ချစ်ခြင်းမေတ္တာကို တွေးတောမိတဲ့အခါ တစ်ချိန်တည်းမှာ ဝမ်းနည်းပြီး ပျော်ရွှင်မှုကိုလည်း ခံစားရပါတယ်။ အချစ်ဆိုတာ ထာဝရတည်မြဲနေမယ်လို့ တွေးခဲ့ဖူးတယ်။ ရုပ်ရှင်တွေထဲကလိုပဲ၊ လူတွေက အသက်ကြီးသွားချိန်မှာတောင် အချစ်ဆိုတာ တည်မြဲနေမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော် သိလိုက်ပါပြီ– အချစ်ဆိုတာ ထုတ်ကုန်တစ်ခုလိုပါပဲ။ အချစ်မှာ သက်တမ်းကုန်ဆုံးရက်ရှိသည်။
ကျွန်တော်၏ ချစ်ဇာတ်လမ်းက ငယ်ရွယ်စဉ်ကပင် စတင်ခဲ့တယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အချစ်သည် သက်တမ်းကုန်ဆုံးသွားတတ်ကြောင်းကိုတော့ ငယ်တုန်းက မသိခဲ့ပါ။ ကျွန်တော်သည် 'ခိုင်' ဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ ခိုင့်ဆီမှာ ကြီးမားတောက်ပသော မျက်လုံးများနှင့် နေရောင်ခြည်ကဲ့သို့ နွေးထွေးသော အပြုံးတစ်ခုရှိသည်။ ခိုင် ရယ်မောတဲ့အခါ ကျွန်တော်လည်း လိုက်ရယ်မောချင်မိခဲ့တယ်။ သူပျော်ရင် ကျွန်တော်လည်း ပျော်သလိုပေါ့။ သူကျွန်တော့်ကို ကြည့်လိုက်တဲ့အခါ မျက်လုံးချင်းဆုံမိကြရင် ကျွန်တော့်မှာ ထူးခြားနေသလို ခံစားရတယ်။ ဓါတ်လိုက်သလိုပေါ့ဗျာ။ အဲဒီအခိုက်အတန့်မှာပဲ ဒီခံစားချက်က ဘယ်တော့မှ ပျောက်ဆုံးသွားမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မှားခဲ့တယ်လေ။
ကျွန်တော်တို့ အခြားစုံတွေလေးတွေ ဖြတ်သန်းကြသလိုမျိုး ပေါ့ပေါ့ပါးပါး ပဲဖြတ်သန်းခဲ့ကြတယ်။ ကျွန်တော်တို့ အနာဂတ် အိပ်မက်တွေအကြောင်း၊ ဟာသ လို့သတ်မှတ်လို့ရသည့် ပေါက်ကရကိစ္စတွေအပြင် ဘ၀မှာ ဘာမှ အရေးမကြီးတဲ့ ကိစ္စတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောပြကြတယ်။ ငယ်ချစ်ဆိုတော့ မြင်နေရရင်၊ အသံလေးကြားလိုက်ရရင်၊ သူရှိတယ်လို့ ခံစားမိရင်တောင် အရာရာက ရင်ခုန်ပြီး လှပကြည်နူးစရာကြီးပဲလေ။ ကျွန်တော် သူ့အသံကိုကြားရတာ ကြိုက်တယ်။ နှစ်ယောက်သား ဘာစကားမှ မပြောပဲ တိတ်တိတ်ဆိတ်ဆိတ်လေး ရှိနေရင်တောင် ဘ၀က ပြီးပြည့်စုံခြင်းကို ခံစားရတယ်လေ။ ကျွန်တော်တို့ နှစ်ယောက်၏ အချစ်က ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ထင်ခဲ့တယ်။ "ဒီအချစ်က ထာဝရပါပဲ" လို့ တွေးခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အချစ်ကိုခံစားလို့ ကောင်းနေတုန်းမှာပဲ ဘာမှန်းမသိတဲ့ ပြောင်းလဲမှုတွေကြုံလာခဲ့သည်ပေါ့။
လအတော်ကြာ ကျွန်တော်တို့ အချစ်ရေး ဖြတ်သန်းခဲ့အပြီးမှာ ခိုင် စကားနည်းလာတာကို သတိထားမိလာတယ်။ သူမစိတ်တွေက ကျွန်တော့်ဆိမှာ ရှိမနေတော့ပါဘူး၊ သူမ အပြုံးက အရင်လို မတောက်ပလာတော့တာကို သတိထားမိလာခဲ့တယ်။ အဲ့လိုပဲ သူမရယ်သံကလည်း ခါတိုင်းနှင့် မတူတော့ဘူးလေ။ သိပ်မကြာခင်မှာပဲ ခိုင်က “ငါ အရင်လို .. နင့်အပေါ်ခံစားချက်မရှိတော့ဘူး .. မချစ်တော့ဘူးထင်တယ်” လို့ ပြောလာခဲ့တော့တယ်။
ခိုင့်ဆီက 'နင့်အပေါ်ခံစားချက်မရှိတော့ဘူး .. မချစ်တော့ဘူးထင်တယ်" ဆိုသည့် စကားကြားတော့ ပထမဆုံးအကြိမ် ဘ၀မှာ ဘာမှန်းမသိတဲ့ နာကျင်ခြင်းမျိုးတွေ ခံစားလိုက်ရတယ်။ တစ်ယောက်ယောက်က ကျွန်တော့် နှလုံးသားကို ခွဲထုတ် ယူသွားပြီး ဟာလာဟင်းလင်း လွတ်နေတဲ့ ရင်ခွင်ပျက်ကြီးတစ်ခုလို ခံစားရတယ်လေ။ ကျွန်တော် ခိုင့်ကို မေးခဲ့ချင်ခဲ့တယ်။“ဘာလို့လဲ၊ ငါဘာအမှားလုပ်မိလို့လဲလို့" ။ ဒါပေမယ့် ကျွန်တော်ဘာမျှ မမေးဖြစ်လိုက်ပါဘူး။ တိတ်တိတ်ဆိတ်ဆိတ်ပဲ သူမထွက်သွားတာကို ကြည့်နေခဲ့ရတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ထာဝရမဟုတ်ဘူးဆိုတာ ထာ၀ရမတည်မြဲနိုင်ဘူးဆိုတာ ကျွန်တော်သိလာခဲ့ရတယ်။ အချစ်သည် အချို့အခြားအရာများကဲ့သို့ပင် အချိန်အကန့်အသတ်ရှိသည်။ နို့ ဒါမှမဟုတ် ပေါင်မုန့်လိုပါပဲ အမြဲလတ်ဆတ်နေအောင် ဘယ်လောက်ပဲ ကြိုးစားနေပါစေ အချိန်တန်တော့လည်း သိုးသွားတာပဲလေ။ အချစ်က အစမှာတော့ ချိုသည်ပေါ့။ သက်တမ်းကုန်ဆုံးချိန်မှာတော့ အချစ်က ချဉ်သွားတာပဲလေ။
မချစ်တော့ဘူးလို့ ပြောခံရတဲ့နောက်မှာ ကျွန်တော် နှင့် ခိုင်လမ်းခွဲခဲ့ကြတယ်။ ရက်ပေါင်းများစွာ ကျွန်တော်ဆိုတာ ပျောက်ဆုံးသွားသလို ခံစားရတယ်။ ကျွန်တော် နှင့် ခိုင်ရဲ့ ဓါတ်ပုံလေးကို ကျွန်တော်ထုတ်ကြည့်မိတိုင်း ကျွန်တော်တို့ နှစ်ယောက်၏ အပြုံးတွေ၊ ကတိတွေ နဲ့ ပျော်ရွှင်မှုတွေကို အမှတ်ရနေခဲ့တယ်။ ဒါပေမယ့် ဒီခံစားချက်က မတရားဘူး မဟုတ်လား။ "ဘာကြောင့် ဒီအချစ်ကအဆုံးသတ်သွားတာလည်း? ဘာတွေက ပြောင်းလဲသွားစေတာလဲ ?"။ ကျွန်တော် ခိုင်ရဲ့ အသံ၊ ရယ်မောသံနှင့် တောက်ပပြီး ချစ်စိတ်မွှန်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ငေးမောကြည့်နေတတ်သည့် ခိုင်၏ ပုံစံကို စွဲလန်း လွမ်းဆွတ်နေမိတုန်းလေ။ ဒါပေမယ့် အချစ်က သတ်တမ်းကုန်ဆုံးသွားခဲ့ပြီလေ။ ကျွန်တော် လက်မခံချင်ဘူးဆိုရင်တောင် လက်ခံရမယ်မဟုတ်လား။
ကျွန်တော့်သူငယ်ချင်းတွေကတော့ အားပေးကြပါတယ် ။ အားပေးတာထက် မြှောက်ပေးတယ်လို့ပြောရင် ပိုမှန်ခဲ့မှာပေါ့။ “မင်း ခိုင့်ကို မေ့လိုက်။ နောက်တစ်ယောက်ရှာကွာ .. ဒီခေတ်ကြီးက နောက်တစ်ယောက်ရဖို့ လွယ်ပါတယ်တဲ့" ။ ကျွန်တော် သူတို့ပြောတာတွေကို ဘာမျှ ပြန်မပြောခဲ့ပါဘူး။ ကျွန်တော် စိတ်ထဲတွေးနေတာ တစ်ခုပဲရှိခဲ့ပါတယ်။ "အချစ်မှာ သက်တမ်းကုန်ဆုံးရက်ရှိနေရင် ဘာလို့ ကျွန်တော်တို့ ထပ်ချစ်ချင်ရတာလဲ။ ချစ်ချင်ရတဲ့ အကြောင်းပြချက်က ဘာအချက်လဲ?" ။ ကျွန်တော်ထုတ်ခဲ့တယ် မေးခွန်းက တစ်ခုတည်းပါ။ သို့ပေမယ့် ကျွန်တော့်ဆီမှာ အဖြေက အကြောင်းပြချက်ပေါင်းများစွာ။ နောက်ဆုံးတော့ ကျွန်တော် အကောင်းဆုံးအဖြေတစ်ခုကိုပဲရွေးထုတ်ခဲ့လိုက်ပါတယ်။
"အချစ်ဆိုတာ အဆုံးမှာတော့ နာကျင်စရာတွေ အပြည့်နဲ့ ဇာတ်သိမ်းသွားခြင်းပဲ .. မီးတောက်တခုလိုပေါ့ ထိုင်ကြည့်နေရင်တော့ မီးတောက်၏ အလှကဆွဲဆောင်နိုင်တယ်လေ .. အနားသွားကိုင်ကြည့်ရင်တော့ ပူလောင်ပြာကျသွားသလိုပေါ့"
အချိန်တွေကြာလာတာနဲ့အမျှ အချစ်မရှိပဲ ရှင်သန်နိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ တခါတလေမှာတော့ ကျွန်တော့် ရင်ထဲမှာ ထူးဆန်းစွာ အေးတိအေးစက် ခံစားချက်မဲ့နေသလို ခံစားရတယ်။ သို့ပေမယ့် တစ်ခါတရံတော့ ဒီခံစားချက်က ကျွန်တော် ချစ်ခဲ့ဖူးတဲ့ အတိတ်က အမှတ်တရတွေကို တမ်းတလွမ်းဆွတ်ခြင်းလို့ အဓိပ္ပာယ်ဖော်မိပြန်တယ်။ လောကမှာ မချစ်ဖူးပဲ သေသွားတဲ့လူတွေ အများကြီးပါ။ ကျွန်တော်ကတော့ ချစ်ဖူးတဲ့ ခံစားချက်ကို ရခဲ့တယ်လို့ မှတ်ယူရတာပဲ။ ဒါကြောင့် ယခုချိန်သေဆုံးသွားခဲ့ရင်တောင် ဘ၀မှာ ချစ်ခဲ့ဖူးတဲ့ ခံစားချက်ကို ကောင်းကောင်းခံစားမိတယ်လို့ တွေးပြီး အသေဖြောင့်လောက်ပါတယ်လေ။ ဒီလိုစိတ်ထားတတ်လို့လား မသိပါဘူး။ ကျွန်တော် ဘ၀က ရှင်သန်နေရတာကိုက ပိုပိုအဓိပ္ပာယ်ရှိလာသလိုပါပဲ။
ဒီလိုနဲ့ အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာ အချစ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်း ကိုယ်လိုချင်သလို ထိန်းထားလို့မရတဲ့အရာတစ်ခုလို့ နားလည်ခဲ့တယ်လေ။ ဟုတ်တယ်လေ ... အချစ်ဆိုတာ ထုတ်ကုန်တစ်ခုလိုပဲ မဟုတ်ဘူးလား။ ချစ်ခြင်းဆိုတဲ့ အခြေခံ ကုန်ကြမ်းတစ်ခု ဖြစ်လာတယ်၊ ဒါကို ကျွန်တော်တို့က သေချာ ထုတ်ပိုး အလှဆင်တယ်၊ ပြီးတော့ ပိုင်ဆိုင်ချင်သူလက်ထဲကို အချစ်ဆိုတဲ့ ကုန်ချောကို အပ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ နှလုံးသားစက်ရုံက ထုတ်ပေးလိုက်သည့် ချစ်ခြင်းတွေက ထုတ်လုပ်သည့်နေ့စွဲ ကုန်ဆုံးရက်စွဲ ကိုတစ်ခါတည်း သတ်မှတ်ပေးလိုက်ရတာပဲမဟုတ်လား။ အချစ်ဆိုတာ မရှိဘူး အာပလာလို့လည်း ကျွန်တော် မငြင်းချင်ပါဘူး။ ချစ်ခြင်းတွေသက်တမ်း ကုန်ဆုံးသွားရင်တောင် ကျွန်တော်တို့တွေ ဆက်ချစ်ခွင့်ရှိနေကြတာပဲမဟုတ်လား။
အခုတောင် ခိုင့်အကြောင်းကို ကျွန်တော် ပြုံးပြီး တွေးလိုက်မိလိုက်တာနဲ့ ချစ်ခြင်း၏ နာကျင်မှုတွေကို ခံစားနေရတုန်းပဲလေ။ ဘာကြောင့်လည်းဆိုရင် ခိုင်က ကျွန်တော်ကို အချစ်ဆိုတာကို နားလည်အောင် သင်ပေးခဲ့တာပဲ မဟုတ်လား ?
"တကယ်တော့ .. အချစ်ဆိုတာ အလကားပါ .. ဒါပေမယ့် အလကားလို့သတ်မှတ်ထားရင်တောင် အချစ်ဆိုတာ စောက်ရမ်းထူးခြားတာတော့ အမှန်ပဲလေ"
"ချစ်ခြင်းတွေသက်တမ်းကုန်ဆုံးသွားပေမယ့် .. ကျွန်တော်ပျိုးထောင်ခဲ့ဖူးသော ချစ်ခြင်းတွေကိုတော့ တန်ဖိုးထားပြီး ချစ်နေဆဲပါ။"
"ဒါကြောင့် .. စန္ဒီကို ကျွန်တော်ချစ်တယ်"
** love is nothing, but love is special **
တစ်ချိန်ကျွန်တော်
No comments:
Post a Comment