တစ်ချိန်က ကျွန်တော့်မှာ သိပ်လှသည့် ယမင်းရုပ်လေးတစ်ရုပ်ပိုင်ဆိုင်ခဲ့ဖူးပါသည်။ အသားမဖြူမညို ပါးချိုင့်၂ဖက် နှင့် လှသည် လို့ပြောရင်ပိုမှန်မည်။ သွက်လက်ထက်မြတ်သည့်အပြင် စကားလည်းကြွယ်တော့ တော်ယုံသူတွေ သူ့ကို မစ ရဲပေ။ ဘုရားတရား လွန်စွာလုပ်သော်လည်း စိတ်ပုပ်လာသည့်အခါ ဘုရားမေ့ တရားမေ့ နှင့် ဒါက သူမပင်ဖြစ်သည်။ သင်ယူလိုစိတ်ပြင်းပြချင်း ၊ ကြိုးစားခြင်း ၊ မော်ကြွားတတ်ခြင်း ၊ ရက်ရောခြင်း ၊ အလုပ်ကြိုးစားခြင်း၊ အလှဂုဏ်နှင့် ပညာဂုဏ် လည်းမောက် တတ်သေးသည်။ ဒါကြောင့် ကျွန်တော်၏ရင်းနီးသော မိတ်ဆွေ အနည်းငယ်သည် သူ့ပုံစံကို မကြိုက်သော်လည်း ကျွန်တော့်ကို အားနာသောဖြင့် တည့်အောင် ပေါင်းပေးရခြင်းမှာလည်း ကျွန်တော်၏ မိတ်ဆွေများကို လွန်စွာကျေးဇူးတင်မိပါသည်။ ကျွန်တော် နှင့် သူမ ခရီးစဉ်ပေါင်း ၆၀ နီးပါး တူတူထွက်ဖူးသည်။ ထိုခရီးစဉ်တွေထဲမှာ ပင်လယ်ခရီးစဉ်တော်တော်များများလည်း သွားဖူးခဲ့သည်။
မော်ဒိုက် ၊ မူနဲ့ (ဗီယမ်နမ်) ၊ ဘာလီ ၊ ပတ္တရား ၊ ကော့စမွေ ၊ ဟာလောင်းဘေ ၊ ငပလီ ၊ ငွေဆောင် ၊ ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံ စသည့် ကမ်းခြေတွေကို သူမ နဲ့ အတူတူ သွားခဲ့ကြသည်။ ဒီ ကမ်းခြေခရီးစဉ်တွေ က သူမ နဲ့ ကျွန်တော် ပင်လယ်ကို ကြိုက်ကြတယ်လို့ ပြောလို့ရသည်ပေါ့။ ပယ်လယ်အငွေ့အသက်က ချစ်ခြင်းတွေကို ပိုခိုင်မြဲ စေ သတဲ့။ ထိုစာသားများသည် တစ်ချိန်မှာ မှားယွင်းသွားကြောင်း ကျွန်တော် သိသွားခဲ့သည်လေ။
မော်ဒိုက်လေဆိပ် Immigaration ကအထွက် Hotel မှ လာကြိုသည့် Pick Up Area သို့အရောက်တွင် သူမအံ့ဩစွာဖြင့် "လေဆိပ် မှာ လှေမကြုံ ဆိုသည့် စကားမှားသွားပြီနော်တဲ့" ။ သူမ ကလေးလေးတစ်ယောက်လို ပျော်ရွင်နေပုံကိုကြည့်ပြီး ကျွန်တော် ပိတိဖြစ်ရပါသည်။ စိမ်းပြာရေပြင်ကြီး မှာ ကူးခေတ်နေသည့် ငါးလိပ်ကြောက်၊ နီမို နှင့် ပင်လယ်လိပ်ကြီး အချို့ကို အတိုင်းသား မြင်နေရသည်လေ။ လေဆိပ်တွင် တွေ့ရသော Speed Boat ဆိုဒ်စုံ နှင့် Sea Plane တို့သည်လည်း မော်ဒိုက်လေဆိပ်၏ တမူထူးခြားသော စွဲဆောင်မှုပင်ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မော်ဒီဗီယန်းတွေ၏ ရပ်ဂေးသိချင်းတွေနားထောင်ကြသည်။ သူတို့နှင့် အတူတူ သိချင်းတွေဆိုကြသည်။ မော်ဒီဗီယန်းကျွန်းအကည ပါတီတွေမှာ သူတို့ နှင့် ဝင်ကကြသည်။ ခရုကမာ အပြေးပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီးဆုတောင် ရလိုက်သေးသည်။ အင်ဒီးယားသမုဒ္ဒရာအလယ်ကြီးမှာ စနော်ကလင်း လုပ်ကြသည်။ ကျွန်းတွေပတ်ကြည့်ကြသည်။ သန္ဆာကျောက်တန်းတွေကိုကြည့်ပြီး နီမို ငါးလေးတွေလိုက်ကြည့်သည်။ ညနေဖက် ငါးမန်းပေါက်လေးတွေ အများကြီး အစာကျွေးတာကို အသည်းတယားယားနဲ့ ကြည့်ကြသည်။ ညဘက် ငါးဖမ်း ထွက်ကြသည်။ ညလယ် အရောက်မှာ ကမ်းခြေနားကပ်လာသည့် မီးလင်းငါးလေးတွေ သွားကြည့်သည်။ သမုဒ္ဒရာကြီးအလယ်မှာ ရှင်းလင်းနေသည့် ကောင်းကင်ကြီးကို သဲဖြူဖြူနုနုပေါ် အိပ်စက်ရင်း ကြယ်တွေကို ရေတွက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကျစ်ကျစ်ပါအောင် ဖက်ထားကြသည်။ တစ်ယောက်ကိုတစ်ယောက် အငမ်းမရ နမ်းခဲ့ကြသည်။ ပျော်စရာ ခဏတာ နိဗ္ဗာန် ပေါ့သို့ အလည်တစ်ခေါက် သွားသည့်အလားပင်။
"ချစ်လေး .. အရမ်းပျော်တယ် သိလား ကိုကို" သူမ၏ ထိုအပြောလေးနှင့်ပင် ကျွန်တော်ကျေနပ်ခဲ့သည်ပင်။
မှတ်မှတ်ရရ သူမ၏ မွေးနေ့မှာ ဗီယမ်နမ်တောင်ပိုင်း ဟိချီမင်းကနေ ၂ နာရီခွဲလောက်သွားရသည့် မူနဲ့ကမ်းခြေကို သွားဖြစ်ကြသည်။ ဗီယမ်နမ်၏ ကန္တရလို့ခေါ်တွင်ရမည့် White Sand Dunes တွင် သဲချောစီးသည် ၊ လမ်းလျှောက်သည် ၊ AVT စီးကြသည်။ အဘူဒါဘီ ရောက်နေကဲ့သို့သော အလားတူ ကန္တာရ အတွေ့အကြုံကောင်းပင်။ ထူးထူးခြားခြားမှတ်မှတ်ရရဆိုလျှင် ကျွန်တော်တို့ မီးကျောင်းသား နှင့် လိပ်သားကို စားခဲ့ကြသည်လေ။ ဗီယမ်နမ် အမေရိကန် စစ်ပွဲမှာ ဗီယမ်နမ်တို့၏ ပျောက်ကြားစနစ်ဖြင့် အမေရိကန်တွေကို တိုက်ထုတ်ခဲ့သည့် နည်းလမ်းများ နှင့် ဟိုချီမင်း၏ အမျှော်အမြင်ရှိမှုနှင့် ခေါင်းဆောင်မှုပိုင်းပြတ်သားမှုများနှင့် ပြည်သူတွေလိုက်နာမှုမှတ်တမ်းတွေပိုမိုသိခဲ့ရသလို ပြတိုက်တွေလည်း သွားခဲ့ကြသေးသည်။ ဗီယမ်နမ်၏ ဘာသာတရားပေါ်ကိုးကွယ်သည့် ပုံစံသစ်ကိုလည်း လေ့လာခဲ့ကြသည်ပေါ့။
"ကိုကို .. ချစ်လေး မွေးနေ့တွေထဲမှာ ဒီခရီးစဉ်က အထူးခြားဆုံးလက်ဆောင်ပဲ .. ကျေးဇူးပါကိုကို" ကျွန်တော် သူမ၏ နဖူးကို ဖွဖွလေးနမ်းခဲ့ပါသည်။
ဘာလီအမှတ်တရတွေတော့ ဆန်းသည်။ သူမ မျောက်ကိုက်ခံရသည့်အပြင် သူမကြိုက်သည့် ဖိနပ်လေးအား မျောက်ယူသွားခြင်းကြောင့်ပင်။ အုလွန်ဝန်တုဘုရားကျောင်းမှာ မျောက်တွေက အလွန်ဆိုးသည်လေ။ မျောက်တွေနှင့်ပက်သက်ပြီး သတိပေးချက် ဆိုင်းဘုတ် အများအပြားလည်း နေရာအနှံ ချိတ်ထားသည်။ ဒီလိုချိတ်ထားသည့်ကြားထဲမှာမှ သူမ ဖိနပ်ကို မျောက်လုသွား၍ ဖိနပ်ပြန်လု ရာမှ မျောက်ကိုက်ခံရခြင်းဖြစ်သည်။ ဖိနပ်လည်း ပြန်မရသလို မျောက်ကိုက်ခံလိုက်ရသည်က အဆစ်ထပ်နာသည်ပေါ့။ ထိုညနေခင်း တခုလုံး ငိုမဲ့မဲ့ နှင့် နှုတ်ခမ်းကြီးစူ နေသည့်သူမ၏ မျက်နှာပုံစံလေးကို ကျွန်တော် အခုထိမြင်ယောင်မိနေပါသေးသည်။ "ပင်ကူ ကိုက်ခံရတော့ ပင့်ကူလူသား .. လင်းနို့ကိုက်ခံရတော့ လင်းနို့လူသား .. ချစ်လေးက မျောက်ကိုက်ခံရတော့ မျောက်မကြီးဖြစ်မှာ .. ပျော်ရမှာလေ" လို့ ကျွန်တော်ပြောလိုက်တော့ စူနေသည့်နှုတ်ခမ်းက နောက်ထပ် တစ်တောင်လိုက်ထပ်စူထွက်လာသလိုပင်။ "မျောက်မကြီးဖြစ်သွားရင် .. ကို့ကို့ ဖင်ကိုပဲ အသားကုန်လိုက်ကိုက်မှာ .. ပုဆိုးဆွဲချွတ်မှာ .. ဘောင်းဘီဆွဲချွတ်မှာ .. ဂါးဂါး" ဆိုပြီး မျောက်လိုလက်နှစ်ဖက် နှင့် သွားစေ့ပြီး ပါးစပ်က ဖြဲထားလိုက်သေးသည်။ "တူတယ်တော့် .. တူတယ်" လို့ ကျွန်တော် ပြန်စတော့ မျက်ရည်စလေးတွေကျလို့ ငိုသည်လေ။ ထိုနေ့ညက ဂျင်ဘာရန်းကမ်းခြေမှာ ကလတ်စီကလ် ပရိုင်းဗီတ်တီးဝိုင်းလေးနှင့် အတူ ညစာကို ရိုမန်တစ်ဆန်ဆန် သုံးဆောင်ခဲ့ကြသည်။ ကျွန်တော်တို့တွေ ဘာလီ၏ အထင်ကရ တနာလော့ဘုရားကျောင်းသွားကြသည်။ မျက်စိတစ်ဆုံးလှသည့် လှေကားထစ်စိုက်ခင်းတွေ သွားကြည့်သည်။ ရှားပါး သရက်သီးဖြူ သွားစားကြသည်။ Black Sand ကမ်းခြေမှာ သဲမည်းမည်းတွေထဲ ခြေချောင်းလေးတွေ မြုပ်ပြီး ကစားကြသည်။ ပင်လယ်ထဲမှာ လင်းပိုင်တွေ အုပ်လိုက်ရေကူးနေတာကို သွားကြည့်ကြသည်။ ဘာလီ၏ နာမည်ကျော် ဘာဘီဂူးလင်းလို့ခေါ်သည့် ဝက်ပေါက်လေးကင်ကို စားကြသည်။ ညဘက်တွေဆို Jazz Bar မှာထိုင် ဝိုင်ခွက်ကိုယ်စီနဲ့ Jazz တွေးသွားကို နားဆင်ကြသည်။ အရာရာက ပျော်စရာအပြည့်နဲ့ ပျော်ခဲ့ရသည်ပေါ့ဗျာ။
ဒီလိုပဲပေါ့ဗျာ .. ပတ္တရား ၊ ကော့စမွေ ၊ ဟာလောင်း နဲ့ ပြည်တွင်း ကမ်းခြေတွေမှာလည်း အမှတ်တရများစွာဖြင့်ပေါ့။ အားတိုင်းအကြိမ်ကြိမ်ခရီးသွားရခြင်းကို နှစ်သက်ခဲ့သူမို့ ထွက်တဲ့ခရီးတိုင်းနီးပါး သူမ တူတူ လိုက်ပေးခဲ့သည်ကို ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါသည်။ ရှင်သန်ရာ ဘ၀ခရီးတူတူ ဆက်မလျောက်ဖြစ်ခဲ့ပေမယ့် အတူတူရှိခဲ့သည့်အချိန်တွေကိုတော့ နောင်တကင်းကင်းနဲ့ အမှတ်တရတွေဖန်တီးခွင့်ရခဲ့သည်ပေါ့။ နောင်သံသရာမှာ သူမနှင့်ဆုံခွင့်ရမည့် အခွင့်အရေးများရှိရင် ယူမလားလို့ မေးရင် .. "ကျွန်တာ် သူမ နှင့် ထပ်မံ မဆုံချင်တော့ပါဘူး" လို့တော့ ပြောပရစေ။ ကျွန်တော် လူတွေအများကြီးနဲ့ မဆုံချင်ပါဘူး ။ တကယ် ကိုယ်နဲ့ သေတဲ့ထိ လက်တွဲပေးမည့် သူကိုပဲ စတွေ့ကတည်းကနေ မီးခိုငွေ့တွေ ဖြစ်သည်အထိ တစ်ယောက်တည်းသာ ဆုံချင်ပါသည်။ ဒီသံသရာမှာ ကွဲခဲ့ရသည့် မည်သူ တစ်ယောက်မဆို ကျွန်တော် နော်သံသရာမှာ ထပ်မံ မဆုံချင်တော့ပါ။ ကျွန်တော့်ကြောင့် ပျော်ခဲ့ဖူးသလို ကျွန်တော့်ကြောင့် ဝမ်းနည်းခဲ့ရရင် ဝဋ်ကြွေးတွေ ဒီဘ၀ဒီမျှ နှစ်ဦးနှစ်ဘက်ကြေပါစေကြောင်း ကုသိုလ်ပြုတိုင်း တောင်းဆုပြုခြင်းဖြင့် နောင်သံသရာမှာ နင်လည်းလွတ်မြောက်သလို ငါလည်းလွတ်မြောက်ပါစေပေါ့။
တစ်ချိန်ကျွန်တော်
No comments:
Post a Comment