ကျွန်တော့်ဘ၀ကြီးက လေးလံထိုင်းမှိုင်းနေတယ်လို့ တစ်ခါတစ်လေ ခံစားမိပါတယ် ။ ပြတ်ဆဲခြင်း ၊ မရှိခြင်း ၊ ကျွန်တော့်လက်ထဲ ဘာမှ ဆုတ်ကိုင်ထားခြင်း မရှိရင်တောင် ကျွန်တော် တစ်ယောက်တည်းနေရတာလည်း အဆင်ပြေပါတယ်။ ကျွန်တော့်ဘ၀ထဲ တစ်စုံတစ်ယောက် စူးစူးနစ်နစ်ဝင်ရောက်လာတဲ့အခါမှာ မရှိခြင်းများစွာနှင့် ပျော်နေသည့် ကျွန်တော့် ကမ္ဘာကြီး အစစအရာရာ ပြောင်းလဲသွားပါတော့တယ်။ မိတ်ဆွေတို့ကို ကျွန်တော့်ရဲ့ အချစ်၊ ငွေကြေး နဲ့ ၎င်းတို့နဲ့ ဆက်စပ်ပြီးရသည့် စိတ်ဖိစီးမှုအကြောင်းတွေကို ဝေမျှပေးချင်ပါတယ်။
ကျွန်တော့် ဘ၀က သာမာန်ပါပဲလေ ကျွန်တော့် ဘ၀ထဲ သူမ မဝင်လာခင်ထိပေါ့။ ပုံမှန်ထတယ်၊ လုပ်စရာရှိတာလုပ်တယ်၊ အလုပ်သွားစရာရှိတာ လုပ်တယ်၊ ပိုက်ဆံ ရခြင်းမရခြင်းလည်း ဂရုမစိုက်အားပါ။ အရာရာအားလုံးပျက်ယွင်း ပျက်စီးနေသည့်သူမို့ အိမ်က ကျွေးထားတာနှင့်ပင် အသက်ဆက်ရှင်သန်လို့ရနေတာပေါ့။ ဘာမှမရှိသည့် စိတ်ပျက်စရာကောင်းတဲ့ ကျွန်တော်လို လူတစ်ယောက်က နောက်တစ်ယောက်ဆိုတာ မလိုအပ်ပါဘူးလေ။ နောက်တစ်ယောက်ရှိလာခြင်းကလည်း သုခထက် ဒုက္ခတွေတာ များလိမ့်မယ်လို့ ကျွန်တော်ယူဆ တွေးထားခဲ့သည်လေ။ ဒါကြောင့် တပြားမှ မရှိလည်း ကျွန်တော် ရှင်သန်နေရတာ ပျော်နေတယ်။ ပိုက်ဆံရှာခြင်း မရှာခြင်းအတွက်လည်း လိုက်ပြောနေတဲ့သူမရှိဘူးပေါ့လေ။ ပိုက်ဆံဆိုတာ ပိုက်ဆံစက္ကူသာသာလို့ပဲ ကျွန်တော် တွေးထားလိုက်တော့တာပေါ့။ နည်းနည်းပါးပါး ပိုက်ဆံဝင်လာတဲ့အခါလည်း သုံးစရာရှိတာ သုံးလိုက်တာပါပဲ။ ပိုက်ဆံကို တကူးတက လိုက်မရှာတော့တာမို့ လိုချင်တပ်မှုဆိုတာလည်း အလိုလိုပျောက်ဆုံးကုန်တာပေါ့။ ဘ၀ကြီးမှာ ဘာမှမရှိခြင်းက တော်တော် အေးချမ်းတာပေါ့ဗျာ။
သို့ပေမယ့် .. ကျွန်တော့်ဆီကို အချစ်ဆိုသည့် အရာ ရောက်လာခဲ့ပါတော့တယ် ... ။
ကျွန်တော် နှင့် သူမ တွေ့ဆုံခြင်းက ထူးဆန်းသည့် ရေစက်လို့လည်း သတ်မှတ်ချင်သတ်မှတ်လို့ရသည်လေ။ သူမ နှင့် စကားပြောနေတာကိုက ကမ္ဘာသစ်တစ်ခုက ကျွန်တော့်ကို လှမ်းခေါ်နေသလိုပဲ။ အဲ့ကမ္ဘာက အရမ်းကို စိမ်းလန်းစိုပြေပြီး အသစ်စက်စက် အပျိုစင် ကဗ္ဘာလေးပေ့ါဗျာ။ ကျွန်တော်တို့ စကားတွေပြောကြတယ် ၊ တူတူရယ်စရာရှိတာ ရယ်တယ်။ စကားလုံးတိုင်း၊ အထိအတွေ့အတိုင်း၊ အနမ်းတွေတိုင်းက အရမ်းကို လှပခမ်းနားတယ်လေ။ ဘာမှမရှိ ဘာမှမလုပ်နေခြင်းကို ကျေကျေနပ်နပ် လက်ခံပြီး ကျွန်တော့်ဆီ တန်းတန်းမတ်မတ် ရောက်လာခဲ့ခြင်းကိုက ကျွန်တော့်အတွက် ဘုရားပေးတဲ့ ဆုလဒ်ဆိုပေမယ့် သူမအတွက်တော့ ဘုရားပေးတဲ့ ဒုက္ခ တစ်ခုလို သတ်မှတ်ရမလိုပါပဲ။ အစမှာတော့ ချစ်ခြင်းတွေဟာ နူးညံ့ပြီး အရမ်းကိုဖြူစင် လှပတာပေါ့။ သို့ပေမယ့် အချစ်တစ်ခုမြဲအောင် တည်ဆောက်နိုင်ဖို့ဆိုတာတော့ အလကားထိုင်နေရင်းတော့ ရမှာမဟုတ်ခဲ့ဘူးလေ။ ကြိုးစားပေးဆပ်ခြင်းတွေ ရှိမှတာ ခိုင်မြဲတဲ့ အချစ်တစ်ခု တည်ဆောက်နိုင်မယ် မဟုတ်ပေဘူးလား။
တကယ်ချစ်ရင် ငွေကြေးက သောက်ရေးမပါပါဘူးလို့ ပြောရင်တော့ ချစ်ခြင်းတွေ၏ အစမှာတော့ ဟုတ်မှာပေါ့လေ။ သို့ပေမယ့် ကာလရှည်ကြာတည်ဆောက်မယ့် ချစ်ခြင်းနန်းတော် အတွက်တော့ ငွေကြေးက အဓိကအရေးပါတဲ့ အခန်းကနေပဲ ကပြရတာပါပဲ။ ချစ်တဲ့သူဆီ သွားတွေ့ဖို့ ၊ သူလိုချင်တာ ဖြည့်ဆည်းပေးနိုင်ဖို့၊ တူတူတန်ဖိုးရှိတဲ့အချိန်တွေ ဖြတ်သန်းနိုင်ဖို့သည် ငွေကြေးကအဓိကပဲလေ။ ချစ်ခြင်းကို ခိုင်မြဲအောင်တည်ဆောက်ဖို့ ငွေကြေးက လိုကိုလိုအပ်တာပေါ့။ တစ်ယောက်ကို တစ်ယောက်ချစ်နေယုံ နဲ့ ဘ၀ကြီးကပြီးပြည့်စုံတယ်လို့ ခံစားရတဲ့ ခံစားချက်က သက်တမ်းရှိတာပေါ့ဗျ။ ဒီသက်တမ်းက ပျှမ်းမျှ အကြာဆုံးတစ်နှစ်ပေါ့။ အချို့ဆို ၂ လလောက်ဆို သက်တမ်းကုန်ဆုံးသွားတတ်ကြတယ်။ အချစ်တွေပေးလို့ အချစ်ပြန်ရရင် ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အဲ့ပျော်စရာကောင်းတာကို ဆွဲဆန့်နိုင်ဖို့ ငွေကြေးကပဲ ဆက်ဖန်တီးပေးနိုင်တယ်။ ဒိုးလုံးသီချင်းထဲကလို "ဘ၀ကဘ၀ပဲ .. အချစ်ကအချစ်ပဲ" ဆိုပေမယ့် ။ အချစ်တစ်ခုတည်းနဲ့ ဘ၀ကို တည်ဆောက်လို့မှ မရတာဗျာ။ ဒါကြောင့် ပိုက်ဆံ ဆိုတဲ့ စိတ်တွင်းဖိအားတစ်ခုက ပျော်ရွင်မှုတွေကို ဆိတ်သုန်းသွားစေခဲ့တာပေါ့။ ကောင်းမွန်စွာလျှောက်လှမ်းနေတဲ့ ချစ်ခြင်းတစ်ခုမှာတောင် ငွေမရှိတော့တဲ့အခါ အချစ်ဆိုတာ အလုပ်တစ်ခုလိုပဲ ခံစားမိလာ တော့တာပေါ့။
တစ်စုံတစ်ယောက်ကို ကျွန်တော်တို့ ချစ်မိသွားတဲ့အခါမှာ သူတို့ ပျော်ရွင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားကြတယ်မဟုတ်လား။ သူတို့ စိတ်ပျော်ဖို့၊ စိတ်အဆင်ပြေဖို့၊ စားချင်တာတွေစားရဖို့၊ သူတို့မပြောပဲနဲ့ အလိုက်သတိ လိုအပ်တာတွေ ဖြည့်ပေးနိုင်ဖို့ ဘယ်သူမှ ခိုင်းစေခြင်းမရှိပဲ တစ်ဖက်လူ ပျော်ရွင်ဖို့ စိတ်ချမ်းသာဖို့ ကြိုးစားကြတယ်မဟုတ်လား။ သို့ပေမယ့် အဲ့လိုကြိုးစားရင်းနဲ့ပဲ ကျွန်တော်တို့ မသိလိုက်ခင်ပဲ မနိုင်ဝန်တွေထမ်းမိလာတယ်။ ကျွန်တော်တို့ အကျင့်၊ အတွေး၊ ပုံမှန်လုပ်နေကျ အလုပ်တွေ ပျက်ယွင်းလာတယ်၊ အချိန်တွေပေးဆပ်လာရပြီး မိမိကိုယ်ကိုလည်း မသိလိုက်မသိခင်ပဲ ပျောက်ကွယ်သွားသလိုခံစားလာရတယ်။ ကျွန်တော်ဒီလိုပြောတာက ငွေကြေးအဆင်မပြေတဲ့ သူတွေအတွက်ပဲ မှန်ပါလိမ့်မယ်။ ခင်ဗျာတို့သာ အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုက ကောင်တွေ ဆိုလျှင်တော့ ဆင်ခြေဆင်လက် ပေးတဲ့ အသုံးမကျတဲ့ကောင်တွေလို့ ခေါင်းစဉ်တပ်မှာသေချာတာပေါ့။ ခင်ဗျာတို့ တွေးသလို ကြိုးစားသမျှ မဖြစ်သေးတဲ့အခါ ၊ အရာမထင်တဲ့အခါ ကျွန်တော်လည်းပဲ အသုံးမကျတဲ့ကောင်လို့ပဲ ခံယူထားပါတယ်။ ဒီလို အသုံးမကျတဲ့ကောင်လို့ ခံစားမိလာတဲ့အခါ တစ်ယောက်တည်းရှင်သန် နေရတာ ပိုအဆင်ပြေတယ်လို့ပဲ ထပ်ခါထပ်ခါ အတွေးတွေက နှိပ်စက်လာတာပေါ့ဗျာ။ လက်လျော့ခြင်းမဟုတ်ပေမယ့် ဘာမျှမလုပ်နိုင်တဲ့အခါ လွတ်ချလိုက်ခြင်းကလည်း ကောင်းမွန်တဲ့ အဖြေတစ်ခုပဲမဟုတ်လား။ ဝန်တွေကို လွတ်ချခြင်းက မနိုင်တာကို ထမ်းပြီးသွားနေရတာထက်စာရင် သာ၍ကောင်းတယ်လေ။ ခင်ဗျာတို့ ကျွန်တော်ပြောတာနှင့် တိုက်ဆိုင်မှုရှိတဲ့ သူတွေဆိုရင်တော့ ဒီခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ တိုက်ဆိုင်မှုမရှိတဲ့ကောင်ဆိုလျှင်တော့ ကျွန်တော့်က "သောက်ပျင်းကြီး" ပေါ့ဗျာ။
ချစ်ခြင်းဆိုတာ ဘယ်အချစ်မှ အမြဲသာယာလှပ နေတာမှမဟုတ်တာ။ အချိန်တစ်ခု ဖြတ်သန်းပြီတဲ့အခါမှာ တစ်ခုက ပိုက်ဆံအတွက်၊ နောက်တစ်ခုက အချိန်အတွက် စကားများလာကြရလိမ့်မယ်။ အချိန်လည်း ပေးနိုင်၊ ငွေကြေးကလည်း အဆင်ပြေတဲ့သူတွေအတွက်ကတော့ အခြားပြဿနာတွေ ရှိကောင်းရှိမှာပေါ့။ ဒါကြောင့် ချစ်ခြင်းဆိုတာ အမြဲသာယာလှပနေတာ မဟုတ်ဘူးလို့ ကျွန်တော်ပြောရခြင်းဖြစ်တယ်။ ငွေနောက်ကိုလိုက်ရင်း အချိန်တွေပါဖဲ့ပေးရတဲ့အခါ အလိုလိုနေရင်း အချစ်တွေပါ လမ်းပျောက်ကုန်ကြတာပေါ့။ ဒါကြောင့် ကျွန်တော်တို့တွေဟာ အဓိပ္ပာယ်ရှိသယောင်ယောင်နဲ့ မိမိကိုယ်ကို ပျောက်ဆုံးကုန်ကြတယ်လေ။
ဒါကြောင့် မိမိကိုယ်ကို အဆင်ပြေလုံလောက်အောင် အရင်ကြိုးစားပြီးမှ ချစ်ခြင်းကို လိုက်ရှာသင့်တယ်ဗျ။ မိမိကိုယ်တိုင်တောင် မဖူလုံရင် အချစ်နဲ့ ခပ်ဝေးဝေးနေခြင်းက ကျွန်တော်တို့အတွက်ကော တစ်ဖက်လူအတွက်ပါ သောကတွေ ဖိအားတွေ ကင်းဝေစေတာပေါ့ဗျာ။ အချစ်တစ်ခုမှ ငွေကြေးကြောင့်မျက်နှာငယ်ရခြင်းက ရှက်ဖို့တော်တော်ကောင်းတယ်လေဗျာ။ ကျွန်တော့်ဘ၀မှာ အဆင်မပြေတဲ့ ချစ်ခြင်းတွေဆီကနေ ရခဲ့တဲ့ သင်ခန်းစာ တွေရှိတယ်။
အချစ်ဆိုတာ ခံစားရတာ မိုက်တာပေါ့။ ဒါပေမယ့် အဲ့ဒီအချစ်ဆိုတာကြီးကြောင့် စိတ်ဖိစီးလာတယ်ဆိုရင်တော့ မဖြစ်သင့်ဘူးလေ။ ဒါကြောင့် အချစ်က မိုက်ပါတယ် သို့ပေမယ့် အချစ်က ဘ၀ကြီးမဟုတ်ဘူးလို့ပြောကြတာပေါ့ဗျာ။
ပိုက်ဆံဆိုတာလည်း ကျွန်တော်တို့ရဲ့ ရန်သူ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုက်ဆံဆိုတာကို ရန်သူတစ်ယောက်လို လိုက်ရှာပြီး ပြဿနာရှာနေတယ်ဆိုခြင်းထက် ကျွန်တော်တို့ လိုချင်စိတ်တွေကို သတ်လိုက်ခြင်းက ပိုက်ဆံဆိုတဲ့ကောင်က ပြန်လိုက်ရှာလိမ့်မယ်ဗျ။ ဒါကြောင့် ပိုက်ဆံဆိုတာ အရေးကြီးပေမယ့် ကျွန်တော်တို့တွေ ကိုယ်ဘာဆိုတာ မမေ့လျော့ဖို့တော့လိုတာပေါ့ဗျာ။
တစ်ယောက်တည်း ရှင်သန်ခြင်းက မိမိစိတ်ကို ပိုပြီး နားလည်းလာစေနိုင်တယ် ဒါကြောင့် တစ်ယောက်တည်းဖြစ်နေခြင်းကလည်း ကောင်းတယ်ဗျ။
တကယ်တော့ ဘာမျှမရှိပဲ နေထိုင်ရှင်သန်ရတာ ပိုကောင်းပါတယ်ဗျ။ လူတိုင်းအတွက်ဘ၀ဆိုတာ မတူညီတဲ့ကြိုးစားမှုတွေနဲ့ ဟန်ချက်ညီဖို့လိုတယ် ဒါကြောင့် ကြေမွှပျက်စီးသွားတဲ့ ချစ်ခြင်းတွေကလည်း ဘ၀ရဲ့သင်ခန်းစာတွေပေါ့။ မင်းဘာမှ မတတ်နိုင်သေးရင် တစ်ယောက်တည်းရှင်သန်ရတာ ပိုပျော်ဖို့ကောင်းပါတယ်။ တစ်ယောက်တည်းပဲရှင်သန်ဖို့ပဲ ကြိုးစားပါ။ အချစ်ဆိုတာ တကယ်တော့ ဘာမှ မဟုတ်ပါဘူး ။ သို့ပေမယ့် ချစ်ခြင်းက ထူးခြား ဆန်းပြားတယ်လေနော်။ ဒါကြောင့်ပဲ အချစ်နဲ့ပဲ ခပ်ဝေးဝေးနေချင်တော့တယ်။ ဆန်းပြားတာတွေကိုတော့ ကျွန်တော် ကြောက်နေပြီ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment