Sunday, October 20, 2024

** မောင်စိုင်း၏ထရောမာအပိုင်းအစ **



 

အမရာသေဆုံးသွားပြီးသည့်နောက် ကျွန်တော့်အတွက်အရာရာ ပြောင်းလဲသွားခဲ့ပါသည်။ ဆိုရှယ်သိပ်ကျခဲ့သည့် ကျွန်တော်က ခုဆို လူတွေများသည့်နေရာကို လုံး၀ရှောင်တတ်နေခဲ့ပြီ။ ဘာတွေပဲပြဿနာရှိခဲ့ ရှိခဲ့ အေးဆေးတည်ငြိမ်စွာဖြေရှင်းနိုင်ခဲ့သည့် ကျွန်တော်သည် ခုဆို  အာရုံစိုက်နိုင်မှုတွေ လျော့ပါးလာခဲ့သည်။ မျက်လုံးမှိတ်လိုက်တိုင်း ခံစားရသည့် နာကျင်မှုတွေ၊ ဒေါသတွေ ၊ အာရုံထဲပေါ်ပေါ်လာတတ်သည့် သွေးစက်တွေ နှင့် သွေးရောင်လွှမ်း ပြီး ဒေါသထွက် နေသည့် အမရာ၏မျက်နှာ ပုံရိပ်တွေကိုလည်း မကြာခဏဆို မြင်နေခံစားနေမိသည်ပေါ့။ အမရာ ကျွန်တော့်သက်ရှိဘ၀ထဲကနေ အပြီးအတိုင် နှုတ်ဆက်သွားသည်တော့ သေချာသည်လေ။ 


အလုပ်ကိုပုံမှန်အတိုင်း သွားမြဲကျွန်တော် သွားခဲ့ပါသည်။ နေ့ရောညပါ အလုပ်တွေထဲခေါင်းနစ်ထားခဲ့သည်လေ။ အလုပ်တွေရှုပ်နေရင် အလုပ်တွေများနေရင် ကျွန်တော် အတိတ်ကို မေ့နိုင်မယ်လို့ထင်မြင်ယူဆ ခဲ့သည်ကိုး။ သို့ပေမယ့် အတိတ်ကို မေ့နိုင်ဖို့ ဘယ်လောက်ပင် ကြိုးစားပါစေ အတိတ်၏ ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းတွေသည် အရိပ်တွေလို ကျွန်တော့်နောက်မှာ ကပ်ပါလာခဲ့သည်လေ။ ကျွန်တော် ရုံးခန်းထဲမှာ ရှိတိုင်းလည်း အမရာ ကျွန်တော့်နားမှာ ရှိနေတယ်လို့ ခံစားမိတယ်။ ရှိရင်လည်း ရှိနေမှာပေါ့ ကျွန်တော့်စိတ်ကြောင့် သေဆုံးသွားသည့် သူမလည်း ကျွတ်ချင်မှ ကျွတ်မှာကိုး။ ထမင်းစားသည့်အချိန်ဆိုလျှင်လည်း ကျွန်တော်နှင့် အမရာ တူတူပျော်ပျော်ရွင်ရွင် ထမင်းလက်စုံ စားခဲ့သည့်ပုံရိပ်တွေ၊ တူတူရယ်မောခဲ့သည့်အကြောင်းရာတွေ ၊ တူတူရှိခဲ့သည့် အချိန်တွေကို ပိုပြီးအမှတ်ရစေခဲ့သည်။ ယခုတော့ ဒီပတ်ဝန်းကျင်သည် အမှတ်တရတွေ နဲ့သာ ပြည့်နှက်လို့သာ နေတော့သည်။ 


ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်နှင့် ဆရာသမားများလည်း ကျွန်တော်ပြောင်းလဲသွားသည်ကို အားလုံးသိကြပါသည်။ ခါတိုင်း အားအင်အပြည့်နဲ့ အလုပ်လုပ်ရာတွင် ကိုယ်ရောစိတ်ပါ နစ်လုပ်တတ်သည့် ကျွန်တော်သည် အလုပ်ကို အချိန်မှန်သွား၊  အချိန်မှန်ပြန်နှင့် လုပ်ငန်းမှ သတ်မှတ်ထားသည့် စနစ်ကြီးထဲမှာ မဖြစ်မနေ ပုံမှန်လှုပ်ရှားနေသည့် ဝန်ထမ်းတစ်ယောက်လိုသာ ဖြစ်နေသည်လေ။ အောက်လက်ငယ်သားတွေ နှင့် အထက်လူကြီးများ မေးမြန်းသည့်ခါတိုင်း မေးသလောက်သာ လိုရင်းသာ ပြန်ဖြေဆိုပုံကလည်း ပြောင်းလဲသွားသည်။ လူတွေကတော့ ကျွန်တော် ဒီလိုပြောင်းလဲသွားပုံကို တိုးတိုးတိတ်တိတ် သတင်းတစ်ခုလိုဖြစ်လို့နေသည်။ သို့ပေမယ့် မည်သူမျှတော့ တိုက်ရိုက်လာ မမေးကြပေ။ အမရာ မရှိတော့သည့် ဒီလုပ်ငန်းထဲမှာ ကျွန်တော်ရှင်သန်ဖို့အတွက်သာ လုပ်နေရခြင်းဖြစ်ပြီး စိတ်တွေကတော့ အမရာနှင့်အတူ သေဆုံးသွားခြင်းဖြစ်မည်။ 


အိမ်မှာလည်း ကျွန်တော်သည် အမြဲတစ်ယောက်တည်းပင်။ ဆိုရှယ်ကြိုက်သည့် ကျွန်တော်သည် အားလပ်ချိန်တိုင်း အထီးကျန်စွာရှိနေသည့် ကျွန်တော်၏ အခန်းလေးထဲမှာပဲ တွင်းအောင်သာ နေတတ်လာခဲ့သည်။ အပြင်ထွက်ဖို့ မဆိုထား နှင့် လူတွေနှင့် စကားပြောဖို့တောင် ပြောချင်စိတ် သွားချင်စိတ်တွေ ကုန်ခမ်းသွားလေသည်။ တစ်ကြိမ်တစ်ခါတည်း ချစ်ခြင်းကို ခံစားခဲ့ဖူးပေမယ့် ကြုံခဲ့ရသည့် ကံကြမ္မာဆိုးကြောင့် အချစ်ကိုတော့ ကျွန်တော်လုံး၀ ကြောက်သွားခဲ့ပြီ။ ဒါကို ထရောမာလို့ ခေါင်းစဉ်တပ်မည်ဆိုလျှင် ကျွန်တော်ဘယ်လိုမှ လွတ်မြောက်နိုင်ခြင်းမရှိသည့် ထရောမာအပိုင်းအစများ လို့သာခေါင်းစဉ်တပ်ချင်သည်။ 


အိမ်မက် မမက်တတ်သည့် ကျွန်တော်သည် အိမ်မက်ဆိုးတွေကို လတော်အကြာ မက်နေခဲ့သည်။ မက်သည့် အိမ်မက်တွေကလည်း အမြဲ အကြောင်းအရာတစ်ခုတည်းပင်။ အိမ်မက်ထဲမှာ အမရာ စိတ်လွတ်သွားသည်။ ပြီးတော့ ခေါင်းမိုးပေါ်ပြေးတက်သွားတယ်၊ ကျွန်တော် တားလိုက်ချိန်မရပဲ သူမ ခုန်ချသွားတယ်။ ကျွန်တော် ကြောက်လန့်တကြား နဲ့ လှမ်းအော်ပြီး တားတယ်။ သူမ တစ်ချက်လေးလှည့်ကြည့်ပြီး ပြုံးပြ ခုန်ချသွားတယ်။ ကျွန်တော် ချွေးတွေ ချွဲနစ်ပြီး အိမ်မက်က လန့်နိုးလာတယ်။ ဒါတွေက ညတိုင်းလိုလို မက်နေကျ ထိတ်လန့်ခြောက်ခြားစရာ ကျွန်တော် မလိုချင်ပဲ မက်နေရသည့် အိမ်မက်တွေပင်။  ကျွန်တော် အိပ်ရမှာကို ကြောက်ရမှာထက် မျက်လုံးခဏမှိတ်ဖို့တောင် ကြောက်လာသည်။ မဖြစ်မနေ  အိပ်ဖို့ လိုအပ်လို့သာ ကျွန်တော် အိပ်နေရသည်။ တစ်ရက်တစ်ရက် မအိပ်ခင်မျက်နှာကြက် ကိုကြည့်ပြီး ကျွန်တော် ဘာအမှားတွေ လုပ်ခဲ့မလို့ ဒီလို အိမ်မက်ဆိုးတွေ ညစဉ်ရက်ဆက်မက်နေရသလည်းလို့လည်း တွေးနေမိသည်။ အိမ်မက်ကနေ ကြောက်လန့်တကြားနိုးလာတိုင်း အမရာ ရေ မနှောက်ယှက်ပါတော့နှင့်လို့လည်း ကျွန်တော် မပြောဖြစ် မတောင်းပန်ခဲ့ပါလေ။ အိမ်မက်ဆိုးထဲက နိုးလာတိုင်း "ကျွန်တော့်အနား ခုထိရှိနေပေးလို့ ကျေးဇူးတင်ပါတယ် အမရာ" လို့ တိုးတိုးလေး ပြောဆိုတတ်ခြင်း ကြောင့်ပဲ အခုလို အိမ်မက်ဆိုးတွေ ဆက်တိုက် မက်နေလားမသိပေ။  အမရာ မကျွတ်သေးပဲ ကျွန်တော့် အနားမှာ ရှိနေတယ်လို့ခံစားမိတဲ့ ယုံကြည်ချက်ကြောင့်လည်း ဖြစ်မှာပေါ့။ 


တစ်ရက် ကျွန်တော်ရုံးခန်း ပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးကြည့်နေမိသည်။ ကျွန်တော်မျက်စိရှေ့မှာ လမ်းလျှောက်လာနေသည့် စုံတွဲတစ်တွဲကို ကျွန်တော် သတိထားမိလိုက်သည်။ သူတို့ တစ်ယောက်လက်ကို တစ်ယောက်တွဲထားရင်း ရယ်နေကြတယ်၊ တစ်ယောက်ကိုတစ်ယောက်ကို ကြည့်လိုက် ရယ်စရာအကြောင်းအရာလေးတွေ ပြောလျက် လျှောက်လာပုံရသည်။ သူတို့ နှစ်ဦး၏ မျက်လုံးထဲမှာလည်း ချစ်သည့်အကြည့်တွေကို သူတို့အပြင် ကျွန်တော်လို ဘေးက မြင်မိသည့်လူပါ သတိထားမိသည်လေ။ 

ကျွန်တော်လည်း အမရာနှင့် ထိုကဲသို့သော ချစ်ခြင်းခံစားချက်မျိုး ကိုအမှတ်ရမိစေပြီး ရင်ဘက်ထဲမှာ နာကျင်သည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။ လူတစ်ယောက် ကို လူတစ်ယောက် ပိုင်ဆိုင်မိကြခြင်းဆိုသည်က သဘာ၀ ပဲလေ။ သို့ပေမယ့် ဒီလို သဘာ၀ တရားကြီးက ကျွန်တော် နှင့် လုံ၀ မသက်ဆိုင်ခဲ့ပါဘူး။ 


အချိန်ကြာသည်နှင့် အမျှ ကျွန်တော်တစ်ယောက်တည်း သီးသန့်ဆန်ဆန် နေထိုင်မှုတွေက ပိုပိုဆိုးရွားလာခဲ့သည်။ တစ်ယောက်တည်းရှိချိန်မှာ  အတွေများ၊  မေးခွန်းများစွာနှင့် လုံးလည်ချာလည်လိုက်လာခဲ့သည်။ ကျွန်တော်က ဘာတွေအတွက် ကြိုးစားနေရတာလည်း။ ဘာကြောင့် ကျွန်တော့်ခံစားချက်တွေကို တစ်ယောက်ယောက်ကို ဖွင့်ပြောသင့်၏ မသင့်၏။ အတွေးပေါင်းများစွာနှင့် တိုက်ပတ်နေသည်လေ။ အချိန်တိုင်း ကျွန်တော်တွေးမိနေသည်က ကြုံတွေခဲ့သည့် နာကျင်မှုတွေ၊ ဆုံးရှုံးခဲ့မှုတွေ၊ ပြုမူခဲ့သည့် အပြစ်တွေကိုပင်။ အမရာ သေဆုံးခဲ့ခြင်းအတွက်လည်း မိမိကိုယ်ကို ခွင့်မလွတ်နိုင်ခဲ့ပေ။ တကယ်တမ်းပြောရမည်ဆိုလျှင် ဒီအတိတ်တွေကနေ ကျွန်တော် ရုန်းမထွက်နိုင်သေးပါဘူး။ ကျွန်တော်နှင့် ရင်းနှီးသည့် မိတ်ဆွေအချို့က ဒီအတိတ်ဆိုးကနေ ရုန်းထွက်နိုင်ဖို့ ကူညီချင်ကြပါသည်။ ဒါပေမယ့် ဘယ်သူမှ ကျွန်တော့်ကို ဘယ်လိုအတိတ်တွေကနေ ဆွဲထုတ်ရမလည်းမသိကြပါ။ ကျွန်တော်ကိုယ်တိုင်သည်လည်း သူတို့တွေ၏ ကူညီမှုတွေကို မလိုချင်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်၏ သနားဂရုဏာသက် ကြီးကိုလည်း မလိုချင်ပေ။


ရုံးမှာ အမရာ၏ နေရာအတွက် ဒါမှမဟုတ် ဝန်ထမ်းအသစ်တွေလာရောက် ပူးပေါင်းလုပ်ကိုင်ကြည်သည့်အခါ ကျွန်တော့်စိတ်ထဲ အဆင်ပြေမနေခဲ့ပါဘူး။ ထိုသူတွေက အမရာလို စိတ်ခံစားချက်ပေါက်ကွဲလွယ်သူတွေ၊ အမှားလုပ်မိရင် စိတ်တိုတတ်သူတွေ၊ တော်တော်များများကိစ္စရပ်တွေတိုင်း အမရာလိုနှင့် တူသည့်အမူအကျင့်တွေတူနေခဲ့ရင် ကျွန်တော်ဘာလုပ်ရမလည်းဆိုသည့် ဂယောက်ဂယက် ထရောမာ များလည်းဝင်ရောက်လို့နေသည်ပေါ့။ ဒါကြောင့် ဝန်ထမ်းအသစ်တွေနဲ့ ခပ်ကင်းကင်းနေသည်။ အလုပ်ထက်ပိုသော ခံစားချက်ရင်းနှီးမှုတွေမဖြစ်အောင် ပြုမူနေထိုင်သည်။ ဒီ ထရောမာတွေသည် ကျွန်တော့်ကို လူတွေနှင့် မနီးစပ်အောင် နံရံကြီးတစ်ခု ခြားထားသလိုဖြစ်နေခဲ့သည်လေ။ 


ကျွန်တော်အလုပ်ကထွက်ပြီး အခြားနေရာတစ်ခုကိုထွက်သွားဖို့လည်း အကြိမ်ကြိမ်စဉ်းစားဖြစ်သည်။ ဒါပေမယ့် ကျွန်တော်ဘယ်ကိုပဲ သွားသွား ခံစားနေရသည့် ထရောမာတွေသည် ဘယ်လိုမှ ပျောက်သွားမည်မဟုတ်ဆိုတာကို နားလည်မိသည်။ ကျွန်တော် ခံစားနေရသည် ထရောမာတွေက ကျွန်တော့်ပတ်ဝန်းကျင် ၊ ကျွန်တော်သဘောကျသော ရုံးခန်းနှင့် လုံး၀သက်ဆိုင်နေခြင်းမရှိဆိုသည်ကိုလည်း သဘောပေါက်သည်။ ကျွန်တော်၏ ထရောမာတွေသည် မိမိကိုယ်ထဲတွင်ပင် ရှိသည်လေ။ ကျွန်တော်ဘယ်ကိုပဲပြေးပြေး ဒီထရောမာက နောက်ကနေအမြဲ လိုက်နေမည် ဆိုခြင်းကိုလည်း သိပါသည်။ 


ကျွန်တော် ဘာဆက်လုပ်ရမလည်း ? တစ်ယောက်ယောက်ကို ခံစားနေရတာတွေကို တိုက်ထုတ်နိုင်အောင် ကူညီပေးဖို့ ပြောသင့်နေပြီမဟုတ်ပါလား။ သို့ပေမယ့် တစ်ယောက်ယောက်ကို ပြောပြဖို့အတွက်လည်း စိတ်တွေက အဆင်ပြေမနေပေ။ အမြဲတမ်း အခြားသူတွေကို အကြံညဏ်သာပေးနိုင်ခဲ့သည့် ကျွန်တော်သည် မိမိကိုယ်ကို ထိန်းချူပ်မှုမဲ့ဖြစ်နေခြင်း အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ မတတ်နိုင်တော့သည့် အနေအထားပင်။ သို့ပေမယ့် ကျွန်တော်ဒီလိုဖြစ်နေတာကိုလည်း လူတွေမသိစေချင်သည့် အတ္တစိတ်ကလည်း ဆိုးလွန်းပါသည်။ ကျွန်တော့်အတွက် ပိုတိတ်ဆိတ်စွာနေနေခြင်းသည် ပိုပိုဆိုးရွားလာသလို ခံစားနေရသည်လေ။ 


ဒီထရောမာတွေသည် လုံး၀ ပျောက်ကွယ်သွားဖို့ လွယ်ကူမနေဘူးဆိုသည်ကို ခံစားနေရခြင်းအပြင်၊ အဆင်ပြေပါတယ်လို့ ဟန်ဆောင်နေရခြင်းတွေ၊ ခံစားမှုတွေ အရှိတရားတွေ ဒါတွေအားလုံးကို ကျွန်တော် လက်ခံပြီး ရင်ဆိုင်နိုင်မှသာ အဆင်ပြေပြေ ရှေ့ဆက်လျှောက်လှမ်းနိုင်တော့မည်လေ။ တစ်နေ့နေ့တော့ ကျွန်တာ် ဒီထရောမာတွေကနေ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်ပါသည်။ ယခုချိန်ထိတော့ ကျွန်တော်၏စိတ် ၊ နှလုံးသား အရာအားလုံး ဘယ်သူမှ ဝင်ရောက်လာခြင်းမရှိအောင် သော့ခပ်ပြီး နေထိုင်နေပါသည်။ ထရောမာ တွေကိုသက်သာပျောက်ကင်းအောင် ကုသနိုင်မည့် အခြေအနေရှိခဲ့ရင်တောင် ကုသဖို့ ခြေလှမ်းဆက်လှမ်းဖို့ ကြောက်နေမိဆဲပင်။ 


အရာရာသည် သဗ္ဗေ သတ္တာ ကမ္မသကာ မဟုတ်ပေလား။ 



တစ်ချိန်ကျွန်တော်

No comments: