ခရီးထွက်ရတော့မည်ဆိုတော့ ကျွန်တော်ပျော်နေပါသည်။ ချစ်တဲ့သူနှင့်လည်း တွေ့ရမည်ဖြစ်သလို အဆစ်သဘောဖြင့် ပင်လယ်ကိုသွားချင်နေသည့် ကျွန်တော့် စိတ်ကူးသည်လည်းပြည့်ပြီလေ။ ကားက မနက် (၈) နာရီမှထွက်မည်ကို နိုးနေသည်က ည ၂ ခွဲကတည်းကပင်။ ဒါကြောင့် ကျွန်တော် ဘယ်လောက်စိတ်တွေ တက်ကြွပြီး စိတ်တွေလှုပ်ရှားနေသည်ကို မိမိကိုယ်ကို အတိုင်းသားမြင်နေရသည်။ မနက် (၄) နာရီထိုးကတည်းက ခရီးသွားဖို့ ဖင်တကြွကြွ ဖြစ်လို့နေပေသည်။ ဘတ်စ်ကား စီးမည်လို့ တွေးထားသည့်အတွက်ကြောင့် မနက် ၅ နာရိကျော်ကျော်လောက်ထွက်ရင် ကားဂိတ်ကို မှီသည်လေ။ သို့ပေမယ့် (၄) နာရီလောက် ကားဂိတ်သွားထိုင်စောင့်နေလျှင် အမည်းဝမ်းဆက် ဝတ်ထားသည့်အတွက်ကြောင့် ကျွဲနှင့်တူနေသည့်အပြင် ပါလာသည့် အဝတ်အိတ်၊ လတ်တော့အိတ် နှင့် ကြွတ်ကြွတ်အိတ် အားလုံးသည်းလည်း အမည်း ပင်။ ဒါကြောင့် အလင်းရောင်မရှိသေးသည့် မနက် (၄) နာရီမှာ ကျွန်တော့်အား ကိုရွှေခွေး တွေသည် ကျွဲကြီးမဟုတ်ရင်တောင် သူခိုးဟု ထင်မှတ်မှားမိအသေချာပင်။ ထို့ကြောင့်အပီ အပြင် ကိုက်နိုင်သည် မဟုတ်ပေလား။
မနက် (၅) နာရီထိုးပြီ။ ပျော်လိုက်တာဗျာ ရှင်လူထွက် ပျော်သလိုကို ပျော်ခြင်းပင်။ အနီးအနားက ကြက်တွန်သံကလည်း သိပ်ကိုနားဝင်ချိုသည်။ ခါတိုင်းအမှုမဲ့အမှတ်မဲ့ ရှိသည့် ကိုရွှေကြက်ဖတွန်သည့် အသံက လွန်စွာကျက်သရေရှိသည့်အပြင် ဗီသိုဗင်တေးသွားထက်တောင် နားထောင်လို့ ကောင်းလွန်းလှသည်။ အိတ်ကိုယူ ကားဂိတ်ကို ထွက်သည့် လမ်းတလျှောက် မိုက်ဂိုက်နဲ့ ပေစောင်းစောင်းကြည့်နေကြသည့် ကိုရွှေခွေးများကိုလည်း ကျွန်တော် ပလိန်းကြီးလိုက်ပြုံးပြနေခြင်းကြောင့် ကိုရွှေခွေးတို့များ အမြီးလေးနှံတန့်တန့်လုပ်ပြီး "ဒီလူ ဂေါက်များနေလား" လို့တောင် ပြောနေမိမည်ထင်သည်။ ဟုတ်တော့လည်း ဟုတ်သည်လေ သူတို့ခင်ဗျာ ဟောင်ပဲဟောင်ရမလို ပြေးပြီးပဲ လျှက်ပေးရတော့မလို နှင့် ဇဝေဇဝါ ရှိုးသည့် ခွေးရှိုး ရှိုုးကြသည်ပေါ့ဗျာ။ ဘတ်စ်ကားမှတ်တိုင်ရောက် မှတ်တိုင်က ကားစောင့်နေသည့် ပျိုပျီု အိုအို ကုလားကြီးတွေလည်း ချစ်စရာအလွန်ကောင်းဗျာ၊ ကားပေါ်ရောက် ကားဒရိုင်ဘာကလည်း ချောသန့်နေရော ။ ကားသွားတော့ တိုက်သည့် လေနုနုအေးအေးလေးကလည်း ပပ၀တီဘေးမှာထိုင်ပြီး ယပ်ခပ်ပေးနေသလို ၊ ထိတွေ့လိုက်သည့် အရာရာတိုင်း မြင်လိုက်ရသည့် အရာရာတိုင်း ကြားလိုက်ရသည့် မည်သည့် အသံမဆို သိပ်ကို သာယာလှပနေတာပေါ့။ ဒါတွေက ချစ်ခြင်းရဲ့ တန်ခိုးတွေပေါ့ဗျာ။
အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေ လေအိတ်ကားကြီးစီး မြင်နေကြရှုခင်း သွားနေကြလမ်းဖြစ်ပေမယ့် ဘေးပတ်ဝန်းကျင်ရှုခင်းတွေက အားလုံးအသစ်သစ်လိုပါပဲ။ စိမ်းလန်းလို့ အေးမြလို့ စိတ်ချမ်းသာစရာကောင်းပါ၏။ စစ်တောင်းမြစ်ကို ဖြတ်တဲ့အခါ စစ်တောင်း ငါးသလောက်က စားကောင်းတယ်ဆိုပြီး ဘာမဆိုင်ညာမဆိုင် တွေးမိပြီး ရင်ခုန်ရတာပါပဲ။ သံလွင်မြစ်ကိုဖြတ်တဲ့အခါ စိုင်းထီဆိုင်၏ သံလွင်ချောင်းခြား သီချင်းလေးကို ညည်းမိရင်း ရင်ခုန်ရတာပါပဲ။ ကားက မော်လမြိုင်အဝေးပြေးကားဝန်းကို ရောက်တဲ့အခါ သူမက "မုဒုံကျော်လာရင် ဘေးပတ်ဝန်းကျင်ကို သေချာကြည့်ခဲ့နော် .. ငြိမ်း အကြိုက်ဆုံးရှုခင်းတွေပဲ ကိုကို" လို့ပြောသည်။ သူမအကြိုက်ဆုံးရှုခင်းတွေကို ကျွန်တော်မျက်စိထဲမြင်ယောင်ကြည့်မိသည်။ တောင်တန်းတွေရဲ့ဘေးမှာ အုပ်မှိုင်းမှိုင်းတောအိပ်တွေများလား ဒါမှမဟုတ် တောင်ချွန်းတောင်စွယ်တွေ ထိုးထိုးထောင်ထောင်ထွက်နေသည့် ရှုခင်းများဖြစ်နေမလားလို့ တွေးမိရင်း သူမအကြိုက်ဆုံးရှုခင်းဆိုသည်ကိုကြည့်ဖို့ ကားကိုမော်လမြိုင်ကနေ အမြန်ထွက်ဖို့ ဆုတောင်းနေမိတာပေါ့။ မုဒုံကိုကျော် ဘေးပတ်ဝန်းကျင်ကိုတောက်လျှောက်ကြည့်လာသည့်အခါ ကျွန်တော်တွေးထားသည်နှင့် တက်တက်စင်အောင် လွဲခဲ့ပါသည်။ စိမ်းပြာညီညာနေသည့် ရာဘာတောအုပ်များကို မြင်တွေ့လိုက်ရခြင်းကြောင့်ဖြစ်မည်။ မျက်စိတစ်ဆုံး လမ်း၏ ဘယ်ကော ညာကော အုပ်မှိုင်းနေသည့် ညီညီညာညာ ရာဘာတောအုပ်လေးက စိတ်ကိုအေးချမ်းမှုပေးနိုင်သည့်အပြင် ချစ်စရာကော လွမ်းမောစရာကို ပေးသည့် အငွေ့အသက်များစွာ ခံစားမိသည်လေ။
ကျွန်တော်က "ငြိမ်းရယ် .. အကိုက ရာဘာတောအုပ်တွေကို မြင်ရမယ်လို့ မထင်ခဲ့ဘူး" လို့ပြောပြသည့်အခါ သူမက ခပ်ဖွဖွရယ်လျက် "အကိုရယ် ... ဘယ်လောက်စိတ်အေးချမ်းမှုကောင်းလိုက်သလည်း .. ငြိမ်းက အဲ့မြင်ကွင်းကို မြင်ရတာသဘောကျတယ် ရာဘာတောအုပ်ကြားမှာပဲ အမြဲနေချင်တယ်" သူမနေချင်သလို ကျွန်တော်လည်း ရာဘာတောအုပ်ကြီးအလယ်မှာ ကျွန်တော်တို့ ၂ ယောက်၏ သစ်လုံးခြေတံခြေအိမ်လေးနှင့် ပျော်ရွင်နေသည့်မြင်ကွင်းကို မြင်ယောင် တွေးမိလျက် ပြုံးလိုက်မိပါသည်။
အငြိမ်းကို ကျွန်တော်တွေ့နေရပါပြီ။ မျက်နှာမှာ Mask ကိုအုပ်လျက်။ ကျွန်တော် သတိထားမိသလောက် တစ်မြို့လုံးမည်သူမျှ Mask တပ်ထားသည်ကိုမတွေ့။ ထူးထူးခြားခြားသူမ တပ်ထားတော့ အားလုံးကအထူးအဆန်းလို ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည်လေ။ သူမကတော့ ဂရုမစိုက်အား သူ့အတွေးနှင့်တူ ရှုပ်နေပုံရသည်။ ကျွန်တော်ဖုန်းဆက်လိုက်ပါသည်။ ဖုန်းကိုအိတ်ထဲမှ ပြူးပြဲရှာ၍ ကိုင်လိုက်ပါသည်။ ကျွန်တော်လမ်းတစ်ဘက်တွင်ရှိကြောင်းပြောလိုက်၏။ ကျွန်တော့်ကို ကျော်၍ တောင်ကြည့်မြောက်ကြည့် ဟန်ဆောင်ကြည့်လျက် ကျွန်တော့်ကိုကျောပေးကာ ညာဘက်လက်ကို လေပေါ်မြှောက် လက်ထောင်ပြလိုက်ပြီး "ကျွန်တော် .. စျေးထဲအရင်ပတ်လိုက်ဦးမယ်နော်" ဆို၍ စျေးထဲသို့ ကုတ်ကုတ်ဖြင့် ဝင်သွားသည်။ အိုက်တင်ကတော့ တကယ့် အကယ်ဒမီရှော့ပင်။ ထို့နောက် ကျွန်တော်နှင့် သူမ စတ်စဲကမ်းခြေကို သုံးဘီးငှားပြီးသွားကြပါသည်။ သုံးဘီပေါ်အရောက် ကျွန်တော်သူမ လက်ကို လှမ်းကိုင်တော့ ရှက်သည်လေ။ ထူးခြားချက်က သူမ ကျွန်တော်၏ မျက်နှာကို လုံး၀သေချာမကြည့်ပဲ Mask ကြီးတပ်ထားမြဲဖြင့် ဦးခေါင်းကို ကျွန်တော်၏ ဆန့်ကျင်ဘက်သို့သာလှည့်ထားခြင်းကိုက ခေါင်းကြီးလည်ပြီး ပြုတ်ထွက်သွားမည်ကို စိုးရိမ်မိပါသည်။ ရှက်နေသည့် အငြိမ်းက လွန်စွာချစ်စရာကောင်းသည်လေ။
စတ်စဲ ကမ်းခြေရောက်တော့ နည်းနည်းတော့ သူမရင်းနှီးစပြုလာပြီလေ။ မျက်နှာချင်း မဆိုင်ရဲသေးပေမယ့် တစ်ချက်ချက်တော့ ကျွန်တော့်အားခိုးခိုးကြည့်သည်။ ကမ်းခြေမှာလမ်းဆင်းလျှောက်တော့ သူမက ကျွန်တော်၏အကျ်ီစကိုကိုင်သည်။ တစ်ချက်ချက် လက်မောင်းလေးကိုလည်း တွဲထားလိုက်သေးသည်။ အကြာကြီးတော့ မဟုတ်ပေမယ့် ကျွန်တော် သဘောကျပါသည်။ လက်ဖမိုးခြင်းထိမိသည့် အခါ ပုခုံးခြင်းထိမိသည့်အခါ ကျွန်တော်၏ လက်မောင်းလေးကို ကိုင်လိုက်သည့်အခါ ကျွန်တော့်အား သူမ ခိုးခိုးကြည့်သည့်အခါ သန့်ရှင်းလက်ဆတ်သည့်လေကိုရှုရှိုက်ရင်း ဝါကျဉ်ကျဉ်ပင်လေကြီးနှင့်အတူ ရှိနေခြင်းကိုက ကမ္ဘာဦးအစ မီးကိုရှာဖွေတွေ့ရှိသည့် ကျောက်ခေတ်လူသားများ မီးကို ကိုးကွယ်သလို ကျွန်တော်လည်း ထိုအခိုက်အတန့်ကို ကိုးကွယ်ထားမိ၏။ ကမ္ဘာမှာ ချစ်ဖူးသူတိုင်း ချစ်ကြသူတိုင်း ကြုံဖူးကြသည့် ဒီအခိုက်အတန့်က အလှပဆုံးနှင့် ရိုမန့်အဖြစ်ဆုံး အခိုက်အတန့်မဟုတ်ပေဘူးလား။ အရမ်းဖြူစင်သည့် အချစ်ငှက် နှစ်ကောင် ဆုံကြသည့်အခိုက်အတန့်လို့ ခေါ်တွင်လျင် ပိုမှန်မည်။
"ပင်လယ်လေမရှုရတာကြာပြီ .. ရှုလို့ကောင်းလိုက်တာ" လို့ကျွန်တော် ပြောလိုက်သည်။
"ဟင် .. အကိုကလည်း .. ဒီပင်လယ်လေ အနံ့က စေးကပ်ကပ် နဲ့ ငြိမ်းတော့ မကြိုက်ပါဘူး" ဟု သူမပြန်ဖြေသည်။ ကျွန်တော် သေချာထပ်ရှုကြည့်လိုက်သည်။ ဟုတ်တော့လည်းဟုတ်သည် ပင်လယ်လေက စေးကပ်ကပ်အနံ့ကို ခံစားမိသည်။ ခါတိုင်း ပင်လယ်ရောက်တိုင်း သတိမထားမိပေမယ့် သူမ ပြောလိုက်မှ သတိထားမိသည် စေးကပ်ကပ်အနံ့မျိုး။ ဒါကို ယခင်က နှာခေါင်း မယဉ်တော့ လက်ဆတ်သည့်လေ လို့ကျွန်တော်ထင်ခဲ့မိခြင်းဖြစ်မည်။ ပင်လယ်လေက တကယ်ကိုစေးကပ်ကပ်အနံ့ကြီးပါပဲဗျာ။
သူမ၏ ခေါင်းလေးကျွန်တော့်ရင်ခွင်ထဲသို့ အပ်ထားသည်လေ။ လက်နှစ်ဖက်ကလည်း ခါးကိုသိုင်းဖက်ထားသေးသည်။ ကျွန်တော်လည်း အလိုက်သင့်လေး ပြန်ဖက်ထားလိုက်ပါသည်။ ပြင်သစ်အနမ်းဆိုတာမျိုး သူမသေချာမခံစားဖူးဘူးဟု သူမ ကျွန်တော့်အားပြောဖူးသည်။ ရင်ခွင်ထဲမျက်နှာအပ်ထားသည့် သူမ၏မျက်နှာအား မေးစေ့လေးကိုကိုင်ပြီး ကျွန်တော်ဆွဲယူလိုက်သည်။ ကျွန်တော် နမ်းတော့မည်ဆိုတာကို သိလို့ထင်သည် ကျွန်တော့်မျက်လုံးအားတစ်ချက်ကြည့်ပြီး ရင်ခွင်ထဲသို့ ခေါင်းကိုထပ်မံ အပ်နှင်းထားလိုက်သည်။
"ကိုကို .. နှုတ်ခမ်းလေး နမ်းပရစေ" ကျွန်တော်၏ စကားကြောင့် သူမကိုယ်လေး တစ်ချက်လှုပ်သွားပြီ "ငြိမ်း .. မနမ်းတတ်ဘူး အကို"လို့ပြန်ပြောသည်။
"မနမ်းတတ်လည်း .. ငြိမ်ငြိမ်လေးသာနေနော်" လို့ကျွန်တော်ပြောတော့ သူမ "မနေတတ်ဘူး အကို" တဲ့။ ကျွန်တော်ထပ်မံ သူမ မေးလေးကို ဆွဲယူလိုက်ပါသည်။ ဒီတစ်ကြိမ်တော့ သူမ၏ မျက်နှာ ကျွန်တော့်ရင်ခွင်ထဲသို့ တိုးဝင်ဖို့ မကြိုးစားတော့ပါလေ။
ကျွန်တော် ခပ်ဖွဖွ သူမ၏ အောက်နှုတ်ခမ်းလေးကို နမ်းလိုက်ပါသည်။ ထို့နောက် အပေါ်နှုတ်ခမ်းလေးပါ ထပ်နမ်းလိုက်သည်။
"ရင်ခုန်တယ် .. အကို" တဲ့ ။ အချစ်ငှက်လေး နှစ်ကောင် အနမ်းခြင်းဖလှယ်ကြသည်လေ။
ကမ္ဘာမှာ အရသာအရှိဆုံး ထမင်းဝိုင်းသည် ချစ်သောသူနှင့် (သို့) ချစ်သော မိသားစု နှင့်အတူ စားသုံးသည့် ထမင်းဝိုင်းပင်ဖြစ်လိမ့်မည်။ ကျွန်တော့်အတွက် သူမကိုယ်တိုင်ချက်လာသည့် ကြက်ဖက်ကဖောင်း နှင် ကြက်ကြော်သည် ကျွန်တော်စားဖူးခဲ့သမျှ အစားအသောက်များထဲတွင် အကောင်းဆုံးပင်ဖြစ်၏။ ကျွန်တော် မြှိန်ရည်ယှက်ရည် စားပါသည်။ သူမကတော့ ပြုံးပြုံးကြီးကြည့်လျက်။ သူမ၏ အပြုံးသည်လွန်စွာလှပါသည်။ သွားလေးပေါ်အောင် ပြုံးခြင်း၊ ရယ်ခြင်းက သူမ၏ အခန်းနားဆုံးသော သူမကိုယ်ပိုင် အလှတရားပင်။ ထိုအပြုံးလေးအောက်တွင်ပင် ကျွန်တော်ကဲသို့ အခြားသူများလည်း ကျရှုံးခဲ့သည်ထင်ပါသည်။ သို့ပေမယ့် ကျရှုံးသည့်သူများထဲတွင် ကျွန်တော်က အောင်နိုင်သူပါ။ သူမ၏ အပြုံးကို အနီးကပ်ကြည့်ခွင့်ရသည်။ ထိတွေ့ခွင့် ရသည်။ နမ်းရှိုက်ခွင့်ရသည့် အောင်နိုင်သူတစ်ယောက်ပါ။ တိုက်ပွဲတိုင်း အောင်နိုင်သည့် နပိုလီယန် နှင့် စစ်ဘီလူးကြီး ဟစ်တလာ တို့လို ချစ်မိလို့ အချစ်မှာ ကျရှုံးခြင်းထက် ချစ်ခြင်းကိုပြန်လည်ရရှိခြင်း အောင်နိုင်သူမျိုးလိုပင်။
"ငြိမ်း မျက်လုံးတွေက စွမ်းအားရှိတယ် .. ငြိမ်းအကြည့်ကို ဘယ်သူမှ ခံနိုင်လောက်မယ်မထင်ဘူး .. မျက်လုံးအသေကြီးနဲ့ စိုက်ကြည့်ရင် ကြောက်ဖို့ကောင်းတယ်" လို့ ကျွန်တော် ပြောသည့်အခါ။ "ဟုတ်လောက်မယ်" ဟုပြောသည်။ တစ်ခါ ရွာက တရားပွဲတစ်ခုမှာ ဘုန်းကြီးက ဇာတ်တော်အကြောင်း ဟောပြောနေသည်မှာ အဆုံးမသတ်နိုင်သေးပဲ ၂ ခါလောက်ပြန်ပြန်ပတ်နေတာကို စိတ်မရှည်လို့ ဘုန်းကြီးကို အကြာကြီးစိုက်ကြည့်နေမိကြောင်းကို ပြောပြသည်။ ဘုန်းကြီးက သူအကြာကြီးစိုက်ကြည့်နေတာကို သတိထားမိသည်။ ထို့နောက် လန့်သွားလို့ထင်တယ် တရားပွဲကို အမြန်အဆုံးသတ်လိုက်ကြောင်း ကျွန်တော့်ကိုပြောပြသည်။ သူမပြောတာကို နားထောင်ပြီး ကျွန်တော်တို့ နှစ်ယောက် ပေါ့ပေါ့ပါးပါး ရယ်မောမိကြသည်။ အချစ်ငှက်လေး နှစ်ကောင် ရယ်မောကြခြင်း ပင်ဖြစ်သည်။
"အကို့ကို ချစ်တယ် .. ဒါပေမယ့် နီးနီကပ်ကပ် မနေချင်ဘူး" သူမစကားကြောင့် ကျွန်တော်အံ့အားသင့်သွားပါသည်။ "အကို ပြန်သွားတဲ့အခါ .. ပြတ်ကြရအောင်နော်" လို့ သူမ ဆက်ပြောသည်။ ချစ်တယ်လို့ ကျွန်တော့်ကို ပြောသည့်နေ့က တစ်ဆက်တည်း ပြတ်ကြမယ်လို့ ပြောခဲ့သလို ကျွန်တော်တို့၏ ပထမဆုံးတွေ့ကြသည့် အချိန်မှာလည်း "နီးနီးကပ်ကပ် မနေချင်ဘူး ပြန်သွားတဲ့အခါ ပြတ်ကြရအောင်" လို့ထပ်ပြောသည်က ကျွန်တော်၏ အရူးမလေးပင်။ "ဒါဆို .. မပြန်တော့ဘူး ဒီမှာပဲ နေတော့မယ်"ဟု ကျွန်တော်ပြောသည့်အခါ သူမကသွားလေးတွေပေါ်အောင်ပြုံးပြီး "ချစ်လိုက်တာ .. ကိုကိုရယ်" လို့တိုးတိုးလေးကပ်ပြောသည်။ ကျွန်တော်သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါသည်။ သူမ၏ နားရွက်နုနုလေးအား ကျွန်တော် နမ်းလိုက်သည်။ ထို့နောက် တစ်ယောက်နှုတ်ခမ်းကို တစ်ယောက် အငမ်းမရနမ်းကြသည်။ တစ်ယောက်ကိုတစ်ယောက် လွန်စွာပူးပူးကပ်ကပ်ဖြင့် ပတ်ဝန်းကျင်လည်းမသိပါ ဘာမျှမကြားပါ ဘာပြင်ပ ပရောဂမှ အရေးမစိုက်အားတော့ပါ။ အချစ်ငှက် နှစ်ကောင် ချစ်တေးခြင်းတွေ သံပြိုင်သီဆိုနေကြခြင်းဖြစ်လိမ့်မည်။
ကျွန်တော်၏ အပြန်ခရီးသည် အရာရာလွမ်းမောစွာဖြင့်ပေါ့။ စီးရမည့် ဘတ်စ်ကားကိုမြင်သည့်အခါ လွမ်းနေရတာပဲ။ ယာဉ်မောင်းကို မြင်တွေ့သည့်အခါလည်း ငြိုးငြိုးငယ်ငယ်နှင့် သူလည်း လွမ်းနေတာပဲထင်သည်။ ပင်လယ်ကြီးကို တစ်ချက်ကြည့် ပင်လယ်ကြီးလည်း လွမ်းသွားလို့ထင်ပါရဲ့ လှိုင်းရိုက်သံတွေက ငိုသံတွေပါပေါက်လို့နေသည်။ ရာဘာပင်တောအုပ်ကြီးကလည်း ငိုက်စိုက်ကြလို့ စိမ်းညို့ညို့အသွင်ကနေ မှိုင်းညို့ညို့အသွင်ပြောင်းပြီး လွမ်းနေကြခြင်းဖြစ်မည်။ သံလွင်မြစ် နှင့် စစ်တောင်းမြစ်ကြီးကလည်း ကျွန်တော့်ကိုလွမ်းနေမည်ဖြစ်ကြောင်း နှုတ်ဆက်ကြသေးသည်။ ကားပေါ်ပါ ခရီးသည်တွေအားလုံးမျက်နှာတွေမှာလည်း အလွမ်းရိပ်တွေဝေလို့။ စစ်ဆေးရေးဂိတ်က ကိုရွှေစစ်သား ရဲကြီးတွေလည်း အငိုမျက်လုံး အလွမ်းမျက်နှာတွေဖြင့် သူတို့လည်း လွမ်းနေကြသည်လေ။ ကျွန်တော် မြင်လိုက်သည့်အရာတိုင်း ကြားလိုက်သည့်အသံတိုင်း ထိလိုက်သည့် အရာတိုင်း လွမ်းခြင်းတွေဖြစ်သွားကြသည်။ အခုဆို အချစ်ငှက် နှစ်ကောင်လည်းလွမ်းနေမှာပေါ့လေ။
"ပြန်လည်ဆုံဆည်းကြမယ် အချစ်ရယ် .. မျှော်လင့်ချက် အသည်းနှလုံးလေးကိုခွဲကာပြချင်တယ် ... ပြန်လည်ဆုံဆည်းကြမယ်ကွယ် .. ဒို့ရဲ့အချစ်ကို မိုးပွင့်လေးတွေသိပါတယ်" တိုက်တိုက်ဆိုင်ဆိုင် စန္ဒယားလှထွဋ်၏ ပြန်လည်ဆုံဆည်းကြမယ် အချစ်ရယ် သိချင်းသံကလည်း လွင့်ပြန်လို့လာသည်။ အော်လွမ်းခြင်းတွေတောင် ဇာတ်ပို့တေးနဲ့ပါလား ။ မကြာခင်ရက်ပိုင်းတော့ ပြန်ဆုံကြတာပေါ့ အချစ်ရယ် ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment