Wednesday, October 2, 2024

~ မလင်းတော့သည့် မီးသီးတစ်လုံး ~






ကျွန်တော် သူမ ကို Facebook မှာစကားတွေ သွားပြောနေခဲ့တာ ဒီနေ့ဆို ရက်ပေါင်း ၁၁၉၀ ပြည့်ခဲ့ပါပြီ။ သို့ပေမယ့် သူမဘက်က စာပြန်မလာခဲ့သည်လည်း ရက်ပေါင်း ၁၁၉၀ ရှိပြီပေါ့။ သူမ နဲ့ ပက်သက်ပြီး သူမ ချစ်သူအသစ်နှင့် အဆင်ပြေနေလား၊ နေကောင်းရဲ့လား ပိန်သွားလား ၊ ဝသွားလား ကျွန်တော် မသိပါ။ သူမ ကျွန်တော့်ကို Facebook မှာ unfriend လုပ်ထားတဲ့အပြင် ခါတိုင်း public post နဲ့ အမြဲတင်တတ်တဲ့ သူမ ခုတော့ Fri Only နဲ့ ပို့စ်တွေ တင်တတ် သွားခဲ့ပြီလေ။ ကျွန်တော်လည်း သူမ ဘာတွေ လုပ်နေလည်း ၊ အိမ်ထောင်ကျသွားပြီလား ကျွန်တော် မသိချင်ပါဘူး၊ သိအောင်လည်း လုံးဝ မစုံးစမ်းခဲ့ဘူး။ ကျွန်တော် သိအောင်စုံစမ်းမိရင် ကျွန်တော် မသိချင်တဲ့ ကိစ္စတွေ ပါလာမှာ စိုးရိမ်မိတာတော့ အမှန်ပင်။ ကျွန်တော် လူတစ်ယောက်ကို သံယောဇဥ်ဖြစ်ဖို့ အကြာကြီး ဆက်ချစ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်လောက်မှာ မဟုတ်ဘူးလို့ သူမ နဲ့ မတွေ့ခင်ကအထိ ထင်ထားခဲ့ဖူးပါသည် ။ ကာလကြာ ချစ်ဇာတ်လမ်း သူမ ဘက်က အဆုံးသတ်လိုက်ပေမယ့် ကျွန်တော့်ဘက်က တစ်ရက်မှ မေ့လို့မရခဲ့တဲ့ အပြင် ဆက်ချစ်မိနေခြင်းကလည်း ကျွန်တော် မှ ဟုတ် ရဲ့လားလို့ အံ့သြမိပါ၏။ ဒီထက် ဆိုးတာက သူ့ဘက်က ပြတ်ဆဲပြီးနောက် ဘာအဆက်အသွယ်မှ မရှိတော့သလို ၊ ကျွန်တော့်ဘက်ကသာ တစ်ယောက်တည်း သူမ fb massenger မှာ စကားတွေ သွားပြောနေမိခဲ့တာလေ ။ သူမ ကို ကျွန်တော်၏ နေ့စဥ်ဖြစ်တည် ခံစားမှု အကြောင်းအရာ တွေ ပြောပြနေပေမယ့် သူမ ကတော့ ကျွန်တော်နဲ့ပက်သတ်တဲ့ စာမျက်နာ ကော်လံတွေကို လုံး၀ ဖွင့်မဖတ်တဲ့ ဒိုင်ယာရီ စာအုပ်ပိုင်ရှင်လေး တစ်ယောက် အဖြစ်နဲ့ပဲ ဆက်လက်တည်ရှိနေတာပေါ့ ။ တစ်ချိန်ချိန်မှာတော့ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ သူမ ရဲ့ ဘ၀ တစ်စိတ်ပိုင်းမှာ ပါ၀င်ခဲ့သည့် သူမ ကိုချစ်တဲ့ လူတစ်ယောက်၏ နေ့စဥ်မှတိတမ်းကို ကြည့်ရှုမိပါစေလို့ ဆုတောင်းပါသည်။ 



ကျွန်တော် သည် အရင်ကနဲ့ မတူဘဲ လုံးဝကို ပုံစံ ပြောင်းသွားခဲ့ပါတယ်။ အသက်အရွယ်ကြောင့်လား ချစ်ခြင်း ကို ခံယူတတ်ပုံ နဲ့ ချစ်ခြင်းကို ခံစားတတ်သွားခြင်းကြောင့်လား မသိ သူမ နှင့် ဝေးသွားသည့် အခါမှ သူမကို တော်တော်ချစ်တာကို ပိုသိသာ စေသည်။ သူမ နဲ့ အမြဲ နီးရမယ်လို့ တွေးခဲ့တဲ့ ကျွန်တော်သည် ခုတော့ အသည်းကွဲနေတဲ့ ဦးလေးကြီး တစ်ယောက်ဖြစ်နေလေ၏။ ကျွန်တော်က သူမ နဲ့ ပက်သက်ပြီး သဝန်တို တဲ့နေရာမှာ မတော်ခဲ့ပါဘူး။ သူမ ကို ချစ်သည့်နေရာမှာတော့ သူမ၏ ex တွေထက်ကော နောက်ဖြစ်လာမည့် ဒါမှမဟုတ် လက်ရှိ သူမရဲ့ ချစ်သူ/ယောကျ်ား တွေထက် တော်လွန်းတယ်လို့ သိရှိခံစားမိပါတယ်။ သူမ လည်း ကျွန်တော် ခံစားမိသလို ခံစားမိနိုင်ပါစေ။ သို့ပေမယ့် ခံစားချက်တွေ ခဏဆို မေ့ပျောက်နိုင်တဲ့ သူမ ရဲ့ အကျင့်ကြောင့် ကျွန်တော့်ကို မေ့သွားခဲ့ပြီဆိုတာ သေချာပါသည်လေ။ ကျွမ်းသွားသည့် မီးလုံးဆိုသည်မှာ ဘယ်တော့မျှ ပြန်သုံးလို့မရပါပေ ။ ကျွန်တော်သည် သူမ၏ ကျွမ်းသွားသည့် မီးလုံးတစ်လုံးသာဖြစ်သည်။



သူမရဲ့  နှုတ်ခမ်း ၊ ကိုယ်သင်းရနံ ၊ ဂရုမစိုက်ဟန် ၊ သူမရဲ့ လက်ရာ မာလာရှမ်းကော နဲ့ မုန့်လာဥ ဟင်းချိုရည် ၊ သူမရဲ့ ဝင်သက်ထွက်သက်တိုင်း ၊ ကျွန်တော် ကားမောင်းတိုင်း အိပ်ချင်မှာစိုးလို့ အမြဲနှိပ်ပေးတဲ့ သူမ ၊ ပန်းတွေကို ချစ်တတ်တဲ့ သူမ ၊ စာပေကို မြတ်နိုးတဲ့ သူမ ၊ ဟန်ဆောင်မှုတွေရှိခဲ့ရင်တောင် ကျွန်တာ့်ကို ချစ်ပေးခဲ့တဲ့ သူမကို ကျွန်တော် သိပ်ချစ်ခဲ့ပါတယ်။ နောက်တစ်ခေါက် ထပ်ပြောပါရ‌စေ ။ ကျွန်တော် သူမကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်အကြောင်းက ရုပ်ရှင်တစ်ပုဒ်ဆိုလျှင် ပျော်စရာတွေ စိတ်ညစ်စရာတွေ ခွဲခွာခြင်းတွေ နဲ့ ပရိသတ်တွေကို ညှို့ယူဖမ်းစားစေခဲ့ပြီး ဇာတ်သိမ်းပိုင်းမှာ မင်းသား နဲ့ မင်းသမီး ပြန်ပေါင်းထုတ်ဖို့ မင်းသမီးက ပြန်ချစ်ပေးရန်သာ လိုတော့သည်လေ။ သို့ပေမယ့် ဇာတ်လမ်း၏ ဇာတ်သိမ်းပိုင်း အစစ်အမှန်က သုသာန်တစ်ခု၏ အုပ်ဂူဖြူဖြူလေးတစ်လုံးမှာ မှေးစက်လှဲလောင်းနေခဲ့သည့် အရှုံးသမားတစ်ယောက်၏ ဘ၀ဇာတ်သိမ်းပေါ့။ 


ဆုတောင်းတိုင်းသာ ပြည့်ခဲ့ရင် ၊ တကယ် ချစ်ခြင်းတွေမှာ အသွားအပြန် ရှိခဲ့ရင် ၊ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့ရင် ၊ ဖြစ်ခဲ့ရင် ၊ ရှိခဲ့ရင် ၊ လုပ်ခဲ့ရင် ၊ ခဲ့ရင် ဆိုတဲ့ နောင်တ ဖြစ်စေတဲ့ အတွေးတွေကနေ ရုန်းထွက်ချင်ပြီ ၊ လွတ်မြောက်ချင်ပြီ ။ တစ်ယောက်တည်း စကားပြောနေတဲ့ အခြေအနေကနေလည်း လွတ်မြောက်ချင်ပြီ ၊ ပြီးပြည့်စုံတဲ့ သူတစ်ယောက် မဟုတ်တောင် သူမ ကို ပျော်ရွင်စေမယ့် လူတစ်ယောက် ပြန်ဖြစ်ချင်ပြီ ။ ချစ်ခြင်းတွေက အဆုံးသတ်မှာ ကြေကွဲရခြင်းဆိုရင် ပျော်ရွင်စွာ ရယ်မောရင်း လောကကြီးထဲက အရင်ထွက်ခွာသွားတဲ့ ကြေကွဲစွာ အဆုံးသတ်ခြင်းမျိုးပဲ ဖြစ်ချင်သည်။ ဒီ သံသရာမှာ သူမ အတွက် အချစ်တတ်ဆုံး ၊ ပျော်ရွငိမှု အပေးနိုင်ဆုံး လူတစ်ယောက်အနေဖြင့် ရှိနေချင်သည် ။ ဒါမှမဟုတ် သူမ အချစ်ဆုံး ၊ သူမ ကို အပျော်ဆုံး ထားပေးမယ့် သူ တစ်ယောက်ကိုလည်း အမြန်ဆုံး ရှာတွေပါစေလို့ ဆုတောင်းပေးပါသည်။


အဲ့ဒီလူ က ကျွန်တော် အဖြစ်နဲ့ပေါ့လေ ။ 

(ဆုတောင်းလေ .. ဆုတောင်း) 



တစ်ချိန်ကကျွန်တော်


No comments: