Tuesday, August 20, 2024

~ ရင်ထဲက ဆရာမ ~

 



" မင်္ဂလာပါဆရာမ ... "


ငယ်ငယ်က စာသင်ခန်းကလို ဆရာမလာရင် ထပြီး နှုတ်ဆက်သည့်ပုံမျိုး 'လီလီ' အား ကျွန်တော်နှုတ်ဆက်လိုက်ပါသည်၊ သူမ ကျွန်တော့်အား တစ်ချက်ပင့်ကြည့်ပြီး လက်ဟန် နှင့် ထိုင်ဆိုသည့် သဘော။ ကျွန်တော်သည် သူမ၏ အသစ်စက်စက် ကျောင်းသားသစ်တစ်ယောက်ဖြစ်ပါသည်။ လီလီ၏ အိမ်မက်တွေက ဆရာမကောင်းတစ်ယောက် ဖြစ်ဖို့ပင်။ သူမ အိမ်မက်တွေ အကောင်ဖော်နေသည့် ကာလ ကျွန်တော်သည် လီလီ ၏ အိမ်မက်တွေထဲက တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ခွင့်ရချင်သူတစ်ယောက်ဖြစ်သည်။ ကျွန်တော်သည် ဆရာပေါင်းများစွာနှင့်တွေ့ဆုံ ပညာတွေ သင်ယူဖူးခဲ့သည်။ သို့ပေမယ့် ကျောင်းသားကောင်း တစ်ခါမျှမဖြစ်ခဲ့ဘူးသလို ကျောင်းသားဆိုးလည်း မဖြစ်ခဲ့ပါ။ ဒါကြောင့် ဆိုဆုံးမ မှုကို နာခံတတ်သလို တစ်ခါတစ်ရံလည်း လုပ်ချင်သာလုပ်တတ်သည့် ကျောင်းသားအဖြစ်သာ ဖြတ်သန်းခဲ့ဖူးသည်။ လူငယ်တွေမှာ တစ်ခုခုအတွက် (သို့) ဘာရည်မှန်းချက်ကြောင့် ဆိုသည့်အကြောင်းပြချက်များဖြင့် စာကြိုးစားကြသည်ကများပါသည်။ ဆရာမ အတွက် စာကြိုးစားသည်၊ ဆရာမ ကိုချစ်၍ လေးစား၍ စသဖြင့်တော့ ကြိုးစားကြခြင်းမှာ အင်မတန် နည်းလိမ့်မည်ဟုတွေးမိသည်။ ကျွန်တော်၏ စိတ်တွေသည် တပည့်ကောင်းတစ်ယောက် ဖြစ်လိုခြင်း ၊ နာခံတတ်ခြင်း ၊ ကြိုးစားခြင်း ၊ ရိုသေ လေးစားခြင်း နှင့် ဆရာမ၏ ဆိုဆုံးမမှုကို အပြည့်အ၀ ခံယူချင်နေသည့် ကျောင်းသားတစ်ယောက်သာ ဖြစ်လို၏။ ကျွန်တော်၏ ခေါင်းမာတတ်သော၊ လုပ်ချင်စိတ်ရှိလျှင် တိုင်ပင်ဆွေးနွေးမှုတွေကို ဂရုမိစိုက်တတ်သည့် အကျင့်ဆိုးများစွာရှိသည်။ ဒါကြောင့်ပင် ကျွန်တော်သည် ဘ၀မှာ ဆုံးဖြတ်ချက် အမှားပေါင်းများစွာနှင့် ကြုံခဲ့ဖူးသလို၊ ပြသာနာပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ 


'လီလီ' သည် ကျွန်တော်၏ ဆရာမ အဖြစ်၎င်း Mentor တစ်ယောက်အဖြစ်၎င်း ကျွန်တော့်အားပြုပြင် ပြောင်းလဲပေးနိုင်မည့်တစ်ဦးတည်းသော သူ ဖြစ်သည်။ ခေါင်းမာတတ်သည့် လူတစ်ယောက် အညံ့ခံခြင်းဆိုသည်မှာ တန်ဖိုးထားတတ်သွားခြင်းကြောင့်ဖြစ်မည်။ လီလီ့ ကို ကျွန်တော် တန်ဖိုးထားသည် ။ 


လီလီသည် တရုတ်စာသင်သည့် ဆရာမ တစ်ယောက်ဖြစ်ပါသည် ။ ဒါကြောင့်ပင် ကျွန်တော်၏ စိတ်ဝင်စားမှု နှင့် သဘောကျကြောင်းကို သူမ ၏ Personal Chat Box ကနေ တစ်ဆင့်ပဲ မေးမြန်းပြီး ချည်းကပ်ခဲ့ရသည်။ 


'လီလီ ခင်ဗျာ .. သင်တန်း ဖွင့်ထားတယ်ကြားလို့ပါ .. တရုတ်စကားပြောသီးသန့်သင်တန်း ရှိသလားဗျ' ဟု ကျွန်တော်မေးလိုက်ပါသည်။ လီလီ ကတော့ လက်တလော Speaking သင်တန်း မရှိကြောင်းနှင့် ရှိရင် အကြောင်းပြန် ပေမည့် အကြောင်းပြောသည်။ စိတ်ထဲမှာ တစ်ခုခု ရှိရင် မနေတတ်သည့် ကျွန်တော့် အကျင့်အတိုင်း .. "နောက်တစ်ခု ပြောစရာရှိသေးတယ်ဗျ . ကျွန်တော် လီလီ ကိုစိတ်ဝင်စားတာ အမှန်ပါ .. ကျွန်တော် ကြူးတာမျိုး ရှိရင်၊ မကြိုက်ရင် မကြိုက်ကြောင်းပြောပေးပါနော် .. ကျွန်တော် အလိုက်အထိုက်ပဲနေပေးပါ့မယ် " ကျွန်တော်၏ စကားသည် အသွား ၂ ဖက်ပါသော ဓါးသွားနှယ် ။ 


"အော်ရပါတယ် .. ပြန်မကြိုက်ရင်လည်း စိတ်မဆိုးပါ နဲ့ နော် .. ညီမက ငယ်သေးတာရယ် .. ပြီးတာ့ ဖြစ်ချင်တဲ့ အိမ်မက်တွေ ရှိသေးလို့ ဒါတွေ မေ့ထားလိုက်ပါတယ်" 

"မဆိုးပါဘူးဗျာ .. ကလေးတွေမှ မဟုတ်တာ"

"ခင်မင်လို့တော့ ရပါတယ်"လီလီ ၏ အဖြေသည်ငြင်းတာမပါ တစ်ဖက်သား၏ ခံစားချက်ကိုလည်း နားလည်ပေးသော အလိမ္မာများစွာပါသည့် အသုံးအနှုန်းများဖြစ်သည်။  သူမ၏ တစ်ဘက်သားပေါ်နားလည်ပေးချက်ကို ကျွန်တော်သဘောကျမိပါသည်။ 


"ဒါဆို .. ခင်မင် မှုက ပဲ အစပြုကြတာပေါ့ လီလီ .. တစ်ယောက် အကြောင်း တစ်ယောက်ဘာမှ သိတာလည်း မဟုတ်သေးတော့ လီလီ့ ကို ကျွန်တော် နားလည်ပါတယ် .. စကားမစပ် .. လီလီ့ရဲ့ အိမ်မက်က ဘာလည်းလို့ ကျွန်တော် သိခွင့်ရှိမလား"

"ဆရာမ .." ပြတ်သားလှသော သူမ၏ အဖြေ။ စကားလုံးတွေက စွမ်းအားရှိသည်ဆိုသည်မှာ အမှန်ပင်။ တိုတိုတုတ်တုတ် ဖြေလိုက်ပေမယ့် ၎င်းစကားလုံးတွေ၏ နောက်မှာ သေချာရေရာသော ဇွဲ နှင့် ဖြစ်ချင်စိတ် ထက်သန်နေမှုများအား အတိုင်းသား တွေ့ရသည်။ 


"ဒါဆို .. လီလီ အသက်ကြီးကြီး ကျောင်းသား တစ်ယောက်ရပြီလို့မှတ်လိုက် .. လီလီ ရည်မှန်းချက်ပြည့်တဲ့အထိ ကျွန်တော် လီလီ့နား ရှိနေပေးပါ့မယ် .. ရည်မှန်းချက်ပြည့်တဲ့အချိန် အခြားသဘောကျတဲ့သူ တွေ့လာရင်လည်း အကိုကြီး တစ်ယောက်လို ဆက်နေပေးပါ့မယ်"


'ဟုတ်' ဆိုသည့် စကားတစ်ခွန်းဆိုလာပြီး ကျွန်တော်တို့၏ Chat Box လေးမှာ တိတ်ဆိတ်သွားပါတော့သည်။ 'ဟုတ်' ဆိုသည့် သူမ၏ စကားအဓိပ္ပာယ်သည်  သူမ ရည်မှန်းချက်ပြည့်မည့်အချိန်ထိ ကျွန်တော်၏ အတူတူရှိနေပေးမည် ဆိုသည့်စကား ကိုလက်ခံသည်လား (သို့) အခြားသဘောကျသူတစ်ယောက် တွေ့ရင် ကိုကြီးတစ်ယောက်အဖြစ်ဆက်ရှိပေးမည်ဆိုသည်ကို လက်ခံသည်လား ကျွန်တော်သေချာမသိပေ။ ကျွန်တော်သိသည်က တစ်ဘက်သက်ပင်ဖြစ်ပါစေ ကျွန်တော် သူမ နှင့် အတူ အချိန်အကြာကြီးဖြတ်သန်းရရှိနိုင်ခြင်းပင်။  ဒါတွေသည် ကျွန်တော်၏ ကျောင်းသား တစ်ယောက်အဖြစ် ဇာတ်လမ်းအစ ဖြစ်သည် ။ လီလီ တရုတ်စာပင် သင်သင် ၊ ဂျပန်စာပဲ သင်သင် ၊ စီးပွားရေးအကြောင်းပဲသင်သင် ကျွန်တော်သည် သူမ ဘာသင်သင် သူမဆိမှ သင်ကြားမည့် ကျောင်းသား တစ်ယောက်ဖြစ်သည်။ 



"ငွေသော်တာ ရောင်ခြည် .. ထိန်လင်းတော့မည် .. ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ .. သဒ္ဒါကပိုသည် ဆရာမကို ပဲ အသည်းစွဲအောင် ချစ်မိသည် ...." တိုက်တိုက် ဆိုင်ဆိုင် လွှင့်ပြန်လာသည့် သိချင်းသံကြောင့် ကျွန်တော် ပြုံးမိသွားသည်။ စိတ်ထဲမှာလည်း တပည့် ကျင့်ဝတ် ကိုရေရွတ်လျက်။ 


ယနေ့ သင်တန်းချိန်ပြီး၏  .... 


'ကျေးဇူးတင်ပါတယ် ဆရာမ .. ' ထုံစံအတိုင်း ကျွန်တော် နှုတ်ဆက်လိုက်ပါသည်။ လီလီ က တစ်ချက်ပြုံးပြယုံသာ။   



တစ်ချိန်က ကျွန်တော် 



No comments: