လူတစ်ယောက်က ကျွန်တော့်ကိုမေးဖူးတယ်။ လူ နဲ့ တရိစ္ဆာန် ဘာကွာလည်းတဲ့ ။ ကျွန်တော်က လူဆိုတာ အနာဂါတ်ကို ကြိုတင်တွေးဆပြီး လုပ်နိုင်စွမ်း နှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်တတ်ကြတယ်။ အဲ့ဒါ တရိစ္ဆာန်တွေ နဲ့ လူတွေ၏ ကွာခြားချက်ပဲလို့ ပြောတော့ ပုရွက်ဆိတ်တွေကလည်း ပူပေါင်းဆောင်ရွက်တတ်ကြတာပဲ အနာဂတ်အတွက်လည်း ရိက္ခာကို ကြိုစု နိုင်ကြတာပဲလေတဲ့။ ကျွန်တော် ပြိုင်မငြင်းခဲ့ပါ။ ပုရွက်ဆိတ်ဦးနှောက်သာသာ ပဲတွေးတတ်တဲ့သူကို ကျွန်တော် ပြိုင်ငြင်းနေလို့ ဘာအကြောင်းထူးမလည်းလေ။ ကျွန်တော်တို့တွေဟာ ကိုညဏ်မှီသလောက်သာတွေးကြပြီး ကိုညဏ်မှီသလောက် ဆရာလုပ်ကြတာပဲမဟုတ်ပေဘူးလား။ တစ်ချို့တွေက ဆိုင်ရာဝါသနာ ဘာသာရပ် သင်ယူခြင်းကနေ တတ်မြောက်တယ်။ တစ်ချို့က အတွေ့အကြုံကနေ သင်ယူတယ်။ ကျွန်တော်ကတော့ အတွေ့အကြုံသင်ခန်းစာကနေ ဆိုင်ရာဝါသနာ ဘာသာရပ်ကို လေ့လာတယ်လေ။ သို့ပေမယ့် ကျွန်တော်က ပညာတတ်တော့ မဟုတ်ပါ။ အကျိုးအကြောင်း အမှားအမှန် အဆိုးအကောင်း ဝေဖန်ပိုင်းခြားနိုင်သည့် လူတစ်ယောက်ပဲဖြစ်ချင်တာပါ။
ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို အချစ်ဆိုတာဘာလည်း မေးဖူးတယ်။ လူတစ်ယောက်နားမှာ အချိန်တွေအကြာကြီး အဓိပ္ပာယ်မဲ့ ရှိနေခြင်းက အချစ်လို့ပဲလို့ ရိုးရိုးလေးပဲဖြေခဲ့ပါတယ်။
"ညီမ .. အကို့ကို ချစ်နေတာဖြစ်မယ် .. အကို့နားပဲ နေချင်နေတာ တစ်ချိန်လုံးပဲ" လို့ ကျွန်တော့်ကို ပြန်ပြောတယ်လေ။ ကျွန်တော် ပြန်ပြီးပြုံးပြလိုက်ယုံသာ ။ သူမ အတွက် ကျွန်တော့်အနားမှာ အဓိပ္ပာယ်မဲ့ရှိနေခြင်းက အချစ်ဆိုတာ သေချာလျှင်။ ကျွန်တော့်အတွက် အချစ်ဆိုသည်က သူမကို အနားမှာရှိစေချင်တာလား ? အချစ်ဆိုသည့် စကားလုံးကို ခေါင်းစဉ်မတပ်ချင်ပေမယ့် သူမ အနားမှာရှိနေခြင်းက စိတ်ကျဉ်းကြပ်ခြင်းတော့ ရှိမနေပေ။ ပကာသန ကင်းတဲ့ချစ်ခြင်းဆိုတာက ဘစ်ကားတူတူစီးခြင်းလား၊ သဘာ၀လေကို အ၀ တူတူရှုခြင်းလား၊ မုန့်ဟင်းခါးတစ်ပွဲ ကို မျှဝေစားခြင်းလား၊ လမ်းတွေ အတူတူလျှောက်ခြင်းလား ၊ တစ်ယောက် ကွမ်းတရာစီဝါးရင်း ရယ်မောခဲ့ရတဲ့ ညနေခင်းတွေလား ?
အချစ်ဆိုတာ မမောနိုင်မပန်းနိုင် လန်းဆန်းတတ်ကြွစွာ ကြည်နူးနေရသည့် အခိုက်အတန့်တစ်ခုပင်မဟုတ်လား။ သို့ပေမယ့် ချစ်ခြင်းတွေမှာ သက်တမ်းကုန်ဆုံးရက်ရှိသည်လေ။
ဘုန်းဘုန်း တစ်ပါးက ကျွန်တော့်ကို နိဗ္ဗာန် မရောက်ချင်ဘူးလားလို့ မေးဖူးတယ်။ ကျွန်တော် ဘာမှ မရှိတဲ့ နိဗ္ဗာန်ကို မရောက်ချင်ပါဘူးလို့ပဲ အေးအေးဆေးဆေး ပြန်ဖြေခဲ့ပါတယ်။ ဒကာကြီးက နိဗ္ဗာန် ဆိုတာ ဘာလည်းဆိုတာကော သိလို့လားတဲ့။ နိဗ္ဗာန် ရောက်တဲ့လမ်းကို သိပါတယ်။ နိဗ္ဗာန် ရောက်ဖို့ လည်း မဆုတောင်းသလို နိဗ္ဗာန်လည်း မရောက်ချင်ပါဘူး လို့ ကျွန်တော် ပြောတဲ့အခါ ဘုန်းဘုန်းက စိတ်ပျက်သလိုနဲ့ ခေါင်းခါတယ်။ ပြီးတော့ ကိလေသာ ဝဋ်ဆင်းရဲကနေ မလွတ်ချင်ကြသေးသကိုး လို့ထပ်မိန့်တယ်။ ကျွန်တော်က ဘုန်းဘုန်းကော နိဗ္ဗာန် မရောက်ချင်ဘူးလားလို့ ပြန်မေးတဲ့အခါ "ဘုန်းဘုန်းနဲ့ ရည်မှန်းချက်က နိဗ္ဗာန်ကိုပဲလေ ဒကာ" တဲ့။ ကျွန်တော်က ဘုန်းဘုန်းလည်း ကိလေသာ တွေ အရင်ဖြတ်ပါလို့ ပြောတဲ့အခါ ။ "ငရဲကျမယ့်ကောင်" တဲ့ ။ သေချာပါတယ် ဘုန်းဘုန်း အတွက် နိဗ္ဗာန်တံခါး တစ်ချပ်တော့ ပွင့်သွားပြီဆိုတာ။
ညီလေး တစ်ယောက်က ကျွန်တော့်ကို အရမ်းအောင်မြင် ကျော်ကြားချင်တယ် ဘယ်လိုလုပ်ရမလည်းတဲ့ ? မအောင်မြင်တဲ့ လူတစ်ယောက်ဆီက အောင်မြင်ဖို့ အကြံညဏ်လာတောင်းနေတာ မင်းမှားနေပြီလို့ ကျွန်တော်ပြန်ပြောလိုက်တယ်။ ဒါပေမယ့် အကို့ကို ကျွန်တော် ယုံကြည်တယ်တဲ့။ သူ့ စကားကြောင့် အောင်မြင်ရေးမဟုတ်ပေမယ့် ကျော်ကြားဖို့ အကြံညဏ်တော့ ကျွန်တော် ပေးလိုက်ပါတယ်။
"အောင်မြင်ဖို့က ခက်တယ် .. ကျော်ကြားဖို့က လွယ်တယ် .. အကောင်း နဲ့ အဆိုး အစွန်း၂ဘက်မှာ ရပ်နေတဲ့ကောင်တွေက ကျော်ကြားကြတယ် .. ကောင်းအောင်ကြိုးစားဖို့က မလွယ်ဘူး .. အဆုံးစွန်ထိဆိုးလိုက်ကွာ" လို့ ကျွန်တော် ပြောလိုက်တယ်။ အခုတော့ သတင်းတဲ့တဲ့ ကြားရပါတယ် နာမည်ကြီးဇိုးတစ်ယောက် အဖြစ်နဲ့ ကျော်ကြားနေပြီး ရုပ်ရှင်တွေတောင် ရိုက်လို့ဆိုပဲ။ ကျော်ကြားပြီးရင် အောင်မြင်မှုက လိုက်တာပဲလေ။ အထိုက်အလျောက် ငွေကြေးနဲ့ လူမိုက်ဂုဏ်လေး တစ်ခုနဲ့တင် ဒီကောင် ကျေနပ်နေလောက်ပါတယ်။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment