ပိုင်ဆိုင်မှုဆိုတာ သေသွားရင် ဘာမှ မရှိတော့ပါဘူး ။ ဒါကြောင့် မမြဲခြင်း နိယာမ သဘောတရားတွေကိုလည်း သေချာနားလည်ပါတယ်။ တစ်ခါတစ်ရံ မျက်လုံးဖွင့်ပြီး အိပ်နေရသလို ။ မျက်နှာကြက်ကို ကြည့်ရင်း အတွေးတွေက ဗလာနထ္တိ။ ရုပ်၀တ္တုတရားတွေကလည်း ဗလာနထ္တိ၊ စောင့်မျှော်နေရတဲ့ ချစ်ခြင်းတရားတွေကလည်း နထ္တိလေ။ ကျွန်တော့်ကို ဗေဒင်ဆရာတစ်ယောက်က ပြောဖူးတယ်။ ခင်ဗျာက တစ်သက်လုံးအထီးကျန်ပြီး နေရမယ့် ဇာတာတဲ့ ။ အိမ်ထောင်ကျရင်တောင် ခွဲနေရမှ မြဲမယ့် ဇာတာတဲ့။ သိပ်မယုံကြည်ပေမယ့် တစ်ချို့ရလိုက်တဲ့ အသိတရားတွေက တော့ အနာဂတ်မှာ သူပြောသလိုမျိုး ဦးတည်ချက်ကို သွားနေသလိုမျိုး။ တစ်ခါတစ်လေ အဖော်မဲ့ သလိုခံစားရတယ်၊ တစ်ခါတရံ မဖြစ်နိုင်တဲ့ ချစ်ခြင်းတွေကို မျှော်နေမိတယ်၊ တစ်ခါတစ်လေ ရှင်သန်နေရခြင်းကို ဂျီကျနေတတ်တဲ့ ကလေးလေး တစ်ယောက်လိုပါပဲ။ အချစ်ခံရခြင်းနဲ့ မထိုက်တန်ဘူးလို့ တစ်ခါတစ်လေ တွေးမိတဲ့အခါ ကျွန်တော် ချစ်ပေးတတ်တဲ့ ကိုယ့်စိတ်တွေကို သဝန် တိုရပြန်တယ်။ စွန့်ပစ်ခံရခြင်း၊ အနစ်နာခံရခြင်း တွေနဲ့ ကျင့်သားရနေပေမယ့် ကျွန်တော့်လက်ကို ဘာပဲဖြစ်ဖြစ် လိုလိုချင်ချင် ဆုပ်ကိုင်ထားမယ့် လက်တစ်စုံကိုတော့ တွေ့ချင်၊ ဆုံချင် ပါသေးတယ်။ ရိုစ် က ဂျက်ကို လက်မလွှတ်ခဲ့သလိုမျိုးတော့ မဟုတ်ဘူးပေါ့လေ။ လူဖြစ်ရတာ တန်တယ်လို့ ကိုယ့်ဘာကို သတ်မှတ်ထားခဲ့ပေမယ့် တကယ်ပြန်စဉ်းစားကြည့်ရင် အချစ်ခံရခြင်းဆိုတဲ့ ကွက်လပ်တစ်ခုမှာတော့ အဖြေက မရှိသေးပါဘူး။ ကျွန်တော် လူဖြစ်ရတာ တန်ချင်ပါတယ်ဗျာ။
တစ်ဘက်သက် ချစ်ရခြင်း ဒုက္ခက ငရဲကျသလို အင်မတန်မှ ကြီးလေးမှန်း ကျွန်တော် သိလိုက်ရပါပြီ။ ချစ်ခြင်းတွေ၊ အလွမ်းတွေ သိမ်ငယ်စိတ်တွေ တစ်ပြိုင်တည်းရတဲ့ ရသ ကိုပြောပါဆိုလျှင် တစ်ဘက်သက် ချစ်ခြင်း လို့ပဲ ပြောချင်ပါတယ်။ အကို့ကို တစ်သက်လုံး သဘောမကျဘူး ၊ ချစ်လည်းချစ်မှာ မဟုတ်ဘူးဆိုတဲ့ စကားလုံးတွေကြားတိုင်းရင်နာရပါတယ်။ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ရင်ကွဲနာကြရတဲ့ စကားလုံးတွေကို တင်းခံရင်း ရှင်သန်နေရခြင်းကလည်း တစ်ဘက်သက် ချစ်ခြင်းရဲ့ ငရဲပေါ့ဗျာ။ ကျွန်တော် ရဲရင့်နှင်းဆီကို ကျွန်တော် ဘာဆိုတာ မေ့သွားတဲ့အထိ ချစ်မိပါတယ်။ ချစ်ခြင်းမှာ သိမ်ငယ် မှုတွေ ရှိခဲ့ရင်၊ ချစ်ခြင်းမှာ အသွားပဲရှိပြီး အပြန်ဆိုတာ လုံး၀မရှိဘူးလို့ သိနေခြင်းက နေပူပူမှာ မိုးရွာပြီး ၊ အဲ့မိုးရွာထဲ လမ်းလျှောက်ထွက်နေရသလိုပါပဲ။ တစ်ခါတစ်ရံ မိုးများချိန်းလို့ လျှပ်စီးလျှပ် မိုးကြိုးတွေ ပစ်ချလည်း ခံရသေးတာပေါ့။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသည့် စကားပုံလို့ပေါ့။ ကျွန်တော်က မိုးကြိုးပါ ပစ်ချ ခံရခြင်းပါ။
အောင်မြင်အောင်သာ မြန်မြန်ထပ်ကြိုးစားစမ်းပါကွာ၊ မင်း အောင်မြင်တဲ့အခါ မင်းကြိုက်တဲ့ အမျိုးသမီး ခေါင်းခေါက်ရွေးချယ်လို့ရတဲ့ ခေတ်ပါကွာ လို့ ကျွန်တော့် သူငယ်ချင်းတွေက ပြောကြပါတယ်။ သူတို့ ပြောတဲ့ စကားက ဂရုဏာသပ်စွာနဲ့ ကျွန်တော့် အတွက်ပြောဆိုခြင်းမို့ ကျေးဇူးတင်ကြောင်းပဲ တုန့်ပြန်လိုက်ပါတယ်။ ကျွန်တော်က လူ့တာဝန်ကို ပုံမှန် တာဝန်ကျေကျေပဲ ထမ်းဆောင်ချင်ရင် ဦးနှောက်နဲ့ ရွေးချယ်ခြင်းတွေကိုပဲ ပြုလုပ်မိမှာပါ။ လူ့ဘ၀ တိုတိုလေးမှာ စက်ရုပ်တစ်ရုပ်လို မဖြတ်သန်းပဲ ခံစားချက် အစစ်အမှန်နဲ့သာ ရှင်သန်လိုခြင်းက ကျွန်တော်၏ ဆန္ဒပါ။ ချစ်ခြင်း မေတ္တာတွေ အပေါ်မှာ ကျွန်တော့်ရဲ့ ရွေးချယ်ခြင်းတွေက လုံး၀ အဖြူသက်သက်ပါ။ တစ်ဘက်လူ ဘာကောင်ကြီးပဲဖြစ်ဖြစ် ကျွန်တော့် နှလုံးသားက ချစ်ရင် လက်ခံရင် ဘ၀တစ်လျှောက် ထိုသူတစ်ယောက်အတွက်နဲ့ပဲ ဆိုးဆိုးကောင်းကောင်း လက်တွဲချင်တာပါ။
'မုန်းတယ်
မုန်းတယ်
မုန်းတယ်
တိုးတိုးလေး အော်မိတယ် ။
ကြားသွားရင်
... တကယ်မှတ်နေဦးမယ်။' (တာရာမင်းဝေ)
ဆရာတာရာမင်းဝေ ကဗျာလေးလိုပဲ မုန်းတယ် လို့ အကြိမ်ကြိမ်အခါခါ အော်လိုက်ချင်ပါတယ် ။ သို့ပေမယ့် တကယ်တမ်းတော့ ဘယ်လိုမှ မုန်းလို့မှ မရပဲလေ။ ကျွန်တော် လွမ်းကြောင်း ပြောမိတဲ့အခါဆို တွေ့ထားတာတောင် မကြာသေးဘူးလို့ အမြဲ ပြောတတ်တဲ့ ရဲရင့်နှင်းဆီပါ။ မကြာသေးပေမယ် .. အတော်ကြာနေသလိုပါပဲ။ မချစ်ပဲနေကြည့်မလို့ပဲ .. ဒါပေမယ့် ပိုပိုချစ်လာတာပဲ အဖတ်တင်တယ်။ စကားမပြောပဲ နေကြည့်မလို့ပဲ .. အသံလေးတွေကြားချင်၊ ရယ်သံလေးတွေ နားထောင်ချင်တဲ့စိတ်က လူကို သေသွားစေနိုင်တယ်။ စားမဝင် အိပ်မပျော် အခြေအနေတော့ ဖြစ်မလာနိုင်ပေမယ့် .. မြင်ချင် ကြားချင် ချစ်ချင်စိတ်က လူကို ပိုပြီးနုပျိုစေတယ်လေ ။ သိ လား .. ဒါတွေ သိရဲ့လား ။ ရဲရင့်နှင်းဆီ ဒါတွေ မသိပါဘူးကွာလို့ ကျွန်တော် ပြောတဲ့အခါ။ 'အပြောကောင်းသားပဲ' ဆိုတဲ့ စကားလေးနဲ့ပဲ ကျွန်တော့်ရဲ့ ချစ်ခြင်းတွေ သိမ်ငယ် ခဲ့ရပါတယ်။ ကျွန်တော် ရဲရင့်နှင်းဆိကို မုန်းတယ်။ သို့ပေမယ့် မုန်းမုန်းပြီး ချစ်နေရခြင်းပါ။
တစ်ချိန်ကကျွန်တော်
.jpg)
No comments:
Post a Comment