Wednesday, August 21, 2024

~ အရိပ်တစ္စေ ~




ငါ ငယ်ငယ်တုန်းက ကြောက်စရာ၊ ထိတ်လန့်စရာကောင်းသည့် အဖြစ်မျိုး ကြုံခဲ့ဖူးသည်။ ငါသည် မကောင်းဆိုးဝါးနှင့် ဝိညာဉ်များကို မြင်နိုင်သည်။ သူတို့သည် ငါနှင့် အနီးစပ်ဆုံးနေရာတွင် အချိန်အတိုင်းအတာတစ်ခုထိ ရှိနေခဲ့ကြသည်။ ငါ ကျောင်းနေရမည့်အရွယ် မရောက်သေးခင်ကပင် အဖေက ငါ့ကို ကျောင်းပို့ခဲ့သည်။ ထိုအချိန်မှာပင် သူနှင့် စတင်သိကျွမ်းခဲ့ရသည်။

သူသည် သူရဲလား၊ တစ္ဆေလားဆိုသည်ကို ငါမသိပါ။ သူ့ကိုယ်မှာ မကောင်းဆိုးဝါး ကပ်နေသလိုမျိုး ငါ့ကို မျက်လုံးစိမ်းကြီးများဖြင့် စိုက်ကြည့်နေတတ်သည်။ ငါ တော်တော်လန့်သွားသလို ကြောက်လည်း ကြောက်မိသည်။ သူ့ပုံစံက သဲသဲကွဲကွဲမရှိလှဘဲ အသက် ၁၀ နှစ်ဝန်းကျင် ယောကျ်ားလေးတစ်ယောက်ဟု ထင်ရသည်။ လူမှန်းသိတတ်စ အချိန်အထိ သူသည် ငါ့အဖော်အဖြစ် ဘေးနားမှာ ရှိနေခဲ့ပြီး အချိန်တော်တော်များများမှာလည်း သူနှင့်သာ ကုန်လွန်ခဲ့ရသည်။

တစ်နေ့တွင် ငါ့စိတ်ထဲ၌ ထူးဆန်းသော အာရုံတစ်ခုနှင့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ အန္တရာယ်တစ်ခုခု ဖြစ်တော့မည်ဟု စိတ်ထဲ ထင့်နေမိသည်။ အတွေးပင် မဆုံးသေး၊ နားထဲတွင် ကလေးများ၏ အော်ဟစ်သံများကို ကြားလာရသည်။ အတန်းဖော်များ ရောက်လာပြီဟု ထင်လိုက်သော်လည်း…

"ဟာ... မဟုတ်သေးပါဘူး၊ ကျောင်းဆင်းသွားပြီပဲ"

တစ်ကျောင်းလုံးတွင် သူနှင့်ငါ နှစ်ယောက်တည်းသာ ရှိသည်။ ငါ သူ့ကို လှမ်းမေးလိုက်သောအခါ အသံသြောသြောကြီးဖြင့် "မင်း အထင်မှားတာပါဟ" ဟု ပြန်ဖြေသည်။ ငါ လန့်သွားသည်။ ထိုအသံသည် သူ့အသံ မဟုတ်ပေ။ မသင်္ကာသဖြင့် အခန်းထဲကို လှည့်ကြည့်လိုက်ရာ အခန်းထဲမှာ ငါတစ်ယောက်တည်းသာ ရှိတော့သည်။ ထို့နောက် နားထဲတွင် ကလေးအော်သံများ ပြန်ကြားလာရပြန်သည်။ အသံများက တိုးလိုက်၊ ကျယ်လိုက်နှင့် လုံးထွေးနေသည်။ ငိုသံများ၊ ရယ်သံများ... အသံပေါင်းစုံ။ ငါသည် ကြောက်လန့်တကြားဖြင့် အိမ်သို့ ပြေးခဲ့မိတော့သည်။

ထိုညမှာပင် ငါတစ်ယောက်တည်း အပေါ်ထပ်ဧည့်ခန်း၌ TV ကြည့်နေစဉ် လေများ တော်တော်တိုက်လာသည်။ စာအုပ်စင်ပေါ်မှ စာရွက်များ လေထဲတွင် ဝဲနေသဖြင့် ပြတင်းပေါက် ပိတ်ဖို့မေ့နေသည်ဟု တွေးကာ ကြည့်လိုက်မိသည်။ ထိုစဉ် ပြတင်းပေါက်အားလုံး အလိုလို ဝုန်းခနဲ ပိတ်သွားကြသည်။ ငါ ကြောက်လန့်တကြား အောက်ထပ်သို့ ဆင်းပြေးစဉ် နောက်သို့ တစ်ချက်အကြည့်... အဖြူရောင် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်က ပဝါဖြူများက ငါ့မျက်နှာကို အုပ်မိုးရန် ကြိုးစားနေသည်။

ငါ အောက်ထပ်သို့ အတင်းပြေးဆင်းခဲ့သည်။ လှေကားအချိုးအကွေ့ထိပ်တွင် တစ္ဆေတစ်ကောင်က ပိတ်ရပ်နေပြန်သည်။ သေချာကြည့်မိတော့ တစ္ဆေမတစ်ကောင် ဖြစ်နေသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး ငါ့မျက်နှာကို စိုက်ကြည့်ရင်း တစ်ဖြည်းဖြည်း နီးကပ်လာသည်။ ငါ့မျက်လုံးများ ပြာဝေလာပြီး သူမနှင့် ထိတော့မည့်ဆဲဆဲမှာပင် ပျောက်ကွယ်သွားသည်။ အခန်းထဲတွင်လည်း မြူများ ဝေနေသည်။ ငါ့ရှေ့တွင် တစ္ဆေတစ်ကောင်... မဟုတ်ဘူး၊ နှစ်ကောင်။ ငါ သေသေချာချာ အာရုံစိုက်ကြည့်လိုက်သည်။

"အား... တစ်ယောက်က ငါဖြစ်နေတယ်!"

ဒါဆို နောက်တစ်ကောင်က ဘယ်သူလဲ? ဟိုတစ္ဆေမကော ဘယ်ရောက်သွားပြီလဲ? ကြက်သီးများ ဖြန်းခနဲ ထသွားကာ အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်ရာ အပေါ်ထပ်တွင် အရိပ်များလား၊ တစ္ဆေများလားမသိ... မျက်လုံးစိမ်းများဖြင့် ငါ့ကို ကြည့်နေကြသည်။ ငါ့ခန္ဓာကိုယ်လည်း တစ်ဖြည်းဖြည်း အေးစက်လာသည်။ ငါ အောက်ဆုံးထပ်အထိ ပြေးဆင်းခဲ့သော်လည်း သူတို့က နောက်က လိုက်လာကြသည်။

ငါ့အထိန်းတော်ရှိရာ ထမင်းစားခန်းထဲသို့ အားကိုးတကြီး ပြေးဝင်သွားသည်။ သူ့အနားရောက်တော့ နောက်က အရိပ်များ ပျောက်ကွယ်သွားသဖြင့် အားတက်သွားမိသည်။ သို့သော် အထိန်းတော်ကို ကြည့်လိုက်သောအခါ သူကလည်း ဖြူဖတ်ဖြူရော် မျက်နှာကြီးဖြင့် ငါ့ကို ပြန်စိုက်ကြည့်နေသည်။ သူ့လက်မောင်းကို ကိုင်ပြီး လှုပ်ကြည့်သော်လည်း သူက တွေတွေကြီး ကြည့်နေဆဲ။ ငါ့အကြည့်က ထမင်းစားပွဲအောက်သို့ ရောက်သွားသောအခါ…

"အား...!" ငါ့မှာ သွေးလေ ချောက်ခြားသွားရသည်။ စားပွဲခုံအောက်တွင် အသက်မရှိတော့သော သူ့ခန္ဓာကိုယ်ကြီးက ပုံလျက်သား။

ဒါဆို ငါ့ရှေ့ကလူကလည်း တစ္ဆေပေါ့! ငါ အပြင်သို့ ထွက်ပြေးရန် တံခါးပေါက်ဘက် လှည့်အကြည့်... လှေကားခြေရင်း၌ ခွေခွေလေး လဲနေသော လူတစ်ယောက်ကို တွေ့ရပြန်သည်။ သေချာ ကြည့်လိုက်သောအခါ…

"ဟာ... ဒါ ငါ့ခန္ဓာကိုယ်ကြီးပဲ!"

ငါ့ခန္ဓာကိုယ်အနားသို့ အရိပ်မဲများ တစ်ဖြည်းဖြည်း ဝိုင်းလာကြသည်။ နားထဲတွင်လည်း ကလေးအော်သံများ၊ ငိုသံ၊ ရယ်သံများ ပြည့်နှက်လာသည်။ ငါ့ခန္ဓာကိုယ်ကြီး အေးစက်တောင့်တင်းသွားသည်။ ငါ အားကိုးတကြီး ထွက်ပေါက်ရှာရာ မီးဖိုခန်းဘက်တွင် အရိပ်မဲကြီးတစ်ခု ရပ်နေသည်ကို တွေ့ရသည်။ သူက ငါ့ကို မျက်လုံးစိမ်းကြီးဖြင့် ကြည့်ကာ ပြုံးလိုက်သည်။

"ဒါ... ဒါ ငါ့သူငယ်ချင်းပဲ!"

အရိပ်မဲများက တစ်ခန်းလုံး ပြည့်လျှံသွားသည်။ နောက်တော့... ငါလည်း တစ္ဆေတစ်ကောင်အဖြစ်နှင့်... 

"သင်တို့ဆီသို့ လာနေပြီ။"

ကျွန်တော်



 

No comments: