Friday, October 18, 2024

** ပြိုင်မြင်းအကြောင်း **




မေ နှင့် ကစားပွဲပြီးဆုံးသွားပြီးသည့်နောက် ကျွန်တော်ပုံစံက ဘာမျှပြောင်းလဲခြင်း မရှိအရင်လိုပါပဲ။ ပုံမှန်လုပ်စရာရှိတာ ကျွန်တော်လုပ်တယ်၊ လူတွေနဲ့တွေ့ရင် စိတ်မသက်မသာ ဖြစ်နေသည့်အချိန်တောင် ဟန်ဆောင်ပျော်တယ်။ သို့ပေမယ့် အတွင်းစိတ်ထဲမှာ အထီးကျန်သလိုခံစားနေရဆဲပါ။ အသစ်သစ်တွေနဲ့ တွေ့ရင် ကစားနေကျအတိုင်း ကစားတယ်။ ရင်းနှီး နီးစပ်လာပြီဆိုရင် ဝေးကွာအောင် လုပ်နေကျပုံစံအတိုင်း ကစားပွဲကိုဆော့ခဲ့သည်ပေါ့။ ဒါပေမယ့် မေ နှင့် ဇာတ်သိမ်းပိုင်းမှာ အနိုင်မယူနိုင်ခဲ့သလို နာကျင်မှုမျိုုးကို ထပ်ခံစားနေရမှာ ကြောက်နေခဲ့တယ်။ ဒါကြောင့် ချစ်ခြင်းနဲ့ ရင်းပြီးကစားသည့် ကစားပွဲအချို့ကိုတော့ သတိထားပြီး ရှောင်ခဲ့သည်။ ဒီလိုသတိထား ရှောင်နေသည့်အနေအထားကနေ စတဲလာ ဆိုသည့် သူမနှင့် ထပ်မံဆုံတွေ့ခဲ့သည်။ 


စတဲလာသည် မေနှင့် ဆန့်ကျင်ဘက် အမူအကျင့်ရှိသည့် မိန်းကလေးတစ်ယောက်ပင်။ စတဲလာက ရဲရင့်တယ် ယုံကြည်မှုအပြည့်ရှိသည့် ပုံစံမျိုး။ သူမ၏ အပြုံးက တစ်ချက်ပြုံးလိုက်ရင်တောင် မှောင်နေတဲ့အခန်း လင်းထိန်သွားမည့် အပြုံးမျိုး။ ပပ၀တီက ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းပဲလင်းတယ်ဆိုသည့် အလှမျိုးရှိသလို။ စတဲလာ အပြုံးက ပပ၀တီနဲ့ ယှဉ်ရင် စတဲလာက ပိုတောင်လှဦးမည်။ ဘာကြောင့်လည်းဆိုရင် ပပ၀တီကို ကျွန်တော်မှ မမြင်ဖူးပေ။ စတဲလာ က မေနှင့် လုံး၀ဆန့်ကျင်ဘက်ပါ။ သူမ မှာ အမှောင်ဘက်ခြမ်းမှာ ရှိသည့်စိတ်က အများသား။ လူတွေ၏ ခံစားချက်ကို ကစားရတာကို ကြိုက်နှစ်သက်ခြင်းသည် ကျွန်တော် နှင့် စတဲလာ တူကြသည်။ စတဲလာ က သူမအပေါ် ငယ်ငယ်၊ အိုအို သဘောကျအောင်ဆွဲဆောင်သည်။ ပြီးတော့ သူမအပေါ် ကြွေဆင်းသွားအောင် လုပ်တယ်။ ဒီလိုလုပ်နေရတာကိုလည်း စတဲလာ ပျော်သည်လေ။ ကျွန်တော် နှင့် စတဲလာ ဆုံမိကြတဲ့အခါ အချိန်ပြင်းပြင်း နဲ့ ခေါင်းချင်းဆိုင် ဝင်တိုက်တော့မယ့် ကား ၂ စင်းဆိုတာကို မသိကြပဲ တစ်ယောက်ကို တစ်ယောက် ဆွဲဆောင်ခြင်းက စတင်ခဲ့ကြသည်ဆိုကြပါဆို့။ 


ကျွန်တော်နှင့် စတဲလာ စမ်းချောင်းက The Leaf Cafe ဆိုင်မှာ ဆုံခဲ့ကြခြင်းဖြစ်၏။ ကျွန်တော် တစ်ယောက်တည်း ကော်ဖီဆိုင်မှာ စာထိုင်ဖတ်နေသည့်အချိန် ၂ ခုံကျော်ကနေ ရယ်သံအချို့ကြားလိုက်ရသည်။ ရယ်သံက နည်းနည်းကျယ်ကျယ်လို့ ကျွန်တော် လှမ်းကြည့်လိုက်တဲ့အခါ စတဲလာကို ကျွန်တော်ပထမဆုံးမြင်တွေ့ဖူးခြင်းပင်။ စတဲလာက သူမ၏ သူငယ်ချင်းနှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာတွေသဘောကျလို့ရယ်နေမှန်း မသိ။ ရယ်နေပုံလေးကတော့ ချစ်စရာအလွန်ကောင်း၏။ သေချာသည်က စတဲလာသည် ကျွန်တာ် ကြိုက်သည့်ပုံစံပင်။ ဒါကြောင့်ပင် မဆိုင်းမတွ ထပြီး သူမ ဝိုင်းရှိရာသို့ ကျွန်တော်သွားလိုက်သည်။ ကျွန်တော်၏ ပုံစံသည် မိမိနှစ်သက်သော သားကောင်ကို စိတ်ကြိုက်ဆော့ကစားတော့မည့် ပုံနှယ်။  


"ဟိုင်း .. " ဆိုပြီး ကျွန်တော်အပိုင်နိုင်ဆုံး အပြုံးလေးဖြင့် လှမ်းနှုတ်ဆက်လိုပြီး "ဘာတွေများ ဒီလောက်သဘောကျနေလည်းဗျ" လို့ ဆက်မေးလိုက်သည်။ 


စတဲလာ ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး ကျွန်တော်၏ မေးခွန်းကြောင့် အံဩပြီး သူမလည်း ကျွန်တော်ဘာလည်းဆိုသည်ကို စိတ်ဝင်စားသွားပုံရသည်။ 


"ခပ်ညစ်ညစ် ဟာသလေးတွေ ပြောနေကြတာပါ .. ရှင်ရယ်ချင်ရင် လာ Join လို့ရပါတယ်"


ကျွန်တော် ဝင်ထိုင်လိုက်ပါသည်။ ထို့နောက် သူတို့နဲ့ အတူ စကားတွေ ဖောင်ဖွဲ့ပြောခဲ့ကြသည်ပေါ့။ သူတို့ပြောသည့် ဟာသတွေကို ကျွန်တော်နားထောင်ပြီး ရယ်တယ်။ ကျွန်တော် ပြောပြတဲ့ ဟာသတွေ နားထောင်ပြီး စတဲလာတို့ ရယ်မောကြတယ်။ ထူးခြားတာတစ်ခုက ကျွန်တော်နှင့် စတဲလာ ကြိုက်တဲ့ ဂီတ ၊ ရုပ်ရှင် တွေက အတူတူပဲဖြစ်လို့နေသည်။ ပြီးတော့ နှစ်ယောက်လုံး လူတွေ၏ နှလုံးသားကို ဆော့ကစားရတာကို ကြိုက်ခြင်းကလည်း တူသည်လေ။ နာရီ အနည်းငယ် ကျွန်တော်တို့ စကားတွေ ပြောကြတယ် ရယ်မောကြတယ်။ စတဲလာ နှင့် ဆုံတွေ့ပုံစိတ်ခံစားချက်က မေ နှင့် ပထမဆုံး ကျွန်တော် ဆုံခဲ့သလိုပဲ ထူးခြားသည့် ခံစားမှုလေးတော့ ရသည်လေ။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ ကျွန်တော် စတဲလာ ကိုယုံကြည်မနေပါ။ စတဲလာ၏ လူတွေကို အသုံးချပြီး သူမလိုချင်တာ ရအောင်ယူတတ်သည့် ပုံစံရှိကြောင်းကိုလည်း မြွေမြွေချင်း ခြေမြင်မိသည်ပေါ့လေ။ ဒါကြောင့် သူမ နှင့် ကျွန်တော် ဆော့နေကျကစားပွဲကို ဆော့ဖို့ စိတ်လှုပ်ရှားနေမိတာတော့ အမှန်ပင်။ မြွေမြွေချင်းမို့ ကျွန်တော်ကပဲ သူမကို မြို နိုင်မလား ။ စတဲလာကပင် ကျွန်တော့်ကို မြိုသွားနိုင်မလားဆိုတော့ မသိနိုင်သေးပေ။ 


ကျွန်တော် နှင့် စတဲလာ ကဖေးဆိုင်မှာ ဆုံပြီးသည့်နောက် ဆက်တိုက်ဆိုသလို တွေ့ဖြစ်ကြသည်။ ကျွန်တော်တို့ ၂ ယောက်တစ်ယောက်၏ တစ်ယောက် လျှို့ဝှက်ချက်တွေ ပြောပြကြသည်။ တစ်ယောက်၏ တစ်ယောက် ဇာတ်လမ်းတွေ အိမ်မက်တွေ အကြောင်းကိုလည်း ဖလှယ်ကြ၏။ ဒါပေမယ့် တစ်ယောက်၏ တစ်ယောက် Dark Sides တွေကိုတော့ ဟန်ဆောင်ကာ ဖုံးထားဆဲပေါ့။ စတဲလာ‌ ကတော့ သားကောင်သူ့နောက်လိုက်လာပြီးမှ မြိုချပြရတာကို သဘောကျတယ် ပျော်ရွင်တယ်။ ကျွန်တော်ကတော့ သားကောင်ကြောက်လန့်ပြီး ကမ္ဘာပျက်နေသည့် အခိုက်အတန့်ကို သဘောကျတာလေ။ ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက်အကြောင်း ပိုပိုသိလာလေလေ တစ်ယောက်၏ ကစားပွဲထဲကို တစ်ယောက် ခုန်ဆင်းချလေလေပါပဲ။ 


တစ်ညမှာတော့. ကျွန်တော် နှင့် စတဲလာ ပါတီပွဲ တစ်ခုကို တူတူတက်ရောက်ခဲ့တယ်။ ပါတီမှာ သောက်ကြ၊ ပျော်ကြ၊ ကကြ နဲ့ လူတိုင်းပျော်ရွင် နေကြသည်လေ။ စတဲလာ ကတော့ လူတိုင်း၏ အာရုံစူးစိုက်မှု ရထားခဲ့သည်လို့ ပြောလို့ရသည်။ လူတိုင်းနီးပါး သူမ၏ အနီးအနားမှာ နေပြီး ပွဲကျနေကြသည်ပေါ့။ ကျွန်တော် သူမကိုထိုင်ကြည့်နေခဲ့သည်။ စိတ်ထဲမှာတော့ မနာလိုစိတ် နဲ့ မာန လေးတော့ ဖြစ်မိတာတော့သေချာသည်။ ဒါပေမယ့် အခုလို စိတ်လှုပ်ရှားစရာ ကောင်းသည့် သူမ နှင့် ကစားနေရတာ ကို ကြိုက်ပါတယ်။ သတိတော့ ထားနေရတာပေါ့လေ။ 


"ကျွန်မ နဲ့ လာကပါလား ကိုစိုင်း" စတဲလာ ပြော‌ပြီး ကျွန်တော့်လက်ကိုဆွဲပြီး Dancing Floor သို့ခေါ်သွားသည်။ ကျွန်တော် နှင့် စတဲလာ အတူတူတွဲကကြသည်။ တီးလုံးသံစဉ်အလိုက် ကျွန်တော်တို့ နှစ်ယောက် ခန္တာကိုယ် နှစ်ခု ပူးလိုက် ခွာလိုက် ကပ်လိုက် ဖြင့် စတဲလာ၏ ကိုယ်သင်းရနံကြောင့်လည်း ခံစားမိသည်က ထူးခြားသည့် စိတ်ခံစားမှုကို ဖြစ်စေသည်။ ထိုသို့ ကနေစဉ်မှာပဲ ခပ်ဖြောင့်ဖြောင့်မိမိမိုက်မိုက် ယောကျာ်းတစ်ယောက် ကခန်းအတွင်းသို့ ဖြတ်ဝင်လာသည်။ ထိုအချိန် စတဲလာက ထိုအမျိုးသားကို ပြုံးပြလိုက်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်ကို ကျွန်တော် ဖျက်ခနဲ မြင်လိုက်ရသည်။ ကျွန်တော့်စိတ်ထဲ သဝန်တိုစိတ် နဲ့ မွန်းကြပ်မှု အချို့တို့ ထပ်မံ ခံစားမိလိုက်သည်။ 


"သူက ဘယ်သူလည်း" လို့ ကျွန်တော် ဒဲ့ တည်တည်ငြိမ်ငြိမ်အသံနဲ့ပဲ မေးလိုက်ပါသည်။ 


"အို .. သူက ဒီတိုင်းပဲ သိတဲ့လူတစ်ယောက်ပါ" စတဲလာက အေးဆေးပဲ ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေသည်။ 


ကျွန်တော် စိတ်ထဲမှာတော့ ဒေါသတော့ ထွက်နေမိသည်။ သို့ပေမယ့် ဒေါသထွက်နေသည့် စိတ်ကို မျက်နှာမှာ မပေါ်အောင် ဖုံးလိုက်နိုင်သည် လို့တော့ထင်သည်။ "စတဲလာ .. သူနဲ့ စကားသွားပြောမှာလား?"


"အင်း .. ပြောဖြစ်မယ်ထင်တယ်" စတဲလာ စသလိုလိုအပြုံးမျိုးနှင့် ပြန်ဖြေသည်။ "အဆင်ပြေတယ်မဟုတ်လား .. ကိုစိုင်း"


ခပ်ထေ့ထေ့ သူမ၏ စကားတွေက ကျွန်တော့်ကို ခံရခက်စေသည်။ ဝန်မခံချင်ပေမယ့် စိတ်အဆင်တော့ပြေမနေပေ။ "ကိုတို့ နှစ်ယောက်ကြား တခုခုထူးထူးခြားခြားတော့ရှိတယ်မလား" ကျွန်တော် ခပ်သွက်သွက်ပဲ ပြန်ဖြေလိုက်သည်။  


စတဲလာ ကျွန်တော့်၏ စကားကြောင့် ခပ်ပေါ့ပေါ့းလေးရယ်လိုက်သည်။ "အင်းဟုတ်တယ် .. ရှိတော့ ရှိပါတယ် .. ဒါပေမယ့် ကျမက ကိုစိုင်းအပိုင်မဟုတ်ဘူးနော် . ကျမလုပ်ချင်တာ ကျမလုပ်မှာ"


စတဲလာ၏ စကားကြောင့် ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ် ထိတ်လန့် ကြောက်ရွံတုန်လှုပ်မှုကို ဖြစ်သွားစေသည်။ ကျွန်တော် သူမကို မဆုံးရှုံးချင်ပါ။ ဒါပေမယ့်လည်း ဒီကစားပွဲကိုလည်း သူမကို အနိုင်မပေးချင်ပါ။ ဒါကြောင့် ကျွန်တာ် ဒီထက်ပို သတိထားပြင်ဆင်မှဖြစ်မည်လေ။ 


"ကျွန်တော် စတဲလာကို မဆုံးရှုံးပါရစေနဲ့" ကျွန်တော် အသံလေးနိမ့်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။ 


"အဲ့ဆို .. မဆုံးရှုံးစေနဲ့ပေါ့ .. စတဲလာကို လိုချင်တယ်ဆိုတာ သက်သေပြပေါ့" လို့ ကျွန်တော့်၏ နှုတ်ခမ်းနား နမ်းမိယုံကပ်ပြီး နှစ်ကိုယ်ကြားယုံမျှ ပြန်ဖြေသည်။  


ကျွန်တော်တို့ နှစ်ယောက် ပါတီမှာ ဆက်က ကြတယ်။ ရယ်ကြတယ် ။ တစ်ယောက်ကို တစ်ယောက် မထိတထိလေးတွေနဲ့ ကလိကြတယ်။ သို့ပေမယ့် စိတ်ထဲမှာတော့ နှစ်ယောက်လုံးလေးလံထိုင်းမှိုင်းမိသလို ခံစားနေမိတာတော့အမှန်ပင်။ ကျွန်တော် နှင့် စတဲလာ နှစ်ယောက်လုံး သတိကြီးကြီးနဲ့ တစ်ယောက်အငိုက် တစ်ယောက်မမိစေဖို့ ကြိုးစားရင်း နှစ်ယောက်လုံး၏ စိတ်ထဲမှာတော့ နာကျင်ခြင်းကိုတော့ စတင် ခံစားမိနေကြပြီဖြစ်သည်။ ဒါကို အချစ်လို့ ခေါင်းစဉ် မတပ်ပါ။ မြွေမြွေချင်းမို့ တစ်ယောက်ကို တစ်ယောက် မြိုဖို့ ကြိုးစားမှုကြောင့် ရသည့် နာကျင်မှုမျိုးသာဖြစ်၏။ 


ကျွန်တော် နဲ့ စတဲလာ ပါတီပြီးတော့ လမ်းလျှောက်ပြန်ခဲ့ကြတယ်။ ည ၁၀ နာရီလောက်ဆိုပေမယ့် ကားကော လူကော တော်တော် ရှင်းနေပါသည်။ တိမ်ကင်းသည့်အတွက်ကြောင့် ကြယ်လေးတွေလည်း ကျွန်တော်တို့၏ အထက်မှာ မှိတ်တုတ်မှိတ်တုတ် သူ့ထက်ငါ အပြိုင် လင်းနေကြသည်ပေါ့။ ခါတိုင်းစကားတွေဖောင်ဖွဲ့ပြောနေတတ်သည့် စတဲလာ မိနစ်အတော်ကြာ တိတ်ဆိတ်နေသည့်အတွက် ကျွန်တော် သူမ၏ မျက်နှာကို တစ်ချက်အကဲခက်လိုက်ပါသည်။ တကယ်တမ်းပြော၇ရင် သူမ သည် ကျွန်တော်ကဲသို့ပင် သူမရင်ထဲဘာတွေ ဖြစ်နေသလဲဆိုသည်ကို ဖတ်နိုင်ဖို့ ခက်ခဲသည့် သူတစ်ယောက်ပင်။ ဒါကြောင့် ကျွန်တော်လည်း သူမ၏ မျက်နှာကို ကြည့်ပြီး ဘာတွေ ဖြစ်နေသလဲဆိုတာကို မခန့်မှန်း မဖတ်နိုင်ပေ။ 


"နေကောင်းရဲ့လား .. တခုခုဖြစ်နေသလား?" လို့ ကျွန်တော် မေးလိုက်သည်။ 


"နေကောင်းပါတယ် .. ဘာမှမဖြစ်ပါဘူး .. တွေးနေယုံပါ" လို့ စတဲလာက အားပျော့နေသည့် အသံဖြင့် ပြန်ဖြေသည်။ 


"ဘာအကြောင်းတွေ တွေးနေလည်း .. အကိုသိလို့ရမလား" သူမစိတ်ထဲ ဘာတွေတွေးပါလိမ့်ဆိုတာ ကျွန်တော် တကယ်ကို သိချင်နေသည်။ 


"အော်.. ငါတို့ နှစ်ယောက်အကြောင်းကိုပါ .. ငါတို့ ဘာတွေလုပ်နေကြတာလည်း . ဘာတွေဖြစ်နေကြတာလည်းလို့တွေးနေတာပါ။"


ကျွန်တော် အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်သည်။ "ငါတို့ အတူတူပျော်နေကြတာမဟုတ်ဘူးလား"


စတဲလာ ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်သည်။ "ပျော်နေကြတာဟုတ်လား .. ငါတို့ တစ်ယောက်ကိုတစ်ယောက် ကစားနေကြတာမဟုတ်ဘူးလား .. စတဲလာ နာကျင်မှုကို မကြိုက်ဘူး .. ကိုစိုင်း"

  

သူမ၏ အဖြေကြောင့် ကျွန်တော့်စိတ်ကို ထပ်မံထိခိုက်မိစေသည်လေ။ ကျွန်တော် နှင့် စတဲလာ တစ်ယောက်ကိုတစ်ယောက် သတိကြီးကြီးနှင့် နာကျင်ရမှာ ရှုံးမှာကြောက်လို့ နှလုံးသားတံခါးကို မဖွင့်ပဲ ပိတ်ထားကြသည် နှင့်တူသည်။  တကယ်တမ်း ပြောရရင် တူတယ်လိ့ ထင်ရပေမယ့် ကွဲတော့ ကွဲပြားသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး ကိုယ်ထင်မှတ်မထားသည့် ပုံစံ နဲ့ တစ်ယောက်ကို တစ်ယောက် နာကျင်ထိခိုက်စေနိုင်သည် မဟုတ်ပေဘူးလား။ 


"ငါတို့ ဒီကစားပွဲကို ရပ်သင့်တယ်လို့ မထင်ဘူးလား" ကျွန်တော်၏ စကားကြောင့် စတဲလာ မျက်ခုံးလေးကို ပင့်လိုက်ပြီး "ရပ်လိုက်ရင် စတဲလာတို့ ဘာဆက်ဖြစ်ကြမှာလည်း" 


"ရပ်လိုက်ရင် တူတူရှိချင်မှ ရှိကြမှာပေါ့ .. စတဲလာ" ကျွန်တော် လေယူလေသိမ်း ပီပီသသ နှင့် ဟန်မပျက်တော့ ပြောလိုက်သည်။ 


စတဲလာ အဝေးကို တစ်ချက်ငေးကြည့်နေသည်။ သူမ၏ မျက်နှာမှာတော့ ခါတိုင်းလို တည်ငြိမ်နေသည့် အရိပ်အယောင်တော့ မတွေ့ရ။ စိတ်ရှုပ်ထွေးနေသည့် လဏ္ခာရပ်ကိုတော့ မြင်တွေ့နေရသည်။ 


"ဒါ အကို့ပုံစံတော့ မဟုတ်ဘူး .. အကိုက ကိုယ်ပဲ ထိန်းချူပ်နေရတာမျိုးကိုကြိုက်တာလေ .. ပြီးတော့ ဟန်ဆောင်နေရတာ ပင်ပန်းနေပြီ .. အခု တကယ့်အစစ်အမှန်ပဲ အကိုလိုချင်တော့တယ်" ပထမဆုံးအကြိမ် ကျွန်တော့ နှုတ်ကထွက်သည့် ရိုးသားသော စကားပါ။ 


စတဲလာသည် တိတ်ဆိတ်နေမြဲ။ သူမ၏ အတွေးသည်လည်း ပြိုင်မြင်းလို သိစိတ် မသိစိတ်တွေ ပြောလာမည့် စကားလုံးတွေအတွက် ပြိုင်ဆိုင်နေခြင်းဖြစ်မည်။ ကိုစိုင်းကိုလည်း သူမလက်မလွှတ်ချင်ပါ။ ဒါပေမယ့် ဒီကစားပွဲကို ဆက်ကစားပြီး သူမ နိုင်လည်း နိုင်ချင်သည်လေ။ 


"စတဲလာတို့ ဟန်ချက်ညီမယ့် အဖြေတစ်ခုတော့ ရှာတွေ့မှာပါ .. အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ကိုကော ဆက်ထိန်းသိမ်းထားရင် ဘာဆက်ဖြစ်မလည်း သိလား" စတဲလာက အသံတိုးတိုးလေးဖြင့် ကျွန်တော့်ကို မေးလိုက်သည်။ 


ကျွန်တော် စတဲလော၏ အမေးကြောင့် တစ်ချက်စဉ်းစား တွေးဝေသွားသည်။ "စိတ်လှုပ်ရှားစရာလား .. ဒါမှမဟုတ် .. သတ်ကွင်းလား"


"ဘာကြောင့် နှစ်ခုလုံး မဖြစ်နိုင်ရမှာလည်း" စတဲလာ တစ်ချက်ပြုံးပြီး ဖြေသည်။ သူမ၏ ပုံစံက စိတ်လက်ပေါ့ပါးအောင် မနည်းကြိုးစားပြီး ဖြေနေရသည့် ပုံစံမျိုး။ 


ကျွန်တော်သည် စတဲလာကို ယုံကြည်ပေးချင်ပါသည်။ သူမကို ယုံကြည်ချင်ပါသည်။ ကျွန်တော်တို့ နှစ်ယောက်  ဘာစကားလုံးတွေ ကတိတွေ နဲ့ချည်နှောင်ထားခြင်းမရှိပဲ နားလည်မှုနဲ့အတူ တစ်ယောက် အနား တစ်ယောက် ရှိနေကြတာပဲ မဟုတ်လား။ အခြေအနေက ဒီအတိုင်းသာ ဆက်သွားရင် နှစ်ယောက်လုံး ဒီကစားပွဲကို ဘယ်သူမှ မနိုင်ပဲ နာကျင်မှုနဲ့သာ အဆုံးသတ်မယ်ဆိုတာကို ကျွန်တော်တွေးလိုက်မိသည်။ သို့ပေမယ့် စတဲလာက ဒီကစားပွဲကို ဆက်ကစားချင်နေသည်လေ။ ကျွန်တော် အရှုံးပေးလိုက်ချင်ပေမယ့်။ အရှုံးပေးခြင်းက ဒီကစားပွဲ၏ မှန်ကန်သည့် အနိုင်ရလဒ် မဟုတ်ပေ။ 


တစ်ရက်မှာတော့ ကန်တော်ကြီးထဲက ကန်ရေပြင်လေးက ခုံလေးမှာ ကျွန်တော် နှင့် စတဲလာ အတူလာထိုင်ဖြစ်ကြသည်။ တစ်ယောက်ကို တစ်ယောက် အတူရှိနေကြချိန် အရေးကြီးဖုန်းမှ လွှဲ၍ ဖုန်းမသုံးရလို့ ကတိတစ်ခု ဆိုထားခဲ့ကြထားသည်လေ။ စတဲလာ ဖုန်းထိုင်ပွတ် နေသည်မှာ ၁၀ မိနစ်ခန့်ရှိပြီ။ ကျွန်တော်၏ စိတ်ထဲ အလေးမထားဘူးဟု ခံစားလိုက်ရသည်။ ဘာကြောင့်လည်း ဆိုရင် သူမက တစ်ယောက်ယောက် နှင့် စာတို ပို့နေပုံရပြီး မျက်နှာကလည်း ပြုံးနေသည်လေ။ ကျွန်တော်လား သဝန်တိုနေမိတာပေါ့ဗျာ။ 


"အကို့ အပေါ် အာရုံရှိရဲလား" လို့ ကျွန်တော် သူမ၏ ဖုန်းကို လက်နှင့် ဖိအုပ်၍ မေးလိုက်သည်။ 


စတဲလာ တစ်ချက်ကြောင်သွားသည်။ ဒီလိုမျိုး တစ်ခါမှ သူမအပေါ် ကျွန်တော် မဆက်ဆံဘူးဒါကြောင့်ပင်ဖြစ်မည်။ 


"ဘာဖြစ်လို့လည်း .. စတဲလာ အလုပ်ကိစ္စ စစ်စရာရှိတာ စစ်နေတာပါ"


"အလုပ်ကိစ္စလား .. ဒါမှမဟုတ် .. တစ်ယောက်ယောက်နဲ့ ကိစ္စလား" အခုလို မေးခွန်းကြောင့် ကျွန်တော့်လည်း မိမိကိုယ်ကို အံ့အားသင့်သွားသည်။ ကျွန်တော် ဘာတွေဖြစ်နေပါသလဲ ။


"ဘာလို့ စတဲလာ ကို ဒီလို ပြောနေရတာလား ?" သူမ၏ အသံက စိတ်အနှောက်အယှက်ဖြစ်နေသည့် အသံမျိုးဖြစ်ပြီး လေသံကလည်း နည်းနည်းမာသည်။ 


"စတဲလာ ဘာတွေလုပ်နေလည်းဆိုတာ အပ်ကျတာကအစ သိချင်တယ် .. ဘာလုပ်နေလည်း ဘယ်သူနဲ့ဘာတွေ ပြောနေလည်းကအစပေါ့" ကျွန်တော်၏ အသံနည်းနည်းကျယ်ကျယ် နဲ့ အော်ပြောမိလိုက်သည်။ ကျွန်တော် သူမ တစ်စုံ တစ်ယောက်နှင့် ကျွန်တော် ဘေးမှာ ရှိနေလျက်ဖြင့် ရယ်မောပျော်ရွင်စွာပြောနေသည်ကို ကျွန်တော် လုံး၀ မကျေနပ် မကြိုက်ပေ။ 


စတဲလာ မျက်လုံးတွေဝိုင်းစက်သွားသည် ။ "အပိုတွေ လုပ်နေတာတွေရပ်လိုက်ပါတော့ .. ကိုစိုင်း .. စတဲလာ ကဘယ်လို မိန်းမမျိုးလည်းဆိုတာ ကိုစိုင်းသိပြီးသားပဲလေ" 


"စတဲလာ .. အကို့ကို အခြားလူတွေထက်ပိုဂရုစိုက်တယ်လို့ ထင်နေခဲ့တာ" ကျွန်တော်ပြောသာပြောနေရသည် ။ ကျွန်တော်၏ စိတ် နှင့် နှလုံးသားတို့ ရေနစ်နေသလို မွန်းကြပ်နေပြီ။


" ဂရုစိုက်တယ်လေ .. ဂရုစိုက်တာပေါ့ .. ဒါပေမယ့် .. စတဲလာကို ပြောင်းလဲဖို့ထိတော့ မမျှော်လင့်နဲ့လေ" သူမ၏ မျက်လုံးတွေက အေးစက်နေသည်။ အသံတွေကလည်း မာသည်။ သူမ အသာစီးရထားသည့် ကစားပွဲလို အနိုင်ယူတော့မည့် စစ်သူကြီးလိုမျိုး။ 


"အကိုက ပြောင်းလဲဖို့ ကြိုးစားနေတာမဟုတ်ဘူး .. စတဲလာကို ခံစားချက်တွေကို ပိုရိုးသားစေချင်ယုံပါ" ကျွန်တော် အရှုံးပေးရတော့မည်ထင်သည်။ ရှုံးချင်လည်းရှုံးပါစေတော့။ ကျွန်တော်၏ ခံစားချက်တွေက ကူရာမဲ့နေပြီလေ။ 


စတဲလာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျွန်တော်၏ ရှေ့မှာ ရပ်ပြီး မျက်နှာကို တစ်ချက်မော့ကြည့်သည်။ "ဒီအကြောင်းကို ဒီမှာတင် ရပ်လိုက်ကြစို့နော်" 


"ရပ်တာက ဘာကြောင့် မရပ်နိုင်ရမှာလည်းနော် .. ဘာကြောင့်လည်းဆိုတော့ အကိုပြောတာ မှန်နေတယ်မလား" 


" အကို ဒရမ်မာတွေ အရမ်းခင်းတတ်နေပြီနော် " ကျွန်တော့်ကို ပညာသားပါပါ ထိုးနှက်လိုက်သည့် စကားပင်။ ထိုသို့ ပြောပြီး သူမ လှည့်ထွက်သွားပါသည်။ သူမ၏ စကားလုံးတွေက ကျွန်တော် တကယ်ပင် နာကျင်ခံစားနေရပါပြီ။ ဒေါသလည်း အနည်းငယ်တော့ ထွက်နေသည်ပေါ့။ အဆုံးသတ်က ကောင်းသော အဆုံးသတ်ခြင်းမျိုးနှင့် အဆုံးသတ်မည်လို့လည်း ကျွန်တော် ကြိုးစားပြီး မထင်ချင်တော့ပါ။ 


"အကိုနဲ့ ပက်သက်ပြီး ဘာခံစားချက်မှ မရှိဘူးလား စတဲလာ" ကျွန်တော် ကျောခိုင်းထွက်သွားသည့် သူမလက်‌ကို လှမ်းဆွဲပြီး မေးလိုက်သည်။ 


"ဟုတ်လောက်မယ် ကိုစိုင်း .. အခု ငါ ဘာလိုချင်လည်း ဘာဖြစ်ချင်လည်းဆိုတာ စတဲလာ ကိုယ်တိုင်တောင် မသိချင်တော့ဘူး" ကျွန်တော်၏ ပုခုံးကို ကျော်ကြည့်ပြီး သူမ ပြန်ဖြေသည်လေ။ 


"ကောင်းပြီလေ ..အဲ့ဒါဆို ဒီကစားပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်" ကျွန်တော် ကြေကွဲနေပါပြီ။ ဒီစကေား ကျွန်တော် မပြောချင်ပါ။ ဒါပေမယ့် ပြောမှ ဖြစ်တော့မည်လေ။ 


စတဲလာ ခဏတွေဝေ သွားသည်။ ပြီးနောက် ကျွန်တော့်ကို မော့ကြည့်လိုက်ပြီး "ဟုတ်တယ် .. စတဲလာတို့ ရပ်သင့်ပြီ" လို့ အေးစက်စွာ ပြန်ပြောသည်လေ။ 


စကားလုံးတွေက လေထဲမှာ ချိတ်ဆွဲထားသလို လေးလံပြီး နာကျင်နေသည်။ ကျွန်တော့် နှလုံးသားတွေ ကြေမွသွားသလိုလည်း  ခံစားနရသည်။ တစ်ယောက်နှင့် တစ်ယောက် ဒဏ်ရာမရအောင် ကြိုးစားခဲ့သော်လည်း နောက်ဆုံး နာနာကျင်ကျင် နှင့် ခံစားရမည့် လမ်းခွဲခြင်း အဆုံးသတ်ကို ရင်ဆိုင်ရတော့မည်လေ။ 


“ကောင်းပြီ” လို့ ဒေါသနဲ့ ဝမ်းနည်းမှုတွေ  ကျွန်တော့်ရင်ထဲမှာ ရောထွေးနေသည် ။ "ဒါကိုပဲ စတဲလာ လိုချင်တာမလား .. အခြားဘာရှိသေးလည်း"


စတဲလာ သည် ကျွန်တော်၏ မျက်နှာကို သေချာ မမှတ်မသုန် စိုက်ကြည့်နေသည်။ စိုက်ကြည့်နေသည့်  သူမ၏ အမူအရာသည် ခက်ထန်နေ၏။ “ကျွန်မ ဆက်ပြီး ဟန်ဆောင်လို့ မရဘူး .. ဟန်ဆောင်နေရအောင်လည်း မတန်နေဘူး။”


တန်မနေဘူးတဲ့လား ။ စတဲလာ၏ ဒီစကားလုံးတွေက ကျွန်တော်၏ မာနကို ပြန်စွပေးလိုက်သလိုပင်။ ကျွန်တော် သူမကို ဆက် မကြည့်နိုင်တော့ဘဲ လှည့်ထွက်သွားလိုက်သည်။ တစ်ချိန်က စိတ်လှုပ်ရှားစရာ အလွန်ကောင်းသော ကျွန်တော်တို့၏ ဆက်ဆံရေးသည် နာကျင်ခံစားရသော ခံစားချက်များနှင့်အတူ မာနကို ထိပါးစေသော စကားလုံးများကြောင့် သူသေ ကိုယ်သေ တိုက်ရတော့မည့် စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့ပေမယ့် ၎င်းစစ်မြေပြင်က အတ္တ နှင့် မာန ပြိုင်ကြမည့် စစ်ပွဲ အသွင်အပြင်ပင်။ 


ကျွန်တော် နှင့် စတဲလာ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းလျက် နှုတ်တောင် မဆက်ဖြစ်ကြတော့ပဲ ဆန့်ကျင်ဘက် လမ်းဆီသို့ ကိုယ်စီထွက်ခွာလာကြသည်။ နှစ်ယောက်လုံး၏ ခံစားချက်တွေကတော့ လေးလံနေပြီး ကွဲကြေအက်နေခြင်းလည်း ဖြစ်ချင်ဖြစ်နေမည်ပေါ့လေ။ မေကို ကျွန်တော် ဆုံးရှုံးခဲ့သလို အခု စတဲလာကိုလည်း ကျွန်တော် ထပ်မံဆုံးရှုံးရပြီလေ။ ဒါကို ဝဋ်လို့ ခေါ်ချင်လည်းရသည်။ ကျွန်တော် ဒီတစ်ကြိမ် နာကြင်ဖို့ ထိုက်တန်ပါသည်။ သို့ပေမယ့် စတဲလာကို ကျွန်တော် ချစ်တယ်လို့ တော့ မထင်စေချင်ပါ။ မသိစိတ်ကတော့ ချစ်ချင်လည်း ချစ်မိနေမှာပေါ့လေ။ 


စတဲလာသည် ဆန့်ကျင်ဘက်သို့ ထွက်လာပေမယ့် သူမလည်း ပထမဆုံးအကြိမ် စိတ်မှာလေးလံ ထိုင်းမှိုင်းလို့နေ၏ ။ ကျွန်မ .. ကိုစိုင်းကို ချစ်မိသည်လို့တော့ ထင်သည်လေ။ ဒါပေမယ့် ကိုစိုင်းလို လူမျိုးကို လက်မလွတ်ချလျင် တစ်ချိန်မှာ ကျွန်မ အကြီးအကျယ် ငိုကြွေးရမည်ဆိုသည်ကို ကြိုတင်တွေးမြင်နေမိသည်။ မြွေမြွေချင်းဆိုတော့ ဘာတွေ ဆက်ဖြစ်လာမည်ဆိုတာကိုလည်း ကျွန်မ သိသည်လေ။ ဒါကြောင့် ဒဏ်ရာတွေ ပိုပိုမတိုးလာခင် ခပ်ဝေးဝေး နေလိုက်ခြင်းက ကျွန်မ အတွက်ပိုကောင်းသည် မဟုတ်ပေဘူးလား။ 


ရက်တွေက ရက်မှ လသို့ ကူးပြောင်းတာ မြန်ချေ၏။ ကျွန်တော်တို့ နှစ်ယောက်လုံး move on ဖို့ ကြိုးစားနေခဲ့ကြရသည်လေ။ ကျွန်တော်ကတော့ အလုပ်ထဲမှာ စိတ်နှစ်ပြီး မေ့ပြစ်ဖို့ ကြိုးစားတယ်။ ခါတိုင်းလိုပဲ လူတွေနဲ့ ပျော်အော် နေပြီး နာကျင်မှုကို သက်သာအောင် ဖြေဖျောက်သည်ပေါ့။ စတဲလာ သည် သူငယ်ချင်းတွေနှင့် ပိုအချိန်ပေးဖြစ်သည်ထင်သည်။ သို့ပေမယ့် သူမ နှင့် ကျွန်တော်၏ အမှတ်တရများစွာက  သူမ ကျွန်တော့်အား လုံး၀ မေ့ဖျောက်ဖြစ်ဖို့ သူမ ကို ခြောက်လန့်နေလိမ့်မည်ထင်သည်။ 


တစ်ရက်သော ညနေဘက်မှာ The Leaf Cafe မှာ ကျွန်တော် သွားထိုင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ချိန်းဆို မထားပဲနှင့် စတဲလာ တစ်ယောက်တည်း ရှေ့ဆင့် နောက်ဆင့်ဆိုသလို ကော်ဖီဆိုင်ထဲသို့ ဝင်လာသည်။ ကျွန်တော်တို့ နှုတ်မဆက်ဖြစ်ကြပေ။ တစ်ယောက် နှင့် တစ်ယောက် မျက်လုံးချင်း တစ်ချက်ဆုံပြီး မျက်နှာလွှဲလိုက်ကြသည်။ ခဏတာ မြင်လိုက်ရသည့် မျက်ဝန်းထဲမှာတော့ ဝမ်နည်းမှုတွေ၊ ဒေါသတွေ နှင့် တောင့်တမှု အချို့ကို မြင်လိုက်ရသည်လေ။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ယောက် နှင့် တစ်ယောက် နီးကပ်ဖို့ မကြိုးစားကြတော့ပေ။ သူစိမ်းတွေလိုပါပဲ။ ဘယ်တုန်းကမှ မသိခဲ့သည့် သူစိမ်းတွေလိုပေါ့။ ခံစားချက်တွေကို ဝန်ခံရမှာ ကြောက်သည့် သရဲဘောကြောင် လူနှစ်ယောက်၏ သူစိမ်းဆန်မှုတွေပေါ့လေ။ 


ကော်ဖီဆိုင်ပိတ်ခါနီးမှ စတဲလာ ထပြန်သည်။ ကျွန်တော် အရင်ထပြန်ဖို့ ကြိုးစားခဲ့ပါသည်။ သို့ပေမယ့် သူမ ဘေးက ဖြတ်သွားသည့်အချိန် ကျွန်တော် မြတ်နိုးသည့် သူမကိုယ်သင်းနံ့လေး၏ အနံ့ကို ကျွန်တော် ကျော်လွှားနိုင်မည်မထင်ပေ။ ဒါကြောင့် သူမ ကော်ဖီဆိုင်မှ ထွက်သွားသည့်အချိန်ထိ ကျွန်တော် စောင့်နေခြင်းသာဖြစ်၏။ သူမ ကျွန်တော့်ကို နှုတ်မဆက်သွားခဲ့ပါ။ နှုတ်မဆက်ရက်လေခြင်းဆိုသည့် နာကျင်မှုကလည်း တော်တော်ဆိုးသည်ပေါ့လေ။ အဆက်အသွယ်အားလုံး သူစိမ်းဆန်ဆန်ပေါ့။ ကျွန်တော် နှင့် စတဲလာ ဒီကစားပွဲ အလွန်မှာတော့ နောင်တ နှင့် သင်ခန်းစာတွေ ၇ကြမှာတော့ အမှန်ပင်။ ကျွန်တော်တို့ နှစ်ယောက်က ပြိုင်မြင်းတွေပဲလေ။ ပြိုင်မြင်းဆိုတာ ပြိုင်ဆိုင်မှုက အဓိကပဲလေ။ နိုင်မလား ၊ ရှုံးမလား အဖြေက ၂ ခုတည်း။ ဒါပေမယ့် ဒီကစားပွဲက ကံကြမ္မာက အနိုင်ရသွားပြီး ကျွန်တော်တို့ နှစ်ယောက်လုံး ရှုံးခဲ့သည်ပေါ့။ 



တစ်ချိန်ကျွန်တော် 


No comments: