Tuesday, October 15, 2024

~ အတ္တ၏ ချစ်ပုံပြင် ~




တစ်ချိန်က စိမ်းလန်းသော တောင်ကုန်းများနှင့် စီးဆင်းနေသော မြစ်ကြားတွင် တည်ရှိသော ရွာလေးတစ်ရွာတွင် ကျော်ဘအမည်ရှိ အမျိုးသားတစ်ဦး နေထိုင်ခဲ့သည်။ သူက အရပ်ရှည်တယ်၊ ရုပ်ချောတယ်၊ ပိုက်ဆံရှိသည့်အသိုင်းအဝိုင်းက အပြင် ငွေရှာနိုင်သည့်အတွက် မိမိကိုယ်တိုင်လည်း ဂုဏ်ယူသည်လေ။ ကျော်ဘသည် သူ၏ လုပ်နိုင်စွမ်း နှင့် ယုံကြည်ချက်ကြောင့် တစ်ရွာလုံးသူ့ကို မသိသူ မရှိပေ။ လူတိုင်းက သူ့ကို သဘောကျကြပြီး ကျော်ဘလည်း လူတိုင်း၏ အာရုံစိုက်မှုကိုခံရသည့်အတွက် နှစ်သက်သဘောကျသည်လေ။ သို့သော် ကျော်ဘ၏ အကြီးမားဆုံးဂုဏ်မှာ သူ့အတ္တဖြစ်သည်။ ဟုတ်တယ် .. ကျော်ဘက အတ္တကြီးသည့် လူတစ်ယောက်ဖြစ်သည်။ 


ကျော်ဘက သူသည် ရွာရှိ အခြားသူများထက် ပိုတော်သည် အရည်အချင်းရှိသည်လို့ ယုံကြည်သည်။ သူ့ဉာဏ်ရည်၊ ခွန်အား၊ ဂုဏ်ကျက်သရေကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ သွေးနထင် ရောက်နေခဲ့တယ်။ သူသည် အခြားသူများကို မကြာခဏ နှိမ့်ချဆက်ဆံ တတ်ပြီး  အခြားသူတို့၏ခံစားချက်များကို သိပ်ဂရုမစိုက်ပေ။ သို့ပေမယ့်လည်း ရွာသားတွေက သူ့ကို နည်းနည်းလေး ပိုနှိမ့်ချဖို့ တိတ်တဆိတ် ဆန္ဒရှိပေမယ့် သူ့ကို လေးစားဆဲပါ။


တစ်ရွာတည်းမှာ မြတ်လေးဆိုတဲ့ မိန်းမချောလေးတစ်ယောက်ရှိတယ်။ သူမသည် ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သည့်အတွက်ကြောင့် လူတိုင်းက ချစ်ခင်ကြသည်။ ကျော်ဘနှင့်မတူသည်က မြတ်လေးသည် သူ့ကိုယ်သူ မဝါကြွားခဲ့ပေ။ ကြင်နာမှု၊ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုစွမ်းအားတွေကို သူမယုံကြည်တယ်။ လူတွေက သူမဆီ အကြံဉာဏ်တွေ နှစ်သိမ့်ပေးဖို့ မကြာခဏလာလေ့ရှိပြီး သူမဟာ လူတွေ၏ ခံစားချက်၊ ရင်ဖွင့်ချက်တွေကို နှလုံးသားနဲ့ အမြဲနားထောင်တယ်။


ကျော်ဘသည် မြတ်လေး၏အလှကို သဘောကျသည်။ သူမ၏ နူးညံ့သော အပြုံးနှင့် ချိုသာသော အသံသည်  ကျော်ဘ ရင်ကို လှုပ်ခတ်စေယုံမက သူမ၏ အလှက ကျော်ဘကို ညှို့ယူ ဖမ်းစားစေခဲ့သည်လေ။ ဘယ်တုန်းကမှ ဘယ်သူကိုမှ မြတ်လေး အပေါ်ရှိနေသည့် ခံစားချက်ကို ဝန်မခံခဲ့ပေမဲ့ သူ့အတွက် မြတ်လေး နှင့် ပက်သက်လာတိုင်း မြတ်လေး ဆိုသည့် နာမည်ကို ကြားယုံမျှပင် ရင်ထဲမှာ နက်ရှိုင်းသည့် ခံစားချက်ကို ဖြစ်စေသည်လေ။ သို့သော်လည်း ကျော်ဘ၏ အတ္တသည် သူ၏ ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်ခြင်းဖြင့်သာ တည်ဆောက်ခဲ့သည်။ ချစ်ခြင်းမေတ္တာသည် လူတစ်ယောက်၏ အားနည်းခြင်း ပျော့ညံ့ခြင်း လက္ခဏာဖြစ်သည်ဟု သူယုံကြည်သည်၊ အထူးသဖြင့် မြတ်လေးရှေ့မှာ ညွတ်ခွေကျသွားသည့် ပျော့ညံ့သော လူတစ်ယောက် မဖြစ်ချင်ပေ။ 


တစ်နေ့တော့ ကျော်ဘက မြတ်လေး ကို သူ့ခံစားချက်တွေ ဖွင့်ပြောဖို့ အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။ သူ၏ ဂုဏ်သတင်း နှင့် အောင်မြင်မှုများကြောင့် သူမအား အထင်ကြီးစေခြင်းဖြင့် မြတ်လေးက ကျော်ဘကို ပြန်ချစ်မိသွားလိမ့်မည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့် သူသည် မြတ်လေး ရွာဦးကျောင်း ဆွမ်းချိုင့်လာပို့သည့် အချိန်ကို စောင့်ပြီး သူ၏ ခံစားချက်တွေကို ပြောပြဖို့ မြတ်လေးကို စောင့်ဆိုင်းနေခဲ့သည်။ 


“မြတ်လေး .. ကျွန်တော် မြတ်လေးကို လက်ထပ်ချင်တယ် .. ငါ့မှာ စည်းစိမ်ဥစ္စာ၊ အာဏာနဲ့ မိန်းမတစ်ယောက် လိုချင်တာမှန်သမျှ ရှိတယ်။ မင်းငါ့ကိုလက်ထပ်သင့်တယ် " လို့ခပ်ချေချေ အထက်စီးကနေ ပြောလိုက်သည်။ မြတ်လေး ကျော်ဘ၏ စကားကြောင့် အံ့ဩမှင်သက်သွားမိသည်။ မိန်းမ တစ်ယောက်အပေါ် အတ္တရှေ့တန်းတင်ပြီး ပြောနေသည့် ကျော်ဘ၏ စကားလုံးများကြောင့် သူမပြုံးမိသည်။ ကျော်ဘ တစ်ယောက် အချစ်စစ်ရဲ့ အဓိပ္ပါယ်ကို နားမလည်သေးသူဆိုတာ သူမသိလိုက်ပါတယ်။


“ကျော်ဘ” လို့ တိုးတိုးလေးပြန်ဖြေလိုက်တယ် “မင်းရဲ့ကမ်းလှမ်းမှုကို ငါတန်ဖိုးထားပါတယ်၊ ဒါပေမယ့် အချစ်ဆိုတာ ဂုဏ် နဲ့ စည်းစိမ်ဥစ္စာက ရနိုင်တဲ့ အရာမဟုတ်ဘူး။ အချစ်ဆိုတာ နားလည်မှု၊ ယုံကြည်မှု၊ ကြင်နာမှုတွေနဲ့ တည်ဆောက်ပက်သက်ရတာ။ ပြီးတော့ မေတ္တာစစ် အချစ်ဆိုတာ ဘာကိုမှ မမျှော်လင့်ဘဲ ပေးကမ်းခြင်း ဖြစ်တယ်။”


ကျော်ဘ နားမလည်ပါ။ သူ့စိတ်ထဲမှာ မိန်းမတစ်ယောက် လိုချင်တာမှန်သမျှ သူ့မှာ ရှိတယ်။ရုပ်ရည်၊ အလုပ်အကိုင်၊ ဂုဏ် ၊ ပစ္စည်းဥစ္စာ အားလုံးပြည့်စုံတယ်လေ။ ကျော်ဘတစ်ယောက် သူ့အတ္တကို ထိပွန်းသလို ခံစားမိသည့်အတွက် စိတ်ရှုပ်ထွေးနေပြီ စိတ်တွင်း ဒေါသထွက်လို့နေပေသည်။ 


“ကြင်နာဖို့ အတွက် အချစ်က လိုအပ်လို့လား” ကျော်ဘက ခေါင်းမာမာဖြင့် မြတ်လေးကို မေးလိုက်သည်။ “မင်းကို စောင့်ရှောက်ဖို့ ငါ့မှာ လုံလောက်တဲ့ အရည်အချင်းတွေရှိပါတယ် ။ နောက်ဆို မင်းပျော်သွားမှာပါ မြတ်လေး။"


မြတ်လေး ခေါင်းကိုညင်သာသာ ခါလိုက်သည်။ “အချစ်ဆိုတာ တစ်စုံတစ်ယောက်အတွက် ထောက်ပံ့ပေးယုံ လုံခြုံမှုပေးနိုင်ယုံ အာမခံချက်ပေးနိုင်ယုံထက် ပိုပါတယ် ။ အချစ်ဆိုတာ နှလုံးသားကိုဖွင့်ပြီး နားထောင်ခြင်း၊ နားလည်ခြင်းနှင့် တစ်ခါတစ်ရံတွင် မာနတွေကို ဘေးချိတ်ထားရတယ်။ မင်းအချစ်ကို နားလည်ဖို့ကြိုးစားလိုက်ပါဥိး ခုတော့ ငါမင်းကိုမချစ်နိုင်ဘူး။"


မြတ်လေး၏ အေးဆေးစွာတုန့်ပြန်မှုကြောင့် ကျော်ဘသည် ရှက်ရွံ့စွာဖြင့် မြတ်လေးကို နှုတ်မဆက်ပဲ ထွက်လာခဲ့သည်။ သူ့စိတ်ထဲတွင် မာနတွေ တိမ်လိုဖုံးနေပြီး သူ မှားသည်ဟုလည်း မယုံချင်။ သို့သော် မြတ်လေး၏ စကားများက သူ့စိတ်ထဲတွင် တစ်နေ့ထက်တစ်နေ့ ပဲ့တင်ထပ်လို့ နေခဲ့သည်။


ရက်သတ္တပတ်များ ကုန်လွန်သွားသော်လည်း ကျော်ဘသည် မြတ်လေးအား မမေ့နိုင်ပေ။ ဒါကြောင့် ကျော်ဘသည် မြတ်လေး မသိအောင် အဝေးကနေပဲ မြတ်လေးသည် လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံပုံနှင့် သူ့ပတ်ဝန်းကျင်ရှိလူများ နှင့်ပြောဆို ကူညီမှု များ မေတ္တာထားမှုများအား ခိုးကြည့်နေခဲ့သည်။ မြတ်လေး၏ အခြားချစ်စရာကောင်းသော လေးစားဖွယ်ကောင်းသော အပြုအမူမှာ မေတ္တာထားခြင်းဆိုသည်ကိုလည်း သူခံစားမိလာသည်လေ။ 

 

တစ်ညနေတွင် ကျော်ဘသည် မြစ်ကမ်းအနီးတွင်ထိုင်နေရင်း တွေးရင်း ရေကန်စပ်ကို ကြည့်နေမိသည်။ ရေထဲမှာ သူ့အရိပ် သူ့ပုံစံကို ပြန်ကြည့်ရင်း သိလာလိုက်တာ အပြင်မှာ သန်မာပေမယ့် အတွင်းပိုင်းမှာ ဘာမျှရှိမနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသလို ခံစားမိလိုက်သည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကျော်ဘက သူ့မာန နှင့် မိမိကိုယ်ကို မေးခွန်းထုတ်လိုက်သည်။


ထို့နောက် ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။


နောက်တစ်နေ့တွင် ကျော်ဘသည် မြတ်လေး၏အိမ်သို့ သွားခဲ့သည်။ ဒီတစ်ကြိမ်တော့ ကျော်ဘ၏ ပုံစံသည် ဘဝင်လေဟပ်သည့်ပုံစံမဟုတ်ပေ။ ဆပ်ကပ်ထဲမှာ ပုံသွင်းခံထားရသည့် ကျားဆိုးတစ်ကောင်၏ တည်ငြိမ်မှု အမိန့်နာခံတတ်မှု ပုံစံမျိုးဖြင့်ပင်။ 


“မြတ်လေး” ဟု အစပြု၍ “ငါမှားနေပြီဆိုတာ သိလိုက်ပါပြီ။ ငါက တလွဲမာန တွေကြီးလွန်းတယ်၊ ကိုယ့်ကိုယ်ကိုလည်း ပိုဂရုစိုက်တယ် ပိုချစ်ခဲ့တယ်။ အချစ်ဆိုတာ ငါ ဘာကောင်လည်းဆိုတာ ဖော်ထုတ်ပြသရတာမဟုတ်ဘူးဆိုတာ သိလာတယ်၊ အချစ်ဆိုတာ ပွင့်လင်းမှု နှင့် ရိုးသားမှုရှိရမယ်ဆိုတာကို ငါနားလည်လာတယ်။ ငါ့ကို ဘယ်လိုချစ်ရမလည်းဆိုတာ နဲ့  မှန်ကန်စွာ ချစ်တတ်ဖို့ သင်ပေးစေချင်တယ်။ ငါ့ကိုကူညီမှာလား?"


မြတ်လေး က နွေးထွေးစွာ ပြုံးလိုက်သည်။ ဒီတစ်ခါတော့ ကျော်ဘက စိတ်ရင်းမှန်နဲ့ပြောနေခြင်း ဆိုတာ သူမြင်တယ်လေ။ ကျော်ဘ၏ စကားများသည် အပြစ်ကင်းတဲ့ သိုးသူငယ်လေးလို ပြောင်းလဲချင်စိတ် အပြည့်ရှိနေသည့် မာနကင်းတဲ့ လူတစ်ယောက်လိုဖြစ်နေသည်လေ။ 


“ကျော်ဘ” က အချစ်ဆိုတာ ခရီးရှည်တစ်ခုဖြစ်ပြီး အဲဒါကို အပြည့်အဝ နားလည်ဖို့ အချိန်ယူရတယ်။ ဒါပေမယ့် မင်းရဲ့စိတ်နှလုံးကို မာနကင်းစွာဖွင့်ပြီး သင်ယူချင်စိတ်ရှိရင် ဒီခရီးမှာ မင်းနဲ့အတူ ငါလျှောက်သွားမယ်။"


မြတ်လေး၏ စကားကြောင့် ထိုနေ့မှစ၍ ကျော်ဘသည် ပြောင်းလဲလာသည်။ ကျော်ဘသည် အခြားသူများ၏ခံစားချက်ကို နားလည်လာပြီး ကြင်နာတတ်လာသည်။ သူ့အတ္တ မာနတွေက တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်လာပြီး သူ့နေရာမှာ မေတ္တာနဲ့ ကရုဏာတွေ တိုးလာတယ်။


ဒီလိုနဲ့ကျော်ဘ နှင့် မြတ်လေး သည် တစ်ယောက်ကို တစ်ယောက် လေးလေးနက်နက် သိလာကာ အတူတူရှိသည့် အချိန်ပိုကြာလာခဲ့သည်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေနဲ့ သူတို့ရဲ့ ကြောက်စိတ်တွေကိုတောင် အတူတူဝေမျှခဲ့ကြတယ်။ ချစ်ခြင်းမေတ္တာသည် ချစ်တဲ့ မြတ်လေး အပေါ်အား သက်သေပြခြင်းမဟုတ်ဘဲ မြတ်လေးအတွက် တည်ရှိနေခြင်း၊ ပံ့ပိုးပေးခြင်းနှင့် နားလည်ပေးခြင်းတို့ဖြစ်ကြောင်း ကျော်ဘ သင်ယူနိုင်ခဲ့ပြီ။


နှစ်တွေကြာလာတော့ ရွာမှာ ကျော်ဘသည် အရင်က အတ္တကြီးသည့် သူများခံစားချက်တွေ လျစ်လျူရှုတတ်သည့် ကျော်ဘ အဖြစ်မှ လူတွေ၏ ခံစားချက်တွေကို နားလည်ပေးနိုင်သည့် ကျော်ဘအသစ် တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ကျော်ဘ နှင့် မြတ်လေး လက်ထပ်လိုက်ကြသည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်သည့် ချစ်ခြင်းတွေက လယ်ကွင်းထဲမှာ ထိုးထိုးထောင်ထောင် နဲ့ လှပစွာပွင့်နေသည့် ပန်းခင်းကြီးလို အချစ်မျိုးဖြင့် လယ်ပြင်မှာပွင့်လန်းလို့နေသည်။ စစ်မှန်သော ချစ်ခြင်း၏ စွမ်းအားတွေသည် နှလုံးသားမှ ထွက်ပေါ်လာကြောင်နှင့်  အတ္တမဟုတ်သော ချစ်ခြင်းမေတ္တာသည် ဘဝကို အဓိပ္ပါယ်ရှိစေသော အရာဖြစ်ကြောင်း သူတို့ကို မြင်တွေ့နေရသည့် လူအချို့ကိုလည်း ကူးစက်စေခဲ့သည်။ 


ထို့ကြောင့် ကျော်ဘနှင့် မြတ်လေးတို့သည် အချစ်၊ နားလည်မှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသော ဘဝကို မာန်မာနတွေကို ဖယ်ထုတ်လိုက်သည့်အခါ ချစ်ခြင်းမေတ္တာသည် အလှပဆုံးသော အခန်းနားဆုံးသော နည်းလမ်းများဖြင့် ကြီးထွားရှင်သန်နိုင်ကြောင်း ကို သက်သေပြခဲ့ကြသည်ပေါ့။ ဇာတ်သိမ်းခန်းသည် ပျားသကာလို လွန်စွာမှချိုပါ၏။ 


တစ်ချိန်ကကျွန်တော် 


မှတ်ချက် ။    ။  ကျွန်တော် မကြိုက်သော ရေးသားမှုပုံစုံမျိုးကို ကြိုးစားရေးသား ထားခြင်းသာဖြစ်၏။ 

No comments: