Saturday, October 19, 2024

** ငြိမ်းချမ်းပါစေ အမရာ **




စတဲလာ နှင့် ဇာတ်လမ်းပြီးသွားနောက် ကျွန်တော် ကြားထဲမှာ ၁ နှစ်လောက် မည်သူတစ်ဦး၏ နှလုံးသားကို ကစားသည့် ကစားပွဲများကို ဆက်ပြီး မကစားတော့ပေ။ ကျွန်တော် နဂိုလုပ်နေသည့် လုပ်ငန်းကနေ ပြည့်ဖြိုးမြဲစွမ်းအင် လျှပ်စစ်ထုတ်လုပ်သည့် ပရောဂျက်တွေလုပ်နေသည့် ကုမ္မဏီတစ်ခုကို စီးပွားရေးအကြံပေး ရာထူးဖြင့် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ လုပ်ငန်း အသစ် နယ်ပယ်အသစ်ဖြင့်သည့်အတွက် စိန်ခေါ်မှုတွေ လုပ်ဆောင်ဖြေရှင်းရသည့် ကိစ္စရပ်တွေကလည်းများသည်ပေါ့။ အချိန်ကာလ အနည်းငယ်လောက်မှာပင် ကျွန်တော် လုပ်ငန်းမှာ အထိုင်ကျခဲ့ပါသည်။ အလုပ်ထဲရှိ လူကြီး လူငယ်မရွေး လေးစားခြင်းကို ကျွန်တော်ရခဲ့ပါသည်။ ဒီလိုလေးစားခံမှုမျိုးအတွက်လည်း ကျွန်တော့်စိတ်ထဲ ဘာခံစားချက်မှ ရှိမနေပါ။ ခံစားချက်မထားခြင်း မရှိခြင်းဟာ အလုပ်အကိုင်ကြီးကြီးမားမား ဖြေရှင်းစရာကိစ္စတွေရှိလာသည့်အခါ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြေရှင်းနိုင်တာကိုတော့ သတိထားမိသည်။ ခံစားချက်မရှိခြင်းက အလုပ်နှင့်ပက်သက်လျှင် ကောင်းသည်လို့တော့ ပြောလို့ရသည်ပင်။ 


တစ်ရက်မှာတော့ .. ကျွန်တော့် ငှာနမှာ လုပ်ငန်း၏ လိုအပ်ချက်ကြောင့် Expert Finance And Accounting  တစ်ယောက်ခေါ်ယူခဲ့သည်။ အရပ်မြင့်မြင့် ၊ အသားညိုညို ၊ ဆံပင်ရှည်ရှည် ၊ နှုတ်ခမ်းမထူမပါး ၊ မျက်လုံးခပ်မှေးမှေး နှင့် အမရာ ဆိုသည့် ညိုချောချောသည့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါသည်။ သူမသည် ဖြတ်ထိုးညဏ်တော်တော် ကောင်းသည်။ သို့ပေမယ့် သူမမှာ မကောင်းသည့် စိတ်ခံစားမှုတစ်ခုတော့ရှိ၏။ အမရာ၏ မကောင်းသည့် စိတ်ခံစားမှုကို  ကျွန်တော်တို့ ပထမဆုံးအကြိမ် မီတင်မှာ မျက်မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။ သူမ၏ မကောင်းသည့်စိတ်ခံစားချက်လို့ ပြောရမလား ဒါမှမဟုတ် အားနည်းချက်လို့ ဆိုရမလားတော့ မသိ။ သူမသည် လွယ်လွယ်ကူကူ ဒေါသထွက် စိတ်ကြီးသော High Temper လို့သတ်မှတ်ရမည့် လူအမျိုးအစားတွင်ပါဝင်သည်လေ။ ပုံမှန်အစည်းအဝေးတွင်ဖြစ်နေကျပုံစံမျိုးကို စိတ်ကြီးစွာတုန့်ပြန်ပြောဆိုနေသည့် သူမကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ဘက်က တစ်ဘက်သက်အယူအဆဖြစ်ကောင်းလည်း ဖြစ်လိမ့်မည်ပင်။ 


အမရာ အမှားသေးသေးလေး တစ်ခု Weekly Reports မှာ လုပ်ခဲ့မိခြင်းပင်။ မန်နေဂျာက ထိုအမှားကို မီတင်မှာ ထောက်ပြ ပြင်ဖို့ပြောဆိုသည့်အခါ သူမကိုင်ထားသော ဘောပင်ကို ခပ်ကြမ်းကြမ်း စားပွဲပေါ်သို့ ပစ်ချလျက် မကျေနပ်သော အမူအရာဖြင့်ပေါ့။ သူမ၏ မျက်နှာမှာလည်း နီမြန်းနေခဲ့ပြီး မျက်လုံးထဲမှာလည်း မကျေနပ်ချက်တွေ အထင်းသားပေါ်လွင်နေသည်လေ။ 


"ကျွန်မ သေချာမှန်အောင်လုပ်ထားပါတယ် .. ဘယ်လိုလုပ်မှားသွားတာလည်းမသိဘူး" အမရာ စိတ်ဆိုးသည့် လေသံခပ်မြှင့်မြှင့်ဖြင့် အော်လိုက်မိတယ်ထင်သည်။


သူမ၏အသံကြောင့် မီတင်ခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်လေ။ အားလုံးက ကျွန်တော့်ကို ကြည့်ပြီး မျက်စပစ်တဲ့သူနှင့် မျက်ခုံးပင့်ပြသည့်သူနှင့် အကူအညီတောင်းသည့် သဘောမျိုးပေါ့။ ကျွန်တော်လည်း အကင်းပါးသူပဲလေ။ ထိုင်ရာကနေ သူမရှိရင် ခုံနားသို့ ကျွန်တော်သွားလိုက်ပါသည်။ 


"အမရာ.. အေးဆေးသက်တောင့်သက်သာ လုပ်ပါ .. ကျွန်တော်တို့အားလုံးလည်း အမှားလုပ်ဖူးကြပါတယ်" ကျွန်တော်နောက်ကနေ သူမ၏ Laptop ပေါ်က ဇယားကွက်တွေကို ကြည့်လျက် အေးဆေးပဲ ပြောလိုက်ပါသည်။ 


အမရာ ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်လိုက်ပါသည်။ သူမ၏ မျက်နှာမှာ ဒေါသရိပ်လေး မပြေသေကြောင်း တွေ့နေရသေးသည်။ သို့ပေမယ့် ကျွန်တော်၏ စိတ်အေးလက်အေး ပြောပြပေးမှုကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ သူမပုံမှန်ပြန်ဖြစ်သွားသည်။ မီတင် ပြီးသည့်နောက် အမရာထံ ကျွန်တော် သွားလိုက်ပြီး ဘာကြောင့် အဲ့လောက်ထိ ဒေါသထွက်ရသလည်းဆိုသည် ကို စူးစမ်းမေးမြန်းလိုက်သည်။ 


"အမှားသေးသေးလေး အတွက် အဲ့လောက်ကြီးထိ မိမိကိုယ်ကို ဒေါသမထွက်ရဘူးလေ" လို့ ကျွန်တာ် အမရာကို ညင်ညင်သာသာပဲမေးလိုက်သည်။ 


အမရာ ကျွန်တော်ကို သေချာပြန်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲမှာတော့ အခုထိ မကျေနပ်ချက်တွေအပြည့်ရှိနေသေးသည်။ 


"အမရာ အမှားလုပ်တာကို အရမ်းမုန်းတယ် .. အမှားလုပ်မိတဲ့အခါလည်း အမရာတော်တော် ညံ့သေးတာပဲလို့လည်း ခံစားမိတယ်" ကျွန်တော် အမရာ၏ ခံစားချက်ကို နားလည်လိုက်ပါသည်။ 


"လူရယ်လို့ဖြစ်လာလျှင် တစ်ခါတစ်လေ အမှားတော့လုပ်မိတတ်ကြတာပဲလေ .. ပြီးတော့ အချိန်တိုင်း အကောင်းဆုံးဖြစ်နေဖို့ဆိုတာ မလွယ်နေဘူးလေနော် ဒါကြောင့် အချိန်ပြည့် အကောင်းဆုံးဖြစ်ဖို့ ကြိုးစားမနေပါနဲ့"


"ဟုတ်ကဲ့ရှင့် .." လို့ အမရာ ပြန်ပြောလေသည်။ ထိုနေ့မှစ၍ ကျွန်တော် နှင့် အမရာ စကားတွေ ပိုပြောဖြစ်လာသည်။ အမရာ၏ temper သည်လည်း လျော့ပါးသွားသည်လို့ ကျွန်တော် ခံစားမိသည်။ တစ်ခါတစ်လေတော့လည်း အမြီးအမောက် မတည့်သည့် သူမကြောင့် စကားများကြသည့်အချိန်လည်း ရှိသည်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် တစ်ရုံးလုံးမှာ အမရာ နှင့် ကျွန်တော်သည် အရင်းနှီးဆုံး မိတ်ဆွေအဆင့်သို့ တိုးလာသည်ပေါ့။ 


တစ်နေ့ နေ့လည်ထမင်းစားပြီးချိန် ကျွန်တော့် အလုပ်စားပွဲမှာ reports တွေကို ပြန်စစ်နေတုန်း ဖိုင်အချို့ကို လက်ကကိုင်ပြီး မကျေမနပ် မျက်နှာထားနှင့် မျက်ခုံးကြီးကို ရှုံပြီးကျွန်တော့်ဆီကို ရောက်လာသည်။ 


"ဘာတစ်ခုမှ အဆင်ပြေမနေဘူး" ဟု အမရာ ပြောဆိုလျက် သူမလက်ထဲပါလာသည့် reports files အချို့ကို ကျွန်တော်၏ ရှေ့သို့ ကမ်းပေးလိုက်သည်။ "ဒီ Reports တွေရှင်းနေတာ ၂ နာရီလောက်ရှိနေပြီ .. ခုထိ ဘယ်လိုမှ ညှိလို့မရသေးဘူး .. ကြည့်ပေးပါဦး အကို"  ကျွန်တော်တစ်ချက် အမရာကို ပြုံးပြလိုက်ပြီး ကမ်းပေးသည့် reports files များကို စစ်ကြည့်လိုက်ပါသည်။ 


၅ မိနစ်လောက်အချိန်ယူ စစ်ကြည့်လိုက်ချိန်မှာ အမှားတစ်ခုကို ကျွန်တော်ရှာတွေ့သွားခဲ့သည်။ "အမရာ ဒီနေရာလေး လွဲသွားတာလို့" ကျွန်တော် မာကာ လေးနှင့် ဝိုင်းပြီး သူမကို ပြန်ပေးလိုက်သည်။ 


ကျွန်တော် ဝိုင်းထားသည့်နေရာအား အမရာ ခဏပြန်စစ်လျက် "အကို လုပ်တော့ လွယ်လိုက်တာကော" ဟု ပြန်ပြောလေသည်။ 


"အကိုက အရင်တောက်လျှောက်လုပ်ခဲ့တော့ သိနေလို့ပါ .. အမရာလည်း နောက်ဆို မျက်စိမှိတ်ပြီးလုပ်တောင်ရတယ် .. ပြီးတော့ စိတ်အေးအေးထားပြီးလုပ်ပါ .. စိတ်ဖိစီးနေရင် မှန်နေရင်တောင် မှားသွားတတ်တယ်" လို့ ကျောမှီထိုင်ခုံလေးကို မှီချ အညောင်းဆန့်လျက် အမရာကို ကြည့်ပြီး ပြန်ပြောလိုက်၏။


"အမရာ အချိန်တိုင်းတော့ ဘယ်လိုစိတ်အေးလက်အေးနေရမလည်းဆိုတာ မသိဘူး အကိုရယ်" လို့ ကျွန်တော်လုပ်သလို သူမထိုင်နေသည့် ကျောမှီထိုင်ခုံးလေးကို ခြေပစ်လက်ပစ် မှီချလိုက်သည်။ 


"အလုပ်တစ်ခုလို ကြိုးစားပြီး လုပ်ကြည့်ပါ" လို့ ပခုံးလေးတွန့်ပြီး အမရာကို ကျွန်တော် ပြန်ဖြေလိုက်သည်။ 


ထို့နောက် နှစ်ယောက် အတူတူ ရယ်မောမိကြသည်။ ပထမဆုံးအကြိမ် အမရာ ရယ်မောခြင်း နှင့် အပြုံးကို တစ်ပြိုင်တည်းတွေ့လိုက်ရခြင်းဖြစ်သည်။ ပြီးနောက် "ကျေးဇူးပါနော် အကို" လို့နှုတ်ဆက်ပြီး ကျွန်တော့်စားပွဲဆီကနေ ထွက်ခွာသွားတော့သည်။ ကျွန်တော်တစ်ယောက်တည်း ခဏတာတော့ တိတ်ဆိတ်သွာသည့် ကျွန်တော့် ရုံးခန်းငယ်လေးမှာ အထီးကျန်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် အမရာ၏ အကြောင်းကို ကျွန်တော် ပိုပိုတွေးမိလို့နေသည်။ အမရာ၏ စိတ်တိုလာရင် ထွက်ပေါ်လာသည့် ဒေါသကို မထိန်းနိုင်ခြင်းကလွဲ၍ သူမ၏ အလုပ်ပေါ်မှာ စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှုတွေ အပြင် ပါးရည်နပ်ရည်ရှိခြင်းနှင့် ချစ်စဖွယ် သူမ၏ မျက်နှာလေးကိုပါ ကျွန်တော်သဘောကျပါသည်။


သိပ်မကြာခင် အချိန်တောအတွင်းမှာ ကျွန်တော်တို့ နှစ်ယောက် ပို၍ရင်းနီး ပို၍နီးကပ်သွား၏။ ကျွန်တော် နှင့် အမရာ နေ့လည်စာတူတူစားဖြစ်ကြတယ် ၊ အလုပ်မဆန်သော အခြား အကြောင်းအရာမျိုးတွေလည်း ပြောဖြစ်လာကြသည်။ ကျွန်တော်သည် အမရာထံမှ သူမ၏ ကောင်းကွက်များစွာကိုလေ့လာ သင်ယူရသည်။ အထူးသဖြင့် အမြဲအကောင်းဆုံးဖြစ်အောင် ကြိုးစားချင်စိတ်တွေ၊ မိမိကိုယ်ကိုတွန်းအားပေးသည့် နည်းလမ်းတွေ စုံလို့ပေါ့။ အမရာက အကြောင်းအရာတော်တော်များများမှာတော့ တော်ပါသည်။ သို့ပေမယ့် သူမ၏ ဒေါသကိုထိန်းချူပ်နိုင်မှုတော့ အများကြီးမလုပ်ဆောင်နိုင်ပေ။ ဒါက အမရာ၏ အားနည်းချက်ဆိုလျှင် ထိုအားနည်းချက်ကိုလည်း ကျွန်တော် တဖြည်းဖြည်းသဘောကျလာသည်။ အချစ်ဆိုတာ ဘာမှန်း မခံစားတတ်သည့် ကျွန်တော်လို လူတစ်ယောက်က အချစ်ကို ခံစားတတ်လာပြီလို့တော့ ထင်သည်။ 


တစ်နေ့ အလုပ်ပါးသည့်နေ့ ကော်ဖီချိန်မှာ ကျွန်တော် နှင့် အမရာသည် ရုံး၏ ကော်ဖီခန်းထဲမှာ အလုပ်အကြောင်းပြောပြီး တူတူ ကော်ဖီသောက် ဖြစ်ကြသည်။ 


"အကိုသိလား .. အမရာလေ ဒီအလုပ်မှာ စစရောက်ခြင်း တစ်လလောက်ထိ ပျော်၇မယ်လို့ မခံစားမိဘူး .. ဒါပေမယ့် အခုတော့ အကို့ကြောင့် ဒီအလုပ်မှာ ပျော်နေပြီ" ကော်ဖီခွက်ကို နှုတ်ခမ်းလေးနဲ့ ဖိကိုက်ပြီး အမရာ လှမ်းပြောသည်။  


"အခုလို ကြားရတာဝမ်းသာပါတယ် အမရာ" ကျွန်တော် ကျေနပ်ပြီးပြုံးပြီး ပြန်ဖြေလိုက်ပါသည်။ 


အမရာ အသံလေးနိမ့်ပြီး "လေးလေးနက်ပြောရရင် အကိုနဲ့အလုပ်တူတူလုပ်နေရတာ အမရာ စိတ်ထဲပေါ့ပါးလွတ်လပ်နေသလို ခံစားရတယ် .. ပြီးတော့ အကိုကအခြားသူတွေနဲ့ မတူဘူး အမရာအတွက် ထူးခြားတယ်" 


အမရာ၏ တိုးညင်းစွာပြောသည့် အသံရယ် ၊ ချစ်စရာကောင်းသော သူမ၏ မျက်ဝန်းညိုညိုလေးတွေက ကျွန်တော့်ရင်ခုန်သံကို လှုပ်ခတ်သွားစေသည်။ ကျွန်တော် နှင့် အမရာ တစ်ယောက်ကိုတစ်ယောက် အကြာကြီး စကားဆက်မပြောပဲ စိုက်ကြည့်နေမိကြသည်။ အမရာ၏ မျက်ဝန်းတွေထဲမှာ ဒေါသအရိပ်အယောင်၊ မာနအရိပ်အယောင် ၊ မကျေနပ်ခြင်းတွေလုံး၀ ကင်းစင်နေလေ၏။ သို့ပေမယ့် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ တောင့်တနေသည့် မျက်ဝန်းထဲက အရိပ်အယောင်ကို ကျွန်တော် မြင်မိပါသည်။ 


"အကိုလည်း .. အမရာ နားမှာရှိနေခွင့်ရတာ သဘောကျပါတယ်" ကျွန်တော့်ဘက်ကပင် စကားကို ပြန်ဆက်လိုက်ပါသည်။ 


အမရာ ဘာမှ ပြန်မပြောပေ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်သာ ဆက်ကြည့်နေမိသည်။ ဒီအခိုက်အတန့်က ရင်တွေခုန်နေရသလို ကမ္ဘာကြီး ရပ်တန့်နေတယ်လို့တောင် ထင်နေရသည်။ ဘာစကားမျှ မဆိုပေမယ့်လည်း မျက်ဝန်း အချင်းချင်း စကားတွေ ပြောဆိုနေကြသည်။ ရင်ခုန်သံချင်း စည်းချပ်လိုက်နေသည်။ သေချာသည်က ကျွန်တော် နှင့် အမရာ တစ်ယောက်ကို တစ်ယောက်ခံစားချက်တွေ များစွာရှိနေပြီဆိုခြင်းပင်။ ကျွန်တော့်အတွက်တော့ ပထမဆုံး ကျွန်တော် ရင်ဆိုင်နေရသည့် ရင်ခုန်သံပင်။ စိတ်ထဲမှာလည်း အချစ်ဆိုတာ ဒီလိုကြည်နူးဖို့ကောင်းပါလားဆိုပြီး တွေးပြီး ကြည်နူးနေရသည်လေ။ 


ကျွန်တော်နှင့် အမရာ သည် တစ်ယောက်ကိုတစ်ယောက် 'ချစ်တယ်' လို့ဖွင့် မပြောကြပေမယ့် ချစ်သူတွေ အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ကျွန်တော် သိပ်ပျော်တာပေါ့ဗျာ။ မိန်းကလေးတွေ၏ နှလုံးသားကို အများကြီး ကစားပွဲတစ်ခုလို ကစားခဲ့ပေမယ့် အချစ်ဆိုတာဘာမှန်းကို မသိခဲ့ဘူးလေ။ အမရာ နှင့်တွေ့မှ အချစ်ဆိုတာ နားလည်လာခဲ့သလို ၊ ခံစားတတ်ခဲ့ပြီ။ အချိန်တွေကြာလာသည်နှင့် အမျှ ကျွန်တော်တို့ နှစ်ယောက်ချစ်ခြင်းတွေကလည်း ပို၍ ခိုင်မြဲလို့လာသည်ပေါ့။ ရုံးချိန်တွင်ကော ရုံးချိန်ပြင်ပ ပါ ကျွန်တာ်တို့ နှစ်ယောက် အတူတူရှိကြသည်လေ။ အမရာ၏ ဒေါသထွက်လွယ်မှု စိတ်ကြီးမှုများသည်လည်း လုံး၀ ပျေက်သွားခြင်းတော့ မဟုတ်ပေမယ့် ကျွန်တော် ရှိနေသည့် အတွက်ကြောင့် နဂိုထက်တော့ ပိုပြီး ထိန်းချူပ်လာနိုင်သည်လေ။ 


သိုပေမယ့် ချစ်ခြင်းမေတ္တာသည် အမြဲဖြောင့်ဖြူးသော လမ်းမရှိဆိုသလို အရမ်းကြီးလည်း လွယ်တော့မကူနေပေ။ အမရာ၏ ဒေါသထွက် စိတ်ကြီးမှုက ခန့်မှန်းရခက်သည်လေ။ ဒီလိုနဲ့ တစ်ရက်မှာတော့ တစ်နေကုန် နိုင်ငံခြားသား ဧည့်သည်တွေ ရောက်နေသောကြောင့် ရုံးမှာမီတင်တွေနှင့် အလုပ်တွေ တော်တော်များသည်။ ဒါကြောင့် ရုံးက ပြန်သည့်အချိန်လည်း တောတော် နောက်ကျနေပြီလေ။ ကျွန်တော် နှင့် အမရာ သည် ညစာကို အပြင်မှာပဲ စားဖို့ဆုံးဖြတ်လိုက်ကြသည်။ စားလို့သောက်လို့ ကောင်းပြီး Romance လည်းဖြစ်စေမည်၊ ပြီတော့ မြန်မာအစားအစာလည်း ရရမည်ဆိုသောကြောင့် House of Memory ဆိုင်ကိုပဲ ရွေးချယ်ပြီး သွားလိုက်ကြသည်။ အစပိုင်းမှာတော့ အစစအရာအရာ အားလုံး အဆင်ပြေနေသည်။ ဒါပေမယ့် ပြဿနာက ဝင်ချင်လျှင် မဖိတ်ခေါ်ပဲရောက်လာတတ်သည်လေ။ စားပွဲထိုးလေးသည် မှာထားသည့်  ဟင်းလျာ မဟုတ်ပဲ မှားယွင်းစွာ ယူလာသည်လေ။ တစ်နေကုန် ရုံးမှာဖိအားတွေ များထားသည့်အပြင် ဗိုက်ဆာနေသည့် အချိန် စားချင်တာ မှားချသည့်အတွက်ကြောင့် အမရာ၏ ဒေါသတွေ စတင်ပေါက်ကွဲလာပါတော့သည်။ 


"ဒါ .. ငါတို့ မှာထားတာမဟုတ်ဘူး" အမရာ၏ အသံသည် စူးရှရှ နှင့် အတော်ကျယ်သည်။ စားပွဲထိုးလေးသည် အမရာ၏ ဒေါသသံကြောင့် အသံတွေ တုန်ယင်နေပြီး "ကျွန်တော် .. တောင်းပန်ပါတယ် ခင်ဗျ" လို့ အကြိမ်ကြိမ်ပြောဆိုလျက် တောင်းပန်နေရှာသည်။ ကျွန်တော်သည်လည်း မျက်နှာချင်းဆိုင် ထိုင်ရာမှ အမရာဘေးသို့ ကပ်ထိုင်လိုက်ပြီး ဒေါသမထွက်ဖို့ နှစ်သိမ့် ဖျောင့်ဖျနေရသည်။ 


"အဆင်ပြေသွားမှာပါ .. အမရာ .. ကောင်လေးကို ခွင့်လွှတ်လိုက်နော် .. ဒါက ဖြစ်တတ်ပါတယ်လေ" ကျွန်တော် အသံလေးကို နိမ့်ပြီး သူမကြားယုံလောက် နှစ်သိမ့်နေရသည်။ 


အမရာသည် သူမ၏လက်ကို ကိုင်ထားသည့် ကျွန်တော်လက်အား ဖယ်လျက် "ဘာလို့ သူ့ကျမှ ဒီလိုကြီးအမြဲဖြစ်နေရတာလည်း .. သူများတွေလို အမြဲလိုချင်တာ တန်းမရနိုင်ဘူးလား" လို့ မျက်လုံးက အရောင်တွေတောက်ပြီး မကျေနပ်ချက်တွေလည်း ပြည့်နှက်လို့နေလေသည်။ ကျွန်တော် ကြိုးစားပြီး အမရာ၏ ဒေါသတွေပြေပျောက်စေဖို့ ကြိုးစားရသည်။ သို့ပေမယ့် အမရာ၏ ဒေါသတွေသည် တော်ယုံနှင့်ရပ်မသွားတတ်ပေ။ နောက်ဆုံးတော့ စားသောက်ဆိုင် မန်နေဂျာနှင့် စားပွဲထိုးများ အားလုံး လာရောက်တောင်းပန်သည့် အခါမှ စိတ်နည်းနည်း သက်သာသွားပုံရသည်။ ဆိုင်မှ ဘာမျှ မစားခဲ့ပဲ ကျွန်တော့် အိမ်သို့သာ အမရာကို ခေါ်၍ ပြန်ခဲ့လိုက်ကြသည်။ 


ကျွန်တော့် အခန်းသို့ ရောက်သည့်အခါ အမရာကို ဧည့်ခန်းထဲမှာ ထိုင်စေပြီး သူမစားဖို့ မီးဖိုထဲသို့ ချက်ပြုပ်ရန် ပြင်ဆင်ရသည်။ တိုက်ခန်းဖြစ်သည့်အတွက်ကြောင့် ဧည့်ခန်းနှင့် မီးဖိုခန်းသည် သေချာမြင်နေရသည်၊ ကောင်းစွာလည်းကြားရပါသည်။ အမရာသည် စားသောက်ဆိုင်မှ ကိစ္စကို ပြန်တွေးနေပြီး ဒေါသ အလိပ်လိုက်ပြန်ထွက်လာပုံရသည်။ 


"ငါ .. ဒီလိုဒေါသတွေ ထွက်နေရတာကို မကြိုက်ဘူး" လို့အော်ပြီး နံရံကို လက်သီးဖြင့် အချက်ပေါင်းများစွာ ပြေးထိုးသည်လေ။ ပါးစပ်ကလည်း "ငါ .. ထိန်းမချူပ်ချင်တော့ဘူး .. ထိန်းမချူပ်ချင်တော့ဘူး" လို့ ထပ်အော်နေသေးသည်။ ကျွန်တော် အမရာဆီပြေးသွားလိုက်ပြီး "အမရာ .. စိတ်ကိုထိန်းပါကွာ"လို့ ပြောရင်း သူမကို ဖက်ထားလိုက်ပါသည်။ သို့ပေမယ့် အမရာ ကျွန်တော်၏ စကားကို နားမထောင်ပါ။ စားပွဲပေါ်မှာတင်ထားသည့် ဖန်ခွက်ကို ကောက်ကိုင်ပြီး နံရံဆီကိုပစ်လွတ် ပေါက်ခွဲလိုက်ည်။ ဖန်ခွက်ကွဲသံ နှင့်အတူ ကြမ်းပြင်မှာလည်း မှန်ကွဲစတွေ လွှင့်စင်ကုန်သည်လေ။ 



"အမရာ တောင်းပန်ပါတယ် ကိုကို .. ဒီလို မရည်ရွယ်ပါဘူး" ကျွန်တော့် ရင်ခွင်ထဲသို့ ခေါင်းကိုအပ်ပြီး တီးတိုးပြောဆိုပြီး သူမ ငိုကြွေးပါတော့သည်။ 


"ကိုကို နားလည်ပါတယ် .. စိတ်မပူနဲ့နော် .. အဆင်ပြေသွားမှာပါ" သူမကို တင်းတင်းပြန်ဖက်ထားရင် ကျွန်တော်ပြောလိုက်ပါသည်။ 


ဖက်ထားသည့် ရင်ခွင်ထဲကနေ အမရာ ရုန်းထွက် တွန်းထုတ်လိုက်ပါသည်။ "ကိုကို နားမလည်ပါဘူး .. ဒီလို ထိန်းချူပ်ဖို့ခက်တဲ့ ခံစားချက်မျိုးကို လုံး၀နားမလည်ပါဘူး .. နားလည်ပေးချင် ဟန်ဆောင်မနေပါနဲ့တော့" 


ကျွန်တော် ဘာလုပ်ရမှန်းမသိတော့ပါ။ ကျွန်တော် အပြည့်အ၀ နားမလည်တာ သေချာသည်လေ။ လူတွေ၏ ခံစားချက် နာကျင်မှုတွေကို လစ်လျူရှု မခံစားတတ်သည့် ကျွန်တော်သည် တကယ်ကို ဘယ်လို နှစ်သိမ့်ရမလည်းဆိုတာကို မသိပါ။ ကျွန်တော် သိသလောက် နားလည်အောင် ကြိုးစားနေပါသည်လေ။ ဒီတိုင်းပဲ သူမ ဒေါသ စိတ်ပြေသွားသည်အထိ ထိုင်ကြည့်နေခြင်းက အကောင်းဆုံးဖြစ်မလားလို့လည်း ကျွန်တော် တွေးမိသည်။ 


"အမရာ အရမ်းပင်ပန်းနေပြီ ကိုကို" သူမ၏ မျက်နှာမှာ ဝမ်းနည်းနေသော အရိပ်အယောင် ပြောင်းသွားပြီး ကွဲအက်နေသော အသံဖြင့် ကျွန်တော့်ကို ဆက်ပြောလိုက်သည် "ဒီလို ဖြစ်နေ .. ခံစားနေရတာတွေ ရပ်ပလိုက်ချင်ပြီ" 


အမရာ ဒီလိုဒုက္ခတွေကနေ ရုန်းကန်ပြီး ညည်းငြူပြောဆိုနေခြင်းကို ပထမဆုံအကြိမ် မြင်တွေ့ရခြင်းပင်။ သူမခံစားနေရသည်က ဒေါသစိတ်လွတ်ခြင်းကို ထိန်းချူပ်နေရခြင်းထက် နာကျင်မှုကို ခံစားထိန်းချူပ်နေရခြင်းကြောင့်ပင်ဖြစ်မည်။ ကျွန်တော် အမရာကို အများကြီးချစ်ပါသည်။ သို့ပေမယ့် သူမရင်ဆိုင်နေရသည့် ပြဿနာသည် ကျွန်တော်တို့၏ ချစ်ခြင်း ဂရုစိုက်ခြင်းဖြစ်တောင် ကုစားလို့မရနိုင်ပေ။


ဒီပြဿနာတွေဖြစ်ပြီးသည့်နောက်ပိုင်း အမရာ ကျွန်တော့်ကို သိသိသာသာရှောင်လာပါတော့သည်။ ကျွန်တော်သည်လည်း အတင်းအကြပ် သွားရောက်တွေ့ဆုံခြင်းမလုပ်ရဲပေ။ ကျွန်တော်အတင်းအကြပ်များ သွားတွေ့ခဲ့လို့ အခန့်မသင့်ခဲ့ရင် သူမ၏ ဒေါသစိတ်လွတ်ခြင်းကို ထိန်းချူပ်ဖို့ ပိုဆိုးသွားမည် ဖြစ်ကြောင်းကိုတော့ ကျွန်တော်နားလည်သည်လေ။ ကျွန်တော့်အဖြစ်က သူမ အနားကိုလာခွင့်ပြုမှ သွားရောက်ရမည့် အခြေအနေသို့ ရောက်ရှိနေလေ၏။ နီးကပ်နေရက်လျက် ဝေးကွာနေသလို ခံစားရသည့် ချစ်ခြင်း၏ ရက်စက်မှုတွေပါလား အမရာ။  


ကျွန်တော်တို့၏ လုပ်ငန်းထုံးစံအတိုင်း အလုပ်များသည့်နေ့ဆိုလျှင် အိမ်ပြန်နောက်ကျတတ်သည်လေ။ ည ၈ နာရီအချိန်ထိ ကျွန်တော်တို့ အလုပ်ရှုပ်နေတုန်းပင်။ အမရာ reports မှာ အမှားတစ်ခုလုပ်မိပြီး မကျေမနပ်နှင့် ဒေါသထွက် ပေါက်ကွဲလို့လာပြန်ပြီ။ ကျွန်တော်ခါတိုင်းလိုပင် စိတ်ထိန်းဖို့ အေးဆေးတည်ငြိမ်ဖို့ ပြောသည်။ 


"ငါ .. ဒါကြီးကို စောက်ရမ်း စိတ်ကုန်နေပြီ" လို့အော်ပြီး စားပွဲကို လက်သီးဖြင့် အကြိမ်ကြိမ်ထိုးနေလေသည်လေ။ "ငါ .. ဒါလေးတောင် ဘာလို့မှန်အောင် မလုပ်နိုင်ရတာလည်းကွာ" 


"အမရာ .. စိတ်ကိုထိန်းပါကွာ .. စိတ်ကိုထိန်းပါ" ကျွန်တော် လေသံမာမာဖြင့် အော်ပြောလိုက်ပါသည်။ 


သို့ပေမယ့် အမရာ ကျွန်တော်၏ လေသံမာမာ ပြောခြင်းကိုလည်း ဂရုမစိုက်ပါ။ သူမ စားပွဲပေါ်မှာတင်ထားသည့် နမူနာ ပြထားသည့် သံချိန်သီးကို ကောက်ယူလိုက်ပါသည်။ ထို့နောက် ကျွန်တော့်ဆီကို ပေါက်လွှတ်လိုက်သည်။  ပစ်ချက်က ချက်ကောင်းပင်။ ကျွန်တော်၏ ခေါင်းနားထင်စပ်ဆီကို ချိန်သီးက ပြင်းထန်စွာလာမှန်၏။ "ခွက်" ကနဲ အသံကြီး နှင့်အတူ ကျွန်တော် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။ သွေးတွေ ဖြာခနဲ ကျလာသည်။ သွေးတွေ တရစပ်ကျလာသည်ကို မြင်လိုက်ရတော့မှ အမရာ အသိစိတ်တစ်ချက် ပြန်ဝင်သွားပုံရသည်။ ဒါမှမဟုတ် သူမ ဘာလုပ်မိလိုက်လည်းဆိုသည်ကိုလည်း သတိထားမိသွားခြင်းကြောင့်လည်းဖြစ်မည်။ သူမ ကြောင်ပြီး ကျွန်တော့်ကို ကြည့်နေသည်။ 


"ဘုရားရေ .. အမရာ တမင်လုပ်တာမဟုတ်ဘူးနော် .. ရည်ရွယ်ပြီး တမင်ပစ်လိုက်တာလည်း မဟုတ်ပါဘူးနော် .. ကိုကို" အမရာ၏ တုန်ခါနေပြီး လက်တွေခြေတွေလည်း တုန်ခါနေပြီး ကျွန်တော့်ကိုပြေးပွေ့ စကားတွေ တရပ်စပ်ပြောနေလေ၏။


သို့ပေမယ့် အမရာ၏ ပြောစကားတွေ ကျွန်တော်သည် ကြားတစ်ချက် မကြားတစ်ချက်ဖြစ်လို့နေ၏။ အသိစိတ်တွေ တစ်ချက်တစ်ချက် လွတ်သွားသလို အသက်ရှုသံတွေလည်း မှန်မနေပေ။ အမရာသည် သွေးထွက်နေသည့် ကျွန်တော့်ခေါင်းကို လက်တစ်ဖက်ဖြင့် ဖိထားလိုက် အမူအရာတွေတော်တော်ပျက်ယွင်းကာ စိတ်တွေ ဖရိုဖရဲဖြစ်နေပုံရသည်။ 


"ငါ .. ကို့ကို့ ကိုသတ်လိုက်မိပြီ .. သတ်လိုက်မိပြီ .. ငါ့ကို အရမ်းချစ်ပြီး ဂရုစိုက်ပေးတဲ့ ကိုကို့ ကိုသတ်လိုက်မိပြီ" လို့ တစ်ယောက်တည်း တိုးတိုး အဆက်မပြတ်ပြောနေပြီး မျက်လုံးတွေကလည်း ဂဏာ မငြိမ်ပေ။ ဒီလိုအခြေအနေတွေမှာ အမရာ ဘယ်လိုမှ မှန်ကန်စွာ မတွေးနိုင် မစဉ်းစားနိုင်တော့ပေါ။ သူမ၏ ဒေါသစိတ်လွတ်ခြင်းက အရာအားလုံးကို ဖျက်စီးလိုက်ပြီလို့ ခံစားရသည်။ မိမိကိုယ်ကိုလည်း ရွံရှာနေပြီး နောင်တရသည့် စိတ်တွေလည်း ဖြစ်လို့နေ၏။ အမရာ အခုလို စိတ်ဖိစီးမှုဒဏ်တွေကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။ အမရာ သည် အသိစိတ်တစ်ချက်ချက် လွတ်နေသည့် ကျွန်တော့်ကို ပစ်ချလိုက်ပြီး ပြေးထွက်သွားသည်ကို ကျွန်တော်မြင်လိုက်ရသည်။ 


အမရာသည် ရုံး၏အပေါ်ဆုံးထပ် ခေါင်မိုးပေါ်သို့ ပြေးတက်သွားခြင်းဖြစ်၏။ နှလုံးခုန်သံ တွေကလည်း အပြင်ထိအောင် ကြားနေရသည်လေ။ မျက်ရည်တွေ ချွေးတွေအပြင် သူမ၏ ကိုယ်မှာ ကျွန်တော်၏ သွေးတွေပေကျံလျက်ဖြင့် ခေါင်မိုး၏ အစွန်းဘက်ထိပ်မှာ မက်တပ်ရပ်နေလေပြီး ရန်ကုန်မြို့၏ မြို့ပြကို ခံစားချက်မဲ့စွာကြည့်နေလေ၏။


"တောင်းပန်ပါတယ် ..ကိုကို .. ကိုကို့ကို ဘယ်တုန်းကမှ နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး" လို့လည်း အသံထွက်ပြီး တစ်ယောက်တည်းပြောနေတော့သည်။ 


ထို့နောက် .. အမိုးစွန်းထိပ်မှ ခုန်ချလိုက်ပါတော့သည်။ 


ဖြစ်စဉ်အားလုံး ရုံးမှာ မည်သူမျှ ရှိမနေ၍ ခိုးကိုးရာမဲ့ခဲ့သည်လေ။ ရုံးအစောင့်တွေ ရောက်လာသည့်အချိန်မှာတော့ အရာအားလုံးနောက်ကျသွားခဲ့ပြီဖြစ်သည်။ ဟုတ်တယ် .. အမရာ ဆုံပါးသွားခဲ့ပါပြီ။ ကျွန်တော်သည် ကံကောင်းထောက်မစွာ သွေးထွက်လွန်ပြီး မသေခဲ့ပေ။ ကျွန်တော့်ဘ၀မှာ ပထမဆုံး ချစ်ခဲ့ဖူးသည့် ချစ်ခြင်းသည် သေဆုံးခြင်းနှင့် အဆုံးသတ်ခံသည်တဲ့လေ။ ဒါက ဝဋ် ဆိုတာ သေချာသည်လေ။ ဒါမှမဟုတ် အမျိုးသမီးတွေ၏ ချစ်ခြင်းနှင့် မထိုက်တန်သည့် ကံကြွေးပါလာခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကျွန်တော့်ကြောင့် ခံစားကြေကွဲ ဖူးသည့် သူတွေ အားလုံး ကျွန်တော်တောင်းပန်ပါသည်။ အတိတ်က ကံကြွေးတွေ ပါလာခဲ့ရင်တော့ ဒီဘ၀ နဲ့သာ အပြီးဆပ် သွားချင်မိသည်လေ။


အခုတော့ .. ကျွန်တော်၏ ရုံးခန်းလေးသည် အရင်လို မဟုတ်တော့ သလို။ ကျွန်တော်သည်လည်း ပို၍တိတ်ဆိတ်သွားပါတော့သည် ။ အမရာ ကတော့ ကျွန်တော့်ဘေးမှာ ရှိနေဆဲပေါ့လေ။ 


သူမ .. ဘယ်လိုလုပ် ကျွတ်နိုင်မလည်းဗျာ ... ။ 


တစ်ချိန်ကကျွန်တော်


No comments: