နေရီငြိမ်း သေဆုံးသွားပါပြီ။ ဟုတ်တယ် .. ကျွန်တော်ရဲ့ နေရီငြိမ်း တကယ်ကိုပင် သေဆုံးသွားခဲ့ပါပြီ။ ကျွန်တော် နှင့် စကားတွေ အကြာကြီးပြောခဲ့သော နေရီငြိမ်း၊ သဘောတွေ ကျကြောင်း ကြိုက်ကြောင်းတွေ တ၀ ကြီးပြောခဲ့ကြသည့် နေ့တွေ ရက်တွေ အားလုံး သေဆုံးသွားပါပြီ။ မတည်မြဲတဲ့ နိယာမ သဘောတရားကို လက်ခံပေမယ့် အစကတည်းက မရှိခဲ့တဲ့သူကို မတည်မြဲခြင်းလို့ ခေါင်းစဉ်တပ်လို့ မရဘူးမဟုတ်လား။ ကျွန်တော် စိတ်ကူးယဉ် အိမ်မက်တွေ တောက်လျှောက် မက်နေခဲ့တာပဲဖြစ်မည်။
"ခင်ဗျာကြီးကို များကြီးချစ်တယ် ... ခင်ဗျာကြီး မပြောင်းလဲရဘူးနော်"
"ပြောင်းလဲရအောင် .. ကိုကို က ရာသီဥတု မဟုတ်ဘူးလို့" ကျွန်တော် ပြောခဲ့ပါသည်။ ယခုတော့ ကျွန်တော်က ရာသီဥတု ပေါင်းစုံရဲ့ဒဏ်ကို ခံနေရသည့် မြေဇာပင် လေးတစ်ပင်သာ ဖြစ်သည်။ ချစ်ခြင်း နဲ့ပက်သက်သည့် အမှတ်တရတွေ ပြောပါဆိုလျှင် ၇ရှိခဲ့သည့် စိတ်ဒဏ်ရာတွေကိုပြ ပြီး "ဒါ .. ကျွန်တော်ရဲ့ ချစ်ခြင်း၏ အမှတ်တရတွေပေါ့ဗျာ" လို့ ကျွန်တော်ရဲရဲဝံ့ဝံ့ ပြောပြချင်ပါသည်။
"နေရီငြိမ်း .. ခင်ဗျာက ကျွန်တော်ထက် လိမ်တာ ပိုတော်ပါတယ်" လို့ ကျွန်တော် ပြောတဲ့အခါ။
"ရှင်က .. ကျွန်မထင်တာထက် ပို အ တာပါ" တုန်လှုပ်ခြင်းမရှိ ခပ်အေးအေး ဖြေနေသည့် နေရီငြိမ်း ပုံစံကိုကြည့်ပြီး ကျွန်တော်ငြိမ်သက်နေရယုံသာ။ ယုံကြည်မှု တည်ဆောက်နေတဲ့ကာလလို့ ကျွန်တော် ထင်ခဲ့ပေမယ့် အစကတည်းက ယုံကြည်မှုက သေဆုံးနေခဲ့ခြင်းဖြစ်ခဲ့တာကို ကျွန်တော်လိုက်ရှာနေမိခြင်းသာ ဖြစ်ခဲ့ပါသည်။ ချစ်ခြင်းတွေနဲ့ ပက်သက်လာတိုင်း ကျွန်တော် ရိုးသားမြဲ ရိုးသားခဲ့ပါသည်။ သို့ပေမယ့် ရိုးသားခြင်းတွေက ကျွန်တော်နဲ့ မထိုက်တန်လို့ပဲဖြစ်မည်။ ဒါမှမဟုတ် ရိုးသားခြင်းတွေကလည်း ယုံကြည်မှုအတိုင်း အစကတည်းက သေဆုံးနေခဲ့ခြင်းပင်ဖြစ်လိမ့်မည်။
တစ်ယောက်ကဆုံးရှုံးသွားရင် တစ်ယောက်က အကျိုးမြတ် ရတယ် နေရီငြိမ်း ။ ကျွန်တော် နေရီငြိမ်းကို ဆုံးရှုံးသွားတာ ကျွန်တော့်အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ရခဲ့ပါတယ်။
"နေရီငြိမ်း ... ကျွန်တော့်ကို ဆုံးရှုံးသွားတာ ခင်ဗျာအတွက် ဘာတွေများ အကျိုးရှိသွားလည်း"
နေရီငြိမ်း မဖြေပါနဲ့ ကျွန်တော်ပဲ ဖြေပေးလိုက်ပ၇စေ။
"လှည့်စားလိုက်ရခြင်းအောင်မြင်သွားသည့်အတွက် .. ကျေနပ်ပျော်ရွင်မှုတော့ ခဏတာရမှာပါ .. ဟုတ်တယ်မလား ဗျ" နေရီငြိမ်း ဘာမှတုန့်ပြန့်ခြင်း မရှိပါ။ ငြိမ်လျက်ပဲနားထောင်မြဲပေါ့။
ပြသာနာတစ်ခုခုများရှိလာခဲ့ရင် ။ နေရီငြိမ်းပြဿနာ .. ကျွန်တော့်ပြဿနာ မဟုတ် ဘူး .. ငါတို့ ၂ ယောက်လုံး၏ပြဿနာပါလို့ ကျွန်တော်ပြောခဲ့ဖူးပါသည်။ ယခုတော့ ကျွန်တော့်ပြဿနာက ကျွန်တော်၏ပြဿနာပင်။ နှစ်ယောက်လုံး ပြဿနာလို့ပြောလို့ မ၇တော့တဲ့ နေရီငြိမ်းက သေဆုံးသွားခဲ့ပါပြီ။ ကျွန်တော်ချစ်ခဲ့သည့် နေရီငြိမ်းက တကယ်မရှိခဲ့ပါဘူး ။ ကျွန်တော်က တကယ်ရှိခဲ့သည်ထင်ခဲ့တာပါ။ ကျွန်တော် နှင့် နေရီငြိမ်း တော်တော်များများ တူသည့်အရာတွေ ရှိသည်လို့ ကျွန်တော် ထင်ခဲ့ခြင်းက ကျွန်တော်၏ ထင်မြင်ယူဆချက်တွေသာဖြစ်ခဲ့သည်ပေါ့။ အစကတည်း ဘာမှမရှိခဲ့သည့် လူတစ်ယောက်ကို သောက်ရမ်းတွေ ချစ်ခဲ့ရခြင်းက ကျွန်တော်သည် Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) တစ်ယောက် ဖြစ်လို့ပင်ဖြစ်မည်။
သံတရာတကွေ့ကွေ့မှာ ခင်ဗျာတို့ စိတ်ကျမ်းမာရေးဆေးရုံကို အလှူလာပေးခဲ့သည်ရှိသော် .. အခန်းထောင့် တစ်နေရာမှာ မျက်နှာကြက်ကို ကြည့်ပြီး "နေရီငြိမ်းရေ .. နေရီငြိမ်း" လို့အော်ခေါ်နေသည့် လူတစ်ယောက်ကိုတွေ့လျှင် နေရီငြိမ်း မရှိတော့ကြောင်း သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြပေးကြပါဗျာ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment