ခွေး တွေမှာ ထူးခြားသည့် အနံ့ခံအာရုံပါသည်။ သူတို့တွေက လူတွေ၏ ပျော်ခြင်း၊ဝမ်းနည်းခြင်း၊ စိတ်ယုတ်အနံ့၊ စိတ်ကောင်းအနံ့ စသည်တို့ကို လူမှထွက်သည့် ပျော်စိတ်အနံ့လား၊ ဝမ်းနည်းသည့်အနံ့လား စသည်ကို ခွဲခြားတတ်ပြီး ပြုမူဆက်ဆံနိုင်ကြသည်။ ကျွန်တော်တွေးမိသည် ကျွန်တော်တို့ လူတွေမှာ ခွေးကဲသို့သော ထူးခြားသည့် အနံ့ခံအာရုံပါလျှင်ကောင်းမည်။ လူအချင်းချင်း ကိုယ့်ကိုချစ်နေသလား ၊ မုန်းနေသလား ၊ စိတ်ယုတ်ထားနေသလား ၊ စိတ်ကောင်းနှင့်ပြောနေသလားဆိုသည်ကို ကွဲကွဲပြားပြား ခွဲခြားနိုင်သည်လေ။ ထို့အတွက်ကြောင့် လိမ်ညာခြင်း ဟန်ဆောင်ခြင်းများလည်း ကင်းဝေးသွားနိုင်သည်မဟုတ်ပေဘူးလား။
ကျွန်တော်သည် ထိုကဲ့သို့သော် ထူးခြားသည့် အနံ့ခံအာရုံရခဲ့သော် မိမိငြိမ်း အားသေချာစွာအနံ့ခံမည်။ စိတ်အတတ်အကျ ခန့်မှန်းရခက်သော ငြိမ်းဆီမှထွက်လာသည့် စိတ်အနံ့တွေကို အနံ့ခံကြည့်မည်။ သူမ ဝမ်းနည်းနေလျှင် ကျွန်တော် နှစ်သိမ့်ပေးမည်။ သူမပျော်လျှင် ကျွန်တော်ပျော်ရွင်မှုကိုမျှဝေခံစားမည်။ သူမ စိတ်ဆိုးနေလား ၊ စိတ်ကောက်နေလား ၊ စိတ်တိုနေလား ၊ စိတ်အဆင်မပြေဖြစ်နေလား ကျွန်တော် သိရမည်လေ။ ရန်ဖြစ်စကားများသည်ကို မကြိုက်နှစ်သက်သည့်ကျွန်တော့်အတွက် ထူးခြားသည့် အနံ့ခံအာရုံရခဲ့လျှင် ရန်အေး၊ စိတ်အေး ၊ မေတ္တာထား၍ လောကီရေးရာတွင်လည်း ကြံဆောင်အောင်မြင်နိုင်မည် မဟုတ်ပေလား။
ပုံမှန်မနက်ခင်းတခုမှာ ကျွန်တာ်လမ်းလျှောက်ထွက်သည့်အခါ မတူသည့်ရနံ့ အသစ်တွေဖြင့် နိုးထလာမည်။ တမူထူးခြားသည့် မြေသင်းနံ့လေးတွေကိုလည်းခံစားမိမည်။ သဘာ၀ပေါက်ပင်တွေ၏ ရနံ့ အထူးသဖြင့်ခွေးတွေကြိုက်နှစ်သက်နမ်းရှုံတတ်ကြသည့် မြက်ပင်တွေရဲ့ ရနံ့ကိုတိတိကျကျ ခွဲခြမ်းစိတ်ဖြာတတ်မည်။ ရပ်ကွက်ထဲပတ်လမ်းလျှောက်သည့်အခါတိုင်း ဘယ်အိမ်က ဘာဟင်းချက်နေသည် ဘာတွေစားနေသည်အစ ထူးထူးခြားခြားသိခွင့်ရမည်လေ။ လူတွေကြားထဲသွားလာသည့် အခါတွင်လည်း လူတွေရဲ့ပင်ကိုယ်အနံ့ ၊ သုံးထားသည့်ရေမွှေးအနံ့ ၊ လူတွေရဲ့ စိတ်အခြေအနေ ၊ ကျမ်းမာရေးအခြေအနေကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်မည်လေ။ အထူးသဖြင့် ဓါတ်ငွေ့ယိုစိမ့်ခြင်း နှင့် အခြား လူတွေကျရောက်မည့် အန္တာရာယ်ကနေ ကြိုတင်ကာကွယ်ပေးနိုင်မည်။ ပျောက်နေတဲ့ ပစ္စည်း ပျောက်သွားတဲ့လူတွေကို အာရုံပိုခံနိုင်မည်။ ကျမ်းမာရေးနဲ့ပက်သက်လျှင်လည်း သွေးတွင်းသကြားဓါတ်လျော့ကျခြင်း၊ နေမကောင်းခြင်း နဲ့ ကင်ဆာ အငွေ့အသက်တွေကိုတောင်ကြိုတင် ခံစားသိမြင်နေသည်။ စိတ်ဓါတ်ကျနေသည့် သူတွေကိုလည်း စိတ်ဓါတ်ကျနေကြောင်းကြိုတင်သိရှိနိုင်သည့်အတွက် လူတွေကိုကူညီကယ်တင်နိုင်မည်။ သဘာ၀ဘေးအန္တာရယ်နှင့်ပက်သက်လျှင်လည်း ကြိုတင်သိမြင်နိုင်သည့် အစွမ်းသတ္တိအာရုံရသည့်အတွက်ကြောင့် ဘေးအန္တာရယ်နှင့် ကြုံလာလျှင် ကြိုတင်ရှောင်ရှားနိုင်ဖို့ ကူညီနိုင်မည်။ ကျွန်တော်သာ မူးယစ်ရဲ တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင်တောင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာတောင် ပါဝင်ကူညီပြီး လူသားအကျိုးကိုသယ်ပိုးပေးနိုင်တာပေါ့ဗျာ။
၎င်းအနံ့ခံအာရုံ ကျွန်တော်တွင်သာရချင်ပါသည်။ ကျွန်တော်၏ မိမိငြိမ်းအား စိတ်ကူးအားဖြင့်တောင် ထူးခြားသည့်အနံ့ခံအာရုံ မရစေချင်ပါ။ ကျွန်တော် ဝမ်းနည်းနေကြောင်းကို မသိစေချင်ပါ။ ကျွန်တော် စိတ်တိုနေကြောင်းကို မသိစေချင်ပါ။ ကျွန်တော် နေမကောင်းကြောင်း မသိစေချင်ပါ။ ကျွန်တော် ဘာတွေစားထားကြောင်းလည်း မသိစေချင်ပါ။ ကျွန်တော် သူမကိုဘယ်လောက် ချစ်ကြောင်း၊ ကျွန်တော့်ဆီက ချစ်ရနံ့တွေသင်းပျံနေသည်ကိုလည်း မသိစေချင်ပါ။ ဒီလို မသိစေချင်သည်က အတ္တကြီးသည်လို့လည်း ပြောချင်လည်းပြောကြပါစေ။ မိမိငြိမ်း ကျွန်တော့်အား ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လိုဂရုစိုက်ကြောင်း နှင့် ဘယ်လိုစိုးရိမ်ပူပန်တတ်ကြောင်း ကျွန်တော်နားလည်လို့ပင်။ ကျွန်တော်သည် မိမိငြိမ်းအား ကျွန်တော်နှင့် ပက်သက်လျှင် စိတ်အေး လက်အေး ချမ်းချမ်းမြှေ့မြှေ့ သက်တောင့်သက်သာဖြင့် ချစ်ခြင်းတစ်ခုတည်းပေါ် မည်တည်လျက် ဘ၀ကို ဖြတ်သန်းသွားစေချင်သည့်အတွက်ကြောင့်ပင်။ ကောင်းသည့်အရာတွေသာ ပေးချင်သည်၊ ပူပန်မှု သောကတွေ ကင်းဝေစေချင်သည်။ ဒါတွေက ကျွန်တော် သူမအပေါ် ထားသည့် ချစ်ခြင်း၏ အတ္တပင်ဖြစ်သည်။
တောင်းသည့်ဆု ၁ ခုပြည့်ရမည်ဆိုလျှင် ကျွန်တာ် ခွေးတစ်ကောင်ကဲသို့ ထူးခြားသည့် အနံ့ခံအာရုံရချင်ပါသည်။ ထို့နောက် မိမိငြိမ်းအား စောင့်ရှောက်ပေးမည်လေ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment