Saturday, August 24, 2024

~ ရီဝေယံ အပိုင်းအစ ~




 ဘဝ မှာ ပထမဆုံး အရက်ကြမ်း/ဖြူ ကို သောက်ကြည့်သည်။ ကျွန်တော်က အရက်ကြိုက်တဲ့သူတော့ မဟုတ်ပါ။ ရည်ရွယ်ချက်က အိပ်ဆေးသောက်လည်း အိပ်မပျော်တဲ့ အခြေအနေကနေ အရက်ပြင်းပြင်းသောက်ရင် အိပ်များပျော်လေ မလားလို့ပင်။ ဒီ သောက်အရက်ဖြူက အဝင်ကတော်တော်ဆိုးပါသည်။ တစ်ခွက်ကုန်ဖို့ တော်တော်အရှိန်ယူရသည်။ အမြည်းကတော့ လတ်လတ်ဆက်ဆက် ကွဲထားတဲ့အသည်း ရယ် ၊ သူမ ကိုချစ်တဲ့ အချစ်တွေနဲ့ သူမ အပေါ်ထားသည့် သစ္စာတရားတွေ ကိုရောသမမွှေပြီး မြည်းသည်ပေါ့။ အရသာ လေးလေးပင်ပင်လေး ရှိအောင် မျက်ရည်တွေလည်း ခပ်လိုက်ပါသေးသည်။


သိပ်မကြာပါဘူး ရီဝေယံလေး ဖြစ်လာသည်။ သူမဆီ ကျွန်တော် ဖုန်းခေါ်၏။ သည်တစ်ကြိမ်တော့ သူမ ချက်ချင်းကိုင်သည်။ ပြောခွင့်တောင်မရ လေသံမာမာ နဲ့ ကျွန်တော့်ကို ၃၀ စက္ကန့်လောက် ဆူငေါက်သွားသည်။ ဆူငေါက်တယ် ဆိုလို့ အထင်တော့ မကြီးလေနှင့် ။ သူမ ကို စိတ်ဒုက္ခပေးနေလို့ 'အမေက မွေး ၊ အဖေကကျွေး၊ နင်က သောက်ဒုက္ခတွေပေးတဲ့ ခွေးသူတောင််းစားကြီး' လို့ ဆဲဆို ဆူငေါက်တာပင်။ ကျွန်တော်က သူမ ရဲ့ ဆူသံငေါက်သံလေးကို ချစ်သည်။ ကျွန်တော့်ရဲ့ တစ်ပင်တိုင် အရက်ဝိုင်းလေးသည် စက္ကန့်ပိုင်းလောက်မျှ အဖော်ရှိသွားသည်ပေါ့။

ဒီ ညတော့ ကျွန်တော် အိပ်ပျော်လောက်ပါသည်။ မအိပ်လည်း ရူးတော့မှာ ကို ကျွန်တော်သိသည်လေ။ ရူးလို့မဖြစ်တာလည်း ကျွန်တော် သိသည်။ အရက်ကြိုက်တဲ့သူတွေ ပြောနေကြစကားက အရက်က သစ္စာရှိသည်။ ကျွန်တော်ကတော့ အရက်က သစ္စာရှိလား မရှိလားလည်း ကျွန်တော် မသိချင်ပါ။ ကျွန်တော် အိပ်ချင်မှု နှင့် သူမ ကို အရမ်းချစ်တာ ပဲ သိသည်။ အသက် ၄၀ နားရောက်မှ စောက်သည်းကွဲရသည်က အောက်ခံဘောင်းဘီ မဝတ်ပဲ ပုဆိုးနဲ့ မြို့ပတ်သွားနေရသလို ... ဘယ်လှမ်းလျင်ညာယိမ်း ၊ ညာလှမ်းလျင် ဘယ်ယိမ်း နှင့် လေဟာနှယ်ထဲ လွှင့်မျောနေတဲ့ ခံစားချက်မျိုး။

ခင်ဗျာတို့ ဆိတ်ထီးတွေ လမ်းလျှောက်တာကို နောက်ကနေ မြင်ဖူးကြတယ်မလား .. ?

'အေး . ဘဝ က အဲ့ ဆိတ် လစိ လိုပဲ .. ။'

တစ်ချိန်ကကျွန်တော်

No comments: