Saturday, August 17, 2024

~ မုဆိုးကျော်ဖိုးဝိုင် နှင့် ပဲဖတ်နှပ်ဟင်း ~




 အခန်း (၁)


မုဆိုးကျော် ဖိုးဝိုင်သည် အမှန်တော့ ဗမာဖြစ်သည် ။ ရှမ်းပြည် ရှမ်းရွာသို့ ကျားသားရည် လာရောင်းရာမှ ရွာတစ်ရွာမှာ မယ်မိုး နှင့် တွေ့စုံကာ ချစ်ကျွမ်းဝင်၍ ထိမ်မြားလက်ထပ်ပြီး ဖိုးဝိုင်သည် သူ့ဇာတိသို့မပြန်တော့ပဲ မယ်မိုး၏ရွာမှာပင် အခြေချနေထိုင် ၍ မုဆိုး အလုပ် ၊ကုန်သည် အလုပ်ဖြင့် လုပ်ကိုင်စားသောက်သည်။ ထူးခြားသည်က မယ်မိုးသည် ဗမာ စကားမပြော တတ်ပေ။ ဖိုးဝိုင်သည်လည်း ရှမ်းစကားပြောတတ်သည်လို့မထင် နှင့် မပြောတတ်ပေ။ သူတို့ နှစ်ယောက် ချစ်သူဖြစ်ပြီး လက်ထပ်ပြီးသည်ထိ လက်ဟန်ခြေဟန်ဖြင့် သာအများဆုံးပြောပြီး တစ်ယောက်ဘာသာစကားကို တစ်ယောက် နည်းနည်းစီသာသင်ယူ ခဲ့သည်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတော့ စပြီး ပြဿနာဖြစ်သည်က ထမင်းဝိုင်းမှာပင်ဖြစ်သည် ။


“မိုးရေ . . ငရုတ်သီးနည်းနည်းယူခဲ့ဟေ့”

“ဟုတ်” ဆိုပြီး မယ်မိုး နောက်ဘေးဝင်သွားသည် ။နောက် ကျိတ်ဆုံ ကိုယူချလာသည်။

“ဟာ . . ဒီမိန်းမတော့ ကျိတ်ဆုံ ဟုတ်ဘူးဟ . . ငရုတ်သီး . . ငရုတ်သီး” ဆိုပြီးထပ်ပြောလိုက်သည်။ မယ်မိုးသည် "ဟုတ် . . ဟုတ်" ဆိုပြီး ချက်ချင်း နောက်ဘေးထဲဝင်ပြီး သံပုရာသီး ယူလာပြန်သည်။

“ကျွတ် . . ဒီမိန်းမနဲ့တော့ ငါနဲ့ မဖြစ်ပါဘူးကွာ” ဆိုပြီးညည်းလိုက်သည်။ ဒါကိုမယ်မိုးက အားရဝမ်းသာစွာ နဲ့

“မဖြစ်ဟုတ်လား . . မဖြစ်” လို့ ပြန်ပြောလိုက်သည်။

“အေး .. ဟုတ်တယ် . .မင်းနဲ့ ငါနဲ့ မဖြစ်တော့ဘူး”လို့ ဒေါသ သံဖြစ် မယ်မိုးအားအော်လိုက်သည်။ မယ်မိုးသည် ဆက်ခနဲ ထပြီး နောက်ဘေးထဲ ပြေးဝင်သွားပြီး ရော့ "မဖြစ် . .မဖြစ်" ဆိုပြီး ကိုဖိုးဝိုင်အားလှမ်းပေးလိုက်သည်။ ဒီတော့မှ ဖိုးဝိုင်လည်း“အော် . .ရှမ်းလို မဖြစ်ဆိုတာက ငရုတ်သီးကိုး” လို့သဘောပေါက်လိုက်သည်။ နောက် ပြုံးလိုက်ပြီး မယ်မိုးအား အနားသို့ လက်ယပ်ခေါ်ပြီး နဖူးပေါ်သို့ အနမ်းတစ်ပွင့် ဖန်တီးလိုက်သည် ။ ထို့နောက် ငရုတ်သီးတောင့်ကို ကြည့်ပြီး .. 

“အော် . . မဖြစ် . . မဖြစ်” ဟုတိုးတိုးလေး ရေရွတ်လိုက်သည်။


အခန်း (၂)


တစ်နေ့ ဖိုးဝိုင် နွားသားရည် သွားရောင်းပြီး အပြန် တော်တော် မိုးချူပ်သွားသည်။ သူ ဗိုက်ကလည်း တော်တော်ဆာနေပြီ ။ အိမ်ရောက်မှ မယ်မိုး၏ လက်ရာကို အပြီ လွေးတော့မည် ဟုစိတ်ထဲမှာ ကြံရွယ်လိုက်သည်။ အိမ်ပြန်ရောက်တော့ ဗိုက်အရမ်းဆာပြီး ဖြစ်၍ အိမ်ရှေ့ကွတ်ပစ်မှာ ထိုင်ပြီး . .

“မယ်မိုးရေ .. ငါရောက်ပြီဟေ့ .. ဗိုက်အရမ်းဆာလာတယ် . .ဘာ ဟင်းချက်လည်းဟ” လို့လှမ်းအော်လိုက်သည်။ မယ်မိုးခင်ဗျာ ကိုဖိုးဝိုင် အသံကြာသည်နှင့် အိမ်ရှေ့ ကိုထွက်လာပြီး ကြိုလိုက်သည်။

“ဟဲ့ . . မယ်မိုး ဘာဟင်းချက်လည်းလို့ ငါမေးနေတယ်လေ” လို့ထပ်မေးလိုက်သည်။

“ပြောဖူးတော့် . .ပြောဖူး” မယ်မိုးပြောလိုက်တဲ့စကားကြောင့် ဖိုးဝိုင်တစ်ယောက် ဗိုက်ကလည်းဆာ မေးတာကို မယ်မိုးက မပြောဘူးလုပ်နေလို့ တော်တော် ဒေါသထွက်သွားသည်။

“ဟာ . . ဒီမိန်းမတော့ .. ငါဗိုက်ဆာနေပြီ ဘာဟင်းချက်ထားလည်းလို့ မေးနေတာ”လို့အော်လိုက်ပြန်သည် ။

မယ်မိုးသည် .. ဖိုးဝိုင် အော်သံကြောင့်အနည်းငယ် လန့်သွားပြီး .. တုန်တုန်ယင်ယင်ဖြင့်

“ပြောဖူး ပါဆို ပြောဖူး” လို့ထပ်မံပြောလိုက်သည် ။ ကိုဖိုးဝိုင် ဒေါသ ဒီဂရီ ထိပ်ဆုံးသို့ရောက်သွားသည်။

“ဟာ .. ဒီမိန်းမဆိုပြီး” နပန် တစ်ချက်ကျင်းလိုက်သည်။ မယ်မိုးရှေ့သို့ ငိုက်ကျသွားသည်။ အဲ့ဒါကိုအခွင့်ကောင်းယူ၍ ခြေထောက်နဲ့ ဖင် ကိုစောင့်ကန်လိုက်သည်။ နောက် “တောက် .. ဒီမိန်ါ်းမကွာ လုပ်လိုက်ရင် သေတော့မယ်” ဆိုပြီး နောက်ဘေး သို့ ဝင်၍ ကိုယ်တိုင်ဟင်းအိုးကို လှန်ကြည့်လိုက်သည်။

“ဟင် .. ပြောင်းဖူးဟင်းပါလား” ဖိုးဝိုင် ပိုဒေါသထွက်သွားသည် ။ ဒါလေးပြောဖို့အရေး ငါ့ကို စိတ်တိုအောင်လုပ်တယ်ဆိုပြီး အိမ်ရှေ့ ကွတ်ပစ် မှာ တုံလုံးလေးလှဲ ပြီး ငိုနေတဲ့ မယ်မိုး ဆီသွားပြီး စူးစူးစိုက်စိုက်ကြည့်ပြီး ပြောလိုက်သည်က . . .

“ပြောင်းဖူး . .လို့ ပြောလိုက်ရင်လည်း .. ပြီးတဲ့ဟာကို . . ငါ့ကို စ စရာများမှတ်နေလား . . ညည်းနောက်ဆို မှတ်ထား ငါမေး တာကို မပြောဖူး ဆိုရင် နာမယ်သာမှတ် . . သိလား”

“ ဟုတ် . . ဟုတ် ကိုဖိုးဝိုင်” လို့သာ မယ်မိုး ပြန်ဖြေ နိုင်တော့သည်။


အခန်း (၃)


တစ်နေ့ မုဆိုးကျော် ဖိုးဝိုင် မြို့တတ်ပြီး ၂ လလောက်စုထားသည့် သားရည်တွေကို သွားရောင်းသည်။ အပြန်တွင် ညမှောင် မည်စိုး၍သော်၎င်း ၊ တောထဲတွင် နတ်ကိုင်မည်စိုး၍သော်၎င်း အလေးအခင်း သွားချင်သည့်အခါ ပါလာသည့် ဝါးကျည်တောက်ထဲသို့ ကျင်ကြီး ၊ ကျင်ငယ်ကို စွန့်ပြီးပြန်လာသည်။ အိမ်ပြန်ရောက်တော့ မောမော နှင့် ရေမိုးချိုးပြီး ထမင်းစားမည် ၊ ထမင်းဝိုင်းပြင်ထားရန်နှင့် လှည်းပေါ်က မြို့ကသယ်လာသည့် ပစ္စည်းများချရန်ပြောပြီး အိမ်ပေါ်အရင် တက်သွားသည်။ မယ်မိုးသည် လှည်းပေါ်က ပစ္စည်းတွေကို ချရင်း လှည်းရှေ့နားမှာ ချည်ထားသော ဝါးကျည်တောက် ကိုသွားတွေ့သည်။ မယ်မိုးငုံကြည့်လိုက်သည် ။

“ဟယ် . .ကိုဖိုးဝိုင် ပဲဖတ် တွေဝယ်လာတာပဲ . .အများကြီးပဲ .. ဟုပြောပြီး နမ်းကြည့်လိုက်သည်။

“အင်း . .ဟင်းတွေက အနံတောင်နည်းနည်းထွက်နေပြီ .. ဒီည မချက်ရင်သိုးကုန်တော့မှာပဲ ကိုဖိုးဝိုင် ရေချိုးနေတုန်း အမြန်ချက်ပြီး ညစာကို ဒါနဲ့ပဲစား လိုက်မှ” ဆိုပြီး နောက်ဘေးသွား မီးမွှေးပြီး ချက်လေတော့သည်။ ဟင်းလည်းကျက်ရော . . “အင်း .. ဟင်းတွေက အများကြီးပဲ . . အိမ်နီးနားချင်းတွေပါ သွား‌ေ၀ ပေးဦးမှ”ဆိုပြီး သွားဝေလိုက်သည်။

ကိုဖိုးဝိုင် ရေချိုးပြီး ပြင်ထားသောထမင်းဝိုင်းသို့ ဝင်ထိုင်လိုက်သည်။ နောက် စားပွဲပေါ်က ဟင်းတွေကို ကောက်မြည်းလိုက်သည်။

“မိန်းမ ရေ . . . ဒါဘာဟင်းလည်း ဟ ကောင်းလှချည်လား”

“အော် .. ကိုဖိုးဝိုင် ရေ ..အဲ့ဒါ ရှင်ဝယ် လာတဲ့ ပဲဖတ်နပ် ကိုချက်ထားတယ်တော့်” . . မယ်မိုး စကားကြောင့် ဖိုးဝိုင် အနည်းငယ် တွေဝေသွားသည် ။

“ဟဲ့ . . မယ်မိုးရ ငါဘာ ပဲဖတ်နှပ် မှမဝယ်ခဲ့ပါဘူးကွ” လို့မယ်မိုးအားကြည့်ပြီးမေးလိုက်သည်။

“အော် . . ကိုဖိုးဝိုင်ရေ . .ရှင်ကလည်း မေ့တတ်ရန်ကောလား . . ရှင်လှည်းဦးမှာ ချိတ်ထား တဲ့ဝါးကျည်တောက်ထဲ က ပဲဖဲနှပ်တွေ မဟုတ်လို့ဘာတွေလည်းတော် . .ရှင်ကလည်း . . လာနောက်နေပြန်ပြီ” မယ်မိုး၏ စကားကြောင့် ကိုဖိုးဝိုင် မျက်လုံးပြူးတက်သွားသည်။ နောက် အပြင်သို့ထွက်ပြီးလက်ညှိုးထိုးပြီး သွားအန်လေတော့သည်။ နောက် အန်ဖတ်ဆို့ တဲ့လေသံ ကြီးနဲ့ “မယ်မိုး . . ရေ အဲ့ဒါ ငါ့ကျင်ကြီး၊ ကျင်ငယ်တွေ စွန့်ထားတာဟ” ဆိုပြီး ဆက်အန်ပြန်သည်။ မယ်မိုးလည်း ကိုဖိုးဝိုင် စကားကြောင့် ပါးစပ်ထဲသို့ လက်ငါးချောင်းလုံးထည့်၍ အန်ပြန်လေသည် ။ သူတို့ အန်နေတုန်း ခြေရင်း ၊ ခေါင်းရင်း အိမ်က ထမင်းစားသံတွေကိုကြားရသည် ။ နောက် . . ခေါင်းရင်းအိမ်က ဖြစ်မည်ထင် . . စကားသံသဲ့သဲ့ . .ကြားလိုက်ရသည်။

“မယ်မိုး . . ပေးတဲ့ ပဲဖတ်နှပ် တော်တော်ကောင်းကွာ” ဆိုတည်း ။



တစ်ချိန်က ကျွန်တော်

No comments: