ကျွန်တော့် နာမည်က မောင်စိုင်းပါ။ အေးချမ်းသည့်တောင်ပေါ်မြို့လေးမှာ မွေးတယ် ခုချိန်ထိ ကျွန်တော်ချစ်သည့် တောင်ပေါ်မြို့လို့ ခေါ်တွင်ရမည့် တောင်ကြီးမြို့၏ အစွန်ဆုံးဘက်ရပ်ကွက်လေးမှာ အေးဆေးစွာနေထိုင်သည်လေ။ ဘေးနားမှာရှိသည့် ကျွန်တော်၏ အပေါင်းအသင်းမိတ်ဆွေတွေကတော့ ကျွန်တော့်ကို တည်ငြိမ်ပြီးခန့်တယ်၊ ပြီးတော့ ညဏ်ကောင်းပြီး စကားပြောရင်လည်း စိတ်ထဲရှိတာဒဲ့ ပြောတတ်သည့် သာမာန်လူတစ်ယောက်လို ရှင်သန်နေထိုင်တယ်လို့ပဲ မြင်ကြတယ်။ သို့ပေမယ့် ကျွန်တော်၏ အတွင်းစိတ်ကတော့ သူတို့တွေထင်မြင်ယူဆထားသလို မတူပါဘူး။ ကျွန်တော်က ဘာခံစားချက်မှမရှိ၊ အေးတိအေးစက်နိုင်တယ် ၊ စာနာစိတ်ကင်းမဲ့တယ်၊ တစ်ဘက်သားရဲ့ ခံစားချက်တွေကို လစ်လျူရှုတတ်ပြီး ဘယ်တော့မှ တစ်ဘက်သားပေါ် စစ်မှန်တဲ့ ဂရုစိုက်မှုတွေမပေးတတ်ဘူး။ ဒါကြောင့် ကျွန်တော်က မိမိကိုယ်ကို စိတ်တ္တဇ ကောင်ကြီးလို့သတ်မှတ်ထားတယ်လေ။ ခုထိ ကျွန်တော်၏ သဘာ၀ အမှန်ကို မိဘက အစ မသိထားကြဘူး။ ကျွန်တော် အဲ့ဒီလို လျှို့ဝှက်စွာမြိုသိပ်တတ်ခြင်းကလည်း သိပ်တော်တယ်ပေါ့ဗျာ။
ကျွန်တော်က လူတွေ၏ ခံစားချက်ကို ကစားရတာသိပ်ပျော်တယ်ဗျ။ လူတွေကို ယုံကြည်လာအောင် ကျွန်တော်လုပ်တယ်။ ယုံကြည်လာပြီဆိုရင် ကျွန်တော်ဘက်က သစ္စာဖောက်လိုက်တာပဲဗျ။ ကျွန်တော့်အတွက်တော့ သစ္စာဖောက်ခြင်းကစားပွဲလို့ ခေါင်းစဉ်တပ်ထားသည်ပေါ့။ ကျွန်တော် သစ္စာဖောက်လိုက်လို့ တစ်ဘက်သူက ဖြစ်သွားသည့် တုန့်ပြန်မှုတွေ ယိုင်နဲ့သွားမှုတွေ ခံစားရမှုတွေကို ကြည့်ပြီး ပျော်ရွင်ရတာကို ကျွန်တော် သိပ်ကြိုက်နှစ်သက်သည်။ သူတို့ထိခိုက်ကြေကွဲ ဘ၀ပျက်သွားတာလည်း ကျွန်တော် ဂ၇ုမစိုက်ပါဘူး။ ကျွန်တော်က မိမိကိုယ်ကိုပဲ ဂရုစိုက်တတ်သည့် အတ္တစိတ်တ္တဇကောင်ကြီးလေဗျာ။ သို့ပေမယ့် တစ်နေ့မှာတော့ ကျွန်တော့်ဘ၀ကို လုံး၀ပြောင်းလဲမည့် လူတစ်ယောက် ကျွန်တော့်ဘ၀ထဲကို ဝင်ရောက်လာခဲ့ပါတော့တယ်။
အဲ့ဒီ တစ်စုံတစ်ယောက်နာမည်က 'မေ' ။ မေက ကျွန်တော့်ထက် တော်တော်ငယ်သည်။ အကျင့်စရိုက်လည်း ကျွန်တော် နှင့် ဆန့်ကျင်ဘက်ပင်။ မေ၏ ဘ၀တစ်လျှောက်လုံး လူတွေကို ဂရုစိုက်တယ် လူတွေအပေါ်ကောင်းတယ်။ ပြီးတော့ မေက ချစ်ခြင်း မေတ္တာကို ယုံကြည်တန်ဖိုးထားသည့် သူလေ။ သူမ နာကျင်ခံစားနေခဲ့ရင်တောင် သူမ၏ နှလုံးသားက အေးဆေးလွယ်ကူစွာနဲ့ပင် ခွင့်လွှတ်ပေးတတ်သည့် အကျင့်လည်းရှိသည်ပေါ့။ နောက်ဆုံး ငတ်ချင်ငတ်ပါစေ သူမလက်ထဲမှာ ရှိတာတွေ အားလုံးပေးကမ်း တတ်ပြီး စိတ်သဘောထားအလွန်ပြည့်၀သည့် မေက ကျွန်တော်၏ အမှောင် ကမ္ဘာလောကဆီသို့ ဘာမျှ မသိပဲ တိုးဝင်ရောက်လာခဲ့ပါတော့တယ်။
ကျွန်တော်တို့ နှစ်ယောက်က မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ သူမ ပန်းဆိုင်တစ်ဆိုင်မှာ ပန်းတွေနှင့် အလုပ်ရှုပ်နေသည့်အချိန် ကျွန်တော်အနားက ဖြတ်သွားခဲ့သည်။ မေက နှင်းဆီပန်းပုံး ကြီးဘေးမှာ မတ်တပ်ရပ်ပြီး မျက်နှာက ရွင်ပြုံးနေတယ်လေ။ သူမပြုံးနေတာမြင်ပြီး ကျွန်တော့်စိတ်ထဲ ခံစားချက် အရောင်တလက်လက်ဖြစ်သွားသည်။ အဲ့ခံစားချက်က အချစ်မဟုတ်ပါဘူး။ ကျွန်တော်က အချစ်ကို မခံစားတတ်သည့် သူလေ။ ကျွန်တော်ဖြစ်မိသည့် စိတ်က စူးစမ်းစပ်စု ချင်စိတ်ဖြစ်မိခြင်းဖြစ်၏။ ကျွန်တော်သိချင်စိတ်က ဘာအရာအကြောင်းအရာတွေကများ သူမကို ပျော်ရွင်ပြီး ပြုံးနေစေခဲ့သလည်းလို စပ်စုချင်မိယုံသာ။ ကျွန်တော် ပြန်လှည့်ပြီး သူမ အနားသို့သွားပြီး တည်တည်ကြည်ကြည် ပြုံးပြလိုက်ပါတယ်။
"ပန်းတွေက သိပ်လှတယ်နော်.. ပန်းတွေက အရောင်စုံလိုက်တာ" ကျွန်တော် နှင်းဆီပန်းတွေကို ကိုင်ပြီး မေးလိုက်ပါသည်။ မေက ပန်းတွေကို တစ်ချက်ကြည့်လိုက်ပြီး ကျွန်တော့်ကို ပြန်ပြုံးပြသည်။
"ဟုတ်တယ် .. ပန်းတွေက သိပ်လှတယ်.. ပန်းတွေက မျှော်လင့်ခြင်းတွေကို ဆက်ရှင်သန်စေဖို့ သတိပေးတယ် .. ဘာလို့လည်းဆိုရင် နှင်းဆီပန်းတွေက ကြမ်းတမ်းတဲ့ ရာဦဥတုကိုတောင် အံတုပြီးပွင့်နိုင်ကြတယ်လေ"
ကျွန်တော် စိတ်ဝင်စားသလိုလုပ်ပြီး ဟန်ဆောင်ပြီး သူမကို ပြန်ပြုံးပြလိုက်သည်။ ပြီးနောက် ကျွန်တော်သူမ စိတ်ဝင်စားမည့် အကြောင်းအရာတွေ ရွေးပြောတယ်၊ သူမ ရယ်အောင်ပြောတယ်။ အချိန်ခဏလေးအတွင်းမှာ ကျွန်တော် နှင့် မေ စကားတွေ အပြန်အလှန်ပြောဖြစ်သွားကြတယ်။ မေ အတွက် ကျွန်တော်က ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းသည့် လူတစ်ယောက် ဖြစ်သွားခဲ့တာတော့ သေချာသည်။ ကျွန်တော်၏ အပြောအဆို နှင့် အပြုံးတွေ အောက်မှာ သူမ ကျွန်တော်၏ အမှောင်ကမ္ဘာဘက်ခြမ်ဆီကို နှစ်မြော လိုက်ပါလာခဲ့ချေပြီပေါ့။
အချိန်တွေကလည်း တရွေ့ရွေ့ ကုန်မြန်သွားလိုက်လေခြင်း၊ ကျွန်တော် သူမအတွက် အချိန်တွေအများကြီးပေးဖြစ်နေတာကိုတော့ သတိထားမိလိုက်သည်။ ကျွန်တော် စိတ်ပျော်ရွင်ဖို့ နှင့် သူမ ကျွန်တော်အပေါ် တိမ်းညွှတ်လာဖို့ပဲ အဓိက ကြိုးစားရသည်ပေါ့။ ဒီလိုကြိုးစားနေချိန်လည်း သူမ ခံစားချက်ကို တစ်စက်လေးမျှ ကျွန်တော် ဂရုမစိုက်ပါ။ မေလိုမျိုး လူတွေ အပေါ် ကြင်နာပြီး ယုံကြည်လွယ်လွန်းသည့်သူတွေက လှည့်စားဖို့ အလွယ်ဆုံးပဲမဟုတ်လား။ သို့ပေမယ့် ကျွန်တော် သူမနှင့် ဆုံတွေ့ ပြောဆိုနေရခြင်းသည် ကျွန်တော် မျှော်လင့်မထာသည့် ထူးဆန်းသည့် ခံစားချက်အချို့ ကိုတော့ ခံစားမိနေရသည်။ ကျွန်တော် ချစ်ခြင်းကို ခံစားမိနေခြင်းတော့ မဟုတ်ပါဘူး။ ကျွန်တော်၏ သူမ နှင့် ပက်သက်သည့် ကစားပွဲ ပြီးသွားခဲ့ရင်တောင် မေ၏ အနားမှာပဲ ဝဲနေရမည့် လိပ်ပြာလေး တစ်ကောင်အဖြစ်ရှိနေရမည်ဆိုခြင်းကိုလည်း ကျွန်တော် အစကတည်းက နားမလည်ခဲ့ပါဘူးလေ။
မေကတော့ သူမလိုချင်သည့် Relationship ပုံစံမျိုး ကျွန်တော့်ဆီမှာ အားလုံးရှိတယ်လို့ ခံစားမိနေတာပေါ့။ သူမကို ချစ်တတ်တယ် ပြီးတော့ ကျွန်တော်က မိန်းမတစ်ယောက်ကို ဆွဲဆောင်နိုင်သည့် ဥပဓိရုပ်ရှိတယ်၊ မိန်းမ တစ်ယောက်ရှေ့ မားမားမတ်မတ် ရပ်တည်ပေးနိုင်မည့် အရည်အချင်းမျိုးလည်းရှိတယ်။ အရေးအကြီးဆုံးက မေ အတွက် ကျွန်တော်က ထူးခြားသည့်အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ခြင်းဖြစ်မည်။ ဒါတွေကြောင့်ပဲ မေက ကျွန်တော့်ဆီကို နက်နက်ရှိုင်းရှိုင်း ပိုတိုးလို့ ဝင်လာခဲ့သည်ပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဂိမ်းကစားပွဲတစ်ခုထက်မပိုပေ။
ကျွန်တော်နှင့် မေ ညနေခင်းတစ်ခုမှာ တောင်ကြီး၏ တောင်ချွန်း View Point မှာ ကော်ဖီသောက်ရင်း နေဝင်ချိန်ကို ထိုင်ကြည့်နေခဲ့ကြသည်။ မေ ကျွန်တော်ဘေးနားကပ်လာပြီး ကျွန်တော်၏ ပုခုံးပေါ်သို့ သူမ၏ ခေါင်းလေမှီတင်လိုက်သည်။ မေ သူမ၏ ခံစားချက်တွေ ထိန်းချူပ်မနိုင်တော့ပဲ ကျွန်တော့်ဆီသို့ ဖွင့်အံ ထွက်ကျလာပါတော့သည်။
"အကို .. မေ ဒီလိုမျိုး ခံစားချက်ကို တစ်ခါမျှမခံစားဖူးဘူး ... မေ .. မေလေ .. အကို့ကို ချစ်နေမိပြီ" မေဘက်ကပင် ချစ်စိတ်ထုံးမွှန်သော ချစ်ရည်ရွှန်းသော မျက်ဝန်းများဖြင့် ကျွန်တော့်ကို ကြည့်ပြီး ခံစားချက်တို့ ပွင့်အံ့ချလာပါသည်။
ကျွန်တော် ပြုံးလိုက်ပါသည် ဒါပေမယ့် ဘာခံစားချက်မှ ရှိမနေပါ။ ကျွန်တော် မျှော်လင့်ထားခဲ့သည့်အတိုင်း ယခင် ကျွန်တော့်ကို ချစ်ခဲ့သော သူတွေ၏ ပုံစံအတိုင်းပဲ ဖြစ်လာခဲ့သည်မဟုတ်ပေလား။ ကျွန်တော်က ဒီလိုဖြစ်စဉ်မျိုးကိုပဲ လိုချင်သည်လေ။ ဒါကျွန်တော့် ဆော့နေကျ ကစားပွဲတစ်ခုပဲမဟုတ်ပေဘူးလား။ မကြာခင် ဂိမ်းကစားပွဲကို ကျွန်တော် အဆုံးသတ်ရတော့မည်လေ။ ရုတ်တရပ် ကျွန်တော် မှင်တက်သွားမိသည်၊ တုံဆိုင်းသွားမိသည်။ မေ၏ မျက်လုံးထဲက အပြစ်ကင်းစင်နေသည့် မျှော်လင့်ချက် ခံစားချက်ကို ကျွန်တော် တွေ့မြင်လိုက်ရသည်။ ကျွန်တော် သူမ၏ အပြစ်ကင်းစင်သည့် မျှော်လင့်ချက်ကိုတော့ မဖျက်စီးချင်ခဲ့ပါဘူး။
ကျွန်တော် သူမ၏ လက်ကို ငြင်သာစွာ ဆွဲယူကိုင်လိုက်ပါသည်။ ထို့နောက် အေးဆေးတည်ငြိမ်သည့် အသံဖြင့်ပင် "ကျွန်တော်လည်း မေကိုချစ်တယ်" လို့ ပြန်ပြောလိုက်သည်။
ဒီစကားက လိမ်ညာမှု တစ်ခုပါ။ ဟုတ်တယ် ဒီချစ်တယ်လို့ပြောသည့် စကားက လိမ်ညာ မှုတစ်ခုပင်။ သို့ပေမယ့် ဒီစကားက မေကို ဘာစကားပြန်ပြောရမှန်း စဉ်းစားနေချိန်မှာ ၀တီအတိုင်း ထွက်ကျလာသည့် လိမ်ညာမှု ချစ်တယ်ဆိုသည့် စကားဖြစ်သည်။ ဒီစကားအတွက် ကျွန်တော် ဘာမျှ မခံစားရပေ။ ထုံစံအတိုင်း ခံစားမှုတွေက ဗလာနတ္တိ။ သို့ပေမယ့် တစ်ခုခုတော့ ထူးဆန်းနေသည်။ ကျွန်တော်လိုချင်သည့် ကစားပွဲအဖြေ ကိုပြောင်းလဲနိုင်မည့် နိုင်ကွက်ရလာပေမယ့် စိတ်ကျေနပ်မှု ရှိမနေပါ။
မေသည် ကျွန်တော်၏ အဖြေစကားကြောင့် ကလေးတစ်ယောက်လို တော်တော်လေးပျော်ရွင်နေသည်လေ။ ကျွန်တော်တုန့်ပြန်လိုက်သည့် ချစ်ခြင်း၏စကားအကြောင်းအရာတွေအားလုံး သူမယုံကြည်နေသည်လေ။ သူမ ဘ၀၊ ယုံကြည်မှု၊ ချစ်ခြင်းတွေအားလုံး ကျွန်တော့်အပေါ် ပေးဆပ်ထားခဲ့သည်။
အချိန်တွေကုန်လွန်လာသည်နှင့် အမျှ ကျွန်တော် မေကို စိတ်နာကျင်အောင် မလုပ်နိုင်ခဲ့သေးပေ။ ဒီကစားပွဲကို အဆုံးသတ်ရတော့ပေမယ့် မေ့အပေါ် ဘာမျှ ထိခိုက်အောင် မလုပ်နိုင်သေးသည့်အတွက် မိမိကိုယ်ကိုလည်း စိတ်ပျက်လာသလို ဂနာမငြိမ်သည့် ခံစားချက်တွေ ခံစားနေရလေသည်။ ကျွန်တော် ပုံမှန်အတိုင်း ဟန်ဆောင်ချစ်ပေးသည်။ ဂရုစိုက်ပေးသည်။ သို့ပေမယ့် ကျွန်တော်၏အေးစက်နေသည့် အမူအကျင့် နှင့် ခံစားချက်မဲ့ နှလုံးသားတို့၏ သရုပ်မှန်ကိုတော့ ကြာကြာဖုန်းကွယ်ထားလို့တော့ မရပေ။ ကျွန်တော် သူမကို စတင်ရှောင်ဖယ်လာတော့သည်။ အကြောင်းအမျိုးမျိုးပြပြီး သူမ၏ အဝေးမှာပဲရှိနေတော့သည်။ မေလည်း နည်းနည်းတော့ ရိပ်မိလာသည်ပေါ့။ မေ နာကျင်မှု နှင့် ဘာကြောင့် ကျွန်တော် သူမ အပေါ် ယခုလို လုပ်နေတယ်ဆိုသည်ကိုလည်း နားမလည်ပဲနိုင်အောင် ရှိနေသည်ပေါ့။ ဒါကြောင့် သူမ စတင် နာကျင်ခံစားနေရပြီလေ။
တစ်ညမှာတော့ မတွေ့တာကြာပြီဖြစ်သည့် မေ နှင့် ကျွန်တော် ဆုံဖြစ်ကြသည်လေ။ ကျွန်တော် ရှောင်နေပေမယ့် ကျွန်တော် ရှိသည့်နေရာ သူမရောက်လာပြီး ဆုံဖြစ်သည်ဆိုတာက ပိုမှန်သည်။
"ကိုကို .. ဘာတွေများ မေ အမှားလုပ်မိလို့လည်းဟင် .. ကိုကို ပြောင်းလဲသွားတာကော .. ကို့ကို့ဆီက အရင်လိုချစ်တဲ့ ခံစားမှုမျိုး လုံး၀ခံစားမနေရတော့ဘူး" လို့ ကျွန်တော့်ကို မေးသည်။ မေးသည့် သူမ၏ အသံတွေက နာကျင်ကြေကွဲလို့နေသည်ပေါ့။
ကျွန်တော် မေ့ကို စိုက်ကြည့်ပြီး ငြိမ်ငြိမ်လေးရပ်နေတုန်းပါ။ ကျွန်တော့်စိတ်ထဲ ဘာခံစားချက်မှာ မရှိ၊ ရှင်းပြဖို့ နှင့် စိတ်ခံစားချက်တွေ မျှဝေဖို့ဆိုတာလည်း ဘာမျှရှိမနေပဲ။ ကျွန်တော်က ချစ်တတ်တဲ့သူမှ မဟုတ်တာလေ။ ကျွန်တော်က ခံစားချက်ဆိုတာ ဘယ်လိုခွဲခြမ်းစိတ်ဖြာ ခံစားရသည်ဆိုတာ သိတဲ့ကောင်မှ မဟုတ်တာ ဒါကြောင့် ဘယ်လို ချစ်ရမယ်ဆိုတာကို မသိတာတော့ မဆန်းပေ။ ကျွန်တော် သိတာတစ်ခုတော့ ရှိသည်။ ဒီကစားပွဲကို ယခုပင် အဆုံးသတ်လို့ ရနေပြီဆိုခြင်းပင်။ ဒါပေမယ့် ကျွန်တော့် အတွေးထဲ ကစားပွဲအဆုံးသတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ခါတိုင်းလို လွယ်ကူမနေပေ။
"ကိုကို .. ဘယ်လိုချစ်ရမယ်ဆိုတာ မသိဘူး . မေ ..ကိုကို ဘာမှ မခံစားတတ်ဘူး .. ဘယ်တုန်းကမှလည်း အချစ်ကို မခံစားဖူးဘူး" ကျွန်တော်၏ အသံသည် အေးစက်ပြီး ကွဲရှရှိဖြစ်နေပြီး ပြောလိုက်ပါသည်။
ကျွန်တော့်ဆီမှ သူမ ယုံကြည်မျှော်လင့်ထားသလို ဖြေရှင်းချက် စကားသံတွေ မဟုတ်ခဲ့လေတော့ သူမ၏ နှလုံးသား စတင်ကြေကွဲလာလေပြီ။ မျက်လုံးအိမ်ထဲမှ မျက်ရည်များလည်း အားသန်စွာဖြင့် စီးကျလို့လာပါတော့သည်။ သူမ အမှန်လို့ ယူစထားခဲ့သည့်အရာအားလုံးဟာ အလိမ်အညာတွေတဲ့လား ။
"ဘာလို့ ဒီလိုပြောနိုင်ရတာလည်း .. ကို့ကို့ကို .. မေ ..နှလုံးသားကော အရာအားလုံးပေးဆပ်ပြီး ယုံယုံကြည်ကြည် ချစ်ခဲ့တာပါ" သူမ တိုးတိုးလေး ပြန်မေးနေပေမယ့် အသံတွေကတော့ တိမ်ဝင်နေပြီး နှလုံးသားတစ်ခုလုံး မွကြေနေသည့် အသံကိုကြားနေရသည်လေ။
ကျွန်တော် သူမနှင့် မျက်နှာချင်းမဆိုင်ပဲ အဝေးကိုသာ ကြည့်နေလိုက်သည်။ ခါတိုင်းလိုပဲ ကျွန်တော်ဘာမျှ ထူးထူးထွေထွေ ခံစားမနေရပါ။ အားနာချင်းတောင် မရှိ၊ ကိုယ်ချင်းစာစိတ်မရှိ ၊ သူမ နာကျင်နေမှန်းသိတာတောင် ကျွန်တော် ဘာမှဖြစ်မနေပေ။ ကျွန်တော်၏ ကစားပွဲ ယခုပင် အဆုံးသတ်လိုက်ပါပြီ။ သူမ၏ အချစ်ကို ကျွန်တော် ကစားတယ် ပြီးတော့ ကွဲကြေအက်ခံစားသွားရသည့် သူမကို ကျွန်တော် အေးဆေးစွာထိုင်ကြည့်တယ်။ ခါတိုင်းတော့ အဲ့လိုကြည့်နေရတာကို ကျွန်တော် ကျေနပ်ပိတိ ပျော်ရွင်ရခဲ့သည်ပေါ့။ ခုတစ်ကြိမ်တော့ ထိုသို့တော့ မဟုတ်။ ကျွန်တော် ပျော်ရွင်ကျေနပ်လားလို့ မေးရင် ပျော်ရွင်မနေပါ။ တိတ်ဆိတ်စွာပဲ ခံစားချက်မဲ့နေခြင်း ဖြစ်နေယုံမျှသာ ဖြစ်လို့ပဲနေ၏။
"ကျွန်တော် တောင်းပန်ပါတယ်" ဒီစကားပဲ ကျွန်တော်ပြောနိုင်ပါတယ်။
မေ မဲ့ပြုံးလေးတစ်ချက်ပြုံးပြပြီး ကျွန်တော့်ဆီကို ကျောခိုင်းလျက် ဘာမှပြန်မမေးနေတော့ပဲ ထွက်ခွာသွားတော့သည်။ မှောင်သွားပြီဖြစ်တဲ့ ညနေခင်းမှာ သူမ၏ ပထမဆုံးနှင့် နောက်ဆုံး သူမ ချစ်သော ကျွန်တော့်နဲ့ပက်သက်ပြီး ကျခဲ့သည့် မျက်ရည်တွေကိုတော့ ဘယ်သူမှ မြင်နိုင်မှာတော့ မဟုတ်ပေ။
"ဘယ်လိုချစ်ရမယ်ဆိုတာ မသိတဲ့လူတစ်ယောက်ကို ချစ်သွားမိခဲ့တယ်တဲ့လား" စိတ်ထဲမှာ ပြောနေမိသည့်စကား။ "အဓိပ္ပာယ်မရှိသည့် အသည်းကွဲခြင်းပဲ လောကကြီးရယ်"
ကျွန်တော် သူမ ထွက်သွားတာကို ဒီတိုင်းပဲ ရပ်ကြည့်နေမိသည်။ တောင်ကြီး၏ ညခင်းဘက် ပိုအေးစိမ့်မှုကိုတော့ ခံစားမိပါသည်။ ခုခါတိုင်းလို ကျွန်တော်တစ်ယောက်တည်း ဖြစ်သွားပြန်ပြီပေါ့။ ဒီတစ်ကြိမ်တော့ ကျွန်တော် အောင်နိုင်သူလားလို့ တွေးမိမနေပါ။ ကျွန်တော့်ကို တိတ်ဆိတ်သွားစေသည့် ကျွန်တော် နိုင်အောင်မကြိုးစားနိုင်ခဲ့သည် ဒီကစားပွဲအပြင် သူမကိုပါ ကျွန်တော် ဆုံးရှုံးလိုက်ရပြီလေ။ ဒါပေမယ့် ကျွန်တော် ဘာမှ ထူးထူးထွေထွေ ခံစားမနေရပါဘူးလေ။
လမ်းခွဲခဲ့သည့်နေ့မှ စပြီး မေ တစ်ယောက်အနေဖြင့် အရင်လိုပုံစုံတော့ ဖြစ်တည်မနေတော့ပေ။ သူမ၏ အပြုံးတွေမှေးမှိန်ကုန်သည်။ အရောင်တွေလက်နေသည့် သူမ၏ အကြည့်တွေ မရှိတော့ပါ။ ဒါတွေက အချစ်ကိုနားမလည်သော၊ လူတွေ၏ ခံစားချက်ကို တန်ဖိုးမထားသော လူတစ်ယောက်ကို အပေါစားဆန်စွာ ချစ်မိခဲ့သည့်အတွက် ခံစားနေရသည့် ပရော၈ တွေကြောင့်ပင်။
ကျွန်တော်ကတော့ ကျွန်တော်ပင်ဖြစ်သည်ပေါ့။ ပုံမှန်အတိုင်းပဲ ခါတိုင်းလိုပဲ ဘ၀ကိုဖြတ်သန်းသည်။ ကျွန်တော် ဆော့နေကျကစားပွဲတွေကို ဆက်ပြီး ကစားမြဲ ကစားဆဲပဲ။ ကျွန်တော် အကြီးအကျယ်အောင်နိုင်သူအဖြစ် အောင်ပွဲတွေရနေတုန်းပဲပေါ့။ သို့ပေမယ့် ကျွန်တော် မေ ကိုတော့ လုံ၀ မေ့လို့မရခဲ့ပါဘူး။ သူမ၏ မျက်နှာ၊ အသံ၊ ကျွန်တော် ကြားလိုက်ရသည့် ကွဲကြေထွက်လာသည့် သူမနှလုံးသားက ခံစားချက်တွေက ကျွန်တော့်ကို ခြောက်လန့်နေခဲ့သည်လေ။ ဒီလို တွေးမိပြီး ခြောက်လန့်ခံရသည့်အချိန်ဆိုလျင် ကျွန်တော့်ကို ခံစားချက်မရှိသည့်ကောင်၊ မင်းကစိတ္တဇ ကောင်လို့ အမြဲသတိပေးပြီး နေခဲ့ရသည်။ ဘာလို့ အဲ့လိုခြောက်လန့်နေသလဲဆိုသည်ကိုတော့ ကျွန်တော် နားလည်အောင် မကြိုးစားခဲ့ပါ။ သို့ပေမယ့် ကျွန်တော်၏ အတွင်းကျကျ စိတ်အခန်းတံခါးဆီမှာတော့ ကျွန်တော်ချစ်တယ်လို့ ထင်မြင်ယူဆမိသော အရိပ်လေးတစ်ခုတော့ ရောက်ရှိလို့နေခဲ့ပြီပေါ့။
ဘ၀ဆိုတာ ကစားပွဲတစ်ခုပါ။ ကျွန်တော်ကတော့ ခင်ဗျာတို့ တိုက်ပွဲဝင်နေသည့် ဘ၀ထဲကို ဝင်လာပြီး စစ်ပွဲတွေ တမင်ထပ်ဖန်တီးပေးသည့် စိတ္တဇ ကောင်ပေါ့ဗျာ ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment