လူတွေက ချစ်တဲ့အကြောင်းတွေသာ စီကာပတ်ကုန်း ပြောနေကြတာ ။ မချစ်တဲ့အကြောင်းတွေတော့ စီကာပတ်ကုန်း မပြောကြဘူးလို့ ကျွန်တော် တွေးမိပါတယ်။ ရဲရင့်နှင်းဆီကို အင်မတန်မှ ချစ်မိသွားခဲ့ပါပြီ။ သူမ ကို တစ်ခါမျှ 'ချစ်လား' လို့ ကျွန်တော် မမေးခဲ့ပါ။ အလိုက်သိစွာဖြင့်ပင် ကျွန်တော် 'ချစ်တယ်' ပြောတိုင်း 'မချစ်ဘူး' လို့ တုန့်ပြန်တတ်သူဟာ ရဲရင့်နှင်းဆီပါ။ ကျွန်တော် သဘောကျကြောင်း ပြောမိပြန်ရင်လည်း သဘောမကျဘူးလို့ ချက်ချင်းဖြေတတ်သူဟာ ရဲရင့်နှင်းဆီပါ။ ထူးထူးခြားခြား ကျွန်တော် အနားမှာရှိနေခြင်းကို ပျော်ရဲ့လား လို့မေးတဲ့အခါတိုင်း 'ပျော်တယ်' လို့တော့ ပြန်ဖြေတယ်။ ကိုယ့်ကို ချစ်ပါတယ် သဘောကျပါတယ်လို့ ပြောထားတဲ့လူတစ်ယောက် အနားမှာ ရှိနေခြင်းကို စိတ်အနှောက်အယှက်မဖြစ် ပျော်ခြင်းကို မည်သို့ ခေါင်းစဉ်တပ်ရမည်ကိုလည်း ကျွန်တော် မသိပါ။ ကျွန်တော် သိသည်က 'ရဲရင့်နှင်းဆီကို ထူးထူးကဲကဲ ချစ်တယ်' ။
တစ်ခါတစ်လေ ရဲရင့်နှင်းဆီက ဘာလို့ချစ်တာလည်းလို့ ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော့် အဖြေက ရိုးရှင်းပါတယ် ။ "Being Xia Xia" မို့ချစ်ပါတယ်လို့။ အကြောင်းပြချက်တွေ အများကြီးပေးခြင်းက ချစ်ခြင်းမှ မဟုတ်တာလေ။ ကျွန်တော့် အဖြေကို ကြားကြားခြင်း ရဲရင့်နှင်းဆီက သွားတက်လေးပေါ်အောင် ကွေးညွှတ်စွာပြုံးပါ၏။ ဒါဆို "ဘာလို့ သဘောကျရတာလည်း" တဲ့ သူမ ဆက်မေးတယ်။ သဘောကျရခြင်းတွေကတော့ အများကြီးပေါ့ ရဲရင့်နှင်းဆီရယ်။ ပထမဆုံး အသံပါဝါ ကောင်းကောင်းနဲ့ သိချင်းဆိုနေတဲ့ ဟန်ပန်လေးကို သဘောကျတယ် ။ ရှာ ရဲ့ အသံလေးကိုလည်း သဘောကျတယ်။ အကို့ ချစ်ရဆုံးသော ex နဲ့လည်းဆင်တယ်။ Ex နဲ့ တူလို့ ချစ်သွားတာမဟုတ်ဘူးနော်။ ရှာ ရဲ့ ရယ်သံလွင်လွင်လေးကိုလည်း သဘောကျတယ်။ ဖြတ်ထိုးညဏ်ကောင်းတာကိုလည်း သဘောကျတယ်။ အသက်အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်နေမှုကြီးကိုလည်း သဘောကျတယ်။ မေးခွန်းတိုင်းကို သေချာ တွေးပြီး စဉ်းစားပြီး ဖြေတာကိုလည်း သဘောကျတယ်။ သဝန် တိုတာလေးကိုလည်း သဘောကျတယ်။ စိတ်ကောက်တဲ့ ပုံစံလေးကိုလည်း သဘောကျတယ်။ လူလည်ကျတတ်တာလေးကိုလည်း သဘောကျတယ်။ မသိတာကို သိသလိုလိုနဲ့ လူလည်ကြ မေးခွန်းပြန်မေးတတ်ပြီး အဖြေရှာပုံလေးကိုလည်း သဘောကျတယ်။ ပြီးတော့ အကို့ကို သဘောမကျတာကိုလည်း သဘောကျတယ်။ အကို့ ချစ်တာကို ပြန်မချစ်တာကိုလည်း သဘောကျပါတယ်။
ကျွန်တော်၏ အဖြေကို သွားတက်လေးပေါ်အောင် ရယ်ပြီးတော့ 'တော်တယ် အဖိုးကြီး' တဲ့။ ကျွန်တော် သူ့ဆီမှာ သဘောမကျတဲ့အချက်ရယ်လို့တော့မရှိပါ။ တော်တော်ခေါင်းမာတာရယ် ရွဲ့တတ်တာလေးကိုတောင် ကြံဖန် သဘောကျပါတယ်။ အဲ့လောက်ထိတောင် ကျွန်တော် ချစ်မိသွားခဲ့တာပါ။
ကျွန်တော့်ကို ဘာလို့ မချစ်လည်း ၊ မချစ်တဲ့အကြောင်းအရင်းပြောပါဦးလို့ မေးတဲ့အခါအတိုင်း သူမ ဘာမှပြန်မဖြေပါ။ ရဲရင့်နှင်းဆီ၏ စိတ်ထဲကနေပဲ ကျွန်တော် တွေးပြီး ဖြေကြည့်ကြည့်ပါရစေ။ အသက်အရွယ် ကွာဟချက်ကြီးမားလို့လားလို့တွေးကြည့် ပါသေးတယ်။ ကျွန်တော့်ရဲ့ အတိတ်ဟောင်းတွေကြောင့်လားလို့လည်း ဖြေကြည့်ပါသေးတယ်။ ကျွန်တော့်ကို မယုံကြည်သေးတာလို့လည်း နှစ်သိမ့်နေကြည့်ပါတယ်။ ကျွန်တော်သူ့ကို ပလေးနေတယ်လို့ သူမ ခံစားနေရလို့လည်း မြင်ကြည့်ပါသေးတယ်။ မပြည့်စုံသေးလို့ ဆိုပြီးလည်း စဉ်းစားကြည့်ပါသေးတယ်။ သေချာသည်က သူမ ချစ်သော သူမ၏လူကြီး ဘေးမှာရှိနေခြင်းကလည်း ကြီးမားတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးတော့ မချစ်တာက မချစ်သေးလို့ပေါ့လို့ပဲ ဖြေသိမ့်လိုက်ပါတယ်။
"မချစ်ပေမယ့် .. ချစ်တယ်
သဘောမကျပေမယ့် .. သဘောကျတယ်
မကြိုက်ပေမယ့်လည်း .. ကြိုက်တယ်
အနမ်းတစ်ပွင့်တောင်းတဲ့အခါ
အနမ်းမချွေခဲ့ပေမယ့် .. ချွေခဲ့ပါတယ်
ဒါတွေက .. ရဲရင့်နှင်းဆီ တီးတိုးစိတ် ကမ္ဘာရဲ့ အဖြေ' တွေလို့ ကျွန်တော် ပြောတဲ့အခါ။
"မှားသေးတယ် .. အဖိုးကြီး" တဲ့ ။
"မျက်ဝန်းတွေက လိမ်တတ်ရင် .. ရဲရင့်နှင်းဆီက ကမ္ဘာကြီးကိုတောင် သိမ်းနိုင်တယ် .. ဒါပေမယ့် ရှာရှာ က ကမ္ဘာကြီးကို သိမ်းနိုင်လောက်တဲ့အထိ တော် မနေဘူးနော်" လို့ ကျွန်တော် ပြောတော့ နှုတ်ခမ်းလေးစေ့ တိတ်ဆိတ်လို့သာနေတယ်လေ။
"လူတစ်ယောက်ကို ချစ်မိရင် .. လူတစ်ယောက်ကို စွန့်လွှတ်ရမယ်ဆိုတဲ့ အသိတရားက နာကြင်စေတော့ .. အရာရာဟာ ရေထိထားတဲ့ ပုံဝါးဝါး ပန်းချီကားတစ်ချပ်လိုပဲမလား" လို့ ကျွန်တော် ဆက်ပြောတဲ့အခါ ငိုင်သွားတဲ့ သူ့မျက်လုံးတွေ နဲ့ အရောင်ပြောင်းသွားတဲ့ ပါးမို့မို့ နှစ်ဘက်လေးကိုတွေ့ပြီး ကျွန်တော် ဆက်မမေးခဲ့ပါ။ ရဲရင့်နှင်းဆီလည်း နှုတ်ဆိတ်လို့သာ နေတယ်လေ။ တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းလို့ သတ်မှတ်ရင် တိတ်ဆိတ်သွားတဲ့ ရဲရင့်နှင်းဆီကို ကျေးဇူးတင်တာပေါ့ဗျာ။
ရှာရှာ ၏ လူကြီးကို ယခု အခြေအနေတွေကို ပြောပြီးပြီးလားလို့ ကျွန်တော် မေးတဲ့အခါ။ "ပြောပီးပါပီ" တဲ့။ ဘာပြန်ပြောလည်း ဆက်မေးတဲ့အခါ သဝန်တိုတဲ့ အရိပ်အယောင်တော့ လူကြီးဆီမှာ တွေ့လိုက်ရတယ်တဲ့။ အကဲစမ်းတာနေမှာပါ ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူမ လက်ကို လွှတ်မှာ မဟုတ်ပါဘူးတဲ့လေ။ အချိန်တန်ရင် ကျွန်တော့်ဘက်က ရပ်သွားပါလိမ့်မယ်တဲ့။ ကျွန်တော် မှန်းဆ ထားခဲ့သလို အဖြေပါလေ။ ရဲရင့်နှင်းဆီက ကျွန်တော့်ကို ချစ်တယ်လို့မပြောပေမယ့် အနားမှာ တစ်သက်လုံးရှိနေပေးမှာကို သဘောကျ ကျေနပ်ပါတယ်လို့ ပြောတယ်။ ကျွန်တာ်ကလည်း ရဲရင့်နှင်းဆီနားမှာ အကိုတစ်ယောက်လို၊ ဦးလေးတစ်ယောက်လို၊ ဘော်ဒါ တစ်ယောက်လို၊ ချစ်သူ တစ်ယောက်လို အမြဲအသင့်ရှိပေးမယ့်သူပါ။ ချစ်သူ့ဘ၀ ကနေ အနာဂတ်ဘ၀ ခရီးကို တူတူဖြတ်သန်းခွင့်ရရင်တော့ ကျေနပ်စရာပေါ့။ ကျွန်တော် နှင့် ရှာရဲ့ ဘ၀ကို အေးချမ်းပြီး ပျော်ရွင်စရာတွေနဲ့ပဲ ပြည့်နှက် ဖန်တီးပေးချင်တာ။ လူ့ဘ၀က တိုတိုလေးပါ ။ ရည်မှန်းချက်နောက်လိုက်ရတာက လူ့သဘာ၀ ဆိုလျှင် ကျွန်တာ့်က လူဖြစ်တာ ဘယ်လို တန်အောင် နေထိုင်သွား၇မလည်းပဲ တွေးပီး ရှေ့ဆက်ချင်သူပါ။ ရဲရဲကြီးကတိပေးစတမ်းဆို ရှာရှာ ကျွန်တော်နဲ့ ညားရင် ပျော်ရွင်တဲ့ နှင်းဆီတစ်ပွင့် ဖြစ်မှာ သေချာပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း သူမ ရက်အပိုင်းအခြားလောက် မြန်မာပြည် ပြန်လာမယ်လေ။ ကျွန်တော် နဲ့ တွေ့မယ်ဆိုတဲ့ ကတိစကားကြောင့် ကျွန်တော် ပျော်ရပါတယ် ။ 'ဘယ် နှစ်ရက်တွေ့ချင်သလဲ' လို့ ကျွန်တော့်ကိုမေးတယ်။ သိပ်ပြီးလောဘတော့ မကြီးပါဘူး။ တစ်ပတ်လောက်ပဲ ဆက်တိုက်တွေ့ရရင် ကျွန်တော် ကျေနပ်ပါတယ်လေ။ စိတ်ကူးထဲမှာတော့ ရဲရင့်နှင်းဆီ ရဲ့ မျက်ဝန်းညိုညိုလေးကို တ၀ကြီးကြည့်မယ်။ ကျွန်တော် စနောက် တဲ့အခါ နီမြန်းသွားမယ့် သူမရဲ့ နှာတံထိပ်လေးကို သတိထားကြည့်မယ်။ သူမ လက်သွယ်သွယ်လျလျလေးကို ကိုင်ကြည့်ချင်တယ်။
ကျွန်တော် စနောက် တဲ့အခါအတိုင်း အဖိုးကြီး ဗိုက်ခေါက်လိမ်ဆွဲခံရမယ်တဲ့။ ခြေထောက်နင်းခံရမယ်တဲ့။ အကိုက်ခံရမယ်တဲ့။ ၃ ခုထဲ ၁ ခု ရွေးရမယ်ဆို ကျွန်တော် အကိုက်ပဲခံချင်ပါတယ်လို့။ ၃ ခုလုံး လုပ်ချင်ရင်လည်း အဆင်ပြေပါတယ်လို့ ပြောတဲ့အခါ 'ရရစေမယ်'တဲ့။ အသည်းယားရင် ပါးနှစ်ဖက်ကို ကိုင်ပြီး နှဖူးလေး နမ်းမှာလို့ပြောတဲ့အခါ။ သွားတက်လေးပေါ်အောင် ပြုံးပြီး သူရှက်တယ်လေ။ ကျွန်တော် ရဲရင့်နှင်းဆီကို 'နမ်းဖူးသလား' လို့မေးတဲ့အခါ မျက်နှာတစ်ခုလုံးနီးမြန်းပြီး ရှက်သွေးဖြာနေပုံများ ကျွန်တော့်ရင်တွေကို ဗလောင်ဆူစေခဲ့တယ်။ သေချာသည်က ကျွန်တော် နှင့် ရဲရင့် နှင်းဆီ တွေ့တဲ့အခါ 'နမ်းမိမယ်' ထင်တယ်။ ဒါမှမဟုတ် ခဏလောက်ဖြစ်ဖြစ် ရဲရင့်နှင်းဆီ ခေါင်းလေးကို ပွတ်ပေးပြီး ကျွန်တော့်ရင်ခွင်ထဲ မှာ ခဏချော့သိပ်ထားချင်တယ်။
ဆောင်း အိမ်မက် ၊ ဆောင်း အတွေးတွေက ဖြစ်ခဲတယ်ဆိုပေမယ့် ။ ရန်ကုန်မှာက ဆောင်းစစ်စစ်မှ မရှိတာလေ။ ဒီတော့ ကျွန်တော့်အတွေး ၊ ကျွန်တော့်ဖြစ်ချင်စိတ်က ဆောင်းအိမ်မက်လို ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူးလေ။
"ကျွန်တော် ရဲရင့်နှင်းဆီကို တော်တော်ကို ချစ်မိနေပါပြီ"
တစ်ချိန်ကကျွန်တော်
.jpg)
No comments:
Post a Comment