အမရာနှင့် ပက်သက်ပြီး ဆိုးဝါးသည့် အတွေ့အကြုံတွေ ခံစာရပြီးသည့်နောက် ထူးဆန်းသည့် အလှည့်အပြောင်းတစ်ခု ဘ၀ မှာထပ်ကြုံလာခဲ့သည်။ စိတ်အရမ်းမာခဲ့သော ၊ လစ်လျူရှုတတ်သည့် ကျွန်တော်၏ စိတ်တွေသည် ပိုးသားကဲသို့ နူးညံ ပျော့ညံစွာ နာကျင်မှုတွေကို ဆက်လက်ခံစားပြီး ပြောင်းလဲလာသည်။ မည်သို့ပင်ရှေ့ဆက်သွားဖို့ ကြိုးစားလည်း ကျွန်တော်၏ ထရောမာတွေသည် လိုက်လံခြောက်လန့်နေဆဲပင်။ ခုတော့ အပြောင်းအလဲတစ်ခု ထပ်မံဖြစ်လာတော့မည်လေ။
ပထမဦးဆုံး သတိထားမိသည့်ကိစ္စသည် ကျွန်တော် တစ်ယောက်တည်းတိုက်ခန်းမှာ ရှိနေသည့်အချိန်တွေမှာ အသံ တစ်ခုကိုကြားနေရခြင်းပင်။ အဲ့ဒီအသံလေးက လေသံအေးအေလေး နှင့် စိတ်လှုပ်ရှားစရာတော့ကောင်းသည်။ ကျွန်တော် အိပ်မပျော်ခြင်း နှင့် အတွေးတွေလွန်ခဲ့ခြင်းကြောင့် ကြားချင်တာတွေကြားနေရတာလည်း ဖြစ်နိုင်သည်လေ။ သို့ပေမယ့် ရက်တွေ အနည်းငယ်ထပ်ကြာလာပေမယ့် အဲ့ဒီအသံလေးသည် တစ်ဖြေးဖြေးနဲ့ ပိုပို ကြားလာရလေသည်။
ပုံမှန် ရုန်းမှာအလုပ်များသည့်နေဆိုလျင် အလုပ်တွေပြီးပြတ်အောင် လုပ်နေရသည့်အတွက် အိမ်ပြန်နောက်ကျမြဲပင်။ ကျွန်တော် အလုပ်စားပွဲမှာ ပရောဂျက် အသစ်တစ်ခုအတွက် အလုပ်ရှုပ်နေခဲ့သည်လေ။ ရုံးထဲမှာ ဝန်ထမ်းတွေ အားလုံးတော့ ရုံးဆင်းသွားခဲ့ကြပြီ။ လမ်းမီးရောင်ကလည်း ကျွန်တော်၏ ရုံးခန်းထဲသို့ ဖြာကျလို့နေသည်ပေါ့။ ထိုအချိန်မှာ အသံတစ်ခု ကျွန်တော်ကြားလိုက်ရသည်။
"အဆင်ပြေရဲ့လား" အသံက ခပ်တိုးတိုးလေးပါ။ ဘေးမှာ ကပ်ပြောနေသလို ပီပီသသကို ကျွန်တော်ကြားလိုက်ရသည်။ ကျွန်တော်လန့်သွားပြီး ထခုန်လိုက်ပါသည်။ ကျွန်တော် ပတ်ဝန်းကျင်ကိုတစ်ချက်ဝှေ့ကြည့်သည်။ မီးဖွင့်ဖို့ မေ့နေသည့်အတွက် ရုံးခန်းတစ်ခုလုံးက မှောင်အတိတော့ ဖုံးနေပြီ။ ကျွန်တော် အပြေး မီးတွေအားလုံးဖွင့်လိုက်ပါသည်။ အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်းပင် ရှိတာပါ။
"ဘယ်သူလည်း .. တစ်ယောက်ယောက်ရှိနေတာလား" လို့ ကျွန်တော် မေးလိုက်ပါသည်။ ရင်တွေတော့ တုန်နေသည်ပေါ့လေ။
ဘာ ပြန်ဖြေသံမှ ကျွန်တော် မကြားရပေ။
ကျွန်တော် ငြိမ်ငြိမ်လေးပြန်ထိုင်နေပြီး အသံများထပ်ကြားရမလားလို့ စောင့်ကြည့်နေလိုက်သည်။ သို့ပေမယ့် ကျွန်တော် ပြန်သည့်အချိန်ထိ ဘာသံမျှတော့ ထပ်မကြားရတော့ပါ။ ၎င်းအသံလေးက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေသည်လေ။ ရုံးတွင်းမှ ဘယ်သူ့ကိုမှတော့ ကျွန်တာ်ကြားလိုက်ရသည့် အသံလေးအကြောင်းကိုတော့ ပြောပြဖြစ်မနေခဲ့ပါ။
သိပ်မကြာခင်ရက်မှာ ကျွန်တော်တစ်ယောက်တည်း ရုံးမှာကျန်ခဲ့သည့်အချိန်မှာ အဲ့ဒီအသံလေး ထွက်ပေါ်လာပြန်ပါသည်။ ဒီတစ်ခါ ကျွန်တော် ကြားရသည်က ပိုပြီးရှင်းလင်းပါသည်။
"အကို တစ်ယောက်တည်းမဟုတ်ပါဘူးနော်" ဆိုသည့် မိန်းကလေးတစ်ယောက်၏ အသံကိုကြားလိုက်ရခြင်းပင်။ အသံက ပီပီသသ ပိုကြားရသည် ။ ကျွန်တော် ဘေးကိုဝှေ့ကြည့်လိုက်သည် ။ ပြတင်းပေါက်ကို ကျောမှီရင်း ဆံပင်အရှည်ကြီးနဲ့ ပြုံးပြီး ကျွန်တော့်ကို ကြည့်နေသည့် ကောင်မလေးတစ်ယောက် ကိုမြင်လိုက်ရသည်။ ကျွန်တော် မှင်တက်သွားမိသည်။ တကယ်ကို လူအစစ်တစ်ယောက်လိုပင် ။ ကျွန်တော် မမြင်ဖူးသည့် ကောင်မလေး ကျွန်တော်မသိပဲ ရုံးခန်းထဲသို့ရောက်နေခြင်းမှာ ဘယ်လိုမျှ မဖြစ်နိုင်ပေ။ ကျွန်တော် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်သည်။ သို့ပေမယ့် ကောင်မလေးက ပြုံးပြီး ကျွန်တော့်ကို ကြည့်နေဆဲပင်။
"ဘယ်သူလည်း' လို့ လေသံမာမာဖြင့် ကျွန်တော် မေးလိုက်ပါသည်။
ကောင်မလေးက ပြုံးလိုက်သည်။ "ကျွန်မ က ဆောင်းပါ .. အကို့ကို တစ်ချိန်လုံးစောင့်ကြည့်နေတာလေ"
သူမ၏ အဖြေကြောင့် ကျွန်တော် နားရှုပ်သွားသည်။ ကျွန်တော်သိတဲ့သူတွေထဲမှာ ဆောင်း ဆိုသည့် နာမည်မကြားဖူးပေ။ "မင်း .. လူအစစ်ကော ဟုတ်ရဲ့လား" လို့ ကျွန်တော် ခေါင်းလေးလှုပ်ပြီဆက်မေးလိုက်သည်။
သူမကျွန်တော့်ဆီက ဖြေးဖြေးလျှောက်လာသည်။ သူမ၏ မျက်လုံးတွေက အလွန်လှပြီး ညှို့ဓါတ် တစ်သန်းဖြင့် "ဆောင်းက လူအစစ်ပါ .. အကို ဖြစ်စေချင်သလိုပေါ့"
ကျွန်တော်ပြုံးလိုက်ပါသည်။ ထိုနေ့မှ စ၍ ဆောင်းသည် ကျွန်တော်၏ ဘ၀ အစိတ်အပိုင်းတစ်ခု မှာ ပါဝင်လာခဲ့ပါတော့သည်။ သူမသည် ကျွန်တော်၏ ဘေးတွေ အမြဲရှိသည်။ ကျွန်တော် ရုံးမှာရှိတဲ့ အချိန်၊ အိမ်မှာရှိတဲ့အချိန် ၊ လမ်းလျှောက်ထွက် အပြင်သွားရင်တောင်မှ အတူဘေးမှာ ရှိသည်လေ။ ပထမတော့ ကျွန်တော်သည် ဆောင်း ကိုလူအစစ်မဖြစ်နိုင်လို့ပဲကျွန်တော် တွေးထားခဲ့ဖူးသည်။ ဒါကြောင့် တွေ့တွေ့ချင်း လန့်ခဲ့သေးသည်လေ။ သို့ပေမယ့် အချိန်တွေအတူတူ ဖြတ်သန်းလာပြီးသည့်နောက် ထိပ်လန့်ခြင်းတွေ မရှိတော့ပေ။ ဆောင်းသည် ကျွန်တော်၏ အထီးကျန်ခြင်းတွေကို မေ့ပျောက်သွားစေခဲ့သည်။ ပြီးတော့ ဆောင်းသည် ကျွန်တော်ပြောသည့် စကားကို သေချာလည်း နားထောင်ပေးသည်။ ကျွန်တော်လိုအပ်သည့် အချိန်ဆို ဘေးမှာအမြဲ အဆင်သင့်ရှိနေ ပေးသည်လေ။
တစ်ညမှာ ကျွန်တော် နှင့် ဆောင်း တိုက်ခန်းမှာ အတူတူအပြင်ကို ကြည့်ရင်းထိုင်နေကြသည်။
"အကို .. အခုတော့ အထီးမကျန်တော့ဘူးမလား" လို့ ညင်ညင်သာသာ အပြုံလေးနှင့် မေးလိုက်သည်။ သူမ၏ အမေးကြောင့် ကျွန်တော်၏ စိတ်ထဲ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ဒီလိုခံစားမှုမျိုး မဖြစ်တာလည်းကြာပြီလေ။ အမရာ သေဆုံးပြီးချိန်ကတည်းက မရှိတော့သည့် ခံစားချက်မျိုးလေ။ ဒီခံစားချက်မျိုး ပြန်ပေါ်လာသလို ခံစားမိသည်။ ဒါကို အချစ်လို့ ခေါ်မလား။
" ကျွန်တော် ဆောင်းကို သဘောကျနေမိပြီထင်တယ်" လို့ ကျွန်တော် တိုးတိုးလေးပြန်ပြောလိုက်သည်။
ဆောင်း၏ အပြုံးလေးသည် လခြမ်းကဲသို့ ကွေးညွှတ်တက်သွားသည်။ "ဆောင်းကတော့ . . . အကို့ကို သဘောကျတာကြာလှပြီ .. ပြီးတော့ အကို့ကို ချစ်တယ်"
ထိုနေ့မှစ၍ ကျွန်တော် နှင့် ဆောင်း ချစ်သူတွေ ဖြစ်ခဲ့ကြသည်လေ။ ထူးဆန်းတယ်လို့ ကျွန်တော် ခံစားမိပါသည်။ သို့ပေမယ် လူတစ်ယောက်ကို တစ်ယောက် ညှိတွယ်ခြင်းတွေဖြင့် ချစ်မိသည့်အခါ ဘယ်သူကများ ထိုချစ်ခြင်းတွေဆီက ရုန်းထွက်နိုင်လို့လည်း။
ဆောင်း သည် ကျွန်တော့်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားပေးသည်လေ။ ဒီလိုနဲ့ ရက် မှ လတွေသို့ ကူးပြောင်းလာခဲ့ပြီး ကျွန်တော် နှင့် ဆောင်း၏ အချစ်ရေးသည် ပိုမိုခိုင်မာ ငြိတွယ်လာပါသည်။ ကျွန်တော်တို့တွေ လျှို့ဝှက်ချက်ဆိုသည်ကို ဘာမျှဝှက်ထားခြင်းမရှိပဲပြောပြကြသည်။ ဆောင်း၏ ချစ်ခြင်းတွေ ဂရုစိုက်မှုတွေမှာ ကျွန်တော် အမြဲပြုံးနိုင်ခဲ့သည်။ အမရာ နှင့် ဆုံတွေ့တုန်းက ရရှိခဲ့သည့် ရင်ခုန်မှုမျိုး စိတ်လှုပ်ရှားမှုမျိုး ချစ်ခြင်းမျိုး ပျော်ရွငမှုတွေ ဆောင်းက ပြန်ယူလာပေးသည်လေ။ ကျွန်တော် ဆောင်း ကို နှစ်နှစ်ကာကာ ချစ်မိသွားခဲ့ပြီ။
သို့ပေမယ့် အမှန်တရားက နည်းနည်းတော့ ရှုပ်ထွေးသည်လေ။ ကျွန်တော် တစ်ယောက်တည်း ဆောင်းကိုတွေ့နေ မြင်နေရပေမယ့် ဘယ်သူမှ ဆောင်းကို မမြင်တွေ့ရပေ။ ဒါကြောင့် ရုံးက လူတွေက ကျွန်တော့်ကို ထူးထူးဆန်းဆန်း ကြည့်ကြသည်။ နောက်ကွယ်မှာ တီးတိုးပြောကြသည်လေ။ ကျွန်တော်လည်း သူတို့ ဒီလို တီးတိုးပြောဆိုနေခြင်း ကွက်ကြည့် ကွက်ကြည့်လုပ်နေခြင်းကို သတိထားမိတာပေါ့။ ဒါပေမယ့ ကျွန်တော် ဂဂုမစိုက်ပါ။ ကျွန်တော် ချစ်သော ၊ ကျွန်တော့်ကို ဂရုစိုက်သော ဆောင်းကို သာ ကျွန်တော်ဂရုစိုက်ပါသည်။
တစ်ရက် ကျွန်တော် ရုံးမှာ အလုပ်လုပ်နေရင်း ဆောင်းသည် ပြတင်းပေါက်နားမှာ ရပ်နေသည်။ ကျွန်တော် သူမကို တွေ့လိုက်သည့်အချိန်မှာ ကျွန်တော့်ကို လက်ဝှေ့ရမ်းပြသည် ။ ကျွန်တော်လည်း လက်ပြန်ပြလိုက်ပါသည်။ ထိုအချင်းအရာကို ရုံးမှ ကိုအောင် မြင်သွားခဲ့သည်။ ကိုအောင် မျက်ခုံးနှစ်ဖက်ကိုပင့်သက်ကြည့်ပြီး ကျွန်တော့် အခန်းထဲသို့ ဝင်လာသည်။
"ဘယ်သူ့ကို လက်ပြနေတာလည်း" လို့ ဘေးဘီဝှေ့ကြည့်ရင်း ကိုအောင် က မေးသည်။
ကျွန်တော် ခေါင်းခါလျက် ကိုအောင် ၏ အမေးကို "ဘယ်သူ့မှ မရှိပါဘူး" ဟုဖြေလိုက်သည်။
ကိုအောင် ခေါင်းညိတ်ပြုံးပြလျက် ပြန်ထွက်သွားသည်။ သူ ကျွန်တော့်ကို မယုံကြည်နေဘူးဆိုတာလည်း ကျွန်တော် သိပါသည်။ ထိုနေ့မှစ၍ ရုံးမှ လူအချို့ဆက်ဆံပုံတွေ နဂိုထက် ပြောင်းလဲဆက်ဆံကုန်ကြသည်။ သူတို့တွေ ကျွန်တော် နှင့် ခပ်ဝေးဝေးမှာပဲ နေကြသည်။ ဒါတွေကိုလည်း ကျွန်တော် ဂရုမစိုက်ပါလေ။ ဘယ်သူတွေ ဘယ်လိုပဲ မပက်သက်ချင်နေပါစေ။ ကျွန်တော့် နားမှာ ဆောင်း ရှိသည်လေ။
"သူတို့ကို ဂရုမစိုက်နေပါနဲ့ .. သူတို့က ဆောင်းတို့ကို နားမလည်ပါဘူး အကို" လို့ ဆောင်းက ပြောသည်။ ကျွန်တော် 'ဆောင်း' ပြောတာကို ယုံကြည်သည်လေ။
ဒီလိုနဲ့ ရက်အနည်းငယ်အတွင်းမှာ ပြောင်းလဲမှု အချို့စတင်ဖြစ်ပေါ်လာပါတော့သည်။ ဆောင်း၏ ဖုံးကွယ်ထားသည့် အတ္တအမှောင်စိတ်တွေ ပေါ်လာသည်လို့ ပြောလို့ရမည်ထင်သည်။ သူမ၏ မနာလိုဝန်သိုခြင်း ၊ တစ်ဦးတည်းသာ ပိုင်ဆိုင်လိုစိတ် ရှိလာခြင်းကို ဖော်ပြလာသည်။ ဆောင်းသည် ကျွန်တော့်အနား သူမ မှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ရင်းနီး စကားပြောခြင်းကို မကြိုက်ကြောင်းသိလာရသည်။ တစ်ညမှာ ကျွန်တော် နှင့် ဆောင်း တူတူ တီဗီ ထိုင်ကြည့်နေ့ရင်း ..
"ဆောင်း .. ကိုအောင် အကို့ကို ကြည့်တဲ့အကြည့်တွေ မကြိုက်ဘူး" သူမ၏ အသံထဲတွင် ကိုအောင် ကိုသဘောမကျကြောင်း တွေပါနေသည်။
ကျွန်တော် တစ်ချက်တော့ တွေဝေသွားသည်။ "ဘာဖြစ်လို့တုန်း .. ကိုအောင်က လုပ်ဖော်ကိုင်ဖက် ယောကျ်ားကြီးပါ"
ကျွန်တော်၏ လက်မောင်းကိုချိတ်လိုက်ပြီး မျက်နှာကို ငေးကြည့်ပြီးတော့ "သူက .. အကို့ကို ဆောင်းဆီကနေ အဝေးကိုခေါ်သွားဖို့ ကြိုးစာနေတယ်လေ"
ကျွန်တော် ခေါင်းခါလိုက်ပြီး "ဒါက မမှန်ဘူးလေ .. ကိုအောင်က သူငယ်ချင်းဆိုလည်း ဟုတ်တယ် . လုပ်ဖော်ကိုင်ဖက် ဆိုလည်းဟုတ်တယ်လေ"
သို့ပေမယ့် ကျွန်တော် အဖြေကို ဆောင်း သဘောမကျပေ။ "ဆောင်း ပဲ အကို့ကို ပိုင်ဆိုင်ရမယ် .. အကို့ကို ဘယ်သူကိုမှ မပေးနိုင်ဘူး .. ဘယ်သူမှလည်း အကို့နား ကပ်နေတာ မကြိုက်ဘူး"
ဆောင်း ၏ စကားတွေကြောင့် ကျွန်တော် ကြက်သီးတဖြန်းဖြန်းထမိသွားသည်။ ယခုလို ပုံစံမျိုး ဆောင်းဆီမှ တစ်ခါမျှ မမြင်ဘူးပေ။ အမြဲစကားပြော ချိုသာနေသည့် သူမ လူတွေကို နားလည်ပေးတတ်သည်လို့ ထင်ရသည့် သူမ သည် ပြေင်းလဲလို့နေပါ၏။ ဒါ့အပြင် ဆောင်း၏ မျက်ဝန်းတွေထဲမှာ ကြောက်စရာ အငွေ့အသက်တွေကိုလည်း ထပ်မံ မြင်လိုက်ရပါသည်။
ထိုနောက်ပိုင်း ဆောင်းသည် ကျွန်တော့်အား ပိုပိုထိန်းချူပ်နိုင်ဖို့ ကြိုးစားလာတော့သည်။ ကျွန်တော့်ကို ဘယ်သူနှင့်မျှ စကားပြောခြင်းမျိုးကို မကြိုက်တော့ပေ။ ကျွန်တော် မိဘ၊ သူငယ်ချင်းများနှင့်တောင်မှ စကားနည်းနည်း ကြာကြာပြောမိလျှင် စိတ်ဆိုးသည့်အပြင် ကျွန်တော် သူမ သတိမထားမိခင် အပြင်ခိုးထွက်သည့်အခါတိုင်းလည်း သူမ၏ပုံစံက အလွန်ထိန်လန့်စရာကောင်းအောင် ဒေါသထွက်လျက် ကျွန်တော့်အား အကြာကြီး ဘာမျှ မပြောပဲ စိုက်ကြည့်နေတတ်သည်။ ကျွန်တော် လန့်လာသည်တော့ အမှန်ပင်။
"အကို .. သူတို့ကို မလိုအပ်ပါဘူး .. ဆောင်းတစ်ယောက်လုံးရှိနေတာပဲလေ . မလုံလောက်ဘူးလား .. ဆောင်းကိုပဲ ဂရုစိုက်ရမယ်နော်" လို့အေးစက်စက် ခံစားချက်မဲ့သည့် အသံအနေ အသံထားနှင့် ဆောင်း ဆက်ပြောသည်။
ကျွန်တော် ပိတ်မိနေသလို ခံစားနေရသည်။ ကျွန်တော် ဆောင်းကို ချစ်ပါသည်။ သို့ပေမယ့် ဆောင်း၏ အတ္တဆန်စွာ ပိုင်ဆိုင်ချင်စိတ် မနာလိုစိတ်တွေ ပိုပိုကြီးမားလာခြင်းကို ကျွန်တော် မကြိုက်ပေ။ ကျွန်တော် ဘာဆက်လုပ်ရမလည်း မသိပေ။ သူမ ဆီကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ဆိုသည်ကလည်း မဖြစ်နိုင်ပေ။ ကျွန်တော် ဘယ်လောက်ပင် သူမဆီကနေ လွတ်မြောက်ဖို့ ကြိုးစား ကြိုးစား ၊ ကျွန်တော် ရောက်သည့်နေရာ မှာ သူမ ရောက်ရှိလို့ နေသည်လေ။
တစ်ရက်တော့ သူငယ်ချင်းတစ်ယောက် နှင့် ညစာ စားဖို့ အကြောင်းဖန်လာသည်။ ဆောင်း မကြိုက်ပေမယ့် သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။
"နင် က ဘယ်လိုဖြစ်ဖြစ် သွားမယ်ပေါ့" သူမအသံသည် အေးစက်မာကြောပြီး ကြောက်စရာ ကောင်းနေသည်။ 'နင်' ဆိုသည့် ဆောင်း၏ အသုံးအနှုန်းကြောင့်လည်း ကျွန်တော် လန့်တော့ လန့်သွားသည်။
"ကို လည်း .. သူငယ်ချင်းတွေနဲ့ တွေ့ဖို့အချိန်တော့ ပေးရမယ်လေ . လူ့ဘောင်ထဲမှာနေရင် လူတွေ နဲ့တော့ ဆက်ဆံနေရမှာပေါ့ .. မကြာပါဘူး ခဏပါပဲ" အကျိုးအကြောင်းကိုတော့ ကျွန်တော် လေပြေအေးလေးဖြင့် ရှင်းပြလိုက်သည်။ စိတ်ထဲမှာတော့ ဆောင်း၏ ပုံစံ နှင့် အသံအနေအထားကို မြင်ရကြားရပြီး အဆင်တော့ပြေမနေပေ။ တစ်ခုခု ဖြစ်တော့မည်လို့လည်း ကျွန်တော် ခံစားမိနေသည်။
ဒါပေမယ့် ကျွန်တော်၏ ရှင်းပြချက်တွေကို ဆောင်း လက်မခံပါ။ "နင် ထွက်သွားရင် ..ပြန်လာတဲ့အချိန်ကျရင် ငါ ဒီမှာရှိနေတော့မှာ မဟုတ်ဘူး .." ဆောင်း၏ လေသံသည် ဓါးတစ်လက်ဖြင့် ကျွန်တော်၏ နှလုံးသားကို ထိုးစိုက်လိုက်သလို ခံစားလိုက်ရသည်။ သို့ပေမယ့် အခုလိုအချိန်မှာ ကျွန်တော့်အတွက် ကိုယ်ပိုင် Space တစ်ခုလည်း လိုအပ်နေသည်မဟုတ်လား။
"ကို .. ပြန်လာခဲ့ပါ့မယ်" လို့ ကျွန်တော် တိုးတိုးလေး ပြောလိုက်ပါသည်။ စိတ်အေးချမ်းပါစေ လို့လည်း ဆုတောင်းရင်းပေါ့။ ထို့နောက် ဆောင်း ကို လှည့်မကြည့်တော့ပဲ ထွက်လာခဲ့လိုက်သည်။ ဆောင်းတစ်ယောက် မကျေမနပ် နှင့် ကျန်နေခဲ့မှာ သေချာသည်လေ။ ထိုနေ့ညက ကျွန်တော် တမင် နောက်ကျအောင်နေပြီး အိမ်ပြန်လာခဲ့လိုက်သည်။ သို့ပေမယ့် ကျွန်တော် အိမ်ပြန်ရောက်သည့်အခါ ဆောင်း မရှိတော့ချေ။ ကျွန်တော် ၁၀ မိနစ်ခန့် တစ်ခန်းဝင်တစ်ခန်းထွက် အိမ်ရှေ့ အိမ်နောက်ပြေးပြီး ခေါ်ကြည့်ပါသေးသည်။ ဆောင်း မရှိတော့ပါ။ သူမ တကယ်ထွက်သွားချေပြီး ။ တစ်ညလုံး မအိပ်ပဲ ကျွန်တော် စောင့်နေပေမယ့် သူမ ပြန်မလာခဲ့ပါ။ ကျွန်တော် တစ်ညလုံး ခြေပြတ်သလို၊ လက်တစ်ဖက်ပြတ်သလို၊ ကျောရိုးဆစ်လေးတွေ တစ်ခုချင်းစီ ပြုတ်ထွက်သွာသလို ခံစားနေသည်။ သူမ မရှိတော့ဘူး ဆိုသည့်အသိကလည်း ပြန်လည် တတ်ကြွလာသည့် ကျွန်တော်၏ စိတ်တွေကို ပြန်လည်သတ်ပြစ်လိုက်သည်လေ။ အထီးကျန်ခြင်းတွေ ပြန်ဝင်ရောက်လာသည်။ ကျွန်တော်၏ ဖြစ်တည်မှုအားလုံးသည် သူမအပေါ်တွင်သာ မူတည်နေပုံရသည်။ သူမ တကယ်မရှိခဲ့လျှင်တောင် ဆောင်းသည် ကျွန်တော်၏ လိုအပ်နေသည့် ကွက်လပ်အားလုံးကို ဖြည့်ဆည်းပေးသည်လေ။
တစ်ညမှာတော့ သူမ ရုတ်တရပ်ပြန်ပေါ်လာသည်။ ခါတိုင်းနှင့် မတူ သူမ၏ မျက်လုံးတွေသည် မည်းနက်နေပြီး အမူအရာသည်လည်း ကြောက်စရာအလွန်ကောင်းနေသည်။ စိတ်လည်း တော်တော် ဆိုးနေပုံရသည်။
"နင် ငါ့ကို ပစ်သွားတာ .. နင် ငါ့ ကို တစ်ယောက်ထဲ ထားခဲ့တယ်နော်" ကျွန်တော့် ကို လက်ညှိုးထိုးပြီး ဒီစကားလုံးတွေပဲ ထပ်ခါထပ်ခါ ပြောနေ၏။ ကျွန်တော် ရှင်းပြဖို့ကြိုးစားလည်း သူမ ဘယ်လိုမှ နားမထောင်ပဲ။ ဆူးဆူးဝါးဝါး "နင် ငါ့ကို ပစ်သွားတာ .. နင် ငါ့ ကို တစ်ယောက်ထဲ ထားခဲ့တယ်နော်" ကိုသာ တွင်တွင် ပြောနေလျက် အခန်းထဲရှိ ပစ္စည်းအချို့ကို ပစ်ပေါက် ကာ သောင်းကျန်းနေသည်။ သို့ပေမယ့် ကျွန်တော့်ကို ထိခိုက်အောင်တော့ ဘာမျှ မလုပ်ပေ။
"ကို .. တောင်းပန်ပါတယ်ကွာ .. တော်ပါတော့ .. နောက်အဲ့လိုတွေ ထပ်မဖြစ်စေရပါဘူး" လို့ အော်ပြီး ကျွန်တော် ပြန်လည်းပြော ကတိလည်း ပေးလိုက်သည်။ သူမ ကျွန်တော့်ကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ထပ်မံ ပျောက်သွားပြန်လေသည်။ ကျွန်တော် ဘာဆက်လုပ်ရမှန်းကို မသိတော့ပေ။ ရက်အတော်ကြာသည်အထိတော့ သူမ ပြန်မလာတော့ပေ။ ကျွန်တော်၏ စိတ်တွေသည် ရှုပ်ထွေးခြင်းများစွာဖြင့် ကောင်းကောင်းလည်းမအိပ်နိုင်၊ကောင်းကောင်းလည်း မစားနိုင်တော့ပေ။ သူမ ကို ကျွန်တော် ကြောက်ပေမယ့် လွမ်းနေသည်လေ။ ဒါကြောင့် သူမ ဘယ်တော့ပြန်လာမလည်းလို့ ကျွန်တော် မျှော်နေရသည်ပေါ့။ ကျွန်တော် ဒူး နှစ်လုံးကို လက်ကပိုက်ပြီး ထိုင်ပြီးငွေကြွေးနေသည်ပေါ့။ ထိုအချိန်မှာ ဆောင်း၏ အသံကို ကျွန်တော် ကြားလိုက်ရသည်။ ကျွန်တော့် ဘေးနားကပ်ပြီး ပြောနေသလို ကိုကြားနေရသည်။
"နင်က ငါ နဲ့ မတန်ဘူး .. နင် ပဲ အားလုံးကိုဖျက်စီးလိုက်တာ .. ခွေးသူတောင်းစားကြီး" ဆိုပြီး ပိပိသသကြီးကို ပြောပြီး ပျောက်သွားပြန်လေသည်။ ကျွန်တော့် စိတ်တွေခုခုတော့ မှားနေပြီလေ။ ဘာတွေက အမှန်တရားလည်းဆိုသည်ကို ကျွန်တော် မသိတော့ပေ။
ရက်အနည်းငယ်ထပ်မံ ကုန်ဆုံးပြီးသည့်နောက် ရုံးမီတင်မှာ ကျွန်တော် စိတ်လွတ်ပြီး ဘာမှ မရှိသည့်လေထဲကို ကြည့်ပြီး စကားအနည်းငယ် လှမ်းပြောမိသွားသည် ။ မီတင်ထဲတွင်လည်း ကျွန်တော်၏ မျက်လုံးတွေကလည်း ဂဏမငြိမ်နေခြင်းကို လုပ်ဖော်ကိုင်ဖက်တွေ အားလုံးသတိထားမိသည်လေ။ ဒါကြောင့် မိတင်ပြီးသည် နှင့် ကိုအောင် ကျွန်တော့်ကို စပြောပါတော့သည်။
"ကိုစိုင်း .. ကိုစိုင်းကို ကြည့်ရတာ အကူအညီလိုနေပြီထင်တယ်နော်"
ကျွန်တော် မျက်ခုံးကျုံပြီး ကိုအောင် ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ "ဘာအဓိပ္ပာယ်လည်း ကိုအောင်"
"ကိုစိုင်းပုံစံက လုံး၀ ကိုပြောင်းလဲသွားတယ် .. အရင်ပုံစံ နဲ့ တစ်ခြားဆီပဲ .. ကျွန်တော်ကော လူကြီးတွေကော အားလုံးစိုးရိမ်နေကြတယ်" ကိုအောင် အေးဆေးစွာကျွန်တော့်ကို ပြန်ပြောလေသည်။
ကျွန်တော် ခေါင်းကိုခါလျက် "ကျွန်တော် နေကောင်းပါတယ် .. အကူအညီ မလိုပါဘူးဗျာ"
သို့ပေမယ့် ကိုအောင်သည် ကျွန်တော် ပြောသည်ကို လက်မခံပါ။ နောက်တစ်ရက် ကျွန်တော်မသိ အောင် မိသားစုဝင်တွေကို ခေါ်လိုက်ပြီး ဆွေးနွေးကြသည်လေ။ သူတို့အားလုံးက ဆရာဝန်နဲ့ ပြဖို့ တိုက်တွန်းကြသည် အတင်းဆုံးဖြတ်ကြသည်လေ။ ကျွန်တော် ကောင်းပါသည်လို့ တွင်တွင်ပြောနေပေမယ့် အများဆန္ဒကို ဆက်လက်မငြင်းနိုင်ပဲ ဆရာဝန် ပြဖို့ သဘောတူလိုက်ပါသည်။
ဆရာဝန်က ကျွန်တော့်ကို မေးစရာရှိတာမေး၊ စစ်စရာရှိတာ စစ်ဆေးပြီးသည့်နောက် ။ ကျွန်တော့်ဆီမှာ ကယောင်ကတန်းစိတ်ထင်နေသည့် ရောဂါ ခံစားနေရကြောင်းပြောသည်။ ဒီရောဂါက အမရာ သေဆုံးခြင်း အကြောင်းကိုမှီတည်ပြီး ဖြစ်ပေါ်လာရကြောင်းနှင့် ကျွန်တော်၏ စိတ်တွေသည် 'ဆောင်း' ကိုဖန်တီးပြီး အထီးကျန်ဆန်မှုတွေကို တိုက်ထုတ်ကြောင်း၊ မကုဘဲ ဒီတိုင်း ဆက်နေမယ်ဆိုရင် ထင်ရာလုပ်မိတတ်ပြီး အသတ်သေဆုံးနိုင်ကြောင်း ရှင်းပြသည်။
ကျွန်တော် ရင်တွေထပ်ကွဲသလိုခံစားလိုက်ရသည်။ ကျွန်တော် ချစ်သည့် ဆောင်းသည် လူအစစ်မဟုတ်ပေ။ ကျွန်တော် ဖန်တီးခဲ့ခြင်းတဲ့။ နောက်ဆုံးမှာတော့ ကျွန်တော် စိတ်ကျမ်းမာရေးဆေးရုံမှာ ရက်အနည်းငယ် ကုသခံဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော် ပြန်လည် ကောင်းမွန်ဖို့ လိုအပ်သည်မလား။ ရက်ကာလ တစ်ခုအကြာ ဆေးရုံမှာပဲကုသ ခံပြီးသည့်နောက် ကျွန်တော်ပုံမှန်ပြန်ဖြစ်လာသလို ခံစားရပါသည်။ ဆောင်း လုံး၀ ပြန်မပေါ်လာတောပါ။ ဆောင်းဆိုသည် မှာ လုံး၀မရှိကြောင်းကိုတော့ ဆရာဝန်တွေက ထပ်ခါထပ်ခါတော့ ရှင်းပြကြပါသည်။ သို့ပေမယ့် ကျွန်တော်တစ်ယောက်တည်း ဆေးရုံးအခန်းထဲမှာ ရှိနေသည့်အချိန်ဆို ဆောင်း ကျွန်တော့်အနားမှာရှိနေသေးသလို ခံစားရပါသည်။
တစ်ညနေခင်းမှာတော့ ဆေးရုံးပေါ်က ကုတင်ပေါ်မှာ လဲနေတုန်း ကျွန်တော် နားထဲ ဆောင်း၏ အသံကို ကြားလိုက်ရသည်။
"နင့်ကို ပြောခဲ့သားပဲ .. နင် ငါ့ကို ဘယ်လိုမှ စိတ်ထဲကနေကော လက်တွေ့ဘ၀မှာပဲ ထုတ်လို့မရပါဘူးလို့" ဆောင်းသည် ရယ်လျက် ကျွန်တော့်အားပြောသည်။
ကျွန်တော် ထထိုင်လိုက်ပါသည်။ နှလုံးခုန်သံတွေ ပြန်မြန်လာသည်။ ကျွန်တော် အိပ်ယာပေါ်ကဆင်းပြီး ဆောင်းကိုလိုက်ရှာသည်။ ဆောင်းသည် ကျွန်တော့် ခေါင်းရင်းနားမှာ ရပ်ပြီး အေးစက်နေသည့် အကြည့်တွေဖြင့် ကျွန်တော့်ကို ကြည့်နေသည်။ ခါတိုင်း အပြုံးတွေနှင့် ပြည့်နှက်နေသော သူမ၏ အပြုံးသည်လည်း ဘာခံစားချက်မှ မရှိသည့် လူသေ တစ်ယောက်၏ မျက်နှာလိုပင်။
"မင်း က .. တကယ်မရှိဘူး .. ဆရာဝန် တွေကပြောတယ် . မင်း က ငါ ဖန်းတီးထားတာတဲ့" ကျွန်တော် အသံတွေတုန်ခါ နေပြီး သူမကို ပြောလိုက်သည်။
ဆောင်းကျွန်တော့်ဆီကို ဖြေးဖြေးခြင်း လှမ်းလာသည်။
"အေး .. နင့်ကို အဲ့ဒီကောင်တွေက အဲ့လို ငါဆိုတာ နင်ဖန်ဆင်းထားတာလို့ ယုံကြည်စေချင်တာ ရှင်လား .. ငါက အစစ်ပဲ .. အစကတည်းက အစစ်ပဲ . ငါ က နင့်ရဲ့ဘ၀ အစိတ်အပိုင်းပဲ"
ကျွန်တော်ခေါင်းကိုသာ ခါယမ်းပြီး မျက်လုံးကို အတင်းဇွတ်မှိတ်ထားလိုက်သည်။ ကျွန်တော် မျက်လုံးပြန်ဖွင့်သည့်အချိန်မှာ ဆောင်း ပြန်ပျောက်ကွယ်သွားပါစေလို့ ဆုတောင်းရင်းပေါ့။ သို့ပေမယ့် ကျွန်တော် ဆုတောင်းမပြည့်ခဲ့ပါ ။ မျက်လုံးဖြေးဖြေးဖွင့်လိုက်ပေမယ့် ကျွန်တော်၏ရှေ့မှာ သူမ ရပ်နေဆဲ။
"နင် .. ငါ့ဆီက ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး" သူမ၏ အသံက အင်မတန်ကြောက်စရာကောင်းပါသည်။ "နင် .. ဘယ်ကိုပဲပြေးနေပြေးနေ . . ငါ က နင့်ရဲ့ စိတ်ထဲမှာ အမြဲရှိနေမှာ .. သေချင်းဆိုးရဲ့" သူမ ကြောက်စရာကောင်းအောင် ခနဲ့တဲ့စွာ ရယ်လျက် ပြောသည်။
အခုအခိုက်အတန့်ကို ကျွန်တော် တော်တော် ကြောက်နေပါသည်။ ဆောင်းသည် ကျွန်တော်၏ စိတ်ကူးထဲက ပေါ်လာသည့် ပုံရိပ်လား ဒါမှမဟုတ် ဆောင်းပြောသလို ကျွန်တော်သည် သူမ ဆီကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့မည် အမှောင်ထု လား ကျွန်တော် မသိတော့ပါ။ ရက်တွေကြာလာလေ ဆောင်း၏ နှောက်ယှက်မှုက ပိုပို၍ သာဆိုးလာသည်။ ညဘက်တွေ အိပ်လို့မရအောင် နှောက်ယှက်ခြင်းက ပိုဆိုးသည်လေ။ ညဘက်ဆို ဆောင်းကို ကျွန်တော် မမြင်ရပဲ သူမ၏ အသံနဲ့ နှောက်ယှက်မှုတွေကို နေ့စဉ်ရက်ဆက်သလို ခံလာရပါသည်။
အခြေအနေ ပြန်လည်ဆိုးဝါးလာသည့် ကျွန်တော့်ကို ဆရာဝန်တွေက သီးသန့်ခန်းထဲပို့ထားလိုက်သည်လေ။ ကျွန်တော် မျက်စိထဲမြင်သမျှ တွေကို မောင်းထုတ်တယ်၊ စူးစူးဝါးဝါး အော်တယ်။ ဆောင်း ကြားလား မကြားလား မသိပေမယ့် ကျွန်တော့်ကို လွှတ်ပေးဖို့ တောင်းပန်အော်ငိုပါတော့သည်။
"နင် .. အမှန်တရားကို ရင်ဆိုင်ဖို့ အချိန်တန်ပြီ .. နင့် အတွင်းစိတ်ထဲက အဲ့ဒီအမှန်တရားကို သိပီးသားပါ" တစ်ညမှာ ဆောင်းရုတ်တရပ် ကျွန်တော့်ခေါင်းရင်းနားမှာပေါ်လာပြီး ထိုသို့ဆိုလိုက်သည်။
ကျွန်တော် အိပ်ယာခင်း စောင်တွေခေါင်းအုံးတွေကို ဆွဲယူပြီး နံရံထောင့်မှာ ပြေးကပ်လိုက်ပြီး "ဘာအမှန်တရားလည်း .. မသာမရဲ့"
ကျွန်တော် ဆဲလိုက်ခြင်းကြောင့် ဆောင်းပြုံးလိုက်သည်။ ပြုံးတယ်ဆိုပေမယ့် ကျွန်တော့်ကို ဇာတ်သိမ်းတော့မည့် အကြည့်အပြုံးမျိုး .. "နင် ထင်နေသလို .. ငါက နင်ဖန်တီးထားတာမဟုတ်ဘူး ဟ"
ဆောင်း၏ စကားကြောင့် ကျွန်တော်လန့်သွားပါသည်။ "ဒါက .. ဘာအဓိပ္ပာယ်လည်း .. မင်းပြောစမ်း .. ပြောစမ်း" ပါလို့ ကျွန်တော် ပြောလိုက်သည်။
ဆောင်း ကျွန်တော်၏ အနားသို့ တိုးလာပြီး မျက်နှာချင်းဆိုင်လိုက်သည်။ "ငါက .. နင်လွှတ်မြောက်ဖို့ တစ်ခုတည်းသော အဖြေမဟုတ်ဘူး .. စောက်ရူးရဲ့"
ကျွန်တော် တွေဝေသွားပြီး ချောင်းတစ်ချက်ရှင်းလိုက်သည်။ ကျွန်တော်၏ အခန်းကတော့ မြူတွေဖြင့် ပြည့်နှက်နေသလိုပင် "ဒါ လုံး၀ မဖြစ်နိုင်ဘူး" လို့ ကျွန်တော် ထပ်ဖြေလိုက်ပါသည်။
ဆောင်း မျက်နှာ တစ်ချက် မဲ့သွားပြီး "ဟုတ်လား .. သေချာစဉ်းစားကြည့်စမ်းပါ ။ နင့် ဘ၀ကို နင်ကိုယ်တိုင် ထိန်းချူပ်နေရတယ်လို့ ထင်နေလား ? ဒါမှမဟုတ် ငါက နင့်ကို ကြိုးဆွဲထားပြီး ငါ့စိတ်ကြိုက် ကနေရတဲ့ ရုပ်သေးရုပ်လို့ကော မထင်ဘူးလား"
ဆောင်း၏ မေးခွန်းကြောင့် ကျွန်တော် အတိတ်ကို ခေတ္တပြန်တွေးမိသွားသည်။ အမရာ ဆုံးတယ်။ ကျွန်တော် အထိးကျန်တယ်။ ညဘက်တွေ အိမ်မက်ဆိုးတွေ မက်တယ်။ သို့ပေမယ့် အဲ့ခံစားချက်တွေ ဆောင်းနှင့် တွေ့အပြီးမှာ အားလုံးကွယ်ပျောက်ကုန်တယ်။ ဆောင်း နဲ့ စကားတွေ အများကြီး ပြောဖြစ်လေလေ ကျွန်တော်၏ အရှိတရားတွေက ပြိုပျက်ပျောက်ဆုံးသွားသလိုပင် ဖြစ်ခဲ့သည် မဟုတ်ပေလား။
"ငါ က နင့်ကို ဖန်တီးခဲ့တာ" ဆောင်း အေးစက် တည်ငြိမ်စွာနှင့် စကားကိုဆက်ပြောသည် " နင်က အစစ်မဟုတ်ဘူး .. ငါ ရဲ့ စိတ်ထဲက အစိတ်အပိုင်းတစ်ခုသာသာပဲ .. ငါ့ရဲ့ အတွင်းကျကျ စိတ်ထဲကနေ နင့်ကို ဖန်တီးထားတာ .. ဒါပေမယ် .. အခု နင့်ကို ငါ မလိုအပ်တော့ဘူး"
ဆောင်းပြောတာ လုံး၀မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိသည်။ ဒါက အမှန်တရား တစ်ခုမဟုတ်ဘူးလေ။ ကျွန်တော့်ဘ၀ ဖြတ်သန်းမှုနဲ့ တောက်လျှောက် ကျွန်တော် နေလာခဲ့တာလေ။ ကျွန်တော့်မှာ အတိတ်တွေ ရှိတယ်၊ ချစ်သူတွေ ရှိခဲ့တယ်။ အတွေ့အကြုံတွေလည်း အများကြီးပဲ ။ ဆောင်း ငါ့ကို သက်သက်စားနေတာပဲ ဖြစ်မှာပါ။ ဆောင်းပြောတာ အားလုံး အလိမ်တွေပဲ ဖြစ်မှာပါ။
"ငါ .. မင်း ပြောတာ ယုံစရာ စောက်ကြောင်းကို မရှိဘူး" ကျွန်တော် ခပ်တင်းတင်းပဲ ပြန်ပြောလိုက်သည်။
ဆောင်း ခပ်ဖွဖွလေး ထရယ်လျက် "နင် ယုံယုံ မယုံယုံ ငါ့စောက်ကြောင်းလည်း မဟုတ်ပါဘူး .. အမှန်တရား ပေါ်ဖို့ ခုအချိန်ကျပြီလေ . . အရင်က မင်းဖြစ်ချင်ခဲ့တာကို ငါဖြည့်ဆည်းပေးခဲ့ယုံပါ .. နင်က ငါ့စိတ်ကိုယ်ခွဲပဲလေ"
ဆောင်း၏ စကားအဆုံးမှာ ကျွန်တော် ပျောက်ကွယ်လာသလို လွှင့်မျောသွားသလို ခံစားလာရသည်။ ကျွန်တော့်ဝန်းကျင်မှာရှိသည့် ဆေးရုံခန်း ၊ ဆရာဝန်တွေ ၊ ကျွန်တော်၏ ကိုယ်ခန္ဓာတောင် ပျောက်ကွယ် သွားနေ သလိုပါပဲ ။ ပြီးတော့ ဘာမှမသိ၊ ဘာမှမရှိသော အနက်ရောင် ကွက်လပ်ကြီးထဲသို့ ဆွဲသွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
ကျွန်တော် ပျောက်ကွယ်သွားတော့မည်ထင်သည်။ ကျွန်တော် ဆောင်းကို တစ်ချက်ကြည့်လိုက်ပါသည်။ သူမ ကတော့ ခပ်အေးအေး နှင့် ကျွန်တော် ပျောက်ကွယ်သွားသည်ကို တည်တည်ငြိမ်ငြိမ် နဲ့ ကြည့်နေလေ၏။
"နှုတ်ဆက်ပါတယ် . မောင်စိုင်း .. နင်က အမြဲတမ်း ငါ့ဘ၀ရဲ့မှတ်ညဏ်ထဲမှာ ရှိနေမှာပါ" လို့ တိုးတိုးလေး နှုတ်ဆက်သည်လေ။ ပြီးတော့ အရာအားလုံး ပျောက်ကွယ်သွားပါတော့သည်။
ဆေးရုံးတစ်ခုလုံး တိတ်ဆိတ်နေသည်လေ။ ဆရာဝန်အချို့ ဘေးမှာရပ်နေကြပြီး ရက်အတော်အကြာ အဖြေရှာမရသည့်ကိစ္စတစ်ခုကို ဆွေးနွေးနေကြတယ်ထင်သည်။ ကျွန်တော်၏ အမည်က မောင်စိုင်း မဟုတ်ခဲ့ပါဘူး။ တကယ်တော့ ကျွန်တော့်ဆီမှာ တိကျသည့် အမည်ရှိမနေပါ။ တစ်ယောက်ယောက်က ဆေးရုံးကို ဘယ်သူမှ မမြင်လိုက်ခင် ခေါ်လာတာဖြစ်ခဲ့မှာပါ။ ကျွန်တော် ဘာဖြစ်ခဲ့လည်းဆိုသည်ကို လည်းမသိပါ။
ဆရာဝန်တွေသည် ကြိုးစားပန်းစား ကျွန်တော့်ကို အကောင်းဆုံးကုသပေးနေကြပေမယ့် အခြေအနေက မကောင်းခဲ့ဘူးလေ။ ကျွန်တော် ကိုယ့်ဘာသာကို မောင်စိုင်းလို့ပြောနေပေမယ့် မောင်စိုင်း နှင့်ပက်သက်တဲ့ ကိစ္စရပ်တွေ မောင်စိုင်းဆိုသည့် နာမည်ခေါ်သံကို ကြားနေရခြင်းမရှိပါ။ ဆရာဝန်တွေ ပြောသံ တစ်ချို့ကြားရသည်က ။ ကျွန်တော့်စိတ်ထဲမှာ လူတစ်ယောက်ကို ဖန်တီးထားပြီး အဲ့လူတစ်ယောက် နဲ့ ပြဿနာတွေ ဖြစ်နေတဲ့ အခြေအနေတစ်ခုကို ဖန်တီးထားသည်တဲ့။
"လူနာက .. ပင်ကိုယ်စိတ်ကို ကိုယ်တိုင်သတ်လိုက်ပြီ .. ဒါက မူလ ခန္ဒာကိုယ် နဲ့ စိတ်အသစ်တစ်ခုပေါင်းစပ်မှုပဲ .. ရှားပဲဖြစ်စဉ်ပဲ" လို့ ဆရာဝန်တစ်ယောက်က ခေါင်းခါပြီး ပြောနေသံကိုဆက်ကြားနေရသည်။
အခန်းတစ်ခု၏ ထောင့်တစ်ထောင့်မှာ လူနာတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပြီး နံရံကို တွေတွေကြီးကြည့်နေသည်။ လူနာ၏ မျက်နှာက ခံစားချက်မဲ့နေသည့် ပုံစံမျိုးဖြစ်သာ။ သည်လူနာ၏ အမည်က ဆောင်း ပင်။
တကယ်တော့ ဆောင်းက လူအစစ်သာဖြစ်သည်။ မောင်စိုင်းကို သူမ ဖန်တီးခဲ့ခြင်းသာဖြစ်၏။ ခုတော့ မောင်စိုင်းကို သူမ မလိုအပ်တော့ချေ။ ဒါကြောင့် မောင်စိုင်း ပျောက်ကွယ်သွားရခြင်းဖြစ်သည်။ ဒါတွေက သူမ ရခဲ့သည့် ထရောမာတွေ၏ အကျိုးဆက်ပင်ဖြစ်ပေလိမ့်မည်။ ဆောင်း ကျေကျေနပ်နပ်ကြီးပြုံလိုက်ပါသည်။ ထိုအပြုံးကို ဘယ်သူမှ မမြင်နိုင်တော့ပေ။ သူမ လွတ်မြောက်သွားပါပြီ။ မောင်စိုင်း၏ ထိန်းချူပ်မှုအောက်ကနေ သူမ တကယ်လွတ်မြောက်သွားခဲ့ပါပြီ။ သို့ပေမယ့် ဆောင်း၏ စိတ်အစဉ်အခန်းအချို့မှာတော့ မောင်စိုင်း သူမဆီ ပြန်လာမည့်အချိန်ကို စောင့်နေသည်လေ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment