Monday, December 15, 2025

** လွမ်းတဲ့အကြောင်း **



လွမ်းတယ်ဗျာ ... 


'ဘာကို .. လွမ်းသလဲလို့ မေးရင်' 

လွမ်းသလဲလို့ မေးတဲ့ ခင်ဗျာ ရဲ့ အသံကိုကြားပြီး ကျွန်တော် လွမ်းတာပဲ။ ကျွန်တော့် အဖြေအပေါ် မျက်ခုံးကြီးကျုံပြီး ပြန်ကြည့်တဲ့ ခင်ဗျာ ရဲ့ အမှုအရာကို လွမ်းမိတာပါပဲ။ အော် .. သဘောကျ ရမ်းသွမ်းသွေးလိုက်မိတဲ့ ခင်ဗျာရဲ့ အပြုံးကိုမြင်ပြီး ထပ်လွမ်းမိပြန်တာပါပဲ။ 



ဒီလို နေခြည်ဖြာနေတဲ့ နံနက်ခင်းပေါ့ .. လေအေးတစ်ချက် အဝေ့မှာကပိုကယိုဖြစ်သွားတဲ့ ခင်ဗျာလေးရဲ့ ဆံပင်ကိုကြည့်ပြီး ကျွန်တော် လွမ်းရပြန်တယ်။ ကျယ်ပြောလှတဲ့ ခင်ဗျာလေးရဲ့.. နဖူးပြင်လေးကို ကြည့်ပြီးလည်း လွမ်းရပြန်ပြီပေါ့။ ခေါင်းလေးမော့ပြီး နေကြာပန်းလေးလို နေရောင်ရှိတဲ့ဘက်ကို မျက်နှာမူလို့ .. အားရပါးရ ပါးစပ်လေးဟလို့ ရယ်နေတဲ့ခင်ဗျာလေးအမူအရာက ပန်းချီကားတစ်ချပ်လို သိပ်ကို လှလို့ပေါ့။  ဒါကိုမြင်လိုက်မိတဲ့ ကျွန်တော်က ဘာကိုလွမ်းမှန်းမသိ လွမ်းရတာပါပဲ။ 



တခါတစ်ခါ လှစ်ခနဲပေါ်သွားတဲ့ အပြိုင်ထွက်ပေါ်နေတဲ့ ခင်ဗျာလေးရဲ့ လမင်းကြီး နှစ်စင်း  အလှကို ကြည့်ပြီးတော့လည်း လွမ်းမိတာပါပဲ။ ဘာမဆိုင်ညာ မဆိုင် ကောင်းကင်ကို မော့ကြည့်မိတော့ .. ကောင်းကင်က လမင်းကြီးကလည်း ပြုံးပြီး ပြန်ကြည့်လို့ .. လ ခြင်းပြိုင်ရင်တောင် ခင်ဗျာလေးရဲ့ လနှစ်စင်းက ပိုထွန်းလင်းပြီး လှပပါပေတယ်။ ဒါကိုတွေးမိပြီးလည်း လွမ်းရတာပဲပေါ့။ ရေတွင်းထဲက လမင်းကြီးကို ငေးကြည့်နေခြင်းထက် .. ကျွန်တော့်လက်တစ်ကမ်းက လမင်းကြီးကို ဖမ်းဆုပ်လိုက်ရင်ပဲ ပိုကောင်းမလားလို့ ကျွန်တော် တွေးမိတာပါပဲ။ ဒီလို စဉ်းစားမိတဲ့အခါ ထပ်လွမ်းမိရပြန်တာပါပဲဗျာ။ 



ဘာမှ သေချာမသိပဲ နိုင်ငံရေးအကြောင်းတွေဆွေးနွေးငြင်းခုန် နေကြတဲ့ စကားဝိုင်းကို သွားကြည့်မိတဲ့အခါလည်း ‘ကိုကိုရေ အပျင်းပြေတယ်ကွ’ လို့ပြန်ပြောတဲ့ သူမျက်နှာဘေးလေးကိုလည်း လွမ်းမိတယ်။ ကျွန်တော်က သူမ နဲ့ ပက်သက်ရင် ဒီမိုကရေစီ စနစ်ကျင့်သုံးရမယ် ။ သူကတော့ ကျွန်တော့် အပေါ် အာဏာရှင်စနစ် ကျင့်သုံးမယ်။ အသုံးစားရိတ်နဲ့ပက်သက်ရင် အရင်းရှင်ဝါဒကို လက်ကိုင်ထားမယ်တဲ့။ မိသားစုလေးတစ်ခုဖြစ်လာရင်တော့ အော်တိုကရေစီ စနစ်နဲ့ ထိန်းသိမ်းမယ်ဆိုပဲ။ ဒီလို မဟာအကြံကြီးမားတဲ့ သူမရဲ့ ပြောဆိုပုံလေးကို ကြည့်ပြီးတော့လည်း လွမ်းရပြန်တာပါပဲ။ 



အလွမ်းဆိုသည်က ဆန်းကြယ်သား ၊ အခြားသူတွေ ပျော်ပြုံးရယ်နေတာကို တွေ့နေရင်တောင် သူတို့ ရယ်ပြုံးနေတာကိုမြင်ပြီး သူမရဲ့ ပြုံးဟန်လေးကို ပြန်လည်မြင်ယောင်မိပြီး လွမ်းရပြန်တယ်။ ဓါတ်ကြိုးပေါ်က၊ သစ်ကိုင်းပေါ်က၊ ကောင်းကင်ပြာပြာ တိမ်ဖြူဖြူအောက်နားကနေ ယှဉ်ယှက်ပျံနေကြတဲ့ ငှက်မောင်နှံတွေမြင်တိုင်း တစ်ချိန်ကတို့တတွေလည်း ဒီလိုပါပဲလိုပြောရင်း လွမ်းနေရပြန်တာပါပဲ။ အလွမ်းဆိုတာ သယ်လည်းခက်တယ်ကိုးနော် ။ စွယ်တော်ပင်မြင်လည်း လွမ်းရ၊ ရေပြင်ကျယ်ကျယ်ကြီးမြင်လည်း လွမ်းရ၊ လမ်းဘေး ပင်စည်အောက်က ခုံတန်းလေးတွေ မြင်ရရင်လည်း လွမ်းရပြန်တယ်။ ဘစ်ကားကြပ်ကြပ်မြင်ရင်လည်းလွမ်းရတယ်၊ တခါတုန်းက ခရေပင်လမ်းက ဖြတ်သွားတုန်း ခရေပင်တန်း အောက်တွေမှာ အလျှိုလျှိုရပ်ထားကြတဲ့ ကားတွေကို မြင်ပြန်ရင်လည်း လွမ်းရပြန်တယ်။ ဗိုလ်တစ်ထောင်ကမ်းနားမှာ စင်ယော်တွေကိုကြည့်ပြီး လွမ်းတယ်၊ ဒလ နဲ့ ရန်ကုန် စုန်ဆန် ကူးနေကြတဲ့ လှေငယ် လေးတွေကိုကြည့်ရင်းလည်း လွမ်းနေရပြန်တယ်။ ဘာမှဆိုင် ညာမဆိုင် အကြော်ဆိုင် မီးခိုးခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့လေးတွေကိုကြည့်ပြီးလည်း လွမ်းရပြန်တာပေါ့။ 



အလွမ်းဆိုတာ တိုက်ဆိုင်မှ လွမ်းလိုက်တာကွာဆိုတဲ့ စကားကို ကျွန်တော် ငြင်းရမလိုပါပဲ။ ကျွန်တော့်အတွက် အလွမ်းဆိုသည်က သူမ ဘေးမှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ ချစ်စိတ်တွေ၊ သတိရစိတ်တွေ၊ လွမ်းစိတ်တွေသည် အချိန်ပြည့်ပါပဲ တိုက်ဆိုင်သည့်အကြောင်းအရာမရှိပဲ အသက်ရှုတိုင်းကို ဖြစ်နေခြင်းပါ။ စက္ကန့်အမျှ ဖြစ်ပျက်တွေကြားထဲမှာ ဘာမှ ပြောင်းလဲခြင်မရှိပဲ တည်ရှိနေခြင်းကိုက ကျွန်တော့်ရဲ့ အလွမ်းတွေပေါ့။ 



တစ်ချိန်ကကျွန်တော် 





Friday, September 19, 2025

** ချစ်နိဗ္ဗာန် သို့ လူးရည်စက်ဖြင့် **



'The Man who can not live without Me' ဆိုတဲ့ စာသားလေးအား ရဲရင့်နှင်းဆီ၏ ဖုန်း contact list ထဲမှာ ရုတ်တရပ် ကျွန်တော် တွေ့လိုက်ရပါတယ်။ ဟုတ်ပါတယ် .. ဒီစာသားလေး နဲ့ ဖုန်း list ထဲမှာ မှတ်ထားတာက ကျွန်တော့်ရဲ့ နံပတ်ပါ။ ရဲရင့်နှင်းဆီ မှတ်သားထားသလိုပဲ တကယ်ပဲ ကျွန်တော်သည် ရဲရင့်နှင်းဆီ မရှိရင် ရှင်သန်လို့မရတော့သည့် ဂြိုလ်သားလေးဖြစ်နေပြီထင်တယ်။ ရဲရင့်နှင်းဆီ မနက်အိပ်ယာထ မျက်လုံးနှစ်လုံးပွင့်သည့် အချိန်ကစ ရဲရင့်နှင်းဆီ မျက်လုံးမှိတ်အိပ်တဲ့အချိန်ထိ  သူမ အနားကျွန်တော်ရှိပါတယ်။ ကျွန်တော် အလုပ်လုပ်နေသည့် အချိန်မှ လွှဲ၍ပေါ့။ ကျွန်တော်သည် ဘယ်လောက်နောက်ကျမှ အိပ်အိပ် အိပ်ယာစောစော ထတတ်သည့် အကျင့်ရှိသူဖြစ်သည်မို့ မျက်လုံးနှစ်လုံးပွင့်တာနှင့် ညအိပ်ချိန်ကတည်းက တောက်လျှောက်ခေါ်ထားတတ်သော သူမ နဲ့ ကျွန်တော့်ရဲ့  ဖုန်း ကျသွားလား .. ဆက်ခေါ်ထားသေးလား ချက်ချင်းကြည့်မိတတ်သူပါ။ ဖုန်းကျသွားခဲ့ရင် ဘယ်အချိန်မှာ ကျသွားတာလည်း ကျွန်တော်ကြည့်မိသည်။ ဖုန်းမကျသွားလျှင် မျက်လုံး ၂ လုံးကို မှိတ် နားကြပ်ကို နားထဲမှာ တင်းကြပ်နေအောင်ကပ်ပြီး ရဲရင့်နှင်းဆီ၏ အသက်ရှုသံလေးကို ခိုးနားထောင်ပြီး 'အော် .. အသက်ရှုသံလေးကိုတောင် .. ငါ့မှာ ချစ်လိုက်ရတာ' လို့ တစ်ကိုယ်တည်း ရေရွှတ်ပြောမိသူပါ။ ပြီးနောက် မောနင်း အစချီ နှုတ်ဆက်ပြီး ရဲရင့်နှင်းဆီ နိုးထမည့်အချိန်ကို အလုပ်လုပ်ရင်း စောင့်မျှော်ရသည်ပေါ့။ ကျွန်တော်ဘယ်လောက်ပဲ လွမ်းလွမ်း .. သေလောက်အောင် သတိရရ .. အရေးပေါ် အခြေအနေတစ်ခုရောက်နေခဲ့မည်ဆိုရင်တောင် ရဲရင့်နှင်းဆီ အိပ်မောကျနေချိန် ဘယ်တော့မှ ကျွန်တော် ဖုန်းဆက်ပြီး မနိုးပါ။  ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီ အိပ်ရေး၀၀ အိပ်စေချင်သည်က ကျွန်တော်၏ ချစ်ခြင်းတွေပေါ့ဗျာ။ 



' ကိုကိုရေ .. ဟန်နီ အပျိုမဖြစ်ချင်တော့ဘူး သိလား '  ရဲရင့်နှင်းဆီရဲ့ စကားကြောင့် ကျွန်တော် 'ဟမ်' ဆိုပြီး ရုတ်တရပ် မှင်သက်သွားအောင်လည်း သူ နောက်တတ်သေးတယ်။ အဲ့ဒီလို မကြာခဏ စတတ် နောက်တတ်သည်ကလည်း ရဲရင့်နှင်းဆီရဲ့ ထူးခြားချက်လို့တောင် ပြောလို့ရသည်လေ။ တစ်ခါတစ်ရံ youtube ကကြည့်လာပြီး ကျွန်တော့်ကို ပေါက်ကရမျိုးစုံကိုလည်း သူနဲ့ ဆော့ခိုင်းတတ်တယ်။ စကားလုံး လျှာလိပ်တတ်သည့် စကားစုများကိုလည်း ရှာကြံ ရှာဖွေတတ်ပြီး ကျွန်တော့်ကို ပြောခိုင်း၍ တခစ်ခစ်နဲ့ ထိုင်ရယ်တတ်သေးတယ်။ ဥပမာ - 'ထုံးဖြူကြီးလူးတဲ့အိုးလေးနဲ့ ထုံးဖြူလေးလူးတဲ့အိုးကြီး' ကိုအမြန်ပြောခိုင်းသည်မျိုး ။ ကျွန်တော့်မှာ လျှာဂျွမ်းပြစ်ပြီး ပါးစပ်က ပေါက်ကရတွေ ထွက်လာသည်ကိုက ရဲရင့်နှင်းဆီ အတွက် ဖျော်ဖြေပေးရခြင်း တစ်မျိုးပေါ့။ ရဲရင့်နှင်းဆီ ထိုကဲသို့ စနေခြင်းမျိုးကို ကျွန်တော် ချစ်ပါတယ်။ တခစ်ခစ်နဲ့ သွားတတ်လေးပေါ်အောင် ပြုံးရယ်နေခြင်းကိုက ကျွန်တော့်အတွက် သိပ်လှတဲ့ ပန်းချီးကားတစ်ချပ်ဖြစ်သလို ကျွန်တော့်အတွက် အကောင်းဆုံး ကဗျာ တစ်ပုဒ်ပေါ့။ အဲ့ဒီလို သွားတတ်လေးပေါ်အောင်ရယ်တဲ့အခါ ရဲရင့်နှင်းဆီ ရဲ့ မျက်လုံးလေးတွေကလည်း လိုက်ရယ်တယ် .. ဆံနွယ်စတွေကလည်း လေမှာဝှေ့လို့ .. သူတို့လည်း လိုက်ရယ်သွမ်းသွေးတာပေါ့ ။ ခေါင်းလေးလှုပ်ခါလိုက်တိုင်း ရဲရင့်နှင်းဆီရဲ့ နားရွက်တွေကလည်း ထူးထူးခြားခြားလိုက်ရယ်သေးတယ်။ သူမ လည်တံလေးတွေ .. သူမ မျက်ခုံးလေးတွေ .. သူမ မျက်တောင်လေးတွေ အစ .. သူမ ရင်သားလှလှလေးတွေ အဆုံး လိုက်ပြီး ရယ်သွမ်းသွေးတာပေါ့။ ဒါကို တသိမ့်သိမ့်ရယ်ခြင်းလို့ ခေါ်လျှင်  ဒါကို တစိမ့်စိမ့်ချစ်ခြင်းလို့ ကျွန်တော်အမည်ပေးမည်။ 


'ကိုကိုရေ .. ဟန်နီ အသညိးခွဲ ဘုရင်မပဲ လုပ်တော့မယ် ' 

' ကိုကို့ အသည်းကို ခွဲမှာ . . ဟန်နီက ' ပြီတည်တည်နဲ့ အတည်ပြောနေတဲ့ ပုံစံမျိုး နဲ့ ရဲရင့်နှင်းဆီ ထပ်ပြောနေပြန်ပါပြီ။ ပုံစံကြည့်ရတာ တကယ်လည်း ခွဲ မယ့်ပုံ။ ရဲရင့်နှင်းဆီ အသည်းခွဲမယ်ဆိုလည်း ကျန်ခဲ့ရမယ့် ကျွန်တော်ပါ။ ရဲရင့်နှင်းဆီ အသက်ကလည်း ငယ်သေးတာမို့ အကယ်၍များ ကျွန်တော့်အသည်းကို ခွဲခဲ့မယ်ဆိုရင်တောင် ရဲရင့်နှင်းဆီ စိတ်ချမ်းသာမယ်ဆိုရင် ကျွန်တော် ကြည်ဖြူပေးမှာပါ။ သို့ပေမယ့်လည်း ယခုချိန်ထိ ကျွန်တော့်လက်ကို ရဲရင့်နှင်းဆီ မြဲမြဲဆွဲထားဆဲ။ ဆွဲထားတဲ့ လက်ကလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမြဲပေါ့။ တစ်ချိန်က ပထမဆုံး ရဲရင့်နှင်းဆီလက်ကလေးကို ဆုပ်ကိုင်ဖူးတဲ့နေ့။ ထိုနေ့က ရဲရင့်နှင်းဆီကို အိမ်ပြန်ပို့တဲ့အချိန်ထိ မလွတ်တမ်း ရဲရင့်နှင်းဆီ လက်ကလေးကို ဆုပ်ကိုင်ထားတဲ့ အချိန်လေးကို ပြန်အမှတ်ရမိပေါ့။ အမြဲ ချွေးစေးတွေ ထွက်နေတတ်တဲ့ ရဲရင့်နှင်းဆီရဲ့ လက်ချောင်းရှည်ရှည်လက်ကလေးတွေကို တယုတယ ကိုင်ပြီး ချွေးစေးတွေကို ဖွဖွလေး တစ်ရှုးလေးနဲ့ သုပ် ။ ပြီးနောက် ရဲရင့်နှင်းဆီရဲ့ လက်ဖမိုးလေးကို ဖွဖွလေး နမ်းပြီး 'ကျွန်တော် ပြန်မလွှတ်ချင်တော့ဘူး' လို့ ရဲရင့်နှင်းဆိကို ဖွဖွလေးပြောဖူးခဲ့ပေါ့။ ထိုနေ့ကတည်းက တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားတဲ့လက် ယခုထိ ခိုင်မြဲနေဆဲပေါ့။ ပိုချစ်လာမြဲပေါ့။ ရဲရင့်နှင်းဆီရဲ့ နှုတ်ခမ်းစူစူလေးကို ဖွဖွလေးနမ်းပြီး ထွေးပွေ့ ထားဆဲပေါ့။ အချိန်တွေက ကုန်မြန်လွန်းလိုက်တာ .. တစ်ယောက်ကို တစ်ယောက် ချစ်တဲ့ အချစ်နွံထဲမှာ ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ ဖြေးဖြေးချင်း နှစ်မြုပ်နေဆဲပေါ့။ 

 


ကျွန်တော် သူငယ်ချင်းတစ်ယောက်က မေးတယ်။ 'မင်း .. အမြဲ အားတာနဲ့ သူမ နဲ့ တောက်လျှောက်ဖုန်းပြောနေတာ .. မပျင်းဘူးလားတဲ့ .. ဒီလောက် လတွေ အကြာကြီး ဘာတွေ ပြောနေကြတာလည်း'ဆိုပြီး စပ်စုတာပေါ့ ။

ကျွန်တော့်သူငယ်ချင်း မေးတာလေးကို စဉ်းစားမိပါတယ်။ တကယ်တမ်း ပြောရရင် ရဲရင့်နှင်းဆီ နဲ့ ကျွန်တော် တူတူ ရှိနေရင် အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင်မသိပါဘူး။ ဝေးနေပေမယ့် နှစ်ယောက်တူတူ လုပ်လို့ရတဲ့ activity လေးတွေ လုပ်ပြီး တစ်ယောက်ကို တစ်ယောက် Brain Storm လုပ် တစ်ယောက်မသိတာ တစ်ယောက် မေးပြီး Study and Learning လုပ်ကြ။ စုံထောက်ကားတွေကြည့် လူသတ်သမား၊ လူဆိုး ခန့်မှန်းကြည့်ကြ။ ကြောက်စရာအကောင်းဆုံးဆိုတဲ့ သရဲကားတွေ ရွေးကြည့်ကြ။ ဂိမ်းလေးတွေ တူတူဆော့ လောင်ကြ။ တစ်ခါတစ်ရံတော့လည်း စိတ်ကောက်တဲ့အချိန်လေးတွေ ရှိသေးတော့ ချော့ရတဲ့ အချိန်လေးတွေနဲ့ဆိုတော့ လတွေ ကြာနေပေမယ့် ပျင်းဖို့ အချိန်တောင် တကယ်မရှိရပါဘူး။ တစ်ယောက်နား တစ်ယောက်ရှိနေတာကို ကျေနပ်တဲ့ စိတ်က အချိန်တွေကို တိုက်စားသွားတာဖြစ်မှာပေါ့။ ချစ်စိတ်တွေထုံမွှန် .. မြင်ချင်စိတ်တွေ ထုံမွှန် .. လွမ်းတဲ့ စိတ်တွေ ထုံမွှန် .. ထိုထုံမွှန်ခြင်းတွေက ကျွန်တော်နဲ့ ရဲရင့်နှင်းဆီရဲ့ လောက နိဗ္ဗာန် ပေါ့။ 


ဘဒ္ဒကမ္ဘာကို နားလည်ခြင်းဖြင့် တည်ဆောက်

ထုံမွှန်ခြင်း ရသ၏ နိဗ္ဗာန် 

ထို ချစ်နိဗ္ဗာန် သို့ လူးရည်စက်တို့ဖြင့် မော်ကွန်းတင်အံ့ ။ 



တစ်ချိန်ကကျွန်တော် 


Tuesday, September 2, 2025

** ချစ်ကြောက်ရပါသော **




တယ်လီဖုန်း တီထွင်သူ ဂရေဟန်ဘလ်သည် ဟာသ အသစ်တခုကြားရတိုင်း ဝိုင်းဖွဲ့ ဟားတိုက်ရန်အတွက် မိတ်ဆွေအပေါင်းအသင်းများဆီ ပြေးပြောလေ့ရှိသည်။ သို့သော် ကြာလာသော အခါ ခဏခဏပြေးပြောနေရသည်ကို စိတ်ညစ်လာသည်။ သို့နှင့် တယ်လီဖုန်းကို တီထွင်လိုက်သည်ဟု ဆိုပါသည်။ ဆန်းသစ် ဖန်တီးမှုများသည် သေချာသော အကြောင်းအရင်းရှိသည် မဟုတ်ပါလား။ စိတ်အားထက်သန်မှု အကြောင်းတရားကို အကြောင်းပြု၍ လူသားများက တီထွင်ဖန်တီးကြသည်လေ။ ဒါကြောင့် အပြောင်းအလဲ မြန်ဆန်လွန်းသည့် AI ခောတ်မှာ ပိုပြီး ဆန်သစ်တီထွင်နိုင်လာကြသည်လေ။ ကျွန်တော်သည် ရဲရင့်နှင်းဆီ နား နေချင်သည့် ဆန္ဒကို အကြောင်းပြု၍ ဘာတွေ တီထွက်ကြံဆရမလည်း အမြဲတွေးနေတတ်သူပါ။ သို့သော်ငြားလည်း အတွေးစတို့သည် လက်တွေ့အခြေအနေသို့ ရောက်မလာပဲ အတွေးသံသရာထဲမှာ အထမမြောက်သည့် တီထွက်ကြံဆမှုမျိုးနဲ့သာ အကြိမ်ကြိမ်လဲပြိုခဲ့ရသည်။ 


ရဲရင့်နှင်းဆီ သည် သူမ အမြဲလိုချင်သည့် ဖြစ်ချင်သည့် အစွမ်းတခုကို ကျွန်တော့် ကိုမကြာခဏ ပြောပြတတ်သည်။ ရဲရင့်နှင်းဆီက Teleport လို အစွမ်းအစအမျိုး ရချင်သည်။ ဒီအစွမ်းရသည့်အခါ သူမ သွားချင်သည့် မည်သည့်နေရာမဆို၊ သူမတွေ့ချင်သည့် မည်သည့်သူမဆို ချက်ချင်းသွားတွေ့လို့ ရသည် ဆိုခြင်းပင်။ ရဲရင့်နှင်းဆီရချင်သည့် အစွမ်းအစမျိုး ကျွန်တော်လည်း ရချင်ပါသည်။ ထိုအစွမ်းအစမျိုးကိုလည်း ဖန်တီးတီထွင်ချင်ပါသည်။ သို့ပေမယ့် ကျွန်တော်သည် ခပ်ညံညံလူသား တစ်ယောက်ပင်ဖြစ်သည့်အတွက် ထိုအရာမျိုးကို တီထွင်မဖန်တီး မစွမ်းဆောင်နိုင်ခြင်းကိုတော့ ဝမ်းနည်းမိပါသည်။ ကျွန်တော်သည် ရဲရင့်နှင်းဆီ နှင့်ပက်သက်သည့် စိတ်အားထက်သန်မှုမျိုး ဂရေဟန်ဘလ်နည်းတူ ထပ်တူရှိပါသည်။ သို့ပေမယ့် လေထဲသာတိုက်အိမ်ဆောက်နေသည့် မိမိကိုယ်ကို အားမရလျက် Teleport ကိုတီထွင်နိုင်ဖို့ မပြောနှင့် အခြားသူများတွေ တီထွင်ထားသည့် လေယျာဉ်ပျံကြီးကို စီးလျက် သူမဆီ သွားရောက် တွေ့ဆုံဖို့ အရေး အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးသည့် မိမိကိုယ်ကိုပင် အပြစ်တင်နေမိပါသည်။ ရဲရင့်နှင်းဆီ သည် ကျွန်တော့် အလာကို စောင့်မျှော်ရင်း အနောက်ကမ္ဘာခြမ်းကနေ အရှေ့ကမ္ဘာခြမ်းကိုတောင် မကြာခင် ပြောင်းရွှေ့တော့မည်လေ။ လက်ရှိမှာတော့ အာလာဒင်လို မီးခွက်စောင့် ဘီလူးရှိသည့် မီးခွက်လေး တစ်လုံးသာ ကောက်ရချင်ပါသည် ။ သို့မဟုတ် ဂျန်နီ လို မီးခွက်မျိုးလည်း ရပါသည်။ မီးခွက်စောင့်တွေက 'အသင် .. လိုချင်သည့် ဆုတစ်ခု တောင်းပါ .. တစ်ခုပဲ တောင်းလို့ရပါတယ်' လို့ ဆိုလျှင် 'ရဲရင့်နှင်းဆီ မှာ Teleport လို အစွမ်းအစမျိုး ပိုင်ဆိုင်ခွင့် ရပါစေ' လို့ပဲ ကျွန်တော် ဆုတောင်းပေးချင်ပါသည်။ ကျွန်တော့် ဆန္ဒထက် သူမဖြစ်ချင် တဲ့ ဆန္ဒ အထမြောက် ဖြည့်ဆည်းပေးနိုင်ခြင်းကိုက ကျွန်တော်၏ ရဲရင့်နှင်းဆီအပေါ်ထားတဲ့ ချစ်ခြင်းရဲ့ တန်ဖိုးပေါ့ဗျာ။ 


မိုက်မဲသူဖြစ်ရတာနဲ့ ဆင်းရဲသူ ဖြစ်ရတာ ဘယ်သူဖြစ်ရတာပိုကောင်းလည်းလို့ ကျွန်တော် တွေးဖူးပါသည်။ ဆင်းရဲသူဟာ ပိုက်ဆံပဲ ချို့တဲ့တယ်တဲ့ ၊ မိုက်မဲသူကတော့ တခါတလေ သူနဲ့ ဆက်ဆံပြောဆိုချင်တဲ့သူတောင် ရှားပါးနေတတ်တယ် မဟုတ်ပါလား။ ကျွန်တော့်ဘ၀မှာ အဆင်ပြေချမ်းသာနေသူထက် ဆင်းရဲတဲ့သူတွေကို အကြိမ်ကြိမ်အားကျခဲ့မိတဲ့ အဖြစ်အပျက်တွေများစွာ ရှိခဲ့ပေါ့။ ဒါကြောင့် ကျွန်တော်က အကြိမ်ကြိမ်မိုက်မဲ သူဖြစ်ခဲ့တယ်ဆိုခြင်းကို ငြင်းစရာမလိုပေ။ အတိတ်က အရာအားလုံးကို လွတ်ချပြီးနောက် အစစအရာရာ ဆင်းရဲခြင်းကနေ ပြန်စနေရသည့် ကျွန်တော့်ကို ယုံယုံကြည်ကြည့် လက်ခံချစ်ပေးသည့် ရဲရင့်နှင်းဆီကို အံ့ဩစွာနဲ့ ကျွန်တော် ကျေးဇူးတင်ပါသည်။ Ready Made ကိုပဲ အလေးထားသည့် ခောတ်မှာ ကျွန်တော့်လို စိုက်တုန်း ပျိုးတုန်း လူတစ်ယောက်ကို ဘာပြစ်ချက်မှ ပြောစရာမလိုသည့် ရဲရင့်နှင်းဆီက ယုံကြည်လက်ခံပေးတယ်တဲ့လေ။ 'ချစ်ခြင်းကို ယုံကြည်တာကလည်း တစ်ပိုင်းဖြစ်သလို .. ကျွန်တော့်ရဲ့ အနာဂတ်ကိုလည်း ယုံပါတယ်' တဲ့။ ဒီစကားလေးကြောင့် ကျွန်တော် ငိုခဲ့မိပေါ့။ ကျွန်တော့် နှလုံးသားတွေ အရည်ပျော်ကျပေါ့။ ဘယ်တော့မှ စကားကို ပေါ့ပေါ့တန်တန် မပြောတတ်တဲ့ ရဲရင့်နှင်းဆီ ဆီက ကျွန်တော်ရလိုက်တဲ့ အကောင်းဆုံး ခွန်အားတွေပေါ့။ ဒီလိုတွေကြောင့်ပဲ ရဲရင့်နှင်းဆီကို ကျွန်တော် ပိုပိုချစ်ရတယ်လေ။ 


ကိုယ့်ထက်ညဏ်ရည်မြင့်သူနှင့် ငြင်းခုံပါ၊ သူအနိုင်ရပါလိမ့်မည်။ သို့သော် အရှုံးထဲက သင် အမြတ်ရပါလိမ့်မည်။ ကိုယ်နှင့် ညဏ်ရည်တူသူများနှင့် ငြင်းခုံပါ၊ မည်သူပဲ အနိုင်ရပါစေ၊ အောင်နိုင်မှုကြောင့်ရသော ပျော်ရွင်မှုကို အနည်းနှင့်အများ သင်ခံစားရပါလိမ့်မည်။ ကိုယ့်ထက် ညဏ်ရည်နိမ့်သူနှင့် ငြင်းခုံပါ၊ အနိုင်ရလိုသောဆန္ဒဖြင့် မငြင်းခုံပါနှင့် သင်သည် သူ့အတွက် အကျိုးရှိနိုင်သည်ဟူသော အသိစိတ်ဖြင့်ငြင်းခုံပါ။ လူညံ့လူဖျင်းနှင့်လည်း ငြင်းချင်ငြင်းပါ၊ ဘာအကျိုးအမြတ်မှ ရမည်မဟုတ်။ သို့သော် တစ်ခါတလေ အပျင်းပြေတတ်ပါသည်။ ထိုစာစုလေးသည် တခုခု ကျွန်တော်ငြင်းတော့မည် ပြောဆိုတော့မည်ဆိုလျှင် ခေါင်းထဲ အမြဲဝင်ရောက်တတ်သည့် အဆိုအမိန့် စာစုလေးပေါ့။ သို့ပေမယ့် ချွင်းချက်တော့ တစ်ခုရှိသည်။ 'ရဲရင့်နှင်းဆီ နှင့် ဘယ်တော့အခါမှ ပြိုင်မငြင်းပါလေနှင့်' ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုခြင်းမို့ 'ကျွန်တော် ညစာ ငတ်မှာလွန်စွာမှ ကြောက်သည်လေ' ။ ဒါကြောင့် ရဲရင့်နှင်းဆီ နှင့် ဘယ်တော့မှ ပြိုင်မငြင်းပါ။ တကယ်တော့ ညစာ ငတ်မှာက အကြောင်းပြချက်ဖြစ်ပြီး ..ကျွန်တော် ရဲရင့်နှင်းဆီကို ကြောက်ရသည်ကလည်း အဖြေပင်ဖြစ်သည်။


ချစ်သော .. ရဲရင့်နှင်းဆီ

ထချင်တဲ့အချိန် .. ထပါ 

စားချင်စိတ်ရှိမှ .. စားပါ 

အိပ်ချင်တဲ့အချိန် .. အိပ်ပါ 

သွားချင်စိတ်ရှိမှ .. သွားပါ 

ချစ်ချင်စိတ်ဝင်မှ .. ချစ်တယ်လို့ပြောပေးပါ။


ကြောက်တယ် .. ကြောက်တယ် .. ကြောက်တယ် 

အကျယ်ကြီး အော် .. မိတယ် 

ချစ်တယ် .. ချစ်တယ် .. ချစ်တယ် လို့ 

တိုးတိုးလေး အော် .. မိတယ် 

တကယ်တော့ .. ကြောက်လည်း ကြောက် 

ချစ်လည်း ချစ်ရပါတယ် .. ရဲရင့်နှင်းဆီ။



တစ်ချိန်ကကျွန်တော်


Friday, August 29, 2025

** ဂီတ ထဲက ကဗျာ **





 ယောကျ်ားရင့်မာကြီးတဲ့ ဗျာ .. 

ဘယ်တောအခါမှ မည်သည့်အကြောင်းနှင့်မျှ မရှုံးနိမ့်စေရ

ငါ .. ဒီလို စကားဆိုခဲ့တယ် ။ 

ခံတပ်ကို မိုးထိနံရံတွေ မိုင်ထောင်ချီ တည်ဆောက် 

ကွန်ချာတွေ အထပ်ထပ် ကာထားသော်လည်း

ကျွန်တော်ရဲ့ .. နှလုံးသား 

ကျရှုံး ခဲ့ပါပြီ 

ကျဆုံး ခဲ့ပါပြီ 

ကျွန်တော့်ဆီကို အပြုံးလေးတစ်ပွင့်နဲ့ 

သူမ .. ကျူးကျော်ဝင်ရောက်ခဲ့ပါပြီ။ 


ဘာတွေ ပျောက်နေလို့ ဘာတွေ ရှာနေမှန်း မသိခဲ့ပါဘူး 

သူမ ရဲ့ ရယ်မောသံက မှောင်နေတဲ့ ကျွန်တော့်ရဲ့ စိတ္တဇညတွေကို ဆိတ်သုန်းသွာစေခဲ့တယ်

ကောင်မလေးရေ .. မင်းက ဘယ်တော့မှ အစားထိုးလို့မရတဲ့ တစ်ပုဒ်တည်းသော ကဗျာဖြစ်တယ်။ 

ကောင်မလေးရေ .. မင်းက ကို့ စိတ်ဝိဉာဏ်ကို ပြန်ရှာပေးခဲ့တယ်။ 

ကောင်မလေးရေ .. ဒီဘ၀မှာ ထိတွေ့ ခံစားနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ 

ရင်ခုန်ခြင်းတွေ .. 

စိတ်လှုပ်ရှား ခြင်းတွေ ..

ချစ်စိတ်တွေ .. 

တစ်နေ့ထက် တစ်နေ့  ဒီရေလိုတိုးလို့သာ လာခဲ့ပေါ့။ 

ဒီမျက်နှာလေးကို မြင်တိုင်း .. ကို့အနာဂတ်ကို ပြန်ရှာတွေ့ခဲ့ရပေါ့။ 

 

အခု ...

ကို .. အချစ်ကို ယုံကြည်ခဲ့ပါပြီ .. ချစ်ဖူးသွားပါပြီ 

မင်းက .. ကို့ဆီကို ကံတရား ကောင်းတွေ .. ကောင်းမွန်ပြီးအရသာရှိတဲ့ ဘ၀ကို ယူလာပေးတယ်

မင်းက .. ကို့ဘ၀ရဲ့ အလင်းရောင်ခြည် .. ကို့ဘ၀ရဲ့ ချိုမြိန်တဲ့ အမှန်တရားတစ်ခုပါပဲ။ 

ဒီမျက်နှာလေးကို တွေ့လိုက်ရတဲ့ အချိန် 

ဒီအသံလေးကို ကြားလိုက်ရတဲ့ အချိန် 

ဘ၀အသစ်တစ်ဖန် ပြစခဲ့ပေါ့ ။ 


ကောင်မလေးရေ . . . မင်းက ငယ်ရွယ်လွတ်လပ်ပြီး  ခောတ်မှီတဲ့ သဘောထားရှိသူ

မင်း သီဆိုလိုက်တဲ့ မယ်လိုဒီ တေးသွားလေးတွေဆီက ထွက်လာတဲ့ Note တစ်ခုတိုင်းက .. ကို ပဲဖြစ်တယ် 

ကိုရဲ့ စိတ်ဒဏ်ရာ .. ထရောမာတွေက .. မင်း ယူလာတဲ့ ချစ်မီးအိမ်နဲ့အတူ အားလုံးလွှင့်မျော ပျောက်ကွယ်သွားခဲ့ပါပြီ။ 


ကောင်မလေးရေ .. ကိုက ကြယ်တစ်လုံးဆို မင်းရှိမှ တောက်ပနိုင်တဲ့ ကြယ်တစ်လုံးပါ 

တစ်ကြိမ်တစ်ခါမျှ ..  မည်သူ့ဆီကမှ .. မင်း ဂရုစိုက်သလိုမျိုး မရခဲ့ဖူးပါဘူး

ကိုက မပြည့်စုံတဲ့ puzzle လေးတစ်ခုပါပဲ .. 

သို့ပေမယ့် .. 

အဲ့ဒီ မပြည့်စုံခြင်းတွေကို .. မင်း အချစ်တွေနဲ့ ပြည့်စုံစေခဲ့ပေါ့။ 


ကောင်မလေးရေ .. ငါ့ရဲ့ ဗလာဟင်းလင်း ကောင်းကင်ပြင်ကို အရောင်တွေ ခြယ်သပေးခဲ့ပေါ့

ကောင်းကင်တစ်ခုလုံး . .  အပြာရောင်ချယ်သ .. 

ငါတို့ နှစ်ယောက် အပြာရောင်ချစ်နေ့ .. အပြာရောင်ချစ်ညတွေ နေ့နေ့ညည ရောင်စုံခြယ်ကြမယ်

တိမ်တွေကို အဖြူရောင် ခြယ် .. သစ္စာရှိခြင်းကို ပြတယ် 

ကာလာစုံ သက်တန့်လေးကို ဖန်ဆင်း .. ကာလာစုံခြယ်မှုန်ထားတဲ့ ချစ်ခြင်းတွေထဲမှာ ငါတို့တွေ ဝတ်မှုန်ကူးကြပေါ့

နောက်ဆုံး .. ငါ့မက်ခဲ့ဖူးတဲ့ အိမ်မက်လေးတွေ မင်းနဲ့ အတူ အသက်ဝင်လာခဲ့ပါပြီ။


နှလုံးသားခြင်းအပြိုင် .. ချစ်ခြင်းတွေ မွေးဖွားကြပြီ 

မွေးဖွားတဲ့အချစ်တွေကို ငါတို့မျှဝေခံစားကြပေါ့

တကယ်ကို ကျေးဇူးတင်ပါတယ် .. ကောင်မလေးရေ .. 

မင်းက .. ကို့ကို ကမ္ဘာ့ကံအကောင်းဆုံး လူသားအဖြစ် အသွင်ပြောင်းပေးနိုင်ခဲ့ပြီ။ 



ကျွန်တော် + ဂရေ့စ်


မှတ်ချက် ။  ဂရေ့စ်၏ သိချင်းစာသားကို ပြန်လည် ကဗျာရေးဖွဲ့ထားခြင်းဖြစ်ပါသည် ။


Tuesday, August 26, 2025

** နှာဘူးကောင် **



သတိပေးတားမြစ်ချက် ရှိသည် 

၁၈ နှစ်ကျော်မှ ဒီကဗျာကိုဖတ်ပါ။ 

ဒီကဗျာက ခင်ဗျာတို့ ထင်သလို အညှီအဟောက်တွေတော့မပါ 

သူမ ရဲ့ အသံချိုချို လေးတွေသာ ပါသည်။ 


ဒီကဗျာမှာ တောင်တန်းတွေ အကြောင်းပါတယ် 

ရွှေတြိဂံ နယ်မြေ အကြောင်းပါတယ် 

အမေဇုန် တောကြီး အကြောင်းပါတယ်

ချောကလတ်ရောင် တောင်ကုန်းတွေနဲ့  

ဥဩ သံလေးလို ချိုသာတဲ့ သူမ ရဲ့ အသံလေးတွေလည်းပါတယ်လေ။ 


သူမရဲ့ ပိန်သွယ်သွယ် ခြေတံ လက်တံ တပ်ဆင်ထားပုံဟာ 

ဇူးရစ် ၊ ဂျနီဗာက တောင်တန်းတွေလိုပဲ အချိုးဆစ် အကွေ့အကောက်တွေက

အရမ်းကို ရင်သပ်ရှုမော ဖြစ်ရသည်။  


အဆွေတို့ သိမည်လို့တော့ မထင် ...

ရွှေတြိဂံနယ်မြေ မှာ အမေဇုန်တော ပေါက်ရောက်ခြင်းကိုက 

သိပ်ကို လှပတဲ့ ကဗျာ တစ်ပုဒ်ကို ဖြစ်စေတယ် .. 

အရမ်းအဖိုးတန်တဲ့ မိုင်းတွင်းတွေ 

အဖြူရောင် ရေခဲမြစ်ကြီးတွေ 

သွေးနွေးသတ္တဝါတွေ သိပ်ပျော်ကြမယ့် တောနက်နက်ကြီးတွေ 

ထူးခြားတဲ့ ရနံတွေ ပွင့်လန်းနေတဲ့ ချစ်ပန်းကြီးတွေက လှိုင်လှိုင်ပွင့်နေကြပေါ့။ 


စီဘူးမြို့က ဘိုဟို တောင်ကုန်းကြီးတွေကို မြင်တဲ့အခါ 

သူမ ရဲ့ ရှိုက်ဖိုကြီးငယ်ကို မြင်ယောင် သတိရစေတယ် 

ဥဩသံလေးတွေ နဲ့ တီတီတာတာ ငှက်ကလေးတွေ အော်မြည်တိုင်း .. အော်မြည်တိုင်း 

သူမ ရဲ့ အသံ ချိုချိုလေးကို ပြန်အမှတ်ရစေခဲ့ပေါ့။ 



'ရှင် .. ဘာလို့ နှာဘူးထတာလည်း' တဲ့ .. 

သူမ ရဲ့ မေးခွန်းက ကျွန်တော့်ကို နှုတ်ဆိတ်စေခဲ့တယ် 

ကျွန်တော့်ကို ပြုံးစေခဲ့တယ် ။ 

သူမက .. မျက်စောင်းလေးထိုး 

အသံချိုအေးအေးလေးနဲ့ 'နှာဘူး ကောင်' တဲ့လေ။ 


ဒီအသံလေးမှာ ကျွန်တော် တွယ်ငြိမိပေါ့ .. 

ဒီအသံလေးမှာ ကျွန်တော် ကျရှုံးပေါ့ .. 

ဒီအသံလေးမှာ ကျွန်တော့် အရိုင်းစိတ်တို့ နိုးကြားထကြွပေါ့။ 

ဒီအသံလေးက ကျွန်တော့်ကို အရိပ်တစ္စေလို လိုက်လံ ခြောက်လှန့်ပေ့ါ။ 


အိပ်ယာနိုးတိုင်း ..မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ဒီအသံ 

'နှာဘူး ကောင်'.. 

အိမ်သာတက် .. ရေချိုး နားထဲကြားမိတာ ဒီအသံ 

'နှာဘူး ကောင်' ... 

မနက်စာစား .. ခေါင်းထဲ ရောက်လာတာ ဒီ အသံ 

'နှာဘူး ကောင်'... 

ရုံးသွား .. ရုံးပြန် ကျွန်တော့် အာရုံထဲရောက်လာတာ ဒီ အသံ 

'နှာဘူး ကောင်'... 

မျက်လုံးနှစ်လုံးပိတ် .. အိမ်မက်ထဲထိတောင် ရောက်လာတတ်တာလည်း ဒီအသံ 

'နှာဘူး ကောင်' ...


'နှာဘူး ကောင်'.. 'နှာဘူး ကောင်' .. 'နှာဘူး ကောင်'


ဒီအသံတွေသည် 

ကျွန်တော် အာရုံ .. 

ကျွန်တော့် အတွေးထဲ .. နှလုံးသားထဲ သံမှို၇ိုက်သလို စွဲထင်ရင်း 

ကျွန်တော်က သူမ ပြောတဲ့ 'နှာဘူး ကောင်'ပဲ ဖြစ်လို့နေတော့သည်။


တစ်ချိန်ကကျွန်တော် 


Monday, April 28, 2025

** ဧပရယ် တစ္စေ **





လူတိုင်းတော့ မဟုတ်ပေမယ့် လူတော်တော်များများမှာ ကို မကြိုက်တဲ့ ၊ ကို မရောက်ချင်တဲ့ လ တွေ ဆိုတာ ရှိကြပါမှာပါ။ အချို့ကြတော့ မိုးတွင်းကိုမုန်းတယ်၊ အချို့က နွေပေါ့ ၊ အချို့ကြတော့ စက်တင်ဘာလကို မုန်းတာမျိုး၊ ဒီဇင်ဘာကို မုန်းတာမျိုးပေါ့။ ကျွန်တော်က ဧပရယ်လ ကို မုန်းတယ်။ မုန်းရခြင်း အကြောင်းအရင်း တိုက်ဆိုင်မှုတွေက နှစ်နဲ့ချီ ဖြတ်သန်းလာခဲ့တော့ ဧပရယ်ရောက်လာပြီဆို ငါ အဆင်မပြေတော့မယ့် လ ရောက်လာပြီလို့ တွေးရင်း စိတ်ညစ်ညူးမိတာတော့ အမှန်ပဲ။ ဒီဧပရယ် လတွေက နှစ်တိုင်း တစ်နည်းမဟုတ် တစ်နည်း ဒုက္ခပေးနေကြ ငွေကုန်ကြေးကျတော်တော်လည်း များတဲ့လ။ တတ်နိုင်သလောက် အိမ်ထဲမှာပဲ ဘယ်မှ မသွားပဲနေနေရင်းကို ကြံဖန်ပြီး ဒုက္ခပေးတဲ့လကို ပြောရင်လည်း ရတယ်။ ဒါကြောင့် ဧပရယ်ကို ကျွန်တော် မုန်းတယ်။ 


ဧပရယ် ဟာကျွန်တော့်ဘ၀ တစ်လျှောက်လုံး အဆိုးတွေကြီးနဲ့ကို ဖြတ်သန်းလာခဲ့ရတာ။ ဧပရယ်မှာ တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေ ပျက်စီးခဲ့ဖူးတယ်။ ဖောက်ပြန်ခြင်းတွေကိုလည်းခံရဘူးတယ်။ ငွေကြေး အမြောက်အမြား ဆုံးရှုံးဖူးတယ်၊ လူမှုရေးအသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာတွေကျဆင်းခဲ့ရဘူးတယ်။ လူမှားပြီး အဖမ်းခံရဖူးတယ်။ ဧပရယ်ဟာ ကျွန်တော့် ပုခုံးပေါ် နတ်ဆိုး နှစ်ကောင် ခွထိုင်နေသလိုပါပဲ။ ဘယ်မှာ လှည့်မရ ပြုမရ ငြိမ်ငြိမ်လေးနေရင်တောင် ပြဿနာတွေက သူ့အလိုလို အိမ်ပေါက်တံခါးခေါက်လာတတ်တယ်။ ဒါကြောင့် ကျွန်တော် ဧပရယ်ကို မုန်းတယ်။ 


ဒီနှစ်ကတော့ ကျွန်တော့်ဘ၀မှာ ဖြတ်သန်းရအင်မတန်ခက်ခဲလှတဲ့ ဧပရယ် နှစ်လို့ပြောရင်လည်းရတယ်။ လအစကနေ ခုနောက်ဆုံးပတ်အထိ နေ့တိုင်း အပူနဲ့ ဒုက္ခတွေကြီးပဲကို ပေးနေတော့တယ်။ ဧပြီလ စဝင်ကတည်းက ငလျှင်သတင်းကြောင့် စိတ်ပျက်စရာ ကြေကွဲစရာအဖြစ်တွေနဲ့ကို လုံးပန်းစတ င်နေရတော့တယ်။ ပြီးတော့ ဧပြီလအစမှာတင် စိတ်ရှုပ်စရာ ပြဿနာသေးသေးလေးက စတော့တာပဲ။ အလုပ်တွေ ပြီးပြတ်ပေမယ့် ရမယ့်ဝင်ငွေ အချိန်မှီမရတော့ စိတ်ညစ်စရာတွေ ရဲ့ အစပေါ့။ ငွေလေး ဝင်လာပြန်တော့လည်း မာတာမိခင် အောင်ပန်းအလှူမှာ မူးလဲတော့ ဆေးရုံတင်လိုက်ရတယ်။ အောက်ပိုင်း လုံး၀ သေသွားပြီဆိုတဲ့ သတင်းကြားတော့ တော်တော် ရှော့ရသွားစေတယ်။ ညတွင်းခြင်းပဲ ကားလက်မှတ် စီစဉ် နောက်နေ့မနက် တောင်ကြီးကို အမှီလိုက်ရတော့တာပေါ့။ တော်သေးတယ် ကျွန်တော် ရောက်သွားတဲ့အချိန်မှာ အချိန်မှီ ဆေးရုံတင်လိုက်နိုင်တဲ့အတွက်ကြောင့် short storke ဖြစ်တဲ့ဝေဒနာကနေ လွတ်မြောက်သွားခဲ့ရတာပေါ့။ short stoke ဒဏ် ဦးနှောက်ထဲ သွေးခဲတဲ့ ဒဏ်တွေကြောင့် ကယောင်ကတန်းတွေ ပြောချင်တာ ပြောနေသော အမေကို ကြည့်ပြီး ကျွန်တော် စိတ်တော်တော် မကောင်းဖြစ်ရတယ်။ ဒီလို ပြောချင်ရာတွေ ပြောနေတဲ့ကြားထဲမှာကို လုံး၀ မမေ့မလျော့ အိမ်က စိတ်ကျမ်းမာရေး မကောင်းတဲ့ အငယ်ကောင်အတွက် ဆေးသောက်ဖို့တွေ ဆေးဝယ်ဖို့တွေ မှာနေတာကို မြင်နေရတာကလည်း မိဘရဲ့ မေတ္တာတရား စေတနာတွေကို မြင်လိုက်ရတော့လည်း ကျွန်တော် မျက်ရည်ဝဲမိပေါ့။ အမေရယ် .. ကို့ဘာကို စိတ်ပူဖို့ မတွေးဘူး၊ သူ့ သားအငယ်ကောင်ကို စိတ်မချနိုင်ရှာဘူးလေ။ အမေ က စိတ်မာတော့ ၃ ရက်အတွင်း တော်တော် နာလန်ပြန်ထနိုင်လို့ ပျော်ရွင်ခဲ့ရပါတယ်။ သို့ပေမယ့် ဧပရယ် ရဲ့ ကျီစယ်မှုက မပြီးခဲ့ပါ။ ဆရာဝန်ကြီးက ကျွန်တော့်အား သီးသန့် ခေါ်တွေ့ပြီး အမေရဲ့ ကျမ်းမာရေး အခြေအနေကို အသေးစိတ် ဆွေးနွေးတယ်။ နောက်ဆုံးအဖြေတစ်ခု ထွက်လာတယ် အမေ့မှာ အသည်းကင်ဆာ ဖြစ်နေတာ ရာခိုင်နှုန်းသေချာသလောက်ပဲဆိုတာပါပဲ။ အသည်းမှာ အမြစ်တွယ်နေတဲ့အလုံးက တော်တော်လေးကို ကြီးနေပါပြီ။ ဒီတိုင်းမကုပဲ ဆက်ထားရင် ၆ လနဲ့ ၁ နှစ်အတွင်းသာ နေရတော့မယ်တဲ့လေ။ ကျွန်တော် စွံအ သွားခဲ့တယ်။ ဖြစ်ရလေ အမေရယ်လို့ ။ အမေ့အသည်းကို ကုသဖို့ နည်းလမ်း ၂ ခုပဲရှိတယ်တဲ့။ လေဆာနဲ့ ကုသခြင်းနဲ့ အသည်းအစားထိုးကုသခြင်းပါပဲ။ သို့ပေမယ့် ဆရာဝန်ကြီးက သူ့အတွေ့အကြုံရယ် အာထရာဆောင်းမှာပေါ်တဲ့ အလုံးရယ်ကြောင့် ခုလို သုံးသပ်ရခြင်းပါလို့ဆက်ပြောတယ်။ သေချာအောင် ရန်ကုန် ရောက်ရင် အသည်းအထူးကုနဲ့ ပြပြီး CT Scan နဲ့ သေချာ စစ်ပါလို့ ပြောခဲ့ပါတယ်။ ကင်ဆာ မဖြစ်ပါစေနဲ့လို့ အကြိမ်ကြိမ် နှုတ်ကဆုတောင်းနေပေမယ့် ။ ရန်ကုန်ရောက်တော့ အဖြေက ကင်ဆာ ဆိုတဲ့ အဖြေပါပဲ။ အင်မတန် စိတ်ကောင်းရှိသော အမေ။ မည်သူအပေါ်မှ အခွင့်ရေး မယူပဲ မျှမျှတတ ဆက်ဆံပေးတတ်တဲ့ အမေ။ သူသာပေးကမ်းချင်ပြီး ဘယ်တော့မှ ပြန်မတောင်းဆိုတဲ့ အမေ။ ကင်ဆာ တဲ့ ။ အမေက ကင်ဆာတဲ့ ။ ဧပရယ် ရယ် ဒုက္ခပေး ကျီစားတာတွေ ရပ်ပါတော့ကွာ။ ဒီတစ်ခါ နင်လေး ဒုက္ခပေးတာ သောက်ရမ်းများသွားပြီ ဧပရယ်။ ဒါကြောင့် ဧပရယ်ကို ကျွန်တော် မုန်းတယ်။ 



ဧပရယ်ရဲ့ နှိပ်စက်မှုဒဏ်တွေက မပြီးသေးပါဘူးဗျာ။ အမေ့ကျမ်းမာရေးကြောင့် လူရော စိတ်ရော မနားနေရတဲ့ အချိန်မှာပဲ ကျွန်တော့် ရဲ့ မေတ္တာရေး အခြေအနေတွေမှာ ဒီကာလနာ ဧပရယ်မသားက ဆက်ဒုက္ခပေးပါတော့တယ်။ ရဲရင့်နှင်းဆီ ရဲ့ မူလပထမ ကောင်လေး ရဲရင့်နှင်းဆီကို လာရောက်တွေ့စုံတယ်လေ။ ၇ နှစ်တာမျှ ဆက်ဆံရေးရှိခဲ့တဲ့ ရဲရင့်နှင်းဆီ ဆီကို ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံခြင်းပေါ့။ ရဲရင့်နှင်းဆီက ကျွန်တော့်ကို ချစ်တယ်လို့ ပြောထားခဲ့ပြီးပေမယ့် မူလပထမ ဇာတ်လမ်းကိုတော့ အဆုံးသတ်လို့ မရသေးတဲ့ အခြေအနေတစ်ခုကလည်း ရှိနေပြန်တယ်လေ။ အမေ့ကျမ်းမာရေး တည်ငြိမ်စ အချိန်မှာပဲ အချိန်ကိုက်ပါပဲ ဧပရယ်။ မင်းရေးတဲ့ ဇာတ်ညွှန်းက အကယ်ဒမီရလောက်ပါတယ်။ ရဲရင့်နှင်းဆီ ဆီက မူပိုင်ခွင့် ကျွန်တော် ရထားပေမယ့်။ မူလပထမ လာရောက်တွေ့စုံခြင်းအပေါ် တားဆီလို့မှ မရတာပဲလေ။ ရဲရင့်နှင်းဆီ ရှိတဲ့ တိုင်းပြည်မှာ လာရောက်တွေ့ဆုံမယ် ၁၅ ရက်မျှကြာမယ် ဆိုတဲ့ သတင်းစကားကလည်း စိတ်အစဉ်ကို ဆက်ဒုက္ခ ဆက်ပေးချေပြီ။ မူလပထမကောင်လေး လာရောက်တွေ့စုံခြင်းအပေါ် ကျွန်တော် ဖြစ်စေချင်တဲ့ ကိစ္စကို ရဲရင့်နှင်းဆီကို ကတိတောင်းလေတော့ ။ အဲ့ကတိကို ရဲရင့်နှင်းဆီက ပြတ်ပြတ်သားသား သေသေချာချာလေး ပေးပါတယ်။ အဲ့အတွက်တော့ စိတ်အေးရတာပေါ့။ သို့ပေမယ့် ရဲရင့်နှင်းဆီ အပေါ် ပိုင်ဆိုင်ချင်စိတ် အပြည့်ရှိတဲ့ ကျွန်တော် ၊ သဝန်တိုစိတ်ကြီးတဲ့ ကျွန်တော်။ အဆစ် အနေနဲ့ အူတိုတတ်သွားတဲ့ ကျွန်တော် ဘယ်လိုအဆင်ပြေပြေ နေထိုင်နိုင်ပါ့မလည်း ။ ကျွန်တော် စိတ်ပူမှာဆိုးလို့ သူမသွားလေရာ လမ်းကြောင်းအပေါ် အမြဲ live location share ပေးထားခြင်းကြောင့် စိတ်အေးရပေမယ့်။ ကျွန်တော်တစ်ဦးတည်း ပထမဦးဆုံး ပိုင်ဆိုင် နမ်းခွင့်ရထားတဲ့ ရဲရင့်နှင်းဆီရဲ့ နှုတ်ခမ်းဖူးဖူးလေးကို နမ်းခံရမှာ ကျွန်တော် စိုးရိမ်မိတယ်။ ရဲရင့်နှင်းဆီ ဆင်ဆင်ခြင်ခြင် နေပေးနေပေမယ့်လည်း ကျွန်တော့်ရဲ့ အူတို စိတ်လေးတွေကြောင့် ဒီကြားထဲ ၂ ခါလောက် စကားကများလိုက်ရသေးတယ်။ ဒီလို စကားများတဲ့ အခြေအနေ ဖြစ်လာတဲ့ ပြဿနာ၊ ကြုံတွေနေတဲ့ အခြေအနေတွေကို ရဲရင့်နှင်းဆီလည်း အကောင်းဆုံး ကျော်ဖြတ်ပေးနေခြင်းကိုပဲ ကျွန်တော် ကျေးဇူးတင်မိပေါ့။ ပြီးတော့ ကျွန်တော့်အပေါ် ရဲရင့်နှင်းဆီရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက်ရှိနေလည်းဆိုတာ သိလိုက်ရခြင်းကိုက အမြတ်ထွက်သွားတယ်လို့ပဲ ပြောလို့ရတယ်။ ကျွန်တော် ရဲရင့်နှင်းဆီကို အင်မတင်္နမှ ချစ်ပါတယ်ဗျာ။ ကျွန်တော့် အပေါ် ဘာမျှ ကွယ်ဝှက်ခြင်းမရှိပဲ ကျွန်တော်မေးသမျှ တစ်နေ့ဖြတ်သန်းခဲ့သမျှကို ပြန်ပြောပြခြင်းကြောင့်လည်း ကျွန်တော် ပိုချစ်ရပါတယ်။ သို့ပေမယ့် မူလပထမ ကောင်လေးအပေါ် စိတ်ပြန်ယိုင်သွားမှာကိုလည်း ကျွန်တော် စိုးရိမ်မိတယ်။ ၇ နှစ်တာဆက်ဆံရေးမှာ ချစ်ခြင်းတော့ မရှိတော့ပေမယ့် သံယောဇဉ်အမျှင်တန်းက ဖြတ်ရခက်တယ်မလားလို့ ကျွန်တော့်ကို ရဲရင့်နှင်းဆီ မေးပြန်တော့ ‘အင်းပေါ့’ လို့ ပြောရင်း ကျွန်တော်နားလည် ပေးရမယ်လေ။ သို့ပေမယ့် ဘယ်လောက်ပဲ စိတ်ငြိမ်အောင် တည်ဆောက်နေရပါစေ ရဲရင့်နှင်းဆီ သူ့အခန်း မပြန်မရောက်မခြင်း ကျွန်တော် စိတ်ပူစိတ်တွေက နေရထိုင်ရ အဆင်ကို ပြေမနေခဲ့ပါဘူးလေ။ ဧပရယ် မသားရေ ဒီနှစ်ကတော့ မင်း သိပ်ကို စိတ် နှလုံး နှစ်မျိုးစလုံး ဒုက္ခအပေးနိုင်ဆုံး နှစ်ပါပဲကွာ။ အဆိုးတွေပြီး ရင် အကောင်းလာတော့မယ်ဆိုတဲ့ ထုံးကို နှလုံးမူထားတော့ ဧပရယ်တစ္စေခြောက်လှန့်ပြီး သွားရင် ကောင်းခြင်းသုခအလှည့်ပေါ့ကွယ် ။ အကောင်းဆုံး အမေ့ကို ဂရုစိုက်မယ်၊ အကောင်းဆုံး ရဲရင့်နှင်းဆီကို ချစ်မယ်၊ အကောင်းဆုံး ရဲရင့်နှင်းဆီနဲ့ ဘ၀တစ်ခု တည်ဆောက်ပြမယ် ဧပရယ်တစ္စေ။ နင်ပြီး ငါ့အလှည့်ဆိုသလို ကျွန်တော် စိတ်ချမ်းသာနေတာကို ထိုင်ကြည့်စမ်းပါ ဧပရယ် တစ္စေ။ 


ဒီမယ် .. ဧပရယ် တစ္စေ။ မင်း ခြောက်လှန့်ရမယ့်အချိန် ၂ ရက်သာ ကျန်တော့တယ်နော်။ 



တစ်ချိန်ကကျွန်တော်  


Thursday, March 27, 2025

** စိတ်ကူးများ၏ လမ်းခွဲ **


 


ဒီရက်ပိုင်း ကောင်းကောင်းကို စာမရေးဖြစ်ပေါ့။ အလုပ်မအားလို့လား ဆိုတော့လည်း ထိုသို့ မဟုတ်ပြန်ပါ။ အလုပ်က ရှိပါသော်လည်း စာမရေးရလောက်တဲ့အထိ မအားတာတော့ မဟုတ်ပေ။ စာရေးဖို့ အတွက် ခံစားမှုအားကောင်းဖို့ လိုတယ်မဟုတ်လား ။  ထိုခံစားမှု ပျောက်နေတယ်လို့ ပြောရင်လည်မှန်မည်။ စာမရေးပေမယ့် စာအုပ် အနည်းအကျဉ်းတော့ ဖတ်ဖြစ်ပါတယ်။ နာမည်ကြီးနေတဲ့ မယ်ညိုရဲ့ ငါကျူးလွန်မိတဲ့ ကံတစ်ပါးဟာ မင်းပဲ နဲ့ သုမောင် ရဲ့ ကျွန်တော်ခလုတ်တိုက်မိသော စရိုက်များ စာအုပ်ဖတ်ဖြစ်ပါတယ်။ ဆရာနေမျိုးရဲ့ ကဗျာတွေလည်း ဖတ်ဖြစ်တယ်။ social sceince နဲ့ပက်သက်ပြီး ပိုပြီး study လုပ်ဖြစ်တယ်။ ပျင်းပြီး လုပ်လက်စ biz proposal တွေ လက်စသပ်ဖြစ်တယ်။ ချမ်းသာချင်တဲ့ စိတ်မရှိတော့တဲ့ ကျွန်တော် ပိုက်ဆံရှာချင်တဲ့ စိတ်တွေ ပြန်ဖြစ်လာတယ်။ အလုပ်နဲ့ ပက်သက်တဲ့ ကျွမ်းကျင်မှု ဆိုင်ရာတွေကို ပိုလေ့လာ ဖြစ်တယ်။ ပိုက်ဆံအများကြီးရတဲ့ အလုပ်တွေ လုပ်မနေပေမယ့် နည်းနည်းပါးပါး သုံးဖို့ စွဲဖို့ အလုပ်လေးတွေ သက်တောင့်သက်သာ နဲ့လည်း လုပ်ဖြစ်ပါတယ်။ ချစ်တဲ့သူဆီက ချစ်စကားကြားရပြီးတဲ့နောက် အရာရာက အရင်ကလို အေးအေးဆေးဆေး နေလို့ မရတော့ဘူးပေါ့လေ။ ဘ၀ဆိုတာ ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ရှင်သန်လို့မှ မရတာကိုး။ လက်တွဲခြင်းဆိုတာကလည်း ချစ်ခြင်းက အစပျိုးတာမှန်ပေမယ့် ဇာတ်သိမ်းကောင်းအောင် ဖန်တီး နိုင်ဖို့က ပိုင်ဆိုင်လိုစိတ်၊ နီးကပ်ချင်စိတ်၊ ချစ်တဲ့သူအပေါ် တပ်မက်စိတ်တွေကို တစ်သက်လုံးရဖို့ဆိုတာ ခိုင်မာတဲ့ ဘ၀ အာမခံချက်ကို ချစ်တဲ့သူအပေါ် ပေးနိုင်ရမယ်လေ။ 


ခေတ်ပျက်ကြီးမှာ ချစ်ခြင်းကို ကိုးကွယ်မိတော့လည်း ကြိုးစားတိုင်းဖြစ်ဖို့ ရာခိုင်နှုန်းနည်းလို့ သတိထား စိတ်ရှည်ပြီး လုပ်ကိုင်နေရခြင်းကလည်း အနုပညာတစ်ရပ်ပဲ မဟုတ်လား။ တစ်ကွက်မှားရင် ထိုးကျွေးခံလိုက်ရ နိုင်သလို။ တဖြည်းဖြည်းချင်း လုံးပါးပါးနိုင်တဲ့ ခေတ်ပါလေ။ ရှုံးမှာ မြတ်မှာ 50% ကိုယ်စီနဲ့ အနာဂတ်အတွက် အဲ့ကြိုးတန်းပေါ် မရဲတရဲ လျှောက်နေရသလိုပါပဲ။ တကယ်တန်း အနာဂတ်ဆိုတာလည်း တစ်ခါတည်းသာ ခံစားခွင့်ရှိမယ်ဆိုရင်။ ၅၀ ရာခိုင်နှုန်းစီ ရှိတဲ့ ကစားပွဲကို ဆက်ကစားနေဖြစ်မှာ မဟုတ်ပါဘူး။ ၁၀၀ ရင်းရင် ၁၀၀ မြတ်နိုင်သလို ၁၀၀ လုံးလည်း နာရီပိုင်းအတွင်း ဆုံးရှုံးခံနိုင်တဲ့ အလောင်းစားမှာ  ပုံအော လိုက်တော့မှာပေါ့။ ကံတရားရဲ့ အထောက်အပံက တစ်ဝက်စီသာ ရမယ်ဆို စိတ်ပန်း လူပန်းမဖြစ်တဲ့ အခြေအနေကို လူဆိုတာ ရွေးသင့်တယ်မလား။ မညီမမျှ တဲ့ ခေတ်အခြေအနေအရ ဆိုရှယ်လစ်စနစ်ကိုလည်း သဘောကျမိတယ်။ ကုန်သွယ်စနစ်မှာလည်း ဘာတာ စနစ်ကို ပြန်အသက်သွင်းသင့်တယ်။ လောကကြီးမှာ ခံနိုင်ရည်အားကောင်းတဲ့သူတွေက ကောင်းတဲ့အရာကို ပိုထိုက်တန်သင့်တယ်မဟုတ်လား ။ သို့ပေမယ့် ငါတို့က မအေဘေး လောကကြီးမှာ ရှင်သန်နေရခြင်းက ဒိုင်ဘာထဲ အီးပါချပြီး အရေးကြီးကိစ္စတွေ ဆွေးနွေးနေရသလိုပါပဲ။ အဆင်ကို ပြေမနေပါဘူးကွာ။ 


ကိုယ့်ဘာကို သတ်သေတဲ့ သတင်းတွေ ၊ စိတ်ဆင်းရဲမခံနိုင်တော့လို့ တစ်မိသားစုလုံး အဆိပ်သောက်လိုက်တဲ့ သတင်းတွေ ၊ သဘာ၀ဘေး၊  စစ်ဘေးကြောင့် ဆုံးရှုံးသွားရတဲ့ ပိုင်ဆိုင်မှုတွေ၊ ပျောက်ဆုံးကုန်တဲ့ မိသားစုတွေ သူတို့နဲ့ နှိုင်းယှဉ်ရင်တော့ ကိုယ့်ထမင်းကို နပ်မှန်အောင် စားနေတဲ့ ကျွန်တော်က ထမင်းဖြူပေါ်က ဆန်ကွဲလေး တစ်စိပဲလေ လို့လည်း တွေးမိတယ်။ ဗုဒ္ဓဘာသာ ဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းတယ် ဗုဒ္ဓဘာသာနိုင်ငံမှာ လူလာဖြစ်ရတာ မင်းတို့ အရမ်းကံကောင်းပါတယ်လို့ ပြောနေကြတဲ့ ဘာသာရေးစွဲဆောင်မှု ဂျင်းတွေမိခဲ့တဲ့ ကျွန်တော်တို့ပါပဲလေ။ ဘာသာကြီး ၄ ခုမှာ ဒုတိယပေါ်ပေါက်ခဲ့တဲ့ ကျွန်တော်တို့ဘာသာက မကြာခင် ပျောက်ကွယ်တော့မယ်လို့တောင် ထင်မြင်လာမိတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်ဆိုတဲ့ ဘာသာရေးခေါင်းဆောင်တွေကို မေးချင်ပါတယ်။ လက်တလော သိရိလက်ာကြီး ဘယ်လိုဖြစ်သွားလည်း ၊ ပါဏာတိပါတာ ရှောင်ရမယ်လို့ ဘုရားကလမ်းပြခဲ့ပေမယ့် ကမ္ဘောဒီယား နိုင်ငံက လူမျိုးတုန်း အချင်းချင်း သတ်ဖြတ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ တကယ့် ဗုဒ္ဒဘာသာ တိုင်းပြည်ကြီးပါ။ လူမိုက်တွေကိုရှောင်ဖယ်ဝေးလို့ မမှီဝဲနဲ့ ကင်းအောင် နေဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်ကတည်းကကြားခဲ့ သင်ခဲ့ရတဲ့ နိုင်ငံကြီးက လက်နက်ကိုင် အဖွဲ့အစည်း ရာကျော်ရှိတယ်။ နိဗ္ဗာန် တရားဟောကြားပို့ချရင် အရာရာဟာ နတ္ထိ သဘောတရားတွေကို တရားပြရင်း အာဏာ နဲ့ စည်းစိမ်တွေအတွက် အချင်းချင်း လူ့နတ္ထိပွဲတွေ ကြီးစိုးနေတဲ့ နိုင်ငံမှာ ရှင်သန်နေရတာပဲလေ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် နောင်ဘ၀ လူဖြစ်ရရင်တောင် မြေက်ကျွန်းနဲ့ အနောက်ကျွန်းသား သာဖြစ်လိုပါ၏ လို့သာ ဆုတောင်းပါတယ်။ ကျွန်တော်ဒီလိုပြောလို့ ဗုဒ္ဓဘာသာကို စော်ကားခြင်းလုံး၀ မဟုတ်ပါ။ ဗုဒ္ဓဘာသာက ကမ္ဘာမှာ အနူးညံဆုံးဘာသာတရာတရား ဖြစ်သလို လေ့လာရင် လေ့လာသလောက် ချို့ယွင်းချက်မရှိတဲ့ လောကကြီးရဲ့ အနှစ်တရားတွေ အပြည့်ပဲမဟုတ်ပါလား ။ ဒါပေမယ့် ဘာသာတရားက လိုက်နာရမယ့် လမ်းစဉ်တစ်ခုမဟုတ်ပဲ။ လက်နက်တစ်ခုလို ဖြစ်လာတဲ့အခါ ကျွန်တော့်အတွက် မျက်စိနားပိတ်ထားခြင်းက ပို၍သာ အဆင်ပြေတယ်။ 


အရာရာဟာ သဗ္ဗေ သတ္တာ ကမ္မသကာ မဟုတ်ပါလား ။ 


တစ်ချိန်ကျွန်တော် 

Friday, March 7, 2025

** ရဲရင့်နှင်းဆီက ချစ်တယ်တဲ့ .. သို့သော် **





နောက်ဆုံးတော့ ကျွန်တော် ကြားချင်တဲ့ ရဲရင့်နှင်းဆီ ဆီက 'ချစ်တယ်' ဆိုတဲ့ စကားကို ပီပီသသ ကြားခဲ့ပါပြီ။ ကျွန်တော်အနေဖြင့် မထင်မှတ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့အတွက် တော်တော်လေးကို ကြက်သေသေပြီး အံ့ဩမှင်သက်မိပါတယ်။ ကျွန်တော် 'ချစ်လား'လို့ မေးတဲ့အခါမှ အသံတည်တည်ကြည်ကြည် နဲံ 'ချစ် .. တယ်' လို့ပြန်ဖြေသော ရဲရင့်နှင်းဆီပါလေ။ ရဲရင့်နှင်းဆီထံမှ ချစ်တယ်လို့ ၆ ကြိမ်လောက်ကြားဖူးပါတယ်။ သို့ပေမယ့် ယခုကဲ့သို့ ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ဖြေဆိုသည့် ပုံစံမျိုးမဟုတ်ခဲ့ပါ။ ကျွန်တော့်ကို ရဲရင့်နှင်းဆီ ချစ်တယ်လို့ ပြောလိုက်သည့်အတွက် တော်တော်လေးကို ပျော်ပါတယ်။ ပျော်ရွင်ခြင်းကို တိုင်းတာပြပါဆိုလျှင် ထိုတိုင်းတာမှုလုပ်ငန်းစဉ်သည် ဘယ်တော့မှပြီးဆုံးသွားနိုင်မည်မထင်ပါ။ ထို့ကြောင့် ပျော်ရွင်ခြင်းသည် တီထွင်မှုမဟုတ်ကြောင်းကို ပိုသေချာစေပါတယ်။ ဒါပေမယ့် ကျွန်တော်၏ ပျော်ရွင်ခြင်းသည် ၂၄ နာရီတောင် ပြည့်အောင် ခံပါ့မလား ကျွန်တော် မသိပါ။ ခါတိုင်း ချစ်တယ်ပြောပြီး နောက်တစ်ရက်အကူးမှာ မဟုတ်ပါဘူးအမြဲ ငြင်းတတ်သည်က ရဲရင့်နှင်းဆီပဲလေ။ 


ကျွန်တော် တွေးထားသကဲသို့ပင် .. နောက်တစ်ရက်မှာ 'အိပ်ငိုက်နေလို့ သေချာဘာပြောခဲ့မှန်းမသိဘူး'လို့ ရဲရင့်နှင်းဆီက ငြင်းသည်လေ။ ကျွန်တော်၏ ရဲရင့်နှင်းဆီသည် ထိုကဲသို့ပင် အမြင်ကပ်စရာလည်းကောင်းပါတယ်။ 'အဖိုးကြီးကို ဘာလို့ ချစ်တယ်လို့ ပြောရမှာလည်း .. ခုက observation ကာလ' လို့ ပြန်ပြောတတ်သေးတယ်။ ကျွန်တော့်လို observation ကာလ မှာ ကျဆုံးခဲ့သော ရဲဘော်များ ဘယ်နှစ်ယောက်တောင်များ ရှိနေပြီလည်း ရဲရင့်နှင်းဆီ။ ကျွန်မ လေ့လာဖူးတဲ့သူတွေထဲမှာတော့ လက်ရှိချစ်သူက လွဲပြီး အဖိုးကြီးကို အရေးအပေးဆုံးပဲဆိုတဲ့စကားနဲ့တင် ကျေနပ်နေရတဲ့ ဘ၀ကြီးပါပဲလေ။ ခက်သာက တစ်ဖက်သက်ချစ်ခြင်းလို့ ဆိုရအောင်လည်း ရဲရင့်နှင်းဆီ ကျွန်တော့်ကို ချစ်တာ ခံစားမိပါတယ်။ ကျွန်တော်လည်း ရဲရင့်နှင်းဆီကို လွန်စွာမှ ချစ်တာပေါ့။ ထပ်ခါထပ်ခါပြောခဲ့သလို ရဲရင့်နှင်းဆီ နဲ့ ကျွန်တော်က ချစ်တယ်ဆိုတဲ့ စကာလေးတစ်ခွန်းသာ ခြားပါတယ်။ ဒါပေမယ့် ရဲရင့်နှင်းဆီက ကျွန်တော့်ကို တရားဝင်တွဲချင်စိတ် ရှိမနေခြင်းကိုလည်း မြင်ရတဲ့အခါ စိတ်မသက်မသာ ဖြစ်ရပါတယ်။ လက်ရှိချစ်တဲ့သူနဲ့ အခန့်မသင့်လို့ လမ်းခွဲဖြစ်ခဲ့ရင်တောင် အဖိုးကြီးနဲ့ တွဲချင်မှတွဲမှာ လို့အမြဲ ပြောတတ်သူပါ။ ကျွန်တော့် နှလုံးသားတွေ နာကျင်ခံစားငိုကြွေး ရယုံကလွဲလို့ ဘာမျှတတ်နိုင်တာ ရှိဦးမှာလည်း။ နာနာကျင်ကျင်နဲ့ မျှော်လင့်ချက်မထားပဲ သူမအနားမှာ အချိန်အတိုင်းအတာတစ်ခုထိ တူတူရှိပေးနိုင်သလောက်ရှိပေးမယ်လို့ ဆုံးဖြတ်ရင်း ကျွန်တော့်အချစ်တွေကို အဖြူစင်ဆုံး ထားနိုင်ဖို့ပဲ ကျွန်တော် ကြိုးစားရတော့မည်ပေါ့။ အချစ်ရေးမှာ ဘယ်တော့မှ ကံမကောင်းခဲ့တဲ့ ကျွန်တော် .. ရဲရင့်နှင်းဆီ နဲ့တွေ့မှ ကံကောင်းပြီလို့ မျှော်လင့်ထားခဲ့ခြင်းက မိမိကံတရားအပေါ် ယုံကြည်မှုလွန်ကဲမိတဲ့ မိမိကိုယ်ကိုပဲ အပြစ်တင်ရမယ်လေ။ ဘာမဆို ဦးနှောက်နဲ့သာ ဆုံးဖြတ်တတ်တဲ့ ရဲရင့်နှင်းဆီအတွက် ကျွန်တော်က အရည်အသွေးမမှီတဲ့ ခပ်ညံညံကောင်တစ်ယောက်ပဲ ဖြစ်မှာပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခပ်ညံညံတွေးခေါ်တတ်တဲ့သူတွေ အတွက်သာ ခမ်းနားကြီးကျယ်တာပဲမဟုတ်လား။ ရဲရင့်နှင်းဆီအတွက် ချစ်ခြင်းမေတ္တာဆိုတာ ခဏသာ ရယ်သွမ်းသွေးနိုင်တဲ့ ပြတ်လုံးတစ်ခုသာဖြစ်မှာပါ။ ဒါကို သိလျက်နဲ့ ဆက်ချစ်နေမိခဲ့တဲ့ ကျွန်တော်ကသာ အကောင်းဆုံးပြတ်လုံးတွေထုတ်ပေးခဲ့တဲ့ ရဲရင့်နှင်းဆီ ရဲ့ လူရွင်တော် တစ်ယောက်ပေါ့ဗျာ။ ဒုတိယလူအဖြစ်နဲ့ သိမ်ငယ်နေရတဲ့ နှလုံးသားကိုချနှင်းပြီး ရဲရင့်နှင်းဆီအတွက် အပြောင်မြောက်ဆုံး ပြတ်လုံးတွေကိုပဲ ဖန်တီးပေးမှာပါ။ လူရွင်တော်တစ်ယောက်ရဲ့ ဗီလိန်ခန်းက အကယ်ဒမီတော့ ရသင့်တယ်မလား ရဲရင့်နှင်းဆီ။ 


ရဲရင့်နှင်းဆီ သိပါရဲ့လား ။ ကျွန်တော် ရဲရင့်နှင်းဆီကို ချစ်တာ ဓါးတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်တာထက် ပိုပင်ပန်းကြိုးစားရပါတယ်။ ကိုယ် ချစ်တဲ့ ရဲရင့်နှင်းဆီ နား မြန်မြန်ကပ်နိုင်ဖို့ အဖက်ဖက်က ကြိုးစားနေရခြင်းက ယောကျ်ားတစ်ယောက်ရဲ့ ချစ်ခြင်းအစစ်လို့ မှတ်ယူထားစေချင်ပါတယ်။ လိင်စိတ်တစ်ခုတည်းအတွက်မဟုတ်ပဲ ပိုင်ဆိုင်ချင်စိတ်၊ ချစ်စိတ်၊ အတ္တစိတ်တွေနဲ့ ရဲရင့်နှင်းဆီကို အရမ်းချစ်ပါတယ်။  'ဘယ်သူက ကြိုးစားခိုင်းနေလို့လဲ' လို့ ရံဖန်ရံခါ ရဲရင့်နှင်းဆီ ပြောတဲ့အခါ ပြေးလာနေတဲ့ ခြေလှမ်းတွေ တွန့်ဆုတ်သွားခဲ့တာတော့အမှန်ပါ ရဲရင့်နှင်းဆီ။ ကျွန်တော့်ကို ပြန်ချစ်ပါမယ်လို့ ရဲရင့်နှင်းဆီ ကတိမပေးထားသလို၊ ကျွန်တော်နဲ့ လက်တွဲပါမယ်လို့လည်း ကတိကဝတ်မပြုထားပါ။ သေတဲ့အထိ မချစ်ဘူးပြောပြီး နှိပ်စက်မယ်ဆိုတဲ့ စကားလေးတစ်ခွန်း တည်ပေးရင်ရပါပြီ ရဲရင့်နှင်းဆီ။ ရဲရင့်နှင်းဆီရဲ့ မျက်မှန်ကိုင်းအောင်က မျက်ဝန်းညိုညိုလေးအောက်မှာပဲ ကျွန်တော် ကျဆုံးပရစေ။ ရဲရင့်နှင်းဆီရဲ့ နှုတ်ခမ်းစူစူလေးရဲ့  အနမ်းတစ်ပွင့်မှာပဲ ကျွန်တော် လဲလှောင်းပါရစေ။ 

မိုးဦးကျရင် မိုးရေထဲတူတူလမ်းလျှောက်ရင်း ချမ်းလို့တုန်ရင်နေတဲ့ နှင်းဆီပွင့်ဖက်နှစ်လွှာလေးကို နမ်းပြီး ကျွန်တော် ပျောက်ကွယ်သွားချင်ပါတယ်။ ကျွန်တော် ရဲရင့်နှင်းဆီကို အရမ်းချစ်ပါတယ်။ 


အရာရာကို ရဲရင့်နှင်းဆီက ဦးနှောက်နဲ့ပဲ ဆုံးဖြတ် စဉ်းစားတတ်သူမို့ ဘ၀ မှာ တစ်ကြိမ်တစ်ခါလောက်ပဲ မေတ္တာရေးမှာ နှလုံးသားကို ဦးစားပေး ရွေးချယ်ကြည့်စေလိုပါတယ်။ လူဖြစ်တဲ့အချိန်မှာ လူဖြစ်ရကြိုးတန်အောင်နေလို့ ကျွန်တော့်ပြောနေကြ စကားတွေကို နှလုံးသွင်းထားပေးပါ။ လူဖြစ်ရတန်ခြင်း လူပီသရခြင်းမှာ နှလုံးသားနဲ့ ရွေးချယ်ခြင်းအမှုတွေလည်းပါတယ် ရဲရင့်နှင်းဆီ။ ဘ၀မှာ တစ်ကြိမ်လောက်ပဲ နှလုံးသားရဲ့ စကားသံကို နားထောင်ကြည့်စမ်းပါကွာ။ နှလုံးသားက ချစ်ပြီး မိမိဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ထပ်တူကျတဲ့အခါ ကမ္ဘာပေါ်မှာ လူဖြစ်ရအတန်ဆုံးစာရင်းထဲမှာ ရဲရင့်နှင်းဆီလည်း တစ်ယောက်အပါအဝင်ဖြစ်မှာ မလွဲဧကန်ပဲပေါ့။ ကျွန်တော့်ကို လွှတ်မချတဲ့ ကံတရားတစ်ခု နဲ့တင် ရဲရင့်နှင်းဆီကို ကျွန်တော် သိပ်ချစ်တယ်။ ရဲရင့်နှင်းဆီ ဝတ်နေကျ ဟူဒီစိမ်းစိမ်းလေးကို ဝတ်ပြီး ကျွန်တော့်ကို ပွေ့ဖက်ကြိုစေချင်တယ်။ ရဲရင့်နှင်းဆီရဲ့ ခါးသေးသေးလေးကို ဖက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို ခပ်ဖွဖွလေးနမ်းပြီး ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ ရဲ့ နေ့ရက်တွေ ဖြတ်သန်းခွင့်ရချင်ပါပြီ။ ယခုတော့ ကျွန်တော်လည်း ရဲရင့်နှင်းဆီ ဆီသို့ ဆက်လျှောက်လာဆဲပေါ့။ 



တစ်ချိန်ကကျွန်တော်


Saturday, February 22, 2025

** နှင်းဆီလွှာ ပွင့်အန်သောအခါ **




Why Always me ? လို့ပဲ ကျွန်တော်ရဲ့ ဖြစ်တည်နေမှု ကံတရားကြီးကို မေးလိုက်ချင်ပါတယ်။ ကျွန်တော့် အတွက် သာယာဖြောင့်ဖြူးတဲ့ ချစ်ခရီးလမ်းဆိုတာ ရှိပါဦးမလားလို့ ။ အင်း မေးရတာလည်း ခက်သားပါဗျာ .. ကျွန်တော်က ရဲရင့်နှင်းဆီတို့အကြားက ဒုတိယလူပါ။ ဒုတိယလူတို့ရဲ့ အဆုံးသတ်က ဘယ်နှယ့်လှလိမ့်မလည်းလေ။ အခုများ .. သူမ ခဏခဏ ပြောနေကျ 'လစ်' ဆိုတဲ့ စကားလုံးက တကယ်ပဲ အသက်ဝင်လာခဲ့ပြီလား  ကျွန်‌တော် မသိတော့ပါ။ 


'သည်းတုန်ရယ် .. အသည်းယားလိုက်တာ အဲ့ပါးလေးကို နမ်းချင်တယ်" လို့ပြောတဲ့အခါတိုင်း 

'လစ်' ဆိုတဲ့ စကားကို အမြဲပြောတတ်သူက ရဲရင့်နှင်းဆီပါ။ 

'သည်းတုန်ရဲ့ .. ရင်ညွှန့်ပေါ်က မဲ့လေး ဖြစ်ချင်လိုက်တာလို့' ပြောတိုင်းလည်း 

'လစ်' ဆိုတဲ့ စကားတစ်ခွန်းနဲ့သာ နမ်းချင်၊ ဖြစ်ချင် တဲ့ အကြောင်းအရာတွေက လစ်ဆိုတဲ့အတိုင်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတယ်။ အဲ့ဒီအခါ မဲ့သွားတဲ့ ကျွန်တော့်မျက်နှာလေးကို ကြည့်ပြီး 'ဘာလည်း .. မကျေနပ်ဘူးလားကွ'လို့လည်း ခပ်ဆပ်ဆပ် ဆက်မေးတတ်သေးတယ်။ 


ရဲရင့်နှင်းဆီ ရဲ့ ကျောင်းစာတွေ နဲ့ ပက်သက်လို့ (သို့) သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ တခုခုပက်သက်လို့ 'ကိုယ့် သည်းတုန်လေးက တော်လိုက်တာလို့'ကျွန်တော်ချီးကျူးတိုင်း 'Who I am ?' လို့ ခပ်ထေ့ထေ့ ပြန်ဖြေတတ်သေးတယ်။ 'ကိုယ့်ရဲ့ သည်းတုန် .. ကိုယ့်ရဲ့ နံရိုးလေးလေ' လို့ ကျွန်တော် ပြန်နောက်တဲ့အခါ 'အားကြီးကြီး .. ဟုတ်မယ်' လို့ ပြန်ပြောတတ်သော ကျွန်တော်၏ ရဲရင့်နှင်းဆီပါ။ တရားဝင် ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ ဒုတိယလူတစ်ယောက်ဖြစ်နေရခြင်းရဲ့ သိမ်ငယ်စိတ်ဆိုတာ ပိုးကိုက်ထားတဲ့ ပန်းသီးစိတ်လေးလိုပါပဲလေ။ ပိုးရှိတဲ့အပိုင်းက လှီးထုတ်ခံရမလား (ဒါမှမဟုတ်) ကျွန်တော်ပဲ တစ်လုံးလုံး ကုန်အောင် စားလိုက်နိုင်မလားဆိုတာကတော့ အချိန်ရယ် .. ကျွန်တော့်ရဲ့ စစ်မှန်တဲ့ချစ်ခြင်းတရားတွေကသာ ဆုံးဖြတ်သွားပါလိမ့်မယ်။ 


သူမ သူငယ်ချင်းတွေနဲ့ ဆုံနေတုန်း ကျွန်တာ် နဲ့လည်း V-Call ပြောနေတဲ့အချိန်ဆို ... အသည်းယားလာလို့ ကျွန်တော်မေ့ပြီး အနမ်းပေးတဲ့အခါတိုင်း 'mind your behaviour' လို့လည်း သတိပေးတတ်သေးတယ်။ အဲ့အချိန် မျက်ထောက်နီကြီးနဲ့ ဘုရှိုးရှိုးပြီး 'လစ် .. အဖိုးကြီး .. လစ်' လို့လည်း ထပ်ပြောသေးတယ်လေ။ ကျွန်တော့်မှာ ရယ်ကျဲကျဲနဲ့ သူမရဲ့ အကြည့်နဲ့ ပြောဟန်လေးကို ချစ်နေရတာပါပဲဗျာ။ ကျွန်တော် အလုပ်မီတင်ခန်းထဲရောက်နေပေမယ့် လွမ်းသွားတဲ့အခါ 'သည်းတုန်ရေ .. လွမ်းလိုက်တာလို့' စာလှမ်းပို့ရင် 'mind your own biz' လို့ ချက်ချင်းပြန်ဖြေတတ်သေးတယ် ။ ကျွန်တော်က 'all my biz is minding yours' လို့ ပြန်ပြောတဲ့အခါ။ 'i'm limited edition and high maintaince client' လို့ ခပ်ချေချေ ပြန်ဖြေတတ် တဲ့ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီပါ။ ကျွန်တော် ဘာမေးမေး သူမဆီမှာ ခပ်ချေချေ အဖြေအမြဲရှိတတ်တဲ့ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီပါ။ ကျွန်တော်က ဆက်ပြီး 'သည်းတုန်ရယ် .. ချစ်လိုက်တာ' လို့ထပ်ပြောတဲ့အခါ 'who's care' လို့လည်း ထပ်သုံးနှုန်းတတ်သေးတယ်။ တစ်ခါတစ်လေ ရဲရင့်နှင်းဆီ စိတ်ကောင်းလေး ဝင်နေတဲ့အခါဆိုရင်တော့ 'ချစ်ပေါ့ .. ချစ်ပေါ့ .. ဒါမှ နှိပ်စက်လို့ရမှာ' လို့ လေသံအေးအေး နဲ့ ပြန်ပြောတတ်သေးသော ရဲရင့်နှင်းဆီပါလေ။ 


ကျွန်တော် သူ့ကို စနောက်တဲ့အခါ သူမ ခံလိုက်ရတိုင်း 'လပြွတ်' လို့ ဆဲတယ်လေ။ ပထမဆုံး သူမဆီက အဲ့လိုဆဲသံလေး ကြားလိုက်တဲ့အခါ အံ့ဩသွားခဲ့တယ်။ ဘာလို့ လည်း ဆိုရင် ကျွန်တော်လည်း ဆဲရင် 'လပြွတ်' လို့ပဲ ဆဲတတ်တာကိုး။ ဒါကြောင့် တစ်ခါတစ်လေ တစ်ယောက်ကို တစ်ယောက် အပြိုင်အဆိုင် လပြွတ် ကြရင်း လ သံပျောက်ပြီး 'ပြွတ် .. ပြွတ် .. ပြွတ် .. ပြွတ်' လို့သာ အသံထွက်တော့တယ်။ မသိရင် အနားမှာရှိတဲ့သူတွေကတော့ နမ်းနေကြတယ် .. ချစ်နေကြတယ်လို့ ထင်နေမှာ ။ အမှန်တော့ ရဲရင့်နှင်းဆီနဲ့ ကျွန်တော် 'လပြွတ်'နေကြခြင်းသာ။ 


'တောင်စွယ် နေကွယ်တဲ့အခါ 

ကျွန်တော် နဲ့ ငယ် 

လပြွတ်ကြတယ် ။ 

တောင်ချွန်း နေထွက်တဲ့အခါလည်း 

ကျွန်တော် နဲ့ ငယ် 

လပြွတ်ကြရပြန်တယ်။' 


ကျွန်တော့်အလုပ် ကိစ္စနဲ့ပက်သက်ပြီး အလွဲတွေနဲ့ အချို့ ဆုံးဖြတ်ချက်တွေကို မည်သို့ မည်ပုံ အခုလို ချလိုက်ရတယ်ဆိုတာမျိုး ပြောပြတဲ့အခါမျိုးဆိုရင် 'တော်တယ် .. တော်တယ် အဖိုးကြီး' လို့လည်း ရံဖန်ရံခါ ချီးကျူးတတ်သေးတယ်။ ရဲရင့်နှင်းဆီ ပြောလေ့ပြောထ စကားတစ်ခုရှိသေးတယ်။ 'ကျွန်မ က .. ချီးကျူးခဲတယ်တဲ့ .. ကျွန်မ ချီးကျူးရင် တကယ် အဲ့လူက တော်လို့ပဲ' ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ကိုချစ်တဲ့သူဆီက ချီးကျူးစကားသံကတော့ တကယ်ပင် ခွန်အားဖြစ်စေတယ်မလား။ တစ်ခါတစ်လေ ပေါက်ပေါက်ရှာရှာ မေးခွန်းတွေ မေးပြီး ၊ ကျွန်တော်က အချက်ကျလက်ကျ ပြန်ဖြေပေးတဲ့အခါ 'make sense' လို့ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ လုပ်တတ်သေးတယ်။ ရဲရင့်နှင်းဆီ ရဲ့ အဲ့လိုလုပ်ပြနေတဲ့ အမူအရာကို သူမ ဘေးနားမှာ ကျွန်တော် ရှိနေရင်တော့ ဖက်ပြီး အားရပါးရ နမ်းပလိုက်ချင်ပါတယ်။ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီက အဲ့လောက်ထိတောင် မည်သို့ပင်နေနေ ချစ်စရာကို အလွန်ကောင်းပါတယ်။ 


မည်သို့ပင် ဆိုစေကာမူ .. ကျွန်တော်က ရဲရင့်နှင်းဆီ ရဲ့ ဒုတိယလူ တစ်ယောက်အဖြစ်နဲ့သာ ချစ်နေရတာပါ ။ တစ်ခါတစ်လေများ ရဲရင့်နှင်းဆီကို 'ကိုယ့်သည်းတုန် လေးက .. တော်လိုက်တာကွာ' လို့ပြောတဲ့အခါ 'အဖိုးကြီးရဲ့ ကောင်မလေး မဟုတ်ပါဘူး .. လူကြီးရဲ့ ကောင်မလေးပါ'တဲ့ ။

'ဟုတ်ပါတယ် .. ကိုက ကြာကူလီကောင်' ပါလို့ ကျွန်တော်ပြောရင် ရဲရင့်နှင်းဆီ စိတ်မကောင်းဖြစ်သွားဟန် တူပါရဲ့ ။ ကျွန်တော့်ကို ခေါင်းလေးပွတ်ပြီး နှစ်သိမ့်ပေးတဲ့ စတစ်ကာလေး ပို့ပေးပြီး နှစ်သိမ့်ရှာတယ်။ 


ဘာပဲဖြစ်ဖြစ်ပါ .. ရဲရင့်နှင်းဆီ ကျွန်တော့်ကို လက်ထပ်ပါ့မယ်ဆိုတဲ့ ဆုတောင်း ပေးခဲ့တဲ့ စကားလေး တည်စေချင်ပါတယ် ။ 

သေတဲ့အထိ မချစ်ဘူးပြော‌ပြီး နှိပ်စက်မယ်ဆိုတဲ့ စကားလေးကိုလည်း တည်စေချင်တယ်။ 

သေတဲ့အထိ တစ်နှစ်တစ်ခါ ကျွန်တော့်အတွက် သူမ ကိုယ်တိုင်  လက်နဲ့  မာဖလာလေး ထိုးပြီး ပေးမယ်ဆိုတဲ့ စကားကို တည်စေချင်တယ်။ 

ကျွန်တော် နဲ့ ခရီးတွေ အများကြီး ထွင်္က်မယ်ဆိုတဲ့ စ‌ကားလည်း တည်စေချင်တယ်။ 

ကျွန်တော့် အနားမှာ တစ်သက်လုံးရှိနေပေးမယ် ဆိုတဲ့ စကားကိုလည်း တည်စေချင်တယ်။ 

အရာရာတိုင်းက အဖိုးကြီးပေါ်ပဲ မူတည်ဆိုတဲ့စကားကို ရင်ဝယ်ပိုင်ရင်း ရဲရင့်နှင်းဆီ ဆီပုံမှန်လေး ကျွန်တော်ရောက်အောင်လာခဲ့ပါမယ်။ အဲ့နေ့က သိပ်မကြာခင် ရက်ပိုင်းအတွင်းပေါ့ ရဲရင့်နှင်းဆီ ။ 



တစ်ချိန်ကကျွန်တော် 


Monday, February 17, 2025

** လိပ်ပြာ ရှိုက်သံ **





 လိပ်ပြာမလေးက ဒီလိုဆိုခဲ့တယ် 

လူတစ်ယောက်ကို ချစ်ရတာ 

အချိန်တွေ သေဆုံးကုန်တယ် .. ။ 

အဲ့ဒီလူတစ်ယောက် ပြန်မချစ်နိုင်တာကို သိလျက်နဲ့ ချစ်နေရတာ 

နှလုံးသားတွေ သေဆုံးပြန်တယ် ...။ 

ဘာတုန့်ပြန်ခြင်းမှ မရှိတဲ့ အဲ့လူတစ်ယောက်ကို ဆက်ချစ်နေရခြင်းက 

ဦးနှောက်တွေပါ သေဆုံးရပြန်တယ်တဲ့ ... ။ 


လိပ်ပြာမလေးရေ ... 

တောင်ပံတွေကို ဖြန့်ကား .. မေတ္တာဝတ်မှုန်တွေဖြည့်တင်းလို့ 

ခပ်ပြင်းပြင်း တစ်ချက် ခတ်လိုက်ပါလေ 

ဒီခတ်သံက ..  ချစ်တဲ့သူအနား ရောက်ပါစေ 

ဒီခတ်သံက .. ချစ်ဝတ်မှုန်တွေ ကြဲချနိုင်စေ

ဒီခတ်သံက .. ချစ်တဲ့သူ နှလုံးသားကို တုန်ခါနိုင်စေ

လိပ်ပြာတောင်ပံခေတ်သံဆိုတာ 

အဆုံးသတ်မှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေသာ ဖြစ်စေတယ်

လိပ်ပြာမလေးရဲ့ ချစ်ခြင်းတွေ ကမ္ဘာတွင်ပါစေ

လိပ်ပြာမလေးရဲ့ မေတ္တာတွေ ရောင်ပြန်ဟပ်နိုင်ပါစေ။

လိပ်ပြာမလေးရေ ... 

ဖွေးလှဖွယ် နှင်တံ နဲ့ အချစ်စိတ်တွေကို နိုးကြားပေးပါ

နူးညံတဲ့ လက်တွေနဲ့ နာကြင်မှုကို ကုစားပေးပါ

လိပ်ပြာမလေးရဲ့ နုနယ်တဲ့ တောင်ပံတွေနဲ့ သုခဘုံတွေဆီ ဆွဲခေါ်သွားပါ။ 


လိပ်ပြာမလေးရေ .. 

အခြေခံအားဖြင့် လိပ်ပြာ အမျိုးအစား ၂ မျိုး ရှိတယ်

နေ့လိပ်ပြာ နဲ့ 

ညလိပ်ပြာ တဲ့ 

လိပ်ပြာမလေး က နေ့ဘက်မှာ သူရိယသမီးလို လှသွေးကြွယ်တယ် 

ညဘက်မှာ လစန္ဒာလေးလို အေးချမ်းပြီး လှပပေတယ် 

လိပ်ပြာမလေးရဲ့ ရင်ခွင်ထဲ အကြင်သူကို နွေးထွေးပေးပါ 

လိပ်ပြာမလေးရဲ့ ဘ၀ထဲ အကြင်သူကို အေးချမ်းစေပါ

လိပ်ပြာမလေးရဲ့ ချစ်ရိပ်ပြာထဲမှာ ချစ်သက်ဝေ မွှေးရနံနဲ့ 

လိပ်ပြာချစ်စံမှာ အကြင်သူကို ဝတ်မှုန်တွေကူး 

ချစ်ပန်းရနံ့တွေ လှိုင်သင်းကြိုင်စေ ။ 


သိပါရဲ့လား .. လိပ်ပြာမလေးရေ 

ဘယ်ဘုံဘ၀ရောက်ရောက် လိပ်ပြာတွေက လှနေမြဲ

ဘယ်အခြေအနေပဲရောက်ရောက် လိပ်ပြာတွေက သန်မာမြဲ 

ဘယ်နေရာပဲရောက်ရောက် လိပ်ပြာတွေကို လူတွေချစ်မြဲ

လိပ်ပြာမလေးရေ ... 

မိုင်ရာချီဝေးတဲ့ ခရီးမှာ ဖြေးဖြေးမှန်မှန်နဲ့ 

အတောင်ပံကို တစ်ချက်ခြင်းခတ် အကြင်သူဆီ ရောက်အောင်လာခဲ့ပါကွယ်။ 



တစ်ချိန်ကကျွန်တော် 



Tuesday, January 28, 2025

** ကျွန်တော်၏ နှလုံးသားစံမြင်များ **





လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်သွားတဲ့အခါ သူမ နှင့် ပက်သက်ဆက်နွယ်သည့်အရာအားလုံးသည် သတိတရ ချစ်ခြင်း လင်္ကာတွေ ဖြစ်လို့သွားသည်။ ကျွန်တော်၏ ရဲရင့်နှင်းဆီ (သို့) ငယ် နှင့် ပက်သက်သည့် ကိစ္စရပ်တော်တော်များများကို သတိထား မှတ်သားထားတတ်သည့် ကျွန်တော်၏ ပင်ကိုယ်အကျင့်ကိုပဲ လွန်စွာကျေးဇူးတင်မိပါသည်။ မိုင်ပေါင်း ထောင်ချီဝေးနေပေမယ့် ကျွန်တော် မြင်နေ တွေ့နေ့ ၊ ထိနေကျ အရာ၀တ္တုတော်တော်များများသည် သူမ နှစ်ခြိုက်သဘောကျတတ်သော အရာများ နှင့် ထပ်တူကျသွားသည့်အခါ သတိရခြင်းရသ၊ လွမ်းမောရခြင်း ရသ နှင့် ပိုချစ်ခင်တွယ်တာ မိသော ချစ်ခြင်းသံယောဇဉ် နှောင်ကြိုးများက ပို၍ပင် အမြစ်တွယ်လာတော့သည်လေ။ ဒါကြောင့် ကျွန်တော့်အတွက် ချစ်ခြင်းဆိုသည်မှာ အတူရှိစဉ်တွင်သာမက ဝေးသည့်အခါတွင်ပါ စိတ်ထဲ၌ အမြဲရှိနေပြီး သတိရခြင်း၊ လွမ်းခြင်း၊ ပိုမိုတွယ်တာခြင်းတို့ဖြင့် အမြစ်တွယ်လာသော သံယောဇဉ်ကြိုးများပင် ဖြစ်သည်။ 



သတိရခြင်း နှင့် ချစ်ခြင်းက ဖရဲသီးတစ်စိတ်လို့ ဆိုလျှင် ဖရဲသီးကို လွန်စွာကြိုက်သော ကျန်တော်၏ ရဲရင့်နှင်းဆီသည် ဖရဲသီးစိတ်လေး တစ်စိတ်သာဖြစ်လို့နေမည်။ ဖရဲသီးကို ကြိုက်နှစ်သက်ယုံသာမက ဖရဲသီး နှင့် ပက်သက်သော ထုတ်ကုန်များကိုလည်း ကြိုက်နှစ်သက် စုဆောင်းတတ်သည့် ရဲရင့်နှင်းဆီပါ။ ဒါကြောင့်ပင် သူမကြိုက်နှစ်သက်သော ဖရဲသီးများကိုတွေ့သည့်အခါ လွန်စွာသတိရပါသည်။ ဖရဲသီးကိုသေချာစိတ် အအေးခန်းထဲ ၁၅ မိနစ်လောက်ခဏ ထည့်ထားပြီးနောက် အစေ့လေးတွေကို သေချာ သပ်ဖယ်ပြီး သူမနှုတ်ခမ်း၀ အရောက် ကျွန်တော် ခွံကျွေးချင်ပါသည်။ ကုန်တိုက်ရောက်လို့များ နှုတ်ခမ်းနီ ကောင်တာကို တွေ့သည့်အခါလည်း သတိထပ်ရမိပြန်ပေါ့။ ဖရဲသီးရနံ ပါတဲ့ နှုတ်ခမ်းနီကို ဆိုးထားတဲ့ ရဲရင့်နှင်းဆီ၏ နှုတ်ခမ်းအိအိလေးကို တစ်ရှိုက်မက်မက် နမ်းရင်း ဖရဲသီးနှုတ်ခမ်းနီကိုလည်း ကျွန်တော်စားဖူးခဲ့သည်လေ။ ပြန်တွေးကြည့်ရင် ထိုအချိန်အခိုက်အတန့်ကို ရင်ခုန်မိပြန်သည်။ ရင်ခုန်သံတွေက ဘယ်အချိန်ဖြစ်ဖြစ် လက်ဆတ်နေသည်ဆိုခြင်းက ဖရဲသီးနှုတ်ခမ်းနီကြောင့်လား ၊ ရဲရင့်နှင်းဆီရဲ့ နှုတ်ခမ်းဖူးဖူးလေးကြောင့်လားတော့ သေချာမသိပါ။ သို့ပေမယ့် ဖရဲသီးမြင်တိုင်း ရင်ခုန်မိနေတာကိုတော့ ခက်လှပေ၏။ ကျွန်တော် ဖရဲသီးလည်းကြိုက်တယ် ရဲရင့်နှင်းဆီကိုလည်း ချစ်တယ်ဗျာ။ 


Blue for men ဆိုသည့် စကားကို ခင်ဗျာတို့ ကြားဖူးပြီးသားဖြစ်မှာပါ။ အပြာရောင်ဆိုတာ အမျိုးသားထု ကြီးကိုလည်း ကိုယ်စားပြုတယ်လေ။ ကျွန်တော်၏ ရဲရင့်နှင်းဆီက ထူးထူးခြားခြား အမျိုးသမီးလေးတစ်ယောက်ပါ။ ရဲရင့်နှင်းဆီက အပြာရောင်က သူ့အကြိုက်ဆုံးအရောင်ပါ။ မိုးသားပြာပြာ တိမ်တိုက်တွေကြားမှာ လွတ်လပ်စွာပျံသန်းနေတဲ့ ငှက်တစ်ကောင်လိုပဲ ရဲရင့်နှင်းဆီက အေးချမ်းမှုနဲ့ လွတ်လပ်မှုကို လိုလားတယ်လေ။ အပြာရောင်က သမုဒ္ဒရာကိုလည်း ကိုယ်စားပြုတယ်။ ဒါကြောင့် သူမစိတ်ကို နက်နက်ရှိုင်းရှိုင်းနားလည်ဖို့ အင်မတန်လည်း ခက်လှတယ်။ ရဲရင့်နှင်းဆီက အပြာရောင်ကိုလည်း ချစ်တယ် ၊ ကျွန်တော်လည်း အပြာရောင်ကို ချစ်တယ်။ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြတဲ့ မှတ်မှတ်၇ရ ညလေးတစ်ညဟာ အပြာရောင်တွေဖြင့်ပဲ လွှမ်းခြုံ ခဲ့တယ်။ နှစ်ယောက်လည်း အပြာရောင်ကို ကြိုက်ပြီး ချစ်ခြင်းတွေကိုလည်း အပြာရောင်နဲ့ ပဲခြယ်သခဲ့တော့ ထိုနေ့ညက အပြာရောင် ချစ်ည လေးတစ်ည ဖြစ်ခဲ့သည်ပေါ့။ အဲ့နေ့ညက ညဖြစ်ပေမယ့် မိုးသားတွေလည်း ပြာနေခဲ့တယ်၊ ကျွန်တော်တို့ အနမ်းတွေကလည်း ပြာလဲ့လဲ့ နဲ့ လှပနေခဲ့တယ်။ အပြာရောင် အချစ်ငှက် နှစ်ကောင်ကလည်း ပိကျိပိကျိ အော်မြည်ပျံသန်းသွားလို့ ၊ ထို့နေ့ညက အပြာရောင်ချစ်ညလေး တစ်ညဖန်ဆင်းခဲ့ကြခြင်းပေါ့။ 


ကျွန်တော်ချစ်သော ရဲရင့်နှင်းဆီက ရေမွှေးနှင့် အိတ်လှလှလေးတွေကို စုဆောင်းတတ်သူတစ်ယောက်ဖြစ်သည်။ ရေမွှေးရနံ့တော်တော်များများလည်းသိသလို ဘယ်လိုရနံ့တွေပေါင်းစပ်လျှင် ပိုကောင်းမွန်တဲ့ ရနံသစ်ထွက်လာမည်ဆိုတာလည်း ပြောနိုင်တယ်လေ။ သူကိုယ်တိုင်တွင်လည်း ရေမွှေးနံ့တစ်ခုကိုယ်သာ သုံးစွဲခြင်းမရှိပဲ ၂ ခုကို Mixed လုပ်၍ သုံးတတ်သေးသည်။ ဒါကြောင့် သူမကိုယ်နှင့်ထိတွေ့သည့်အခါ၊ သူမ အနားမှာရှိနေသည့်အခါတွင် ဘယ်သူ့ဆီကမှ မရဖူးသေးတဲ့ သူမကိုယ်တိုင်ဖန်တီးထားသည့် မွှေးရနံတို့ဖြင့် ကျွန်တော်၏ ချစ်စိတ်တွေပိုထုံမွှန်းကုန်၏။ ဒါကို ရဲရင့်နှင်းဆီ စမ်းသပ်ထားသည့် ပီယရေမွှေး လို့ပဲ ကျွန်တော် ခေါ်လိုက်သည်။ အဲ့ဒီ ပီယရေမွှေးဟာ ကျွန်တော် နမ်းလိုက်သည့် ရဲရင့်နှင်းဆီ၏ နားထင်စ နှင့် ရွှေနားတော်တဝိုက်က CK 2 ရနံနှင့် သူမကိုယ်သင်းနံတို့ရောစပ်ထားသည့် ရနံပင်ဖြစ်လိမ့်မည်။ ရဲရင့်နှင်းဆီ ရင်ညွှန့်ပေါ်က မဲ့လေးကို နမ်းရှိုက်လိုက်သည့်အခါ ရလာသည့် Elizabeth Arden ရနံနှင့် သူမ ကိုယ်သင်းရနံပေါင်းစပ်ထားသော ရနံဖြစ်မည်။ သို့မဟုတ် သူမသေးသေးသွယ်သွယ်ကိုယ်လေးကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း Body Lotion ၊ CK 2 ၊ Elizabeth Arden နှင့် သူမ ကိုယ်သင်းရနံ့တို့ ရောစပ်ပေါင်းထွက်လာသည့် ရနံဖြစ်ပေလိမ့်မည်။ ထိုရနံ့တွေကြား ကျွန်တော် ပျော်ဝင်ပျောက်ကွယ်ခဲ့ရသည်။ ထိုရနံ့တွေကြောင့် သူမ နှင့် ကျွန်တော် တစ်သားတည်းဖြစ်သွားခဲ့ကြသည်။ ထိုရနံ့တွေကြောင့် ကျွန်တော်က ရဲရင့်နှင်းဆီရဲ့ အကျီလေးတစ်ထည်ဖြစ်ခဲ့တယ် ၊ နထင်းစနားက ဆံသားလေး ဖြစ်ခဲ့တယ်၊ ရင်ညွှန့်ပေါ်က မဲ့လေး ဖြစ်ခဲ့တယ်၊ အတွင်းခံလေး တစ်ထည်ဖြစ်ခဲ့တယ်၊ နောက်ဆုံး ကျွန်တော်က သူမဖန်တီးထုတ်လုပ်မယ့် ရေမွှေး ဖြစ်လာမည်လေ။ တစ်ချိန်မှာ ကိုယ်ပိုင်ရေမွှေးထုတ်မယ်ဆိုတဲ့ ရဲရင့်နှင်းဆီရဲ့ Limited Edition Brand မှာ နှင်းဆီပွင့်ဖတ်လွှာနုနုလေး ရဲ့ ရနံ့တွေ နဲ့ ကျွန်တော် နှင့် ရဲရင့်နှင်းဆီ တို့ရဲ့ ချစ်ရည်လွှမ်းခဲ့တဲ့ ရနံတို့ပေါင်းစပ်ပြီး S & G Passion Elixir ဆိုသည့် နာမည်လေးတော့ ကျွန်တော်ပေးချင်ပါတယ်။ 


ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီက ဒွေးမယ်နော် အရပ်မှာ မွေးဖွားရှင်သန်လာသူဖြစ်ပေမယ့် ရခိုင်မုန့်တီက သူ့အကြိုက်ဆုံးဖြစ်သည်။ ဒုတိယအကြိုက်ဆုံးက ရှမ်းခေါက်ဆွဲတဲ့။ အရှေ့ဖျားက ငွေတောင်သူလေးက အနောက်ဖျားက ရခိုင်မုန့်တီကို ကြိုက်တာ ထူးတော့ ထူးဆန်းသား သို့ပေမယ့် ကျွန်တော်လို တောင်ပေါ်သား ရှမ်းခေါက်ဆွဲကြီးက သူမရဲ့ ဒုတိယအကြိုက်ဆုံး ဖြစ်ခဲ့ခြင်းကိုတော့ ကျေးဇူးတင်ပါတယ်လေ။ အရာရာမှာ ဦးစားပေးခြင်း မခံရခြင်းကိုက ကျင့်သားရနေတဲ့ ကျွန်တော်က ရဲရင့်နှင်းဆီရဲ့ ဒုတိယလူ အဖြစ်နဲ့ပဲ ချစ်နေရခြင်းကိုကလည်း ထပ်မံကြံဖန်ကျေးဇူးတင်ရသေးတာပေါ့။ မချစ်တာထက်စာရင် ချစ်ခြင်းကိုခံစားသိနေခြင်းကလည်း နှင်းဆီပွင့်ဖတ်တွေကြားက ပျားလေးတစ်ကောင် ဝင်ရောက်နားခိုနေတဲ့ ချစ်ခြင်းရသ တစ်မျိုးပေါ့လေ။ သူမကြိုက်တဲ့ ရခိုင်မုန့်တီကို ကျွန်တော်ကိုယ်တိုင် တစ်နေ့ ကောင်းကောင်းမွန်မွန်ချက်ပြီး လုပ်ကျွေးချင်ပါသေးတယ်။ နောက် ရှမ်းခေါက်ဆွဲကို ကယန်းဝက်အူချောင်းနဲ့ တွဲဖက်စားလို့ရအောင် ဖန်တီးချင်ပါတယ်။ ပြီးတော့ သင်္ဘောသီးထောင်းလေးကို ဖရဲသီးဖျော်ရည်လေး နဲ့ တွဲဖက်ပြီး ပြီးပြည့်စုံတဲ့ အရသာရှိတဲ့ တစ်နေ့သာကို ဖန်တီးပေးမယ်။ ထို့နေ့က သူမကြိုက်နှစ်သက်သော Vietnam ရဲ့ Sapa မြို့ရဲ့ တောင်ပေါ်ကနေ အေးချမ်းတဲ့ အငွေ့အသက်ကို ခံစားရင်း တိမ်ပင်လယ်ကိုကြည့်မယ် လှေကားထစ်စိုက်ခင်းကို ပန်းချီကားတစ်ချက်လို ခံစားပြီးကြည့်မယ်၊ Matcha Latte ပူပူလေး တစ်ခွက်စီ သောက်ရင်း အစိမ်းရောင်လွင်ပြင်ကြီးမှာ ခပ်စိမ်းစိမ်း အနမ်းပွင့်တွေချွေပြီး သဘာ၀ရဲ့ အလှတရားကို ကြည့်ရင်း ကျွန်တော်နဲ့ ရဲရင့်နှင်းဆီ သဘာ၀လူသားတွေမို့ သဘာ၀ဆန်ဆန် အရိုင်းဆန်ကြမယ်လေ။


အရက်မကြိုက်သော ရဲရင့်နှင်းဆီက ဝိုင် ကိုသာကြိုက်သောသူ ဖြစ်တယ် ။ သို့ပေမယ့် ရှန်ပိန်နဲ့ ဝိုင် ဆို ရှန်ပိန်ကိုသာ ရွေးချယ်သော ရဲရင့်နှင်းဆီပါ။ ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ လာမယ့်နှစ်မှာ မော်ဒိုက်ကိုသွားကြမယ်လေ ။ Mercure Maldives Kooddoo Resort မှာနေကြမယ် တစ်ရက်ကိုဝိုင်၊ တစ်ရက်ကို ရှန်ပိန် တစ်လှည့် သောက်ရင် အိန္ဒိယသမုဒ္ဒရာ အလယ်မှာ ရဲရင့်နှင်းဆီရဲ့ စိတ်အတိမ်အနက်နဲ့ သမုဒ္ဒရာကြီးရဲ့ အတိမ်အနက်ကို ယှဉ်ထိုးနိုင်ဆကြည့်မယ်။ သေချာပါတယ် သမုဒ္ဒရာရဲ့ အတိမ်အနက်ကိုပဲ ကျွန်တော် မှန်းဆနိုင်မယ်ထင်ပါတယ်။ အဲ့လောက်ထိတောင် ရဲရင့်နှင်းဆီက မှန်းရခက်ပါတယ်။ ညဘက်တွေမှာ Sea of Stars လို့ တင်စားခေါ်ဝေါ်ကျတဲ့ Glowing Fish တွေကို တူတူကြည့်ရင်း ရှန်ပိန်တစ်ခွက် အနမ်းတစ်ပွင့်နဲ့အတူ သဘာ၀ တရားကြီးကို စံစားမယ်၊ ကောင်းကင်ကိုမော့ ကြယ်လေးတွေကို ရေတွက်ရင်း ပင်လယ်ထဲက ကြယ်တွေရယ် ကောင်းကင်ယံက ကြယ်တွေရယ် ဘယ်ကြယ်က ပိုခန်းနားကြောင်း ငြင်းကြမယ်။ အကယ်၍များ ကျွန်တော် ငြင်းလို့ မနိုင်ခဲ့ရင် ရဲရင့်နှင်းဆီ ဆံသားခွဲကြောင်းထိပ်က ကြယ်လေးက ပိုလှကြောင်း ၊ နှာတံဘေးက ကြယ်လေးက ပိုလှကြောင်း၊ ရင်ညွှန့်ပေါ်က ကြယ်လေးက ပိုလှကြောင်း ပြောပီး  နှုတ်ခမ်းလေးနဲ့ ကြယ်တွေကို ဆွတ်ခူးပြမယ်လေ။ အဲ့ဒီလို ဆွတ်ခူးတဲ့အခါ ရဲရင့်နှင်းဆီက ကျွန်တော့်ခေါင်းလေးကို ဖွဖွလေးကိုင်ထားပေးပါ။ ကြယ်တွေကို အမိဖမ်းနိုင်ဖို့ ရဲရင့်နှင်းဆီ ရဲ့ ရှိုက်သံမက်မက်ကြားမှာ ခပ်မိုက်မိုက် ကြယ်တစ်ပွင့် ကျွန်တော် ကောက်ပရစေ။ ကောင်းကင်ထက်က ကြယ် ၊ သမုဒ္ဒရာထဲက ကြယ်ထက် ကျွန်‌တော် နဲ့ ရဲရင့်နှင်းဆီ ရဲ့ ကြယ်ပွင့်တွေက အရာရာထက်ပိုလှနေတယ်ဆိုတာ အသေချာပဲလေ။ ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ အတူတူ မွေးထုတ်ခဲ့ကြတဲ့ ကြယ်က Binary Star လို့ လူတွေ ခေါ်တွင်ကြရစေမှာပေါ့။ ဒီတော့ ကျွန်တော် သိပ်ချစ်တယ် ရဲရင့်နှင်းဆီ။ 


အော် .. မေ့တော့မလို့ .. ရဲရင့်နှင်းဆီ သဘောကျ နှစ်ကြိုက်တဲ့အရာတစ်ခုမှာ ကျွန်တော်လည်း အပါဝင်ဆိုတာလေး ဖြည့်စွက်ပြောလိုက်ပရစေ။ 



တစ်ချိန်ကကျွန်တော်



Friday, January 17, 2025

** အနာဂတ် နှင်းဆီ **




ချစ်ခြင်းတွေဟာ သိပ်ကို ဆန်းကြယ်လှပါတယ်။ ဆန်းကြယ်တဲ့ချစ်ခြင်းတွေရဲ့ အစကို ရင်ခုန်သံလေးတွေကနေ စတင်တယ်လို့ ပြောလို့ရပါတယ်။ ရင်မခုန်တဲ့ ချစ်ခြင်းဆိုတာကလည်း ချစ်ခြင်းလို့ ခေါင်းစဉ်တပ်လို့ မရနိုင်ပါဘူး။ ချစ်ခြင်းမပါဘဲနဲ့လည်း ဆက်ဆံရေးတစ်ခုကို တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် ချစ်ခြင်းပါတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရတာက ပိုပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတယ်မဟုတ်လား။ လူတွေက မကြာခဏ နားမလည်ဘဲ ရောထွေးနေတတ်တဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါက Relationship နဲ့ ချစ်ခြင်းဆိုတာကို သပ်သပ်စီ ခွဲခြားမသိကြခြင်းပါ။ ချစ်ခြင်းဆိုတာက လွယ်လွယ်ပြောရရင် လူတစ်ယောက်ကို ချစ်မိနေရင်တောင် စိတ်ထဲမှာ ပြည့်ဝနေတဲ့ ကျေနပ်မှုမျိုးပေါ့။ ဒီထက်ပိုပြီး နက်နဲတဲ့ အဓိပ္ပာယ်တွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမယ့် အခုလို အတိုချုံးရှင်းပြချက်ကိုပဲ လူတွေက ပိုကြိုက်ကြတယ်မဟုတ်လား။ Relationship ဆိုတာကတော့ ကျယ်ပြန့်တဲ့ သဘောတရားပါ။ ချစ်ခြင်းမေတ္တာနှစ်ခု ပေါင်းစပ်ခြင်းကို Relationship လို့ သတ်မှတ်လို့မရပါဘူး။ လူတစ်ဦးနဲ့ တစ်ဦး ဆက်နွယ်မှုကလည်း Relationship ပါပဲ။ မောင်နှမဆက်ဆံရေးကလည်း Relationship ပါ၊ သူငယ်ချင်းအချင်းချင်း ရင်းနှီးမှုကလည်း Relationship ပါပဲ။ ဒါပေမယ့် ချစ်ခြင်းနဲ့ ပတ်သက်တဲ့ Relationship မှာတော့ ပုံစံနှစ်မျိုး ကွဲထွက်သွားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီအမြင်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်သက်သက်ပါ။ ကျွန်တော် သတ်မှတ်ထားတဲ့ Relationship နှစ်မျိုးက ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ Relationship နဲ့ ဦးနှောက်နဲ့ တည်ဆောက်တဲ့ Relationship ပါ။ ဒါပေမယ့် ကျွန်တော်က ဒီစာကို ရေးနေတဲ့အချိန်မှာ ဒီ Relationship ပုံစံနှစ်မျိုးကို အသေးစိတ်ရှင်းပြမှာ မဟုတ်ပါဘူး။ ဒီစာမှာ ခင်ဗျားတို့ တွေ့ရမှာက ကျွန်တော်နဲ့ ရဲရင့်နှင်းဆီကြားက ချစ်ခြင်းအကြောင်းနဲ့ ကျွန်တော်တို့ရဲ့ Relationship ကို ဘယ်လိုတည်ဆောက်ချင်ကြောင်းကိုပဲ ပြောပြချင်ပါတယ်။


ချစ်ခြင်းနဲ့ တည်ဆောက်မယ့် Relationship က ရိုးရှင်းပါတယ်။ အရာရာကို ချစ်ခြင်းကို အခြေခံပြီး တည်ဆောက်တဲ့ Relationship မျိုးပါ။ အဲဒီ Relationship မှာ ယုံကြည်မှု၊ စာနာမှု၊ နားလည်ပေးမှုတွေနဲ့ တစ်ယောက်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို လက်ခံပေးပြီး တည်ဆောက်တဲ့ ဆက်ဆံရေးမျိုးပါ။ Relationship တစ်ခုကို တည်ဆောက်ပြီး ဖြတ်သန်းတဲ့အခါ ပြဿနာတွေကြီးကြီးမားမား ရှိလာခဲ့ရင်တောင် တစ်ယောက်ကိုတစ်ယောက် အပြစ်မတင်ဘဲ အတူတကွ ဖြေရှင်းဖြတ်ကျော်နိုင်တဲ့ စွမ်းအားမျိုးရှိပါတယ်။


ဦးနှောက်နဲ့ တည်ဆောက်မယ့် Relationship ကတော့ အရာရာကို ကိုယ့်ရဲ့ ဘဝပန်းတိုင်အတွက်၊ ဘဝရဲ့ ရည်မှန်းချက်အတွက် ဦးစားပေးရွေးချယ်တဲ့ ပုံစံမျိုးပါ။ အရာရာကို ယုတ္တိတန်မှုနဲ့ ဆုံးဖြတ်ပြီး ရှေ့ဆက်တဲ့ Relationship မျိုးပါ။ ဒီလို Relationship မှာ ယုတ္တိတန်မှုနဲ့ ဆုံးဖြတ်တာကြောင့် အဆင်ပြေသွားတဲ့သူတွေရှိသလို၊ အဆင်မပြေပဲ ပြဿနာတွေတက်ပြီး ကွဲပြားသွားတဲ့သူတွေလည်း အများကြီးပါ။ လူတွေက ဦးနှောက်နဲ့ ရွေးချယ်မှုက အမှားနည်းတယ်လို့ ပြောကြပါတယ်။ ဘဝမှာ ပြဿနာအချို့ကို ဦးနှောက်နဲ့ ဆုံးဖြတ်ဖြေရှင်းမှ ရတယ်ဆိုတာ သိပေမယ့်၊ နားလည်ပေးမှု၊ ခွင့်လွှတ်နိုင်မှု၊ ကြင်နာမှုတွေက ချစ်ခြင်းနဲ့ တည်ဆောက်တဲ့ ဆက်ဆံရေးတွေမှာပဲ တွေ့နိုင်တာပါ။ လူတွေက စက်ရုပ်တွေ မဟုတ်ကြပါဘူး။ စက်ရုပ်တွေလို တစ်ချိန်လုံး ယုတ္တိတန်မှုတွေနဲ့ လည်ပတ်ပြီး ခံစားချက်တွေကို လျစ်လျူရှုခြင်းဟာ လူဖြစ်ရတဲ့ တန်ဖိုးကို မြင့်တင်ပေးနိုင်မှာ မဟုတ်ပါဘူး။


သေချာတာက Love Based နဲ့ Logic Based Relationships နှစ်မျိုးလုံးမှာ တူညီတဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်တွေ ရှိပါတယ်။ ဦးနှောက်နဲ့ ရွေးချယ်မှုက ရည်မှန်းချက်ပန်းတိုင်ကို ပိုမိုမြန်မြန်ဆန်ဆန် ရောက်ရှိနိုင်တယ်ဆိုတဲ့ အမြင်က မှန်သင့်သလောက် မှန်ပေမယ့်၊ ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ Relationship က ပိုမိုပျော်ရွင်စရာကောင်းပြီး၊ စိတ်ချမ်းသာမှု၊ ဂရုစိုက်မှု၊ ကြင်နာမှုတွေက ရှားပါးတဲ့ လက်ဆောင်တွေပါ။ ဒါကြောင့် ကျွန်တော့်အတွက်ကတော့ ရဲရင့်နှင်းဆီနဲ့အတူ Love Based Relationship ကိုပဲ တည်ဆောက်ချင်ပါတယ်။ ကျွန်တော်ချစ်တဲ့ ရဲရင့်နှင်းဆီလည်း ချစ်ခြင်းရဲ့ ပျော်ရွင်မှုကို ခံစားရင်း၊ ချစ်ခြင်းရဲ့ ကြင်နာမှုတွေကို ခံစားရင်း၊ ချစ်ခြင်းနဲ့ ဆက်နွယ်တဲ့ ဂရုစိုက်မှုတွေကို ခံစားရင်း၊ ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ Relationship က လောကမှာ တန်ဖိုးအရှိဆုံးဆိုတာကို ပိုနားလည်စေချင်ပါတယ်။ ဒီလို Relationship ကို တည်ဆောက်ဖို့အတွက် ကျွန်တော်နဲ့ ရဲရင့်နှင်းဆီကြားမှာ "ချစ်တယ်" ဆိုတဲ့ စကားလေးတစ်ခွန်းသာ လိုပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ရဲရင့်နှင်းဆီက ချစ်တယ်လို့ မပြောပဲနဲ့တောင် ချစ်နေကြတဲ့ ချစ်သူတွေပါ။


တစ်နေ့ထက်တစ်နေ့ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီကို ချစ်တဲ့စိတ်က ပိုပိုပြီး တိုးလာပါတယ်။ ဒီလိုပဲ ကျွန်တော်သူမကို ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်ကလည်း တစ်ရက်တစ်ခြား တိုးလာပါတယ်။ ပထမ ခင်စတုန်းက "ရှာရှာ" လို့ ကျွန်တော်ခေါ်ခဲ့တယ်။ ထို့နောက် ယခု စာထဲက အသုံးအနှုန်းလို "ရဲရင့်နှင်းဆီ" လို့ ကျွန်တော် သုံးနှုန်းတယ်။ ရဲရင့်နှင်းဆီ ဆိုတဲ့ နာမည်လေးကို သဘောကျပါတယ်။ အဲ့ဒီနောက် ရဲရင့်နှင်းဆီက ကျွန်တော်ရဲ့ "ငယ်" ပေါ့။ ငယ် ကနေ ထပ်တိုးပြီး ကျွန်တော့်ရဲ့ အသည်းကျော် "သည်းတုန်" လို့ပဲ သုံးနှုန်းပါတော့တယ်။ တစ်ခါတစ်လေ တော့ သူမ မကြိုက်တဲ့ နာမည်လေးလည်း ခေါ်ပါသေးတယ်။ အဲ့ဒါက "ငုံးဥပုပ်မ" လေးလို့ နာမည်ပြောင်ပေးထားသေးသည်ပေါ့။ ဘာလို့ အဲ့လိုခေါ်သလည်းဆိုရင် ငုံးဥနဲ့တူတဲ့ မျက်နှာဝိုင်းဝိုင်းလေရယ် ကျွန်တော့်အတွက် သီးသန့် စိတ်ပုပ် ကပ်စေးနှဲပေးလို့ နှစ်ခုပေါင်းပြီး "ငုံးဥပုပ်မ" လေးလို့ ကျွန်တော် ခေါ်တာလေ။ အဲ့လိုခေါ်တဲ့ အခါကျရင် နှုတ်ခမ်းလေးကို စူပြီး ကျွန်တော့်ကို ပေစောင်းစောင်းကြည့်တတ်တဲ့ ရဲရင့်နှင်းဆီကို အင်မတန်မှ ချစ်တာပေါ့ဗျာ။


ကျွန်တော်ချစ်သော ရဲရင့်နှင်းဆီ ရဲ့ မျက်မှန်ကိုင်းအောက်က မျက်ဝန်းညိုညိုလေးတွေဟာ ကျွန်တော့်အတွက် သိပ်ကိုလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေသလိုပါပဲ။ သူမ မျက်စောင်းလေးထိုးပြီးကြည့်ခြင်းကို ကျွန်တော် သိပ်ချစ်ရတာပဲ၊ အသည်းတွေယားရတာပဲ ။ ဒီတိုင်းပုံမှန် ပြောနေရင်တောင် ကြည့်တဲ့အကြည့်က ကျွန်တော့်အတွက် စိတ်လှုပ်ရှားရင်ခုန်မှုတွေကို ပေးတယ်။ ပြီးတော့ ရဲရင့်နှင်းဆီရဲ့ မျက်လုံးမှေးမှေးလေးကို ကြည့်ပြီး သူမ ဘာတွေ တွေးနေသလဲဆိုတာ ဖတ်နေရတာကိုက ကျွန်တော့်အတွက် ချစ်ခြင်းရဲ့ ရသတွေပေါ့။ ဒါကြောင့်ပင် သူမရဲ့ မျက်လုံးတွေနဲ့ ပက်သက်ပြီး 10/10 ကျွန်တော် အမှတ်ပေးထားခဲ့တယ်ပေါ့။ အဲ့ဒီမျက်လုံးလေးက စလို့ ရဲရင့်နှင်းဆီရဲ့ ပါးမို့မို့လေး နှစ်ဘက်ကလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုမိုလှပစေတယ်။ ပြီးတော့ ရဲရင့်နှင်းဆီ ရဲ့ နှုတ်ခမ်းလေးကလည်း အမြဲနုနယ်အိစက်နေပြီး နီရဲနေတဲ့ ပန်းပွင့်ဖူးဖူးငုံလေးလို ဖြစ်နေပေါ့။ ဒါကြောင့် အဲ့ဒီနှုတ်ခမ်းသားလေး နဲ့ ကျွန်တော် ထိတွေ့ နမ်းရှိုက်တဲ့အခါမှာ သောက်လေသောက်လေ ငတ်မပြေတဲ့ ရေကြည်တစ်ခွက်လို၊ ထမင်းမေ့ ဟင်းမေ့ဆိုတဲ့ ဆောင်ပုဒ်တစ်ခုလို တစ်ရှိုက်မက်မက် အနမ်းတွေက ရင်ခုန်သံတွေကို ပိုမိုကျယ်လောင်စေတဲ့ စွမ်းအားကိုပေးတယ်။  နှုတ်ခမ်းသားရဲ့ အထက်နားမှာ ရှိတဲ့ နှာတံဆင်းဆင်းလေးကလည်း သူမရဲ့ မျက်နှာပုံသဏ္ဍာန်ကို ပိုမိုကျက်သရေရှိစေပြီး ချစ်စရာကောင်းနေမှုကြီးကို ထင်ဟပ်စေတာပေါ့။


'ကို နဲ့ သည်းတုန်က နှာခေါင်းလေးတွေ လှကြတယ် .. ဒါကြောင့် မွေးလာတဲ့ ကလေးက နှာခေါင်းလေးက ချွင်းချက်မရှိလှနေမှာလို့' ကျွန်တော် ပြောတဲ့အခါ 'အားကြီးကြီး ရမယ်' လို့ ချစ်စရာကောင်းအောင် တုန့်ပြန်စကားဆိုတတ်သေးတယ်။ အဲ့ဒီလို နှာတံဆင်းဆင်းလေးနဲ့ ကျွန်တော့်အတွက် အမောတွေပြေစေတဲ့ ရဲရင့်နှင်းဆီရဲ့ သွားတတ်လေး နှစ်ဖက်ပေါ်အောင် ပြုံးလိုက်ခြင်းက စာဖွဲ့လို့မရနိုင်တဲ့ အေးမြကြည်နူး ရန်အေးခြင်းတွေကို ဖြစ်စေတယ်။ ရဲရင့်နှင်းဆီ သွားစွယ်လေး နှစ်ဖက်ပေါ်အောင် ပြုံးလိုက်တိုင်း ရယ်လိုက်တိုင်း ချစ်စိတ်တွေ ဒိရေတက်လို့ပေါ့။ ပြီးတော့ ရဲရင့်နှင်းဆီမှာ ကျွန်တော့်အတွက် ထူးခြားရင်ခုန်အောင်လုပ်နိုင်တဲ့ မဲ့လေး နှစ်လုံးရှိသေးတယ်။ တစ်ခုက သူမ ဆံပင်ခွဲကြောင်းထိပ်နားမှာရှိတဲ့ မဲ့ နက်နက်လေး တစ်လုံးရယ်။ နောက်တစ်လုံးက  ရဲရင့်နှင်းဆီရဲ့ ရင်ညွှန့်ပေါ်က မဲ့ နက်နက်လေး တစ်လုံးပေါ့။ ရဲရင့်နှင်းဆီရဲ့ လှပမှုကို ပိုမိုထင်ရှားစေတဲ့ အမှတ်အသားလေးတစ်ခုလို့ပြောရင်လည်းရတယ်။ ဒီမဲ့လေးဟာ ရဲရင့်နှင်းဆီရဲ့ ရင်ထဲက နွေးထွေးမှုနဲ့ နူးညံ့မှုတွေကို ကိုယ်စားပြုနေသလို ကျွန်တော်ခံစားရတယ်။ ထိုမဲ့လေး အထက်နားမှာ ရှိနေတဲ့ sexy bone လို့ခေါ်တဲ့ ပုခုံးပေါ်က ချိုင့်ခွက်ထဲမှ အရိုးငေါငေါလေးက သိပ်ကို ခန်းနားတဲ့ ရဲရင့်နှင်းဆီရဲ့ အလှတရားတွေပေါ့။


ရဲရင့်နှင်းဆီရေ ..  ကို့ကို .. ရင်ညွှန့်ထက်ကမဲ့လေးကို နမ်းရှိုက်ခွင့်ပြုပါ။ အဲ့မဲ့ နေရာလေးမှာ နေခွင့်ပြုပါ။ ရဲရင့်နှင်းဆီ ရင်ညွှန့်ပေါ်က မဲ့လေးကို ခပ်ဖွဖွ နမ်းတဲ့အခါ ရဲရင့်�နှင်းဆီရဲ့ လက်မောင်းသေးသေးသွယ်သွယ်လေးကို ဆွဲညှစ်ထားပရစေ။ ရဲရင့်နှင်းဆီရဲ့  နှုတ်ခမ်းလေးကို အနမ်းပေးတဲ့အခါလည်း ရဲရင့်နှင်းဆီရဲ့ ခါးသေးသေးလေးကို ဆွဲပွေ့ထားပရစေ။ ချစ်ခြင်းတွေနဲ့ အတူတူ တည်ဆောက်ထားကြတဲ့ နှလုံးသားတွေမို့ ချစ်ခြင်းကို အခြေခံပြီး တည်ဆောက်မယ့် ဘ၀ အတွက် ကျွန်တော့် တစ်ဦးတည်း ပြည့်ပြည့်၀၀ ရဲရင့်နှင်းဆီကို ချစ်ပရေစေ။ ရဲရင့်နှင်းဆီ ရဲ့ လက်ကို တွဲပြီး ကျွန်တော် တို့ နှစ်ယောက်လုံးဖြစ်ချင်တဲ့ အေးချမ်းမှုနဲ့ လောကရဲ့ အလှတရားတွေကို တူတူ လိုက်ကြည့်ကြမယ်။ ရဲရင့်နှင်းဆီကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားရင်း အနှောင်အဖွဲ့ကင်းတဲ့ ချစ်ခြင်းကမ္ဘာကို တည်ဆောက်ကြမယ်လေ။  


ကျွန်တော် ရဲရင့် နှင်းဆီကို .. အရမ်းချစ်တယ် ။ 



တစ်ချိန်ကကျွန်တော် 


Monday, January 13, 2025

** ချစ်ရပါသော ငယ် (၄) **




ကျွန်တော့်ရဲ့ .. 

ငယ် ။ 

အဲ့ဒီ မျက်မှန်ကိုင်းအောက်က  

မျက်ဝန်းညိုညိုလေး ကို .. ချစ်တယ်    

နှာခေါင်းခြင်းထိယုံမျှဖြင့် နီးမြန်းသွားတဲ့ ပါးမို့မို့လေး နှစ် ဘက်ကို .. ချစ်တယ်  

တရှိုက်မက်မက်နမ်းခဲ့ကြတဲ့ အဲ့ဒီ ချစ်စရာ နှုတ်ခမ်းဖူးဖူးလေးကို .. ချစ်တယ်  

မဲ့အနက်လေးကို တန်ဆာဆင်ထားတဲ့ ငယ့် နှာတံ ဆင်းဆင်းလေးကို .. ချစ်တယ်  

ရှိုက်ဖိုအထက်နား ရင်ညွှန့်ပေါ်က မဲ့လေးကို .. ချစ်တယ်   

ငယ် သိရဲ့လား ... ငယ် ပြုံးလိုက်တိုင်း  

ကဗျာတစ်ပုဒ် ဖြစ်သွားတယ်

ပျော်ရွှင်ရတယ်

ချစ်ခြင်းတွေ ဖြစ်လာတယ်ဆိုတာ။ 


ငယ်...  

ကျွန်တော် ငယ့် ကို ချစ်တယ်။  

ဒီစကားလေးကို ငယ်ကြားစေဖို့  

ကျွန်တော် ငယ့်ဆီ အရောက်လာမယ်။  

ငယ့် လက်လေးကို ကိုင်ပြီး  

ငယ့် ရဲ့ မျက်ဝန်းညိုညိုလေးကို ငေးရင်း  

ချစ်ကြောင်းတွေ ပြောပြမယ်။  


ငယ့် ရဲ့ ပြုံးဟန်လေးကို မြင်ချင်လို့  

ငယ့် ရဲ့ သွားတက်လေးတွေကို မြင်ချင်လို့  

ကျွန်တော် ငယ့် ဆီကို ပြေးလာမယ်။  

ငယ့် ရဲ့ ပါးမို့မို့လေးတွေကို နမ်းပြီး  

ငယ့် ရဲ့ နှုတ်ခမ်းစူစူလေးကို နမ်းပြီး  

အလွမ်းတွေ ဖြေဖျောက်ရမယ်လေ။  


ကျွန်တော်ရဲ့ .. 

ငယ်။ 

ငယ့် ရဲ့ ခေါင်းမာတတ်တဲ့ အကျင့်လေးကို

ကျွန်တော် ချစ်မိတယ်။  

ငယ့် ရဲ့ ရွဲ့တတ်တဲ့ စိတ်လေးကိုတောင်  

ကျွန်တော် ချစ်မိတယ်။  

ငယ့် ရဲ့ ခပ်ချေချေမာန တွေကိုလည်း 

ကျွန်တော် ချစ်မိတယ်။ 

ချစ်သော .. ငယ်

ကျွန်တော်ကို မချစ်ဘူးပြောပေမယ့် .. ချစ်ကြောင်းအမြဲဖော်ပြတဲ့ ငယ့်ရဲ့ အမူအရာတွေကို 

ကျွန်တော် ချစ်တယ်။ 


ငယ်...  

ကျွန်တော် ငယ့် ကို ချစ်တယ်။  

ဒီစကားလေးကို ငယ်ကြားဖို့  

ကျွန်တော် ငယ့် ဆီ အရောက်လာမယ်။  

ငယ် ရဲ့ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး ရင်ခုန်သံကိုနားထောင်ရင်း  

အလွမ်းတွေ ဖြေဖို့ ကြိုးစားမယ်။  


ငယ့် ရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး  

ငယ် ရဲ့ ရင်ခွင်ထဲမှာ ငြိမ့်ငြိမ့်လေး နေပြီး  

ကျွန်တော် ငယ်ကို ချစ်ကြောင်း  ပြောပြမယ်

ငယ်...  

ကျွန်တော် ငယ့်ကို သိပ်ချစ်တယ်။



တစ်ချိန်ကကျွန်တော် 


Thursday, January 9, 2025

** နှစ်သစ် နှင်းဆီ **




နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးခဲ့ပေါ့။ ကျွန်တော် နှင့် ရဲရင့်နှင်းဆီ နှစ်သစ်ကို တစ်ယောက်မျက်နှာ တစ်ယောက် V-Call ခေါ်ရင်းပဲ ဖြတ်သန်းခဲ့ကြတယ်။ ဖြတ်သန်းခဲ့တယ်ဆိုပေမယ့် ကျွန်တော့်အတွက် ထူးထူးခြားခြား အခိုက်အတန့်တွေ များစွာဖြစ်ခဲ့တဲ့ နယူးရီးယားညလို့ ပြောမယ်ဆိုလျှင်လည်းရတယ်။ နှစ်သစ်မှာ လုပ်ငန်းနဲ့ ပက်သက်ပြီး သတင်းကောင်းတွေ စောင့်ကြိုနေခဲ့သလို ကျွန်တော် ချစ်သော 'ငယ့်' ဆီကနေ ကျွန်တော် ကြားချင်တဲ့ စကားထက် ပိုတဲ့ စကားတွေ ကြားခဲ့ရပါတယ်။ 


'အဖိုးကြီး .. ကျွန်မ နဲ့ပက်သက်ပြီး အဖိုးကြီး ဘာဖြစ်စေချင်လည်း" လို့ နှစ်မကူးခင် အချိန်လေးမှာ ကျွန်တော့်ကို မေးခဲ့တယ်။ ရဲရင့်နှင်းဆီ ဒီလို မေးတာကို ကျွန်တော် ချစ်ပါတယ်။ 


'တစ်သက်လုံး .. ငယ့် အနားရှိချင်ပါတယ် .. ရှိပေးနိုင်မယ်မဟုတ်လား" လို့ ကျွန်တော် ပြန်ဖြေတဲ့အခါ တော်တော် အချိန်ကြာတဲ့အထိ ရဲရင့်နှင်းဆီ တွေဝေ လိုက်သေးတယ်။ 


'တစ်သက်လုံး ရှိပေးလို့ရပါတယ် .. အဖိုးကြီးပေါ်လည်း မူတည်သေးတယ် .." လို့ ကျွန်တော့် မျက်လုံးကို စိုက်ကြည့်ပြီး  ရဲရင့်နှင်းဆီက ဖြေးဖြေးလေး ဖြေတယ်လေ။ စကားလုံးတွေမှာ commitment ရှိရှိ သေချာတွေးပေးပြီး ဖြေပေးတယ်ဆိုတာ သံသယဝင်စရာကို မလိုပေ။ ခင်ဗျာတို့ကို .. ကျွန်တော်ရဲ့ ပါးစပ်ကနားရွက်တက်ချိတ် တဲ့ အပြုံးလေးကို မြင်အောင်ပြချင်မိတယ်ဗျာ။ ကျေနပ်တယ်ဆိုတာထက်ကို ပိုပါတယ်။ အသက်အရွယ်တစ်ခု ရောက်နေပြီဖြစ်တဲ့အတွက် ရင်မခုန်တတ်လောက်တော့ဘူးလို့ ထင်ခဲ့တဲ့ ကျွန်တော်က .. ရဲရင့်နှင်းဆီ နဲ့ ဆုံတဲ့အခါမှာလည်း ရင်တွေခုန်နေမိတာ မိမိကိုယ်ကို သတိထားနေရင်းနဲ့လည်း ရှက်မိပါသေးတယ်။ ရင်ခုန်ခြင်းဆိုတာကလည်း Special Moment ပဲလေ။ ဖန်တီးယူလို့ လုံး၀မရတဲ့ နှလုံးသားရဲ့ အဖြူစင်ဆုံး ထုတ်လုပ်မှု တစ်ခုပဲမဟုတ်လား။    


New Year Count Down ရေတွက်ပြီးဆုံး ပြီးသကာလ ၂၀၂၅ ကို ရောက်ရှိလာပြန်ပြီပေါ့။ ပုံမှန်ဖြတ်ကျော်နေကြ အချိန်တွေအတိုင်းပါပဲ ။ သို့ပေမယ့် ထူးခြားပါတယ်လေ .. နှစ်တစ်နှစ်ရဲ့ နောက်ပိတ်လေး ပြောင်းသွားခဲ့ချေပေါ့။ Count Down ကို တူတူရေတွက်ရင်း Happy New Year လို့ အော်ပြီးတဲ့နောက် ငယ့်ကို အနမ်းမိုးတွေ ရွာကျဲချလိုက်ပေါ့။ ဘာမှတော့ မဆိုင်ပေမယ့် ဖုန်းစခရင်တစ်ခုလုံး ကျွန်တော့်အနမ်းရာတွေတော့ စွန်းထင်းပေါ့။ ငယ့်ဆီကလည်း 'အဖိုးကြီး .. ဘယ်လိုဖြစ်နေလည်း'ဆိုတဲ့ ရှက်ရှက်နဲ့  ပြောနေတဲ့အသံကိုတော့ ကြားလိုက်ရပါတယ်။ ကြားတာက ကြားတာပဲ။ အသားချင်းမထိတွေ့ရပေမယ့်လည်း ရင်ခုန်သံတွေကတော့ ဒေဝေါကြီးလာသလိုပင်။ ကျွန်တော့်အနမ်းကြောင့် ငယ် ရင်ဖို ရတယ်ဆိုလျှင် ရင်ခုန်သံခြင်း ပူးပူးကပ်ကပ် တူတူရှိနေလို့ပဲဖြစ်ချေမည်ပေါ့။ 


'၂၀၂၅ ရဲ့ နှစ်သစ် အစမှာ ပထဆုံး အမှတ်တရ မှတ်စုလေးတစ်ခုတော့ ရချင်တယ် .. ငယ်' သူမ တစ်ချက်တွေဝေသွားပြီ  'ဘာရချင်လို့လည်း' လို့ ပြန်မေးတယ်။


 'ချစ်တယ်လို့ မပြောလည်းရပါတယ်ငယ် .. အခြား .. ကို အမှတ်ရစေမယ့် စကားမျိုးဆိုလည်း အဆင်ပြေပါတယ်' ကျွန်တော့်ရဲ့ စကားအဆုံးမှာ စဉ်းစားသလိုနဲ့ ကြည့်နေသော ငယ် .. ချစ်စရာအလွန်ကောင်းလိုက်ပါဘိ။ နထင်းစလေးမှာ ဝဲကျနေတဲ့ ဆံနွယ်ခွေခွေလေးတွေကို ကြည့်ရင်း ရန်ခုန်ရပြန်ပါတယ်။ 


'အဲ့ဒါဆို ပြောကြည့်လိုက်လေ .. ကျွန်မ ဆုတောင်းပြည့်အောင် ဆုတောင်းပေးမယ်' ခပ်ဖွဖွရယ်သံနှင့်အတူ ကျွန်တော် မေးတာကို တစ်လုံးခြင်း ပြန်ဖြေနေသည့် ရဲရင့်နှင်းဆီပါလေ။ 


'ဒါဆို .. ကိုက .. ငယ် နဲ့လက်ထပ်ချင်ပါတယ် .. ဆုတောင်းပြည့်မယ်မဟုတ်လား' ကျွန်တော်၏ ပြောစကားကြောင့် ရုတ်တရက် ရဲရင့်နှင်းဆီကြောင်သွားပါသည်။ ရဲရင့်နှင်းဆီပုံစံက လုံး၀ ကိုအကြပ်ရိုက်သွားသည့်ပုံ ။ ကျွန်တော့်ကို 'ရမယ် အားကြီးကြီး' လို့ အတွန့်တက်ကြည့်ပါသေးတယ်။ 'ဆုတောင်းပြည့်အောင် တကယ်ဆုတောင်းပေးမယ်' ဆိုတဲ့စကားက ကတိဖြစ်သွားပြီလေ .. ဆုတောင်းပေးရမှာမဟုတ်ဘူးလား' လို့ ကျန်တော် ပြန်မေးတော့ 'အိုကေပါ' တဲ့။ 


'ကဲ .. ဒါဆို ဆုတောင်းပေးချေတော့' ရဲရင့်နှင်းဆီ တည်တည်ငြိမ်ငြိမ်လေးနဲ့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်ပါသည်။ 


'အဖိုးကြီး ကျွန်မ နဲ့ လက်ထပ်ရပါစေလို့ စိတ်ထဲကပါ လေးလေးနက်နက် ဆုတောင်းပေးပါတယ်နော်' ငယ် ရဲ့ ဆုတောင်းသံ အဆုံးမှာ ကျွန်တော် တော်တော်ပျော်ပါတယ်။ ငယ့်ဆီက ချစ်တယ်ဆိုတဲ့ စကားသံကို ကြားရဖို့ထက် ခုလို ငယ့်ဆီက လက်ထပ်ရပါစေဆိုတဲ့ ဆုတောင်းသံလောက် ပျော်ရွင်စရာ ဘယ်ကမ္ဘာမှာ ရှာလို့တွေ့လို့ရနိုင်ပါမလည်းလေ။ 


ကျွန်တော် နှင့် ငယ် သူမနေရပ်တိုင်းပြည် မပြန်ခင်အချိန်ထိ နေ့တိုင်းနီးပါး တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ နှစ်ယောက်တည်းလည်းတွေ့ဆုံခဲ့သလို ၊ သူငယ်ချင်းအချို့နဲ့လည်း ဆုံဖြစ်ကြတယ်။ ချစ်တယ်လို့ ငယ့်ဆီက အဖြေမရခဲ့ပေမယ့် အမြဲတစ်ယောက်လက်ကို တစ်ယောက်မြဲမြဲ ကိုင်ထားကြတယ်။ မချစ်ဘူးလို့ စကားခဏခဏ ဆိုတဲ့အခါ အနမ်းလေးတွေ ဖလှယ်ကြတယ်။ ကျွန်တော်နှင့် ငယ်က 'ချစ်တယ်လို့' မပြောကြတဲ့ ချစ်သူတွေသာ ဖြစ်လာကြတော့တယ်။ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးတွေက တစ်ဆင့်ချစ်တယ်ဆိုတဲ့စကားကို ပြောကြတယ်။ ငယ့်လက်မောင်း သေးသေးသွယ်သွယ်လေးကို ကိုင်ထားတဲ့ ကျွန်တော့်လက်တွေကလည်း ချစ်စကားဆိုတယ်။ ရင်ခုန်သံခြင်းနီးစပ်အောင် ရင်ခြင်းအပ်ထားတဲ့ ကျွန်တော် နှင့် ငယ် ရဲ့ နှလုံးသားတွေကလည်း ချစ်တယ်တဲ့။ နှုတ်ခမ်းခြင်း အနမ်းဆုံတဲ့အခါ နှုတ်ခမ်းတွေကလည်း ဘာသာစကား အသစ်မလိုပဲ ချစ်ကြတယ်တဲ့။ ငယ့် ခါးက အဆီခေါက်သေးသေးလေးကလည်း ချစ်တယ်ပြောပါသေးတယ်။ ငယ့် ဆံနွယ် ၊ ငယ့် နားရွက်ကြီးကြီးလေးကအစ ကျွန်တော် နှင့် ငယ် ထိတွေ့မှုအရာအားလုံးက ချစ်စကားဆိုကြတယ်လေ။ 


ဒီလိုနည်းနဲ့ ငယ် နဲ့ ကျွန်တော် နှစ်သစ်က စလို့ .. ချစ်တယ်လို့ မပြောတဲ့ အရမ်းချစ်ကြတဲ့ သူတွေ ဖြစ်သွားကြသည်ပေါ့။



တစ်ချိန်ကကျွန်တော် 

Wednesday, January 8, 2025

** ချစ်ရပါသော ငယ် (၃) **






ကျွန်တော်ရဲ့ 

ငယ် ... ။ 

ကမ္ဘာမှာ အတုံးဆုံးလူသားကို ပြပါလို့ တစ်စုံတစ်ယောက်ကများ မေးလာခဲ့သည်ရှိသော် 

ကျွန်မ တွေ့ဖူးခဲ့သော ကမ္ဘာ့အတုံးဆုံး စာရင်းမှာ  

ကျွန်တော့် နာမည်ကို ရှေ့ဆုံးမှာ ခေါင်းစဉ်တပ် 

တုံးရခြင်း အကြောင်းအရာ အောက်မှာ .. 

အနမ်းတွေက .. အချစ်မဟုတ်ကြောင်း 

အထိအတွေ့က .. အချစ်မဟုတ်ကြောင်း 

အနံ့တွေက ..  အချစ်မဟုတ်ကြောင်း 

သွေးသား ဆန္ဒက .. အချစ်မဟုတ်ကြောင်း ကို 

နားမလည်တဲ့ အတုံးဆုံး လူသားအဖြစ် စာရင်းသွင်းပေးပါ။ 



ကျွန်တော်ရဲ့ 

ငယ် ... ။

ငယ် နဲ့ ကျွန်တော့်ကြား .. 'မချစ်ဘူး' ဆိုတဲ့စကားလေးပဲ ခြားပါတယ်

ငယ် နဲ့ ကျွန်တော့်ကြား .. 'မလွမ်းဘူး' ဆိုတဲ့စကားလေးပဲ ခြားပါတယ်

ငယ် နဲ့ ကျွန်တော့်ကြား .. 'သဘောမကျဘူး' ဆိုတဲ့စကားလေးပဲ ခြားပါတယ်

တစ်ယောက်ကို တစ်ယောက် တင်းတင်းဖက် 

တစ်ယောက်ကို တစ်ယောက် ပါးချင်းကပ်

တစ်ယောက်ကို တစ်ယောက် အနမ်းတွေ ဖလှယ်ကြပေမယ့် 

ကျွန်တော် နဲ့ ငယ်က 'မချစ်ဘူးပြော' ပြီး ချစ်ကြတဲ့ ချစ်သူတွေပဲ မဟုတ်လား။

ဒီလိုမေးတဲ့အခါ ... 

'ချစ်တယ်' လို့ပြောမှ ချစ်သူတွေ ဖြစ်ကြတာလေတဲ့ ။ 

ချစ်သော ငယ် ... 

ဒီလိုနည်း နဲ့ ကျွန်တော်တို့ နှစ်ယောက်ကြား သံယောဇဉ် တံတိုင်းတွေ တည်ဆောက်ကြပေါ့။ 



ကျွန်တော့်ရဲ့ 

ငယ် ... ။ 

အနမ်းတွေက ချိုမြိန်ခြင်းတဲ့ 

ခါးသက်သော အနမ်းတစ်ပွင့်က မဖိတ်ခေါ်ပဲရောက်လာသော ဧည့်သည်လို့ခေါ်ရမည်။ 

အစိမ်းရောင် ဟူဒီ ကိုဝတ်ထားတဲ့ ငယ့်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး .. 

ကျွန်တော်၏ ခပ်ဖွဖွအနမ်းပွင့်တွေ

ငယ် ရဲ့  ခပ်ဖွဖွအနမ်းတို့က ထွက်ခွာတော့မယ့် လေယျာဉ်ကို မရပ်တန့်စေနိုင်ခဲ့ပါ။ 

သို့ပေမယ့် . 

အနမ်းတွေ လေဆိပ်တစ်ခုလုံး ဖွာလန်ကြဲချလို့ ..

ဖွာလန်ကြဲ အနမ်းတွေက လွန်စွာမှ ခါးသက်တယ်လေ။ 



ကျွန်တော့်ရဲ့ 

ငယ် ... ။ 

စကားလုံးတွေကို ကျွန်တော် မယုံကြည်ပါဘူး 

စိတ်ခံစားမှုတွေ ယုံကြည်မှုတွေ အကြောင်းအရာတွေ ထပ်တူကျနိုင်တဲ့ (Vibes) မျိုးကို ကျွန်တော် ယုံတယ် 

ကျွန်တော် နဲ့ ငယ်က Vibes ခြင်းထပ်တူ ကြတဲ့ လူသားဆန်ကြသူတွေပါ 

ငယ်က မချစ်ဘူးပြောနေပေမယ့် 

ငယ်ရဲ့ VIBES ကတော့ ချစ်ကြောင်းလေးတွေ ပြောနေလေရဲ့ ။ 

ဒီလိုနဲ့ပဲ ကျွန်တော် နဲ့ ငယ် လေဟာနယ် ထဲကိုရောက်ခဲ့ပေါ့။ 



ကျွန်တော်ရဲ့ 

ငယ် ...။ 

အဖိုးကြီး .. မချစ်ဘူးနော် 

ကြားလားလို့ ..

အဖိုးကြီး .. တကယ်မချစ်ဘူး

ကြားလားလို့ ..

အဖိုးကြီး .. လုံး၀ မချစ်ဘူး 

ကြားလားလို့ ..

အဖိုးကြီး .. မချစ်ဘူးနော် လို့ 

ကြားလားလို့ ..

ငယ့်ရဲ့ အသံလွင်လွင်လေးက တဆာဆာဆိုရင်း 

ကျွန်တော့်ရဲ့ အနမ်းတစ်ပွင့်က ငယ့် အသံလေးကို တိတ်စေခဲ့တယ် 

ငယ့်ရဲ့ အနမ်းတစ်ပွင့်က ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်စေခဲ့တယ် 

မချစ်ဘူး မချစ်ဘူး နဲ့ တကယ်တော့ အချစ်ရူး ရူး ခဲ့ကြတဲ့

ကျွန်တော် နှင့် ငယ်က 

အချစ်ငှက် နှစ် ကောင်သာ ဖြစ်လို့နေတော့သည်။ 



တစ်ချိန်ကကျွန်တော်