Thursday, October 3, 2024

~ စကေဘီ ကျော်ကြီး ~


 


ကျွန်တော်တို့ လူသားရယ်လို့ ဖြစ်လာရင် ပုံမှန်မဟုတ်ဘဲ စွဲလမ်းတတ်သည့် အရာတစ်ခုခု ရှိတတ်ကြသည်။ ကျွန်တော်သည် ဒေါက်မြင့်ဖိနပ်နီနီလေးကို မြင်လျှင် သဘောကျလိုက်ကြည့်တတ်သည့် အကျင့်ရှိသည်။ ကျွန်တော်၏ ဖိနပ်အနီလေးပေါ် စွဲလမ်းမိခဲ့သည့် အကြောင်းကို ပြောပြခဲ့ဖူးပြီးဖြစ်သည်။ ယခု ကျွန်တော် ပြောပြချင်သည်မှာ ကျွန်တော်၏ ငယ်သူငယ်ချင်းတစ်ယောက် သူ၏ ခေါင်းအုံးလေးပေါ် စွဲလမ်းသည့် အကြောင်းအရာလေး ဖြစ်ပါသည်။

သူ၏အမည်က ကျော်ကြီး။ အရပ်က ၅ ပေ ၁၁ လက်မ၊ ဘော်ဒီတောင့်တောင့်ဖြင့် လူဖြောင့်ထဲမှာ ပါသည်။ ဆံပင်မတိုမရှည်နှင့် ပြုံးလိုက်လျှင် သွားတက်လေးနှစ်ခု ပေါ်သည်က ကျော်ကြီး၏ ဆွဲဆောင်မှုပင်ဖြစ်သည်။ ကျွန်တော်၏ ငယ်ပေါင်း ၅ ယောက်ထဲတွင် ကျော်ကြီးသည် ဒုတိယ အရပ်အမြင့်ဆုံးဖြစ်၏။ အရပ်အမြင့်ဆုံးမှာ ကျော်ကြီး၏ညီ ကြက်ကြီးဖြစ်ပြီး အရပ် ၆ ပေ ရှိသည်။ နောက်ကျန် ၂ ယောက်ဖြစ်သည့်အထဲတွင် ကျော်လေးသည် အရပ် ၅ ပေ ၁၀ လက်မ၊ စောထက်သည် ၅ ပေ ၉ လက်မ ဖြစ်ပြီး ကျွန်တော်သည် အဖွဲ့ထဲတွင် အရပ်အပုဆုံးဖြစ်သည်။ ၅ ပေ ၇ လက်မ ဆိုသည့်အရပ်က ပုသည့်ထဲတွင် မပါသော်လည်း ကျွန်တော်တို့ ဘော်ဒါတွေစုပြီး လမ်းလျှောက် လာသည့်အခါ ကျွန်တော်သည် သိသိသာသာ ပုနေခဲ့ပါသည်။

ကျွန်တော်တို့သည် ၁၉၈၅ ပတ်ခြာလည် မွေးဖွားကြသည့် ခေတ်ဖြစ်သည့်အတွက်ကြောင့် ကျွန်တော်တို့ မြီးကောင်ပေါက်အရွယ်တွင် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု၊ စာပေယဉ်ကျေးမှု၊ ဂိုဏ်းဖွဲ့ပြီး သူ့အုပ်စု ကိုယ့်အုပ်စု နေကြသည့် ခေတ်လို့ ပြောလို့ရသည်။ ကျွန်တော်တို့ခေတ်မှာ နာမည်အကြီးဆုံးဂိုဏ်းကတော့ စကော်ပီယန်ဂိုဏ်းပေါ့။ ကျွန်တော်တို့အဖွဲ့ကတော့ လူ ၁၅ ယောက်လောက်ရှိသည့် ပါချီပါချပ်ဂိုဏ်းပင်။ ဂိုဏ်းအချင်းချင်း လူရိုက်ဖူးလား၊ အုပ်စုဖွဲ့ချဖူးသလား မေးလျှင် ၃ ခါလောက် ကြုံဖူးပါသည်။ ဒါပေမယ့် ကျွန်တော် တစ်ချက်မှ မထိုးလိုက်ရသလို ကျွန်တော်တို့လည်း တစ်ချက်မှ အထိုးမခံရပေ။ အဖွဲ့ထဲမှာ လက်အသွက်ဆုံးဖြစ်သည့် စောထက်က ၂ ချက်လောက် စထိုးလိုက်လျှင်ပင် ကျန်သည့်အဖွဲ့မှာ ချက်ချင်း ဒူးထောက်တောင်းပန်ကြသည်လေ။ အထင်တော့ မကြီးလိုက်ပါနှင့်၊ ကျွန်တော်တို့က ကိုယ့်ရပ်ကွက်တွင် ကျယ်သည့် အိမ်ကျယ်ဂိုဏ်းသာ ဖြစ်သည်။ အခြားသွားပြီး ဘယ်တော့မှ ရန်မဖြစ်ဘဲ ကိုယ့်ရပ်ကွက်ကို စောင့်ရှောက်သည့် မအေးဘေးအုပ်စုသာ ဖြစ်သည်။

ကျွန်တော်တို့ဂိုဏ်းတွင် လူရှိန်အောင် ကျွန်တော်တို့ နာမည်ရှေ့မှာ ကိုယ်ကိုင်ဆောင်သည့် လက်နက်များကို ထည့်သွင်းပြီး ခေါ်လေ့ရှိသည်။ ဓားတိုးကြီး၊ ဝါးရင်းတုတ် ကျော်လေး၊ စကေဘား ငစော စသည်ဖြင့်ပေါ့။ ကျွန်တော်က ခဲငစိုင်း ပင်။ ဒီလိုနာမည်ပေးတော့ ကျော်ကြီးလည်း သူ့မှာ အဲ့လို ဖိုက်တာနာမည် လိုချင်သည်လေ။

"ဟရောင့် ကျော်ကြီး... ငါတို့အဖွဲ့ထဲမှာလည်း လက်နက်စုံသွားပြီ၊ ပေးထားတဲ့ နာမည်တွေ ထပ်ရင် မကောင်းဘူးကွ... ဒီတော့ မင်းကို စကေဘီ ကျော်ကြီး လို့ ခေါ်မယ်ကွာ"

ကျွန်တော်ကပင် ကျော်ကြီးကို နာမည်ပေးလိုက်ခြင်းပင်။ ကျော်ကြီးက စကေဘီဆိုတာ ဘာကြီးလဲလို့ ကျွန်တော့်အား မေးပါသည်။ စကေဘီဆိုတာ ပေါက်ဓားမြှောင်ကို ပြောတာကွလို့ ကျွန်တော် ဖြေလိုက်ပါသည်။ ကျွန်တော် ပေးလိုက်သည့် နာမည်ကို ကျော်ကြီး တော်တော် သဘောကျနေတာပေါ့ဗျာ။ ဒါပေမယ့် စောထက်သည် ကျွန်တော် ကြပ်လိုက်သည်ကို ရိပ်မိသည်။ ဒါကြောင့် ကျော်ကြီးကွယ်ရာတွင် စကေဘီဆိုတာ ဘာလဲလို့ လာမေးသည်။ ကျွန်တော်သည် ကျော်ကြီးလစ်တုန်း ကျန် ၃ ယောက်အား စကေဘီဆိုသည်မှာ ဘာဆိုတာဖြစ်ကြောင်း ရှင်းပြတော့ တခွီခွီ ဖြစ်ကုန်ကြ၏။

ကျော်ကြီး၏ အခြားထူးခြားချက်တစ်ခုမှာ အတွင်းခံဘောင်းဘီ မဝတ်ခြင်းနှင့် အမြဲဖင်ကုတ် ဘောကုတ်နေတတ်သောကြောင့် "ဝဲထူ" လို့ ကျွန်တော်တို့ စတတ်ကြသည်။ အဲ့လိုခေါ်လျှင် ကျော်ကြီး မကြိုက်ပေ။ ဒါကြောင့် Scabies (စကေဘီ) ဆိုသည်မှာ ဝဲခြောက်ကို ပြောတာဖြစ်ပြီး စကေဘီကျော်ကြီး ဆိုသည်မှာ "ဝဲထူကျော်ကြီး" ပင်ဖြစ်ကြောင်း ရှင်းပြလိုက်ခြင်းပင်။ ကျော်ကြီးတွင် အခြားနာမည်တစ်ခု ရှိပါသေးသည်။ ကျွန်တော်တို့ အားလုံး "မျောက်ကြီး" လို့ ရံဖန်ရံခါ ခေါ်ကြသေးသည်။ ဒီနာမည်လည်း သူမကြိုက်ပါ။ ဒါကြောင့် ခပ်မိုက်မိုက် ဂျပန်နာမည်ပေးမယ် သုံးမလားဆိုတော့ မိုက်လျှင် သုံးမည်ဖြစ်ကြောင်း မျောက်ကြီးက ပြောသည်လေ။ ဒါကြောင့် ကျွန်တော်လည်း 

"စရုအိုကီ (Saru Oki)" လို့ ခေါ်မယ်ကွာ၊ ဒီနာမည်က ယာကူဇာဂိုဏ်း ခေါင်းဆောင်တစ်ယောက်၏ နာမည်” 

လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါသည်။ ဒီနာမည်ကတော့ သိပ်မကြာခင်မှာပဲ ဘာလဲဆိုတာ သိသွားတော့ ကျွန်တော်တို့အားလုံးကို စိတ်ကောက်သေးသည်။ Saru Oki ဆိုသည်မှာ ဂျပန်လို "မျောက်ကြီး" လို့ ခေါ်ခြင်းပင်။ သို့ပေမယ့် ယနေ့အချိန်ထိ စကေဘီ ကျော်ကြီး ဆိုသည့် အဓိပ္ပာယ်ကိုတော့ မသိရှိသေးပေ။ ကျော်ကြီး၏ညီ ကြက်ကြီးကအစ ယနေ့အချိန်ထိ နှုတ်လုံသည်လေ။

စကေဘီကျော်ကြီး (ခေါ်) မျောက်ကြီး၏ တစ်လွဲများအကြောင်းကို နောင်အခွင့်ကြုံလျှင် ဖောက်သည်ချပါဦးမည်။ ယခုတော့ မျောက်ကြီး၏ အစွဲအလန်း စိတ္တဇအကြောင်းကို ဆက်ပြောပါမည်။ စကေဘီကျော်ကြီးထံတွင် သူ လူမှန်းသိတတ်စကတည်းက အိပ်လျှင် အသုံးပြုခဲ့သည့် ခေါင်းအုံးလေးတစ်ခု ရှိသည်။ ခေါင်းအုံးဆိုပေမယ့် မှို့မရှိတော့ဘဲ ခေါင်းအုံးစွပ်အဖြူ စွပ်ထားသည့် ဗုတ်ဗုတ်ဗိုင်ဗိုင် ဖြစ်နေသည့် ခေါင်းအုံးတစ်ခုဆို ပိုမှန်မည်။ စကေဘီကျော်ကြီးသည် ထိုခေါင်းအုံးလေးကို အင်မတန် မြတ်နိုးသည်လေ။ အိမ်မှာနေသည့် အခါတိုင်း ပခုံးပေါ်မှာ အမြဲထိုခေါင်းအုံးလေးကို တင်ထားတတ်ပြီး လက်တစ်ဆုပ်စာ ကျန်ရှိသည့် ခေါင်းအုံးထဲကမှို့ကို တစ်ဖက်ထိပ်တွင် စုလျက် အမြဲညှစ်ပြီး နယ်နေတတ်သေးသည်။

တစ်ခါတစ်ရံ ဘာတွေတွေးလို့ တွေးမှန်းမသိ၊ သွားတက်လေး နှစ်ခုပေါ်အောင် ပြုံးပြီး မျက်လုံးက တစ်နေရာကို ကြည့်လျက် ခေါင်းအုံးလေးကို လက်တစ်ဖက်က နယ်ပြီး ညှစ်နေသည်မှာ နို့သည်ကုလားကြီး နို့ထွက်ကောင်းသော နွားမကြီးအား အားရပါးရ ကျေနပ်နေသော မျက်နှာဖြင့် နို့ညှစ်နေသလိုပင်။ ထိုခေါင်းအုံးလေးကို စကေဘီ ကျော်ကြီးက သွားလေရာ ယူသွားတတ်သည်။ တန်ဆောင်မုန်းလပြည့်ည တစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ကျော်ကြီးအိမ်မှာ စုအိပ်ကြသည်။ ထိုနေ့ညမှာ ကျွန်တော်တို့အားလုံး ကျော်ကြီးကို စချင်သောကြောင့် ၎င်းခေါင်းအုံးလေးကို သေချာဖွက်၍ မသိသလို နေနေကြသည်လေ။

အိပ်ချိန်ရောက်တော့ ကျော်ကြီး ခေါင်းအုံးပျောက်နေသည့်အတွက်ကြောင့် ပြာယာခတ်နေသည်။ အစမှာ ကျွန်တော်တို့ကို မမေးဘဲ တစ်ခန်းဝင်တစ်ခန်းထွက်နှင့် ရှာနေသည်။ ကျွန်တော်တို့က မသိသလို တစ်ယောက်ကို တစ်ယောက် မျက်စိပစ်လျက် ဖွင့်ထားသည့် ရုပ်ရှင်သာ ဆက်ကြည့်နေသည်။ ၁၀ မိနစ်လောက်ကြာတော့ ကျော်ကြီးက 

"မင်းတို့တွေ ငါ့ခေါင်းအုံး ဖွက်ထားကြသေးလား" 

လို့ မေးလာသည်။ ကျွန်တော်တို့အားလုံးက တိုင်ပင်ထားကြသည်ဆိုတော့ မသိကြောင်း၊ မတွေ့ကြောင်းပဲ ပြောပြီး ခပ်တည်တည်နှင့် ရုပ်ရှင်ဆက်ကြည့်နေကြသည်ပေါ့။

စကေဘီကျော်ကြီးတစ်ယောက် သူ့မိဘအခန်းထဲ ဝင်သွားသည်။ ၁ မိနစ်လောက်ကြာတော့ ရှုံမဲ့မဲ့နှင့် ပြန်ထွက်လာသည်။ ပြီးတော့ ငိုသံကြီးနှင့် ကျွန်တော်တို့ဆီလာပြီး 

"မင်းတို့ဖွက်ထားရင်လည်း ပြန်ပေးကြပါကွာ... ငါ ခေါင်းအုံးလေး မရှိဘဲ မအိပ်တတ်ဘူးကွာ... ပြန်ပေးကြပါကွာ" 

လို့ မျက်နှာကလည်း တော်တော်ပျက်နေပြီ။ ကျွန်တော်တို့လည်း မှင်သေသေနှင့်ပင် မသိကြောင်း၊ မဖွက်ထားကြောင်း၊ မစကြောင်း ပြန်ပြောလိုက်သည်။ စကေဘီကျော်ကြီး၏ သည်းခံနိုင်မှုနှင့် သူချစ်သော ခေါင်းအုံးလေး ရှာမတွေ့တော့သည့်အတွက်ကြောင့် ဒေါသများ တလိပ်လိပ် တက်လာပုံရသည်။ နံရံကို ခေါင်းနှင့် ပြေးဆောင့်သည်။ လက်သီးနှင့် နံရံကို အချက်ပေါင်းများစွာ ထိုးသည်။ ပါးစပ်ကလည်း အားဗြဲကြီးနှင့် အော်သေးသည်။ ကျွန်တော်တို့အားလုံးလည်း လန့်သွားကြပြီး ဖွက်ထားသည့် ခေါင်းအုံးကို ပြန်ပေးလိုက်ကြရသည်။ ခေါင်းအုံးရတော့ "ခွေးသားတွေ" လို့ ဆဲပြီး အခန်းတံခါး ဆောင့်ပိတ်ကာ တစ်ယောက်တည်း အိပ်သွားသည်။ နောက်နေ့ နေ့လည် ၁၂ နာရီလောက်ထိ အခန်းထဲက ထွက်မလာတော့ပေ။ ထို့နောက် တစ်ပတ်လောက်ထိ ကျွန်တော်တို့နှင့် အတွေ့မခံပေ။ ကျွန်တော်တို့အားလုံး တော်တော်ချော့လိုက်ရသည်။ ကျွန်တော်တို့အားလုံး အံ့ဩမိသည်မှာ ခေါင်းအုံးလေး ပျောက်ရုံလေးနှင့် စကေဘီကျော်ကြီး၏ ဒေါသ၊ ခေါင်းအုံးလေးပေါ် ထားရှိသည့် ငြိတွယ်မှုနှင့် ကြောက်စရာကောင်းသည့် စွဲလမ်းမှုစိတ်ကိုပင်။

ကျွန်တော်အနေဖြင့် ဖိနပ်အနီလေးကို သဘောကျ စွဲလမ်းသည်ဆိုခြင်းမှာ တမင်လိုက်ရှာပြီးလည်း မကြည့်မိပါ၊ စီးလည်း မစီးချင်ပါ။ ခြေထောက်လှလှလေးက ဒေါက်ဖိနပ်နီနီလေးကို စီးထားခြင်းကို တွေ့မိလျှင် သဘောကျမိခြင်း သက်သက်ပင်။ စကေဘီ ကျော်ကြီး၏ ခေါင်းအုံးလေးအပေါ် စွဲလမ်းမှုက ဆိုက်ကိုဆန်သည်လေ။ ဒါကြောင့် "ဆိုက်ကို စကေဘီ မျောက်ကြီး" လို့လည်း ကျွန်တော်တို့ သူ့နောက်ကွယ်မှာ ပြောင်းခေါ်ကြသေးသည်။

ဒီလိုနှင့် ၁၀ စုနှစ်တစ်ခုကျော်လောက် ဖြတ်သန်းလို့ အပြီးမှာ ခေါင်းအုံးလေး မရှိတော့ကြောင်း ကြက်ကြီးဆီမှ ကြားသိရသည်။ စကေဘီကျော်ကြီးက ဖခင်နှင့်အတူ သင်္ဘောတစ်စီးတည်း အတူကျသည်လေ။ ဖေကြီးကလည်း ခပ်နောက်နောက်ဆိုတော့ ကျော်ကြီး၏ ခေါင်းအုံးအား သမုဒ္ဒရာထဲသို့ ပစ်ချလိုက်ပြီး ခေါင်းအုံးလေး ဇာတ်လမ်းအား အဆုံးသတ်လိုက်သည်။ ခေါင်းအုံးလေး မရှိတော့သည့်အတွက် သင်္ဘောပေါ်တွင် ရက်အတော်ကြာ ဖျားကြောင်းနှင့် ဖေကြီးကိုလည်း သင်္ဘောပေါ်တွင် လုံးဝ စကားမပြောတော့ကြောင်း၊ သင်္ဘောပေါ်က ပြန်ဆင်းလာတော့လည်း တစ်အိမ်တည်းနေပေမယ့် ဖေကြီးအား ၆ လလောက် လုံးဝ စကားမပြောဟု ပြောပြသည်လေ။

စကေဘီကျော်ကြီး ဘယ်လောက်များ ကြေကွဲနေလိုက်မလဲဗျာ။ ကျွန်တော် ကြားကြားချင်း တစ်ချက်သာ ရယ်မိပါ၏။ ချက်ချင်းပင် မိမိရယ်မိခြင်းကိုလည်း အားနာမိပါသည်။ စကေဘီကျော်ကြီးတစ်ယောက် ချစ်ရသူတစ်ယောက် သမုဒ္ဒရာထဲ ရေနစ်သေဆုံးသွားသလို ခံစားချက်မျိုး ခံစားခဲ့ရမှာ အသေအချာပင်။ အသက် ၃၀ ကျော်လောက်အထိ သူနှင့် ညအိပ်တိုင်း အတူတူရှိခဲ့သည့် သူ၏သူငယ်ချင်း၊ သူ၏ချစ်သူ၊ သူ၏မိန်းမလိုလည်း ဖြစ်ခဲ့သော ခေါင်းအုံးလေး သေဆုံးသွားခြင်းအတွက် ပူဆွေးသောက တော်တော်များခဲ့မည်ကိုလည်း ထပ်တူ ခံစားမိသည်။ ခေါင်းအုံးလေး ပျောက်ဆုံးသေဆုံးသွားသည့် လက်သည်တရားခံမှာလည်း မိဘဖြစ်နေခြင်းအတွက်ကြောင့် စကေဘီကျော်ကြီး၏ ပေါက်ကွဲခြင်းများ၊ မျိုသိပ်ငိုကြွေးရခြင်းများက လွတ်လွတ်လပ်လပ် ပေါက်ကွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ကြိတ်မှိတ်ငိုကြွေးရင်း သင်္ဘော၏ ထောင့်တစ်နေရာမှာ သေဆုံးသွားသည့် ခေါင်းအုံးလေးအတွက် အမျှအတန်း ပေးဝေနေပုံကိုလည်း ကျွန်တော် မြင်ယောင်မိပါသည်။ သင်္ဘောတက်သည့် အခါတိုင်း ခေါင်းအုံးလေး သေဆုံးသွားခဲ့သည့် နေရာရောက်တိုင်း စကေဘီကျော်ကြီးတစ်ယောက် သမုဒ္ဒရာရေပြင်မှာ ခေါင်းအုံးလေး၏ ရုပ်ကြွင်းလေးများ ရှိမလားလို့ လိုက်ရှာနေခြင်းကိုလည်း ထပ်တူခံစား မြင်မိပါတယ် ကျော်ကြီးရယ်။

ခေါင်းအုံးလေး ပျောက်ဆုံးသေဆုံးသွားခြင်းအတွက် ထပ်တူကြေကွဲ ခံစားမိသလို ခေါင်းအုံးလေး ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းရင်း အမျှ အကြိမ်ကြိမ် ပေးဝေပါ၏။ ခေါင်းအုံးလေး အမျှရ၍ ကောင်းရာမွန်ရာ ရောက်ရှိပြီး တစ်ချိန်ချိန်မှာ မိမိချစ်သော စကေဘီကျော်ကြီးနှင့် ပြန်ဆုံပါစေသား ဆုတောင်းရင်းပေါ့။


ကျွန်တော်

No comments: