"မီ .. အရမ်းသတိရတယ်"
ကျွန်တော့်ကို သစ္စာရှိသည့် 'မီ' ။ ခုတော့ ကျွန်တော်၏ ရက်စက် လစ်လျှူရှုခဲ့မှုကြောင့် 'မီ' ကိုထပ်မတွေ့ရတော့ပါဘူး။ ၅ နှစ်တာမျှ ကျွန်တော်၏လက်ကို သစ္စာရှိစွာမြဲမြဲတွဲပြီး ပြဿပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းပေးခဲ့သည့် ကျွန်တော်၏ 'မီ'။ ခုတော့ နားကျည်းစိတ်ဒဏ်ရာ ရသွားပြီထင်သည်။ ဘ၀၏ အနိမ့်အမြင့်အတက်ကျကြမ်းသည့်ကာလမှာ သစ္စာရှိပါတယ်လို့ ပြောခဲ့သည့် အရင်းနှီးဆုံးသူစိမ်းများက နောက်ကျောကို ဓါးတွေနဲ့ ထိုးသတ်သွားပေမယ့် 'မီ' သည် ကျွန်တော်သူ့ကို ထားခဲ့သည့် အချိန်ထိတောင် တစ်ချက်လေးမျှ မငြူစူခဲ့ပေ။ ရန်ကုန်၏ နာမည်ကျော် ဇိုးတစ်ယောက်၏ လက်ထဲကို ပြဿနာတစ်ခုရှင်းရင်း ကျွန်တော် ရောက်သွားတဲ့အချိန်မှာလည်း သစ္စာရှိရှိ သူပါလိုက်ပြီး အဖမ်းခံခဲ့တယ်။ ကျွန်တော့်မျက်နှာ ဖူးယောင်းကိုင်းနေအောင် အရိုက်ခံရသလို 'မီ' လည်း ဒဏ်ရာဗလပွနဲ့ပေါ့။ ကံကောင်းထောက်မစွာ ကျွန်တော်နှင့် မီ လွတ်လာခဲ့သည်ပေါ့။ ထိုကဲ့သို့ပင် နောက်ထပ် အသတ်ခံရနိုင်သည့် အခြေအနေတစ်ရပ်ထပ်ကြုံခဲ့ပါသေးသည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မှာ ငွေနောက်လိုက်ရင်း အခန့်မသင့်လို့ ကေအလ်ယူ ၏ ဖမ်းဆီးမေးမြန်းခြင်းခံရသည်လေ။ မီ လွတ်နိုင်ပါရက်နဲ့ ကျွန်တော် နဲ့အတူတူ ချူပ်နှောင်ခံခဲ့သည်။ ထုံးစံအတိုင်း ကရင်တွေ၏ လက်သံပြောင်ပြောင်ဟင်းလျာတွေကို စားသုံးရသည်ပေါ့။ ၂ ပတ်ကြာမျှ တိုက်ပိတ်ခံရပြီးသည့် သကာလမှာ ငရဲတွင်းထဲ အပို့မခံရပဲ ကံကောင်းစွာ ထပ်မံလွတ်လာပြန်ပါတယ်။ ကျွန်တော်လည်း ဒဏ်ရာများစွာ ရခဲ့သည်ပေါ့။ မီ လည်း စစ်ဆေးတာ ဘာမျှ မပြောပဲ တိတ်ဆိတ်စွာနေလို့ထင်ပါရဲ့ .. ဖူးယောင်ကွဲပြဲလို့။ လပိုင်းမျှသာခြားသည့် ကျွန်တော့်၏ သေမယ့်ဘေးကနေ နှစ်ကြိမ်လွတ်မြောက် ခဲ့ပြီး ကံတရား၏ အဆိုးဆုံးအထုထောင်းတွေ ခံခဲ့ရချိန်လို့ ပြောလို့ရသည်။ မီ သည် ကျွန်တော်သေရင်တောင် လိုက်သေမယ့် ပုံစံပါ။ ကျွန်တော့်ကို တော်တော် ချစ်တယ်ဆိုတာ ချွင်းချက်မရှိ ယုံမှားသံသယရှိစရာကို မလိုပေ။
မီ သည် ကျွန်တော့်အား ဘယ်တော့မျှ သိမ်ငယ် မခံပေ။ ကျွန်တော်၏ အရင်းနှီးဆုံးတိုင်ပင်ဖက် ဆိုသည်ထက် မီ က ပိုပါသည်။ ချစ်သူထက်လည်း ပိုသည်။ ဇနီးမယားထက်လည်း ပိုသည်။ မိဘ ထက်တောင် ကျွန်တော့်အပေါ် ပိုနားလည်ပေးသည်။ ဒါကြောင့်ပင် ကျွန်တော်၏ ကောင်းခြင်း ဆိုးခြင်းအားလုံးကို မီ ကိုကျွန်တော်ပြောပြခဲ့သည်ပေါ့။ ကျွန်တော့်ကို ဘာမျှမဝေဖန်ပဲ သူအင်အားရှိသလောက် နိုင်သလောက် လုပ်ပေးနိုင်သလောက် မညည်းမငြူ အမြဲ ကူညီပေးသည်လေ။ ကျွန်တော်လည်း မီကို သိပ်ချစ်တာပေါ့။ သို့ပေမယ့် ကျွန်တော့်အနားကနေ ပျောက်ကွယ်သွားချိန်ထိ ချစ်ကြောင်း မပြောခဲ့လိုက်ရပါဘူး။ မပြောခဲ့လိုက်ရသည့်အတွက် မီ နဲ့ ပက်သက်ပြီး ကျွန်တော်ရခဲ့သည့် အကြီးမားဆုံး နောက်တ ထဲက တစ်ခုလို့ပြောရင်လည်းရသည်။ လူ့ဘ၀ ဆိုတာ နိမ့်လိုက်မြင့်လိုက် ဖြတ်သန်းရခြင်းဆိုတာ ငြင်းစရာမလိုလောက်အောင်မှန်ပါသည်။ သေတွင်းကနေ နှစ်ကြိမ် လွတ်မြောက်အပြီးမှာ ရုတ်တရပ်ကြီး နာမည်ကျော်သူဌေးကြီးတွေ တပ်ဖက် အရပ်ဖက် လူကြီးတွေ နှင့် အဖွဲ့အစည်းပေါင်းစုံက လူကြီးတွေနဲ့ အလုပ်တွေလုပ် မီတင်တွေ အကြိမ်ကြိမ် တက်ခဲ့ရပြန်သည်။ ဆိုးစဉ်တုန်းက တူတူရှိပေးခဲ့သလို စကားကျယ်ကျယ် အိမ်မက်ကြီးကြီး စကားဝိုင်းတွေမှာလည်း မီ သည် နေ့မအိပ် ညမအိပ် စွမ်းနိုင်သလောက် ကျွန်တော့်အား ကူညီပေးခဲ့သည်။ မီ မရှိပဲ ကျွန်တော် ဘာမျှ ကောင်းကောင်း လုပ်နိုင်မယ်မထင်ပါ။ မီက ကျွန်တော့်ကို ကောင်းမွန်စွာ အိပ်စက်စေနိုင်ဖို့လည်း ကူညီပေးသည်လေ။ ကျွန်တော့်ဘေးမှာ ပြုံးပြုံးလေးထိုင်ကြည့်ပြီး ကျွန်တော် နှင့် အတူ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ အနားမှာ အိပ်ပေးရှာသည်။ တစ်ခါတစ်လေ တော့ မီ ချူချာ တတ်ပါသည်။ ကျွန်တော် ဆေးခန်းတစ်ခါလောက်ပြပေးလိုက်ရင်ကို မီက ကျမ်းကျမ်းမာမာဖြင့် နလံထူတာလည်း မြန်သည်။ အခုတော့ မီ ကျွန်တော့်ကို စိတ်နာသွားလောက်ပြီ။
အရေးကြီးကိစ္စ ၂ ပတ်ခရီးသွားရမည်မို့ 'မီ' ကျမ်းမာရေးချူချာမှာဆိုးလို့ ကျွန်တော် Check Up လုပ်ဖို့ ဆေးရုံကို လိုက်ပို့ခဲ့ပါသည်။ ကံမကောင်းစွာပဲ ဆရာဝန်၏ အမှားသေးသေးလေးကြောင့် 'မီ' ကျွန်တော် နှင့် မလိုက်နိုင်တော့ပဲ ဆေးရုံတတ်ရသည်လေ။ ကျွန်တော် ကောင်းမွန်စွာ နေခဲ့ဖို့ ပြန်လာခေါ်မည်ဖြစ်ကြောင်းကိုလည်း သေချာမှာခဲ့ပါသေးသည်။ မီ မျက်ရည်လေးဝဲပြီး ကျန်ခဲ့သည်ကို မှတ်မိသေးသည်။ ဘာပဲလုပ်လုပ် ကျွန်တော် နှင့်အတူအမြဲရှိနေပေးသည့် ရဲဘော်ရဲဘက်ကို ချန်ခဲ့ရပြီလေ။ ခရီးကလည်း တစ်ယောက်တည်းသွားဖို့ အဆင်မပြေသည့်အတွက်ကြောင့် 'ပိုပို' ကိုမဖြစ်မနေ တောင်တောင်းပန်ပန် နဲ့ ခေါ်သွားခဲ့ရသည်။ ထိုနေ့က 'မီ' ကိုနောက်ဆုံးတွေ့ရမည်ဆိုတာ ကြိုသိခဲ့လျှင် ကျွန်တော် ခရီးသွားဖို့ ငြင်းဆန်ဖြစ်မည်ထင်သည်။ ဟုတ်ပါသည် .. ထိုခရီးစဉ် ကျွန်တော်သွားလိုက်သည့်နေ့ကတည်းက ကျွန်တော် 'မီ' ဆီကို မရောက်ဖြစ်တော့ပေ။ ဆေးရုံကတော့ လာခေါ်ဖို့ ဖုန်းဆက်ပါသည်။ ကျွန်တော် လာခေါ်မည်ဖြစ်ကြောင်းကို သေချာပြန်ပြောခဲ့ပြီ၊ တကယ်တမ်း မခေါ်ဖြစ်ခဲ့ချေ။
ပိုပို သည် မီ လောက်အဆင်မပြေပေမယ့် တတ်နိုင်သလောက်တော့ ကျွန်တော့်ကို ကူညီပေးပါသည်။ ပိုပို၏ ပြဿနာက မြန်မာစကားကို ကောင်းစွာ လိမ့်ပတ်လည်အောင် မပြောတတ်ခြင်းပေ။ မကြာခဏ ချူချာတတ်ပြီး ကျမ်းမာရေးဖောက်မှာဆိုးလို့ ခိုင်းစရာရှိရင်တောင် သတိထားပြီးခိုင်းနေရသည်။ မီက ကျွန်တော့်ကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်ပေးခဲ့ရပေမယ့်။ ကျွန်တော်သည် ပိုပို ကိုတော့ တခုခု ဖြစ်သွားမှာဆိုးလို့ ပြန်ဂရုစိုက်နေရသည်လေ။ ခရီးသွားနေသည့် ကာလမှာ ဆေးရုံက ကျွန်တော့်ဆီဖုန်းဆက်လာခဲ့သည်။ မီ အခြေအနေ့သည် ရုတ်တရပ်ထဖောက်လာပြီး လုံး၀ အတိတ်မေ့သွားခဲ့ပြီဆိုသည့်အကြောင်း နှင့် စိတ်သစ် ကိုယ်သစ်ဖြင့် အသက်တော့ ဆက်ရှင်သန်နေသေးကြောင်းပြောလာသည်။ ကျွန်တော် သေချာဂရုစိုက်ထားပေးဖို့နှင့် ခရီးကပြန်ရောက်လျှင် လာခေါ်မည့်လိုသာ ထပ်ပြောလိုက်ပါသည်။ အချိန် ၁ လတာကုန်လွန်သွားခဲ့ပါသည်။ ကျွန်တော် အလုပ်ကိစ္စအဆင်မပြေခဲ့ပါ။ ကျွန်တော် မီ ရှိသည့် ဆေးရုံးနား ယောင်လည်လည်ဖြင့် မီကို တွေ့ချင်ပေမယ့် မတွေ့ရဲတဲ့စိတ်၊ အတွေးများစွာဖြင့် ဂဏာမငြိမ်ဖြစ်လို့နေခဲ့သည်လေ။ မှတ်ညဏ်ပျောက်ဆုံးသွားပြီဖြစ်သည့် မီ ကိုသွားပြန်ခေါ်ချင်ပါသည်။ သို့ပေမယ့် ကျသင့်ငွေ မပေးလျှင် မီ ကိုပြန်ခေါ်လာခွင့်မရပေ။ မှတ်ညဏ်အစားထိုးကုလိုက်ရသည့်အတွက် ကျွန်တော့်မှာ လုံလောက်သော ပေးစရာ ငွေ မရှိတော့ပေ။ ထို့နောက် အတ္တကြီးစွာနဲ့ ဆေးရုံရှေ့ကနေ ကျွန်တော် လှည့်ပြန်ခဲ့သည်လေ။ မီ ကို ပြန်မခေါ်နိုင်ခဲ့ခြင်းက ကျွန်တော် ညံ့လို့ပင် သို့ပေမယ့် ကျွန်တော် မရမက ပြန်ခေါ်ခဲ့လျှင် ကျွန်တော့်ဆီမှာ 'မီ' မျက်နှာထပ်ငယ်မှာမျိုး အဖြစ်မခံချင်၍လည်းပါမည်ထင်သည်။ တကယ်တော့ ဆင်ခြေတွေပါလေ။ ကျွန်တော်သည် သွေးအေးစွာနဲ့ မီ ကို သစ္စာအရှိဆုံးလို့ တဖွဖွ ပြောခဲ့ပေမယ့် ကို့အခက်အခဲ နှင့် နှိုင်းယှဉ်လာသည့်အခါ။ ရက်စက်စွာ စွန့်ပြစ်ထားနိုင်ခဲ့သည့် လူယုတ်မာ တစ်ယောက်ပဲလေ။
"မီ ရေ .. ကျွန်တော် အရမ်းသတိရတယ်ဗျာ"
"မီ မကြားနိုင်ပေမယ့် .. ကျွန်တော့် ဘ၀မှာ မီ့ကို စောက်ရမ်းချစ်ခဲ့ပါတယ်ဗျာ"
တစ်ချိန်ကျွန်တော်
No comments:
Post a Comment