နေရီငြိမ်းကို ရှာပေးကြပါဗျာ ။ နေရီငြိမ်းသည် အရပ်က ၅'၅" ၊ အသားမဖြူမညို၊ ဆံပင်ခွေခွေကောက်ကောက် နှင့် ခါးလည်လောက်အရှည်ရှိသည်။ ထူးခြားချက်က လခြမ်းကွေးသဖွယ်မျက်ခုံးရှိပြီး၊ ဘိုဆန်သည့် မျက်နှာပေါက်မျိုးပေါ့။ ဒီလောက်ဆို ရလောက်ပြီထင်သည်။ အသေးစိတ် ပြောလျှင် ခင်ဗျာတို့ ကျွန်တော်၏ နေရီငြိမ်း ပေါ်ကြွေဆင်းသွားသည်မျိုး ကျွန်တော် မကြိုက်ပါ။ နေရီငြိမ်း ပျောက်နေသည် ရှာပေးကြပါဦးဗျာ။
ကျွန်တော် နှင့် နေရီငြိမ်းသည် တိုက်ဆိုင်မှုတွေ အများကြီးရှိသည့် လူ ၂ ယောက်ဆို ပိုမှန်မည်။ မွေးလ တူ၊ ရာသီခွင်တူ၊ မွေးရက်လည်း ၁ ရက်ပဲခြားသည်၊ နာမည်ကလည်းဆင်တူသည့်အပြင် ဘယ်ဘယ်မျက်လုံးအောက်မှာ မဲ့လေး ရှိနေခြင်းအစ တူသည်။ ဒါ့အပြင် အကျင့်စရိုက် နှင့် ဝါသနာကလည်း ထပ်တူကျသေးသည်ဗျ။ မတူသည့် အချက်က အသက်အရွယ်မတူညီခြင်းနှင့် ကျား/မ ကွဲပြားခြင်းပါပဲ။ ဒါကြောင့်ပင် သူမ နှင့် ကျွန်တော်သည် အနီးကပ်ဆုံး တူတူရှိဖြစ်သွားကြသည်ပေါ့လေ။
နေရီငြိမ်းသည် ကလေးဆန်သည်လို့လည်း ပြောမရသလို လူကြီးဆန်သည်လို့ပြောရင်လည်းမရပေ။ အသက်အရွယ်ကလည်း လူကြီးမကျ ကလေးမကျ အရွယ်ဆိုပေမယ့် သူမ၏ အတွေးအခေါ်စဉ်းစားတွေးခေါ်မှုတွေက အသက်အရွယ်နှင့်မလိုက်ပေ။ စကားထဲမှာ ရင့်ကျက်မှုတွေပါသည်။ ရဲရင့်မှုတွေပါသည်။ ဘ၀၏ ဒဿန တွေပါသည်။ လူတွေပေါ် သောက်ဂရုမစိုက်တတ်သည့် အသုံးအနှုန်းလေးတွေပါတတ်သေးသည်။ အကျောမခံ မဟုတ်မခံ၊ ဖောရှောလာရိုက်ရင် ရိုက်တဲ့သူ လွှင့်သွားအောင် တုန့်ပြန်တတ်သည်က သူမ၏ ပုံစံပင်။
နေရီငြိမ်းသည် ကဗျာတွေကို ချစ်သည်၊ စာပေတွေကိုမြတ်နိုးသည်၊ အသက်အရွယ်နှင့်မလိုက် သူမဖတ်ရှုထားသည့်စာအုပ်တွေသည် ကျွန်တော် ၃ သက်လောက် ဖတ်ယူရမည်ထင်သည်။ ကဗျာတွေ ရေးသည် ၊ စာတွေရေးသည်။ သို့ပေမယ့် သူ့ကဗျာ သူ့စာတွေကို အများသူငှာထံသို့ ဝေမျှရခြင်းမှာ တွန့်တို၏။ ကျွန်တော်သည်ပင် သူမ၏ ကဗျာ အနည်းငယ်သာဖတ်ဖူးသည် ။ သူမ၏ ကဗျာ စာတွေဖတ်အပြီး ကျွန်တော်ရေးနေသည့် ကဗျာ စာ တွေသည် သူမနှင့်နှိုင်းယှဉ်လျင် မူကြိုသာသာ အဆင့်သာရှိတော့သည်လေ။
နေရီငြိမ်း နှင့် ကျွန်တော် ကဗျာတွေ တူတူရွတ်ကြသည် ။ စာတွေ တူတူဖတ်ကြသည်။ တစ်ယောက်၏ တစ်ယောက် အဆိုးရွားဆုံး အခြေအနေကို ရင်ဖွင့်ကြသည်။ ရယ်ကြသည်။ ပြုံးကြသည်။ တစ်ယောက်ကိုတစ်ယောက် သဘောကျကြောင်း နှင့် ကြိုက်နှစ်သက်ကြောင်းလည်း ပြောကြသည်။ နေရီငြိမ်းက .. ကျွန်တော့်အား ဘဒိုကြီး၊ အကို၊ ခင်ဗျာတို့လိုကောင်တွေ၊ တစ်ခါတလေ မင်း နဲ့ ငါ တောင် သုံးတတ်သေးသည်။ ခုတော့ နေရီငြိမ်း တစ်ယောက်ပျောက်နေသည်။
"ပြတ်ကြမလား" လို့နေရီငြိမ်းမေးသည်။ ကျွန်တော် နှင့် နေရီငြိမ်း ယနေ့ မနက်ကပင် ချစ်သူဖြစ်ကြသည်လေ။ ချစ်သူသက်တမ်း နာရီပိုင်းသာရှိသေး၏။
"အဲ့လို .. မစနဲ့ မကြိုက်ဘူး" ကျွန်တော်ပြန်ဖြေလိုက်ပါသည်။
"မစပါဘူး"
နေရီငြိမ်း ပျောက်သွားလေပြီ ။ ကျွန်တော်သည် ကျိန်စာသင့်နေတဲ့လူသားပင်ဖြစ်လိမ့်မည်။ ခင်ဗျာတို့ နေရီငြိမ်းကို မတွေ့ တွေ့အောင် ရှာပေးကြပါဗျာ။
ထိုသည်ကား ကျွန်တော်စာရေးသူ၏ အမှာစာပင် ဖြစ်သည် ။
#တစ်ချိန်ကကျွန်တော်
No comments:
Post a Comment