလူခင်ဗျာ ရုတ်တရပ်ကြောင်သွားပြီး သူ့ကိုပြန်ပြုံးပြလိုက်သည် .. နောက် ချက်ချင်းကြီး ရုပ်ပြန်တည်သွားကာ .. သူနဲ့ တော်တော်လေးကိုခွာပြီး သူ့ဘေးဖြတ်ကျော်သွားသည် ။ သူအဲ့လူရဲ့ ပုံစံကိုကြည့်ပြီး ….'အော်…. မြန်မာလူမျိုးတွေမှာ အစကတည်းက ချစ်ဖို့ ကောင်းတဲ့ စိတ်လေးတွေ ..အမူအရာတွေ ရှိရဲ့သား နဲ့ ပကာသနတွေ အယောင်ဆောင်တွေကြောင့် လူတွေ ရဲ့စိတ်ဓတ်တွေက အလိုလိုပျက်စီးကုန်ကြတာပဲ' လို့ တွေးမိတုန်း သူရဲ့ နံသာအာရုံထဲမွှေးကြိုင်တဲ့ ကြက်ကြော်နံလေး ကိုခံစားလိုက်မိသည် ..  သူလည်း ဘေးဘီ ဝှေ့ကြည့်လိုက်တော့ ရှေ့နားမှာ မာမွတ်တစ်ယောက်အကင်ရောင်းနေခြင်းဖြစ်သည်။ သူစဉ်းစား ကြည့်တော့ . .အကင်ဆိုင်နဲ့ သူနဲ့ ဘာမှ မဆိုင်သလိုပင်။ ဒီနေ့ တော့သူ့စိတ်ထဲမှာ .. အကင်စားချင်စိတ် တဖွားဖွားပေါ်လာသည်။ .. ဒါကြောင့် အကင်ဆိုင်ရှေ့ကိုသွားပြီး .. ညစ်ပတ်နံဆော်နေတဲ့ မျက်နှာပေး နဲ့ သွားရပ်နေလိုက်သည် ..


`သွား သွား .. ငါ့ဆိုင်ရှေ့နားမလားနဲ့´ လို့ဆိုင်ရှင်ကမောင်းထုတ်သည် ။ ဒီလိုတော့ လွယ်လွယ်နဲ့ အလျော့ပေးရိုးထုံးစံမရှိပေ။ တစ်ခါမောင်းထုတ်နေရုံနဲ့ ဘယ်ရမလဲ … ကိုကစားချင်နေတာကိုး .. ဒါနဲ့ ပေတေပြီး

ဆက်ပြီးရပ်နေလိုက်သည။


`ဟေ့ကောင် .. သွားသွား .. လာမရှုပ်နဲ့ ဈေးဦးတောင်ပေါက်သေးတာမဟုတ်ဘူး သွားကွာ … ငါရိုက်မိတော့မယ်´  ဆိုပြီးကျိန်းမောင်းလာသည် … ဒီလိုတော့ ဘယ်ရမလည်း ငါတို့ ဘဝဟာ ရိုက်တာပုတ်တာခံရတာလောက်တော့ ပျင်းတောင်ပျင်းသေး

တယ်လို့တောင်ဆိုရမည်။  ဒါကြောင့် ..  ဆိုင်ရှေ့မှာ ငုတ်တုတ်ထိုင်ချ ပစ်လိုက်သည်။ ပြီးနောက် ပထမဦးဆုံးဆိုင်ရှင်ကိုတောင်းဆိုလိုက်သည်။


`အကိုလေး .. ကျွန်တော် ဗိုက်ဆာလို့ပါဗျာ .. ကျွန်တော်ကိုတစ်ခုလောက်ကျွေးပါလား´

`အောင်မယ် .. သူတောင်းစားက လူပါးဝလို့ .. ကြက်ကြော်တော့ မရဘူး .. &^$#@# ပဲရမယ်'ဆိုပြီး ထဆဲလေတော့သည်။  ငါသည်လည်းခေသူမှမဟုတ်ပေ .. သူတောင်းစားလုပ်စားလာတာ နှစ် ၄၀ ကျော်လာပြီ .. ဒီလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ဆိုပြီး .. ဆိုင်ရှေ့မှာ လှဲချလိုက်သည်။  ဆိုင်ရှင်မာမွတ်ကြီး ပြာပြာသလဲဖြစ်သွားပြီး "ဒီကောင်ကတော့ ကွာ "လို့ထပ်မံ ကျိန်းမောင်းလျက် ။ 

 

`ဟေ့ ကောင် .. မင်းသွားတော့ .. သွားတော့ ..´ ရော့' ဆိုပြီး ကြက်ခြေထောက်တစ်ချောင်းနဲ့ .. ကြက်ရည်ပြားကင်တစ်ချောင်းပေးလိုက်သည်။ ကျွန်တော်တို့ဘ၀ဆိုသည်မှာ စားချင်စိတ်ဖြစ်လာလျှင် ဓါးထုတ်ကျိန်းမောင်းစရာလိုပဲ အနုနည်းနဲ့ လိုချင်တာအများစု ရတတ်ကြသည်။ ကြက်ခြေထောက်ကို အရသာခံစားလျက် ထွက်လာခဲ့သည်။ ကားမှတ်တိုင်နားမှာ ယောင်လည်လည်လုပ်ပြီးရပ်နေတုန်း .. သူ့နားဖြတ်လျှောက်သွားတဲ့ သားမိနှစ်ယောက်ပြောနေသံ သဲ့သဲ့ ကိုကြားလိုက်ရသည် ။

အမေက သူသားကို .. မိဘမေတ္တာဘယ်လောက်ကြီးလဲဆိုတဲ့ စကားလေးကိုပြောပြီးဆုံးမနေတယ်ထင်ပါရဲ့။ 


 `ငါ့မှာကော .. မိဘဆိုတာရှိဘူးလား ။ အမေဆိုတာကကော .. သူတစ်ခါမှမမြင်ဘူးပါ ။ မွေးလာကတည်းက ဒီအသိုင်းအဝိုင်းထဲမှာ ကြီးလာတာ .. ချစ်တာလည်းမသိ မုန်းတာလည်းမသိ .. ပြီးတော့ အချစ်ခံရတယ်ဆိုတာ မရှိ .. တစ်သက်လုံး သူများတွေ နှာခေါင်းရှုံ ၊ ရှောင်ဖယ်စွာနဲ့ ဆက်ဆံကြသည် .. အားလုံးရဲ့မျက်လုံးတွေက ငါတို့တွေသည် ဆန်ကုန်မြေလေး အသုံးမကြသည့် ကောင်များလို့သာသတ်မှတ်ထားကြသည် ။ အမှန်တော့ ငါတို့တွေ သည် လောကကြီးတွင် မရှိမဖြစ် ပါဝင်ရမည်ဆိုတာကို သူတို့မသိ ။ ငါတို့ မရှိလျှင် လောက ကြီးသည် ယခုကဲ့သို့ သာယာဝပြောမည်မဟုတ် ။ မြို့တစ်မြို့ ၏ အင်္ဂါရပ်တွင် ငါတို့လို သူဖုန်ုးစားမပါလို့ မပြီးဆိုတာ ကိုသူတို့ မေ့လျှော့နေကြသည် ။ ဒါကြောင့် လူတွေ ဘာပဲပြောပြော လောကကိုသာယာဝပြောအောင် ကူညီပေးသည့်ထဲတွင်ငါလည်းပါသည် ။ ထို့ကြောင့် ငါကိုယ်ငါဂုဏ်ယူသည် ။ ပြီးတော့ ငါတို့လိုသူဖုန်းစားတွေ တွင် မေတ္တာဆိုတာ မရှိပါ ၊ မေတ္တာစိတ်တွေ နည်းသည့်အတွက် ငါတို့တွင် အပူဆို၍ မရှိချေ ။ သို့ပေမယ့် .. ငါတို့မျိုးနွယ်ပြန့်ပွားဖို့ ကတော့ ငါတို့တော်တော်လေးကို အလေးထားပါသည် ။ ထိုသို့ အလေးထားသည့်အတွက်လည်း အခုထက်ထိ ငါတို့မျိုးနွယ်တွေ ဆက်လက်ရှင်သန် နေခြင်းလည်းဖြစ်တယ်လို့တွေးမိသည်။ သူအတွေး စများကိုဖြတ်လိုက်သည် ။ သူ အတွေးများနှင့် ဆက်လျှောက်လာလိုက်သည်မှာ  သူ့ဂွင် မဟုတ်သည့် သူများဂွင်ထဲ ဝင်ရောက်နယ်ချဲ့ရောက်ရှိ နေသည် ။ သူဘေးဘီဝှေ့ကြည့်လိုက်သည် ။ သူလိုမျိုး ဘယ်နှစ်ယောက်လောက်ရှိလေမလည်း ။ 


အင်း ကလေးကို ဘန်းပြပြီး တောင်းနေတဲ့ သူတောင်းစားမ တစ်ယောက်သာရှိသည် ။ သူသိပ်ဝမ်းသာသွားသည် ။ သူ့အတွက် အဲ့တစ်ယောက်က ပြဿနာမရှိလောက်ပါ ။ သူကားမှတ်တိုင်ဆီသွားပြီး သူ့လုပ်ငန်းကိုစတင်လိုက်ပါသည် ။

`အကိုတို့အမ တို့ရယ် .. ကျွန်တော့်မှာ .. လုပ်ကိုင်စားသောက်ဖို့ ခန္ဓာကိုယ်ချို့ယွင်းနေလို့ ပါ .. ဒါကြောင့် ကျွန်တော့် ကို ထမင်းဖိုးလေးများ တတ်နိုင်သလောက်ကူညီကြပါဗျာ .. အကို .. ကျွန်တော်ဗိုက်ဆာလို့ပါဗျာ ။

ကျွန်တော် ရှိခိုးပါတယ်"  ပြောလည်းပြော .. ထိုင်ချလိုက်ပြီး .. ရှိခိုးတာပေါ့ .. ရှိခိုးတာတောင် ရိုးရိုးဦးသုံးကြိမ်ချပြီး ရှိခိုးလို့ မရဘူး .. ပုဆိုးကို ဆွဲပြီးမှ

တောင်းရတာ … အဲ့ဒါမှ .. ဟိုကရှက်ရှက်နဲ့ ပေးတာ .. ရဖို့က လည်း 75 %လောက်သေချာတယ်လေ ။ ၂ နာရီလောက်အဲ့ကားဂိတ်မှာတောင်းကောင်းကောင်းနဲ့ တောင်းနေတာ တော်တော်လေး လည်း စုမိသွားပြီ ညစာကောမနက်စာကော အတွက် အိုကေသွားပြီလို့ ။ ဒါကြောင့် နောက် 30 မိနစ်လောက် တောင်းပြီး .. ရင် ဘုန်းကြီးကျောင်းတွေ ဘက်ကိုသွားမယ်လို့ဆုံးဖြတ်လိုက်သည် ။ ၁၀ မိနစ်လောက်ကြာတော့ သူ့နား ကို သူတောင်းစာ တစ်ကောင်ကပ်လာတယ် ။ သူ လှည့်ကြည့်လိုက်သည်။


'ဟာ…နယ်မြေခေါင်းကြီး' ဆိုပြီး ဒီကောင်က သူ့ကိုမျက်နှာ ရိပ်မျက်နှာကဲ ပြလိုက်သည်။ သူလည်း သဘောပေါက်လိုက်ပါသည်။

နောက် ဒီကောင့်သွားသည့် နေရာနောက်ကို လိုက်သွားရသည် ။ နောက် လူရှင်းပြီးချောင်ကောင်းတဲ့ နေရာကိုရောက်သည့်အခါ…..


`ဟေ့ ကောင် .. ဒီနေရာမင်းနေရာမဟုတ်ဘူးဆိုတာမသိဘူးလားကွ´ လို့မေးသည် ။

`ဟုတ် .. ကျွန်တော်သိပါတယ် ´  ..သူ စကားတောင်မဆုံးသေးဘူး .. သူ့မျက်နှာပေါ် လက်သီးနှစ်ချက်လောက် ဆင့်ကြလာသည်။ လက်သီးချက်ကတော်တော်ပြင်းသည်၊ ချက်ခြင်းနှာခေါင်းသွေးတွေ လျှံကြလာသည် ။ နောက်သူ့ အိတ်ကို လုယူပြီး ပိုက်ဆံတွေ ကို ရေနေသည် ။ ထို့နောက် တစ်ချို့တစ်ဝက်ကိုနှုတ်ပြီး ..


`ရော့ .. နောက်ဒီနေရာလာတောင်းချင်ရင် ငါ့ဆီလာပြော .. အခုဒီနေရာမှာ ငါရှိတယ်'

ဆိုပြီး သူ့အိတ်ကိုပြန်ပေးလိုက်သည် ။ သူလည်းဘာမှ ဆက်မပြောနေတော့ ဘူး .. ကိုယ့်အိတ်ကို ယူပြီး ဘုန်းကြီးကျောင်းတွေဘက်ကိုထွက်လာလိုက်သည်။ နောက်ဘုန်းကြီးကျောင်းရဲ့ နောက်ဘေး လမ်းကြားကနေဝင်ပြီးတော့ .. ထမင်းထုတ်လာပေးမယ့် အချိန်ကို စောင့်နေရသည် .. သူ့လိုမျိုးစောင့်တဲ့လူတွေ ၅ ယောက် လောက်ရှိသည် ။ နေ့ခင်း ၁ နာရီဝန်းကျင်လောက်ဖြစ်မည်။ .. ထမင်း နဲ့ ဟင်းကျန်တွေကို ရော ပြီး ကိုရင်လေး တစ်ပါးက ထွက်ပေးသည်။ အဲ့ဒါတွေကို စားပြီး

တစ်ရေးတစ်မော အိပ်ဖို့ အရိပ်ကောင်းတဲ့နေရာ တစ်နေရာကို သွားပြီး အိပ်ပစ်လိုက်သည် ။ သူနိုးလာတော့ ၄ နာရီလောက်ရှိပြီထင်သည်။ သူထမှ ရတော့မည် ။ ညနေဘက်တောင်းစရာ ရှိတာတောင်းရဦးမည်။ သူ့နယ်မြေဘက် ကို အေးဆေးစွာပြန်လာသည် ။ တစ်နေရာအရောက် လမ်းမှာ လူတွေ ဝိုင်းအုံကြည့်နေကြတာ ကိုတွေ့လိုက်ရသည် ။ သူလည်း "ဟာ" .. တောင်းဖို့ အကွက်ရပြီဆိုပြီး လူအုပ်ကြီးဆီနား ကပ်သွားလိုက်သည် ။ လူအုပ်နားတောင် မရောက်သေူးဘူး

မဏီစန္ဒာသီချင်းကို အော်ဆိုနေပြီး မြေအိုးဗုံ ကို တီးပြီးတောင်းနေတာကိုတွေ့လိုက်ရသည် ။ သူစိတ်ညစ်သွားသည် ။ ဘာကြောင့်လဲ ဆိုတော့ သူတို့သူတောင်းစားတွေ မှာ စည်းကမ်းတွေရှိသည် .. ကိုယ့်ပညာ နဲ့ကိုယ် တောင်းစားတဲ့ လူတွေကို အဆင့်မြင့် သူတောင်းစားလို့ ခေါ်သည် ။ သူတို့လို ပညာရှင်သူတောင်းစားတွေဟာ .. ဘယ်နေရာတောင်စားစား တောင်းစားခွင့်ရှိကြသည် ။ သူလည်း အဲ့လိုမျိုး တစ်ခုခုတီးတတ်ချင်သည် ။ ဒါပေမယ့် သူ့မှာ က လက်မသန် ခြေမသန်နဲ့ ဆိုတော့ ဘယ်လိုမှ အဲ့လိုအတတ်ပညာတွေ သင်လို့မဖြစ်ပေ ။ ဒါနဲ့ သူလည်း သူ့နယ်မြေဖြစ်တဲ့ ဒေါပုံဘက် ကို ဗန္ဓုလ တံတားကိုကျော်ပြီးပြန်လာခဲ့သည် ။ ထို့နောက် သင်္ဘောကျင်း ကားဂိတ်မှာ ညနေ ၆ နာရီ လောက်အထိတောင်းပြီး ညဘက်ဈေး တန်းရှိတဲ့ ဘက်ကို ထွက်လာခဲ့သည် ။


စျေးတန်းရောက် ဟိုကြည့်ဒီကြည့် လုပ်လိုက်သေးသည်။ ထို့နောက်ဆုံးဈေးလက်ကျန်ဖြစ်တဲ့ မုန့်တွေကို ဈေးပေါဆုံးနဲ့ ဝယ်ပြီတော့ သူရဲ့ စံမြန်းရာ .. ကားဂိတ်နားက ပလက်ဖောင်းဆီကို ပြန်လာပြီး စားပြီး ဝါးပြီး လှဲချလိုက်သည် ။ နောက် ကြယ်တွေ စုံတဲ့ ကောင်းကင်ကြီး ကိုမော့ကြည့်ပြီး ..


`အော် .. လူတိုင်းလူတိုင်း တစ်နေ့ တစ်နေ့ ကိုယ့်တာဝန် ကိုနေရာအသီး သီးကနေ လောကကြီးအတွက် တာဝန်ကျေအောင် လုပ်ပေးနေကြတယ်ဗျ ။ ဒါပေမယ့် လောကကြီး ကမတရားလိုက်တာနော် သူ့ကြတော့ငါတို့လုပ်ပေးသလောက် ပြန်မလုပ်ပေးသလိုပဲ … ဟား ဟား ဟား' တစ်ယောက်တည်း တစ်ဘောကျကာ ရမ်သွမ်းသွေးလျက် 'အိပ်ပြီဟေ့' ဆိုပြီး ပုဆိုးခြုံပြီး ကွေးလိုက်တော့သည် ။ လမ်းမ မှာ ကားသံတွေ က ကျိုးတို့ ကျဲတဲ ဖြတ်သွားတဲ့ အသံ

တွေတော့ ကြားနေရတုန်းပင်။ သေချာသည်က နောက်နေ့မနက် ပုဇွန်ဆီရောင်သန်းနေသော ကောင်းကင်ကြီးနှင့် အတူ သူပြန်လည်နိုးထလာပြီး လောကကြီးကပေးထားတဲ့ တာဝန်ကို အများနည်းတူ ထမ်းဆောင်ရဦးမည်သာ ။


တစ်ချိန်က ကျွန်တော်

1 comment:

ဆောင်းနှင်းရွက် said...

စုဗူးမှာလည်း ဖတ်ခဲ့ဘူးပါတယ် ..
ခု လည်း ဖတ်ပြီး
ခေါင်းထဲ အတွေးလေး ၀င်မိသွားတယ် ..