ကျွန်တော်သည် မနက်တိုင်း ကော်ဖီတစ်ခွက် မသောက်ရရင် မနေနိုင်သည့် လူသားတစ်ယောက်ဖြစ်ပါသည်။ မနက်တိုင်း ကျွန်တော်သောက်သည့် ကော်ဖီတစ်ခွက်သည် ပုံမှန် ကော်ဖီတစ်ခွက်ထက် ပိုသည်လို့ ဆိုပါရစေ။ ကျွန်တော်သောက်သည့် ကော်ဖီခွက်တိုင်းဟာ ကျွန်တော်၏ နေ့စဉ်ဖြတ်သန်းနေသည့် ဘ၀၏ဒိုင်ယာရီ လို့ပြောရင် ရ၏။ ကော်ဖီခွက်များ၏ဒိုင်ယာရီလို့ ပြောမယ်ဆိုလျှင် ပိုမှန်သည်ပေါ့။ ကော်ဖီသောက်လိုက်တိုင်း ကျွန်တော်၏အတိတ် ကိုပြန်အောက်မေ့သလို ပစ္စုပ္ပန် ကိစ္စရပ်များ နှင့် အနာဂတ် အစီအစဉ်တွေကို ချမှတ်နိုင်ဖို့ ခွန်အားတွေပေးသည်လေ။
အင်္ဂါနေ့မနက်ခင်းတစ်ခုမှ ကျွန်တော်စောစီးစွာပဲနိုးထလာခဲ့ပါသည်။ မိုးတွင်းမို့ နေရောင်မမြင်ရပေမယ့် အေးမြခြင်း နှင့် မိုးငွေ့ဝေဝေ အငွေ့အသက်ကိုတော့ ကျွန်တော် ခံစားမိနေပါသည်။ သရဏဂုံတည် မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်ပြီး ကျွန်တော့်အတွက် နေ့စဉ်မနက်တိုင်းလုပ်သည့်အကျင့်က ကော်ဖီတစ်ခွက်ကို ကိုယ်တိုင်ကိုကျ ဖျော်ခြင်းပင်။ ၁၀၀ ရာခိုင်နှုန်းစစ်စစ် ကော်ဖီကိုသာ ကြိုက်နှစ်သက်သူမို့ လက်ဖက်ရည်ဇွန်းနှင့် ကော်ဖီမှုန့် ၂ ဇွန်း၊ သကြား ၁ ဇွန်း ၊ ကော်ဖီမိတ် ၂ ဇွန်းကိုထည့် ရေနွေးအနေတော်ထည့်ပြီး ရောသမွ မွှေလိုက်ပါသည်။ အငွေ့တထောင်းထောင်းနှင့် ထွက်လာသည့် ကော်ဖီနံ့ကို ကျွန်တော် ရှုလိုက်ပါသည်။ ထိုရနံ့က ကျွန်တော်အတွက် မနက်ခင်း ဗိုက်တာမင်ပင်။ ၄ မိနစ်လောက် နှပ်ထားပြီးနောက် ကော်ဖီခွက်ကို နှုတ်ခမ်းလေးနှင့်ဖိပြီး တစ်ငုံလောက်အရင်သောက်လိုက်သည်။ လည်ချောင်းထဲသို့ ဖြေးဖြေးချင်းဆင်းကျသွားသည့် ကော်ဖီစီးချောင်း၊ မော့လိုက်သည့်အချိန်မှာ နှာခေါင်းထဲသို့ သင်းပြန့်လာသည့် ကော်ဖီရနံ့သို့သည် ကျွန်တော်၏ ငယ်ဘ၀ မိသားစုကော်ဖီဝိုင်းလေးကို ပြန်အမှတ်ရစေမိသည်။ မိသားစု (၅) ယောက်မနက်စာ စားဝိုင်းလေး၏ အလယ်မှာ ကော်ဖီကရားလေးရှိ၏။ ကျွန်တော်တို့ ညီအကိုသုံးယောက်၏ ခုံရှေ့မှာ ကာလာမတူသည့် ကော်ဖီခွက် (၃) ခွက်ကလည်း အသင့်အနေထားဖြင့်ပေါ့။ အဖေသည် သူ့ ထိုင်ခုံပေါ်ထိုင်သည့်အခါ အမေက အဖေ့ကို ဦးစွာ ကော်ဖီကရားထဲမှာ ကော်ဖီကို ငှဲ့ပေးသည်။ ထို့နောက် အငယ်ကောင် ၊ ကျွန်တော် နှင့် အကိုကြီးကို ကော်ဖီထည့်ပေး၏။ အမေကတော့ နောက်ဆုံးမှ သူ့မ၏ ခွက်ထဲဖြည့်သည်လေ။ တစ်ခါတစ်ရံ လက်မှန်းမတည့်သည့်အခါ အမေ၏ ကော်ဖီခွက်ထဲတွင် ကော်ဖီအပြည့်မပါဘဲ တစ်ဝက်လောက်သာ သောက်ရသည့်အခါလည်းရှိတတ်သေးသည်။ ထို့နောက် မနက်စာကို ကျွန်တော်တို့၏ တစ်နေတာဘာလုပ်ကျ မည်ဆိုသည်ကို အဖေ့အားပြောပြရပြီး မေးခွန်းအနည်းငယ် နှင့် မနက်ခင်း ကော်ဖီဝိုင်းလေးသည် အဓိပ္ပာယ်လွန်စွာရှိခဲ့သည်ပေါ့။ ယခုတော့ ကျွန်တော်တို့ မိသားစုမနက်ခင်း မနက်စာဝိုင်းတွင် အဖေ မရှိတော့ပါ။ အဖေသည် သေဆုံးခြင်းမဟုတ်၊ ပျောက်သွားခြင်းပင်။ အဖေ ကျွန်တော်တို့ မိသားစုထံမှ ထွက်သွားသည်မှာ ၂၂ နှစ်တောင် တိုင်ခဲ့ပြီလေ။ အဖေတစ်ယောက် နေကောင်းကျမ်းမာစွာ ရှိမှာပါလေ။
"ကျွန်တော်၏ အင်္ဂါနေ့အတွက် ကော်ဖီဒိုင်ယာရီက အဖေသို့လွမ်းဆွတ်ခြင်း လို့ခေါင်းစဉ်တပ် ရမည်ပင်"
မနက်ခင်း၏ ငှက်သံတွေက ကြည်နူးဖို့ကောင်းသည်။ နေ့တစ်နေ့၏ အစကို သူတို့ ပျော်ရွင်ကြည်နူးစွာဖြင့် စတင်ကြသည်လေ။ ကျွန်တော်တို့လူသားတွေကတော့ နေ့တစ်နေ့ကို သေချာတွေးကြည့်ရင် ပူပန်ခြင်းတွေနှင့် စတင်ကြသည်။ အိပ်ယာထမျက်လုံးနှစ်လုံးဖွင့်လိုက်သည် နှင့် ဒီနေ့အတွက်ဘာလုပ်ရမည်ဆိုသည်က ခေါင်းထဲစတင်ဝင်ရောက်လာလို့ပင်။ ဒါကြောင့် ပူပန်ခြင်းတွေနှင့် စတင်သည်လို့ ကျွန်တော် သုံးနှုန်းခြင်းဖြစ်၏။ ကျွန်တော်ကော်ဖီခွက်ကိုယူ၍ နောက်တစ်ဂျိုက်ထပ်မံ သောက်လိုက်ပါသည်။ ပထမတစ်ဂျိုက်တုန်းကလို ကော်ဖီသည် အရမ်းအပူကြီးမဟုတ်တော့ပေ။ သကြား၊ ကော်ဖီ နှင့် ကော်ဖီမိတ်တို့ အနည်းငယ် ရောယှက်အထိုင်ကျသွားပုံရသည်။ အရသာသည်လည်း ပိုကောင်းလာသည်လေ။ ၎င်းအရသာသည် မနေ့ကထက်လည်းကောင်းသည် ဒီနေ့၏ ပထမဆုံးထက်လည်း ကောင်းသည်ပေါ့။ ကော်ဖီ၏မခါးမချိုအရသာလေးကို ခံစားရင်း ကျွန်တော်၏ အတွေးများသည် ငယ်ဘ၀သို့ ခဏတာလွှင့်မျောသွားပြန်၏။ လူမှန်းသိတတ်စ အသိအမှတ် ရသည့်ကာလလို့ ခေါ်ဆိုရမည့် အသက် (၄,၅,၆ နှစ်) တွင် ကျွန်တော်၏ ဘ၀မှာ ပထမဆုံးရခဲ့သည့် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိခဲ့သည်။ သူမ၏ အမည်က နောင့်ပိ ။ ကလေးဘ၀ အရွယ်မှာ ကလေးမျက်လုံးနှင့် မြင်ခဲ့တာတောင် သူမက ချစ်စရာကောင်းပါသည်။ ကျွန်တော်၏ ဘ၀မှာ ပထမဆုံး မိန်းကလေး နှင့် ဓါတ်ပုံရိုက်ခဲ့ဖူးသည်ကလည်း နောင့်ပိ ပင်ဖြစ်သည်။ နောင့်ပိ နှင့် ကျွန်တော် ဘယ်လောက်တောင် ဆော့ခဲ့ကြသလည်းဆိုလျှင် အဖွားအရမ်းဂရုတစိုက် စိုက်ပျိုးထားသည့် ပိန်းပန်းပင်တွေကို ကပ်ကြေးနှင့်ညှပ် ဟင်းချက်တိုင်း ကစားခဲ့လို့ အဖွားကော အမေပါ ဆော်ပလော်တီးတာခံရတာကို မှတ်မှတ်ရရ သတိရနေမိသေးသည်။
နောင့်ပိ တို့က ကျွန်တော့်နည်းတူ မွေးချင်း ၃ ယောက်ရှိသည်။ သို့ပေမယ့် ကျွန်တော်တို့က ယောကျ်ားလေး ၃ ယောက်ဖြစ်ပြီး သူမတို့က မိန်းကလေး ၃ ယောက်ဖြစ်သည်။ နောင့်ပိ နှင့်ပက်သက်၍ ကျွန်တော်၏အမေ ပြန်ပြောပြခဲ့သည့် မှတ်မှတ်ရရ အကြောင်းအရာတစ်ခုရှိသည်။ ကျွန်တော်တို့ ညီအကို သုံးယောက် နောင့်ပိတို့ ညီအမတွေရေချိုးတာကို သွားထိုင်ကြည့်ပြီး အိမ်ကို အလန့်တကြား အော်ပြီး ပြန်လာပြောကြသည်တဲ့။ "အမေ့ .. နောင့်ပိ တို့က ဒွေးချိတွေ ခုထိ ထွက်မလာကြသေးဘူး "ဆိုပြီး အလန့်တကြား အော်မေးသည်တဲ့လေ။ ကလေးအရွယ်ဆိုတော့လည်း ကျွန်တော်တို့ နည်းတူ လူသားအားလုံး ဒွေးချိ ရှိရမည်လို့ ထင်ခဲ့မည်ပေါ့လေ။ ခုဆို ကျွန်တော် သူမ နှင့် မဆုံဖြစ်ခဲ့တာ နှစ်ပေါင်း ၃၁ နှစ်ရှိပြီလေ။ လွန်ခဲ့သည့် ၄ နှစ်က အမေ တောင်ကြီးပြန်တုန်း လူကြီးချင်း ပြန်ဆုံဖြစ်ကြသေးသည်။ သူမ၏အမေကလည်း နောင့်ပိက ကျွန်တော့်အား သတိရမှတ်မိသေးကြောင်းမှာလိုက်သေးသည်။ သာစည်မှာ အခြေကျနေပြီဖြစ်ကြောင်း နှင့် နောင့်ပိသည် အိမ်ထောင်ကျလို့ ကလေးတောင်ရနေပြီလို့လည်း သိလိုက်ရသည်။ အမေ ကျွန်တော့်ကို ပြန်ပြောပြသည့်အချိန် ဖုန်းနံပတ်လေးတောင် မတောင်းထားခဲ့မိသည့် အမေ့ကို ငြိုငြင်မိပါသေးတယ်။ လူမှန်းသိတတ်စ အရွယ် ပထမဦးဆုံး ခင်မင်သည့် သူစိမ်းမိန်းကလေး သူငယ်ချင်း နှင့် ပြန်ဆုံချင်သည့် ဆန္ဒကျွန်တော့်မှာရှိသည်လေ။ ဖုန်းအဆက်အသွယ်ရခဲ့လျှင်လည်း နင်ဘယ်လိုပုံ၊ ငါဘယ်လိုပုံ ဖြစ်နေကြောင်းနှင့် ငယ်တုန်းက ကျွန်တော်တို့ နှစ်ယောက်လုံး မှတ်မှတ်ရရ ဖြစ်နေမည့် အကြောင်းအရာ ၂ ခုကိုတော့ ပြောပြီး ရယ်မိနေကြဦးမည်ထင်သည်။ သူငယ်ချင်းရယ် .. သတိရတယ်ကွယ်။
"ကျွန်တော်၏ အင်္ဂါနေ့အတွက် ဒုတိယ ကော်ဖီဒိုင်ယာရီ ခေါင်းစဉ်က ငယ်သူငယ်ချင်းသို့ တမ်းတခြင်းလို့ ခေါင်းစဉ်တပ်မည်"
ကော်ဖီတစ်ခွက်ကို အနည်းဆုံး ၁ နာရီလောက် စွဲသောက်သည်က ကျွန်တော့်အကျင့်ပင်။ အမှန်တော့ ၁ နာရီဆိုသည်ကပင် နည်းပါသေးသည်။ ဘာမျှလုပ်စရာမရှိသည့်နေဆိုလျှင် ကော်ဖီကို ဘီယာခွက်ကြီးနဲ့ဖျော်ပြီး နေ့တစ်ဝက်နီးပါး အချိန်ပေး အရသာခံသောက်တတ်သေးသည်။ ကော်ဖီခွက်၏ နှုတ်ခမ်းသားတွင်အနည်းငယ်ပေကျံနေသော ကော်ဖီခွက်မှုန်လေးများကို ကျွန်တော်လျှာနဲ့သပ်လိုက်ပါသည်။ ထို့နောက် အနည်းငယ်သာကျန်ရှိတော့သည့် ကော်ဖီရည်တွေကို ကျွန်တော် တစ်ငုံထပ်သောက်လိုက်ပါသည်။ မိနစ်တွေခြားတိုင်း ကော်ဖီ၏အရာသာ ပြောင်းလဲသွားခြင်းကို ကျွန်တော်ကြိုက်ပါသည်။ ဒါကြောင့် ကျွန်တော်သည် ကော်ဖီကို ဇိမ်ခံသောက်ခြင်းဖြစ်၏။ လျှာဖျားပေါ်က ကော်ဖီအရသာကို ခံစားလျက် နံရံပေါ်က ကျွန်တော်၏ အမေ ဓါတ်ပုံကို ကြည့်လိုက်မိသည်။ အမေသည် ယခုအသက် (၇၀) နားတောင်ကပ်လာပြီလေ။ အမေတွေ၏ မျက်စိထဲမှာ သား/သမီးတွေက အမြဲ ကလေးလိုပဲတဲ့။ ကျွန်တော့်မျက်စိထဲမှာလည်း အမေက အသက်မကြီးသေးသည့် သန်သန်မာမာ အမေတစ်ယောက်လိုပဲ မြင်မိတာပေါ့အမေရယ်။ သို့ပေမယ့် ဇရာကိုတော့ ညာလို့မရသည်ကို ကျွန်တော်လက်ခံရမည်လေ။ အမေ့မျက်နှာမှာ ပါးရည် နားရည်တွေ သိသာစွာတွန့်နေပြီ။ ညီညီညာညာ နဲ့ အလွန်လှသည့် အမေ၏ သွားတွေရဲ့ နေရာမှာ သွားတုက အစားထိုးဝင်ရောက်သွားပြီလေ။ ဒါပေမယ့် သွားမပါလည်း အမေပြုံးပြလျှင် ကျွန်တော် အရမ်းချစ်ပါသည်။ သွားတု နဲ့ ပြုံးလျှင်လည်း အမေက နုပျိုသန်မာသော အပြုံးဖြင့်ပေါ့။
"အမေရယ် .. အချိန်ကုန်သာ မြန်လိုက်တာ ဘာလိုလိုနဲ့ အမေတောင် (၇၀) တောင်ပြည့်တော့မယ် .. သားအမေ့ကို ဘာမှမလုပ်ပေးနိုင်သေးဘူး" လို့ကျွန်တော် ပြောတဲ့အခါ "ငါက .. နင်တို့သောက်မြင်ကပ်အောင် နေရဦးမှာ .. အချိန်တွေကျန်သေးတယ်" တဲ့ ။ သွားတု မတတ်ထားချိန်ဆိုတော့ အမေပြုံးဖြဲဖြဲနဲ့ ပြောပေးမယ့် ရင်ထဲမှာတော့ မျက်ရည်ကျမိတယ် အမေရယ်။
"အလုပ်ကိုသာ သေချာလုပ်တဲ့ .. အဆင်ပြေလာရင် ငါ့ကို သိရိလင်္ကာနဲ့ တရုတ်ပြည်အနှံသွားမယ် လိုက်ပို့ပေးဦး .. ဒီမှာကြည့် ငါ့လက္ခာဏာ .. အသက်လမ်းကြောင်းက ဖနောင့်ထိရောက်တဲ့အပြင် .. အသက်လမ်းအရန်တောင်ပါသေးတယ် .. တွေ့လား" ဆိုပြီး လက်ဝါးကိုထောင် လက်တစ်ဘက်ကလက်ညှိုးလေးနဲ့ အသက်လမ်းကြောင်းကို ပြတယ်လေ။ အမေကျမ်းမာအောင်သာနေ သား အဆင်ပြန်ပြေတဲ့အခါလိုက်ပို့ပေးမယ်လို့ပြောတော့ "အေး .. င့ါသား အဆင်ပြေမှာပါ .. အညံ့တွေ ဒီသင်္ကြန်ကျော်ရင် အားလုံးလွှတ်ပြီ .. ခဏပဲစောင့်တော့ .. အဆင်ပြေရင် ငါ့ကို မာဆတ်လည်း ခဏခဏလိုက်ပို့နော်" ကျွန်တော် အမေ့ကို ပြုံးပြီးကြည့်ရင်း "လိုက်ပို့မှာပေါ့ အမေရယ်" လို့။
အမေ ဘာစားချင်လည်းလို့ ကျွန်တော် မေးတဲ့အခါတိုင်း ဘာမျှမစားချင် မဝယ်ခဲ့နဲ့လို့ပြောသည်။ ဘာလိုချင်လည်း မေးတိုင်း ဘာမှ မလိုချင်ပဲပြောသည်။ သို့ပေမယ့် အမေ ခရီးသွားရအောင် ၊ မာဆတ်သွားရအောင်လို့ခေါ်ရင် တော့ အမြဲမငြင်းတဲ့ ကျွန်တော်၏ အမေပင်။ တစ်ခါတစ်ရံ အမေ သူမ၏ သူငယ်ချင်းအိမ်သွားလည်ပြီး ပြန်လာရင် မျက်နှာမကောင်းတတ်ပေ။ အမေ ဘာဖြစ်လာလို့လည်းလို့ ကျွန်တော် မေးတဲ့အခါ "သူငယ်ချင်းတွေ မြေးလေးတွေရတော့ ငါလည်း မြေးလေးချီချင်တာပေါ့ .. မချီရလည်း ကိစ္စတော့ မရှိပါဘူး ဂျက်ဂျက်ရှိတယ်" ဆိုပြီး စိတ်မကောင်းဖြစ်သွားသည့် အခိုက်အတန့်သည် အိမ်က တစ်ကောင်တည်းသော ဂျက်ဂျက်ခွေးလေးအပေါ် ပိုမေတ္တာထားခြင်း ချစ်ပေးခြင်းကလည်း အမေ၏ ဖြစ်စေချင်သည့် လိုအင်ဆန္ဒကို သားသမီးတွေ စိတ်မကောင်းဖြစ်မှာဆိုးလို့ မျိုသိပ်စကားလမ်းကြောင်းပြောင်းခြင်းပင်။ အမေစိတ်မကောင်းဖြစ်မည်ဆိုလည်း ဖြစ်စရာပင်။ အိမ်မှာ သား (၃) ယောက်ရှိပေမယ့် အငယ် နှင့် အကိုကြီးသည် အိမ်ထောင်ပြုတော့မည် မဟုတ်ပေ။ ကျွန်တော်သည် အိမ်ထောင်ကျခဲ့ပေမယ့် အိမ်ထောင်ရေး ကံမကောင်းခဲ့ပဲ ပြိုကွဲခဲ့ရသည်လေ။ အရာရာသည် ဝိပါက ဖြစ်စဉ်အတိုင်းပေါ့ဗျာ။ အမေ သားနှင့်အတူ တရုတ်ပြည်လည်း ပတ်ရမှာပါ၊ သိရိလင်္ကာလည်း ဘုရားသွားဖူးရမှာပါ၊ အမေချီချင်သည့် မြေးလည်း ချီရအောင် သားကြိုးစားပေးဦးမှာပေါ့ အမေရယ်။ အမေပြောသလို သားတို့ သောက်မြင်ကပ်လောက်အောင် ကျမ်းကျမ်းမာမာ နေပေးပါ အမေ။ ဓါတ်ပုံထဲက အမေ့မျက်နှာလေး ပြုံးသွားသည်လေ။ ပြုံးလိုက်သည့် အမေ့ရုပ်ရည်လေးက လှနေမြဲပေါ့ အမေရယ်။
"ကျွန်တော်၏ တတိယကော်ဖီဒိုင်ယာရီ ခေါင်းစဉ်က အမေ့ဆန္ဒ" လို့ အမည်ပေးချင်သည်။
ကျွန်တော် အတွေးစတို့ခဏဖြတ်ပြီး ရေးလက်စ ကော်ဖီဒိုင်ယာရီလေးကို ခဏရပ်ထားလိုက်ပါသည်။ ထို့နောက် ကော်ဖီခွက်ထဲကို တစ်ချက်ကြည့်လိုက်၏။ ကော်ဖီခွက်ထဲမှာ နောက်ဆုံးလက်ကျန် တစ်ငုံစာလောက်သာ ကျန်ရှိတော့သည်လေ။ ကျွန်တော်လက်ကျန် ကော်ဖီလေးကို ကောက်မော့လိုက်ပါသည်။ ကော်ဖီခွက်ကြမ်းပြင်တွင် အနည်ထိုင်နေပြီဖြစ်သော ကော်ဖီမှုန့်အချို့ ရှတတဖြင့် လျှာပေါ်ကို ပါလာသည်။ ထိုအရသာသည် ကော်ဖီတစ်ခွက်၏ နောက်ဆုံးနှုတ်ဆက်ခြင်းအရသာလို့ ဆိုရမည်။ ၎င်းနှုတ်ဆက်ခြင်း အရသာကို ဇိမ်ရှိရှိအရသာခံလျက် ကျွန်တော်နှုတ်ဆက်ခဲ့သော ကျွန်တော်၏ကောင်းခြင်း နှင့် မကောင်းခဲ့သော အတိတ်ဖြစ်ရပ်များကို ပြန်စဉ်းစားနေမိသည်။ ဘ၀မှာ စီးပွား၂ခါပျက်၊ အိမ်ထောင်ပျက်၊ လူမှုရေးအဆက်အသွယ်တွေလည်း အားလုံးပျက်စီးဆုံးရှုံးသွားခဲ့ပြီးပြီ။ ဘ၀ပေး ဒုက္ခများ၊ လောကဓံတရားများ ၊ နောင်တများ တို့သည် သင်ခန်းစာတွေအဖြစ် လက်ရှိ ကျွန်တော်ဆုံးဖြတ်ရပ်တည်ရှင်သန်နေသည့် တတိယအကြိမ်မြောက်ပြန်လည် ဘ၀ကို တည်ဆောက်ခြင်းမှာ အထောက်အကူပြုမှာ အသေအချာပင်။ ကျွန်တော်၏ မကောင်းတဲ့အကျင့် ၊ မကောင်းတဲ့သူတွေနှင့် တွေ့ဆုံမှုများ၊ မသမာတဲ့ လောဘနှင့် လုပ်မိခဲ့သည့် အလုပ်များနှင့် အတူ ကျွန်တော့်၏ အတိတ်တွေ အားလုံးကို သဂြိုလ်ခဲ့ပြီးဖြစ်သည်။ တတိယအကြိမ် ဘ၀ကို တည်ဆောက်သည့်အခါမှာလည်း လိမ်မပြောဘူး၊ မဟုတ်တာမပြောဘူး၊ မဟုတ်တာမလုပ်ဘူး ဆိုသည့် မကောင်းမှုတွေကို နှလုံးသွင်းလိုက်နာ ရှောင်ဖြစ်သည်။ ရှိခြင်းကို ဟန်ဆောင်ထုတ်ပြခြင်းထက်၊ မရှိခြင်းတွေကိုသာ ရဲရဲဝံ့ဝံ့ ထုတ်ပြောလာနိုင်သည်။ အရှိတရား အမှန်တရားက အရမ်းတန်ဖိုးရှိပြီး စိတ်ပေါ့ပါးခြင်းကို ကျွန်တော်ခံစားလာရသည်။ ကျွန်တော်၏ဘေးတွင် ကျွန်တော်ဘာမျှ မရှိတော့သည့်အချိန်မှာ ကောင်းတဲ့ပတ်ဝန်းကျင်၊ ကောင်းသည့်မိတ်ဆွေ၊ ကောင်းသည့်လုပ်ဖော်ကိုင်ဖက်များ နှင့် ကျွန်တာ်၏ ဆိုးဝါးလှသည့် အတိတ်ကိုလက်ခံပြီး ကောင်းကောင်းဆိုးဆိုး လက်ကိုမြဲမြဲတွဲထားပါ့မယ် ဆိုသည့် မိမိငြိမ်းလည်း ကျွန်တော်၏ဘေးမှာရောက်ရှိလို့လာသည်လေ။
မိမိငြိမ်းကို ကျွန်တော်ပိုက်ဆံတွေ အများကြီးမရှာချင်တော့ဘူး၊ ပုံမှန်စားသောက်နိုင်ယုံဝင်ငွေလေး နှင့် စိတ်အေးအေးချမ်းချမ်းလေးပဲ လက်ကျန်ဘ၀ကို ချစ်တဲ့သူတွေနဲ့ အချိန်များများနေသွားချင်တယ်လို့ ကျွန်တော်ပြောတဲ့အခါ။ ပိုက်ဆံထက် စိတ်ချမ်းသာဖို့က အရေးကြီးပါတယ် ငြိမ်း အကိုနဲ့တူတူ ရှိနေပါ့မယ် အကိုရယ်တဲ့။ "ငြိမ်း .. အကိုနှင့်အတူ ရှင်သန်ပါ့မယ် .. အကိုအရမ်းပင်ပန်းနေခဲ့ပြီလေ"
ငြိမ်း၏ ကျွန်တော့် အပေါ်ထားသည့် မေတ္တာတရားကို ကျွန်တာ်ခံစားမိသည်။ ကျွန်တော်တို့ ၂ ယောက်လူတွေ အများကြီးမရှိတဲ့နေရာမှာ အိမ်လေးသေးသေးလေး တစ်လုံးဆောက်မယ် .. အိမ်လေးထဲမှာ အိပ်ခန်းတစ်ခန်၊ ထမင်းစားခန်း၊ စာဖတ်ခန်း နဲ့ ဘုရားစင်သေးသေးလေး တစ်ခန်းပဲထားမည်လေ။ တစ်ယောက်ကိုတစ်ယောက် အချိန်များများပေးမည်။ အလုပ်တွေတူတူလောဘ နည်းစွာဖြင့် သမာအာဇီ၀ ကျကျလုပ်မည်။ ချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ကို ဦးစားပေးသည့် ဘ၀ တစ်ခုဖန်တီးမည်လေ။
ကျွန်တော်က ချစ်ခြင်းနှင့် မထိုက်တန်တဲ့ကောင်လို့ ယူဆထားခဲ့သည်ပေါ့။ စုတ်ပြတ်သပ်ပြီး ဘာမျှကုန်းကောက်စရာမရှိတော့သည့်ဘ၀ကို မိမိငြိမ်းက လက်ခံပေးသည့်အပြင် ကျွန်တော့်လို စာတွင်မည့်လူဆိုးကြီးကို အသေးစိတ်လေးကအစ ဂရုစိုက်ချစ်ပေးခြင်းကို မြင်မိ ခံစားမိတဲ့အခါ ကျွန်တော် အော်ဟစ်ငိုကြွေးမိတာပေါ့။
"လူဆိုးတိုင်းလည်း ချစ်ခြင်းနဲ့ထိုက်တန်ပါတယ် အကိုရယ်" လို့ငြိမ်းက ပြောသေးသည်။ အသက် ၄၀ နားကပ်မှ ချစ်ခံရခြင်းကို သေချာခံစားမိခြင်းအတွက်လည်း ပိတိနှင့် ပျော်ရွင်မှုက လူဖြစ်ရကျိုးနပ်ပြီလို့တောင် တွေးမိသည်လေ။ ကျွန်တော့်ဘ၀ထဲကိုသတ္တိရှိရှိ ဝင်လာပေးသည့် ငြိမ်းကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ငြိမ်းကို ကိုယ်၊စိတ် ဒုက္ခမပေးခြင်းဖြင့် ကျွန်တော် ဂရုစိုက်ချစ်တယ် ။ နေလို့ ပူတဲ့ ကျွန်တော်က ခုတော့ လလိုအေးချမ်းနေပါပြီ။ ငြိမ်း၏ချစ်ခြင်းကြောင့် ကျွန်တော့်ရဲ့ လကမ္ဘာမှာ စိမ်းစိမ်းစိုစို နဲ့ စိန်ပန်းပြာတွေလည်း လှိုင်လှိုင်ပွင့်လို့ပေါ့။
" ကျွန်တော်၏ အင်္ဂါနေ့အတွက် နောက်ဆုံးကော်ဖီဒိုင်ယာရီ ခေါင်းစဉ်က ကျွန်တော်၏ငြိမ်း ပေါ့ဗျာ"
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment