ကြည်နူးခြင်းရသက ရယ်သံတစ်ခုဆိုလျှင် အဲ့ဒီရယ်သံလေးက သူမ၏ အဆုတ်ထဲမှ နောက်ဆုံးလက်ကျန်လေနှင့်အတူ ရောပီးထုတ်လိုက်သည့် ရယ်သံ ခပ်ပါးပါးလေးဖြစ်လိမ့်မည်။ ထိုရယ်သံနဲ့အတူ သူမ၏ သွားတတ်လေးပေါ်အောင် ကွေးညွှန့်တတ်သွားသည့် နှုတ်ခမ်းပါးပါးလေး၏ မာယာတစ်ခုလည်းဖြစ်မည်။ အဲ့ရယ်သံ လွင်လွင်လေးကို ကျွန်တော် သဘောကျနှစ်သက်မိသည်လေ။ ကျွန်တော် သည် ရှာရှာ၏ ထိုရယ်သံလေးကို ချစ်မိကြောင်းပြောဖြစ်ပါသည်။ ထိုသို့ပြောလျှင် သူမ ထပ်ရယ်ပါသည်။ ထိုကြောင့် သူမ ခဏခဏရယ်တော့ ကျွန်တော် အဲ့ရယ်သံလေးကို ခဏခဏ သဘောကျ ချစ်မိသွားသည်ပေါ့။
ကျွန်တော့်ကို သူမ၏ LDRS ၆ နှစ်ကျော် သက်တမ်းရှိသည့် ကောင်လေးအကြောင်း ပြောပြသည့်အခါ ကျွန်တော် အားနာစွာဖြင့်ပဲ နားထောင်မိပါသည်။ ထို့နောက် အားကျမခံ ကျွန်တော်၏ ex အကြောင်းများ အားဖောက်သည် ချသည်ပေါ့။ ဆက်ပြီး ရှာရှာက သူ့ကောင်လေး နှင့် မိတ်ဆက်ပေးသည့်အခါ ကျွန်တော့်မှာ ပြုံးပြီးကြည့်နေယုံမှ တစ်ပါးမတတ်နိုင်ခဲ့ပေ။ ဒီလိုပြောခြင်းက ကျွန်တော့်မှာ လက်တလော လက်ဆုပ်လက်ကိုင် မရှိလို့ဖော်ပြ သတ်မှတ်သွားစေလို၍မဟုတ်ပါ။ ကျွန်တော် ဝမ်းနည်းမိကြောင်းလေး ရင်ဖွင့် ချင်ယုံမျှပါ။
မကြာခင် သူမ နှင့် ကျွန်တော်၏ ပထမဆုံးပြိုင်ပွဲအဖြစ် chess ကစားရတော့မည်။ ကျွန်တော် ဘာမျှ ပြင်ဆင်မှုမလုပ်ရသေးပါ။ အနိုင်ရယူလိုခြင်းထက် ပြိုင်ပွဲတိုင်း ကျွန်တော်ပဲရှုံးချင်ပါသည်။ နောက်ဆုံး ကျွန်တော် စိန်ခေါ်မည့်ပြိုင်ပွဲမှ လွဲလို့လေ။ ယုတ်မာမည်ဆိုလျှင်လည်း အကွက်ကျကျ ယုတ်မာရမည်မဟုတ်လား။ ကျွန်တော်၏ ရဲရင့်နှင်းဆီကတော့ ဘယ်အချိန်ပဲမေးမေး အဖြေက အသင့်ရှိသည်တဲ့။ ယုံကြည်မှုအပြည့်နဲ့ ရဲရင့်နှင်းဆီတစ်ပွင့်ပေါ့လေ။ သို့ပေမယ့် သူမ၏ အဆူးကတော့ မမာပဲ ပျော့တယ်လို့တော့ ဝန်ခံသွားပါ၏။ ရဲရင့်မလိုလိုနဲ့ နှလုံးသားနုသည့် နှင်းဆီတစ်ပွင့်ပေါ့လေ။ သူမ၏ အဆူးတွေ သန်မာဖို့ ဥယျာဉ်မှူးကောင်းတစ်ယောက်လိုတယ်လို့ သူမပြောတဲ့အခါ။ မနက်ခင်းနေရောင်ခြည်မှာ ဂရုစိုက်တတ်သည့် ဥယျာဉ်မှူးတစ်ယောက်ဆို အဆင်ပြေသလားလို့ ကျွန်တော် မေးတော့။ ပိုကောင်းတာပေါ့ တဲ့။ နားလည်ရခက်သော ရဲရင့်နှင်းဆီ၏ မာယာတွေများလား ကွယ်။
Vibes ခြင်းတူသည့်အခါ ပြောစရာအကြောင်းအရာမျာသည် ရေပက်မဝင်ကဲ့သို့ပင်။ ကျွန်တော်တို့ နှစ်ယောက် မှာ ဘယ်ခလုတ်ဖွင့်ဖွင့် စာကြေသည့်ကျောင်းသား/သူ လို ကျွန်တော်က BBC ဆို သူမက VOA ၊ ကျွန်တော်က Vogue ဆို သူမက Elle၊ ကျွန်တော်က Amazon ဆို သူမက Ebay ဖြစ်သည်။ ထို့ကြောင့်သည်ပင် အချိန်မကြာသေးပေမယ့် အချိန်အကြာကြီး စကားတွေ ပြောဖြစ်ကြသည်ပေါ့။ နှလုံးသားခြင်း ၊ ဦးနှောက်ခြင်း ထပ်တူနီးပါးကြသည့်အခါ ဆောင်းတွင်းမှာ အနွေးဓါတ်ရသလို ၊နွေရာသီမှာ အအေးဓါတ် ပိုသလိုပေါ့။ သံလိုက် ၂ ခုတွန်းကန်အားက အရွှေ့စွမ်းအင်ကြီးကြီး ဖြစ်စေခဲ့သလို ၊ ကျွန်တော် နှင့် ရှာရှာက နေဆွဲအား ၊ လဆွဲအားလို အပြိုင်ဆွဲငင်ကြပြီး ကျွန်တော်တို့ နှစ်ယောက်လုံး ကမ္ဘာသစ်တစ်ခုအဖြစ် မွေးဖွားကြသည်လေ။
ကျွန်တော် နှင့် ရှာရှာ ခရီးသွားရခြင်း ဝါသနာလည်းတူသည်။ ခရီးတူတူမသွားဖူးပေမယ့်လည်း ကျွန်တော် နှင့် ရှာရှာ နှစ်ယောက်လုံး သွားဖူးသည့် စွန့်စားခန်းများကို ပြန်လည်ဝေမျှရခြင်းက နှစ်ယောက်တစ်ကမ္ဘာ ခရီးတူတူထွက်နေရသလို ခံစားချက်ပီတိမျိုး စားသုံးရသည်လေ။ သူမနေသည့် ဘန်ဂလုရု ကို ကျွန်တော် မရောက်ဖူးသေးသည့်အတွက် ကျွန်တော်လာလျှင် သေချာပေါက် လိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောသည့်အခါ ကျွန်တော်၏ စိတ်ကူးထဲတွင် အိန္ဒိယ ပြည်ကြီးတစ်ခုသာမက ကျွန်တော်သွားချင်သည့် မာဒဂတ်စ်ကာ ကိုတူတူသွားပြီး ဘာအိုဘတ် သစ်ပင်ကြီးတွေ၏ အလှတရားကို ခံစားတယ်။ နှင်းဆီမြို့တော်ဟုတင်စားခေါ်ဝေါသည့် ဂျော်ဒန် ၏ ပီထရာ အလှတရားရှေ့မှာ ကျွန်တော်၏ ရဲရင့်နှင်းဆီ ကို အလှဆုံးဓါတ်ပုံရိုက်ပေးတယ်။ အမေဇုံတောထဲမှာ သဘာ၀ပေါက်ပင်ကို လေ့လာကြည့်ရင်း ကမ္ဘာအကြီးဆုံး အန်နာကွန်ဒါတွေကို ခြေရာခံကြတယ်။ တောထဲမှာ camp ထိုးရင်း လင်းကြက်တွန်ချိန်မှာ ကမ္ဘာ့အရှားဆုံး ကြက်တူရွေးမျိုးစိတ်တွေကို ထိုင်ကြည့်ရင်း ရီယိုကားအကြောင်းကို တခုတ်တရ ပြန်ပြောကြတယ်။ အော် .. စိတ်ကူးထဲမှာတော့ ကျွန်တော် နှင့် ရှာရှာ ကမ္ဘာတစ်ပတ်တောင် ပတ်ပြီးရှာပြီကိုး။ ခမ်းနားလွန်းသည့် စိတ်ကူးယဉ်ခြင်းဟာ ရင်ခုန်သံကို ပို၍ မြန်စေတယ်တဲ့လား။ ခက်တယ် .. ရှာရှာ ရယ်။
ကျွန်တော်၏ လိမ်လိမ်မာမာ ယုတ်မာထားသော နောက်ဆုံးကစားပွဲနှင့်ပက်သက်ပြီး သူမကို "ဘယ်ပြိုင်ပွဲမှ အကိုမနိုင်တော့ရင် နောက်ဆုံးပြိုင်ပွဲက နှလုံးသားကိုချနှင်း ကစားရမယ့် ပွဲ .. ရှာရှာ ငြင်းမှာသေချာတယ်မဟုတ်လား .. ငြင်းရင်လည်း ရှုံးပီနော်" လို့ကျွန်တော် မေးသည့်အခါ "မငြင်းပါဘူးတဲ့" ။ သူမ အဖြေကြောင့် ကျွန်တော် ပြုံးမိပါသည်။ မငြင်းပါဘူးဆိုလျှင် ကျွန်တော် နှင့် ဘ၀တိုက်ပွဲကို နိုင်အောင်တိုက်မည်ဆိုသည့် ချဲလင့် ကို လက်ခံသည်လား ကျွန်တော် သေချာမသိသေးပါ။ "အကို မေးကြည့်ပေါ့တဲ့ .. ရှာရှာ မှာ ဖြေဖို့ အဖြေရှိပီးသား" ဆိုပဲ။ ကျွန်တော်ပဲ ယုံကြည်မှုပြင်းထန် နေသလား ၊ ဒါမှမဟုတ် ကျွန်တော်၏ ရဲရင့်နှင်းဆီ တစ်ယောက်ပဲ ရဲရဲတောက်ယုံကြည်မှုပိုရှိနေသလား ကျွန်တော် မပြောတတ်ပေ။ အကယ်၍များ ကျွန်တော်၏ ကိုယ်ပိုင်မူဥပဒေသ အရ "ပိုင်ရှင်ရှိလျှင် ရှောင်ရမည်" ဆိုသည့် ဥပဒေသ ကို ကျွန်တော် ကိုယ်တိုင်ပဲ ချိုးဖျက်ရမည်လား ဒွိဟများစွာဖြင့်လေ။ ကျွန်တော့်အကြောင်းကို ဘာမျှမမေးမြန်းသော ၊ ကျွန်တော်၏ နာမည်ကိုတောင် မမေးသော ၊ ကျွန်တော်လူယုတ်မာကြီး ဖြစ်ကြောင်းကို သေချာမစူးစမ်းသော ကျွန်တော်၏'ရဲရင့်နှင်းဆီ' တစ်ပွင့်ပင်။ ကိုယ်ယုံကြည်လျှင် ဘာမဆို ဆုံးဖြတ်ချက်ချမည့် ရှားရှားပါးပါး ရဲရင့်နှင်းဆီ တစ်ပွင့်ပဲ ဟု ကျွန်တော် မှတ်ချက်ပြုပါသည်။ အရှုံးတွေများစွာ နှင့် ကျွန်တော်က အောင်မြင်မှုကိုပဲ ပြန်ရှာတွေ့မလား (ဒါမှမဟုတ်) အောင်မြင်မှုများစွာနှင့် သူမကပဲ ကျရှုံးသွားမလား ဆိုသည်ကိုတော့ နှင်းဆီဆူး နုနုလေး၏ ခြစ်ရာ ရှရှ တစ်ချက်ကပဲ သိမှာပေါ့လေ။
တစ်ချိန်ကကျွန်တော်

No comments:
Post a Comment