တစ်ပါးသူအပေါ် ယုံကြည်မှု လွန်ကဲစွာ ယုံကြည်မိလျှင် သင် သစ္စာဖောက်ခံရလိမ့်မယ်။ လွန်ကဲစွာချစ်မိရင်လည်း ဆုံးရှုံးသွားရလိမ့်မယ်။ လွန်ကဲစွာတွေးခြင်းကလည်း စိတ်ဓါတ်ကျစရာသာဖြစ်လိမ့်မယ်။ လူတစ်ယောက်အပေါ် မျှော်လင့်ချက် လွန်ကဲစွာထားမိရင်လည်း တစ်ချိန်မှာ စိတ်ပျက်စရာတွေနဲ့သာ ကြုံလိမ့်မယ်။ ဒါကြောင့် ဘယ်အရာမဆို လွန်ကဲစွာ မစွဲလန်းမိဖို့လိုတယ်လေ။ ကျွန်တော် ရဲရင့်နှင်းဆီ အပေါ် လွန်ကဲစွာချစ်မိသွားခြင်းကို သတိထားမိပြီးသွားသည့်နောက် သူမ၏ အနာဂတ်အိမ်မက်ဖန်တီးမည့် အစီအစဉ်ကို နားထောင်ရင်း ကျွန်တော်၏ နှလုံးသားတွေ ဖန်ကွဲစကျကွဲသလိုပဲ အစိတ်စိတ်အမွှာမွှာ ကြေကွဲခဲ့ရပြီ။ ဇာတ်လမ်းက အပိုင်း (၁) ဇာတ်သိမ်းပိုင်း ဆိုသည့် စကားမျိုးလိုပါပဲ။ ဇာတ်လမ်း အစမှာတင် အားလုံး သေဆုံးသွားပြီး ၊ ပြီးပါပြီ ဆိုသည့် စာတန်း ထိုးလိုက်သလိုမျိုးပင်။
ရဲရင့်နှင်းဆီကို အိမ်ထောင်ပြုမယ်ဆိုလျှင် သတ်မှတ်ထားတဲ့ အသက်အကန့်အသက်ရှိလားလို့ ကျွန်တော် မေးဖူးတယ်။ အများဆုံး (၁ရ) နှစ်လောက်အထိ လက်ခံပါတယ်တဲ့။ ကျွန်တော် နှင့် ရဲရင့်နှင်းဆီက (၁၅) နှစ်လောက်ပဲကွာတာလေ။ ဒါဆို ဘောင်ဝင်သေးတာပေါ့လို့ ကျွန်တော်မေးတော့ ။ ရဲရင့်နှင်းဆီက သွားတက်လေးပေါ်အောင် ရယ်ပြန်တယ်။ ဒါဆို မချစ်ဘူးလားလို့ ကျွန်တော် မေးတဲ့အခါ။ မဆိုင်းမတွပဲ မချစ်ပါဘူးလို့ တန်းဖြေတာပါပဲ။ မော်ဒယ်ဇေယျ သူ့ကောင်မလေး နဲ့ အသက် (၂၂) ကွာကြောင်း ကျွန်တော် ပြောပြတဲ့အခါ။ ဟိုက အသက်ကြီးပေမယ့် နုနုလေးရယ်တဲ့။ ကျွန်တော့်ကို ဝမ်းသာလိုက် ဝမ်းနည်းလည်း အမြဲဖြစ်အောင် လုပ်နိုင်သူက ရဲရင့်နှင်းဆီပါ။ ဒါကြောင့်ပဲ ကျွန်တော် ပိုပို ချစ်လာတာပဲ ဖြစ်မှာပေါ့။ ချစ်ခြင်းမှာ အသက်ကွာခြားချက်ဆိုတာ မရှိပါဘူး။ နှလုံးသား နှစ်ခု ပေါင်းစည်းပြီး ၊ ရင်ခုန်သံစည်းချက် တစ်ထပ်တည်းကျသွားဖို့ပဲလိုတာပါလေ။
ထိန်းချူပ်မှုအောက်မှာရှိတဲ့ RS ပုံစံမျိုးကို သဘောကျလားလို့ ကျွန်တော် ရဲရင့်နှင်းဆီကို မေးဖူးပါတယ်။ ပြီးတော့ ရဲရင့်နှင်းဆီ နဲ့ လူကြီးတို့ရဲ့ RS သွားတဲ့ ပုံစံမျိုးကကော ဘယ်လိုလည်းလို့ ထပ်ဆောင်းမေးကြည့်လိုက်ပါသေးသည်။ 'ကျွန်မက ကွန်ထရိုး လုပ်ခံရတဲ့ ပုံစံမျိုးကို မကြိုက်ဘူး .. ရှေ့ကဦးဆောင်ပေးမယ့်သူမျိုးကိုတော့ သဘောကျတယ်'ဆက်ပြီးတော့ ရဲရင့်နှင်းဆီက 'လူကြီးက သူ့ကို မထိန်းချူပ်ပါဘူး .. တော်တော်တော့ ဂရုစိုက်တယ် .. ပြီးတော့ ကောင်းကောင်း Handle လုပ်ပေးနိုင်တယ်လေ' လို့ ပြောတော့ ကျွန်တော် ပြုံးမိပါတယ်။ မသိသာသလိုနဲ့ သေချာစဉ်းစားကြည့်ရင် လွန်စွာကွဲပြားတဲ့ RS Types နှစ်မျိုးပင်။ အလွယ်ကူဆုံးပြောရရင် Handle RS က positive ဆန်ပြီး၊ Controlling RS က Negative ဆန်တယ်လို့ ပြောလို့ရတယ်မဟုတ်လား။ Handle RS သည် တစ်ယောက်ကိုတစ်ယောက် ထိန်းထိန်းသိမ်းသိမ်း စောင့်ရှောက်ပေးသည့် အခွင့်အာဏာမျိုးရှိတယ်။ ပြဿနာတစ်စုံ တစ်ခုပေါ်လာခဲ့လျှင် ပွင့်ပွင့်လင်းလင်းနဲ့ တလေးတစား တူတူဖြေရှင်းကြတယ်။ စိတ်ခံစားမှုအပိုင်းမှာလည်း ကောင်းမွန်တဲ့ ခံစားမှုမျိုးကို ခံစားစေပြီး တစ်ယောက်ကိုတစ်ယောက် အားဖြစ်စေတယ်။ လွတ်လပ်မှုကို အားပေးတယ်။ ဘောင်တွေစည်းတွေကိုလည်း နားလည် လေးစားတယ်လေ။ Controlling RS ကတော့ Handle RS နဲ့ လုံး၀ ပြောင်းပြန်လို့ပဲ သတ်မှတ်လို့ရသည်လေ။ ကျွန်တော်အတွက်ကတော့ သူမရဲ့ ပျော်ရွင်မှုကို ပြုံးပြုံးကြီးထိုင်ကြည့်နေရင်း ကြေကွဲနေတဲ့ နှလုံးသားရဲ့ နှာကျင်မှုကို တိတ်ဆိတ်စွာ ခံစားနေရသည်ပေါ့။ ကျွန်တော်ရဲ့ကမ္ဘာမှာ တစ်ဘက်သက် ချစ်ရခြင်းဆိုတာ အဆုံးမဲ့ နာကျင်မှုကို ခံစားနေရခြင်းနဲ့ ထပ်တူပဲ မဟုတ်လား။ သို့ပေမယ့်လည်း ကျွန်တော့်အတွက် ရဲရင့်နှင်းဆီက Vitamin Me ပါ။
ရဲရင့်နှင်းဆီ ဘာကိစ္စပဲလုပ်လုပ် ကိစ္စတစ်ခုကို အောင်မြင်အောင်လုပ်နိုင်တဲ့အခါ 'who i am' လို့ မေးတတ်တယ်။ ကျွန်တော်က 'အဖိုးကြီးရဲ့ ရဲရင့်နှင်းဆီ'လို့ဖြေတဲ့အခါ 'ဟုတ်လည်းမဟုတ်ပဲနဲ့'တဲ့ ။ ထပ်ပြီး 'အဖိုးကြီးနဲ့ လူကြီးရဲ့ ရဲရင့်နှင်းဆီ' လို့ပြောတဲ့အခါ'အဖိုးကြီးကမပါပဲနဲ့' လို့ဖြေတယ်။ ဒါဆို 'လူကြီးရဲ့ ရဲရင့်နှင်းဆီ' လို့ပြောတော့ 'ဒါပေါ့ .. ဒါပေါ့' လို့ပြုံးရယ်ပြီး ဖြေတယ်။ ဟုတ်ပါတယ်လေ .. ကျွန်တော်က ဒုတိယလူဖြစ်ခဲ့ရင်တောင် ဗီဇာ မရတဲ့ ဒုတိယလူပါပဲလေ။ ဒါကြောင့်ပဲ .. 'who i am' လို့မေးတိုင်း ကျွန်တော်က ရင်နာစွာဖြင့်ပင် 'လူကြီးရဲ့ ရဲရင့်နှင်းဆီ' ပါလို့ပဲ ဖြေတတ်သွားတော့တယ်။ ကျွန်တော် တိတ်ဆိတ်စွာပဲ ချစ်ပါ့မယ်၊ အရိပ်ထဲမှာပဲ ပုန်းနေပါ့မယ် ရဲရင့်နှင်းဆီ ရဲ့ နှလုံးသားမှာ နေရာတစ်နေရာ လွတ်တဲ့အချိန်အထိပေါ့။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်က သူမရဲ့ဘ၀မှာ စာမျက်နှာ တစ်ရွက်စာပဲ ကျန်ရှိမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲဆိုတာ ကြိုသိလို့နေတယ်လေ။ အဲ့ဒီဇတ်လမ်းက မဖတ်ပဲ မေ့ပြစ်လိုက်တဲ့ ပုံပြင်လေးတစ်ပုဒ်အဖြစ်ပေါ့။
ကျွန်တော် နဲ့ ရဲရင့်နှင်းဆီ၏ အကြောင်းက ဘာမှ မစရသေးခင် ဇာတ်သိမ်းသွားသလိုပဲ ဖြစ်ခဲ့သည်ပေါ့။ ရဲရင့်နှင်းဆီ၏ အနာဂတ်က အမေရိကမှာ အခြေချဖို့ပဲလေ။ ကျွန်တော်က ကမ္ဘာသာပတ်ချင်တာ ဘယ်နိုင်ငံမှာမှ ခြေချနေထိုင်ဖို့ မစဉ်းစားပါဘူး။ မြန်မာပြည်မှာ နေထိုင်ပြီး လောဘမကြီးပဲ ဘ၀ကို စိတ်အေးချမ်းသာစွာပဲနေထိုင်ချင်တဲ့ ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်တယ်လေ။ ရဲရင့်နှင်းဆီက သူ့ရည်မှန်းချက်ကို မဆုတ်မနှစ် အကောင်အထည်ဖော်မယ့်သူ တစ်ယောက်ဖြစ်ပြီး နှလုံးသားထက် ဦးနှောက်ကြီးသူ တစ်ယောက်မို့ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိသူပါ။ နောက်ပြီး ရဲရင့်နှင်းဆီရဲ့လူကြီး ကလည်း အမေရိကားမှာပဲ အခြေချနေသူမို့ ဇာတ်လမ်းက အပိုင်း (၁) ဇာတ်သိမ်းပိုင်းလို့ပဲ သတ်မှတ်ရတော့မည်လေ။ ကျွန်တော် ရဲရင့်နှင်းဆီကို မတူတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ပါတယ်။ ကျွန်တော် ချစ်တယ်ပြောတိုင်း မချစ်ဘူး ပြောတဲ့ ရဲရင့်နှင်းဆီ သည် ကျွန်တော် ငိုကြွေး ကြေကွဲတဲ့အခါ သူလည်း ပဲ ငိုမိမှာသေချာတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်တော် ကျေနပ်ပါတယ်။ ဘာမဆို ဆုံးဖြတ်ချက်ချပြီးရင် သေချာစွာ လုပ်တတ်သည့် ရဲရင့်နှင်းဆီက နှလုံးသားနုနယ်ကြောင်းကိုလည်း ကျွန်တော် သိရှိခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော် သူမ အနားမှာ မရှိနိုင်တော့တဲ့တစ်နေ့မှာ ရဲရင့်နှင်းဆီ ရဲ့ ပွင့်ဖတ်တစ်လွှာ ကြွေကျသွားသလို စူးစူးနစ်နစ် ခံစားမိမယ်ဆိုတာ ယုံကြည်ပါတယ်။
ကျွန်တော် သူမ နဲ့ အတူ ရှင်သန်ချင်ပါတယ် .. ။ ကျွန်တော် ချစ်တယ် ရဲရင့်နှင်းဆီရယ် ။
တစ်ချိန်ကကျွန်တော်
.jpg)
No comments:
Post a Comment